MEGA PROJECTS Around the World : Today’s Engineering Marvels ( in China )

Three George Dam of China

Three Gorges Dam

🔴တရုတ် အစိုးရ ကိုယ်တိုင် စိုးရိမ်ပူပန်နေ ရတဲ့ လျှိုမြောင်သုံးသွယ် ရေလှိုင်း စစ်ဘီလူး!!!

လျိုမြောင်သုံးသွယ် ရေကာတာ Three Gorges Dam ဟာ တရုတ် အစိုးရရဲ့ နိုင်ငံ့ဂုဏ်ဆောင် စီမံကိန်းကြီးဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံးရေကာတာကြီးလို့ တရုတ်တို့ ဂုဏ်ယူနေကြတဲ့ ဒီရေကာတာကြီးဟာ ကမ္ဘာ့ဝင်ရိုးကို ၂ စင်တီမီတာ ရွှေ့လျားသွားစေခဲ့ပြီး နေ့တာကို ၀.၀၆ မိုက်ခရို စက္ကန့် ပိုပြီး ကြာရှည်စေတဲ့အထိ ကြီးမားပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့တဲ့ ဒီ ရေကာတာ စီမံကိန်းကြီးဟာ အခု ဆိုရင် ဆယ်စုနှစ် ၃ ခုကျော် ( ၃၂ နှစ်) သက်တန်း ရှိလာနေပြီဖြစ်ပါတယ်။နှစ်တွေကြာရှည်လာတာနဲ့ အမျှ လျို မြောင် သုံးသွယ် ရေကာတာကြီးရဲ့ ရေရှည် ကြံ့ခိုင်မှုအပေါ် မေးခွန်းထုတ်လာ၊ စိုးရိမ်လာနေကြပါတယ်။

တရုတ်အစိုးရဟာ ဒီ လျိုမြောင် သုံးသွယ် စီမံကိန်းကြီးကို ၁၉၉၄ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပါတယ်။ ရေကာတာစီမံကိန်းဟာ တရုတ်နိုင်ငံဟူဘေး ပြည်နယ် မှာတည်ရှိပြီး နိုင်ငံရဲ့ အဓိက မြစ်ကြီး တစင်းဖြစ်တဲ့ ယန်စီမြစ်ပေါ်မှာ ဆောက်လုပ်ထားပါတယ်။ ရေကာတာကြီးဟာ အမြင့် ၆၀၇ ပေ ၊ အရှည် ၇၆၆၁ ပေ ရှိပြီး စုစုပေါင်း ဧရိယာ ၄၀၉ စတုရန်းမိုင် ၊ ပျှမ်းမျှ အနက် ၅၂၅ ပေ ရှိတဲ့ ရေဂါလံ ၁၀.၃ ထရီလီယံ ( ၄၂ ဘီလျံ မက်ထရစ်တန်) ကို သိုလှောင် ထိန်းသိမ်းထားပါတယ်။ ရေသိုလှောင် ဧရိယာဟာ ရေကာတာ အထက်ပိုင်း မိုင် ၃၇၀ အထိ ရှည်လျားပါတယ်။

ရေကာတာ ဆောက်လုပ်ရတဲ့ ရည်ရွယ်ချက်တွေက – မြစ်ကြောင်း တလျောက် ရေကြီးရေလျံမှုကို ကာကွယ်ပေးရန်၊ ဖွံ့ဖြိုးလာနေသော တရုတ်စီးပွားရေးအတွက် စွမ်းအင်လိုအပ်ချက် ကို ရေအားလျပ်စစ် စနစ်ဖြင့် ထုတ်လုပ်ပေးရန်၊ မြစ်ကြောင်းတလျောက် သွားလာမှု ပိုမို ဖွံ့ဖြိုး စည်ပင် စေရန်ဖြစ်ပါတယ်။

ရေကာတာစီမံကိန်းကို ၁၉၉၄ ခုနှစ်မှာ စတင် အကောင်အထည်ဖော်ခဲ့ပြီး ၁၂ နှစ်အကြာ၂၀၀၆ ခုနှစ်မှာ ရေကာတာ တမံကြီး ( အရှည် ၁.၅ မိုင် / ၇၆၆၁ ပေ) ကို တည်ဆောက်ပြီးစီးပါတယ်။ ၂၀၀၉ ခုနှစ်မှာ ရေကာတာ စီမံကိန်းရဲ့ ကနဦး ပထမအဆင့်ပြီးစီး ပါတယ်။ ၂၀၁၂ ခုနှစ် မှာ ရေအားလျပ်စစ်ထုတ်လုပ်တဲ့ တာဘိုင်ဂျင်နရေတာ စက်တွေ အကုန်လုံး အပြည့်အဝ လည်ပတ်ကာ ဓါတ်အား ထုတ်လုပ်နိုင်ပါတယ် — ဂျင်နရေတာ စုစုပေါင်း ၈၄ ခု ရှိပြီး စုစုပေါင်း လျပ်စစ်ဓါတ်အား ၂၂,၅၀၀ မီဂါဝပ် ( = ၂၂.၅ ဂိုင်ဂါ ဝပ် ) ထုတ်လုပ်ပေးနေပါတယ်။

၂၀၁၅ ခုနှစ် – စီမံကိန်းကြီး စတင်ပြီး ၂၁ နှစ် အကြာမှာ သင်္ဘောတွေ သွားလာဖို့အတွက် ရေပြင် အနိမ့်အမြင့် အလိုက် အတင် အချ ပြုလုပ်နိုင်တဲ့ ဓါတ်လှေကား စနစ် ကို တည်ဆောက်ပြီးစီးပါတယ်။

ဒီ စနစ်ကြောင့် ပင်လယ်ကူးသင်္ဘော များ ဟာ ယန်စီ မြစ်ဝ ရှန် ဟိုင်း မြို့ကနေ မြစ်ညာ ဖက် ကုန်းတွင်း မိုင်ပေါင်း ၁၂၀၀ ကျော်

ကွာဝေးတဲ့ ချုံကင်း မြို့ကြီးအထိ ခုတ်မောင်းသွားလာနိုင်ကြပါပြီ။

ရေကာတာကြီး စီမံကိန်းကြီးအတွက် အမေရိကန်ဒေါ်လာ ၃၇ ဘီလျံ ကုန်ကျ ခဲ့ပြီး စီမံကိန်း ဧရိယာ အတွင်း ကျရောက်နေတဲ့ ပြည်သူလူထု ကို ရွှေ့ပြောင်းနေရာချပေးရတဲ့ ကုန်ကျစရိတ်အပါအဝင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ထိခိုက်မှုကို လျော့ချရန် သုံးစွဲရတဲ့ စရိတ်စကများ အားလုံးစုစုပေါင်းဟာ အမေရိကန် ဒေါ်လာ ၉၀ဘီလျံ နီးပါး အထိ ရှိခဲ့ပါတယ်။ ရေကာတာစီမံကိန်းကြီး တည်ဆောက်ဖို့အတွက် မြေသား တန်ချိန် ၁၆၀ သန်း အထိ တူးဖော် ခဲ့ရပြီး ကွန်ကရစ် တန်ချိန် ၇၃.၄ သန်း တန် ၊ သံမဏိ ၄၆၃,၀၀၀ တန် အသုံးပြုခဲ့ပါတယ်။ လုပ်သား စုစုပေါင်း ၄၀,၀၀၀ နီးပါး ကို အသုံးပြုပြီး ၂၄/ ၇ မရပ်မနား အလှည့်ကျ အလုပ် ဆင်း စနစ်နဲ့ တည်ဆောက်ခဲ့ တာဖြစ်ပါတယ်။

တဖက် မှာလည်း စီမံကိန်း နယ်မြေအတွင်း ကျရောက်နေတဲ့ ပြည်သူ ၁.၄ သန်းအထိကို နေရာရွှေ့ပြောင်းပေးခဲ့ရပါတယ်။ စီမံကိန်းကြီးကြောင့် လူသူကင်းမဲ့ သွားတဲ့ မြို့ကြီး ၁၃ မြို့၊ အခြား မြို့ ၁၄၀ ၊ ကျေးရွာ ပေါင်း ၁၃၅၀ ကျော် ရေအောက် ရောက်သွားပါတယ်။ ရှေးဟောင်း အမွေအနှစ် နေရာ ၁၃၀၀ ကျော် လည်း ရေအောက် မှာ နစ်မြုပ်သွားပါတယ်။

.

သဘာဝပတ်ဝန်းကျင်ဂေဟ စနစ်အပေါ် သက်ရောက်မှု တွေလည်း အများအပြားဖြစ်ပါတယ်။ ရေကာတာကြီးကြောင့် ဧရာမရေလှောင်ကန်ကြီး ဖြစ်သွားပါတယ်။ ရေစီး တွေ ရပ်တန့်သွားတဲ့အခါ ကျောက်စရစ်ခဲတွေ၊ နုန်းမြေတွေက ရေအောက်ခြေမှာ အနည်ထိုင်ကုန်ပါတယ်။ မြစ်အောက်ပိုင်းကို စီးဆင်းတဲ့ရေတွေမှာ အာဟာရဓာတ်နဲ့ နုန်းမြေပါဝင်မှု နည်းသွားတဲ့အတွက် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မြစ်ဝှမ်းတလျောက် က စိုက်ပျိုးရေးလုပ်ငန်း တွေအပေါ် ထိခိုက်ပါတယ်။ ယန်ဇီမြစ်ကြောင်းတလျောက် နှစ်စဉ် ပျမ်းမျှ သဲနုန်းမြေ တန်ချိန် သန်း ၅၃၀ ခန့် စီးဝင်လျက်ရှိနေတာကြောင့် ရေလှောင်ကန်အောက်ခြေတွင် နုန်းမြေများ ပိတ်ဆို့ကာ မြစ်ကြမ်းပြင် မြင့်တက်လာပါတယ်။ ဒါဟာ ရေကာတာရဲ့ ရေထိန်းနိုင်စွမ်းကို လျော့ကျစေရုံသာမက အထက်ပိုင်းဒေသများမှာ ရေကြီးမှုအန္တရာယ်ကို ပိုမိုမြင့်တက်စေပါတယ်။

ရေပြင် ဧရိယာ ကြီးမားကျယ်ပြန့်လာတာနဲ့အမျှ သစ်တောဧကပေါင်းများစွာ၊ တောင်တန်းတွေနဲ့ တိရစ္ဆာန်တွေရဲ့ သဘာဝနေရင်းဒေသတွေ ရေအောက် ရောက်သွားပါတယ်။ အဲဒီနေရာမှာ ကျက်စားနေထိုင်ကြတဲ့ တောရိုင်းတိရစ္ဆာန်တွေ၊ ငှက်မျိုးစုံနဲ့ အပင်မျိုးစိတ်တွေဟာ ပြောင်းရွှေ့ဖို့ အချိန်မရဘဲ သေဆုံးပျောက်ကွယ်ခဲ့ရပါတယ်။ အထူးသဖြင့် ရေနေသတ္တဝါတွေ အပေါ် သက်ရောက်မှု အလွန်ကြီးမားပါတယ်။ ယန်စီမြစ်ရိုးတလျောက် မှီတင်းကျက်စားကြတဲ့ ငါးမျိုးစိတ် ၄၀၀ ကျော် ရှိ ပါတယ်။ ဒီ ငါး မျိုးစိတ်တွေဟာ မြစ်အောက်ပိုင်းကနေ မြစ်ညာအထိ ဆန်တက်ပြီး မျိုးဆက်ပွား လုပ်ငန်းကို လုပ်ဆောင်ကြပါတယ် — အခု အခါ ရေကာတာကြီး ပိတ်ဆို့နေတဲ့ အတွက် ငါးမျိုးစိတ်တွေအဖို့ ဗီဇ အသိအတိုင်း မြစ်ကို ဆန်တက်ပြီး မျိုးပွား ရန်မဖြစ်နိုင်တော့ပါ။ ဒီအတွက် အကောင်ရေ တွေ နည်းလာပြီး တချို့ မျိုးစိတ်တွေ ဆိုရင် မျိုး တုန်းသွားတဲ့ အထိ ဖြစ်လာပါတယ်။ တရုတ်နိုင်ငံ ယန်စီမြစ်မှာပဲ တွေ့ရတဲ့ လင်းပိုင် Baiji တွေ ဆိုရင် ၂၀၀၆ ခုနှစ်ကတည်းက မျိုးတုန်းသွားပြီလို့ ဆိုနေကြပါတယ်။

.

.သဘာဝပတ်ဝန်းကျင် အပေါ် ထိခိုက်မှုတွေထဲ မှာ မြေပြိုမှုတွေလည်း ပါဝင်ပါတယ်။ ရေကာတာကြီးက ထိန်းသိမ်းထားတဲ့ ရေပြင်ဧရိယာ ကြီးမားလွန်းတဲ့ အတွက် ရေအလေးချိန် ( ၄၂ ဘီလျံ မက်ထရစ်တန်) က ကမ်းပါး တောင်စောင်းတွေကို အမြဲ ဖိထားပါတယ်။ ဒီအခါ အချိန် ကြာလာတာနဲ့ အမျှ တောင်စောင်းမြေသားတွေ တဖြည်းဖြည်း ပျော့လာပြီး မြေပြိုမှုတွေ ဖြစ်ပွားပါတယ် — မှတ်တမ်းတွေအရ ၂၀၀၈ – ၂၀၁၄ ခုနှစ်အတွင်း မြေပြိုမှု ၂၇၃ ခု ဖြစ်ပွားခဲ့ပြီး အခု အခါတနှစ်လျင် မြေပြိုမှု ၁၀ ခု ခန့် သာရှိတော့တယ် လို့ ဆိုပါတယ်။

မြေပြိုခြင်းနဲ့ အတူ ငလျင် အန္တရယ် လည်း ရှိနေပါတယ်။ ရေအလေးချိန် များလွန်းတာဟာ မြေအောက် ကျောက်ချပ် လွှာတွေ အပေါ် ဖိအားပိုမို သက်ရောက်စေပြီး အသေးစားငလျင်များ ပိုမို ဖြစ်ပေါ်လာနိုင်ပါတယ်။ ဘူမိဗေဒ နဲ့ ငလျင်ပညာရှင်များရဲ့ ဆန်းစစ်ချက်များအရ လူပေါင်း ၉၀,၀၀၀ ခန့် သေဆုံးခဲ့ရတဲ့ ၂၀၀၈ ခုနှစ် စီချွမ်ငလျင် ဟာ ဒီ လျိုမြောင် သုံးသွယ် ရေကာတာရှိရာဒေသနဲ့ ကပ်လျက်ရှိနေတဲ့ ဇီ ပင်ပု Zipingpu ရေကာတာကြီးကနေ ရေဖိအားကြောင့် လှုပ်ခတ်ခဲ့ခြင်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

❐❐❐ မပြောဝံ့ဝံ့ ပြောဝံ့ဝံ့ —

တရုတ် အစိုးရအတွင်းမှာ ဒီ ရေကာတာကြီးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပင်မှုတွေ ရှိ နေပါတယ်။ ၂၀၂၀ ပြည့်နှစ် က တရုတ်ပြည်တွင်း ဆိုရှယ် မီဒီယာ မှာ လျိုမြောင် သုံးသွယ် ရေကာတာ ကြီး ပြိုကျခဲ့ရင် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ ဗီဒီယို ၂ ခု ကို တရုတ်ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးလာကြပြီး စိုးရိမ်ပူပင်လာကြပါတယ်။ ထူးဆန်းတာက ဒီ ဗီဒီယို တွေပါ အကြောင်းအရာတွေဟာ တရုတ်ပြည်တွင်းမှာ ပွင့်လင်းစွာ ဆွေးနွေးခွင့်မရတဲ့ အကြောင်းအချက်တွေဖြစ်ပေမယ့် အာဏာပိုင်တွေက လုပ်ရိုးလုပ်စဥ်အတိုင်း ဒီ ဗီဒီယိုတွေကို ဖြုတ်ချခြင်း မပြုလုပ်ခဲ့ပါဘူး။

ဒီအချက် ကိုကြည့်ပြီး တရုတ် အစိုးရဟာ လျိုမြောင် သုံးသွယ် ရေကာတာကြီး နဲ့ ပတ်သက်ပြီး အနာဂတ်မှာ ဖြစ်ပေါ်လာနိုင်တာတွေကို လူထုအား တဖက် လှည့်နဲ့ အသိပေးထားလိုပုံရတယ်လို့ တရုတ်အရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ရေကာတာကြီးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရရဲ့ အယူအဆတွေ ပြောင်းလဲလာတယ်ဆိုတာကို နိုင်ငံပိုင် မီဒီယာ တွေမှာ ရေးသားဖော်ပြချက်တွေက ပြသနေပါတယ်။

➤ ၂၀၀၀ – ၂၀၀၃ ခုနှစ် ရေကာတာ တည်ဆောက်ဆဲ မှာ နိုင်ငံပိုင် မီဒီယာများက ဒီ ရေကာတာကြီး ဟာ နှစ်ပေါင်း ၁၀,၀၀၀ လျှင် တကြိမ် ဖြစ်ပွားတတ်သော ရေကြီးမှုမျိုးကိုပင် အပြည့်အဝ ကာကွယ်ပေးနိုင်ကြောင်း ယုံကြည်မှုအပြည့်နဲ့ ရေးသားဖော်ပြကြပါတယ်။

➤ ၂၀၀၆ ခုနှစ် ရေကာတာ တည်ဆောက်မှု အရှိန်ရလာချိန် ရောက်လာ တော့ ဒီဇိုင်းပိုင်းဆိုင်ရာ အားနည်းချက်များ ပေါ်ထွက်လာတဲ့ အတွက် နှစ်ပေါင်း ၁,၀၀၀ လျှင် တကြိမ် ဖြစ်ပွားသော ရေကြီးမှုကိုကာကွယ်ပေးနိုင်ကြောင်း ရေးသား ဖော်ပြလာပါတယ်။

➤ ၂၀၀၈ ခုနှစ် ရေကာတာ ပြီးစီးလုနီးအချိန်ကျတော့ နှစ်ပေါင်း ၁၀၀ လျှင် တကြိမ် ဖြစ်ပွားသော ရေကြီးမှုကိုသာ ကာကွယ်ပေးနိုင်ကြောင်း ရေးသားလာကြပြန်ပ တယ်။

➤ ၂၀၁၀ ပြည့်နှစ်နှင့် နောက်ပိုင်း ရေကြီးမှုများ ဖြစ်ပွားတဲ့အခါ အစိုးရ တာဝန်ရှိသူများက ဒီ ရေကာတာကြီးတခုတည်းအပေါ်တွင် ရေဘေးကာကွယ်ရေးအတွက် အလုံးစုံ ပုံအော မျှော်လင့် မထားကြရန် နဲ့ ပြည်သူများအနေဖြင့် မိမိကိုယ်မိမိ တို့ ကာကွယ်ကြရန် နိုင်ငံပိုင် မီဒီယာများက တဆင့် ထုတ်ဖော်ပြောဆိုလာပါတယ် ။

ဒီ ရေးသား ဖော်ပြချက် တွေက တရုတ်အစိုးရကိုယ်တိုင် ရေကာတာရဲ့ အတွင်းပိုင်း ဘူမိဗေဒဆိုင်ရာ ချို့ယွင်းချက်များ၊ ဆောက်လုပ်ရေး အရည်အသွေး စိန်ခေါ်မှုများ ကို သိရှိနားလည်လာတဲ့ အတွက် ဖြစ်ပါတယ်။

ရေကာတာကြီးရဲ့ အဓိက ရည်ရွယ်ချက်တွေဖြစ်တဲ့ ရေကြီးမှုထိန်းချုပ်ခြင်း၊ လျှပ်စစ်ထုတ်လုပ်ခြင်းနဲ့ ရေကြောင်းသယ်ယူပို့ဆောင်ရေးတို့ဟာ တခုနဲ့ တခု အပြန်အလှန် ပဋိပက္ခဖြစ်နေကြပါတယ်။ ဥပမာ – မိုးရာသီ ရေကြီးမှုကို တားဆီးရန်အတွက် ရေလှောင်ကန် ရေမျက်နှာပြင်ကို ၄၇၅ ပေ အောက် မှာသာ လျှော့ချထားရှိရတဲ့ အတွက် လျှပ်စစ်ထုတ်လုပ်မှု အလွန်အမင်း ကျဆင်းရပါတယ်။

လျှပ်စစ်စွမ်းအင် ထုတ်လုပ်ရန်နဲ့ သင်္ဘောများသွားလာရန်အတွက် ရေမျက်နှာပြင်ကို အမြင့်ဆုံး ၄၇၅ ပေ အထိ သိုလှောင်ထားပါကလည်း မြစ်အောက်ပိုင်းမှာ ရေရှားပါးမှု ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ရုတ်တရက် ရေကြီးရေလျံ ဖြစ်လာပါက ရေကာတာအနေနဲ့ ရေလွှမ်းမိုးမှုကို ထိန်းသိမ်းနိုင်စွမ်း မရှိတော့ဘဲ ရေကာတာ အထက်ပိုင်းဒေသများကို ရေလွှမ်းမိုးမှု ဘေးအန္တရာယ် ကြုံတွေ့ရမှာပါ။

တရုတ် အစိုးရနဲ့ ပြည်သူတွေ စိုးရိမ် ပူပင်တာ မမှားကြောင်း ၂၀၂၆ ခုနှစ် အတွင်း ဖြစ်ရပ်တွေက သက်သေပြနေပါတယ်။

၂၀၂၆ ခုနှစ်၊ ဧပြီ ၁၂ ရက်နေ့က ချုံကင်း မြို့၊ ချင်ယန်တုန် ရေအား လျပ်စစ်စက်ရုံမှာ ဖိအားမြင့် သံမဏိပိုက်လိုင်း ရုတ်တရက် ပေါက်ကွဲရာက ထွက်ပေါ်လာတဲ့ ဖိအားပြင်း ရေထု ဟာ အနီးပတ်ဝန်းကျင်က အဆောက်အဦးများ၊ စက်ပစ္စည်း စနစ်များကို ပျက်စီးစေခဲ့ပါတယ်။ ဝန်ထမ်း အများအပြား သေဆုံး ခဲ့ကြရပြီး ရေထု ကြီးနဲ့ အတူ ပါလာတဲ့ မြေစာနဲ့ ရွှံနွံတွေဟာ စက်ရုံကို ဖုံးလွှမ်း သွားခဲ့ပါတယ်။

ဒီမတော်တဆ ဖြစ်မှုဟာ တရုတ် နိုင်ငံအဝှန်း က အသေးစားနဲ့ အလတ်စား ရေအား လျပ်စစ်စက်ရုံ ၄၀,၀၀၀ ကျော် အပါအဝင် စက်မှုလုပ်ငန်းတွေမှာ အသုံးပြုနေရတဲ့ အရည်အသွေးမပြည့်မှီ တဲ့ သံမဏိနဲ့ ကွန်ကရစ်များ ရဲ့ အန္တရာယ် ကို မီးမောင်းထိုးပြခဲ့ပါတယ်။ လျိုမြောင် သုံးသွယ် ရေကာတာ စီမံကိန်းကြီးမှာလည်း ဒီလို အရည်အသွေး မပြည့်မှီတဲ့ သံမဏိနဲ့ ကွန်ကရစ် ဆောက်လုပ်ရေး ပစ္စည်းTofu dreg တွေကို အသုံးပြုထားခဲ့လေသလား ၊ ဒါဆို မတော်တဆ ဖြစ်ခဲ့ရင် ဘယ်လို လုပ်မလဲ ဆိုတဲ့ သံသယ မေးခွန်းများ လူထု အကြား ပေါ်ထွက်လာပါတယ်။

❐➲ လျိုမြောင် သုံးသွယ် သာ ပြို ကျခဲ့ရင် —

၂၀၂၆ ခုနှစ် ဇူလိုင်လ အတွင်း မှာ လျိုမြောင်သုံးသွယ် ကော်ပိုရေးရှင်း CTG ရဲ့ အကြီးတန်းအရာရှိ ဝူချီရန် ကို အဂတိ လိုက်စားမှု ၊ စည်းကမ်း ချိုး ဖောက်မှုများနဲ့ တရုတ်အစိုးရက ဖမ်းဆီး စစ်ဆေး ခဲ့ပါတယ်။ ဝူချီရန်က ရေကာတာ ကြီး ပြိုကျခဲ့ရင် ဘယ်လို အကျိုး သကိရောက်မှုတွေ ဖြစ်လာမလဲ ဆိုတဲ့ သရုပ်ပြ မြေပုံ တွေကို ပေါက်ကြားစေခဲ့တဲ့ အတွက် အခုလို ဖမ်းဆီး အရေးယူတာဖြစ်တယ်လို့ လည်း သုံးသပ် ယူဆမှုတွေ ရှိနေပါတယ်။

လျိုမြောင် သုံးသွယ်ရေကာတာကြီးသာ ပြိုကျ ပျက်စီးပါက ဖြစ်ပေါ်လာမယ့် ဘေးအန္တရာယ် အတိုင်းအတာဟာ သမိုင်းတလျောက် အကြီး ဆုံး ကပ်ဘေးကြီးတခု ဖြစ်လာမှာဖြစ်ပါတယ်။

ရေကာတာကြီး ပြိုကျအပြီး မိနစ် ၃၀ အတွင်း အောက်ဘက် မိုင် ၃၀ ကျော် အကွာက ဂေကျိုးပါး Gezhouba ရေကာတာကြီးကို ရေလှိုင်းကြီးများက ရိုက်ခတ် ဖျက်ဆီးမှာဖြစ်ပါတယ်။ လျိုမြောင် သုံးသွယ် ရေကာတာကြီးကနေ ၂၇ မိုင် ကွာဝေးပြီး လူဦးရေ ၁.၈ သန်း နီးပါးရှိတဲ့ ယီချန်း Yichang မြို့ ဆီ ကိုပေ ၆၀ ကျော် မြင့်တဲ့ ရေလှိုင်းကြီးတွေက တနာရီ လျင် ၃၇ မိုင်နှုန်း နဲ့ ဝင် ဆောင့်မှာဖြစ်ပါတယ်။ ယီချန်း မြို့ မှာ ရေအမြင့် ပေ ၃၀ ကျော်အထိ ရေကြီးရေလျံမှု ဖြစ်ပွားမှာဖြစ်ပါတယ်။

ယီချန်းကတဆင့် ရေလှိုင်းကြီးတွေဟာ ယန်စီ မြစ်ကြောင်းအတိုင်း စီးဆင်းသွားပြီး မိုင်၂၂၀ ကွာဝေးတဲ့ ယွီယန်း Yueyang မြို့ ( လူ ဦးရေ ၁.၅ သန်းကျော်ရှိ) ကို ၅ နာရီအတွင်း ရောက်ရှိပြီး ရေအမြင့် ၁၅ – ၁၇ ပေ ခန့်အထိ ရေလွမ်းမိုးပါမယ်။ ရေကာတာ ပြိုလဲပြီး ၁၀ နာရီအကြာမှာ ဝူဟန် Wuhan မြို့ဆီ ရေလှိုင်းတွေ ရောက်လာပြီး မြို့ရဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ ၁၈ ပေ အထိ ရေလွှမ်းမိုး မှု ဖြစ်မှာဖြစ်ပါတယ်။ ရေကြီးမှု ဟာ သီတင်း ၁ ပတ် အတွင်း အန်ချင်၊ ကျိုကျန်း၊ နန်ကျင်းမြို့များကို ဖြတ်ကျော်ပြီး ပင်လယ်ဝရှိ ရှန်ဟိုင်း ဆိပ် ကမ်း မြို့အထိ ရောက်ရှိမှာဖြစ်ပါတယ်။ စုစုပေါင်း စတုရန်းမိုင် ၅၈, ၀၀၀ နီးပါးအထိ ရေလွှမ်းမိုးမှာဖြစ်ပါတယ်။ လူဦးရေ ၁၃၂ သန်း ကနေ ၁၄၀ သန်းအထိ ရေကြီး ရေလွှမ်းမှု ဒဏ်ကို ကြုံတွေ့ကြရမှာ ဖြစ်ပြီး ဒီ အရေအတွက်ထဲက လူ ၆၂ သန်းကျော်ဟာ အသက်ဘေးက လွတ်အောင် ပြေးကြရမှာဖြစ်ပါတယ်။

❐➲ စီးပွားရေးအရ အကျိုး

လျိုမြောင် သုံးသွယ် ရေကာတာကြီးရဲ့ အထက်ပိုင်းနဲ့ အောက်ပိုင်းဟာ ယန်စီမြစ်ဝှမ်း စီးပွားရေး စင်္ကြန် ဒေသကြီး Yangtze River Economic Belt YREB ဖြစ်ပါတယ်။ ဒီ YREB ဒေသရဲ့ ကုန်ထုတ်လုပ်မှု တန်ဘိုးဟာ တရုတ် နိုင်ငံ အမျိုးသား ထုတ်ကုန်တန်ဘိုး GDP ရဲ့ ထက်ဝက်နီးပါး ( = ၄၇.၃ % ) ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ မီဂါ စီတီးခေါ် လူဦးရေ ၁၀ သန်းနဲ့ အထက် နေထိုင်တဲ့ မြို့ပြ ၂၂ ခု အနက် ၉ ခုဟာ ဒီ YREB ဒေသ မှာ ရှိပါတယ်။ တရုတ်နိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုရဲ့ ၆၅ % ဟာ ဒီ ဒေသက ထွက်ရှိတာ ဖြစ်ပါတယ်။

ယန်စီ မြစ်ရိုးတလျောက်မှာ လျပ်စစ်ဓါတ်အား ထုတ်ပေးတဲ့ နျူကလီယာ ဓါတ်ပေါင်းဖို ၁၆ ခု ရှိနေတဲ့ အတွက် လျိုမြောင်သုံးသွယ်ရေကာတာကြီးသာ ပြိုကျပျက် စီး ပါက ဖြစ်ပေါ်လာမယ့် ရေလှိုင်းကြီးတွေဟုာ ဒီ နျူ ဓါတ်ပေါင်းဖို ၁၆ ခုစလုံးကို ဖုံးလွှမ်းသွားမှာ ဖြစ်တာကြောင့် တရုတ်နိုင်ငံအလယ်ပိုင်းတလျောက် မှာ ပြင်းထန်တဲ့ ရေဒီယ်ု သတ္တိကြွ ယိုစိမ့်မှု ဘေးအန္တရာယ်ကြီး ကျရောက်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံက ကမ္ဘာ့စျေးကွက် မှာ လက်ဝါးကြီးအုပ်ထားတဲ့ လျပ်စစ်ကား EV ၊ လီသီယမ် ဘက်ထရီ lithium battery နဲ့ ဆိုလာပြား တွေ ကို ဒီ YREB ဒေသကြီးကနေ အဓိက ထုတ်လုပ်တင်ပို့နေတာဖြစ်တဲ့အတွက် လျိုမြောင် သုံးသွယ် ရေကာတာကြီးသာ ပြိုကျပျက်စီး ရင် ဖြစ်ပေါ်လာမယ့် ရေလွှမ်းမိုးမှုဟာ ဒီ ပြည်ပ ပို့ကုန်လုပ်ငန်းတွေကို ရပ်ဆိုင်းသွားစေမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ အကြီးဆုံး သင်္ဘောတင် ကုန်သေတ္တာ ဆိပ်ကမ်းဖြစ်တဲ့ ရှန်ဟိုင်းဆိပ်ကမ်းဟာလည်း ရေလှိုင်းကြီးတွေက သယ်ဆောင်လာတဲ့ အမှိုက်သရိုက် ရွှံ့နွံတွေ နဲ့ ပိတ်ဆို့သွားမှာဖြစ်တာကြောင့် ကုန်စည်တင်ပို့မှု လ ပေါင်းများစွာရပ်ဆိုင်းသွားပါမယ် ။ ဒီအခါ ကမ္ဘာ့ကုန်သွယ်ရေကြောင်း လုပ်ငန်းကြီးတခုလုံး လည်း ရပ်ဆိုင်းလု နီးပါး ဖြစ်သွားမှာဖြစ်ပါတယ်။

တရုတ် အစိုးရဟာ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန် အဟုန်ကို အထောက်အကူ ပြုဖို့ အတွက် ဒီ လျိုမြောင် သုံးသွယ် ရေကာတာကြီးကို တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယခုအခါ ဒီ ရေကာတာ ကြီး ကြောင့်ပဲ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုး မှုကို အကြီးအကျယ် ထိခိုက်စေမယ့် ရေလွှမ်းမိုးမှုကြီး ဖြစ်ပေါ်လာမှာ

ကို စိုးရိမ်နေရပြီ ဖြစ်ပါတယ်။

●☆ References —

+++ The Heritage Foundation

+++ Encyclopedia Britannica

+++ The Business Insider

+++ The Climate Diplomacy Organization

+++ Internet Geography

+++ IJAEM – The International Journal of Advances in Engineering and Managenent

World

Desert Water Project in Israel making Artificial River https://youtu.be/sdQxfrWhh2M

USA

Europe

China

Singapore

Afghanistan

India

England London

Saudi Arabia

Africa

Hong Kong

Russia

Japan

Iran

Australia

Canada