
ကျော်ကြားအောင်မြင်တဲ့ အဆိုတော် သံစဉ်တေးသွားတွေရဲ့ ပိုင်ရှင် အဆိုတော် မျိုးမြင့်လေး ဦးလှဖေ ဒေါ်ခင်စောရီတို့ရဲ့ သား ရန်ကုန်မြို့ ကျောက်မြောင်းမြို့နယ်၊ ဇောတိကလမ်းနေ ဒေါ်ကျင်မွှေးရဲ့ ချစ်လှစွာသာ ခင်ပွန်း၊ ကျောင်းအုပ် (ငြိမ်း) ဒေါ်ခင်သန်းယုရဲ့ မောင်ငယ်၊ သစ်လုပ်ငန်းမန်နေဂျာ(ငြိမ်း) ဦးအေးမင်းသန့် ဒေါ်ပပဝင်း (ကိုယ်ပိုင်စီးပွားရေး)တို့ရဲ့ အစ်ကိုကြီး ကိုဇော်နိုင်မျိုး၊ မမိုးပပမျိုး၊ ကိုဇော်လင်းမျိုးတို့ရဲ့ ဖခင် ဖွေးဖွေးခိုင်၊ ခိုင်ခိုင်ဟန်၊ ပြည့်စုံညွန့်၊ ဖိုးလပြည့်၊ မင်းသုတတို့ရဲ့ အဘိုးဖြစ်သူ တေးရေး-တေးဆို မျိုးမြင့်လေးဟာ ၂၀၁၃ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်နေ့ တနင်္ဂနွေနဲ့ နံနက် (၉)နာရီ (၂၆)မိနစ်မှာ အသည်းကင်ဆာရောဂါနဲ့ ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပြီး ရုပ်ကလာပ်ကို ဩဂုတ်လ (၂၀)ရက်နေ့ တနင်္လာနေ့မှာ ရေဝေးသုသာန်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။
- တေးရေး-တေးဆို မျိုးမြင့်လေးရဲ့ အတ္ထုပ္ပတ္တိအကျဉ်း
တေးရေး တေးဆို အဆိုတော် မျိုးမြင့်လေးကို ဦးလှဖေနဲ့ ဒေါ်ခင်စောရီတို့က ၁၉၄ဝပြည့်နှစ်၊ ဖေဖော်ဝါရီ (၁၄) ရက် ကြာသပတေးနေ့မှာ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုရပ်ကွက်မှာ မွေးဖွားခဲ့ပါတယ်။ မွေးချင်း (၄)ယောက်အနက် ဒုတိယမြောက်သားကြီး ဖြစ်ပါတယ်။
မူလတန်းမှ သတ္တမတန်း ကျောင်းသားဘ၀အထိ ကြည့်မြင်တိုင် ခရစ်ယာန်စာသင်ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး သတ္တမတန်းကျောင်းသားဘဝမှ တက္ကသိုလ်ဝင်တန်းအထိ ဘွန်ပါစံပြကျောင်း (အရင်က ကျားကျောင်းလို့ ခေါ် ပြီး အခုအခါ အထက (၁)လှိုင်အဖြစ်သို့ ပြောင်းလဲသွား) မှာ ပညာသင်ယူ အောင်မြင်ခဲ့ပါတယ်။ ဇနီးသည်ဖြစ်သူ ဒေါ်ကျင်မွှေးနဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး သားသမီး (၃) ယောက် ထွန်းကားခဲ့ပါတယ်။
၁၉၆ဝပြည့်နှစ် ၀န်းကျင်လောက်ကစတင်ပြီး နန်းကေသီ တူရိယာအဖွဲ့နဲ့အတူ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ‘မေတ္တာပုလဲပန်း သီရာဝယ်” သီချင်းနဲ့ တေးသံရှင် မျိုးမြင့်လေးရယ်လို့ အသိအမှတ်ပြုခြင်း ခံခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ တေးသံရှင် မျိုးမြင့်လေးရဲ့ တေးသီချင်းတော်တော်များများက ပရိသတ်ပါးစပ်ဖျားမှာ ရေပန်းစားတဲ့အထိ ကျော်ကြားအောင်မြင်ခဲ့ပါတယ်။ နောက်ဆုံးစီစဉ်ခဲ့တာကတော့ သီချင်းမြစ်ဖျားဖြစ်ပြီး မဆုံးခင် နှစ်ပတ်အလိုမှာ ရိုက်ခဲ့တာလို့ သိရပါတယ်။ - အဆိုတော် မျိုးမြင့်လေးရဲ့ အနုပညာမှတ်တမ်းများ
၁၉၆ဝပြည့်နှစ် ပတ်ဝန်းကျင်လောက်မှာ နန်းကေသီ တူရိယာအဖွဲ့ဝင်တစ်ဦးအဖြစ် သီချင်းတွေရေး၊ မယ်ဒလင်တီး၊ သီချင်းဆို၊ သံချပ်တိုင်ရင်း ဆရာဦးမြမောင်ရဲ့ တေးနံ့သာမြိုင်ဝိုင်းမှာ စတင်သီချင်းဆိုခဲ့ပါတယ်။ အဲဒီနောက် မြို့တော်ဝန်မဏ္ဍပ်မှာ သွားရောက်ဖျော်ဖြေတဲ့အခါမှာလည်း ပါဝင်သီဆိုဖြစ်ရင်း မြန်မာ့အသံမှာ စဆိုဖြစ်ခဲ့ပါတယ်။ အမျိုးသားတွေ အလွမ်းသီချင်း မဆိုဖြစ်ကြတဲ့အချိန်ကာလမှာ အလွမ်းသီချင်းလုပ်မိတဲ့ မျိုးမြင့်လေးရဲ့ အလွမ်းသီချင်းဟာ မြန်မာ့အသံမှာလွှင့်တဲ့ သီချင်းတွေထဲမှာ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့တဲ့ သီချင်းကတော့ “ဒုက္ခလှလှပေးလေသူ”လို့ အမည်ရပါတယ်။ ပထမဦးဆုံး ပရိသတ် အသိအမှတ်ပြု လက်ခံခဲ့တဲ့သီချင်းမှာ “မေတ္တာပုလဲပန်း သီရာဝယ် သီချင်းဖြစ်ပြီး မျိုးမြင့်လေး ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ဆိုထားတဲ့ သီချင်းဖြစ်ပါတယ်။
မျိုးမြင့်လေးဟာ အသက် (၁၂)နှစ်အရွယ်ကတည်းက ဂီတလောကကို လေ့လာလိုက်စားခဲ့သူပါ။ စီနီယာအဆိုတော်ကြီးတွေရဲ့သီချင်းကို အရကျက်မှတ်ရင်း မယ်ဒလင်နဲ့တီးပြီး ပွဲတွေမှာ ပြန်ဆိုလေ့ရှိခဲ့ပါတယ်။ မဟာဂီတသီချင်းကြီးတွေကိုလည်း လေ့လာလိုက်စားကာ သီချင်းတွေရဲ့ စည်းကမ်းတွေ၊ အခြေခံတွေကိုသိဖို့ သီချင်းဟောင်းတွေကိုလေ့လာရင်း သီချင်းတွေ ရေးဖြစ်လာတယ်လို့ ဆိုပါတယ်။ သင်တန်းကျောင်းတွေမရှိတဲ့ အချိန်ကာလဖြစ်လို့ ကိုယ်နားလည်သလို၊ အဆင်ပြေသလို တတ်အောင်သင်ခဲ့ရတဲ့အတွက် အလွန်လေးစားစရာကောင်းလှပါတယ်။
မျိုးမြင့်လေးဟာ တစ်ခေတ်တစ်ခါက ‘မြို့’နာမည် အသုံးများတဲ့ အဆိုရှင်ဖြစ်တာနဲ့အညီ မြို့စားလေးလို့တောင် နာမည်အပေးခံခဲ့ရပါတယ်။ မြန်မာသံ တည်တည်ငြိမ်ငြိမ်လေးတွေအပြင် ခေတ်ပေါ်ဂီတသံ မြူးမြူးကြွကြွလေးတွေကိုပါ သီဆိုနိုင်တဲ့ ပါရမီရှင် အနုပညာသည်တစ်ဦးလည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်သံစဉ်ကို တန်ဖိုးထားတတ်ပြီး သံစဉ်တွေကို အရမ်း လေ့လာသူတစ်ဦးပါ။ ဂီတသင်္ကေတ စာရွက်လေးတွေကို လေ့လာ၊ သိသူ တတ်သူ ပညာရှင်တွေကို မရှင်းလင်းတာတွေမေးမြန်းရင်း ဂီတဝမ်းစာ ဖြည့်တင်းခဲ့ရသူလည်း ဖြစ်ပါတယ်။ ဂီတကိုရူးသွပ်ပြီး ဘဝတစ်သက်တာလုံး ဂီတနဲ့သာ အသက်မွေးခဲ့ပြီး သေသည်အထိ ဂီတကို ဖက်တွယ်သွားခဲ့တဲ့ အနုပညာရှင်တွေထဲက တစ်ဦးပဲဖြစ်ပါတယ်။ - အဆိုတော် မျိုးမြင့်လေးရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းများနဲ့ ပြဇာတ်များ အဆိုတော် မျိုးမြင့်လေးဟာ ၁၉၆၉ခုနှစ်တုန်းကလည်း မန္တလေးမှာလုပ်ခဲ့တဲ့ ပြည်ထောင်စုပွဲမှာ ပြဇာတ်ကခဲ့ဖူးပါတယ်။ ရွှေဘိုဓာတ်ပြားကုမ္ပဏီကထုတ်တဲ့ ထွေးညိုဇာတ်လမ်းတွဲ (၅)ပြားတွဲမှာလည်း အသံပိုင်းဆိုင်ရာ ဝင်ပြောခဲ့ဖူးပါတယ်။ ဗိမ္မသာရ ဇာတ်ထုပ်ကြီးစတဲ့ ပြဇာတ်တွေမှာလည်း ဇာတ်အပြောတွေကို ရွှေမန်းဦးစိန်မောင်ထံမှ သင်ယူလေ့လာခဲ့ကာ ဝင်ရောက် ကူညီဖျော်ဖြေပေးခဲ့ပါတယ်။ အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသီချင်းများမှာ
» ဒုက္ခလှလှပေးလေသူ
» မေတ္တာပုလဲပန်း သီရာဝယ်
https://u.pcloud.link/publink/show?code=XZgT3jJZvO3AeUy7XxjcLRuWtadbMLOe6487
» တောင်လှေကားမြို့ ကိုယ်လာမယ်
https://u.pcloud.link/publink/show?code=XZ3g3jJZdDGl4fBdiFhIx55LgUkkA8vCKnLX
» တစ်မျိုးမူတဲ့ ပဲခူးသူ
https://u.pcloud.link/publink/show?code=XZ4C3jJZlpXUUdrX8RzVgNN0nPxB0bpAxmy7
» ရွှေမန်းသခင်မလေး
» ရွှေမြိုင်သူလေး မျှော်ရော့မယ်
https://u.pcloud.link/publink/show?code=XZlg3jJZpJVeQnqVkG4h1t3kh98WoukkjjR7
» ထီလာထိပ်ထား
» စစ်ကိုင်းတံတားပေါ်ဝယ်
» စနေနေ့ည ကိုးနာရီ
https://u.pcloud.link/publink/show?code=XZgC3jJZFRAK3564ps7PexCwAWcIUmbIho37
» ဆယ်ရက်တိုင်တိုင်
https://u.pcloud.link/publink/show?code=XZFx3jJZMGlOA5uxNUSO6nPkuSAocjTciNck
» ဤမှန်သောသစ္စာစကားကြောင့်
https://u.pcloud.link/publink/show?code=XZng3jJZ4HlIOCg54LyfMkrjMq4DBjfFteCX
» ခွင့်လွှတ်ရင်းနဲ့ နှစ်သိမ့်ပါ့မယ်
https://u.pcloud.link/publink/show?code=XZog3jJZMTVBOtS8a3YK7keX2kW1shWGrmM7
» အချစ်မျက်လုံး ကုဋေကုဋာ
https://u.pcloud.link/publink/show?code=XZmP3jJZClu7lUrK3Eh1gSTFeY8Hb5XXub5y
» ကြာလေလေ ခိုင်မြဲလေ
https://u.pcloud.link/publink/show?code=XZXP3jJZsrs95gbUUwyPQpM6sH5IcYvWkgEy
» နေကာမျက်မှန်လေးနဲ့
https://u.pcloud.link/publink/show?code=XZjT3jJZAXMLSprS9zVBQkLQchziWHBKUc8V
» မှော်ရုံတောမှာ လွမ်းရသည်
» ဝေးပြီကွယ် မသည်းညှာ
https://u.pcloud.link/publink/show?code=XZXT3jJZQh0egp2G0Cy8psTVHMp460ENckaV
» မပန်းဝေ
» အကြင်နာပိုသည်များရယ် အစရှိတဲ့ တေးသီချင်းတွေ အပါအဝင် သီချင်းပေါင်းရာကျော် ရေးဖွဲ့သီဆိုခဲ့ပါတယ်။
အဆိုတော် မျိုးမြင့်လေး မြဝတီအင်တာဗျူးမှာ ပြောခဲ့တဲ့စကားများ
ဦးတို့ခေတ်တုန်းက သင်တန်းကျောင်းတွေလည်းမရှိတော့ ကိုယ်ဝါသနာပါတာကို အဆင်ပြေသလို လေ့လာကြရတာ။ ဂီတပိုင်းကို စနစ်တကျ သင်ထားတာမဟုတ်ပေမယ့် ကိုယ်နိုင်သလောက် အခြေခံကို ကျေအောင်လေ့လာခဲ့ပါတယ်။ သီချင်းသီဆိုခဲ့တာတွေကတော့ ခန့်မှန်းခြေ သုံး၊ လေးရာလောက်တော့ ရှိပြီ။ သီချင်းဆိုနေရင်းနဲ့ လုပ်ဖြစ်သွားတဲ့ ဟန်ပန်တွေက သီချင်းရဲ့ ညွှန်ကြားချက်၊ သီချင်းရဲ့ ခိုင်းစေမှုကြောင့် လှုပ်ရှားဖြစ်သွားတာ။ ကိုယ်ပိုင်ဟန်ဖြစ်သွားတာလို့လည်း ပြောလို့ရတာပေါ့။ ဦးမျိုး သီချင်းစဆိုတဲ့အချိန်တုန်းက မင်းမြင့်ဆိုပြီး ဆိုတာ။ ဒါပေမဲ့ အဲဒီနာမည်ကြီးက စီးလွန်းအားကြီးတယ်ထင်ပြီး မျိုးမြင့်ဆိုတဲ့ နာမည်နဲ့ပဲဆိုမယ်လို့ စာရင်းတင်လိုက်တော့ မြန်မာ့အသံက ဦးသန်းမြင့်က “မျိုးမြင့် သန်လျင်ဘက်မှာ လူတစ်ယောက်က ကိုမျိုးမြင့်ဆိုတဲ့ နာမည်နဲ့ဆိုထားတာ ရှိတယ်။ နာမည်ပြောင်းကွာ၊ မျိုးမြင့်လေးဆိုတဲ့နာမည်နဲ့ မင်းဆိုပါလား ́ဆိုတာနဲ့ လုပ်လိုက်လေဆိုပြီး မျိုးမြင့်လေး ဖြစ်သွားတာပဲ။ အသက် (၂၄) နှစ်က မျိုးမြင့်လေးက အခု အသက် (၇ဝ)တောင်ကျော်ခဲ့ပြီ။ မျိုးမြင့်ကြီး ဖြစ်မသွားဘူးဖြစ်နေတယ်။
ဦးမျိုးက ဂီတကလွဲလို့ တခြားဘာမှ မလုပ်တတ်ဘူး။ အနှစ် (၅ဝ) ကျော် ပြည်သူလူထုက ကျွေးတဲ့ထမင်းကို ဂီတနဲ့ အသက်မွေးပြီး စားနေတာပါ။ ဒါကြောင့် ဦးမျိုးသေတဲ့အထိ သီချင်းဆို၊ သီချင်းရေးသွားမှာပါ။
ဦးမျိုး နားလည်သလောက် ပြောရမယ်ဆိုရင် ဂီတဝါသနာပါတဲ့သူတွေ၊ ဂီတအလုပ်ကို လုပ်မယ့်သူတွေဟာ နိုင်ငံတကာ သီချင်းတွေကိုရော၊ ကိုယ့်နိုင်ငံက ပြည်တွင်းသီချင်းတွေကိုရော နားထောင်ရမယ်။ သီချင်းအမျိုးမျိုးကို
နားထောင်ပြီးတော့ ရိုးရာမပျက်ဘဲ အရိုးကို အရွက်မဖုံးအောင် နေရမယ်။ ဥပမာဆိုပါတော့ ဦးမျိုးဆိုရင် စနေနေ့ည ကိုးနာရီ’၊ ‘နေကာမျက်မှန်လေးနဲ့’၊ ‘ချစ်ချစ်’ဆိုတဲ့သီချင်းတွေ ဖွင့်လိုက်တာနဲ့ ဒါသည် မျိုးမြင့်လေး
သီချင်းဆိုတာဖြစ်သလို ဒီခေတ်ကလေးတွေကိုလည်း ကိုယ်ပိုင်သီချင်း၊ ကိုယ်ပိုင်ဟန်နဲ့ ကိုယ်ပိုင်အဆိုတွေ ရှိနေစေချင်တယ်။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားကြပါလို့ ပြောချင်ပါတယ်။
အဆိုတော် မျိုးမြင့်လေးရဲ့ညီ ဦးအေးမင်းသန့်ရဲ့ ပြောစကားများ
အစ်ကိုဆုံးတော့ ဘဘ အနားမှာ ပြုစုစောင့်ရှောက်ခဲ့တယ်။ ငယ်ငယ်ကတည်းက အစ်ကိုလုပ်ချင်တဲ့၊ အစ်ကိုဖြစ်ချင်တဲ့အရာမှန်သမျှ နောက်ကနေ ပံ့ပိုးပေးခဲ့ပါတယ်။ အစ်ကိုဆိုသမျှသီချင်းတွေကို ဘဘပဲ တီးပေးခဲ့တာ။ ညီအစ်ကိုမောင်နှမတွေထဲမှာ ဘဘတို့နှစ်ယောက်က ပိုရင်းနှီးတယ်လို့ ပြောရမယ်။ အစ်ကိုက အနုပညာကို အရမ်းရူးသွပ်တယ်။ အစ်ကို့ဘဝတစ်လျှောက်လုံး အနုပညာနဲ့ အသက်မွေးခဲ့တယ်။ အခက်အခဲတွေလည်း အများကြီး တွေ့ကြုံခဲ့ရတယ်။ ဒါပေမဲ့ အစ်ကိုဟာ အားလုံးကို တာဝန်ကျေသွားခဲ့ပါတယ်။ သူ့သီချင်းတွေကလည်း အောင်မြင်တာများတော့ သီချင်းတွေလည်း ကျန်ခဲ့ဦးမှာပါ။ ဘဘအနေနဲ့ကတော့ အစ်ကို့အပေါ် သေချာ ပြုစုစောင့်ရှောက်ခွင့်ရခဲ့တယ်။ ပံ့ပိုးကူညီခွင့်ရခဲ့တဲ့အတွက် ကျေနပ်တယ်လို့ပဲ ပြောချင်ပါတယ်။
အဆိုတော် မျိုးမြင့်လေးရဲ့ သားငယ် ကိုဇော်လင်းမျိုးရဲ့ ပြောစကားများ
အဖေက အားလုံးအပေါ်မှာ စိတ်က တစ်ပြေးညီပဲ။ ယုတ်ခြင်း၊ ကောက်ခြင်း မရှိဘူး။ ပျော်ပျော်နေတတ်တယ်။ အဖေက သူများယုတ်တိုင်း မယုတ်နဲ့လို့ အမြဲတမ်း ပြောပါတယ်။ အဖေက ဂီတကို ဝါသနာကြီးတယ်၊ အရမ်းရူးသွပ်တယ်။ အဖေနဲ့ပတ်သက်ပြီး ပြောရရင်တော့ နေ့တိုင်း သတိရတယ်။ ရှိခဲ့တဲ့အချိန်တွေတုန်းက တန်ဖိုးထားရကောင်းမှန်း မသိဘူး။ ဒီလို မရှိတော့တဲ့အချိန်မှာမှ အရမ်းနှမြောတယ်၊ တမ်းတတယ်။ အနုပညာရှင်တစ်ယောက်အနေနဲ့လည်း နှမြောတယ်။ အဖေတစ်ယောက်အနေနဲ့လည်း နှမြောတယ်။ အဖေ့ရဲ့ အနုပညာလုပ်ဆောင်ချက်တွေ၊ ပြုမူပြောဆိုပုံတွေကို ပြန်ပြီးသတိရတယ်။ အဖေနဲ့ ပွဲတွေ အမြဲတမ်း လိုက်နေကျဆိုတော့ အဖေ့ရဲ့ဆိုဟန်တွေကိုကြည့်ပြီး သဘောကျခဲ့ဖူးတယ်၊ ပျော်ရွှင်ခဲ့ဖူးတယ်။ အခု အဲဒါတွေကို ပြန်တမ်းတတယ်။ ပြန်မရနိုင်တော့တဲ့ အရာတွေပဲလေ။ အောင်မြင်ကျော်ကြားတဲ့ တေးသီချင်းများစွာကို ရေးဖွဲ့သီဆိုခဲ့တဲ့ အဆိုတော် မျိုးမြင့်လေးရဲ့ ပြောစကားတချို့နဲ့ သူ့ဘဝအကြောင်းအရာတွေကို ဂီတချစ်၊ အနုပညာချစ်မြတ်နိုးကြတဲ့ စာဖတ်ပရိသတ်တွေအတွက်
တတ်နိုင်သလောက်၊ လက်လှမ်းမီသလောက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။ ဂီတနဲ့ ပတ်သက်လာရင် အနုအရွအလှလေးတွေ၊ နုနုနယ်နယ်လေးတွေနဲ့ နားဝင်ချိုအောင် ဖန်တီးခဲ့သူ အနုပညာရှင်ရဲ့ တေးသံတွေဟာ ဘယ်တော့မှ
ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ဂီတကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာရှင် ဦးမျိုးမြင့်လေးတစ်ယောက် ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းရင်း ဂီတကြယ်ပွင့်တစ်ပွင့် ကြွေလွင့်သွားခြင်းအပေါ် နှမြောတသ
ဖြစ်နေမိပါတော့တယ်။
(ဒီကဏ္ဍလေး ဖြစ်မြောက်ဖို့အတွက် ဝိုင်းဝန်းကူညီပေးပြီး သိလိုသမျှကို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့ အဆိုတော်မျိုးမြင့်လေးရဲ့ ညီ ဦးအေးမင်းသန့်နဲ့ အဆိုတော် မျိုးမြင့်လေးရဲ့သားဖြစ်သူ ဦးဇော်လင်းမျိုးတို့အား အထူးကျေးဇူးတင်ရှိပါတယ်။)
တင်ခဲ့ဖူးတဲ့ အချစ်ဖမ်းစားခြင်း အယ်လ်ဘမ်လင့်ခ်
https://www.facebook.com/share/p/1BLd3S976m/
