ကိုယ်သာနာစေစိတ်မနာစေနဲ့
အဝိဇ္ဇာသာမန် ပုထုဇဥ်နတ်လူနဲ့ သတ္တဝါတွေဆိုတာက ရုပ်နဲ့နာမ် နှစ်ပါးထဲပဲရှိကြတာဆိုတော့ နာစရာရှိရင် ကိုယ်လည်းနာတတ်တယ် စိတ်လည်းနာတတ်ကြပါတယ်
ကိုယ်ခန္ဓာနာကျင်ခံခက်ရင်လည်း ငါ့ခန္ဓာပဲ ငါနာတာပဲဆိုတဲ့ သက္ကာယဒိဌိအစွဲမှားကြောင့် တငြီးငြီး တငြူငြူ အော်ဟစ်မြည်တမ်းနေတတ်ကြတယ်
ကိုယ်ခန္ဓာလို့ခေါ်တဲ့ ရူပက္ခန္ဓာကြီးတွေကိုယ်စီကိုယ်ငှ ရှိနေကြသမျှ ဓာတ်ကြီးလေးပါး ဖောက်ပြန်မညီမျှမှုကြောင့် အနာရောဂါဝေဒနာ ဘေးဆိုးကပ်ဆိုးတွေ မုချတွေ့ကြုံ ခံစားကြရအုံးမှာ ဖြစ်ပါတယ်
ရုပ်ခန္ဓာကြီးကို အနာရောဂါဝေဒနာတွေ ထိမှုခိုက်မှု ဖိစီးနှိပ်စပ်မှု အကြောင်းရင်းတရားတွေကြောင့် နာကျင်ခံခက်တဲ့ ကာယိကဝေဒနာခံစားမှုစိတ်တွေ အထင်အရှား ဖြစ်ပေါ်ခံစားကြရပြီး မခံမရပ်နိုင်အောင် အော်ဟစ်ငြီးငြူကြရရှာပါတယ်
ရူပက္ခန္ဓာဆိုတဲ့ ပဋိသန္ဓေခန္ဓာကိုယ်စီ ဖြစ်ပေါ်ရရှိလာကြပြီဆိုကတည်းက ခန္ဓာပျက်ယွင်း သေဆုံးခြင်းထိတိုင်အောင် အနာရောဂါ ဝေဒနာဆိုးအမျိုးမျိုးတို့ရဲ့ ဖိစီးနှိပ်စက်ခြင်းကို အလူးအလဲခံစားကြရရှာပါတယ်
အာရုံခြောက်ပါးအစုအဝေးဖြစ်တဲ့
ကိုယ်ကာယအပေါ်မှာ နာကျင်ခံခက်တဲ့ ကာယိကဝေဒနာပဲဖြစ်ဖြစ် စိတ်ရဲ့အပေါ်မှာ ဖဿကြောင့်ဖြစ်ပေါ်လာရတဲ့ ဒေါမနဿ ဝေဒနာစိတ်ကြောင့်ပဲဖြစ်ဖြစ် မခံမရပ်နိုင်အောင် ခံစားလာကြရတယ်ဆိုရင်ပဲ ကိုယ်လည်းနာ စိတ်လည်းနာပြီး ကိုယ်စိတ်နှစ်ဖြာ မကျန်းမမာ မချမ်းမသာ ဖြစ်ကြရရှာပါပေတော့တယ်
နာမ်တရားဆိုတဲ့
စိတ်အပေါ်မှာလည်း ငါ့စိတ်ပဲ ငါခံစားရတာပဲလို့ အယူမှား အမှတ်မှား အစွဲမှား ဒိဌိမပြုတ်ကြရရှာသေးတော့ တစ်စုံတစ်ယောက်သောသူနဲ့ ပဋိပက္ခအသွင်ဆောင်ပြီး ထိခိုက်ငြိုငြင် ခိုက်ရန်ဖြစ်ပွားကြရပြီဆိုရင်လည်း
စိတ်ဆိုး စိတ်ကောက် စိတ်နာမှုတွေ ဖြစ်ကျောရှည်လွန်းလို့ အချိန်ကာလ ကြာမြင့်အောင် အငြိုးအတေး အမုန်းပွားပြီး လက်စားပြန်ချေတတ်ကြပြန်ပါကုန်တယ်
နာကျည်းစိတ် အငြိုးအတေး ကြီးမားလွန်းတဲ့ ပုထုဇဥ် လူနတ်တွေဟာ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူးဟေ့ဆိုပြီး ဘဝအဆက်ဆက် သံသရာအဆက်ဆက်ထိအောင်တောင် လက်စားခြေနိုင်ဖို့အတွက် ဆုတောင်းသက္ကာယပြုတတ်ကြပါကုန်တယ်
ဒါကြောင့်မို့လည်းပဲ ဆဒ္ဒန်ဆင်မင်းကို စူဠသုဘဒ္ဒါမိဘုရားက လူ့ဘဝရောက်မှ အစွယ်လည်းဖြတ် အသေလည်းသတ်တဲ့ အငြိုးအတေး စိတ်နာကျည်းမှု သမိုင်းရာဇဝင်မျိုးတွေ ကဗျည်းမှတ်တမ်း တင်နိုင်ခဲ့ကြရပါတယ်နော်
သုံးလောကထွဋ်ထား ဗုဒ္ဓရှင်တော် မြတ်ဘုရားတောင်မှ ဇိန္နမာနမိန်းမယုတ်တို့ မာဂန္ဒီမိဘုရား မိန်းမယုတ်တို့လို စိတ်နာကျည်းမှု အငြိုးအတေးထား လက်စားချေတုန့်ပြန်ကြခြင်းကို ကိုယ်တော်တိုင်ပင် ရင်ဆိုင်ဖြေရှင်းတော် မူခဲ့ရပါပေတယ်
ဒါဟာ စိတ်နာခြင်း အရင်းခံအကြောင်းတရားတွေကြောင့် ဖြစ်ပေါ်လာကြရတဲ့ အကျိုးအပြစ်တရားတွေမျှသာဖြစ်ပါတယ်
ရှေးရှေး ပဝေသဏီအချိန်ကာလ ကထဲကမှစတင်ပြီး
လူ့လောကသဘာဝတရားထဲမှာ စိတ်နာကျည်းမှု အငြိုးအတေး အကြောင်းတရားတွေကြောင့် အပြန်ပြန်အလှန်လှန် တုန့်ပြန်လက်စားချေခဲ့ကြတဲ့ ဖြစ်ရိုးဖြစ်စဥ် သမိုင်းကြောင်းတွေကတော့ စာဖွဲ့မှတ်တမ်းတင်လို့ မကုန်နိုင် မဆုံးနိုင်ပါဘူး
အဓိကဆိုလိုချင်တဲ့အချက်က သာမန် အဝိဇ္ဇာပုထုဇဥ် လူနတ်တွေ သတ္တဝါတွေ ရှိနေကြသ၍ စိတ်နာကျင်ခံခက် စိတ်နာကျည်း မုန်းတီးမှုတွေ အငြိုးအတေး အာဃာတတရားတွေ အစဥ်အမြဲ ဖြစ်ပေါ် လျက် ရှိနေကြရအုံးမယ်လို့ တင်ပြအစီရင်ခံ ဆိုလိုချင်တာပါပဲ
ဒီလို အဝိဇ္ဇာပုထုဇဥ် သာမန်လူနတ် သတ္တဝါ ဘဝမျိုးနဲ့ သံသရာလည် အသက်ရှင်ရပ်တည် နေကြသ၍ ကိုယ်လည်းနာ စိတ်လည်းနာကြရပြီး ကိုယ်စိတ်နှစ်ဖြာ အစဥ်အမြဲ နာကျင်ခံခက်ခြင်းသံသရာမှ ဘယ်သောအခါမျှ ရုန်းထွက်လွတ်မြောက်နိုင်ကြမှာ မဟုတ်ပါဘူးနော်
ဒီတော့
ဒီလို ကိုယ်လည်းနာ စိတ်လည်းနာ ရုပ်နာမ်နှစ်ပါးစလုံးနာရတဲ့ သာမန်ပုထုဇဥ် ဘဝဆိုးမျိုးတွေကနေ လွတ်မြောက်ချင် ရုန်းထွက်လိုချင်ကြပါတယ်ဆိုရင်ဖြင့်
အမှန်တကယ်ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ပြီးကြပါသော မြတ်ဗုဒ္ဓဘုရားရှင်နှင့်တကွ တပည့်တပန်း ရဟန်းပညာရှိ လူပညာရှိ သူတော်စင် သူတော်ကောင်းကြီးများရဲ့ နည်းပေးလမ်းညွှန်မှု အဆုံးအမ သြဝါဒတရားတွေကို လက်တွေ့ကိုယ်တွေ့ ဉာဏ်တွေ့ကျကျ ဆည်းပူးလိုက်နာ ကျင့်သုံးကြဖို့ အထူးပဲလိုအပ်လှပါပေတယ်
ရုပ်နာမ်တည်းဟူသော ခန္ဓာငါးပါးရရှိကြသူ လူနတ်ဗြဟ္မာ သတ္တဝါ အလုံးစုံတို့သည်ကား ဝေဒနက္ခန္ဓာတည်းဟူသော ခံစားခြင်း ဝေဒနာစိတ်တို့ အမှန်ဧကံပင် ဖြစ်ပေါ်နေကြရတာဟာ လောကသဘာဝ အနတ္တဓမ္မတာ တရားသဘောမျှသာ အမှန်စင်စစ် ဖြစ်ကြရပါပေတယ်
ထိုဓမ္မတာ အနတ္တတရားသဘောကို မြတ်ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် သစ္စာလေးပါး မဂ္ဂင်ရှစ်ပါး ဗောဇ္ဇျင်ခုနှစ်ပါးတရားကျင့်စဥ် လမ်းအမှန်နှင့် စတင်ထိုးထွင်း သိမြင်ဉာဏ် ရရှိတော်မူပြီးနောက် ဝေနေယျသတ္တဝါတွေအပေါ် နည်းပေးလမ်းညွှန် ဟောဖော် ကယ်တင်တော်မူခဲ့ပါပေတယ်
ဒါကြောင့်သာပဲ တပည့်တပန်း ရဟန်းပညာရှိ လူပညာရှိ သူတော်စင် သူတော်မြတ်အပေါင်းတို့သည် မြတ်ဗုဒ္ဓ ဟောဖော်ညွှန်ပြ အဆုံးအမတရားတော်တို့ကို ကိုယ်စီကိုယ်ငှ လိုက်နာကျင့်သုံးနိုင်ကြပြီးသကာလ ခန္ဓာရုပ်နာမ် အိုနာသေ မွဲကွဲခြင်းသံသရာဝဋ်ဆင်းရဲအပေါင်းမှ ကျွတ်လွတ်ထွက်မြောက် လွတ်ကင်း ချမ်းသာခြင်းဆီ မုချရောက်ရှိကြရပါကုန်တယ်
ဒါကြောင့်
ဒီလိုလွတ်မြောက်နိုင်ကြဖို့ တစ်ခုတည်းသော တစ်ကြောင်းတည်းသော လမ်းစဥ်သည်ကား စာရေးသူ အမြဲတစေ ဆော်သြနိုးဆော် တိုက်တွန်းနေတဲ့ ဝိပဿနာဘာဝနာ ရှုမှတ်ပွားများခြင်း ပဋိပတ္တိ လုပ်ငန်းစဥ်ပဲ အမှန် ဖြစ်ပါပေတယ်
ဒီတော့ စာရေးသူရဲ့ စာဖတ်ပရိဿတ် ဓမ္မိတ်ဆွေ သူတော်ကောင်း အပေါင်းတို့သည်လည်းပဲ ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါး ကိုယ်စီကိုယ်ငှ ရှိနေကြရတာမို့ ကိုယ်၏နာကျင်ခြင်း စိတ်၏နာကျင်မုန်းတီးခြင်းများလည်း ရှိနေနိုင်ကြပါသေးတယ်
လက်ရှိပစ္စုပ္ပါန်ကာလ လူ့ဘဝရနေခိုက်အချိန်ကလေးမှာ ဝိပဿနာတည်းဟူသော ဘာဝနာကျင့်စဥ်လမ်းကို အမှန်တကယ်ပဲ လိုက်နာကျင့်သုံးကြမယ်ဆိုရင်ဖြင့် ရုပ်ခန္ဓာကိုယ်သာ ထိခိုက်နာကျင်ရပါသော်လည်း စိတ်နာကျင်မှု ခံစားချက် ဝေဒနာဆိုးမှ လက်တွေ့ ကိုယ်တွေ့ ဉာဏ်တွေ့ကျကျ လွတ်မြောက်ချမ်းသာရ ရရှိနိုင်ကြပါလိမ့်မယ်ဆိုတာ စာရေးသူ ရဲရဲကြီး အာမခံချက် ပေးဝံ့ပါတယ်နော်
အမှန်တကယ်တော့ ကိုယ်စိတ်နှစ်ဖြာ နာကျင်ခံစားနေကြရတာဟာ ရုပ်နာမ် ခန္ဓာအပေါ်မှာ အသေအခြာ ပွားများရှု့ကြည့် သိမှတ် နေနိုင်တဲ့ ဝိပဿနာ ရှုမှတ်မှုဉာဏ်ပညာ မရမရှိကြသေးလို့သာပဲဖြစ်ပါတယ်
ဝိပဿနာရှုမှတ်ဉာဏ် မထူထောင် မရရှိကြရသေးတဲ့ ပုထုဇဥ်လူသားမှန်သမျှဟာ အမေမွေးဖွားခဲ့တဲ့ရုပ်နာမ်ခန္ဓာအပေါ်မှာ ငါ့ရုပ်ပဲ ငါ့နာမ်ပဲ ငါ့ခန္ဓာပဲဆိုတဲ့ သက္ကာယဒိဌိအစွဲမှားကြီး သံသရာအဆက်ဆက်ကတည်းက အမျှင်တန်းပါရှိလာခဲ့ကြပါတယ်
ဒီလိုသက္ကာယ ဒိဌိ အစွဲမှားအမှတ်မှား အယူမှားကြီး မခွာချနိုင် မပျောက်ပျက်နိုင်ကြသ၍ ကိုယ်နာခြင်းအပေါ်မှာလည်း ငါစွဲအတ္တစွဲ မပြုတ်သိမ်း မခွာချနိုင်ပါဘူး စိတ်နာခြင်းအပေါ်မှာလည်း ငါစွဲအတ္တစွဲ မဖြုတ်သိမ်း မခွာချနိုင်ကြပါဘူး
ကိုယ်နာခြင်း စိတ်နာခြင်းအပေါ်မှာ ငါစွဲအတ္တစွဲ သက္ကာယဒိဌိအစွဲမှား အပြီးတိုင်ပြုတ်သိမ်း ခွာချနိုင်ဖို့ဆိုတာကလည်း ခန္ဓာရုပ်နာမ်ရဲ့ ပရမတ္ထ ပကတိအရှိတရားသဘောသဘာဝကို သမ္မာဒိဌိဉာဏ်အမြင်မှန်နဲ့ တိတိကျကျ ရှင်လင်းပြတ်သားစွာ မြင်သိနိုင်ကြဖို့ အထူးလိုအပ်ပါတယ်
ဒီလိုသမ္မာဒိဌိ ဉာဏ်အမြင်မှန်ရရှိဖို့ဆိုတာကလည်း ခန္ဓာရုပ်နာမ်အပေါ်မှာ ထိုးဖောက်ရှုကြည့်နိုင်မဲ့ ဝိပဿနာရှုမှတ်ဉာဏ် ရရှိအောင် ရှေးဦးစွာ ထူထောင်နိုင်ကြဖို့ အရေးကြီးပါတယ်
ဒီတော့ ဓမ္မမိတ်ဆွေ သူတော်ကောင်းအပေါင်းတို့အနေနဲ့ မြတ်ဗုဒ္ဓချမှတ်လမ်းညွှန်ပေးထားပါသော သီလသမာဓိပညာ မဂ္ဂင်ရှစ်ပါးလမ်းစဥ်ကို တိတိကျကျ လိုက်နာဆောင်ရွက် ကျင့်သုံးကြရမှာဖြစ်ပါတယ်
မိမိတို့နဲ့သက်ဆိုင်တဲ့ သီလကျင့်ဝတ်တွေကို မယိမ်းမယိုင် မပျောက်မကြား မကျိုးမပေါက်အောင် ကြိုးစားဂရုပြု ထိန်းသိမ်းစောင့်ရှောက်ပေးကြဖို့ အထူးလိုအပ်ပါတယ်
သီလမဂ္ဂင်တရား ပြည့်ဝလုံခြုံလာတဲ့ ယောဂီတစ်ယောက်ရဲ့စိတ်ဟာ သီလဆိုတဲ့အကျင့်တရားဓမ္မ အကြောင်းကြောင့် တည်ကြည်ငြိမ်သက် အေးချမ်း ထက်မြက်မှု သမာဓိစွမ်းအားအကျိုးတရားကို ဖြစ်ပေါ် တိုးတက် ရရှိပိုင်နိုင်လာစေပါတယ်
သီလမဂ္ဂင်ပြည့်စုံမှုအကြောင်းကြောင့် သမာဓိမဂ္ဂင် အကျိုးတရား ပြည့်စုံလာခြင်းပဲဖြစ်ပါတယ်
ပြည့်စုံလာတဲ့သမာဓိမဂ္ဂင်ကို အခြေခံပြီး ဝင်လေထွက်လေရှုမှတ်မှု သို့မဟုတ် ပိန်ခြင်းဖောင်းခြင်း ကိုရှုမှတ်မှု အာနာပါနကမ္မဌာန်းအလုပ်ကို လေ့ကျင့်စီးဖြန်ပြီးသကာလ သမာဓိစိတ်စွမ်းရည်ကို ခန္ဓာရုပ်နာမ်အပေါ် ထိုးဖောက်ရှုကြည့်နိုင်တဲ့ သမာဓိဉာဏ် ဖြစ်တည်လာအောင် လေ့ကျင့်ဖော်ဆောင်ပေးကြရမှာဖြစ်ပါတယ်
ဒီနေရာမှာ ဓမ္မမိတ်ဆွေယောဂီအားလုံးရဲ့ ဆန္ဒ ဝိရိယ ဇွဲလုံ့လ သတ္တိ သတိ ကြိုးစားအားထုတ်မှု အပေါ်မှာမူတည်ပြီး လုပ်ငန်းအောင်မြင်မှု အနှေးနဲ့အမြန် ကွဲပြားခြားနားနိုင်ပါတယ်
မိမိတို့ရဲ့ ဝိပဿနာရှုမှတ်ဉာဏ်လိုချင်မှု ဆန္ဒ ဝိရိယ ဇွဲလုံ့လအပေါ်မှာ လုံးဝမူတည်နေပါတယ်နော်
အထူးတလည် ကြိုးစားအားထုတ်သူက တည်ကြည် အားကောင်းတဲ့ ဝိပဿနာရှုမှတ်မှုဉာဏ်စွမ်းရည် ရရှိနိုင်ပါတယ်
သဒ္ဒါဝိရိယ ဇွဲလုံလ စိုက်ထုတ်မှုအားနည်းသူက လျော့ရဲအားနည်းလှတဲ့ သမာဓိဉာဏ်လောက်သာပဲ ရရှိနိုင်ပြီး အားကောင်းတဲ့ သမာဓိဉာဏ် ဖြစ်တည်ရရှိဖို့ မျှော်လင့်ချက်နည်းပါးနေတတ်ကြပါတယ်
ဒါကြောင့် ဖိဖိစီးစီး ဇွဲဆန္ဒ လုံ့လ ဝိရိယ သတ္တိ သတိစိတ်တို့ဖြင့် ဝိပဿနာရှုမှတ်မှုဉာဏ်ပညာဖြစ်လာရမဲ့ အခြေခံသမာဓိဉာဏ် ထူထောင်မှု အခန်းကဏ္ဍကို အောင်မြင်အောင် ကြိုးစားစွမ်းဆောင်ကြပါလို့ အထူးတိုက်တွန်းပါတယ်
ကျစ်လစ်ခိုင်မာ အားကောင်းတဲ့ သမာဓိဉာဏ်ရပြီဆိုတာနဲ့ မိမိတိုရဲ့ မွေးရာပါ ခန္ဓာအပေါ်မှာ ရှုကြည့်မျှော်မြင် ဆင်ခြင်ပွားများလိုက်ပြီဆိုတာနဲ့ ခန္ဓာရဲ့ ပကတိအရှိ တရားသဘောအမှန်တွေကို တိကျခိုင်မာ ရှင်းလင်းစွာ မြင်သိမှတ်တမ်းတင်နိုင်ပါသော ဝိပဿနာသမာဒိဌိဉာဏ်အမြင်ကို အောင်မြင်စွာစတင်ဖြစ်တည် ရရှိလာကြရတော့မှာ မုချဖြစ်ပါတယ်
ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားသော တရံမဆဲ ဖောက်ပြန်နေခြင်းသဘောသည်ကား ရုပ်ပရမတ် ရုပ်တရားဖြစ်ကြောင်း သိမြင်ဉာဏ်ရရှိလာပါမယ်
ခံစားခြင်း မှတ်သားခြင်း ပြုပြင်ခြင်း သိမှတ်ခြင်း သဘောမျှရှိသော စိတ်သဘောကလေးများက နာမ်ပရမတ် နာမ်တရားမှန်း သိမြင်လာနိုင်ကြရပါမယ်
ထိုသောအခါမှ မွေးဖွားရရှိလာခဲ့တဲ့ ခန္ဓာဆိုတာဟာ ရုပ်ပရမတ်ရုပ်တရားနဲ့ နာမ်ပရမတ်နာမ်တရားနှစ်ပါးတည်းမျှသာ အထင်အရှားရှိနေပါကြောင်း ပိုင်ပိုင်နိုင်နိုင်သိမြင်တဲ့ နာမရူပပရိစ္စေဒ ဝိပဿနာအခြေခံဉာဏ်ကို ပထမဦးဆုံး အောင်မြင်စွာ စတင်သိမြင်ရရှိလာကြရမှာဖြစ်ပါတယ်
ဒါဟာဖြင့် ခန္ဓာပကတိအရှိတရားကို ဝိပဿနာဉာဏ်ပညာနဲ့ အသိသတိပွားပြီး ပထမဦးစွာ ထိုးဖောက်ကြည့်ရှုမှု သိမြင်ဥာဏ် အောင်မြင်စွာ ရရှိကြခြင်းပဲဖြစ်ပါတယ်
မွေးရာပါခန္ဓာမှာ ရုပ်ပရမတ်တရားနဲ့နာမ်ပရမတ်တရားသာလျှင် ပကတိစင်စစ် တိကျထင်ရှားစွာ ရှိနေပါကြောင်း သိမြင်ဉာဏ်ရရှိကြရတယ်ဆိုရင်ပဲ အဝိဇ္ဇာအန္ဓဗာလ ပုထုဇဥ်အဖြစ်မှ စတင်ခွဲခွာ လွတ်မြောက်လာကြရပြီဖြစ်ပါတယ်
ထိုနာမရူပပရိစ္စေဒဉာဏ်အမြင်မှတစ်ဆင့် ရုပ်တရားနာမ်တရား ပရမတ်နှစ်ပါးတို့ရဲ့ အကြောင်းနဲ့အကျိုး အပြန်ပြန် အလှန်လှန် ဆက်စပ် အကျိုးပြု ဖြစ်တည်နေကြရပုံကို ဆက်လက်မြင်သိလာချိန်မှာတော့ ပစ္စယပရိဂ္ဂဟလို့ခေါ်တဲ့ ဝိပဿနာသမာဒိဌိ အခြေခံဒုတိယဉာဏ်ကို ဆက်လက်တက်လှမ်းရရှိလာပြန်ပါတယ်
ဒီဉာဏ်ပညာနှစ်ပါးကို ပဋိပတ္တိ အကျင့်နဲ့ ပိုင်ပိုင်သိမြင်ရရှိကြတယ်ဆိုင်ရင်ပဲ မွေးရာပါခန္ဓာအပေါ်မှာ ပုဂ္ဂိုလ်သတ္တဝါ သူသူငါငါ အစွဲအလန်းမှားများ ပြတ်ပြတ်သားသားခွာချနိုင်ပြီး အတ္တာဒိဌိ သက္ကာယဒိဌိကို စတင်ဖြုတ်သိမ်းသွားနိုင်ကြပါတော့တယ်
ထိုဉာဏ်ပညာနှစ်ပါးကို ပဋိပတ္တိဉာဏ်ပညာအသိနဲ့ မြင်သိကြပါကုန်သော ယောဂီအပေါင်းကို အပါယ်လေးပါး တစ်ဘဝ နှစ်ဘဝမျှပိတ်သိမ်းထားနိုင်ပါသော စူဠသောတာပန်ပုဂ္ဂိုလ်ဟုပင် ခေါ်ဝေါ်သမုတ်ကြပါတယ်
ထိုဉာဏ်ပညာနှစ်ပါးဖြင့် ဆက်လက်ကြိုးစားပွားများအားထုတ်ကြပါသောအခါ ရုပ်တရားနာမ်တရားနှစ်ပါးရဲ့တရံမဆဲ မမြဲမမြံ ဖောက်ပြန်နေမှု အနိစ္စပရမတ် လက္ခဏာရေးသဘောတရားတို့ကို အထင်အရှား သိမြင်လာနိုင်ကြပြီး သမ္မသနဝိပဿနာဉာဏ်ကို ဆက်လက်တက်လှမ်းရရှိလာပါမယ်
ထိုသမ္မသနဝိပဿနာဉာဏ်အမြင် ဖြိုင်ဖြိုင်မြင်သိ ရင့်သန်လာချိန်မှာတော့ဖြင့် ရုပ်တရားနာမ်တရားနှစ်ပါးရဲ့ တရံမလပ် ဖြစ်ပြီးပျက်ချုပ်ပျောက်ကွယ်မှုကို အထူးထင်ရှား မြင်သိရပါသော ဥဒယဗ္ဗယ ဝိပဿနာဉာဏ်ကို အောင်မြင်စွာပဲ တက်လှမ်းလာနိုင်ကြပါတော့မယ်နော်
ဒီဥဒယဗ္ဗယ ဝိပဿနာဉာဏ်ဟာ ခန္ဓာရုပ်နာမ်တရားတွေရဲ့ တရံမလပ် ဖြစ်ခြင်းပျက်ခြင်းအနိစ္စပရမတ် ပကတိအရှိသဘောကို တိတိကျကျ ခိုင်ခိုင်လုံလုံ ရှင်းလင်းစွာပဲ သိမြင်နိုင်ပြီမို့ မွေးရာပါခန္ဓာဆိုတာဟာဖြင့် ကိုယ်နှင့်မဆိုင် ကိုယ်ပိုင်မဟုတ် အတ္တလုပ်၍မရမှန်း ကင်းကင်းရှင်းရှင်းသိမြင်သွားရပြီး သက္ကာယဒိဌိ အပြီးပါယ်ခွာသွားနိုင်ကြရပါတော့တယ်
ထိုသောအခါမှ မွေးရာပါ အရှုခံ ရုပ် စိတ် ဝေဒနာစိတ်တို့အပေါ်တွင် ကိုယ်နှင့်မဆိုင် ကိုယ်ပိုင်မဟုတ် သူစိမ်းပြင်ပြင် ရှုမြင်သုံးသပ်လာနိုင်ကြပါသော ဝိပဿနာ သမာဒိဌိ ဉာဏ်အမြင်ပိုင်ရှင်များ မုချဧကံဖြစ်လာကြရပါကုန်တယ်
ဒီလိုဝိပဿနာ သမာဒိဌိဉာဏ်အမြင်တွေ ပိုင်ပိုင်နိုင်နိုင်ရရှိလာနိုင်ကြပါမှ အရှုခံကာယိကဝေဒနာပဲဖြစ်ဖြစ် ဒေါမနဿဝေဒနာပဲဖြစ်ဖြစ် ကိုယ်နာခြင်း စိတ်နာခြင်းဆိုတဲ့ နာကျင်ခံစားခြင်း အရှုခံ ဝေဒနာတရားတွေအပေါ်မှာ ဖြစ်ပျက်အနိစ္စပရမတ် အစားထိုးနိုင်ကြပြီးသကာလ ဝေဒနာကျော်ခြင်း အစွမ်းသတ္တိ အကျိုးထူးကို ကိုယ်တိုင်ကိုယ်ကျ သိမြင်အောင်ပွဲဆင်နိုင်ကြပါတော့တယ်
ကိုယ်နာခြင်း စိတ်နာခြင်းတွေအပေါ်မှာ စူဠသောတာပန်ယောဂီတွေက ဖြစ်ပျက်အနိစ္စပရမတ်အစားထိုး ရှုပွားပြီး မငြီးမငြူ မအော်မဟစ် အောင်မြင်စွာ ကျော်လွှားနိုင်ကြပါတယ်
သောတာပန် သကဒါဂမ် အနာဂါမ် ရဟန္တာ အရိယာပညာရှိသူတော်စင် သူတော်မြတ်ကြီးတွေက မဂ်သတိဖိုလ်သတိ အသိသတိ ဉာဏ်ပညာရပ်တွေနဲ့ အစားထိုးရှုပွားပြီး မငြီးမငြူ မအော်မဟစ် ရင့်ကျက်တည်ငြိမ်စွာဖြင့် ကိုယ်စိတ်နာကျင်မှုဝေဒနာ ရှောင်လွဲပယ်ခွာနိုင်ကြပါကုန်တယ်
ရေ၌ငုပ်လျှိုးသောသူသည် ရုပ်ခန္ဓာသာ ရေစွတ်စိုသော်လည်း စိတ်ကိုရေမစွတ်စိုသကဲ့သို့ အရိယာပညာရှိသူတော်ကောင်းတို့သည်လည်းပဲ ရူပက္ခန္ဓာသာ နာကျင်မှုရှိပါသော်လည်း စိတ်တရားနာမ်တရားတို့ကိုမှု နာကျင်ခြင်း အလျင်းမရှိ ပကတိ ကင်းစင်ငြိမ်းအေးချမ်းသာပါကြောင်း အသိသတိတိုးပွားနိုင်ကြပါစေလို့ ဆန္ဒပြု ရေးသားအစီရင်ခံလိုက်ရပါပေတယ်
အဝိဇ္ဇာပုထုဇဥ် ပညာမဲ့တို့သည် ဝိပဿနာဉာဏ်အမြင်မရှိ မဂ်သတိဖိုလ်သတိ လုံးဝမရှိကြပါသဖြင့် ကိုယ်နာကျင်မှု
စိတ်နာကျင်မှု၌ အော်ဟစ် ငြီးငြူမြည်တမ်း ဖြစ်ကျောအလွန်ရှည်တတ်ကြပါပေကုန်၏
စိတ်၌ဖြစ်တည်သော စိတ်နာမှု အမုန်းအာဃာတ အငြိုးအတေးများ သံသရာထိတိုင်ရှည်လျားတတ်ကြပါကုန်၏
ဝိဇ္ဇာအရိယာပညာရှိတို့သည်ကား ခန္ဓာအရှိ ပကတိ သဘောသဘာဝအရ ကိုယ်၌နာကျင်ခြင်းရှိပါသော်လည်းပဲ ဝိပဿနာဉာဏ်အသိ မဂ်သတိဖိုလ်သတိတို့ဖြင့် အစားထိုးသည်းခံတော်မူနိုင်ကြပါကုန်၏
စိတ်၌ဖြစ်ပေါ်တတ်ပါသော စိတ်နာကျည်းမှု အမုန်းအဃာတ အငြိုးအတေး နာကျင်ခြင်းတို့အလျင်းမရှိ ဖြစ်ပျက်ပရမတ်ဉာဏ်အမြင် နိဗ္ဗာန်ဉာဏ်အမြင်တို့ဖြင့် ဖြစ်ကျောမရှည် ဗြဟ္မစိုရ်တရားလေးပါးအတိ ထွန်ကားကြပါပေကုန်၏
အရှင်မဟာမောဂ္ဂလန် ရဟန္တာအရှင်သူမြတ်ကြီးကဲ့သို့ ဝိပါက်ကြမ္မာ ပေးဆပ်ရရှာပါသော အချိန်အခါ သမယတွင်လည်း ကိုယ်သာနာစေ စိတ်မထိခိုက်ပါပေပဲ ဝဋ်တုန့်ဝဋ်လှည့် ပေးဆပ်ကျေပြွန်ခဲ့ရပါပေတယ်
ဒါကြောင့် ဤဆောင်းပါးလေး ဖတ်ရှုကြရသူ ဓမ္မမိတ်ဆွေအပေါင်း သူတော်ကောင်းအားလုံးတို့သည်လည်းပဲ အဝိဇ္ဇာပုထုဇဥ်တွေလို ကိုယ်လည်းနာ စိတ်လည်းနာ ဖြစ်ကျောရှည်စွာ သံသရာရှည်လျားရသော ဝိပါက်ကြမ္မာ ဝဋ်ဆင်းရဲအပေါင်းမှ ရုန်းထွက် ကင်းဝေး လွတ်မြောက် ချမ်းသာကြရပါလေအောင် သီလသမာဓိ ဝိပဿနာပညာ လမ်းစဥ်ခရီးကို အောင်မြင်စွာ ကျင့်ဆောင် တက်လှမ်းနိုင်ကြပါစေရန်နဲ့
ဝိဇ္ဇာပညာရှိအရိယာသူတော်စင် သူတော်မြတ်များကဲ့သို့ ဝိပဿနာဉာဏ် မဂ်ဉာဏ်ဖိုလ်ဉာဏ် အရိယာဉာဏ်ပညာများ အစဥ်လက်ကိုင်ထားပြီး ကိုယ်သာနာစေ စိတ်မနာစေဖို့ ကျင့်ကြံအားထုတ်နိုင်ကြပါစေကြောင်း ရည်ရွယ်ဆန္ဒပြု အသိသတိပေး ရေးသားတိုက်တွန်း နိုးဆော်လိုက်ရပါတယ်
သီလသမာဓိ ဝိပဿနာဘာဝနာ ပညာရပ်တွေကို ကိုယ်စီကိုယ်ငှ ကျင့်ကြံ အားထုတ် အောင်မြင်စွာ တက်လှမ်းရရှိတော်မူနိုင်ကြပါစေလို့ ရည်ရွယ်ဆန္ဒပြုရင်း
ပရိနိဗ္ဗာန် မဝင်စံမီစပ်ကြား
ခန္ဓာရုပ်နာမ်နှင့် နေကြရသမျှ လက်ကျန်ကာလ ဘဝအဆက်ဆက်မှာဖြင့် ကိုယ်သာနာရ စိတ်မနာကြရပါသော အရိယာမဂ်ဖိုလ်ပညာစခမ်း အလျင်အမြန် တက်လှမ်းရရှိတော်မူနိုင်ကြပါစေကုန်သတည်း
သာဓု သာဓု သာဓု
““““““`ထေရာမင်းနွယ်IကသာI
16’12’2021
4’38PM

ပဌာန်း တရား
လောကကြီးမှာ တိုက်ဆိုင်မှုဆိုတာ တကယ်ပဲ ရှိပါသလား? အရာရာတိုင်းဟာ မျက်စိနဲ့မမြင်ရတဲ့ ကွန်ရက်ကြီးတစ်ခုလို ချိတ်ဆက်နေတယ်ဆိုတဲ့ ခေတ်သစ် ကွမ်တမ်ရူပဗေဒ (Quantum Physics) ရဲ့ တွေ့ရှိချက်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်ကတည်းက မြတ်စွာဘုရားရှင်က “ပဋ္ဌာန်းတရားတော်” အနေနဲ့ ဟောကြားခဲ့ပြီး ဖြစ်ပါတယ်။
ဒီဗီဒီယိုမှာတော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝ၊ အောင်မြင်မှု၊ ကျရှုံးမှုနဲ့ ကျန်းမာရေးတွေအပေါ်မှာ ပဋ္ဌာန်းတရားတော်ကြီးက သိပ္ပံနည်းကျ ဘယ်လို သက်ရောက်နေသလဲ ဆိုတာကို အသေးစိတ် ရှင်းလင်းတင်ဆက်ပေးထားပါတယ်။
အာရုံကြောသိပ္ပံ (Neuroscience) အရ ပဋ္ဌာန်းရွတ်ဖတ်ခြင်းကနေ ထွက်ပေါ်လာတဲ့ အသံလှိုင်းတွေဟာ ဦးနှောက်လှိုင်း (Alpha & Theta Waves) တွေကို ဘယ်လိုတည်ငြိမ်စေသလဲ? ဒိုပါမင်း (Dopamine) နဲ့ ကော်တီဆော (Cortisol) ဟော်မုန်းတွေက ပဋ္ဌာန်းလာ ဟေတုပစ္စယောနဲ့ ဘယ်လို တိုက်ဆိုင်နေသလဲ?
ထို့အပြင် စူဠပန်မထေရ်၊ လောသကတိဿမထေရ် နဲ့ ဖားနတ်သားတို့ရဲ့ ဇာတ်တော်တွေကနေတစ်ဆင့် ကမ္မပစ္စယောနဲ့ ဈာနပစ္စယောတို့ရဲ့ အလုပ်လုပ်ပုံ ယန္တရားကြီးကို လက်တွေ့ဘဝမှာ အသုံးချနိုင်ဖို့ တင်ဆက်ပေးထားပါတယ်။
တရားထိုင်ခြင်း (အာနာပါန) နဲ့ ပဋ္ဌာန်းရွတ်ခြင်းကို ပေါင်းစပ်ပြီး ဘဝရဲ့ အခက်အခဲတွေကို အကောင်းဆုံး ကျော်ဖြတ်ချင်တယ်ဆိုရင် ဒီဗီဒီယိုကို အဆုံးထိ ကြည့်ရှုဖို့ တိုက်တွန်းအပ်ပါတယ်။
−−−−Dhamma Lublin −−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−ဓမ္မလုလင် web page
ဤချန်နယ်အား မန်ဘာဖြင့် ကူညီပံ့ပိုးလိုသူများအတွက်ဝင်ရောက်ရန်လင့်ခ် −
