အလင်္ကာကျော်စွာစောင်းဦးဘသန်းအတ္ထုပ္ပတ္တိ
(က) ဂီတဗီဇ
ကျွန်တော့်ကို သက္ကရာဇ် ၁၂၇၅ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်နေ့တွင် ပဲခူးတိုင်း၊အုတ်ဖိုမြို့တွင် ဖခင်ဦးငယ်၊မိခင်ဒေါ်ဖွားမှီတို့မှ မွေးဖွားခဲ့ပါသည်။
ကျွန်တော့်အဖေသည် မင်းလှမြို့၊နယ်ပိုင်ရုံးတွင် စာရေးကြီးအဖြစ်အမှုထမ်းလျှက် အုတ်ဖိုမြို့မှမီးရထားဖြင့် ရုံးတက်ရသည်။ ကျွန်တော်သည် ဒုတိယသားဖြစ်သည်။ အဖေသည် ဂီတပညာကို ဝါသနာကြီး၏။ တန်ဘိုးလည်းထားတတ်၏။ ပတ္တလားကိုမူ အနည်းငယ်မျှသာတတ်သူ ဖြစ်ပါသည်။ ကျွန်တော့်အကိုကြီး ကိုအေးကို
ဆိုင်းဆရာကြီး ဦးဖိုးကြံထံ ပတ္တလားသင်ရန်အပ်နှံထားပါသည်။ ဆရာကြီး ဦးဖိုးကြံသည် အရပ်အမောင်းသွယ်သွယ်မြင့်မြင့်ဖြစ်၏။အပြောအဆိုအနေအထိုင်ယဉ်ကျေးသိမ်မွေ့၍ သဘောကောင်းသူဖြစ်ပါသည်။ ရင်ဖုံးအင်္ကျီကိုအမြဲဝတ်လေ့ရှိသည်။ ပုဆိုးကိုမူ ခါးပုံစကလေးဖော်ကာ ဝတ်တတ်လေသည်။ ဆရာကြီးသည် အုတ်ဖိုမြို့အရှေ့ပိုင်းထိပ်ဖျားတွင် နေထိုင်သည်။ တခါတရံဆရာကြီးနှင့်အတူ ဦးဖိုးဝဲ (အဖေ့သူငယ်ချင်း) သည် အိမ်သို့ပါလာတတ်သည်။ ဦးဖိုးဝဲသည် အပျော်တမ်း တူရိယာဝိုင်းတွင် ပတ္တလားလိုက်၍တီးတတ်ပြီး ဂီတကိုလွန်ဝါသနာကြီးသူဖြစ်ပါသည်။ အကိုကြီးကိုအေးသည် ဆရာကြီးထံတွင် ပတ္တလားသင်ယူနေချိန် အဖေ၏ ရိုက်နှက်ခြင်းကို မကြာခနခံရသဖြင့် ကျွန်တော့်မှာ အက်ိုကြီးကို သနားမိနေမိပါ၏။
ကျွန်တော်သည် အဖေ့ကိုကြောက်၍ချစ်၏။
တနေ့ အဖေမရှိခိုက် ထံတျာတေရှင် ကြိုးသီချင်းကို ပတ္တလားဖြင့်တီးကြည့်လိုက်မိသည်။
လက်တွေ့လှ၏။ ဆက်ကာဆက်ကာတီးကြည့်နေမိသည်။ မည်မျှကြာသွားလေသည်မသိ။ လက်ခတ်နှစ်ခုကို ပတ္တလားအိမ်ထဲသို့ ပြန်ထည့်သိမ်းလိုက်ပြီး
နေရာမှအထလိုက်တွင် အိမ်နီးပတ်ဝန်းကျင်မှ
လူအချို့နှင့်အမေ့ကိုတွေ့လိုက်ရလေသည်။
“မောင့်အဖေ ရုံးကပြန်ရောက်ရင် ခုနလိုတီးပြလိုက်နော် သားလေး။ သူသိပ်အံ့သြပြီး ဝမ်းသာသွားမှာပဲ” ဟု အမေက ကျွန်တော့်က်ိုပြုံး၍ ပြော၏။
“မတီးပြဘူး အမေ။အဖေရိုက်မှာ ကြောက်တယ်”။
အမေက ကျွန်တော့်ကိုမည်သို့မှ ဆက်မပြောတော့။ ပြောစရာလည်းလိုမည်မထင်ပါ။ တအိမ်လုံးနှင့်အိမ်နီးနားချင်းတို့က အကိုအေးပတ္တလားတီးမှားလျှင် အဖေရိုက်တတ်သည်ကိုနေ့စဉ်တွေ့မြင်နေကြဖြစ်သည်။ထို့ကြောင့်ကျွန်တော့်ကို ဆက်လက်တိုက်တွန်းခြင်းမပြုကြ။
ဘယ်တော့မှဂီတကိုမသင်ဘူး။ အရိုက်လည်းမခံနိုင်ဘူး ဟု ကျွန်တော်ယတိပြတ်ဆုံးဖြတ်ချက်ချထားခဲ့ပါသည်။
သို့သော် ထိုဆုံးဖြတ်ချက်နှင့်မာန်သည် ကြာမြင့်စွာ စောင့်စည်းထိန်းသိမ်းထားနိုင်စွမ်းမရှိခဲ့။
“ဟေ့ ဘသန်း၊ မင်းကြိုက်တဲ့ ခေါက်ဆွဲကြော်ငါဝယ်ကျွေးမယ်။ အဖေ့ကို ထံတျာတေရှင်သီချင်းတီးပြစမ်း။ အဲ ငါခိုင်းတာမင်းမလုပ်ယင်တော့ ခေါက်ဆွဲအစား ကြိမ်လုံးစားရမယ်ဆိုတာတော့ မင်းသိထား ဟေ့”။
အဖေ့အသံကြားလိုက်ရသည်နှင့် ကျွန်တော့်နားမှာ
စိမ့်သွားပြီး၊ကျောလည်းအလိုလိုချမ်းသွား၏။
အဖေ့မျက်လုံးတွေကအမြဲ စူးရှတောက်ပြောင်နေသည်။ နှုတ်ခမ်းကိုလည်းတင်းတင်းစေ့ထားတတ်သည်။ နှုတ်ခမ်းပေါ်ရှိ ကွေးညွတ်နေသော နှုတ်ခမ်းမွှေးကြီးက ကျွန်တော့်အဖို့ ကျောစိမ့်စရာဖြစ်စေပါသည်။ အဖေသည် တင်းသည်၊ပြတ်သည်။ လုပ်စရာရှိလျင်ဘာကိုမှနောက်တွန့်တတ်သူမဟုတ်။ တကယ်ပြော တကယ်လုပ်သူ။ တနည်းဆိုပါက တစွတ်ထိုးတဇောက်ကန်းလုပ်တတ်သူဖြစ်ပါ၏။ အဖေ့ကိုတအိမ်လုံးကကြောက်ရသည်။အဖေလုပ်သည့်အလုပ်ဆိုလျှင် အမေကလဲမပြောရဲ။ ပြောလျှင်လည်း ပိုလုပ်တတ်သည်။
အဖေမျက်လုံးတခါစွေကြည့်လျှင် အားလုံးပြာဖြစ်သွားမည့်အလား ကြောက်ကြရသည်။
အဖေတောက်တချက်ခေါက်လျှင် မိုးကြိုးအပစ်ခံရသည့်နှယ် တုန်လှုပ်သွားကြရသည်။
“ခေါက်ဆွဲစားပြီးမှတီးပြမယ်။ခေါက်ဆွဲကိုအရင် ဝယ်ကျွေးပါ အဖေ” ။
အဖေကရယ်နေသည်။ သူ့နှုတ်ခမ်းမွှေးကြီးကို သပ်၍ ခေါင်းတညိတ်ညိတ်လုပ်နေပြီး အမေ့ကိုလှမ်းကြည့်လိုက်သည်။
“မဖွားမှီ မင်းသားကိုအလကားကောင်မထင်နဲ့။ တနေ့ဂီတအာဇာနည်ဖြစ်မယ့်ကောင်ကွ။ကြည့်ထား” ဟု ဆိုလေသည်။ ခေါက်ဆွဲစားပြီးသည်နှင့်ကျွန်တော့်ကတိအတိုင်း ဝန်ကြီးပဒေသရာဇာ၏ ပုဇဉ်းတောင်သံကြိုးသီချင်းဖြစ်သော ထံတျာတေရှင် ကို
အစမှအဆုံး တျော၊တေ၊တျာ အထိ ဌာန်ကရိုဏ်းကျကျ စည်းမိဝါးမိ တီးပြလိုက်သည်။ သီချင်းဆုံးသည်နှင့် အဖေ ဝုန်းကနဲထပြေးလာ၏။
ကျွန်တော်ကို သူ့ရင်ခွင်ထဲသို့ အားပါးတရ ဆွဲသွင်းပွေ့ပိုက်လိုက်၏။ သူ့နှုတ်ခမ်းမွှေးကြီးနှင့် ကျွန်တော့်ပါးကို ပွတ်သပ်၍ပီတိဖြစ်နေပါတော့သည်။
ကျွန်တော်အရည်အသွေးမျိုးစေ့ပဋိသန္ဓေစိတ်ကိုအဖေရိပ်မိလိုက်ပေပြီ။ သည့်အတွက် ကျွန်တော် ၀မ်းမသာပါ။ စိတ်ညစ်၍ပင်နေပါတော့သည်။
ထိုနေ့မှစ၍ အဖေက အကိုကိုအေးကို ပတ္တလားတီးဆက်မသင်စေတော့ဘဲ ကျွန်တော့ကိုသာ ဆရာဦးဖိုးကြံထံအပ်နှံ၍ ပတ္တလားတီးသင်ယူစေပါတော့သည်။
ကျွန်တော်သည် ယခင်ကလိုဆော့ဖို့အချိန်မရှိတော့ပါ။ ပိုက်ဆံကိုင်၍ဖောဖောသီသီ မုန့်မဝယ်စားနိုင်တော့ပါ။ ကျွန်တော့်သူငယ်ချင်း ကစားဖော်များဖြစ်ကြသော မောင်စော(ဂဠုန်စော)တို့ညီအစ်ကို၊
ထွန်းရှင်၊မောင်စန်းတို့သည်လည်း ပျင်းနေရှာကြပေရော့မည်။
(ဆက်လက်ဖော်ပြပါမည်)
စောင်း #မြန်မာ့စောင်း #မြန်မာ့ယဉ်ကျေးမှု #မြန်မာ့ဂီတ #စောင်းသင်တန်း #စောင်းအွန်လိုင်းသင်တန်း #handmade #Myanmarculture #Myanmar #MyanmarHarp #MyanmarHarpမြန်မာစောင်းရောင်းဝယ်ရေးလုပ်ငန်း
onlineclass #tangibleculture #intangibleculture #ရန်ကုန် #Yangon #cuturalheritage #Myanmarculture #MyanmarMusic #MyanmarTraditionalInstrument #မဟာဂီတ #MyanmarTradional #မြန်မာ့ရိုးရာ #culture #harp #tradition #စည်းနဲ့ဝါး #စောင်းဦးဘသန်း

စောင်းဦးဘသန်း
ဖွား၂၀ နိုဝင်ဘာ ၁၉၀၈
မြန်မာသက္ကရာဇ် ၁၂၇၀နှစ်၊ တန်ဆောင်မုန်း လဆုတ် ၁၃ရက်၊ သောကြာနေ့
အုတ်ဖိုမြို့နယ်၊ သာယာဝတီခရိုင်၊ ဗြိတိသျှဘားမားကွယ်လွန်၆ ဇွန် ၁၉၈၇
မြန်မာသက္ကရာဇ် ၁၃၄၉နှစ်၊ နယုန် လဆန်း ၁၀ရက်၊ စနေနေ့အလုပ်အကိုင်ဂီတပညာရှင်၊ တေးရေးဆရာမိဘ(များ)ဦးငယ် + ဒေါ်ဖွားမှီရရှိသည့်ဆုများအလင်္ကာကျော်စွာဘွဲ့
စောင်းဦးဘသန်း (၂၀ နိုဝင်ဘာ ၁၉၀၈ – ၆ ဇွန် ၁၉၈၇) သည် အလင်္ကာကျော်စွာဘွဲ့ရ မြန်မာဂီတပညာရှင်တစ်ဦး ဖြစ်သည်။
စောင်းဦးဘသန်းအား ၂၀ နိုဝင်ဘာ ၁၉၀၈ (၁၂၇၀ ပြည့်နှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၁၃)ရက်) သာယာ၀တီခရိုင်၊ အုတ်ဖိုမြို့နယ် မိုးညိုတန်းတွင် အဘ မင်းလှမြို့နယ်ပိုင် ရုံးစာရေးဦးငယ်၊ အမိ ဒေါ်ဖွားမှီတို့မှ မွေးဖွားခဲ့သည်။ မွေးချင်း(၅)ယောက်အနက် ဒုတိယ မြောက်သားဖြစ်သည်။ ဖခင်က ဂီတဝါသနာ ပါသည့် အလျောက် အုတ်ဖိုမြို့မှဆိုင်းဆရာ ဦးဖိုးချစ်၊ ဦးဖိုးကြံတို့ထံတွင် ပတ္တလား မှ စ၍ ဆိုင်းဝိုင်းပညာသင်ယူခဲ့ရသည်။ လက်ထောက်ပတ်တီးဘဝ ငယ်ရွယ်စဉ်ကပင် ပေါင်းတည်မြို့မှ ဆရာရှင်း ထံမှ စောင်းပညာ ကို ဖခင်ဖြစ်သူ၏ အစီအမံဖြင့် သင်ယူခဲ့ရသည်။ဦးဘသန်း၏ဂီတ ဆရာများမှာ ဆရာရှင်း၊စာသင်ဦးဘအုန်း၊ စောင်းဦး အောင်လှ၊ ဆရာဦးကြည်တို့ဖြစ်သည်။ အဆိုပညာ ကို ကြည့်မြင်တိုင် ဆရာဦးဖိုးလှကြီးနှင့် ဆရာမြစ်ကြီးတို့ထံမှ လည်းကောင်း၊ သင်္ကေတရေးနည်းကို စန္ဒရား ဆရာဒီဇူဇာ နှင့် ကရင်မ ဆရာမကြီး မစ္စက်စိန်ဌေးတို့ထံမှ လည်းကောင်း သင်ယူခဲ့လေသည်။ ဦးဘသန်းသည် ဂီတ၊ အငြိမ့်နှင့် ဇတ်သဘင်လောကများတွင် ကျင်လည်ခဲ့ရာမှ စစ်ကြိုခေတ်ပန်းချီနှင့် တူရိယာ ကျောင်း တွင် တူရိယာ သင်တန်းနည်းပြ ဆရာ အဖြစ်ခန့်အပ်ခြင်းခံရသည်။ လွတ်လပ်ရေးရပြီးနောက် ကိုယ်ပိုင်တူရိယာ ကျောင်း၊ ကိုယ်ပိုင်စန္ဒရား၊ အငြိမ့်များတည်ထောင်ခဲ့ပြီးဆရာအတတ်သင်သိပ္ပံ ဂီတကထိက၊ ၎င်းမှ ယဉ်ကျေးမှူဌာန အထက်တန်းအရာရှိ အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပေသည်။ ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် တာဝန်ပေးချက်အရ ရွှေပြည်ဦးဘတင်၊ ဆရာဘကလေး၊ ဦးချစ်မောင်၊ဦးဟန်ပ၊ ဒေါ်စောမြဧကြည်၊ ဒေါ်ဒေလီညွန့်၊ ဦးဝန်(မင်းသုဝဏ်)၊ ဦးသိန်းဟန်(ဇော်ဂျီ)၊ ဒေါ်တင်အုန်း၊ မန္တလေးဦးကျော်၊ သံလျင်ဦးမြဦးတို့နှင့် အတူ မဟာဂီတသင်ရိုး သီချင်းကြီးများ ကို ပန်တျာ မူမှန် ပြုစုခဲ့သည်။ အခြေခံကြိုးသီချင်း (၁၃)ပုဒ်ကို ထုတ်ဝေခဲ့သည်။ အနုပညာ ဖလှယ်ရေးအစီအစဉ်အရ ၁၉၅၂ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လည်းကောင်း၊ ၁၉၅၄ ခုနှစ်တွင် ထိုင်းနိုင်ငံသို့လည်းကောင်း၊ ၁၉၅၅-ခုနှစ်တွင် ဒုတိယအကြိမ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့လည်းကောင်း ၁၉၅၆ ခုနှစ်တွင် အိန္ဒိယ၊ ဆိုဗီယက်၊ ယူဂိုဆလပ်၊ ဂျာမဏီ၊ ချက်ကိုဆလိုဗက်ကီးယားနှင့် ပိုလန်နိုင်ငံများသို့ သွားရောက်ခဲ့သည်။ ၁၉၈၇ ခုနှစ် ဇွန်လ (၆) ရက်နေ့၊ အသက်(၈၀) အရွယ်တွင် ကွယ်လွန်သည်။ (ခေတ်ပေါ်ရော့ခ်အဆိုတော် လေးဖြူ နှင့် အငဲ[၁] တို့၏ အဘိုးတော်စပ်သည်ဟု အင်တာဗျူးတစ်ခုတွင် လေးဖြူက ပြောကြားခဲ့သည်။) [၂]
ကိုးကား
- လေးဖြူ၏ BOB အင်တာဗျူး
- မြန်မာတူရိယာ ဂီတပညာ ကျော်များ (ပန်တျာ မြင့်အောင်)စာပေဗိမာန်စာအုပ်တိုက် ၁၆-၇-၆၂
- ဤစာမျက်နှာကို ၁၉ မတ် ၂၀၂၃၊ ၀၈:၃၀ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။






