ဓမ္မတေးများ 43 videos

https://youtube.com/playlist?list=PLMRtyCYQAWGYQQCdaAZNoa5qt3RLLxaVc&si=fm4GTMUdEPpdRzue



မာတိကာ
ဝှက်ရန်
- အစပိုင်း
- ပညာရေး၊ ဆရာများနှင့် အနုပညာခရီး
- မြန်မာပြည်ရဲ့ ဂီတဘုရင်မနှင့် ပရိသတ်အလွှာစုံ
- နိုင်ငံရေးနှင့် လူမှုရေးလှုပ်ရှားမှုများ
- နိုင်ငံရပ်ခြားရောက်ဘဝနှင့် ကွယ်လွန်ခြင်း
- ကိုယ်ပိုင်လုပ်ငန်းများ
- အသင်းအဖွဲ့တာဝန်များ
- ဘဝနိဂုံး
- ထုတ်လွှင့်ထွက်ရှိခဲ့သော ရေဒီယိုတေး၊ ဓာတ်ပြား၊ တေးစု နှင့် ရုပ်ရှင်တေးများ
- ကိုးကား
မြန်မာဂီတဘုရင်မကြီး ဒေါ်မာမာအေး၏ အထွေထွေ ကိုယ်ရေးအချက်အလက်များခေါင်းစဉ်အသေးစိတ်အချက်အလက်များအမည်ရင်းမအေးမြင့် (နောက်ပိုင်းတွင် ဖခင်နာမည်စပ်၍ “မာမာအေး” ဖြစ်လာ)ဘွဲ့နာမည်/ဂုဏ်ပြုချက်”အသံကဝေမကြီး”၊ မြန်မာပြည်၏ ဂီတဘုရင်မမွေးဖွားရက်မြန်မာသက္ကရာဇ် ၁၃၀၄ ခုနှစ်၊ ဒုတိယဝါဆိုလ (ခရစ်နှစ် ၁၉၄၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်)မွေးဖွားရာနေရာမြောင်းမြမြို့၊ ရှမ်းကုန်းပိုင်း (ဒုတိယကမ္ဘာစစ်ကာလ)ကွယ်လွန်ရက်၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက် (အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ဇန်နဝါရီ ၈ ရက်)မိဘအမည်များဖခင် – နှဲဆရာ ဦးအေး၊ မိခင် – ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း)အနုပညာသက်တမ်း၁၉၅၀ အစောပိုင်းမှ ၁၉၉၈ ခုနှစ်အထိ (နှင့် နိုင်ငံရပ်ခြားရောက်ဘဝအထိ)ထင်ရှားသော ကလောင်နာမည်လေးမာ (ကဗျာစာညွန့်နှင့် သီချင်းများရေးသားစဉ်က)
မာမာအေး (၂၆ ဇူလိုင် ၁၉၄၂ – ၉ ဇန်နဝါရီ ၂၀၂၄) သည် မြန်မာအမျိုးသမီး အဆိုတော် တစ်ဦး ဖြစ်သည်။ အသံကဝေမကြီးဟု တင်စားကြသော အဆိုတော်ကြီး ဒေါ်မာမာအေးကို “မေ့ကွက်ကိုရှာ” သီချင်းအပါအဝင် ဒါဇင်နဲ့ချီတဲ့ သီချင်းကောင်းတွေနဲ့ လူသိများလှပါတယ်။ ၁၉၅၀ အစောပိုင်း ကနေ ၁၉၉၈ ထိ မြန်မာပြည် တေးလောကမှာ ကျင်လည်ခဲ့တဲ့ ဒေါ်မာမာအေးမှာ နာမည်ကြီး သီချင်းတွေက ဒါဇင်နဲ့ချီ များလှပါတယ်။ ပထမဆုံး နာမည်ကျော်ခဲ့တဲ့ “သက်တန့်ပေါ်မှာ ကစားမယ်” ကစပြီး “တရေးချစ်ခွင့်မြင်ရနိုး”၊ “မောင့်အချစ်မျှား”၊ “ချစ်သူ့နယ်မြေ”၊ “တနေ့တော့ မောင်ပြန်လာမည်”၊ “ရောင်နောက်ဆံထုံးပါ” စတဲ့ ခေတ်သစ်ဂန္ထဝင်တေးတွေကို ဒေါ်မာမာအေး ဟစ်ကြွေးခဲ့ပါတယ်။[၁]
စိန်စိန်၊ တင်တင်မြ၊ ထား စတဲ့ သူနဲ့ ခေတ်ပြိုင် အမျိုးသမီးတေးသံရှင်တွေကြား မာမာအေးဆိုပြီး တင်ကျန်ရစ်ခဲ့တဲ့ အဆိုတော်ကြီးဟာ ၁၉၄၂၊ ဒုတိယကမ္ဘာစစ်ရဲ့ ဗုံးသံ၊ စက်သေနတ်သံတွေကြား မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ မိဘနှစ်ပါးလုံးက ဇာတ်သဘင်လောကသားတွေ ဖြစ်ကြလို့ (ဖခင် နှဲဆရာ ဦးအေး၊ မိခင် ဒေါ်သန်းနှစ် / အဆိုတော် မြောင်းမြသန်း) မာမာအေး မဖြစ်သေးတဲ့ မအေးမြင့် ဆိုင်းသံဗုံသံတွေကြားမှာ လူဖြစ်ခဲ့ပါတယ်။ မြန်မာ သက္ကရာဇ် ၁၃ဝ၄ ခုနှစ် ဒုတိယ ဝါဆိုလတွင် မြောင်းမြမြို့ ရှမ်းကုန်းပိုင်း၌ ဖွားမြင်ခဲ့သည်။
သုံးနှစ်သမီးကတည်းက ခေတ်သစ်ရာဇဝင်ပြဇာတ်အဖွဲ့မှာ သူသီချင်းဆို ပြဇာတ်ကခဲ့ပါတယ်။ ရှစ်နှစ်သမီးမှာ ရေဒီယိုအသံလွှင့်အဆိုတော် ဖြစ်လာပြီး သန်းသန်းမြင့်၊ မြင့်မြင့်အေးနာမည်တွေကို သုံးခဲ့ပါတယ်။ ၁၃ နှစ်သမီးမှာတော့ သက်တန့်ပေါ်မှာ ကစားမယ် သီချင်းနဲ့ နိုင်ငံသိ အဆိုကျော် မာမာအေး ဖြစ်လာခဲ့ပါတယ်။ မာသီချင်း ခေတ်စားချိန်မှာ ဖခင်နာမည်ကို နောက်ကထည့်ပြီး မာမာအေး ဖြစ်လာခဲ့တာပါ။
သန်းသန်းမြင့် အမည်ဖြင့် “စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့”၊ မြင့်မြင့်အေးအမည် ဖြင့် “ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့”၊ “မြင့်သီရိ အပျော်ထမ်း တူရိယာ အဖွဲ့”၊ “ချိုတေးရှင် တူရိယာ အဖွဲ့”၊ မာမာအေး အမည်ဖြင့် “ရဲသီဟ အပျော်တမ်း တူရိယာ အဖွဲ့”၊ “စစ်ရဲ ဂီတ တူရိယာ အဖွဲ့”၊ “ကေသီပန် တူရိယာ အဖွဲ့”၊ “ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့”၊ “စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့”၊ “မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့” တို့တွင် ပါဝင် ဖျော်ဖြေ ခဲ့ပါတယ်။
၁၉၅၆၊ ၅၇၊ ၅၈ ခုနှစ်များတွင် ကျောင်းပေါင်းစုံ ကဗျာရွတ် ပြိုင်ပွဲ၌ အလယ်တန်း ပထမဆု ၃ နှစ် ဆက်တိုက် ရရှိ၍ တံခွန်စိုက်ဆု အပ်နှင်းခြင်း ခံရသည်။ ထိုကာလများအတွင်း “လေးမာ” ကလောင်အမည်ဖြင့် ကဗျာစာညွန့်၊ သီချင်းများလည်း ရေးခဲ့သည်။
ပညာရေး၊ ဆရာများနှင့် အနုပညာခရီး
လူမမယ်ဘဝထဲက ဇာတ်သဘင်ဂီတနယ်မှာ ကြီးပြင်းခဲ့လို့ မာမာအေးရဲ့ ပညာရေးဟာ မဖြောင့်ဖြူးခဲ့ပါဘူး။ နိုင်ငံကျော်အဆိုတော်ဖြစ်ပေမယ့် အလယ်တန်းလောက်နဲ့ပဲ ပညာရေး စခန်းရပ်ခဲ့ရပါတယ်။ ဂီတပညာကိုတော့ ငယ်စဉ်ကတည်းက ရွှေတိုင်အေး၊ စောင်းဦးဘသန်း စတဲ့ ဆရာတွေဆီမှာ သင်ယူခဲ့ပြီး ပြဇာတ်ရုပ်ရှင်မင်းသမီးကြီး အကယ်ဒမီ ကြည်ကြည်ဌေးကိုတော့ သူ့ရဲ့ ကြားဆရာအဖြစ် မာမာအေးက သတ်မှတ်အတုယူခဲ့ပါတယ်။ မဟာဂီတသီချင်းကြီးတွေကိုလည်း ဒေါ်စောမြအေးကြည်၊ ဒေါ်အောင်ကြည်၊ ဒေါ်ဒေလီညွန့်စတဲ့ ပညာရှင်ကြီးတွေဆီမှာ အပတ်တကုတ်သင်ယူခဲ့ပါတယ်။
အစောပိုင်းမှာ စစ်ရဲဂီတအဖွဲ့နဲ့ သီဆိုခဲ့ပေမယ့် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွေမှာ ပါဝင်လာတဲ့ မာမာအေးကို စစ်တပ်ဘက်က ကန့်ကွက်ခဲ့ပါတယ်။ မာမာအေးကလည်း စန္ဒရားချစ်ဆွေ၊ မြတ်လေး စတဲ့ သူနဲ့ခင်တဲ့ ဂီတပညာရှင်တွေနဲ့အတူ ငြိမ်းချမ်းရေးနဲ့ ကျောင်းသားသီချင်းတွေကို သီဆိုပေးခဲ့ပါတယ်။
၁၄ နှစ်သမီးအရွယ် ၁၉၅၆ မှာပဲ ပဒေသာကုမ္ပဏီနဲ့ သူ ဓာတ်ပြားစသွင်းခဲ့ပါတယ်။ တချပ်ကို ၁၂ ကျပ်နဲ့ ရောင်းတဲ့ ဓာတ်ပြားတပြားသွင်းခ ငွေငါးဆယ်ပဲ ရလို့ စျေးအနှိမ်ခံခဲ့ရပါတယ်။ ဒီကုမ္ပဏီမှာ အချပ် ၇ဝ ကျော် သွင်းပြီးမှ ၁၉၆၃ မှာ တိုးနိုင်ကုမ္ပဏီနဲ့ ချိတ်မိပြီး တချပ်ငါးရာ၊ ဘောနပ်စ် နှစ်သောင်း သီးသန့်ရခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ကို တချပ်ငါးထောင်ထိ ပေးပြီး ဓာတ်ပြားသွင်းကြပါတယ်။
၁၉၆၁ ကနေ ၁၉၇၇ ထိ မြန်မာ့အသံမှာ စိတ်ဓာတ်စစ်ဆင်ရေးနှင့် လူမှုဆက်ဆံရေးတပ်ရဲ့ အရပ်သားအရာခံဗိုလ်ဘဝ၊ အရပ်သားဘဝတွေနဲ့ လက်ထောက်ထုတ်လွှင့်ရေးမှူးလုပ်ခဲ့သလို ဂီတကောင်စီမှာလည်း အမှုဆောင်နဲ့ ဂီတပဒေသာ မဂ္ဂဇင်းကော်မတီဝင် ဖြစ်ခဲ့ပါတယ်။ ၁၉၇၁ မှာတော့ သူကိုယ်တိုင် တေးသံရှင် ဓာတ်ပြားတိုက်ကို တည်ထောင်ခဲ့ပါတယ်။ ၁၉၇၆ မှာ အဆိုလေ့ကျင့်ရေးကျောင်း၊ ၁၉၇၇ မှာ မာမာအေး တေးဂီတလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။
ဂီတအပြင် ရုပ်ရှင်ဘက်ကိုလည်း သူထိတွေ့ခဲ့ပြီး ၁၉၇၂ က “မြခြူသံ” ဇာတ်ကားမှာ မြတ်လေး၊ တွံတေးသိန်းတန်၊ ကြည်ကြည်ဌေး တို့နဲ့အတူ သရုပ်ဆောင်ကာ နာမည်ကြီးခဲ့ပါတယ်။ ရှစ်ပတ်ရုံတင်တာနဲ့ ငွေတသိန်းခွဲဝင်တဲ့ ဇာတ်ကား ဖြစ်ပါတယ်။
မြန်မာပြည်ရဲ့ ဂီတဘုရင်မနှင့် ပရိသတ်အလွှာစုံ
၁၉၆ဝ ကျော်ကနေ ၁၉၇ဝ ပြည့်နှစ်လယ်ပိုင်းတွေထိ မြန်မာပြည်မှာ တောရောမြို့ပါ နာမည်ကြီးခဲ့တဲ့ ကျား မ အဆိုတော်နှစ်ဦး ရှိခဲ့ရာမှာ တစ်ဦးက တွံတေးသိန်းတန် ဖြစ်ပြီး နောက်တစ်ဦးကတော့ မာမာအေး ဖြစ်ပါတယ်။ သူတို့နှစ်ဦး သီဆိုခဲ့တဲ့တေးတွေကလည်း တစ်ယောက်ကို ထောင်ချီ ရှိခဲ့ပါတယ်။ ဝင်းဦး၊ တင်တင်မြ၊ မောင်မောင်ကြီး စတဲ့ သူနဲ့ ခေတ်ပြိုင် နာမည်ကြီးတွေ ရှိကြပေမယ့် သူတို့နှစ်ယောက်လိုတော့ လူထုကြားက အလွှာစုံ နေရာစုံက အားပေးအခံရဆုံး အဆိုတော်ကတော့ မရှိခဲ့ပါဘူး။ မာမာအေးဆိုခဲ့တဲ့ သီချင်းတွေ များလွန်းလို့ ဘယ်လောက်ရှိမှန်း သူကိုယ်တိုင်မသိပေမယ့် ၁၉၅၅ ကနေ ၁၉၇၅ ကြား တနှစ်ကို ရုပ်ရှင်ဇာတ်ကားငါးဆယ်အတွက် သုံးပုဒ်စီနှုန်းနဲ့ ရုပ်ရှင်တေးအပုဒ် သုံးထောင်လောက် သီဆိုဖူးတယ်လို့ သူကိုယ်တိုင်တွက်ပြခဲ့ဖူးပါတယ်။
စာရေးဆရာမ ဂျူးက မီဒီယာနှင့် ဂျင်ဒါ ဆောင်းပါးမှာ ဒုတိယကမ္ဘာစစ်ပြီးခေတ် မြန်မာတေးလောကမှာ မေလှမြိုင်၊ တင်တင်မြ၊ မာမာအေး၊ ချိုပြုံး ကနေ ရီရီသန့်အထိ အမျိုးသားပရိသတ်က လေးလေးစားစား နှစ်သက်ကြတဲ့ အဆိုတော်တွေဖြစ်ကြောင်း ရေးသားခဲ့ပါတယ်။ အမျိုးသမီးအဆိုတော်တွေရဲ့ ရင်ထဲကလာတဲ့အသံဟာ အမျိုးသမီးပရိသတ်တွေအတွက် ကိုယ်စားပြုဖွင့်ဟ ပေးသလို ရှိတယ်လို့လည်း ဂျူးက ဆိုပါတယ်။ ဗိုလ်ချုပ်ကြီးနေဝင်းကတော် ဒေါ်ခင်မေသန်းကနေ ကျေးလက်က လယ်သူမကြီးထိ ပရိသတ်အဖြစ် ပါဝင်ခဲ့ပါတယ်။
မဟာဂီတကနေ ခေတ်ဟောင်း၊ ကာလပေါ်၊ ဘာသာရေး၊ အချစ်၊ ကျေးလက်အကြိုက်၊ ခေတ်ပေါ် စတီရီယိုတေးအထိ အမျိုးအစားစုံလင်စွာ သီဆိုခဲ့ပါတယ်။ ကိုသက်ဦးရေးတဲ့ “ယုံတမ်းစကား”၊ “ယုံရခက်ခက်”၊ “သီတာရေစင်”၊ “သည်လမ်းသည်စခန်း”၊ “နှင်းပျောက်တဲ့နွေ” စတဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အမျိုးသမီးခံစားချက်တေးတွေ၊ စန္ဒရားချစ်ဆွေ၊ စန္ဒရားလှထွတ်တို့ရေးတဲ့ “ချစ်အဓိပ္ပာယ်”၊ “ချစ်ပါရဲ့လား မေးစမ်းချင်”၊ “မချစ်လျှင်မလှ ချစ်လျှင်လှ၏” စတဲ့ တေးတွေ ကျော်ကြားခဲ့ပါတယ်။ “သာချို”၊ “ရွှေကျောင်းပျော်” စတဲ့ တေးတွေနဲ့ ကျေးလက်ပရိသတ်ကို အခိုင်အမာယူနိုင်ခဲ့တဲ့အပြင် “စိန်နားကပ်ကြီးပန်ရမလို”၊ “ပျို့မောင်ဖုန်း” စတဲ့ ဓာတ်ပြားတေးတွေကလည်း တောရောမြို့ပါ လူကြိုက်များခဲ့ပါတယ်။ “စဉ်းစားကာ နေရအုန်းမယ်” လို စတီရီယိုပုံစံတေးတွေထိ သီဆိုခဲ့ပါတယ်။
မကြည်အောင်၊ စိန်ပါတီနဲ့ မေရှင် စတဲ့ ခေတ်ဟောင်းအဆိုတော်ကြီးတွေရဲ့ “သာသနာ့ ဒါယကာ”၊ “ပဉ္စင်းအမ” စတဲ့ ဘာသာရေးပြန်ဆိုတေးတွေနဲ့လည်း ကျော်ကြားခဲ့ပါတယ်။
နိုင်ငံရေးနှင့် လူမှုရေးလှုပ်ရှားမှုများ
ဦးနု၊ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ ဗိုလ်ချုပ်ခင်ညွန့်ခေတ်ထိ နေရာရ အရေးပေးခံခဲ့ရတဲ့ နိုင်ငံတော် အဆိုတော်တစ်ယောက် ဖြစ်ပါတယ်။ စစ်ရဲတပ်အဆိုတော်ဘဝကတည်းက ရန်ကုန် နေပြည်တော် တိုင်းမှူး ဗိုလ်မှူးကြီး ကြည်မောင်အိမ်မှာ အနောက်တိုင်း ဂန္ထ၀င်တေးကြီးဘွဲ့ကြီး ဓာတ်ပြားတွေကို နားရည်ဝခဲ့ပါတယ်။ ၁၉၆၂ နောက်ပိုင်းမှာ လေတပ်ဦးစီးချုပ်နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးချုပ်သောင်းဒန် စပ်ဆိုတဲ့ “သံသာလေကမ်းတိုင်” သီချင်းကို သူသီဆိုခဲ့ပါတယ်။
ရန်ကုန်တော်လှန်ရေးပန်းခြံနေရာက ကပ္ပလီကွက်သစ်လို ရေရှား လျှပ်စစ်မီးမရှိတဲ့ ကျူးကျော်ရပ်ကွက်မှာ နေခဲ့ရသူဖြစ်လို့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးတွေကို လေ့လာပြီး လက်ဝဲစာပေတွေ ဖတ်ရှုခဲ့ရာက မြတ်လေး၊ စန္ဒရားချစ်ဆွေ စတဲ့ ငြိမ်းချမ်းရေးလိုလားသူတွေနဲ့ ရင်းနှီးခဲ့ပြီး တပ်က ငြိုငြင်သတိပေးခဲ့ပါတယ်။ မြန်မာ့အသံမှာ အလုပ်လုပ်စဉ်က အနုပညာမပါတဲ့ ဝါဒဖြန့်သီချင်းတွေ ဆိုခိုင်းတာကိုလည်း စိတ်ညစ်ခဲ့ရပါတယ်။
၁၉၈၈ ဆန္ဒပြပွဲတွေမှာ ပါဝင်ချင်လို့ ဒုတိယခင်ပွန်း လမ်းစဉ်ပါတီအမတ်ဟောင်း ဦးဇော်လင်းကို ခွင့်တောင်းရာ ခွင့်မပြုတဲ့အတွက် အိမ်ထောင်အပြိုကွဲခံပြီး ဆန္ဒပြရာမှာ ပူးပေါင်းခဲ့သလို “အောင်ပွဲဆက်ဆက်ခံဦးမည်”၊ “ခွပ်ဒေါင်းနဲ့အတူတိုက်” စတဲ့ ကျောင်းသားသီချင်းတွေကို သီဆိုကူညီခဲ့ပါတယ်။ ၁၉၈၉ မှာတော့ အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ်ကို စန္ဒရားလှထွတ်နဲ့အတူ ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း နဝတအစိုးရက ဖျက်ခိုင်းချိန်မှာ နုတ်ထွက်ခဲ့ပါတယ်။
နိုင်ငံရပ်ခြားရောက်ဘဝနှင့် ကွယ်လွန်ခြင်း
၁၉၉၈ က ဗြိတိန်မှာ ဘာမင်ဟမ် ဘုန်းကြီးကျောင်းပွဲအတွက် သီချင်းလာဆိုပေးရင်း မြန်မာပြည် မပြန်နိုင်ဖြစ်ခဲ့ပါတယ်။ အမေရိကန်ကို ရွှေ့ပြောင်းနေထိုင်ရင်း ဆေးပညာသင်တန်းတွေ တက်ခဲ့သလို မြန်မာလှုပ်ရှားတက်ကြွသူတွေအတွက် ကူညီခဲ့ပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာတော့ “အသည်းနာ ကမ္ဘာမကြေ” သီချင်းက လေလှိုင်းကနေ မြန်မာပြည်ထဲ ရိုက်ခတ်ခဲ့ပါတယ်။ ပြည်တွင်းမှာ ရုပ်သံနဲ့ စာနယ်ဇင်းတွေမှာ အမည်ဖော်ပြလို့မရတာတွေ ဖြစ်ခဲ့ပေမယ့် ဘီဘီစီမြန်မာပိုင်းအစီအစဉ်ကနေ “ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်” ကဏ္ဍကို နှစ်ချီထုတ်လွှင့်ကာ မြန်မာ ခေတ်ဟောင်းနဲ့ ခေတ်ပေါ်ဂီတမှတ်တမ်းကြီးလို ဖြစ်ခဲ့ပါတယ်။
၂၀၁၂ မြန်မာပြည်မှာ နိုင်ငံရေးတင်းမာမှုတွေ လျော့ကျပြီးနောက် ၂၀၁၃ မှာ မြန်မာပြည်ကို ပြန်လာပြီး ဖျော်ဖြေပွဲတွေ လုပ်ပေးခဲ့ပေမယ့် ၂၀၂၁ အာဏာသိမ်းမှုကြောင့် အိပ်မက်တွေ ပျက်ခဲ့ရပြီး အမေရိကန်မှာ ခေါင်းချခဲ့ရပါတယ်။ ဒေါက်တာလှဘူးအပါအဝင် ဂီတမြတ်နိုးသူတွေက မြန်မာဂီတမျိုးဆက်တွေကြား တံတားထိုးပေးခဲ့သူ၊ လူငယ်မျိုးဆက်သစ်တွေကို ထွေးပွေ့ကူညီခဲ့သူအဖြစ် ပြောစမှတ်ပြု ကျန်ရစ်ကြပါတယ်။
ကိုယ်ပိုင်လုပ်ငန်းများ
- ၁၉၇၁ ခုနှစ် – “တေးသံရှင်ဓာတ်ပြားထုတ်လုပ်ရေး” တည်ထောင်ခြင်း (သိုးကလေးမေမေ လုံးချင်းဝတ္ထု ရေးသားခဲ့)
- ၁၉၇၆ ခုနှစ် – “အေး အဆိုလေ့ကျင့်ရေးကျောင်း” တည်ထောင်ခြင်း
- ၁၉၇၇ ခုနှစ် – “မာမာအေး တေးဂီတလုပ်ငန်း” နှင့် စတူဒီယို – အေ အသံသွင်းခန်းလုပ်ငန်းများ လုပ်ကိုင်ခြင်း
အသင်းအဖွဲ့တာဝန်များ
- မြန်မာနိုင်ငံ၏ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင် နှင့် ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်
- ၁၉၈၉ ခုနှစ် – အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁)
- ၁၉၉၅ ခုနှစ် – ယဉ်ကျေးမှုဝန်ကြီးဌာန၏ မဟာဂီတ သီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုရေး ကော်မတီ အဖွဲ့ဝင် နှင့် စည်းဝါးသံကျ စိစစ်ရေးအဖွဲ့အတွင်းရေးမှူး
- ၁၉၉၅ နှင့် ၁၉၉၇ ဆိုကရေးတီး ပြိုင်ပွဲများတွင် အဆိုအဖွဲ့ (မဟာဂီတ) အတွင်းရေးမှူး
- လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်မှတဆင့် “ပြောပြစရာ တွေလည်း တပုံကြီး ရှိသေးတယ်” အသံလွှင့်ခြင်း
- မိုးမခ Radio and Multimedia ၏ အကြံပေး
ဘဝနိဂုံး
၂၀၂၄ခုနှစ် ဇန်နဝါရီလ ၈ရက် အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် ညနေ ၆နာရီ ၂၈မိနစ်၊ မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅နာရီ၅၈မိနစ် တွင် ကွယ်လွန်ခဲ့သည်။[၂]
ထုတ်လွှင့်ထွက်ရှိခဲ့သော ရေဒီယိုတေး၊ ဓာတ်ပြား၊ တေးစု နှင့် ရုပ်ရှင်တေးများ
- ကံ့ကော်တစ်ထောင်
- ကောက်စိုက်မ
- ကျွဲမ
- ခက်ခက်ကိုမှလိုချင်တယ်
- ချစ်စရာမချမ်းဘော (တိုးနယား ဓာတ်ပြား)
- ချစ်ပါရမီ (နန်းတော်ရှေ့ဆရာတင်)
- ချစ်အဓိပ္ပါယ် (ဝင်းစန္ဒာ ဓာတ်ပြား)
- ချမ်းမြေ့ပါစေ (ရုပ်ရှင်ဇာတ်ဝင်တေး)
- ငယ်ချစ်ဟောင်းနဲ့နှစ်ပေါင်းများစွာ
- စိန်နားကပ်ကြီးပန်ရမလို (ဓာတ်ပြား)
- ဇမ္ဗူရစ်ရွှေ
- တချစ်တည်းချစ် အပါအဝင် မြို့မငြိမ်း၏ သီချင်းများ
- တမာပန်းကလေးနဲ့ အညာမန်းမရွေး (ဝင်းဦး၊ တင်တင်မြ၊ ရီရီသန့်၊ တင်တင်လှ၊ ဥမ္မာ တို့နှင့် တွဲဖက်)
- တရေးချစ်ခွင့်မြင်ရနိုး (တိုးနယား ဓာတ်ပြား)
- တို့ပြည်ထောင်စုသား ( ရေဒီယိုတေး)
- နန်းမြို့တော်မှ နိဒါန်း သဝဏ်လွှာ (၁၉၈၇)
- နှင်းပျောက်တဲ့ နွေ (ဝင်းစန္ဒာ ဓာတ်ပြား) (ရုပ်ရှင်ဇာတ်ဝင်တေး)
- နှစ်ကံပြိုင်ဖစာ (၁၉၈၆)
- ပုပ္ပါးစံ
- ဗောဓိရွှေကျောင်း
- ဘယ်သူတွေရူးသလဲ အပါအဝင် မာမာအေးတကိုယ်တော် လက်ရွေးစင်တေးများ (ဂီတစာဆို စိန်မောင်မြင့် ကျော်ကြားခဲ့သည့်တေးများ၊ ဧည့်အဆိုရှင် ဟင်္သာတထွန်းရင်) မူပိုင် ရွှေစည်းစိမ်အနုပညာ
- မကျည်းတန် ရင်ဖွင့်လိုက်ပြီ
- မမဲညို
- မင်္ဂလာမောင်မယ် (တေးအတွဲ ၁၁) မူပိုင် မာမာအေး တေးဂီတလုပ်ငန်း
- မင်းကုသ ခေတ်ဟောင်း ပြန်ဆိုတေး (ဝင်းဦး၊ ချိုပြုံး တို့နှင့် တွဲဖက်)
- မောင့်အချစ်မျှား
- မေတ္တာပေါင်းကူး ( မေဆွိ နှင့် တွဲဖက်)
- မေတ္တာလမ်းကလေး ဒဂုန်အမှတ် (၂) (ဝင်းဦး၊ တင်တင်မြ၊ ရီရီသန့် တွဲဖက်)
- မုန့်စား
- ယောက်မ အပါအဝင် ခေတ်အကြိုက် တေးပဒေသာ
- ရတနာပုံ (ဂီတစာဆို ပန်တျာချစ်လှိုင်၊ မူပိုင် တေးပုလဲ ကိုဘမြင့်၊ အသံဖမ်း တိုနီလင်း၊ စတူဒီယို တေးဂီတ စန္ဒယားထွန်းထွန်းလေး နှင့် ဆိုင်း စိန်ထွန်းအောင်၊ ဧည့်သည်ဂီတပညာရှင် စန္ဒယားတင်ဝင်းလှိုင်မေတ္တာဖြင့်ကူညီတီးခတ်ပေးသည်)
- ရွှေခြည် ငွေခြည် ပိုးကြိုးသီ (လွှမ်းမိုး နှင့် တွဲဖက်)
- ရောင်တော်ဘွဲ့
- ရယ်ရွှင်ပြုံးတုံ့မပြုံးတုံ့
- လောကီမင်္ဂလာဆယ့်နှစ်ပါး
- လက်ရွေးစင် ပွဲဝင်တေး အမှတ် (၁)
- လက်ရွေးစင် ပွဲဝင်တေး အမှတ် (၂)
- လွန်းပျံယာဉ်
- လွမ်းတေး
- သာချို
- သူတို့အကြိုက်တေး (၁၉၉၃)
- သစ္စာလေးပါး နှင့် ဝိပါတ်တော် ၁၂ ပါး (ဝင်းဦး နှင့် တွဲဖက်)
- အကောင်းတကာ့ အကောင်းဆုံး တေး (၁)
- အကောင်းတကာ့ အကောင်းဆုံး တေး (၂)
- အကောင်းတကာ့ အကောင်းဆုံး တေး (၃)
- အညာတခွင် အပါအဝင် မြန်မာ့ရိုးရာ စားစရာ ကစားစရာ တေးများ (၁၉၉၆)
- အနားမှာ နေပါ
- အပျိုရံမလေး မကျည်းတန်
- အရိပ်ပမာ (တိုးနယား ဓာတ်ပြား)
- အာယားမ အပါအဝင် စင်တော်ကောက် တေးပုလဲသွယ်
- အိုဘယ့်တဏှာမိမာယာ တေးဇာတ်လမ်း ( မောင်မောင်ကြီး၊ ကိုမင်းနောင် တွဲဖက်)
- အောင်နိမိတ်
- အောင်ခြင်းရှစ်ပါး
- အောင်ခြင်းရှစ်ပါး နှင့် နုပျိုထားသော ချစ်တေးအိုများ
- အိန္ဒြေရှင်မ
ကိုးကား
- မာမာအေး – ဣန္ဒြေရှင်မ အပါအဝင် ကျော်ကြားသောအငြိမ့်တေးများ။ youtube (28 Aug 2021)။ 9 January 2024 တွင် ပြန်စစ်ပြီး။
- မြန်မာဂန္ထဝင် အဆိုတော်ကြီး မာမာအေး ကွယ်လွန်။ DVB Burmese (၉ ဇန်နဝါရီ ၂၀၂၄)။ ၉ ဇန်နဝါရီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
