စစ်တောင်းမြစ်ကြောင်းပြောင်းလဲမှုဖြစ်စဉ်အဆင့်ဆင့်နှင့် ပဲခူးစစ်တောင်း တူးမြောင်းသမိုင်း

မာတိကာ
၁။ နိဒါန်း
၂။ စစ်တောင်းမြစ်ကြောင်းပြောင်းလဲမှုဖြစ်စဉ်အဆင့်ဆင့်နှင့် ပဲခူးစစ်တောင်းတူးမြောင်းသမိုင်း
၃။ မြေပုံများ

ပုံ (က) ၁၈၅၇ ခုနှစ်အချိန်က မုတ္တမပင်လယ်ကွေ့ပုံ
ပုံ (ခ) ၁၉၀၅ ခုနှစ်အချိန်က စစ်တောင်းမြစ်ဝပုံ
ပုံ (ဂ) ၁၉၂၈ ခုနှစ်အချိန်က စစ်တောင်းမြစ်ဝပုံ
ပုံ (ဃ) စစ်တောင်းမြစ်နှင့် ပဲခူးစစ်တောင်းတူးမြောင်း UTM ပုံ (၂၀၀၀)
ပုံ (င) စစ်တောင်းမြစ်နှင့် ပဲခူးစစ်တောင်းတူးမြောင်း ကောင်းကင်ဓါတ်ပုံ (၂၀၁၄၊ ၂၀၁၆၊ ၂၀၁၇)
ပုံ (စ)

ပဲခူးစစ်တောင်းတူးမြောင်း အဆင့်မြှင့်တင်ပြုပြင်တူးဖော်ခြင်းလုပ်ငန်း တည်နေရာပြပုံ
၄။ ပဲခူးစစ်တောင်းတူးမြောင်းနှင့် ရေလွှဲပေါက်များ၊ လှေဝင်လှေထွက်ရေတံခါးများနှင့်
ရေထိန်းတံခါးများ မှတ်တမ်းဓါတ်ပုံများ

ပုံ(၁) မြစ်ကျိုး လှေဝင်လှေထွက် ရေတံခါး(၃၀ပေ x ၁ပေါက်)
ပုံ(၂) မြစ်ကျိုး လှေဝင်လှေထွက် ရေတံခါး (၃၀ပေ x ၁ပေါက်)
ပုံ(၃) အဗျားရေလွှဲပေါက် (၆ပေ x ၂၀ပေါက်)
ပုံ(၃-က) ဝေါမြို့နယ် အဗျား-ရှမ်းကိုင်း ရေနုတ်မြောင်း
ပုံ(၃-ခ) ဝေါမြို့နယ် ရှမ်းကိုင်း ရေတံခါး (၆ပေ x ၂၇ပေါက်) (၂၀၀၁ ခုနှစ်၊ မတ်လ)
ပုံ(၃-ဂ) ဝေါမြို့နယ် ရွာဟောင်းချောင်း ရေနုတ်မြောင်း
ပုံ(၄) မင်းရွာ ရေလွှဲပေါက် (၄ပေ x ၇၅ပေါက်)
ပုံ(၄-က) သနပ်ပင်မြို့နယ် မင်းရွာ-ကုက္ကို ရေနုတ်မြောင်း
ပုံ(၅) ပုဂံ-ညောင်ပင် ရေလွှဲပေါက် (၅ပေ x ၃၅ပေါက်)
ပုံ(၆) ကျိုက်ပဒိုင် ရေလွှဲပေါက် (၅ပေ x ၃၄ပေါက်)
ပုံ(၆-က) ပိုင်ကျုံ ရေထိန်းတံခါး (၆ပေ x ၃၇ပေါက်) (၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ)
ပုံ(၆-ခ) သနပ်ပင်မြို့နယ် မင်းရွာ-ပိုင်ကျုံ ရေနုတ်မြောင်း
ပုံ(၇) တာဝ လှေဝင်လှေထွက် ရေတံခါး (၃၀ပေ x ၁ပေါက်)
ပုံ(၇-က) တာဝ ရေထိန်းတံခါး (၆ပေ x ၃၃ပေါက်) (၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ)
ပုံ(၈-က) ပဲခူး-စစ်တောင်း တူးမြောင်း အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ခြင်း (၂၀၁၄ ခုနှစ်)
ပုံ(၈-ခ)

ပဲခူး-စစ်တောင်း တူးမြောင်း အဆင့်မြှင့်တင် ပြုပြင်ဆောင်ရွက်ခြင်း (၂၀၁၄ ခုနှစ်)စစ်တောင်းမြစ်ကြောင်းပြောင်းလဲမှုဖြစ်စဉ်အဆင့်ဆင့်နှင့်
ပဲခူးစစ်တောင်း တူးမြောင်းသမိုင်း

စုစည်း တင်ပြသူ
အေးမြင့် (ညောင်တုန်း)

နိဒါန်း
ကျွန်တော်သည် ဆည်မြောင်းဦးစီးဌာနတွင် နှစ်ပေါင်း ၃၅ နှစ်ခန့် ရာထူးမျိုးစုံ နေရာဒေသ မျိုးစုံတို့၌ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သည်။ အထက်မြန်မာနိုင်ငံ တောင်ပေါ် ဒေသများဖြစ်သော မြန်မာပြည် အနောက်ဘက်ဆုံး ချင်းပြည်နယ်နှင့် မြန်မာပြည် အရှေ့ဘက်ဆုံး သံလွင်အရှေ့ခြမ်း ရှမ်းပြည်နယ်အရှေ့ပိုင်းတို့တွင် တစ်နှစ်စီနှင့် မြန်မာပြည်အလယ်ပိုင်း နေပြည်တော် ဆည်မြောင်းရုံးချုပ်တွင် တစ်နှစ်ခွဲခန့် တာဝန်ကျခဲ့သည်မှလွဲ၍ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသများတွင်သာ အလုပ် ကံကောင်းစွာတာဝန်ထမ်းဆောင်ခွင့်ရခဲ့ရာ ပဲခူးတိုင်းတွင် ၅နှစ်ခန့် တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပါသည်။
ပဲခူးတိုင်းဒေသသည် အထက်မြန်မာပြည် အခြားတိုင်းကြီးများဖြစ်သော မန္တလေးတိုင်းနှင့် မကွေးတိုင်းတို့နှင့် ဆက်စပ်နေသည့်နည်းတူ အောက်မြန်မာပြည် မြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်သော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့နှင့်ပါ ဆက်စပ်နေသော ထူးခြားသည့် ရေမြေ သဘာဝ စုံလင်သော ဒေသတစ်ခု ဖြစ်ပါသည်။
ပဲခူးတိုင်းကို ပဲခူးရိုးမက အလယ်မှဖြတ်သန်းနေရာ မြန်မာနိုင်ငံ၏ အဓိက မြစ်ကြီးများဖြစ်သော ဧရာဝတီမြစ်သည် ပဲခူးအနောက်ခြမ်းတွင်လည်းကောင်း၊ စစ်တောင်းမြစ်သည် ပဲခူးအရှေ့ခြမ်းတွင် လည်းကောင်း စီးဆင်းလျက်ရှိပါသည်။
နိုင်ငံ့စားရေရိက္ခာ ဖူလုံစေရန် ပဲခူးတိုင်းတွင် ပဲခူးရိုးမအခြေပြု ဆည်တမံလုပ်ငန်းများမှ စပါးနှင့် အခြားသီးနှံများ ဆည်ရေပေး စိုက်ပျိုးနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်နည်းတူ စပါး သီးနှံများ ရေကြီးနစ်မြုပ်မှု မရှိစေရေးအတွက်လည်း ရေဘေးကာကွယ်ရေး တာတမံများ၊ ရေနုတ်မြောင်းများ၊ ရေထိန်းရေနုတ် ရေတံခါးများဖြင့် စီမံလုပ်ကိုင်လျက်ရှိပါသည်။
ပဲခူးတိုင်း၏ အခြားထူးခြားထင်ရှားသည့်အချက်တစ်ရပ်မှာ တိုင်းတောင်ပိုင်းဒေသများရေကြီး နစ်မြုပ်မုု လျော့ပါးသက်သာစေရေးအတွက် အပေါ်ပိုင်းတွင် ပဂိုင်တာ၊ မိုးယွန်းကြီး ဇွဲဘတ်တာတို့ဖြင့် ကာကွယ်ထားသည့်နည်းတူ အင်္ဂလိပ်ကိုလိုနီခေတ်က အထက်အညာ ပျဉ်းမနားဒေသများမှ ထွက်ရှိသည့် မြန်မာ့ကျွန်းသစ်အပါအဝင် အခြားအဘိုးတန်သစ်မာများကို စစ်တောင်းမြစ်မှတစ်ဆင့် ပဲခူးမြစ်၊ ရန်ကုန်မြစ်တို့သို့ လွယ်ကူစွာ သယ်ပို့နိုင်ရေး ရည်ရွယ်ချက်ဖြင့် ၁၈၇၈ ခုနှစ်က တည်ဆောက်ထားခဲ့သည့် ၃၇မိုင်ရှည် ပဲခူးစစ်တောင်းတူးမြောင်း၊ နွေရာသီတွင် ပဲခူးစစ်တောင်း တူးမြောင်း ရေနည်းချိန်ရေဖြည့်ပေးနိုင်ရန်အတွက် တည်ဆောက်ထားခဲ့သည့် ၄၀ စတုရန်းမိုင် ကျယ်ဝန်းသည့် မိုးယွန်းကြီး ရေလှောင်ကန်ကြီးများ တည်ရှိနေခြင်းဖြစ်ပါသည်။
ပဲခူးစစ်တောင်းတူးမြောင်းကို စစ်တောင်းမြစ်ဘက်တွင် မြစ်ကျိုးရွာမှစတင်ကာ ဝေါမြို့နှင့် သနပ်ပင်မြို့များကို ဖြတ်သန်းလျက် ပဲခူးမြစ်အထွက်တွင် တာဝရွာသို့ ဖြတ်သန်းဖောက်လုပ်ထား ပါသည်။
ပဲခူးစစ်တောင်း တူးမြောင်းပေါ်တွင် အဓိက တည်ဆောက်ထားရှိသည့် ရေဘက်ဆိုင်ရာ အဆောက်အအုံများမှာ စစ်တောင်းမြစ် မြစ်ကျိုးရွာနှင့် ပဲခူးမြစ် တာဝရွာတို့တွင် မြစ်မှ တူးမြောင်းအတွင်း ရေယာဉ်များနှင့် လှေသမ္ဗာန်များ ဝင်ထွက်သွားနိုင်သည့် ရေတံခါးတစ်ခုစီနှင့် တူးမြောင်းအတွင်း မိုးရာသီ ရေများချိန်တွင် တူးမြောင်း၏ တောင်ဘက်ပိုင်းသို့ ပိုလျှံရေများ လျော့ထုတ်နိုင်ရန် စီမံတည်ဆောက်ထားသည့် ရေထုတ်ပေါက်ကြီးများ (အဗျား၊ မင်းရွာ၊ ပဂိုင် ညောင်ပင်၊ ကျိုက်ပဒိုင်) ၄ ခု တို့ ဖြစ်ပါသည်။
ပဲခူးစစ်တောင်းတူးမြောင်း မဖောက်လုပ်မီအချိန်က ပျဉ်းမနားသစ်တောကြိုးဝိုင်းမှ ထွက်ရှိသော အဘိုးတန်သစ်များကိုဖောင်ဖွဲ့၍ ရန်ကုန်မြို့သို့ ပို့ဆောင်ရာတွင် စစ်တောင်းမြစ်ကြီးမှသာလျင် ပို့ဆောင်ရပေရာ ရေစီးသန်ပြီး ဒီလှိုင်းတံပိုးကြီးမားသော စစ်တောင်းမြစ်ဝတွင် သစ်ဖောင်များ မကြာခဏ ပျက်စီးမျောပါနစ်မြုပ်ခြင်း၊ ပျောက်ဆုံးခြင်းများ ကြုံတွေ့ခဲ့ရသည်။ မြန်မာပြည်မှ ထွက်ရှိသော အဘိုးတန်ကျွန်းသစ်နှင့်သစ်မာများသည် ကမ္ဘာ့ရောင်းတန်းဝင်သစ်များဖြစ်ပေရာ အမြော်အမြင်ကြီးသော ကိုလိုနီအစိုးရသည် ငွေကြေးအရင်းအနှီးများစွာ စိုက်ထုတ်အသုံးပြုလျက် သစ်ဖောင်များ ရာသီမရွေးသယ်ပို့နိုင်မည့် ပဲခူးစစ်တောင်းတူးမြောင်းနှင့် နွေရာသီ ရေနည်းချိန် ရေဖြည့်ပေးနိုင်မည့် မိုးယွန်းကြီး ရေလှောင်ကန်ကြီးများကို ၁၈၇၃ ခုနှစ်မှ ၁၈၇၈ ခုနှစ်အတွင်း ငွေကြေးများစွာ အကုန်အကျခံ၍ ရင်းနီး မြှုပ်နှံတည်ဆောက်ခဲ့ပါသည်။
မြန်မာ့သစ်တောသယံဇာတများ ရှားပါးလာနေသည့် ယနေ့အချိန်အခါတွင်မူ ပဲခူးစစ်တောင်း တူးမြောင်းအတွင်း ကျွန်းသစ်နှင့်သစ်မာများ သယ်ယူပို့ဆောင်ခြင်းမရှိခဲ့သည်မှာ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှစ၍ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။
သို့ရာတွင် ယနေ့အခါတွင် သစ်များမမျှောနိုင်တော့သည့် ပဲခူးစစ်တောင်းတူးမြောင်းကို မိုးရာသီ ရေကြီးရေလွမ်းမှုများ လျော့ပါးသက်သာစေရေးနှင့် နွေအခါတွင် စိုက်ပျိုးရေ သိုလှောင် ထိန်းသိမ်းရေးများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ပုံမှန် မိုးစပါး စိုက်ပျိုးရေးသာမက နွေအခါတွင် မိုးယွန်းကြီးကန်မှ စုဆောင်းထားသော ရေများကို တူးမြောင်းအတွင်းသို့ ချပေးလျက် နှစ်စဉ် နွေစပါး ဧက ပေါင်း ၃၀,၀၀၀ ဧက ကျော်ခန့် စိုက်ပျိုးဖြစ်ထွန်းအောင်မြင်လျက်ရှိပါသည်။
ကျွန်တော် ပဲခူးတိုင်းအတွင်းတာဝန်ကျစဉ်ကာလတွင် မူလရှိပြီး မိုးယွန်းကြီး ဇွဲဘတ်တာ၊ ပဂိုင်တာ၊ ပဲခူးစစ်တောင်းတူးမြောင်း စသည့် ဆည်မြောင်းလုပ်ငန်းများ ပုံမှန်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်နည်းတူ ပဲခူးစစ်တောင်းတူးမြောင်းနှင့် ဆက်စပ်လျက် ရေသွင်းရေထုတ်ရေထိန်း လုပ်ငန်းများ ပိုမိုကောင်းမွန်စေရေးကို ရှေ့ရှုလျက် အဗျား ရှမ်းကိုင်း ချောင်းထိပ် စစ်တောင်းမြစ် အထွက်တွင် ရှမ်းကိုင်း ရေထုတ်ရေထိန်းရေတံခါးကိုလည်းကောင်း၊ ပဲခူးစစ်တောင်း တူးမြောင်းပေါ်ရှိ ကျိုက်ပဒိုင်ရေတံခါးနှင့် ဆက်စပ်လျက် ပိုင်ကျုံချောင်းထိပ် ပဲခူးမြစ်အထွက်တွင် ပိုင်ကျုံ ရေထုတ် ရေထိန်း ရေတံခါးကိုလည်းကောင်း၊ ပဲခူးစစ်တောင်းတူးမြောင်း၏ ပဲခူးမြစ်ဘက်အထွက် မူလရှိပြီး တာဝ လှေဝင်လှေထွက် ရေတံခါးအနီးတွင် တာဝ ရေထုတ်ရေထိန်း ရေတံခါးကိုလည်းကောင်း အသီးသီး ဖြည့်စွက် တည်ဆောက်ခဲ့ပါသည်။
ဆက်လက်၍ မိခင်ဆည်မြောင်းဌာနသည် နှစ်ကာလရှည်လျားစွာ နုန်းတင်တိမ်ကောနေသည့် ပဲခူးစစ်တောင်း တူးမြောင်းကြီးအား ၂၀၁၄ ခုနှစ်တွင် စက်ယန္တယား အင်အားများစွာ အသုံးပြုလျက် တူးမြောင်းတစ်လျောက်လုံး ပြန်လည် ပြုပြင်တူးဖော်ဆောင်ရွက်ခဲ့ရာ ခေတ်သစ်ကာလတွင် မိခင်ဌာန၏ ဂုဏ်ယူဘွယ်ရာ အဓိက လုပ်ငန်းကြီးတစ်ရပ် ဖြစ်ခဲ့ရ ပါသည်။
ကျွန်တော် ပဲခူးတိုင်းတွင် ပဲခူးစစ်တောင်းတူးမြောင်းနှင့် ဆက်စပ်သော ဆည်မြောင်းလုပ်ငန်း မျိုးစုံ ဆောင်ရွက်နေစဉ်ကာလအတွင်း အခက်အခဲများရှိလျင်သော်လည်းကောင်း၊ ဆောင်ရွက်ရန် ရှိသည်များနှင့် ပတ်သက်လျင်သော်လည်းကောင်း၊ အငြိမ်းစား ဆည်မြောင်းအင်ဂျင်နီယာ အကြံပေး ပုဂ္ဂိုလ် ဦထွေးမြင့်ထံ အခါအားလျော်စွာ တွေ့ဆုံမေးမြန်းကာ အကြံဉာဏ်များ ရယူ ဆောင်ရွက်ခဲ့ရ ပါသည်။
ကွယ်လွန်ခဲ့ပြီးဖြစ်သော အကြံပေးပုဂ္ဂိုလ်ကြီးသည် ၎င်းကိုယ်တိုင် ပဲခူးတိုင်းတွင် တာဝန် ထမ်းဆောင်ခဲ့ဘူးသည်ဖြစ်ရာ ဒေသတွင်းလုပ်ငန်းများနှင့် ပတ်သက်၍ အကြံကောင်း ဉာဏ်ကောင်းများ များစွာ ရရှိခဲ့ပေရာ ကျွန်တော်တို့ ဖြည့်စွက် ဆောင်ရွက်ခဲ့ကြသည့် လုပ်ငန်းများသည်ပင်လျင် အကြံပေးပုဂ္ဂိုလ်ကြီး၏ စိတ်ကူးအိပ်မက်များမှ ပေါ်ထွက်လာခဲ့သည့် ပင်မလုပ်ငန်းကြီးများ ဖြစ်ခဲ့ပါသည်။
စစ်တောင်းမြစ်နှင့်ပတ်သက်၍ အကြံပေးပုဂ္ဂိုလ်ကြီးနှင့် မေးမြန်းဆွေနွေးခဲ့ရာတွင် ၎င်း လေ့လာ မှတ်သားထားသည့် စစ်တောင်းမြစ်ကြောင်း ပြောင်းလဲပုံများပါဝင်သည့် အင်္ဂလိပ်စာအုပ် တစ်အုပ်ကို ကျွန်တော့်အား ဘတ်ရှုလေ့လာရန် ပေးလိုက်ပါသည်။
စာအုပ်ပါအကြောင်းအရာများသည် ဆည်မြောင်းအင်ဂျင်နီယာများနှင့် မြစ်ကြောင်းအင်ဂျင်နီယာများ သိသင့်သည့်အချက်များဖြစ်နေ၍ ၂၀၁၃ ခုနှစ်က မှတ်စုထုတ် ရေးသားထားခဲ့ရာ ယခုတစ်ဖန် ထပ်မံဖြည့်စွက်လျက် စိတ်ဝင်စားသူ အင်ဂျင်နီယာများ လေ့လာသိရှိနိုင်ကြစေရန် ပြန်လည် ဖြန့်ဖြူး မျှဝေ လိုက်ရပါသည်။