UN Today Breaking. News 24 September 2025 Onwards … … …

ကုလသမဂ္ဂ၏ နှစ်ပတ်လည်အထွေထွေညီလာခံ (UNGA) ကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တွင် စက်တင်ဘာ ၂၃ ရက်က စတင်ကျင်းပခဲ့ရာ သမ္မတဒေါ်နယ်ထရမ့်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြသည်။

သမ္မတထရမ့်သည် တစ်ဦးချင်းစီအတွက် ခွင့်ပြုချိန် ၁၅ မိနစ်ထက် ၃ ဆကျော်ကာ ၁ နာရီနီးပါး (၅၅ မိနစ်ခန့်) ပြောခဲ့ရာတွင် အောက်ပါ အဓိက အကြောင်းအရာများ ပါဝင်သည်။
−−−−−−−−−−−−−−−−−−−−−−−−
တရားမဝင် ရွှေ့ပြောင်းမှုများကို နှိမ်နှင်းခြင်း

တရားမဝင် ရွှေ့ပြောင်းမှုများကို အောင်မြင်စွာနှိမ်နင်းခဲ့ကြောင်းကို ဂုဏ်ယူပြောဆိုခဲ့ကာ အမေရိကန်နိုင်ငံသို့ တရားမဝင် ရောက်လာခဲ့ခြင်းကြောင့် ဖမ်းဆီးခံခဲ့ရသူများကို အကျဉ်းချထားရန် နေရာပေးခဲ့သည့် အယ်ဆာဗေဒေါနိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောသည်။
−−−−−−−−−−−−−−−−−−−−−−−−
နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန်ဟုဆို
ကုလသမဂ္ဂက၏ အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းမှုများကို ထရမ့်ကဝေဖန်ပြီး မိမိသည် နိုဘယ်ငြိမ်းချမ်းရေးဆုနှင့် ထိုက်တန်ကြောင်းဆိုသည်။
ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခများတွင် အပစ်အခတ်ရပ်စဲရေး ရရှိရန် ကြိုးပမ်းမှုများတွင် သူ့အနေဖြင့် ၇ ကြိမ်တိုင်တိုင် ကြားဝင်ဖြန်ဖြေပေးခဲ့ရသည်ဟု ပြောသည်။ သူ၏ အောင်မြင်မှုများသည် ကုလသမဂ္ဂ၏ ထိရောက်မှုမရှိခြင်းကို ဖော်ပြနေကြောင်း ပြောဆိုခဲ့သည်။
−−−−−−−−−−−−−−−−−−−−−−−−
အီရန်၏ နျူကလီးယားစွမ်းရည်များကို အဆုံးသတ်ခြင်း
အမေရိကန်က အီရန်အား Operation Midnight Hammer စစ်ဆင်ရေးတွင် B2 ဗုံးကြဲလေယာဉ် ၇စင်းက ပေါင် ၃၀,၀၀၀ အလေးချိန်ရှိသည့် ဗုံးများကို အီရန်၏ အဓိက နျူကလီးယား စက်ရုံပေါ်ကို ကြဲချခဲ့ခြင်းကြောင့် အားလုံးပျက်စီးသွားသည်ဟု ထရမ့်က ဆိုခဲ့သည်။
−−−−−−−−−−−−−−−−−−−−−−−−
ဂါဇာ စစ်ပွဲ
“ကျွန်တော်တို့ ဂါဇာစစ်ပွဲကို ချက်ချင်းရပ်ရမယ်။ ကျွန်တော်တို့ ရပ်ရမယ် ကျွန်တော်တို့ ဒါကို ပြီးအောင်လုပ်ရမယ်။ ကျွန်တော်တို့ ငြိမ်းချမ်းရေးကို ဆွေးနွေးရမယ် ကျွန်တော်တို့ ဓားစာခံတွေကို ပြန်ရအောင်ယူရမယ်။ ဓားစာခံ ၂၀ လုံးကို ကျွန်တော်တို့ ပြန်လိုချင်တယ်။ သေဆုံးသွားတဲ့ အလောင်း ၃၈ လောင်းကိုပါ ပြန်လိုချင်သေးတယ်” ဟု ထရမ့်က ပြောခဲ့သည်။

−−−−−−−−−−−−−−−−−−−−−−−−
ကုလသမဂ္ဂက အနောက်နိုင်ငံများကို ရန်ပြုမှုအတွက် ရန်ပုံငွေထောက်ပံ့ခဲ့ဟုဆို
ရွှေ့ပြောင်းနေထိုင်သူများအတွက် အကူအညီများ ပေးနေသည့် နိုင်ငံတကာ ရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာ အဖွဲ့အစည်း (IOM) ကို ရည်ညွှန်းနေပုံရကာ ထရမ့်က ကုလသမဂ္ဂသည် “အနောက်နိုင်ငံများနှင့် ၎င်းတို့၏ နယ်နိမိတ်များကို ရန်ပြုရန်အတွက် ရန်ပုံငွေထောက်ပံ့နေသည်” ဟု စွပ်စွဲခဲ့သည်။
“ကုလသမဂ္ဂဟာ တရားမဝင် လာရောက်နေတဲ့ လူတွေကို အမေရိကန်ထဲကို ဝင်ရောက်ဖို့အတွက် အစားအစာ၊ ခိုလှုံရာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဒက်ဘစ်ကတ်တွေကိုပါ ထောက်ပံ့ပေးနေတယ်” ဟု ထရမ့်က ပြောခဲ့သည်။
−−−−−−−−−−−−−−−−−−−−−−−−
ပူတင်နှင့် သူ၏ဆက်ဆံရေး

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သူ၏ဆက်ဆံရေးသည် အမြဲကောင်းမွန်ခဲ့သောကြောင့် စစ်ပွဲကို အဆုံးသတ်ရန် ပိုမိုလွယ်ကူလိမ့်မည်ဟု ထင်ခဲ့သော်လည်း ဖြစ်မလာခဲ့ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ရုရှား၏ ယူကရိန်းစစ်ပွဲသည် “ရုရှားအတွက် ကောင်းသောပုံပန်းသဏ္ဌာန်ကို မဖော်ဆောင်နိုင်ဘူး” ဟုလည်း ပြောသည်။
−−−−−−−−−−−−−−−−−−−−−−−−
ရုရှား၏ ယူကရိန်းစစ်ပွဲ

ယူကရိန်းစစ်ပွဲသည် ရုရှားအတွက် ရုပ်ပျက်စေသည်ဟု ထရမ့်ကပြောသည်။ ဥရောပသမဂ္ဂ နိုင်ငံအများစုသည် ရုရှားအပေါ် မှီခိုအားထားမှုကို ရှောင်ရှားရန် ကြိုးပမ်းအားထုတ်နေကြသော်လည်း ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ကို ဆက်လက်ဝယ်ယူနေခြင်းအတွက် ဥရောပသမဂ္ဂနိုင်ငံများကို ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
−−−−−−−−−−−−−−−−−−−−−−−−
အကြီးမားဆုံး လိမ်လည်မှု
ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိန်းသိမ်းရေးအစီအစဉ်သည် “ကမ္ဘာပေါ်တွင် အကြီးမားဆုံး လိမ်လည်မှု” ဖြစ်သည်ဟု ထရမ့်က ပြောဆိုခဲ့ပြီး ယင်းကို “အတုအယောင် စွမ်းအင်ဘေးအန္တရာယ်” ဟု ခေါ်ဆိုခဲ့သည်။
−−−−−−−−−−−−−−−−−−−−−−−−
ဇီဝလက်နက်များ ထိန်းချုပ်မှုအသက်ဝင်ရေး
ထရမ့်က ၎င်း၏ အစိုးရအဖွဲ့သည် AI ဖြင့် စစ်ဆေးအတည်ပြုသည့် စနစ်ကို ဦးဆောင်အသုံးပြုကာ ဇီဝလက်နက်ထိန်းချုပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကို အသက်ဝင်စေရန် နိုင်ငံတကာ ကြိုးပမ်းမှုကို ဦးဆောင်မည်ဟုလည်း ဆိုခဲ့သည်။
−−−−−−−−−−−−−−−−−−−−−−−−
ကုလသမဂ္ဂ၏ နှစ်ပတ်လည်အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ထရမ့်ကို စက်တင်ဘာ ၂၃ ရက်က တွေ့ရပုံ။ (ဓာတ်ပုံ − EPA)