WORLD TODAY NEWS from 21 May 2025

CNN News အမေရိကန်နိုင်ငံက အချမ်းသာဆုံး ၁၀ ယောက်ဟာ ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်လာ ၃၆၅ ဘီလီယံ ပိုပြီး ချမ်းသာလာခဲ့ကြတယ်

အဲဒီ အချမ်းသာဆုံး ၁၀ ယောက်ထဲမှာ ကမ္ဘာ့အချမ်းသာဆုံးဖြစ်သလို Tesla ကားကုမ္ပဏီရဲ့ CEO အီလွန်မတ်တစ်ဉီးတည်းရဲ့ တိုးလာခဲ့တဲ့ ဝင်ငွေဟာ အားလုံးရဲ့ တိုးလာခဲ့တဲ့ ဝင်ငွေရဲ့ တစ်ဝက်ရှိပါတယ်။ ဒေါ်လာ ၁၈၆.၁ ဘီလီယံပါ။ အီလွန်မတ်ဟာ ဒီနှစ်ထဲမှာ ကမ္ဘာ့ပထမဆုံး ထရီလျံနာသူဋ္ဌေးကြီး ဖြစ်လာဖို့ ကျိန်းသေသလောက် ရှိနေပါတယ်။ (၁ ထရီလီယံ = ၁၀၀၀ ဘီလီယံ)

Meta (facebook) ပိုင်ရှင် မတ်ခ်ဇူကားဘတ်နဲ့ Walamrt အမွေဆက်ခံသူ ရော့ဘ်ဝေါလ်တန်ရဲ့ ဝင်ငွေတွေဟာ ဒေါ်လာ ၃၈.၇ ဘီလီယံစီ တိုးလာခဲ့တယ်။ ရင်းနှီးမြှုပ်နှံသူ သူဋ္ဌေးကြီး ဝါရင်ဘတ်ဖက်ရဲ့ ဝင်ငွေက ဒေါ်လာ ၃၄.၈ ဘီလီယံတိုးလာခဲ့သလို walmart ရဲ့ အမွေဆက်ခံသူနောက်တစ်ယောက် ဖြစ်တဲ့ ဂျင်မ်ဝေါလ်တန်ဲရ့ ဝင်ငွေက ဒေါ်လာ ၃၆.၅ ဘီလီယံ တိုးလာခဲ့ပါတယ်။ ဒါပေမဲ့ Google ကို ပူးတွဲတည်ထောင်သူတွေ ဖြစ်ကြတဲ့ လယ်ရီပေ့ဂျ်နဲ့ ဆာဂေးဘရင်တို့ကတော့ အရှုံးပေါ်ခဲ့ကြတယ်။

သူတို့ ၁၀ ယောက်ရဲ့ တိုးလာတဲ့ ဝင်ငွေဟာ ဒေါ်လာ ၃၆၅ ဘီလီယံဖြစ်လို့ တစ်နည်းအားဖြင့် သူတို့ဟာ မနှစ်က တစ်နှစ်လုံးမှာ နေ့စဉ် ဒေါ်လာ ၁ ဘီလီယံ ချမ်းသာလာခဲ့ကြတယ်လို့ ပြောလို့ရပါတယ်။

ဆန့်ကျင်ဘက်အားဖြင့် သာမန်အမေရိကန်အလုပ်သမားတစ်ယောက်ဟာ ၂၀၂၃ ခုနှစ်အတွင်း ပျမ်းမျှဝင်ငွေ ဒေါ်လာ ၅ သောင်းပဲ ရခဲ့ပါတယ်။

ဒါကြောင့် အဲဒီဝင်ငွေ ဒေါ်လာ ၃၆၅ ဘီလီယံရဖို့ဆိုရင် အမေရိကန်အလုပ်သမား ၁၀ ယောက်ဟာ နှစ်ပေါင်း ၇၂၆,၀၀၀ အလုပ်လုပ်ရပါလိမ့်မယ်။

ဘီလျံနာသူဋ္ဌေးတွေရဲ့ ဝင်ငွေတွေဟာ မိုးပေါ်ထောင်တက်နေချိန်မှာ သာမန်အမေရိကန်တွေကတော့ စားဝတ်နေရေး ပြေလည်ဖို့ အတော်လေး ရုန်းကန်နေကြရတယ်လို့ ဆင်းရဲမှုတိုက်ဖျက်ရေး နိုင်ငံတကာ အဖွဲ့ကြီး Oxfam ရဲ့ အရာရှိ ရီဘက်ကာ ရစ်ဒဲလ်က ပြောပြပါတယ်။

တကယ်လို့သာ အဲဒီအချမ်းသာဆုံးသူဋ္ထေး ၁၀ ယောက်ရဲ့ ဝင်ငွေအပေါ် ဝင်ငွေခွန်အဖြစ် ဒေါ်လာ ၁ ဘီလီယံကို ၃ ရာခိုင်နှုန်းကောက်ခံရင် အခွန်ငွေ ဒေါ်လာ ၅၀ ဘီလီယံရမှာ ဖြစ်ပြီး အဲဒီငွေနဲ့ အမေရိကန်လူမျိုး ၂၂.၅ သန်းကို တစ်နှစ်စာ အစားအသောက် အလကားကျွေးပေးနိုင်မှာပါ။

ဒါပေမဲ့ ဒေါ်နယ်ထရမ့်အစိုးရဟာ ချမ်းသာသူတွေဆီက အခွန်လျှော့ကောက်ခံဖို့အတွက် လွှတ်တော်မှာ အဆိုတင်သွင်းထားတာမို့ အမေရိကန်နိုင်ငံက ချမ်းသာသူတွေဟာ ပိုပြီး ချမ်းသာလာပြီး ဆင်းရဲသူတွေဟာ ပိုပြီး ဆင်းရဲလာဖို့ များပါတယ်။

CNN သတင်းပါ။

ဗန်းမော်သိန်းဖေ
၂၁-၀၅-၂၀၂၅

ထရမ့်နဲ့ပူတင် မနေ့က ၂ နာရီကြာ ဖုန်းနဲ့ ဆွေးနွေးခဲ့ကြတယ်

တနင်္လာနေ့က (မနေ့က) ဒေါ်နယ်ထရမ့်နဲ့ ပူတင်တို့ဟာ ၂ နာရီကြာ ဖုန်းဆက်ဆွေးနွေးပြီးသွားတဲ့အခါ ဘာတွေ ရလဒ်ထွက်လာသလဲဆိုတာ ပြောပြပါမယ်။

ပထမဆုံး၊ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ ရေးပြထားတာက ရုရှားက စစ်ရပ်ဖို့ ယူကရိန်းနဲ့ ချက်ချင်း ဆွေးနွေးမှုမယ်တဲ့။ ဒါက တိုက်ပွဲရပ်ဖို့ရော၊ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု ရဖို့ရော ဦးတည်တယ်လို့ ထရမ့်က ပြောပါတယ်။ ဒါပေမဲ့ ဘယ်တော့စတင်မယ်ဆိုတဲ့ ရက်အတိအကျ မသတ်မှတ်ရသေးဘူးတဲ့။

ပူတင်ကလည်း ထရမ့်ရဲ့ တိုက်တွန်းချက်အတိုင်း ယူကရိန်းရဲ့ စွမ်းအင်နဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်တာ ရပ်ဆိုင်းဖို့ အဆင့်ဆင့် လုပ်ဆောင်မယ်လို့ ပြောတယ်။ ဒါက နိုင်ငံတကာစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင် လုပ်ဖို့ ထရမ့်ကို ကူညီတာပါတဲ့။

နောက်တစ်ခု ပူတင်ပြောတာက ရုရှားဘက်က ယူကရိန်းနဲ့ အနာဂ တ်ငြိမ်းချမ်းရေးစာချုပ်တစ်ခုချုပ်ဖို့ memorandum လက်မှတ်ထိုးဖို့ အဆင်သင့်ရှိတယ်လို့ ပြောတယ်။ ဒါက စစ်ရပ်ဖို့နဲ့ ပြီးပြည့်စုံတဲ့ ငြိမ်းချမ်းရေးရဖို့အတွက် အခြေခံဖြစ်လာနိုင်တယ်။ ဒါပေမယ့် အသေးစိတ် အချက်အလက်တွေ မပြောသေးပါဘူး။ နှစ်ဘက်ရဲ့ အမြင်တွေ မတူတာတွေ ရှိနေသေးလို့ အဆင့်မြင့်သဘောတူညီချက်တစ်ခုရဖို့တော့ မသေချာသေးဘူး။

ထရမ့်ကတော့ ဒီဖုန်းပြောတာကို “အရမ်းကောင်းပြီး အားရစရာကောင်းတယ်” လို့ ပြောတယ်။ စစ်ပွဲပြီးရင် ရုရှားနဲ့ အမေရိကန်က ကုန်သွယ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်လို့လည်း ပြောတယ်။ ဒါက နှစ်နိုင်ငံရဲ့ စီးပွားရေးဆက်ဆံရေးကို မြှင့်တင်ဖို့ ရည်ရွယ်ထားပုံပါပဲ။

ဒါပေမယ့် စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ စစ်ရပ်ဖို့ အတိအကျ အချိန်ဇယား မရှိသေးဘူး။ ရုရှားဘက်ကလည်း စစ်ရပ်ဖို့က နှစ်ဘက်လုံး သဘောတူမှသာ ဖြစ်မယ်လို့ ပြောထားတယ်။ ယူကရိန်သမ္မတ ဇယ်လင်းစကီးကလည်း ယူကရိန်းထိန်းထားတဲ့ ရုရှားနယ်မြေတွေကနေ သူ့တပ်တွေကို မဆုတ်ဖို့နဲ့ စစ်ရပ်ဖို့ သဘောတူညီချက်မှာ အမေရိကန်ပါဝင်ဖို့ လိုတယ်လို့ ပြောတယ်။ ရုရှားဘက်ကလည်း အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့မှုတွေ ရပ်ဖို့ တောင်းဆိုထားတယ်။

ဒီဖုန်းပြောတာက စစ်ရပ်ဖို့ရော ငြိမ်းချမ်းရေးရော အတွက် အရေးကြီးတဲ့ အစပြုမှုတစ်ခုပါ။ ဒါပေမယ့် နှစ်ဘက်ရဲ့ အမြင်မတူတာတွေ၊ အထူးသဖြင့် သိမ်းယူထာတဲ့ နယ်မြေပြဿနာနဲ့ လုံခြုံရေးအာမခံချက်တွေမှာ သဘောတူညီမှု မရသေးတာကြောင့် ရလဒ်ကောင်းတွေ ရဖို့ အချိန်ယူရပါဦးမယ်။

ထရမ့်ရဲ့ ကြိုးပမ်းမှုက မျှော်လင့်ချက်ပေးနိုင်ပေမယ့် ပူတင်ရဲ့ အခြေအနေတွေနဲ့ ယူကရိန်ရဲ့ အခြေအနေတွေကြောင့် အောင်မြင်ဖို့ မသေချာသေးပါဘူး။

ဒီအတိုင်းဆိုရင် ထရမ့်ရဲ့ သမ္မတရွေးကောက်ပွဲမှာ မဲဆွယ်စဉ်က တစ်ရက်အတွင်း ရပ်သွားအောင်လုပ်နိုင်တယ်လို့ ပြောခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲဟာ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရဖို့ အတော်ကြာဦးမှာပါ။

CNN သတင်းပါ။

ဗန်းမော်သိန်းဖေ
၂၀-၀၅-၂၀၂၅