
လက်ဖက်ရည်… အဖန်သောက်လျှင်ဖြင့် – လုံမလေးမွန်မွန် “
လက်ဖက်ရည်အဖန်သောက်လျှင်ဖြင့်…
မိုးအေးတဲ့မနက်ခင်းလေးမှာ နွေးထွေးလန်းဆန်းသွားစေနိုင်မယ့်တစ်ခုခု လိုအပ်နေတာမျိုး၊ သူငယ်ချင်းနဲ့ နေ့လယ်စာအတူတူစားပြီး တစ်ခုခုသောက်ရင်း အေးအေးဆေးဆေး စကားပြောချင်တာမျိုး၊ အလုပ်တွေရှုပ်တဲ့ တစ်နေ့တာအပြီးမှာ ရိုးရိုးရှင်းရှင်း အနားယူချင်တာမျိုး၊ ဒီလိုအခြေအနေတွေအတွက် အလိုက်ဖက်ဆုံး သောက်စရာ ဖြစ်တဲ့အပြင် ၈၀ ရာခိုင်နှုန်းကျော်သော အမေရိကန်အိမ်တွေရဲ့ မီးဖိုခန်းထဲမှာ ရှိနေရတဲ့အရာက တော့ မွှေးပျံ့တဲ့ လက်ဖက်ရည်တစ်ခွက်ပါပဲ။ သံပုရာသီးလေး ညှစ်ထည့်ပြီးဖြစ်ဖြစ်၊ နွားနို့၊ ပျားရည်လေး နည်းနည်းထည့်ပြီးဖြစ်ဖြစ် သောက်နိုင်သလို ဘာမှမထည့်ဘဲ ဒီအတိုင်းလည်း သောက်လို့ရပါတယ်။
နေ့စဉ်သောက်နေတဲ့ English breakfast tea တို့၊ chamomile tea တို့မှာ ဘာတွေပါဝင်နေပါသလဲ။ အရိုးရှင်းဆုံးပြောရရင်တော့ လက်ဖက်ရည်ဆိုတာ အရွက်ခြောက်၊ အပွင့်ခြောက်စတဲ့ အခြောက်ခံထားတဲ့ အပင်ပစ္စည်းတွေကို ရေနဲ့ ရောထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် Camellia sinensis လို့ခေါ်တဲ့ လက်ဖက်ပင်ရဲ့ အရွက်နဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်ကိုမှ တကယ့်လက်ဖက်ရည်အစစ် (true tea) လို့ ခေါ်နိုင်ပါတယ်။ English breakfast၊ Earl Grey၊ Darjeeling လို black tea တွေနဲ့ green tea၊ white tea အမျိုးအစားတွေဟာ ရနံ့တွေ၊ အရောင်တွေ ကွဲပြားတဲ့ true tea တွေ ဖြစ်ပါတယ်။
ဆေးဖက်ဝင်လက်ဖက်ရည် (herbal tea) တွေကိုတော့ ဆေးဖက်ဝင်အပင်တွေနဲ့ အခြားအပင်များစွာကနေ ပြုလုပ်ထားပါတယ်။ ချာမိုမိုင်း (chamomile)၊ ပူစီနံ (peppermint) နဲ့ ဂျင်း (ginger) စတဲ့ herbal tea တွေဟာ tea မဟုတ်ပါဘူး။ သူတို့ကို tisanes လို့ ခေါ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ချိုမြိန်စူးရှတဲ့ရနံ့တွေက လက်ဖက်ရည်တွေလိုပဲ စိတ်ပျော်ရွှင်မှု၊ သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနိုင်ပါတယ်။
ယနေ့ခေတ်မှာတော့ လက်ဖက်ရည်နှစ်သက်သူတွေဟာ လက်ဖက်ရည်ကို ဝိုင်လိုသဘောထားပြီး အစားအသောက်တွေနဲ့ တွဲဖက်သောက်သုံးလာကြပါတယ်။ ဥပမာအားဖြင့် black tea က အမဲသားနဲ့ လိုက်ဖက်ပြီး green tea က အခွံမာရေသတ္တဝါ (shellfish) တွေနဲ့ လိုက်ဖက်ပါတယ်။ White tea ကတော့ မက်မွန်သီးနဲ့လုပ်ထားတဲ့ အချိုပွဲတွေနဲ့ တွဲဖက်သုံးဆောင်ရင် အကောင်းဆုံးပါပဲ။
ဘယ်လို လက်ဖက်ရည်အမျိုးအစားကို ဖျော်သောက်ရမလဲလို့ စဉ်းစားနေရင်တော့ ရနိုင်မယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လက်ဖက်ရည်ကို ဆေးအဖြစ် သုံးစွဲခဲ့ကြတယ်ဆိုတာ ၃ ရာစုနှစ်လောက်က အာရှတိုက်ရဲ့ စာပေမှတ်တမ်းတွေမှာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒါ့အပြင် true tea တွေကို ပုံမှန်သောက်သုံးသူတွေဟာ နှလုံးအမောဖောက်ခြင်း၊ ဆီးချိုသွေးချိုအမျိုးအစား ၂၊ ကင်ဆာရောဂါ၊ မှတ်ဉာဏ်ချို့ယွင်းခြင်းနဲ့ အခြားကျန်းမာရေးပြဿနာဖြစ်ပွားနိုင်ခြေတွေကို လျှော့ချပေးတယ်ဆိုတဲ့ အထောက်အထားတွေကိုလည်း များစွာတွေ့လာရပါတယ်။
True tea တွေမှာ ဆဲလ်ပျက်စီးခြင်းနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေတဲ့ polyphenol antioxidants အဓိကပါဝင်တဲ့အတွက် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိပါတယ်။ အိမ်တွင်းဆေးဝါးအဖြစ် အသုံးပြုနေကြတဲ့ herbal tea တစ်ချို့ကလည်း ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဆေးဖက်ဝင်ဖျော်ရည် (herbal drink) တွေ မြောက်များစွာရှိတဲ့အတွက် သူတို့အားလုံးရဲ့ ကောင်းကျိုးတွေကို သက်သေပြဖို့ မလွယ်လှပါဘူး။
Black tea၊ green tea နဲ့ white tea တွေမှာ သဘာဝကဖိန်းဓာတ်ပါဝင်ပြီး သင့်လျော်တဲ့ပမာဏအတိုင်း သောက်သုံးမယ်ဆိုရင် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေပါတယ်။ True tea နဲ့ herbal tea နှစ်မျိုးလုံးမှာ ခဲသတ္တုဓာတ်လို heavy metal တွေနဲ့ pesticides ပိုးသတ်ဆေးတွေ ပါဝင်ပါတယ်။ ဒါပေမယ့် Consumer Reports ရဲ့ သိပ္ပံပညာရှင်တွေဟာ လူကြိုက်များတဲ့ black၊ green နဲ့ herbal tea (၃၀) ကျော်ကို စစ်ဆေးခဲ့ကြပြီး အများစုက စိုးရိပ်စရာမရှိဘူးလို့ တွေ့ရှိခဲ့ပါတယ်။
လက်ဖက်ရည်ဘယ်လောက်သောက်သင့်တယ်ဆိုတဲ့ စံသတ်မှတ်ချက် မရှိပါဘူး။ ပညာရှင်တွေကတော့ တစ်နေ့ကို လက်ဖက်ရည် နှစ်ခွက်ကနေ သုံးခွက်အထိ သောက်သုံးခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရနိုင်တယ်လို့ ဆိုပါတယ်။ မိမိရဲ့ ကဖိန်းဓာတ်ခံနိုင်ရည်ပေါ်မူတည်ပြီး ချိန်ညှိသောက်သုံးနိုင်ပါတယ်။ (ဒါမှမဟုတ် ကဖိန်းထက်လျှော့ထားတဲ့ လက်ဖက်ရည်တွေကို သောက်နိုင်ပါတယ်။)
True Tea များ
လက်ဖက်ပင်ကနေ ပြုလုပ်ထားတဲ့ အဓိက လက်ဖက်ရည် (၅) မျိုးကို အောက်မှာ ဖော်ပြထားပါတယ်။ တစ်မျိုးချင်းစီရဲ့ အနံ့အရသာ၊ အရောင်အဆင်းတွေဟာ အရွက်ခူးတဲ့အချိန်နဲ့ ပြုလုပ်နည်းပေါ်မူတည်ပြီး ကွဲပြားပါတယ်။ ဒါ့အပြင် ကျန်းမာရေးကို အကျိုးပြုစေတဲ့ ပါဝင်ပစ္စည်းတွေလည်း မတူကြပါဘူး။
Black Tea
ဖွင့်ဆိုချက်။ လက်ဖက်ရွက်တွေကို ထုခြေပြီး အခြောက်ခံထားတဲ့အတွက် အရွက်ရဲ့အင်ဇိုင်းတွေထွက်လာပြီး အနက်ရောင်ဖြစ်စေပါတယ်။ ဒါကြောင့်လည်း black tea လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ Black tea တွေဟာ တစ်မျိုးနဲ့တစ်မျိုး အနည်းငယ်ကွဲပြားပါတယ်။ English breakfast tea ဟာ အရသာကြွယ်ဝတဲ့ black tea နှစ်မျိုးကို ရောစပ်ထားတာဖြစ်ပြီး Earl Grey tea မှာတော့ bergamot အဆီ ထည့်ထားတဲ့အတွက် ချိုမြိန်တဲ့ပန်းရနံ့ကို ပေးစွမ်းပါတယ်။
အရသာ။ Black tea တွေမှာ tannins ဆိုတဲ့ အပင်ဒြပ်ပေါင်းများစွာ ပါဝင်တဲ့အတွက် ခါးသက်သက်အရသာရှိပါတယ်။ ဒါပေမယ့် မသောက်နိုင်လောက်အောင် ခါးတာမျိုးတော့ မဟုတ်ပါဘူး။
ကောင်းကျိုးများ။ Black tea တွေမှာ ရောင်ရမ်းမှုကို သက်သာစေပြီး သွေးကြောတွေကို ပြေလျော့စေတဲ့ theaflavins (polyphenol တစ်မျိုး) ပါဝင်ပါတယ်။ ဒါကြောင့် မကြာခဏသောက်သုံးပေးမယ်ဆိုရင် နှလုံးအမောဖောက်နိုင်ခြေကို လျော့ကျစေပါတယ်။
ကဖိန်းဓာတ်။ လက်ဖက်ရည် ၈ အောင်စ တစ်ခွက်မှာ ကဖိန်းဓာတ် ၃၀ ကနေ ၅၀ မီလီဂရမ်အထိ ပါဝင်ပါတယ်။
Pu Erh
ဖွင့်ဆိုချက်။ တရုတ်စားသောက်ဆိုင်တွေသွားတိုင်း Pu Erh tea ကို သုံးဆောင်ရမှာပါ။ လက်ဖက်ရွက်တွေကို စိုထိုင်းတဲ့အနေအထားနဲ့ (တစ်ခါတစ်ရံ နှစ်ပေါင်း ၃၀ လောက်ကြာအောင်) သိပ်ထားတာ ဖြစ်ပါတယ်။ ဒီလိုသိပ်ထားခြင်းကြောင့် လက်ဖက်ရွက်မှာပေါက်လာတဲ့ မှိုအမျိုးအစားဟာ အခါးဓာတ်ကို လျော့နည်းသွားစေပါတယ်။ ပြီးတော့မှ အရွက်တွေကို လိမ်ပြီး နေလှန်းကာ လုံးပါတယ်။
အရသာ။ အရွက်တွေကို သိပ်ထားတဲ့ သက်တမ်းပေါ်မူတည်ပြီး နီညိုရောင်လက်ဖက်ရည်ရဲ့ အရသာဟာ မတူကြပါဘူး။ သက်တမ်းရင့်လေ အခါးလျော့လေ ဖြစ်ပါတယ်။
ကောင်းကျိုးများ။ လေ့လာမှုများအရ pu erh tea ဟာ အဝလွန်ခြင်း၊ ကိုလက်စထရောမြင့်မားခြင်း၊ ဆီးချိုရောဂါနဲ့ မှတ်ဉာဏ်ချို့ယွင်းရောဂါများ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်လို့ တွေ့ရှိရပါတယ်။
ကဖိန်းဓာတ်။ လက်ဖက်ရည် ၈ အောင်စ တစ်ခွက်မှာ ကဖိန်းဓာတ် ၃၀ ကနေ ၁၀၀ မီလီဂရမ်အထိ ပါဝင်ပါတယ်။
Oolong Tea
ဖွင့်ဆိုချက်။ Oolong tea ကို ပြုလုပ်မယ်ဆို လက်ဖက်ရွက်တွေကို ခပ်ဖန့်ဖန့်အနေအထားရအောင် အခြောက်ခံပြီး ညင်သာစွာ လုံးပေးရပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် လက်ဖက်ရည်အရောင်က စိမ်းဝါရောင် ဖြစ်လာပါတယ်။ Oolong tea ကို တရုတ်ရိုးရာ မင်္ဂလာပွဲတွေမှာ မင်္ဂလာလက်ဖက်ရည်အဖြစ် အသုံးပြုလေ့ရှိတဲ့အပြင် အိမ်မှာသောက်သုံးဖို့အတွက်လည်း အိတ်လိုက် ရောင်းချကြပါတယ်။
အရသာ။ အခြားလက်ဖက်ရည်တွေလိုပဲ စိုက်ပျိုးရာဒေသရာသီဥတု၊ လက်ဖက်ရွက်တွေကို အခြောက်ခံနည်းနဲ့ လုံးနည်းတွေပေါ် မူတည်ပြီး အရသာက သိသိသာသာ ကွဲပြားပါတယ်။ တစ်ချို့လက်ဖက်ရည်တွေက ပန်းရနံ့သင်းပျံ့ပြီး အရသာပေါ့ပါတယ်။ အချို့ကတော့ လက်ဖက်ခြောက်နံ့လေးသင်းပြီး ခါးတဲ့အရသာရှိပါတယ်။
ကောင်းကျိုးများ။ Oolong tea မှာ theasinensins လို့ ခေါ်တဲ့ antioxidant တွေ အဓိကပါဝင်တာကြောင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။
ကဖိန်းဓာတ်။ လက်ဖက်ရည် ၈ အောင်စ တစ်ခွက်မှာ ကဖိန်းဓာတ် ၃၀ ကနေ ၅၀ မီလီဂရမ်အထိ ပါဝင်ပါတယ်။
Green Tea
ဖွင့်ဆိုချက်။ လက်ဖက်ရွက်တွေကို ခူးပြီးတာနဲ့ ချက်ချင်းပေါင်းတာကြောင့် မူရင်းအစိမ်းရာင်အတိုင်း ရရှိပါတယ်။ Sencha၊ gunpowder၊ Hojicha စသဖြင့် green tea အမျိုးအစားများစွာရှိပြီး တစ်ခုချင်းစီမှာလည်း သီးခြားအရသာနဲ့ ပုံစံတွေ ရှိကြပါတယ်။ နာမည်ကျော် green tea ဖြစ်တဲ့ matcha ဆိုရင် အရွက်တွေကို မှုန့်ညက်နေအောင်ကြိတ်ပြီး ရေနွေးနဲ့ ဖျော်သောက်ရတာ ဖြစ်ပါတယ်။
အရသာ။ အများအားဖြင့် မြက်နံ့လိုလို၊ ပန်းနံ့လိုလို၊ သစ်သီးနံ့လိုလို အရသာရှိပြီး အနည်းငယ် ဖန်တဲ့အရသာလည်း ရှိပါတယ်။
ကောင်းကျိုးများ။ Green tea မှာ epigallocatechin gallate (EGCG) ဆိုတဲ့ antioxidant ပါဝင်တာကြောင့် နှလုံးကို ကာကွယ်ပေးပါတယ်။ လေ့လာမှုတစ်ခုအရ တစ်နေ့ကို လက်ဖက်ရည် တစ်ခွက် (သို့မဟုတ်) နှစ်ခွက် သောက်သုံးခြင်းအားဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ၁၁ ကနေ ၁၆ ရာခိုင်နှုန်းအထိ လျော့ကျစေတယ်လို့ ဆိုပါတယ်။ ကင်ဆာကို ကာကွယ်ပေးနိုင်တယ်လို့ ဆိုကြပေမယ့်လည်း တိကျတဲ့အထောက်အထား မရှိသေးပါဘူး။
ကဖိန်းဓာတ်။ လက်ဖက်ရည် ၈ အောင်စ တစ်ခွက်မှာ ကဖိန်းဓာတ် ၃၀ မီလီဂရမ် ပါဝင်ပါတယ်။ Matcha မှာတော့ အနည်းငယ်ပိုများနိုင်ပါတယ်။
White Tea
ဖွင့်ဆိုချက်။ လက်ဖက်ရွက်နုလေးတွေကို ခူးပြီးတာနဲ့ ချက်ချင်းအခြောက်ခံထားတာကြောင့် white tea ဟာ အခြားလက်ဖက်ရည်တွေထက် အရောင်ပိုနုပြီး အရသာလည်း ပိုပေါ့ပါတယ်။ ဈေးကွက်ထဲမှာ white tea လို့ရေးပြီး ရောင်းကြတာတွေရှိသလို white peony (တစ်နည်း bai mudan) သို့မဟုတ် silver needle လို့ တံဆိပ်တပ်ထားတဲ့ ဘူးတွေ၊ သံဘူးတွေကိုလည်း တွေ့နိုင်ပါတယ်။ ဒီလက်ဖက်ရည်တွေဟာ တစ်ချိန်က တော်ဝင်မိသားစုတွေသီးသန့်ပဲ သုံးဆောင်ခွင့်ရှိတာဖြစ်ပါတယ်။
အရသာ။ နူးညံ့တဲ့ ပန်းရနံ့နဲ့ မြက်နံ့အရသာကို ခံစားရနိုင်ပါတယ်။
ကောင်းကျိုးများ။ True tea အားလုံးထဲမှာမှ white tea မှာ EGCG antioxidant တွေ အများဆုံးပါဝင်ပါတယ်။ ဒါကြောင့် မကြာခဏသောက်သုံးခြင်းဖြင့် true tea တွေရဲ့ ကောင်းကျိုးအားလုံးကို ရရှိနိုင်ပါတယ်။
ကဖိန်းဓာတ်။ လက်ဖက်ရည် ၈ အောင်စ တစ်ခွက်မှာ ကဖိန်းဓာတ် ၃၅ မီလီဂရမ် ပါဝင်ပါတယ်။
Herbal Teas
ဆေးဖက်ဝင်လက်ဖက်ရည် (herbal tea) တွေကို ဆေးဖက်ဝင်အပင်များ၊ ပန်းများ၊ ဟင်းခတ်အမွေးအကြိုင်များ၊ သစ်မြစ်များ၊ သစ်သီးများ၊ သစ်ခေါက်များ စတဲ့ အပင်ပစ္စည်းများစွာနဲ့ ပြုလုပ်နိုင်ပါတယ်။ True tea တွေနဲ့ မတူတဲ့အချက်ကတော့ herbal tea အများစုမှာ ကဖိန်းဓာတ်မရှိပါဘူး။ ပါဝင်ပစ္စည်းတစ်မျိုးတည်းနဲ့ ပြုလုပ်ထားတဲ့ လက်ဖက်ရည်တွေရှိသလို ရောနှောပေါင်းစပ်ထားတဲ့ လက်ဖက်ရည်တွေလည်း ရှိပါတယ်။ နာမည်ကျော် herbal tea (၄) မျိုးအကြောင်းကို အောက်မှာ ဖော်ပြလိုက်ပါတယ်။
Chamomile
ဖွင့်ဆိုချက်။ ချာမိုမိုင်းပန်းခြောက်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အိတ်တွေ၊ ဘူးတွေနဲ့ ရောင်းတဲ့ loose tea တွေမှာ ပန်းအပွင့်လိုက်အတိုင်း သုံးထားပြီး တစ်ခါသောက်လက်ဖက်ရည်ထုပ် (tea bag) မှာတောာ့ အပွင့်အကြေတွေကို သုံးထားပါတယ်။
အရသာ။ ဒီ နာမည်ကျော် ဆေးဖက်ဝင်လက်ဖက်ရည် (tisane) ဟာ ပန်းရနံ့သင်းသင်းလေးနဲ့ ချိုမြတဲ့အရသာရှိပါတယ်။ အပွင့်လိုက်သုံးထားတဲ့ loose tea ကတော့ အရသာအရှိဆုံးပါပဲ။
ကောင်းကျိုးများ။ ချာမိုမိုင်းဟာ အိပ်ပျော်စေတဲ့ဆေးအဖြစ် ကောင်းသတင်းရှိပြီး သုတေသနတွေကလည်း ဒီအချက်ကို ထောက်ခံချက်ပေးထားပါတယ်။ အိပ်ယာမဝင်ခင်မှာ ချာမိုမိုင်းလက်ဖက်ရည်ကို သောက်သုံးခြင်းဖြင့် ပိုပြီးနှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ရောင်ရမ်းခြင်းကို သက်သာစေနိုင်စွမ်းလည်းရှိပြီး အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေတဲ့အပြင် ဆီးရွှင်ဆေးအနေနဲ့လည်း အသုံးပြုကြပါတယ်။
Ginger
ဖွင့်ဆိုချက်။ ဂျင်းတက်တစ်ခုလုံးကို အခြောက်ခံထားတာဖြစ်ပြီး တစ်ခါတစ်ရံမှာ အမှုန့်ကြိတ်ထားပါတယ်။ ရေနွေးပူပူလောင်းထည့်လိုက်တဲ့အခါမှာ စူးရှတဲ့ဂျင်းအရသာကို ရရှိပါတယ်။ စတိုးဆိုင်နဲ့ အွန်လိုင်းတွေမှာ ဝယ်လို့ရတဲ့ Yogi တံဆိပ်လို ဂျင်းလက်ဖက်ရည် (loose tea သို့မဟုတ် tea bag) တွေမှာ စပါးလင် သို့မဟုတ် နွယ်ချိုမြစ်လို အခြားဆေးဖက်ဝင်အပင်တွေလည်း ပါဝင်တတ်ပါတယ်။
အရသာ။ ဂျင်းလတ်လတ်ဆတ်ဆတ်ကို ဟင်းထဲထည့်ချက်တဲ့အခါ ရလာတဲ့အရသာလိုမျိုးပဲ ဂျင်းလက်ဖက်ရည်ဟာ ပူစပ်ပြီး အနည်းငယ်ချိုပါတယ်။ အနံ့ကတော့ မွှန်ပြီးစူးရှပါတယ်။
ကောင်းကျိုးများ။ တိုင်းရင်းဆေးပညာမှာ ဂျင်းကို အစာမကြေခြင်း၊ ပျိုအန်ခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့ကို သက်သာစေဖို့ အသုံးပြုကြပါတယ်။ သုတေသနတွေအရတော့ ဂျင်းလက်ဖက်ရည်ဟာ ရောင်ရမ်းခြင်းကို သက်သာစေပြီး ကင်ဆာရောဂါအချို့ကိုလည်း ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
Rooibos
ဖွင့်ဆိုချက်။ ဒီလက်ဖက်ရည်ကို Rooibos လို့ လူသိများပေမယ့် red bush tea လို့လည်း ခေါ်ပါတယ်။ Rooios ဟာ တောင်အာဖရိကမှာပေါက်တဲ့ Aspalathus linearis အပင်က အရွက်နဲ့အပွင့်တွေကို အခြောက်ခံထားတာဖြစ်ပါတယ်။ Rooibos tea ကို loose tea အနေနဲ့ရော tea bag အနေနဲ့ပါ ရောင်းပါတယ်။ သူ့အတိုင်းသောက်သုံးနိုင်သလို Madagascar Vanillla Rooibos Tea နဲ့ Harney & Sons Holiday Herbal တို့လို လက်ဖက်ရည်တွေနဲ့လည်း ရောနှောသောက်သုံးနိုင်ပါတယ်။
အရသာ။ သဘာဝဆန်ဆန် ပန်းရနံ့သင်းတဲ့ အရသာရှိပါတယ်။ မူရင်းအချိုဓာတ်ရှိပြီးသားမို့ သကြားတို့၊ ပျားရည်တို့ ထပ်ထည့်စရာမလိုပါဘူး။
ကောင်းကျိုးများ။ များစွာသော သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်တွေနဲ့ ဟင်းခတ်မွေးအကြိုင်တွေလိုပဲ rooibos မှာ flavonoids ဆိုတဲ့ antioxidant တွေ အပြည့်အဝပါရှိပါတယ်။ သုတေသနတွေအရတော့ rooibos ta ဟာ မကောင်းတဲ့ကိုလက်စထရောနဲ့ သွေးတွင်းသကြားဓာတ်ပမာဏ မြင့်မားတာတွေကို လျှော့ချပေးတယ်လို့ ဆိုပါတယ်။
Peppermint
ဖွင့်ဆိုချက်။ ပူစီနံပင်ရဲ့ အရွက်တွေကို အခြောက်ခံထားတာဖြစ်ပါတယ်။
အရသာ။ ပူစီနံဟာ ပူရှိန်းစူးရှတဲ့အရသာ ရှိပါတယ်။ Loose tea သို့မဟုတ် tea bag အနေနဲ့ သူ့ချည်းပဲ သောက်သုံးနိုင်သလို ပူရှိန်းရှိန်းအရသာ လျှော့ချချင်ရင်တော့ Mint Medley လို spearmint ပါဝင်တဲ့ လက်ဖက်ရည်တွေနဲ့ ရောစပ်သောက်သုံးနိုင်ပါတယ်။ ဒါ့အပြင် ဂျင်း၊ နွယ်ချိုမြစ်၊ ချောကလက် စတာတွေကို ပူစီနံကို ပေါင်းစပ်ထားတဲ့ လက်ဖက်ရည်တွေကိုလည်း သောက်ကြည့်သင့်ပါတယ်။ Dark Chocolate Peppermint Tea လို နောက်ပိုင်းထုတ်တဲ့ လက်ဖက်ရည်တွေမှာ ကဖိန်းဓာတ်ပါတတ်တာမို့ မအိပ်ခင်သောက်မယ်ဆိုရင် သေချာစစ်ဆေးပြီးမှ သောက်သင့်ပါတယ်။
ကောင်းကျိုးများ။ Peppermint tea နဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျသုတေသနတွေ အများကြီးမရှိပါဘူး။ ဒါပေမယ့် ဒီလက်ဖက်ရည်ကို အစာအိမ်နဲ့ လေရောဂါတွေအတွက် အိမ်တွင်းဆေးအဖြစ် ကာလကြာရှည်စွာ အသုံးပြုခဲ့ကြပါတယ်။ GERD ဆိုတဲ့ နာတာရှည်ရင်ပူရောဂါရှိသူတွေကတော့ peppermint tea ကို လုံးဝမသောက်သုံးသင့်ပါဘူး။
မှတ်ချက်/ မြန်မာ့ဂဇက် ဧပြီ/မေထုတ်တွင်.. ပုံနှိပ်ဖေါ် ပြပြီးဖြစ်သည်။

+https://youtu.be/AxRa8_pbOGY?si=xrU2lDWvYOXP4Gdl
