သက်ရဖျည် ကျန်မာ သာသနာ / မဟာဝတဟာရကျောင်းတိုက်။ /လှည်းကူး


ကျောက်ကပ်ရောဂါ ကြောက်စရာ
စာရေးဆရာ ၊ အင်ဂျင်နီယာ ဦးကျော်ဦး၏
ကိုယ်တွ့ပညာပေး ဆောင်းပါးကောင်းကို
ပြန်လည်ကူးယူ မျှဝေပါသည် ။
ရည်ညွှန်း
ကျောက်ကပ်ရောဂါ ပညာပေး
မြန်မာဘာသာ
kidney.org
http://www.kidney.org
HEALTH MATTERS
ကျောက်ကပ်ရောဂါ ကြောက်စရာ
အင်ဂျင်နီယာမိတ်ဆွေကြီး
စာရေးဆရာ ဦးကျော်ဦး ၏
ကျောက်ကပ်ရောဂါ အကြောင်း
သီကောင်းစရာ ဆောင်းပါးများကို
တစ်ကိုယ်ရေကျန်းမာရေးလိုက်စားသူ
အများပြည်သူများအတွက်
ပြန်လည် စုစည်း ကူးယူ ဖေါ်ပြ
မျှဝေပေးလိုက်ပါသည် ။
ဦးကျော်ဦး၏
ကျောက်ကပ်ရောဂါ သိစရာ ဆောင်းပါး များ
ကျော်ဦးဆောင်းပါး (၁)+ (၂)
ကျွန်တော်ရော၊ ဇနီးဖြစ်သူပါ ကျောက်ကပ်အားနည်းသည့်ရောဂါ(CKD)ကို ကုသခဲ့ရာတွင် ဆရာဝန်ပြောသမျှနှင့် မကျေနပ်ဘဲ ကိုယ်တိုင် စွမ်းနိုင်သမျှ ခြေခြေမြစ်မြစ် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခဲ့သဖြင့် ယင်းရောဂါအကြောင်း သာမန်ရောဂါသည်များထက် ပိုသိနေသည်။ သိသမျှကို ပို့စ်ရေး၍ မျှဝေမည်ဟု စိတ်ကူးရသည်မှာ ကြာပြီဖြစ်သော်လည်း ကိုယ်တိုင်က ဆရာဝန် မဟုတ်သဖြင့် ယင်းစိတ်ကူးကို စွန့်လွှတ်ထားခဲ့သည်။ ဒီနေ့မနက်ကြုံရသော အချက်နှစ်ချက်ကြောင့် မိမိသိသမျှကို ရေးပြမှပဲ ဖြစ်တော့မည်ဟု ဆုံးဖြတ်၍ ဤပို့စ်ကို တင်ပါသည်။ မှားယွင်းချွတ်ချော်မှုများ ရှိပါလျှင် ဆေးပညာရှင်များက အများအကျိုးအတွက် ပြင်ဆင်ပေးပါရန် ပန်ကြားအပ်ပါသည်။
ဒီနေ့ မိတ်ဆွေတစ်ဦးနှင့် စကားစပ်မိရာက သူလည်း ကျောက်ကပ်အားနည်းသူ သို့မဟုတ် တာရှည်ကျောက်ကပ်ရောဂါ (CKD) ဖြစ်နေကြောင်း သိရသည်။ တာရှည်ကျောက်ကပ်ရောဂါသည်များသည် လူကောင်းတို့ထက် ပရိုတင်းကို လျှော့စားရသည်။ ပရိုတင်းမည်မျှလျှော့စားရမည်ကို လူနာ၏ အခြေအနေကို လိုက်၍ ဆရာဝန်က ညွှန်ကြားရသည်။ ပရိုတင်းလျှော့စားသောကြောင့် ခန္ဓာကိုယ်၏ ဇီဝကမ္မစနစ် မထိခိုက်စေရန် ဖြည့်စွက်အစာတစ်မျိုးကို နေ့စဉ်စားပေးရသည်။ မြန်မာဆရာဝန်တို့ အပေးများသော ယင်းဖြည့်စွက်အစာက NOCID ဖြစ်သည်။
ကျွန်တော့မိတ်ဆွေကိုလည်း သူ့ဆရာဝန်က NOCID သောက်ခိုင်းထားသည်။
ကျွန်တော်က သူ့ကိုမေးသည်။ ”အစားအသောက်နဲ့ ပတ်သက်ပြီး ဆရာဝန်က ဘာပြောသေးသလဲ”
”အသားနည်းနည်းလျှော့စားလို့ ပြောတယ်။ ပြီးတော့ NOCID တစ်ရက် နှစ်လုံးသောက်ရမယ်လို့ ညွှန်ကြားတယ်”
”ဟုတ်ပြီ၊ အသားဘယ်လောက်လျှော့စားရမယ်လို့ ပြောသလဲ”
”အတိအကျ မပြောဘူး၊ နည်းနည်းလျှော့ဆိုတော့ ကျွန်တော်ကလည်း နည်းနည်းပဲ လျှော့စားနေတာပဲ”
တာရှည်ကျောက်ကပ်ရောဂါသည်များသည် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ၁ ရက် ပရိုတင်း ဝ ဒသမ ၆ ဂရမ်မှ ဝ ဒသမ ၈ ဂရမ်အတွင်းသာ စားသင့်သည်ဟု ဆေးပညာရှင်များက ဆိုသည်။ သို့သော် ကျွန်တော်တို့ ဇနီးမောင်နှံကိုရော၊ အထက်က မိတ်ဆွေအပါအဝင် ကျွန်တော်မေးခဲ့သမျှ တာရှည်ကျောက်ကပ်ရောဂါသည်များကိုပါ မြန်မာဆရာဝန်တို့က ဖော်ပြပါအတိုင်း အတိအကျ မညွှန်ကြားကြပါ။ အသားလျှော့စားရမည်ဟုသာ ပြောကြသည်။
ဘာ့ကြောင့် အတိအကျ မညွှန်ကြားသလဲ။ ကိုယ်အလေးချိန်နှင့် ရောဂါအခြေအနေကို လိုက်ပြီး စားရမည့် ပရိုတင်းပမာဏကို တွက်ရမည်။ ပြီးတော့ ဘယ်အစာမှာ ပရိုတင်းဘယ်လောက်ပါသလဲ ဆိုတာကို ထပ်တွက်ပြီး လူနာကို ထမင်းက ဘယ်လောက်၊ ပေါင်မုန့် ဘယ်လောက်၊ ဘယ်အသားက ဘယ်လောက်ပဲစား စသဖြင့် အသေအချာ ရှင်းပြရမည်။ ယင်းသို့ရှင်းနေလျှင် လူနာတစ်ဦး အနည်းဆုံး ငါးမိနစ်ကြာမည်။ ဆရာသမားများက ယင်းမျှ အချိန်အကုန်မခံနိုင်သည့်အတွက် ”အသားနည်းနည်းလျှော့စား” ဆိုတာနဲ့ပဲ ပြီးသွားသည်။ တွေးမိသမျှ ပြောရခြင်း ဖြစ်ပါသည်။ ဟုတ်ချင်မှဟုတ်မည်။
”အသားနည်းနည်းလျှော့စား”ဟုဆိုရာတွင် ဘယ်လောက်နည်းသည်ကို နည်းနည်းခေါ်သလဲဆိုတာကို မသိကြသဖြင့် လူနာအတော်များများမှာ လျှော့သင့်သလောက် မလျှော့ကြသောကြောင့် ရောဂါကုသရာတွင် ထိရောက်မှု နည်းသည်ဟု ယူဆနိုင်သည်။ ရောဂါမသက်သာ။ ကျောက်ကပ်အားနည်းသော လက္ခဏာများ တိုး၍ ဖြစ်ပေါ်လာသည်။ နောက်တစ်ချက်က ဖြည့်စွက်အစာ NOCID ကို သောက်ခြင်းသည် ပရိုတင်းလျှော့စားသည်ကို အားဖြည့်ပေးရန်ဟု ဆိုထားရာ ပရိုတင်းလျှော့သင့်သလောက် လျှော့မစားကြသူတို့အတွက် NOCID သောက်ခြင်းသည် အပိုကြီးဖြစ်နေသည်၊ ငွေကုန်တာပဲ အဖတ်တင်သည်ဟု ထင်သည်။ တွေးမိသမျှ ပြောရခြင်း ဖြစ်ပါသည်။ ဟုတ်ချင်မှဟုတ်မည်။
ဆရာဝန်တွေက ပြောသင့်တာတွေကို ပြည့်ပြည့်စုံစုံ မပြော၊ မပြောတော့ ဆောင်ရန် ရှောင်ရန်တို့ကို သေသေချာချာမသိ၊ မသိတော့ ရောဂါမသက်သာသူများထဲတွင် ကျွန်တော့ဇနီးလည်း ပါသည်။ ပထမသမားတော်နှင့် ပြသည်။ အသားလျှော့စား၊ NOCID တစ်ရက် နှစ်လုံးသောက်ဟု ညွှန်ကြားသည်။ တစ်လကြာသော်လည်း မသက်သာ။ ဒုတိယသမားတော်နှင့် ပြသည်။ အသားလျှော့စား၊ NOCID တစ်ရက် နှစ်လုံးသောက်ဟုပင် ညွှန်ကြားသည်။ နောက်တစ်လကြာသော်လည်း မသက်သာ။ တတိယသမားတော်နှင့် ပြသည်။ အရင်သမားတော်တွေ အတိုင်းပါပဲ။
သို့နှင့် ကိုယ့်မြန်မာဆရာကြီးတွေနဲ့တော့ မဖြစ်ချေဘူးဟု ဆုံးဖြတ်ကာ ၂၀၂၃ အောက်တိုဘာတွင် စင်ကာပူသို့ သွားသည်။ စင်ကာပူကျောက်ကပ်သမားတော်က သောက်ဆေး(NOCID မဟုတ်)အပြင် လူနာလိုက်နာရမည့် အစားအသောက် အနေအထိုင်ပုံစံများကို တိကျပြတ်သားသော စကားလုံးများ၊ ပုံများဖြင့် ရှင်းရှင်းလင်းလင်း သိစေသည်။ သူ၏ ကုသမှုကို ခံယူအပြီး တစ်နှစ်ခွဲခန့်အကြာ ယခု ၂၀၂၅ မေလတွင် သူ့ကျောက်ကပ်အားနည်းမှုကို ကောင်းစွာ ထိန်းနိုင်ပြီး အခြေအနေ သိသာစွာ တိုးတက်လာကြောင်း တွေ့ရပါသည်။
အထက်က ရေးခဲ့သည်များမှာ မြန်မာနှင့်စင်ကာပူကျောက်ကပ်သမားတော်များ၏ ညွှန်ကြားချက်များကို ထပ်ဆင့်လေ့လာရာမှ သိလာသောအချက်များ ဖြစ်ပါသည်။ သည်အကြောင်း အစက မရေးခဲ့သည်မှာ တာရှည်ကျောက်ကပ်ရောဂါကို ကုသရာ၌ သိသင့်သည်တို့ကို မြန်မာလို မပြန်ဝံ့သောကြောင့် ဖြစ်သည်။ ဆရာဝန်မဟုတ်သဖြင့် အမှားပါမည် စိုးသည်။ အမေရိကန်အခြေစိုက် ကျောက်ကပ်ဖောင်ဒေးရှင်း(NKF)က တာရှည်ကျောက်ကပ်ရောဂါအကြောင်း သိသင့်သည်တို့ကို အင်္ဂလိပ်အပါအဝင် ဘာသာ ၁၃ မျိုးဖြင့် ပြန်ဆိုဖြန့်ချိထားသည့်အထဲတွင် မြန်မာဘာသာလည်း ပါဝင်ကြောင်း ဒီနေ့ကျမှ တွေ့ရသဖြင့် မိတ်ဆွေများ သိစေရန် ဝေမျှပါသည်။ မြန်မာသမားတော်တို့ မိမိလူနာကို အချိန်ယူပြောသင့်သော်လည်း မပြောသည်များထဲမှ အချို့ကို အောက်ပါလင့်ခ်၌ မြန်မာဘာသာဖြင့် လေ့လာနိုင်ကြပါသည်။
ရည်ညွှန်း။ ကျောက်ကပ်ရောဂါ ပညာပေး မြန်မာဘာသာ။ kidney.org
http://www.kidney.org
ကျောက်ကပ်ရောဂါအကြောင်း သိကောင်းစရာ
ကိုယ် တွေ့ဆောင်းပါး ကို
အများပြည်သူကျန်းမာရေးအတွက်
ရှာဖွေ ရေးသားဖေါ်ပြပေးသူ
စာရေးဆရာအင်ဂျင်နီယာ ဦးကျော်ဦးကို
အထူးကျေးဇူးတင်ရပါသည်
တာရှည်ကျောက်ကပ်ရောဂါ(CKD – Chronic Kidney Disease)တွင် အဆင့် (၁)မှ (၅)အထိ ရှိသည်၊ အဆင့် (၅)အထိရောက်လျှင် ကျောက်ကပ်ဆေးရသည်ဟု နားလည်ထားသည်။ ဆေးရုံဆေးခန်းများ၏ ကျောက်ကပ်ဆေး ဝန်ဆောင်မှု ကြော်ငြာများ၊ စေတနာရှင်အချို့က ကျောက်ကပ်ဆေးစက်လှူဒါန်းသည့်သတင်းများကို မကြာခဏ တွေ့ရခြင်းကို ထောက်၍ ကျောက်ကပ်ဆေးနေရသူများ မြန်မာနိုင်ငံ၌ မနည်းလှကြောင်း သိနိုင်သည်။ ကျောက်ကပ်မဆေးရသေးသော်လည်း ယင်းအဆင့်သို့ တရွေ့ရွေ့နီးကပ်လာနေသူက ပို၍များမည်။
တာရှည်ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်သလား (Is CKD preventable?) ဟု ဂူးဂဲလ်တွင် ရှာကြည့်ပါ။ ယင်းရောဂါကို အမြဲတမ်း မကာကွယ်နိုင်၊ သို့သော် ပိုပြီး ဆိုးမလာအောင် အကာအကွယ်ပေးနိုင်သော နည်းလမ်းများ ရှိသည်။ စောစောသိ၊ စောစောကုလျှင် ကျောက်ကပ်အခြေအနေကို အတိုင်းအတာတစ်ခုအထိ ပိုကောင်းလာအောင်ပင် လုပ်နိုင်သည့်နည်းများ ရှိသည်ဟု ဆေးပညာရှင်များက ဆိုထားကြောင်း တွေ့ရမည်။ အဆိုပါနည်းလမ်းများအနက် မြန်မာနိုင်ငံတွင် အလွယ်တကူနှင့် လက်တွေ့ကျကျ လုပ်နိုင်သည့်နည်းတစ်ခုကို တင်ပြလိုပါသည်။
တစ်နေ့က ပို့စ်တွင် ဝေမျှထားသော အမေရိကန်အခြေစိုက် ကျောက်ကပ်ဖောင်ဒေးရှင်း၏ မြန်မာဘာသာ ပညာပေးစာစောင်တွင် ”ကျောက်ကပ်မဆေးသည့် ကျောက်ကပ်ရောဂါရှိသူများအတွက် ပရိုတင်းဓာတ် နည်းသည့် အစားအစာများကို စားရန်”ဟု ပါရှိသည်။ ယင်းအချက်ကို အခြေပြု၍ ဆက်လက်လေ့လာလျှင် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လျှင် ပရိုတင်း ဝ ဒသမ ၆ ဂရမ်မှ ဝ ဒသမ ၈ ဂရမ်အတွင်းသာ စားသင့်ကြောင်း ဆေးပညာရှင်အများစုက အကြံပြုထားသည်ကို တွေ့ရမည်။ ပျမ်းမျှယူလျှင် ဝ ဒသမ ၇ ဂရမ်ဟု ဆိုပါစို့။ ကီလို ၆၀ (၁၃၂ ပေါင်)လေးသော တာရှည်ကျောက်ကပ်ရောဂါသည် (အဆင့် ၁ မှ အဆင့် ၄)သည် တစ်ရက် ပရိုတင်း ၄၀ ဂရမ်ကျော်ကျော်ခန့်သာ စားသင့်သည်။
ပရိုတင်းစားသုံးမှုနှင့် ပတ်သက်၍ အချို့က ”မြန်မာတွေဟာ အသားသိပ်များများ စားတတ်တာမဟုတ်လို့ အဲသလောက် ဂရုစိုက်စရာမလို၊ အသားနည်းနည်းလျှော့စား”လို့ ပြောရင်ရပြီဟု ယူဆကြသည်။ မမှန်ပါ။ ပရိုတင်းသည် အသားထဲမှာသာ ပါတာမဟုတ်၊ အခြားအစားအစာများထဲမှာလည်း ပါသည်။ အခြားအစားအစာများကို ထားဦး၊ မြန်မာတို့ အစားများသော အသင့်စားခေါက်ဆွဲထုပ်များတွင်ပင် တံဆိပ်ကိုလိုက်၍ ပရိုတင်း ၄ ဂရမ်ကျော်၊ ၅ ဂရမ်ခန့် ပါဝင်နေပါသည်။ ကြက်ဥပုံမှန်အရွယ်တစ်လုံးတွင် ပရိုတင်း ၆ ဂရမ်၊ အလတ်စားပန်းကန်လုံးအရွယ် ထမင်းတွင် ပရိုတင်း ၄ ဂရမ်ခန့် ပါသည်။ တာရှည်ကျောက်ကပ်ရောဂါသည်တစ်ဦးသည် တစ်ရက် ကြက်ဥတစ်လုံးနှင့် ထမင်းကို အလတ်စားပန်းကန်လုံးအရွယ်မျှ စားလျှင်ပင် ပရိုတင်း ၁၀ ဂရမ်ခန့် (တစ်ရက်စားသင့်သည့် ပမာဏ၏ လေးပုံတစ်ပုံ) ဗိုက်ထဲရောက်သွားပြီ။ ကြက်သားတစ်တုံး ၂၀ ဂရမ်မှ ၃၀ ဂရမ်အထိ ပါသည် (ပူးတွဲပုံကိုကြည့်ပါ)။ အရွက်အချို့၊ အသီးအနှံအချို့၊ အဆာပြေမုန့်အချို့ အပါအဝင် အခြားအစာများတွင် ပါနိုင်သည့် ပရိုတင်းတို့ကိုပါ ထည့်တွက်လျှင် တာရှည်ကျောက်ကပ်ရောဂါသည် တစ်ဦးသည် အာဟာရ အသိပညာ ဗဟုသုတကို အလေးအနက်ထားပြီး မလိုက်နာလျှင် သူစားသင့်သော ပမာဏ တစ်ရက် ပရိုတင်း ၄၀ ဂရမ်ခန့်မကျော်အောင် ထိန်းနိုင်ဖို့ မလွယ်ကြောင်း သိသာပါသည်။ ထို့ကြောင့် ပရိုတင်း စားသုံးမှုနှင့် ပတ်သက်ပြီး လူနာများအား ယခုထက် ပို၍ အသိပညာဖြန့်ဝေမှုများ လုပ်ရန် လိုအပ်ပါသည်။
အသိပညာဖြန့်ဝေရာတွင် အမေရိကန်အခြေစိုက် ကျောက်ကပ်ဖောင်ဒေးရှင်း၏ မြန်မာဘာသာ ပညာပေး စာစောင်ကို အတုယူကာ မြန်မာဆရာဝန်၊ ဆေးရုံဆေးခန်းတို့က မြန်မာလူနာတို့နှင့် ဆီလျော်သော ပညာပေးစာစောင် ထုတ်ဝေသင့်သည်။ ယင်းစာစောင်၌ သွေးတိုး ဆီးချိုထိန်း၊ ဆေးလိပ်မသောက်နဲ့ စသည်တို့အပြင် လိုက်နာရမည့် အစားအသောက် အနေအထိုင်တွေကို ထည့်၊ မိမိကိုယ်အလေးချိန်အလိုက် စားသင့်သော ပရိုတင်းပမာဏ တွက်နည်းကိုပါ ဖော်ပြသင့်သည်။ ပြီးတော့ ပူးတွဲပါကြက်သားပုံကဲ့သို့ မြန်မာတို့ အစားများသည့် အစားအစာများတွင် ပါသော ပရိုတင်းပမာဏကို ရောင်စုံပုံများဖြင့် ဝေဝေဆာဆာ ထည့်သွင်းသင့်သည်။ ထိုမျှဆိုလျှင် လူနာများသည် မိမိစားရမည့်အစာကို ချင့်ချိန်နိုင်ပါပြီ။ A-4 အရွယ် လေးမျက်နှာခန့် ရှိနိုင်သော ယင်းပညာပေးစာစောင်ကို ပုံနှိပ်လျှင် တစ်စောင် ၂၀ဝ ကျပ်မျှသာ ကုန်ကျလိမ့်မည်။ ယင်းစာစောင်ကို ကျောက်ကပ်သမားတော်များက မိမိလူနာများအား ပေးပြီး “စာပါအတိုင်း လိုက်နာပါ”ဟု လေးလေးနက်နက်ပြောပေးလျှင် လူနာများအတွက် အတော်အကျိုးဖြစ်ထွန်းပါလိမ့်မည်။ စင်ကာပူကျောက်ကပ်သမားတော်က ဤအတိုင်း လုပ်သည်။ ရောဂါအကြောင်း လူနာကို အသိပေးရှင်းပြလိုသော်လည်း မိမိတို့၏ အဖိုးတန်လှသည့်အချိန်ကို ငဲ့၍ စကားအပိုမပြောလိုသော မြန်မာဆရာဝန်များအတွက်လည်း လူနာကို စာစောင်မှတဆင့် ရှင်းပြပြီးသား ဖြစ်မည်။
“အခုပေးသောအကြံက ကောင်းတော့ ကောင်းပါရဲ့၊ ဆရာဝန်များ၊ ဆေးခန်းများက လိုက်လုပ်ကြပါ့မလား”ဟု မေးနိုင်ပါသည်။ အမေရိကန်အခြေစိုက် ကျောက်ကပ်ဖောင်ဒေးရှင်းသည် မြန်မာလူနာများထံက ငွေကြေးတစ်ပြားတစ်ချပ်မျှ မရသော်လည်း မြန်မာတာရှည်ကျောက်ကပ်ရောဂါသည်များအတွက် ပညာပေးစာစောင်ကို မြန်မာဘာသာဖြင့် ထုတ်ဝေဖြန့်ချိပေးထားသည်။ မြန်မာလူနာများထံက တိုင်ပင်ခ၊ ကုသခ၊ ဝန်ဆောင်ခ ယူထားသော မြန်မာဆရာဝန်များ၊ မြန်မာဆေးခန်းများက လိုက်မလုပ်ဘဲ နေကြမည်မဟုတ်ဟု ယူဆပါသည်။ လိုက်မလုပ်ဘူးဆိုလျှင်လည်း ဘာမျှပြောစရာ မရှိပါ။

