အောင်ပန်းဟော်တယ် https://fb.watch/z_Ik1x_uMQ/?
=================================
ဘယ်နေ့၊ဘယ်ရက်၊ဘယ်အချိန် ငလျင်လှုပ်မယ်ဆိုတာ
ကြိုမသိနိုင်ပါ
(ပထဝီဝင်ပါမောက္ခတစ်ဦး၏ရှုထောင့်အမြင်)
ကိုအေး(ပထဝီဂုဏ်)
“ဒုက္ခတွေကများ၊ဗုဒ္ဓကယ်ပါဘုရား”
========

စကားချီး
ကျွန်ုပ်ချစ်ခင်မြတ်နိုးသော အမိမြေ၊
-ကျွန်ုပ်နှစ်ပေါင်းများစွာ ပြည်သူ့ဝန်ထမ်းဘ၀ဖြင့် အလုပ်အကျွေးပြုခဲ့သောအမိမြေ၊
-ကျွန်ုပ်ယနေ့တိုင်အောင် တိုင်းကျိုးပြည်ပြုစာပေများရေးသားပြီးကျေးဇူးဆပ်ဆဲအမိမြေ၊
-ဤအမိမြေတွင် (၂၈.၀၃.၂၀၂၅) ရက်နေ့၊ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့သော အ နိဋ္ဌာရုံမြေငလျင်ကပ်ဆိုးကြီးသတင်းကို ဤနိုင်ငံ၏ ပစိဖိတ်စံတော်ချိန်၊ နံနက်စောစောပိုင်း၊ အရုဏ်မတက်မီ (၅း၀၀) နာရီ၊ အိမ်ပေါ်ထပ်၊ ဘုရားခန်းအတွင်း ကျွန်ုပ်ဓမ္မလေ့ကျင့်မှု ပြုလုပ်အပြီးတွင် ကြားသိ (တွေ့မြင်) လိုက်ရပါတယ်။
တို့နိုင်ငံ၊ တို့အမိမြေ၊ တို့ပြည်သူတွေဟာဒီလောက်တောင်မှ ကံဆိုးလှချည်လားကွာ” လို့ . . .
-တစ်ယောက်ထည်း ဘုရားခန်းထဲမှာ ရေရွတ်နေမိခဲ့ပါတယ်။
-တကယ်တော့ ကျွန်ုပ်တွင် ပြောစရာစကားမရှိတော့ပါ။
=====

နိဒါန်း
ဒီမြေငလျင်အန္တရာယ်၊မြေငလျင်ဒုက္ခတွေအကြောင်းကို ကျွန်ုပ်သည် . . .

• လွန်ခဲ့တဲ့(၅၈နှစ်)ခန့်ကတည်း တက္ကသိုလ်စာသင်ခန်းထဲမှာလည်းကောင်း၊
• ကျောင်းသုံးစာအုပ်တွေထဲမှာလည်းကောင်း၊
• ဟောပြောပွဲ၊ သုတေသနဆွေးနွေးပွဲတွေမှာလည်းကောင်း၊
• ပြည်တွင်း၊ ပြည်ပကွန်ဖရင့်တွေမှာလည်းကောင်း၊
အကြိမ်ကြိမ်၊ အခါခါ –

-သင်ကြားပို့ချခဲ့၊
-ရေးသားပြုစုခဲ့၊
-ဟောပြောခဲ့၊
-တင်ပြဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။
-အထူးသဖြင့် နိုင်ငံတော်တာဝန်ရှိပုဂ္ဂိုလ်များကို တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် မေတ္တာ၊ စေ တနာရှေ့ထား၍ အလေးထားဆောင်ရွက်လုပ်ကိုင်သင့်သည့်လုပ်ငန်းများကို နည်းလမ်းအသွယ်သွယ်ဖြင့် အကြံပြုတင်ပြခဲ့ပါတယ်။
-သို့သော်၊ . . . သို့သော်၊ . . .
ဘာတစ်ခုမျှ အရာမထင်ခဲ့ပါချေ။
အခြားသောပညာရှင်အသီးသီးလည်း ကျွန်ုပ်ကဲ့သို့ပင် ခံစားမိမည်ထင်ပါ
တယ်။
-ကျွန်ုပ်တို့၏ဓမ္မဒိဋ္ဌာန်ကျလှသော ဘက်မလိုက်သည့် ပညာရပ်ဆိုင်ရာအကြံပြုချက်များကို “လုံး၀ ယူသုံးပါ”ဟု . . .
-ကျွန်ုပ်တို့က ဘယ်တုံးကမှ မတောင်းဆိုခဲ့ဖူးပါ။
-နိုင်ငံလုံးဆိုင်ရာအမျိုးသားစီမံကိန်းတွေ ရေးဆွဲချမှတ် အကောင်အထည်ဖော်ဆောင်ရာမှာ ထည့်သွင်းစဉ်းစားမယ်ဆိုရင်တောင် ကြေနပ်နေကြမယ့် ပညာရှင်စစ်စစ်တွေ ဖြစ်ပါတယ်။
-အချုပ်ဆိုရရင်တော့ . . .
ကျွန်ုပ်တို့အမိမြေကို ခေတ်အဆက်ဆက် စိုးမိုးအုပ်ချုပ်၊ မင်းလုပ်ချင်တဲ့လူတွေဟာ (များသောအားဖြင့်)
ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များကို (အမှန်တကယ်) အလေးဂရုပြုခဲ့လိုခြင်း မရှိ ဟု ခံစားမိပါတယ်။
-အလွန်ပင်ဝမ်းနည်းဘွယ်ကောင်းလေစွ။
=================
မြေငလျင်ဆောင်းပါးစီးရီး
-ကျွန်ုပ်ကို မည်သူကတိုက်တွန်းနှိုးဆော်နေသည်မသိပါ။
-ယခု၂၀၂၅ခုနှစ်၊ မတ်လဆန်းလောက်ကတည်းက ဘုရားခန်းထဲမှာထိုင်နေရင်း မြန်မာနိုင်ငံနှင့် မြေငလျင်အန္တရာယ်ဆိုင်ရာဆောင်းပါးတွေ ရေးချင်စိတ်ပေါ်လာခဲ့ပါတယ်။
-ဒါ့ကြောင့် . . .
(၁၁.၀၃.၂၅)ရက်နေ့တွင် ဆောင်းပါး(၁)
(၁၆.၀၃.၂၅)ရက်နေ့တွင် ဆောင်းပါး(၂)နှင့်
(၂၅.၀၃.၂၅)ရက်နေ့တွင် ဆောင်းပါး(၃)တို့ကို ရေးသားတင်ပြခဲ့ပါတယ်။
တကယ်တော့ဆောင်းပါးက နှစ်ခု၊သုံးခုလောက်ရေးဖို့ ကျန်ပါသေးတယ်။
-တတိယဆောင်းပါးရေးအပြီး နောက်တစ်ရက်တွင် ကျွန်ုပ်၏စိတ်ထဲ၌ တစ်ခုခုကိုစိုးရိမ်ပူပန် နေတဲ့ခံစားချက်မျိုး ဖြစ်ပေါ်နေခဲ့ပါတယ်။
-(၂၈.၀၃.၂၅)ရက်နေ့မှာတော့ အဲဒီသတင်းဆိုးကြီးကို ကြားသိလိုက်ရတာပါပဲ။
အခုတော့ကျန်နေသေးတဲ့ဆောင်းပါးတွေကိုတောင် ဆက်လက်ရေးသားလိုစိတ် မရှိတော့ပါဘူး။
ရေးလည်းဘာများအကြောင်းထူးလို့လဲ။
ဘယ်သူကရောအလေးအနက်ထားလို့လဲ။
=========================
ယခုဆောင်းပါးကိုဘာကြောင့်ရေးရသလဲ
-ဒီလိုဆိုတော့ မေးစရာရှိလာတယ်။
-“ဆရာ၊ဘာကြောင့် အခုဒီဆောင်းပါးကိုရေးရတာလဲ။”
-ဒါကတော့ . . .ဒီလိုပါ။
-ဒီကနေ့ ကျွန်ုပ်တို့ဇနီးမောင်နှံနှင့် သမီးကြီးဒေါက်တာမြတ်စန်းအေးအတူ နေ့ လည်စာစား သောက်အပြီး ဇနီးသယ်အတွက် (Walgreens)မှာ မျက်စဉ်းဆေး သွားဝယ်နေချိန်၊
ရန်ကုန်မြို့ရှိသမီးငယ် ဒေါ်စန်းမိုးအေး (Senior Director of Sales ParkRoyal Yangon) တင်ထားတဲ့ (Post) တစ်ခုတွေ့လိုက်လို့ပါ။
-သမီးငယ်ရဲ့ (Post)မှာ အောက်ပါအတိုင်း ရေးထားတာတွေ့မြင်ဖတ်ရှုလိုက်ရ ပါတယ်။
=============
သမီးငယ်ရဲ့ (Post )
Sann Moe Aye
-2:02 am နိုးလာတော့ အိမ်အောက် လမ်းမှာ လူတွေ ကားတွေ အများကြီးပဲ။
-အဲဒါနဲ့ ကိုယ်လည်း ပိုက်ဆံအိတ်လွယ်ပြီး ဆင်းပြီး လမ်းလျှောက်လိုက်တာ . . .
-တလမ်းလုံးလည်း ကားတွေ လူတွေအပြည့် . . .
-taxi တွေပေါ်မှာလည်း လူအပြည့်မို့ . . .
-လျှောက်သွားလိုက်တာ ဘူတာကြီး အထိရောက်တယ်။
-ခုတော့ အိမ်ပြန်ရောက်နေပါပြီ။
-ကံပါရင် ဘာမှရှောင်လွှဲလို့ မရဘူး။
-အိမ်ပဲပြန်တော့မယ် ဆိုပြီးပေါ့။
-လောလောဆယ် အခြေအနေ ပြန်ငြိမ်သွားပါတယ်။
-သရဏဂုံ ၃ ပါး ၈၄၀၀၀ ပုတီးလည်း အခုလမ်းလျှောက်နေရင်း အဓိဌါန် ပြည့်သွားခဲ့ပါပြီ။
-၈၄၀၀၀ ကျော်တောင်သွားတော့တယ်။
-၇ ရက် သားသမီးအပေါင်း သတ္တဝါအပေါင်း ဘေးအန္တရာယ်အပေါင်းမှ လွတ်မြောက်ကြပါစေ
-ငလျင်ဒဏ်ကြောင့် အသက်ဆုံးရှူံးသွားခဲ့သော ၇ ရက်သားသမီးအားလုံး သတ္တဝါအား လုံးကို အမျှပေးဝေပါတယ်။
===========================================
-သမီးငယ်ရဲ့ အဲဒီ(Post)ကိုတွေ့မြင်ဖတ်ရှုပြီး ဒီဆောင်းပါးတိုလေးကိုတော့ –
ကြားဖြတ်အနေနဲ့ ရေးသားတင်ပြဖို့ လိုအပ်တယ်လို့ ယူဆလို့ ရေးလိုက်တာ
ပါ။
-ရှည်ရှည်ဝေးဝေးတော့ မရေးလိုတော့ဘူး။
-သမီးငယ်ရဲ့(Post)မှာ ကျွန်ုပ်ပြန်လည်ရေးသား သတိပေးခဲ့တဲ့ မှတ်ချက် (Comment in English) ကိုပဲရေးသားဖော်ပြလိုက်ပါတယ်။
-ဖတ်ကြည့်ချင်လည်းဖတ်ကြည့်ကြပေါ့။
-မဖတ်လိုဘူးဆိုရင်လည်း ခပ်မြန်မြန်သာ ကျော်သွာကြပါတော့။
====================
ကျွန်ုပ်၏ မှတ်ချက်(Comment)
===========================================
Dear Thamee Moe MOE,
Mingalabar!
Don’t worry too much . . . and
Don’t easily believe the rumors about false alarms !
===========================================
#Can we know exactly when an earthquake will happen?
No (No), it is currently not possible to predict exactly when an earthquake will occur.
-While scientists can identify areas that are at higher risk for earthquakes based on geological data and historical seismic activity-
they cannot predict the exact time, date, or magnitude of an earthquake.
*Earthquakes are complex natural events that are caused by the movement of tectonic plates beneath the Earth’s surface, and
their occurrence cannot be predicted with certainty.
In “Metta”
Mom and Dad
(Professor Maung Maung AYE & Daw Sann SANN)
(Geographer/Geomorphology/Environmental Science)
29.03.2025 (Saturday)
3:25 PM (PST)
(Now in San Francisco, California, USA .)
===========================================
====
နိဂုံး
-ကျွန်ုပ်၏ မှတ်ချက် (Comment) ကို မြန်မာမှုမပြုတော့ပါဘူး။
-ဖတ်သာကြည့်ကြပါတော့။
ယုံချင်မှလည်းယုံနိုင်ပါတယ်။
-မြေငလျင်အကြီးစားကြီးတစ်ခု လှုပ်ခတ်ပြီးချိန်မှာ နောက်ဆက်တွဲ တုန်ခါလှုပ်ရှားမှုတွေက ရှိနေဦးမှာဖြစ်သော်ငြားလည်းပဲ ငလျင်အကြီးစားကြီးနောက်တစ်ခု ချက်ချင်း အချိန်တိုအတွင်း ထပ်လှုပ်ရှားဖို့ကတော့ . . .
Chance/Probability က အင်မတန်နည်းပါးလှပါတယ်။
-ဒါပေမယ့် အလတ်စားနဲ့ အငယ်စားမြေငလျင်လေးတွေကတော့ အခုလှုပ်ခတ်သွားတဲ့ အရပ် ဒေသတွေ၊ မြို့ရွာတွေမှာ
နောက်ဆက်တွဲလှုပ်ရှားမှုတွေ (Aftershocks) ကတော့ ဖြစ်နေဦးမှာပါပဲ။
• ဘယ်အရပ်၊ ဘယ်နေရာ၊ ဘယ်ဒေသ၊ ဘယ်မြို့၊ ဘယ်ရွာတွေမှာ လှုပ်ခတ်မယ်၊
• ဘယ်ရက်၊ ဘယ်နေ့၊ ဘယ်အချိန်မှာ လှုပ်ခတ်မယ်ဆိုတာကတော့
ဘယ်သူမှ ကြိုတင်ပြီး အသေအချာမသိပါဘူး။ မပြောနိုင်ပါဘူး။
မိမိတို့ကြားသိတဲ့သတင်းတိုင်းကို လွယ်လွယ်ကူကူနဲ့ မယုံလိုက်ကြပါနဲ့။
-အခုလိုအချိန်အခါမျိုးမှာ ဒီလိုကောလာဟလသတင်းတွေ၊ အခြေအမြစ်အမြစ်မရှိတဲ့စကားတွေ ကို လုပ်ကြံဖန်တီးချင်တဲ့ . . .
လူဆိုး၊ လူမိုက်၊ လူ့ဗာလတွေက မိမိတို့ပတ်ဝန်းကျင်မှာ ရှိလာတတ်ပါတယ်။
-ဒါကသဘာ၀ပါပဲ။
-လောကကြီးမှာ . . . . .
အမှန်နဲ့အမှား၊
အကောင်းနဲ့အဆိုး၊
အကြောင်းနဲ့အကျိုးဆိုတာ ဒွန်တွဲရှိနေတတ်စမြဲပါ။
မိမိတို့ရဲ့ပညာဉာဏ်မျက်စိတွေ၊နားတွေကိုသာ အစွမ်းကုန်ဖွင့်ပြီး ကြည့်ကြပါတော့၊ နားထောင်ကြပါတော့၊ ချင့်ချိန်ပြီးယုံကြပါတော့။
Educated Public and Educated Government အလွန်လိုအပ်တယ်လို့ ပြောချင်တယ်။
========
ဆုတောင်း
အမိမြေကားနှစ်ပေါင်းများစွာ အတော်ပင်နွမ်းခွေလျ၍ချိနဲ့နေချေပြီ။
သဘာ၀ဘေးဒဏ်၊
လူဒဏ်၊
စနစ်ဒဏ်၊
အတ္တဒဏ်၊
မာနဒဏ်၊
ဒိဋ္ဌိဒဏ် . . .စတဲ့
ဒဏ်အမျိုးမျိုးကို လူးလိမ့်ခံစားခဲ့ကြရတယ်။
-စိစိညက်ညက်ကြေနေပေပြီ။
အင်မတန်ပင် များလွန်းသွားပါပြီ။
-အပြစ်မရှိတဲ့ပြည်သူတွေအတွက် အလွန်ပင်ဝမ်းနည်းဖွယ်ကောင်းလေစွ။
-နလံပြန်ထူထောင်နိုင်ဖို့ နှစ်ပေါင်းများစွာအချိန်ယူပြီး ကြိုးစားရုန်းကန်ရပေဦးမည်။
Recovery Period ဘယ်လောက်အချိန်ယူရမယ်ဆိုတာကို ယခုအချိန်မှာ စဉ်း စားလို့တောင်မရပါချေ။
-ကျွန်ုပ်တို့အမိမြေမှ အပြစ်မဲ့ပြည်သူအပေါင်း . . . . .
“ကရွတ်ခွေဝဋ်စက်မှ အမြန်ဆုံးလွတ်ထွက်၍ ထာ၀ရငြိမ်းချမ်းအေးကြပါစေကြောင်း”
ဆုမွန်ကောင်းတောင်ရုံကလွဲလို့ ကျွန်ုပ်ဘာမျှမတတ် နိုင်တော့ပါကြောင်း။
===========================================
-This article was posted on 29.03.2025 (Saturday) at 11:45 P.M. (PST)
This Post is meant for those friends and students, far and near, recently asking me to let them learn and save some of my salient memorable life images.
-San Francisco, California, USA.
===========================================
==================================
နောက်ဆက်တွဲမြေငလျင်များအကြောင်းတစ်စေ့တစ်စောင်း အရေးပေါ်ဆောင်းပါး(၂) (ပထဝီဝင်ပါမောက္ခတစ်ဦး၏ရှုထောင့်အမြင်)
ကိုအေး(ပထဝီဂုဏ်)
ကျွန်ုပ်၏အမှတ်တရဘ၀ပုံရိပ်များ (၇၄) “ဒုက္ခတွေကများ၊ဗုဒ္ဓကယ်ပါဘုရား”
=======
စကားချီး
-ကျွန်ုပ်သည် “ဘယ်နေ့၊ ဘယ်ရက်၊ ဘယ်အချိန် ငလျင်လှုပ်မယ်ဆိုတာ ကြိုမသိနိုင်ပါ” ဆို့တဲ့ ခေါင်းစဉ်ဖြင့် အများပြည်သူများ၏အကျိုးငှာ အရေးပေါ်ဆောင်းပါး (Ad Hoc Article) တစ်ပုဒ် ကို (၂၉.၀၃.၂၀၂၅) ရက်နေ့က ရေးသားမှတ်တမ်းပြုခဲ့ပါတယ်။
-ကျွန်ုပ်၏ရေးလက်စဖြစ်တဲ့ မြန်မာနိုင်ငံနှင့်မြေငလျင်အန္တရာယ်ဆောင်းပါးစီးရီးကို ဆက်လက် မရေးသားနိုင်သေးဘဲ ကြားဖြတ်ဆောင်းပါးတိုလေးတစ်ခုကို အလျင်စလိုတင်ပြခဲ့ရ တာဖြစ်ပါ တယ်။
-ဆောင်းပါးစီးရီးက ရေးလို့မပြီးဆုံးသေးပါ။
-နောက်ထပ်ဆောင်းပါးသုံး၊လေးပုဒ်လောက်တော့ ရေးဖို့ကျန်ပါသေးတယ်။
-လောလောဆယ်မှာ နောက်ထပ် ကြားဖြတ်ဆောင်းပါးတိုလေးတစ်ခုကို ထပ် မံရေးသားဖို့အကြောင်းကရှိလာပြန်ပါတယ်။
-အဲဒါကတော့ “နောက်ဆက်တွဲမြေငလျင်များ ဖြစ်ပေါ်လှုပ်ရှားခြင်း” နဲ့ ပတ် သက်နေပါတယ်။
=====
နိဒါန်း
-(၂၈.၀၃.၂၀၂၅)ရက်နေ့၊ စစ်ကိုင်းမြေငလျင်ကြီး လှုပ်ခတ်သွားပြီးသည့်နောက်ပိုင်းတွင်နောက် ဆက်တွဲမြေငလျင် အလတ်စားနှင့်အငယ်စားများ နေရာအနှံ့ အပြားတွင် မကြာခဏဆက်လက် လှုပ်ခတ်မှုတွေဖြစ်ပေါ်နေတာကို ကြားသိ မြင်တွေ့နေရပါတယ်။
-ဒီဖြစ်စဉ်တွေက သဘာ၀အတိုင်းဖြစ်နေကြတာပါ။
-အထူးအဆန်းတော့မဟုတ်ပါ။
-ဒါပေမယ့်တစ်ချို့မသူတော်တွေ၊ လူမိုက်၊လူဆိုး၊ လူ့ဗာလတွေ၊ ယူယုတ်မာတွေ၊ တောကြောင် တွေက ပွဲလန့်တုံးဖျာခင်းချင်လို့ တောပြောတောင်ပြောနဲ့ ပေါက်ကရတွေ လျှောက်ပြောလျှောက်ရေးနေတာ ကြားသိနေရတာမို့ ယခုနောက်ထပ် ကြားဖြတ်ဆောင်းပါးတိုလေးတစ်ပုဒ်ကိုဆက် လက်ရေးသားလိုက်ရပြန်ပါတယ်။
နောက်ထပ်အရေးပေါ်ဆောင်းပါး (Ad Hoc Article) တစ်ပုဒ်ဖြစ်ပါတယ်။
-ဒါ့ကြောင့် ‘နောက်ဆက်တွဲမြေငလျင်များအကြောင်းတစ်စေ့တစ်စောင်း” လို့ ခေါင်းစဉ်တပ်ပြီး ကျွန်ုပ်၏အမှတ်တရဘ၀ပုံရိပ်များ – (၇၄)၊ ကြားဖြတ်ဆောင်း ပါး(၂)ကို အောက်တွင်ရေးသားတင်ပြ မှတ်တမ်းပြုလိုက်ပါတယ်။
-ပညာရပ်ဆိုင်ရာဝေါဟာရများသုံးစွဲမှုကို အတတ်နိုင်ဆုံး ရှောင်ရှားပြီး အများသိရှိနားလည်အောင် အကျဉ်းသဘောမျှသာ ရေးသားမှတ်တမ်းတင်မည်ဖြစ်ပါတယ်။
-နောက်ထပ်အဖိုးတန်ပစ္စည်းတစ်မျိုးကို “ပံ့သကူပစ်လိုက်တယ်”လို့လည်းဆိုနိုင်ပါတယ်။
-ထုံးစံအတိုင်းပါပဲ။
-မြေငလျင်ပညာဗဟုသုတကို စိတ်ဝင်စားလို့ဖတ်ကြည့်ချင်လည်း ဖတ်ကြည့်ကြပေါ့။
မဖတ်လိုဘူးဆိုရင်လည်း ခပ်မြန်မြန်သာကျော်သွာကြပါတော့။
==================
နှင်းဆီပြတ်ရွေ့ (Rose Fault)
လွန်ခဲ့သော(၆၂)နှစ်ခန့်ကဖြစ်ပါတယ်။
-ကျွန်ုပ်တို့တက္ကသိုလ်ကျောင်းသားဘ၀တုံးက ရန်ကုန်တက္ကသိုလ်မှာ ပထဝီဝင်ဝိဇ္ဇာဂုဏ်ထူး တန်း (ပထမနှစ်) (၁၉၆၃-၁၉၆၄ ပညာသင်နှစ်)ကို တက်ရောက်တော့
ဘူမိရုပ်သွင်ပညာ (Geomorphology)နဲ့ ဘူမိဗေဒ (Geology) ဘာသာရပ်သင်ရိုးတွင် မြေလွှာလှုပ်ရှားမှုများ (ဝါ) မြေရွေ့ခြင်း (Diastrophism) သင်ခန်းစာကို ဆည်းပူးလေ့လာစဉ်တုံးကတည်းက
-ကျွန်ုပ်သည် မြန်မာနိုင်ငံရှိစစ်ကိုင်းမြေလွှာပြတ်ရွေ့ကြီးအကြောင်းကိုစတင်သိရှိနားလည်ခဲ့ရပါတယ်။
-ထိုစဉ်တုံးကတော ့ကျွန်ုပ်တို့က အဆိုပါပြတ်ရွေ့ကြီးကို စစ်ကိုင်းမြေလွှာပြတ်ရွေ့ကြီးရယ်လို့ မသိခဲ့သေးပါ။
-အဆိုပါပြတ်ရွေ့ကြီးကို မြန်မာဘူမိဗေဒပညာရှင်များ၊ ကျွမ်းကျင်သူများက
-ထိုစဉ်ကရှိခဲ့တဲ့ (Stereoscopy, Photogrammetry) နည်းပညာတွေနဲ့ ကောင်းကင်ဓာတ်ပုံတွေ (Aerial Photographs) ပေါ်မှာလည်းကောင်း၊
-ကွင်းဆင်းကွင်းနင်းပြီး စူးစမ်းလေ့လာတိုင်းတာခြင်းဖြင့် လည်းကောင်း
ခဲခဲယဉ်းယဉ်းရှာဖွေတွေ့ရှိခဲ့ရတာမို့ ဆူးတွေနဲ့နှင်းဆီလိုတင်စားပြီး မူလတုံးက တော့ နှင်းဆီပြတ်ရွေ့ (Rose Fault) လို့ အမည်ပေးမှည့်ခေါ်ခဲ့ကြတာဖြစ်ပါတယ်။
-နောက်ပိုင်းမှာတော့ မြန်မာနိုင်ငံ ဘူမိသိပ္ပံပညာရှင်များက “နှင်းဆီပြတ်ရွေ့ ” (Rose Fault) ကို . . .
စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) လို့ အမည်ကို ပြောင်းလဲခေါ်ဝေါ်သုံးနှုန်းခဲ့ကြတာ ဖြစ်ပါတယ်။
===========================
ကမ္ဘာကျော်စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault)
-ကျွန်ုပ်တို့တက္ကသိုလ်ကျောင်းတုံးက သိကျွမ်းခဲ့တဲ့ နှင်းဆီပြတ်ရွေ့ (Rose Fault) မှသည် တစ် ဖြစ်လဲ စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) သည် . . .
-ယင်းမြေလွှာပြတ်ရွေ့ကြီးကို အခြေပြု၍ ၂၀၂၅ခုနှစ်၊ မတ်လ (၂၈) ရက်၊ သောကြာနေ့ (မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ တပေါင်းလကွယ်နေ့-ဥပုသ်နေ့) တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းမြေငလျင်ကြီး (Magnitude 7.7) ကြောင့် အခုအချိန်မှာတော့ . . .
စစ်ကိုင်းပြတ်ရွေ့သည် မြန်မာမှာသာမက ကမ္ဘာကျော်ပြတ်ရွေ့ကြီး ဖြစ်သွားခဲ့လေပြီ။
-သူ့အကြောင်း၊သူသတင်းကား ယခုတစ်လော ကမ္ဘာ့နိုင်ငံအသီးသီးရဲ့သတင်းမီဒီယာတွေမှာ ထိပ် တန်းသတင်းအဖြစ်နေရာယူခဲ့ပါတယ်။
-စစ်ကိုင်းမြေလွှာပြတ်ရွေ့နှင့် ဆက်နွယ်သော ဤမြေငလျင်ကြီးသည်ကား သူ့ချည်းထီးထီးမဟုတ်။
-သူ့ရဲ့ အင်မတန်ကြီးမားပြင်းထန်လှတဲ့ အင်အားကြီးရဲ့အရှိန်ဖြင့် အဲဒီနေ့က . . .
-သူ့လို့ပဲမခိုင်မြဲတဲ့ ကမ္ဘာပေါ်က အနီးအဝေးရှိ အခြားပြတ်ရွေ့ကြီးငယ်တွေကိုပါ အဖေါ်ညှိကာ ကမ္ဘာ့ဒေသ တော်တော်များများကို မြိုင်မြိုင်ဆိုင်ဆိုင် လှုပ်ရှား ရိုက်ခတ်ခဲ့ပါတယ်။
-ပြည်တွင်းမှာသာမက ပြည်ပအိမ်နီးချင်း ထိုင်းနိုင်ငံမှာတောင် မြောက်မြားလှစွာသောအသက် အိုးအိမ်စည်စိမ်ဥစ္စာတွေကို လျှပ်တစ်ပျက်အချိန်အတောအ တွင်း မှာ ခြေမွဖျက်ဆီးပစ်ခဲ့ချေပြီ။
-“မြန်မာ့ငလျင်စွမ်းအား၊ကမ္ဘာလွှမ်းပြီ”လို့ကြွေးကြော်လိုသူများ ရှိလေဦးမလားမသိပါ။
-သို့ပေမယ့် စစ်ကိုင်းမြေလွှာပြတ်ရွေ့၏ ကမ္ဘာကျော်မှုသည် ကောင်းတဲ့ကျော် ကြားခြင်းတော့မဟုတ်ပါချေ။
-တစ်ချို့ကတော့ “ရက်စက်လှပါပေ့မခင်နှင်းဆီရယ်” လို့ ပြောချင်ကြမယ်ထင်တယ်။
==================
မြေလွှာလှုပ်ရှားမှုတွေဆိုတာ
တကယ်တော့ကမ္ဘာမြေကြီးက သူ့အလုပ်သူလုပ်နေတာပါ။
-မြေလွှာလှုပ်ရှားမှုတွေ (Earth Movements or Diastrophism) ဆိုတာက မြေကမ္ဘာမှာ အချိန်တိုင်းလိုလို ဖြစ်ပေါ်နေတာပါ။
-ကျွန်ုပ်တို့ကမ္ဘာမြေကြီးရဲ့ အပေါ်ယံလွှာ(အခွံပိုင်း) (Crust)မှာရှိတဲ့ ကျောက်လွှာချပ်ကြီးတွေ (Rock Plates)ဟာ တစ်ခုနဲ့တစ်ခုတွန်းလား၊ ထိုးလားလုပ်လိုက် အလျားလိုက်ရော ထောင်လိုက်ပါ ပွတ်တိုက်ရွေ့လျားမှု တွေလုပ်လိုက်နဲ့
လုံး၀ကိုဂဏှာမငြိမ်ပဲ လှုပ်ရှားနေကြပါတယ်။
-ငြင်သာတဲ့လှုပ်ရှားမှုမျိုးတွေကျတော့ လူတွေက မသိရှိနိုင်၊ မခံစားမိနိုင်ပေမယ့် မြေငလျင်မှတ်စက် (Seismograph) ကတော့ မှတ်တမ်းတင်ထားနိုင်ပါတယ်။
မလှုပ်ရှားတဲ့အချိန်ဆိုတာ မရှိသလောက်ပါပဲ။
-ဒါကြောင့်ကျွန်ုပ်ကတော့ မတည်ငြိမ်တဲ့ကမ္ဘာ (Unstable Earth or Dynamic Earth) ဆိုတဲ့အ ကြောင်းကို ငယ်စဉ်ကတည်းကပင် လုံး၀လက်ခံနားလည်ပြီးသားပါ။
ဒါဟာလောကနိယာမ၊လောကသစ္စာ၊ အမှန်တရား (အနိစ္စဓမ္မ)ပဲမဟုတ်လား။
-Nothing is Permanent. Everything changes momentarily.
မည်သည့်အရာမျှ၊မည်သူမျှ (အနိစ္စဓမ္မ)နှင့် (အနတ္တဓမ္မ)တို့မှ ကင်းလွတ်သည်ဟူ၍မရှိပါ။
-Nothing can escape from the Law of Impermanence.
========================
ဘာကြောင့်သေကြေပျက်စီးဆုံးရှုံးတာလဲ
-မြေငလျင်တစ်ခုလှုပ်ခတ်လို့ မြောက်မြားလှစွာသော အသက်အိုးအိမ်စည်စိမ်ဥစ္စာတွေ ထိခိုက် ပျက်စီးဆုံးရှုံးမှုတွေဖြစ်တယ်ဆိုပြီးတော့ လူတွေယေဘုယျအားဖြင့်နားလည်ထားကြပါ တယ်။
-အမှန်တကယ်ကတော့ မြေငလျင်လှုပ်တဲ့အချိန်မှာ မြေမျက်နှာပြင်မှာလူတွေမရှိဘူး၊ တိုက်တာ အိုးအိမ်စည်စိမ်ဥစ္စာတွေလည်းမရှိဘူးဆိုရင်တော့ ဘာမှထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်စရာမရှိဘူးပေါ့။
-အခုဟာကလူတွေက အဲဒီမြေမျက်နှာပြင်ပေါ်မှာ အခြေစိုက်နေထိုင်ကြပြီး မြို့ရွာတွေတည် ထောင်ကာ တိုက်တာအိုးအိမ်စည်စိမ်ဥစ္စာတွေ ထူထောင်ထားကြတာလေ။
-တဖြည်းဖြည်းနဲ့ လူဦးရေကလည်းတိုးတက်များပြားလာတယ်။
-ဒါ့ကြောင့်လူနေသိပ်သည်ဆ (Population Density) ကလည်း လိုက်လျောညီထွေစွာတစ်စထက်တစ်စ ပိုပြီးတိုးတက်များပြားလာတယ်။
-လူတွေတည်ဆောက်ထားတဲ့ တိုက်တာအိုးအိမ်စည်စိမ်ဥစ္စာတွေကလည်း အချိန်နဲ့အမျှတိုးပွား များပြားသိပ်သည်းလာတယ်။
-ဒါ့ကြောင့်အဆောက်အအုံသိပ်သည်ဆ (Building Density) ကလည်း အချိန်နှင့်အမျှတိုး တက်ပွားများလာနေခဲ့ပါတယ်။
-မြို့ပြဖြစ်ထွန်းမှု (Urbanization)၊
-မြို့ပြချဲ့ထွင်မှု (Urban Growth)၊
-မြို့သစ်တွေ၊ မြို့ တော်သစ်တွေတည်ထောင်မှု (Establishment of New Towns/New Capital City)
. . . စတဲ့ဖြစ်စဉ် တွေကြောင့် . . .
ကမ္ဘာ့မြေမျက်နှာပြင်အပေါ်ယံ(အခွံပိုင်း)(Crust)မှာ တဖြည်းဖြည်းနဲ့ ဖိအားအ ပြောင်းအလဲတွေ (Pressure Changes) အများကြီး ဖြစ်ပေါ်စေတတ်ပါတယ်။
-အဲဒီလိုမြေမျက်နှာပြင်ပေါ်မှာ လူတွေရဲ့ပယောဂကြောင့် ဖိအာပြောင်းလဲမှုတွေဖြစ်ခြင်းဟာ မြေမျက်နှာပြင်အောက်၊ မြေကြီးရဲ့အောက်မှာ ရှိနေတဲ့ မြေကျောက်လွှာတွေပေါ်မှာလည်း ဖိအား တစ်စုံတစ်ရာ သက်ရောက်မှုတွေ၊ ပြောင်းလဲမှုတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
-နောက်ပြီးမြေမျက်နှာပြင်ပေါ်မှာ . . .
သစ်ပင်သစ်တောတွေကို မဆင်မခြင်တောပြောင်ခုတ်ရှင်းခြင်း၊
အလိုရမက်ကြီးစွာဖြင့် သဘာ၀သယံဇာတတွင်းထွက်ပစ္စည်းများကို အလွန်အကြူးတူး ဖော်ထုတ်လုပ်ခြင်း၊
သတ္တုတွင်းတွေမှာ အားပြင်းတဲ့မိုင်းဖေါက်ခွဲခြင်း၊
ကြီးမားသောရေလှောင်တမံများ၊ ဆည်များ၊ ရေကာတာများတည်ဆောက်ခြင်း၊
မြို့တော်သစ်ကြီးများကိုတည်ဆောက်ခြင်း၊
အင်အားပြင်းသောဗုံးဖောက်ခွဲမှု/ဗုံးကြဲမှုများပြုလုပ်ခြင်း
. . . စသည့် လူတို့၏လုပ်ဆောင်ချက်များသည် မြေကြီးအောက်ရှိ မြေလွှာကျောက်လွှာတွေပေါ် တွင် သက်ရောက်နေသည့်ဖိအားများကို ကြီးမားသောအပြောင်းအလဲများစွာ ဖြစ်ပေါ်စေနိုင်ပါတယ်။
-ဤသို့ဖြင့်မြေကြီးအောက်ရှိ မြေလွှာကျောက်လွှာတို့အတွင်း၌ အချိန်ကြာကြာ ခိုအောင်းငုတ်လျှိုးနေသော ဖိအားများ၊စွမ်းအင်များ၏ နေရာပြောင်းရွှေ့မှုများကို ဖြစ်ပေါ်စေတတ်ပါတယ်။
-ထိုအခါမျိုးတွင်လည်း မြေငလျင်လှုပ်ခတ်မှုကို ခပ်မြန်မြန်ဖြစ်ပေါ်စေရန် အ ရှိန်မြှင့်တင်ပေးခြင်း (Acceleration) ဖြစ်တတ်ပါတယ်။
-မော်တော်ကားတစ်စီးရဲ့ လီဗာ (Lever)ခေါ် (Accelerator)သဘောမျိုးပေါ့။
Natural Causes + Man-Induced Causes can accelerate the occurrences of very Disastrous Earthquakes.) ဖြစ်စဉ်မျိုးသည် အနှေးနဲ့အမြန်သေချာပေါက်ဖြစ်ပေါ် ပြီပေါ့။
====================
#မေးစရာမေးခွန်းတွေကအစီအရီ
-အဲဒီနေရာမှာ အောက်ပါအရေးကြီးမေးခွန်းတွေကို မေးစရာရှိလာပါတယ်။ . . .
-လူတွေတည်ဆောက်ထားတဲ့ . . .
• အဆောက်အအုံတွေ၊အိုးအိမ်တိုက်တာတွေ၊လမ်း၊တံတားတွေ၊ဘုရားပုထိုး၊ကျောင်းကန်၊ဆည်မြောင်း၊ ရေလှောင်တမံ၊ ရေကာတာစတဲ့ (Structure) တွေဟာ ဘယ်လောက်ကြံ့ခိုင်မှုရှိသလဲ၊
• ဘယ်တုံးကတည်ဆောက်ထားခဲ့တာလဲ၊
• နှစ်ပေါင်းဘယ်လောက်တောင်ကြာနေပြီလဲ၊
• ဘယ်လိုနည်းစနစ်မျိုးတွေနဲ့တည်ဆောက်ထားခဲ့တာလဲ၊
• ဘယ်လိုဆောက်လုပ်ရေးပစ္စည်းတွေနဲ့တည်ဆောက်ခဲ့ကြတာလဲ၊
• ဘယ်လို (Structural / Engineering Design) မျိုးတွေကိုတင်ပြလို့၊ ဘယ်သူကဘယ်လို နည်းနဲ့အတည်ပြုပြီး၊ အတည်ပြုချက်ကို ဘယ်သူကခွင့်ပြုခဲ့တာလဲ၊
• တည်ဆောက်ခွင့်ကို ဘယ်လိုနည်းဥပဒေတွေ၊ အာမခံချက်မျိုးတွေနဲ့ ဘယ်သူတွေက ဆောက်လုပ်ခွင့်ပြုခဲ့တာလဲ၊
• ဘယ်သူတွေက ဆောက်လုပ်ခွင့်ပါမစ်ကို ရခဲ့တာလဲ။
• အဆောက်အအုံရဲ့အရည်အသွေး (Quality) ကို ဘယ်သူတွေက ဘယ်ပုံဘယ်နည်းနဲ့စစ် ဆေးအတည်ပြုခဲ့ကြတာလဲ၊
• ဘယ်နှနှစ်တစ်ကြိမ် အဆောက်အအုံ၏ကြံ့ခိုင်မှုကို ပြန်လည်စစ်ဆေးခဲကြသလဲ၊
• သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်အဆင့်ဆင့်တို့ကလည်း သဘာ၀ဘေးအန္တရာယ်အ မျိုးအစားအလိုက် စနစ်ကျပြီးခေတ်မီတဲ့ ကြိုတင်ပြင်ဆင်ရေး၊ လူမှူလုံရေးနှင့်ပြန်လည် ကယ်ဆယ်နေရာချထားရေး စီမံကိန်းတွေ၊ စီမံချက်တွေရှိရဲ့လား၊
• ရှိခဲ့ရင်ကော ဘယ်လောက်တောင် ယုံကြည်ကိုးစားထိုက်ပါသလဲ၊
=============================
အဖြေများကြေနပ်ဖွယ်ကောင်းတယ်ဆိုရင်တောင်
-ကျွန်ုပ်အထက်တွင်ရေးသားဖော်ပြခဲ့သော အရေးကြီးမေးခွန်းများအတွက် သက်ဆိုင်ရာအဖြေ အသီးသီးသည် အားရကြေနပ်ဖွယ်ကောင်းပါတယ် (YES) ဆိုခဲ့ရင်တောင်မှ . . .
-(၂၈.၀၃.၂၀၂၅) ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ ပြင်းအားအဆင့် (Magnitude 7.7) ရှိတဲ့ မြေငလျင် ကြီးရဲ့ ဖျက်ဆီးမှုဒဏ်ကို ခံနိုင်ရည်ရှိမယ့် အဆောက်အအုံမျိုးကား ရှာမှရှားပါလိမ့်မယ်။
အခုလှုပ်ခတ်ခဲ့တဲ့မြေငလျင်ကြီးဟာ အနှစ် (၂၀၀) လောက်နေမှတစ်ကြောပြန်လာတဲ့ အပြင်းစားမြေငလျင်ကြီးမျိုးမဟုတ်လား။
===================================
-ကျွန်ုပ်အထက်တွင်ရေးသားဖော်ပြခဲ့သော အရေးကြီးမေးခွန်းများအတွက် သက်ဆိုင်ရာအ ဖြေအသီးသီးသည် အားရကြေနပ်ဖွယ်မကောင်းခဲ့ဘူး (NO, NO) ဆိုရင်တော့ . . .
သွားပါပြီ။ သွားပါပြီ။
-တစ်ကြော့ပြန်ဖြစ်ချိန် (Recurrence Interval) ကြာတဲ့ ပြင်းအားမြင့်မြေငလျင်ကြီး အဆင့်အတန်းဖြစ်လို့ အခုလိုနောက်တစ်ကြော့ တကယ်ပြန်ဖြစ်လာချိန်မှာတော့ အားလုံးငါးပါးမှောက် ရုံမကဘူး၊ သံဃာစဉ်ပါမှောက်ကြရ တော့တာပါပဲ။
-ကပ်သုံးပါးမကဘူး၊ ကပ်ပေါင်းတစ်ရာမက ကြုံတွေ့ခံစားကြရတော့တာပါပဲ။
-လွန်ခဲ့တဲ့ (၅၈နှစ်) တုံးက တက္ကသိုလ်စာသင်ခန်းထဲမှာ မြေငလျင်သင်ခန်းစာကိုသင်ကြားပို့ ချတိုင်း ကျွန်ုပ်သည် အောက်ပါအတိုင်း ပြောခဲ့ဖူးပါတယ်။
-“မြေငလျင်လှုပ်လို့ သေကြေပျက်စီးတာ မဟုတ်ဘူး၊ အဲဒီလူတွေ တည် ဆောက်ထားတဲ့ အဆောက်အုံတွေ မခိုင်ခန့်ပဲ ပြိုကျပျက်စီးလို့ သေကြေပျက်စီးကြရတာဖြစ်တယ်။”
လူကိုမြေငလျင်ကသတ်တာမဟုတ်ဘူး၊ လူကို လူဖန်တီးထားတဲ့ဟာတွေက သတ်တာပဲဖြစ်တယ်။
ဘာကြောင့်လဲဆိုတော့ . . . ဥပမာ-
ဘယ်လောက်ပဲမြေငလျင်လှုပ်လှုပ်၊ မြေမျက်နှာပြင် (မြေပြန့်) ပေါ်မှာ လူတွေချည်းပဲရှိမယ်ဆိုရင် အသက်ဆုံးရှုံးရတဲ့အထိတော့ မထိခိုက်၊ မပျက်စီးနိုင်ပါ။
-ဒါပေမယ့်မြေမျက်နှာပြင်ပေါ်မှာ လူတွေဖန်တီးတည်ဆောက်ထားတဲ့ အဆောက်အအုံတွေရှိ လာပြီဆိုရင်တော့ . . . . .
ယင်းတို့၏ခိုင်ခန့်မှုရှိ/မရှိ . . .
မြေငလျင်ဒဏ်ကိုခံနိုင်စွမ်းရည်အနည်း/အများတို့အပေါ်မှာမူတည်ပြီး . . .
#ပြိုကျပျက်စီးမှုတွေအနည်းနှင့်အများ ဖြစ်ပေါ်မှာကတော့ အသေအချာပါပဲ။
-အဲဒီလိုဆိုရင်တော့ အဆောက်အအုံတွေပြိုကျပျက်စီးမှုကြောင့် လူတွေသေ ကြေပျက်စီးဖို့ အခွင့် အလမ်း (ဝါ) ဖြစ်တန်ခြေ (Chance/Probability) ဟာလည်း ပိုများမည်ဖြစ်ပါတယ်။
==================
နောက်ဆက်တွဲမြေငလျင်များ
-ယခုကျွန်ုပ်ရောက်ရှိနေသော အမေရိကန်ပြည်ထောင်စုနိုင်ငံရှိ အမေရိကန်ဘူမိဗေဒလေ့လာ ရေးပညာရှင်များအဖွဲ့အစည်းကြီး (USGS: United States Geological Survey) က
(၂၈.၀၃.၂၀၂၅) ရက်နေ့က လှုပ်ခတ်ခဲ့သော ပြင်းအားမြင့်စစ်ကိုင်းမြေငလျင်ကြီး၏ နောက်ဆက်တွဲမြေငလျင်လှုပ်ရှားများနဲ့ပတ်သက်သည့် ဖြစ်တန်ခြေများ (Probabilities) ကို အောက်ပါအတိုင်း သိပ္ပံနည်းကျ တွက်ချက်ခန့်မှန်းထားကြပါတယ်။
=====================
#USGS ၏ကြိုတင်ခန့်မှန်းချက်များ
=====================================
“စစ်ကိုင်းမြေလွှာပြတ်ရွေ့ကြီးနှင့် (၂၈.၀၃.၂၀၂၅) မြေငလျင်ကြီး”
(Sagaing Fault and March 28 Quakes)
နောက်ဆက်တွဲမြေငလျင်အခြေအနေများ
(Aftershocks)
အမေရိကန်ဘူမိဗေဒလေ့လာရေးအဖွဲ့အစည်း – USGS (United States Geological Survey) ကနေ ကြိုတင်ခန့်မှန်းထားတဲ့ နောက်တစ်ရက်အတွင်းကနေ တစ်လအတွင်း ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ နောက်ဆက်တွဲမြေငလျင်အ ခြေအနေများကို တင်ပြပေးလိုက်ပါတယ်။
===========================================#ပထမပုံကတော့ (28.03.2025) နေ့လည်တစ်နာရီခန့်အချိန်မှာ စစ်ကိုင်းမြို့ဝန်းကျင်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ (၇.၇ အဆင့်) ရှိ မြေငလျင်ကြီးပြမြေပုံဖြစ်ပါတယ်။
========================
#နောက်တစ်ရက်အတွင်းဖြစ်တန်ခြေများ
ဒုတိယပုံကတော့ နောက်တစ်ရက်အတွင်း ထပ်မံဖြစ်ပေါ်လာနိုင်တဲ့ ပြင်းအားအဆင့်အ လိုက် နောက်ဆက်တွဲမြေငလျင်ခန့်မှန်းချက်တွေဖြစ်ပါတယ်။
#M 3+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၉၉% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ် ပြီး . . .
#M 4+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၉၉% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ် ပြီး . . .
#M 5+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၈၁% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ် ပြီး . . .
#M 6+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၁၉% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ် ပြီး . . .
#နောက်ထပ် M 7+ (အင်အားအဆင့် ၇ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ်ရှားမှုဖြစ်တန်ခြေကတော့ ၂% အထိပဲ ရှိပါတော့တယ်လို့ ခန့်မှန်းထားတာဖြစ် ပါတယ်။
===========================================
=======================
#နောက်တစ်လအတွင်းဖြစ်တန်ခြေများ
တတိယပုံကတော့ နောက်တစ်လအတွင်းဖြစ်လာနိုင်ခြေရှိတဲ့ ငလျင်ကြောနဲ့ ငလျင်အင်အားပြဇယားပဲဖြစ်ပါတယ်။
#M 3+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၉၉% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ်ပြီး . . .
#M 4+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၉၉% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ်ပြီး . . .
#M 5+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၉၉% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ်ပြီး . . .
#M 6+ ဆို (အင်အားအဆင့် ၃ နဲ့ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံးတစ်ခု လှုပ် ရှားမှုဖြစ်တန်ခြေက ၅၅% ကျော်ခန့်အထိ သေချာသလောက်လို့ ပြထားတာဖြစ်ပြီး . . .
#နောက်ထပ် #M 7+ ဆို (အင်အားအဆင့် ၇ အထက်) ရှိတဲ့မြေငလျင် အနည်းဆုံး တစ်ခု လှုပ်ရှားမှုဖြစ်တန်ခြေကတော့ ၉% အထိပဲ ရှိပါတော့တယ်လို့ ခန့်မှန်းထားတာဖြစ်ပါတယ်။
===========================================
#နောက်ဆက်တွဲပုံတွေကတော့ (28.03.2025) နေ့လည်ပိုင်းက လှုပ်ခတ်သွားတဲ့အင်အား အတိအကျနဲ့ အချိန်ကာလပြဇယားတွေပဲဖြစ်ပါတယ်။
====
နိဂုံး
နောက်ဆက်တွဲမြေငလျင်များ (Aftershocks) ရဲ့ အကြိမ်ရေဟာ အချိန်ကြာလာတာနဲ့ အမျှ အနည်းငယ်စီ နည်းနည်းသွားမယ် ဖြစ်ပါတယ်။
• ပထမ ၂၄ နာရီ → Aftershock များများလှုပ်မယ်။
• ပထမ တစ်ပတ် → အနည်းငယ် နည်းသွားနိုင်မယ်။
• တစ်လအတွင်း → လျော့သွားနိုင်မယ်။
*တစ်နှစ်အထိ → ရှိနိုင်သေးတယ်။
မြေငလျင်ပြင်အားအဆင့် (Magnitude) မြင့်လေကြီးလေ ကြာရှည်လေလေ ဖြစ်နိုင်ပါတယ်။
Magnitude 7.7 ဆိုရင် . . . တစ်လမှ တစ်နှစ်အထိ Aftershocks ဖြစ်နိုင်ပါတယ်။
-အကြားကာလမှာ နောက်ဆက်တွဲမြေငလျင်များ တဖြည်းဖြည်းနည်းလာပေမယ့် အချို့ Aftershock တွေက သိသာစွာ လှုပ်နိုင်သေးတာကို သတိပြုထားသင့်ပါတယ်။
===========================================
===========
အထူးသတိပြုရန်
-အလွန်အင်အားပြင်းထန်စွာ လှုပ်ခတ်ခဲ့တဲ့ မြေငလျင်ကြီးတစ်ခုဖြစ်လို့ (7.7 Magnitude March 28 Sagaing-Mandalay Earthquake)၏ နောက်ဆက်တွဲလှုပ်ရှားမှုတွေကို ဖြစ်ပေါ်စေမယ့် မြေငလျင်အသေးစားနဲအလတ်စားတွေကတော့ ဆက်လက်လာနေဦးမှာဖြစ်ပါတယ်။
-အထက်တွင်ကျွန်ုပ် မေတ္တာအပြည့်ဖြင့် ရေးသားဖော်ပြချက်များကို အလေး အနက်ထားပြီး သေ သေချာချာ နားလည်သဘောပေါက်အောင် ဖတ်ရှုလေ့လာ ထားစေလိုပါတယ်။
-လူနားလည်အောင်ကြိုးစားပြီးရေးထားတာဖြစ်လို့ အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။
-စေတနာကောင်းဖြင့် ထပ်မံပြီးသတိပေးလိုပါတယ်။
ဘယ်အရပ်၊ဘယ်နေရာ၊ဘယ်ဒေသ၊ဘယ်မြို့၊ဘယ်ရွာတွေမှာ လှုပ်ခတ်မယ်၊
ဘယ်ရက်၊ဘယ်နေ့၊ဘယ်အချိန်မှာလှုပ်ခတ်မယ်ဆိုတာကတော့
ဘယ်သူမှကြိုတင်ပြီးအသေအချာမသိပါဘူး။ မပြောနိုင်ပါဘူး။
-မိမိတို့ကြားသိတဲ့သတင်းတိုင်းကို လွယ်လွယ်ကူကူနဲ့ မယုံလိုက်ကြပါနဲ့။
-ပတ်ဝန်းကျင်မှာ (Misinformation and Disinformation) တွေ ရှိနေတတ်ပါတယ်။
မိမိတို့ရဲ့ပညာဉာဏ်မျက်စိတွေ၊နားတွေကိုသာ အစွမ်းကုန်ဖွင့်ပြီး ကြည့်ကြပါတော့၊ နားထောင် ကြပါတော့၊ ချင့်ချိန်ပြီးယုံကြပါတော့။
-(Educated Public and Educated Government) အလွန်လိုအပ်တယ်လို့ ပြောချင်တယ်။
ကျွန်ုပ်တို့အမိမြေမှအပြစ်မဲ့ပြည်သူအပေါင်း “ကရွတ်ခွေဝဋ်စက်မှအမြန်ဆုံးလွတ်ထွက်၍ ထာ၀ ရငြိမ်းချမ်းအေးကြပါစေကြောင်း” အကြိမ်ကြိမ် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
===========================================
This Post is meant for those friends and students, far and near, recently asking me to let them learn and save some of my salient memorable life images.
-This article was posted on 01.04.2025 (Tuesday) at 9:35 P.M. (PST)
-San Francisco, California, USA.
===========================================
