၁ ။ ရန်ကုန် နှင့် မြေအောက်ရေ ပြဿနာ
ရေတွင်းတူးရင် တူးကြတာပဲ စာတင်ရတာလည်းမရှိဘူး။ ဒါပေမဲ့ နောက်ပိုင်းကျတော့ ဒီအောက်ရေတွေခန်းလာရင်တော့ ဘာဖြစ်မလဲ”
၂ ။ အနာဂတ် ရန်ကုန် အတွက် ချီန်းခြောက်လာ နိုင်သည့် မြေအောက်ရေ ပြဿနာ
ရေဟာ ထုတ်ယူပါများလို့ ကျသွားရင် ရေငန်က ထိုးဝင်လာတယ်။ အဲဒီ တွင်းပျက်လို့ကတော့ ပြန်ပြင်လို့ကို မရတော့ဘူး။ ထာဝရပျက်သွားတာ ။ ထာဝရပျက်သွားတဲ့ အတွက် လူတွေဟာ သူတို့ မှီခိုရာ ရေချိုကို ထာဝရ အဲဒီနေရာကနေ မရတော့ဘူး။ နံပါတ် ၂ က မြေကြီးက အောက်နှိမ့်ဝင်သွားတာ ။ ဒါကြောင့်မို့လို လူတွေက ကိုယ့်ရဲ့ အိမ်တွေက ကံကြီးကောင်းပါမှ အိမ်တစ်လုံးလုံး မြေမြိုသွားမှာ။ ကံကြီး မကောင်းရင် တစ်ဖက် အနိမ့်အမြင့်ဖြစ်ပြီးတော့ တစ်ခြမ်းကွဲသွားတာတို့ ရှေ့ကို ငိုက်ကျတာတို့ ဘေးကို စောင်းပြိုတာတို့ အကုန်ဖြစ်နိုင်တယ်”
ရန်ကုန်မြို့တွင် လူတစ်ဦး နေ့စဉ် အသုံးပြု ရေဂါလန် ၃၀ ရှိပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ YCDC အနေနှင့် ရန်ကုန်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကိုသာ ရေချိုဖြန့်ဝေပေးနိုင်သေးသည်။ ထို့အတွက် ကျန် လူဦးရေ ၄၀ ရာခိုင်နှုန်းသည် ကိုယ်ထူကိုယ်ထ စက်ရေတွင်းများနှင့် မြေအောက်ရေကို တူးယူ သုံးစွဲနေကြရခြင်း ဖြစ်သည်။
REFERENCES : Related Article
မြန်မာနိုင်ငံ မြေအောက်ထုတ်ယူပေးဝေရေးကဏ္ဍမှာ ၁၉၇၇-၇၈ အလွန်ကာလများကစတင် ၍ ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့တဲ့ Hydrogeologists တစ်ယောက်ရဲ့များစွာသောအတေံအကြုံကိုအခြေခံ ရေးသားထားသော စာပေဆောင်ပါးနှင့်ရေအရိပ် တွဲဆက် မျှဝေထားသောတန်းဘိုးရှိ စာစကားများ . . . . . Myint Thein Facebook 3 January 2025
ရေအရီပ် စာပေ Facebook post ဦးငွေ ( လက်ထောက်ညွှန်ကြားရေးမှုး -ငြိမ်း )

“ရေအရိပ်စာပေတိုက်တည်ထောင်ခြင်းတစ်နှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုဆောင်းပါး”-အပိုင်း (၂)
“မြစ်ရေအရိပ်(ဆည်၊ မြစ်ရေတင်)နဲ့ အကျိုးပြုပုံ”
မြန်မာနိုင်ငံသည် ဘူမိဗေဒနဲ့ ပထဝီအနေအထားရ ဟိမဝန္တာတောင်ဖြစ်စဉ်နဲ့ ဆက်စပ်နေ၍ မြောက်မှ တောင်သို့ တောင်တန်းအပြိုင်များ၊ ကုန်းမြင့်ဒေသများတွေ့ရပြီး သစ်တောထူထပ်စွာ ပေါက်ရောက်ကြောင်း တွေ့ရသည်။ မိုးရွာသွန်းမှုကောင်း၍ တောင်တန်း၊ တောင်ကုန်းတွေအကြားတွင် ချောင်းနဲ့ မြစ်များကို များသောအားဖြင့် မြောက်မှ တောင်သို့စီးပြီး ပင်လယ်ထဲဝင်သွားကြပါသည်။
ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းမြစ်များမှာ အဓိကမြစ်များဖြစ်ပြီး အခြားမြစ်လက်တက်၊ ချောင်းများ မူး၊ မဲဇာ၊ မြစ်သာ၊ မဏိပူရ၊ ဥရု၊ ယူး၊ ယမား၊ တပိန်၊ ရွှေလီ၊ မြစ်ငယ်(ဒုဋ္ဌဝတီ)၊ ဇော်ဂျီ၊ ပန်းလောင်၊ စမုံ၊ ပေါင်းလောင်း၊ ငလိုက်၊ ဖြူး၊ ဆွာ၊ ပဲခူး၊ ငမိုးရိပ်၊ အတ္ထရံ၊ ဂျိုင်း၊ ကုလားတန်၊ လေးမြို့၊ မုန်း၊ မန်း၊ ယော၊ ကျော၊ ဆင်သေ၊ ယင်း၊ ပင်းချောင်းတို့မှ လာရောက်ပေါင်းကြပါသည်။
မိုးကာလ ရေပြည့်လျှံ၍ မိုးကုန်ကာလတွင်လည်း စိမ့်စမ်းများမှ ရေရ၍ တစ်နှစ်ပတ်လုံး ရေစီးနေကြ သည်က များပါသည်။ တန်ဖိုးမဖြတ်နိုင်သော သောက်သုံးရေ၊ စိုက်ပျိုးရေသယံဇာတအရိပ်ဖြစ်သည်။
ယခင်ကတော့ သောက်သုံးရေသာ သုံးတတ်ကြပါသည်။ စိုက်ပျိုးရေအဖြစ် အနော်ရထာမင်းလက်ထက် မှ ဇော်ဂျီ၊ ဆည်တော်ကြီးဆည်နဲ့ ဦးအောင်ဇေယျလက်ထက် မူးမြစ်မှ ကင်တပ်အနီးမှ မြောင်းဖို့ရေသွယ် ရွှေဘိုအထိ စိုက်ပျိုးရေပေးလာခဲ့ရာ ယနေ့ဆည်များစွာဖြင့် ဆည်ရေသောက်များစွာ ဖြစ်ခဲ့ပါသည်။ မြစ်ရေတင် လုပ်ငန်းကတော့ ယခင်က စက်မှုလယ်ယာဦးစီးဌာနမှ ရေစုပ်စက်များဖြန့်ဝေပေးသဖြင့် တောင်သူများ တစ်ပိုင်တစ်နိုင် ရေတင်စိုက်ခဲ့ရာမှ ၁၉၉၅ ခုနှစ်မှစပြီး ရေအရင်းအမြစ်အသုံးချရေးဦးစီးဌာနမှ မြစ်ရေတင် စီမံကိန်းများဖြင့် မြောက်မြားစွာ မြန်မာပြည်အနှံ့ လုပ်ဆောင်ပေးခဲ့ပါသည်။ စိုက်ပျိုးရေ၊ သောက်သုံးရေတွေ ရရှိစေခဲ့ပါသည်။
မြစ်ရေသည် သောက်သုံးရေ၊ စိုက်ပျိုးရေသာမက ယခင်က ကုန်းလမ်း၊ ကား၊ ရထားလမ်း မဖွံ့ဖြိုးခင်က ရေကြောင်းဖြင့်သာ အဓိကသွားလာရသဖြင့် မြစ်ကမ်းတစ်လျှောက်တွင် မြို့ကြီးများနှင့် ထီးနန်းစိုက်ခြင်းများ ပြုလုပ်ကြပါသည်။ ရေကြည်မြက်နုရာတွင် လာရောက်စုစည်း စည်ကားခဲ့ပါသည်။ ငါးဖမ်းလုပ်ငန်းတွေကအစ စီးပွားဖြစ်စေခဲ့ပါတယ်။ အချို့နေရာမှာ ရေအားလျှပ်စစ်တွေ လောပိတကဲ့သို့ ထုတ်လုပ်အသုံးပြုနိုင်ခဲ့ပါသည်။ သောက်သုံးရေနဲ့ စိုက်ပျိုးရေအတွက် အရိပ်ကောင်းဖြစ်ပါသည်။ ကုန်စည်ပို့ဆောင်ခရီးသွား မှီခိုကြရပါသည်။
ယနေ့အချိန်မှာတော့ ရွှေသန့်စင် ဓာတုအဆိပ်ဓာတ်၊ စက်ရုံစွန့်ပစ်ဓာတုအဆိပ်များ၊ တောင်သူသုံးဓာတု အဆိပ်များ၊ ပိုးမွှားအန္တရာယ်များကို ဒေသ၏ အခြေအနေ အချိန်အခါကြည့်ပြီးသွားရမှာဖြစ်သည်။
အချို့မြို့များနဲ့ ကျေးရွာအတော်များများသည် မြေအောက်ရေမကောင်း၍ လည်းကောင်း၊ လွယ်ကူ၍ လည်းကောင်း မြစ်ရေကို တိုက်ရိုက်အသုံးပြုနေရကြပါသည်။ မြို့ရေပေးရေးမှာတော့ အနည်နစ်စစ်၊ ပိုးသန့်စင် လုပ်တာ တွေ့ရပါသည်။
ကျေးရွာများမှာတော့ ရေနောက်ခြင်းကိုသာ ကြည်အောင်လုပ်ပြီး၊ ပိုးသန့်စင်ရမှန်း မသိကြပါ။ မိုးဦးကျ မြစ်ရေ၊ မြစ်ရေကျချိန်နှင့် မြစ်ရေမစီးသော နေရာများတွင် ဗက်တီးရီးယားများပါ၍ အထူးဂရုပြု သောက်သုံး သင့်ပါသည်။
မြန်မာနိုင်ငံလို မိုးနည်းရေရှားဒေသတွေမှာတော့ ယခင်က အသုံးမပြုတတ်ကြပေမဲ့ ယနေ့ ဘေးဝဲယာမှ ဖြတ်စီးလာသော ချောင်း၊ မြစ်များ၊ မြောက်မှတောင် ဖြတ်စီးသော မြစ်ကြီးများမှ ဆည်၊ မြစ်ရေတင်လုပ်ငန်း များ တည်ဆောက်ပေးနိုင်ခဲ့သဖြင့် တစ်နှစ်ပတ်လုံး သောက်သုံးရေ၊ စိုက်ပျိုးရေပါ မြစ်ရေအရိပ်မှ ရစေပါသည်။
မြစ်ရေကျချိန် မြစ်ဘေးဝဲယာ နုံးမြေနုပို့ချလွှာများတွင် ဆောင်းနှင့်နွေသီးနှံများ နှုံးမြေပို့ချမှုနှင့်အတူ စိုက်ပျိုးရန် အစိုဓာတ်ရစေပါသည်။
“မြေအောက်ရေအရိပ်နှင့် အကျိုးပြုပုံ”
ရှေးယခင်က မဖွံ့ဖြိုးမတိုးတက်ကြ၍ ရေဖြင့် သောက်သုံးရေ၊ စိုက်ပျိုးရေကို မိုးရေနဲ့ မြစ်၊ ချောင်းရေကို သာ အားကိုးပြီး ရေကြည်မြက်နုရာတွေမှာ နေထိုင်လုံလောက်စေခဲ့ပါသည်။ လူဦးရေကလည်းနည်း၊ ရာသီဥတု ကလည်း မှန်သောအချိန်ကဖြစ်ပါသည်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ မိုးရွာစဉ် တစ်နှစ်စာ ကျေးရွာသောက်သုံးရေ မြေသားကန်တွေ ပြုလုပ် အသုံးပြုပြီး၊ မိုးဦးနောက်ကျရင် ရေအခက်အခဲတွေ့ စိုက်ပျိုးရေးအခက်အခဲ သီးနှံအထွက်နည်း စတာတွေ တွေ့ရပါသည်။
ခေတ်မမီ မဖွံ့ဖြိုးသေး၍ မြေအောက်ရေကို တွင်ကျယ်စွာ ထုတ်ယူအသုံးပြုရမှန်း မသိကြ၊ ရေကြောကို ဖင်ခုထိုင်ပြီး ရေငတ်ခဲ့ကြပါသည်။ တူးပြန်တော့လည်း ရေရှိမှန်းမသိ၊ တူးတဲ့စက်က ခေတ်မမီကြ၍ လိုအပ် သောရေကြောကိုမရောက်၍ ကျိန်စာသင့်၍ ရေမရနိုင် စသဖြင့် တွေးယူဆနေခဲ့ကြပါသည်။
လက်တူးရေတွင်းကျယ်ကို တစ်စတစ်စ တူးဖော်လာကြသော်လည်း နေရာကျယ်၊ ကုန်ကျစရိတ်များ၍ ကျယ်ကျယ်ပြန့်ပြန့် မတူးနိုင်ဘဲ စုပြုံ၊ ဝိုင်းခပ်နေကြရပါသည်။ ဒါကို အခွင့်အရေးယူ လူပျို၊ အပျိုချိန်းတွေ့ခွင့် ရသလိုဖြစ်ခါ ပျော်နေကြ၊ သီချင်းဖွဲ့ဆိုကြပါသေးသည်။ အချို့ဆို ရေစစ်ခပ်၊ လုယက်ခပ်၊ အဝေးသွားခပ်ရတွေ ဖြစ်နေပါသည်။
စက်ရေတွင်းတွေ တူးပေးပြန်တော့လည်း ၁၉၇၉ ခုနှစ်အထိ လိုအပ်အနက်ပေထိ မတူးနိုင်၊ တူးပြန်တော့ လည်း တူရွှင်းကအစ ခေတ်မမီ အချိန်ကြာသဖြင့် ရေတစ်တွင်းရဖို့ မလွယ်ကူပါ။ တူးပြီးပြန်တော့လည်း ရေထိပ်ကဝေး၍ လေမှုတ်စက်ဖြင့် ရေထွက်နည်း၊ ဆလင်ဒါအိုးဝါရှာကို Rod တံဖြင့် ဆွဲရေတင်၊ ဝါရှာခဏခဏ စား ရှေ့ကတွင်းပြင်ဆရာပြန်သွား၊ နောက်ကလိုက်ခေါ်ရတွေကို တွေ့နေရပါသည်။
လက်တူးတွင်းကျယ်တွေမှာဆို အချို့နေရာများမှာ ရေထိပ်အတောင် ၃၀၊ ၄၀ ကို စက်သီးဖြင့် ကြိုးခါး ချည်ပြီး ပြေးဆွဲ ရေတစ်ပုံးရဖို့ ပင်ပန်းဒုက္ခတွေ ဖြစ်ခဲ့ရပါသည်။ ရေစည်လှည်းတွေဖြင့် နေ့၊ ည ဝေးသော မြစ်၊ ချောင်းရှိရာ ခက်ခဲစွာ အလုပ်တစ်ခုအဖြစ် သယ်ယူအချိန်ကုန်လူပန်း ဖြစ်ခဲ့ရပါသည်။
မြေပေါ်ရေခက်ခဲ၍ မြေအောက်ရေကို တူးပြန်တော့လည်း နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း ဆိုသလို ရေဆွဲ ကြောများတွေ့ရှိ၍ ခက်ခဲစွာတူးဖော်ရသော ရေတွင်းများ ပခုက္ကူ၊ မြိုင်၊ ပုဂံ-ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ချောက်၊ ရေနံချောင်း၊ မကွေးမြို့နယ်တွေမှာ များစွာ ဖြစ်ပေါ်ခဲ့ပါသည်။
ဆရာဦးတင်လင်း၏ ပခုက္ကူမြို့ပေါ်မှစ၍ မကွေးမြို့အထိ ဧရာဝတီမြစ်ပြုဆင့် ပို့ချလွှာနဲ့ ဧရာဝတီ ကျောက်စဉ်စု ပို့ချလွှာတို့ တစ်ဆက်တည်းဖြစ်နေ၍ ရေအောင်းလွှာမှ ရေများစုဆောင်းမထားနိုင်ဘဲ ဧရာဝတီ မြစ်အတွင်းသို့ စီးဝင်သွားသဖြင့် စက်ရေတွင်း ရေနေပေဝေးသောအခက်အခဲ ကြုံရပါသည်။
ပုပ္ပားမီးတောင် ဖြစ်စဉ်နဲ့ ပြတ်ရွေ့ကြောတွေကြောင့် ရေထိပ်အထက်ရှိ သဲလွှာများ ခြောက်ပွနေ၍ ရေဆွဲ ခြင်း၊ ပြတ်ရွေ့ကြောတစ်လျှောက်ရှိ စက်ရေတွင်းများ မြေလွှာအက်ကွဲကြောင်းများဖြစ်၍ ရေဆွဲကြော ပိုပြင်း ထန် ခက်ခဲစွာ တူးရပါသည်။ ဒါပေမဲ့ မြစ်ပြုအဆင့်နေရာများမှာတော့ ရေအောင်းလွှာ ၁၀၀ ပေ ဝန်းကျင်ခန့်ရှိ ၍ စိုက်ပျိုးရေထုတ်ယူရန် အလားအလာကောင်းပါသည်။
ငန်းဇွန်၊ မြင်းခြံ၊ မိတ္ထီလာ၊ နွားထိုးကြီး၊ မလှိုင်၊ တောင်သာ၊ ရေစကြို၊ ဆားလင်းကြီးမြို့နယ်တွေမှာတော့ ပဲခူးကျောက်လွှာအုပ်စု ပင်လယ်ပို့ချလွှာကြောင့် ရေငန်မှုအခက်အခဲတွေ့ရပါသည်။
အီယိုဆင်း၊ ကျောက်စဉ်စု ပို့ချလွှာပေါ်ရှိ ယောဒေသနေရာအတော်များများမှာတော့ စိမ့်ရေသာရရှိသော အခက်အခဲတွေ့ရပါသည်။ မိုးကောင်းဒေသဖြစ်၍ ပြဿနာတော့မရှိပါ။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ဧရာဝတီကျောက်စဉ်စုပို့ချလွှာများကတော့ များသောအားဖြင့် လှောင်ပိတ် အနေအထားတွေ့ရ၍ ရေလျှံဇုန်၊ ရေလျှံတွင်းများ များစွာ တူးဖော်တွေ့ရှိရပါသည်။ ဒါကို စာရေးဆရာကိုရင်ညို (ထီလာ)ကတော့ သားရွှေအိုးထမ်းလာသောအိုအေစစ်ဟုလည်းကောင်း၊ ကဗျာဆရာ ဦးသန်းစိုး(မုံရွာ)က မိုးကိုမမျှော် မြစ်ရေကိုအားမကိုး လျှံရေကို ကန်တွေဖြင့်လှောင် တောင်သူတွေစိုက်ကာပျိုး အဖိုးထိုက်ပါဘိဟု ရေးဖွဲ့ထားသလို (၂၄)နာရီ တစ်နှစ်ပတ်လုံး သောက်သုံးရေ၊ စိုက်ပျိုးရေ၊ အခမဲ့ရနေသဖြင့် ဒေသအတွက် ကျန်းမာရေး၊ စီးပွားရေး ဖွံ့ဖြိုး တန်ဖိုးရှိလှပါသည်။ ရေရှည်ကောင်းဖို့ စည်းကမ်းစနစ်နဲ့ သုံးဖို့တော့လိုပါသည်။
၁၉၇၉ ခုနှစ် နောက်ပိုင်းမှာတော့ ယူနီဆက်ထောက်ပံ့မှုဖြင့် ဇလဘူမိဗေဒပညာနဲ့ ရေရှာဖွေကရိယာတွေ က ခေတ်မှီ၊ တွင်းတူးစက်တွေက ခေတ်မှီ၊ ရေတင်ကရိယာတွေကအစ ခေတ်မီ၊ တွင်းနက်ရေစုပ်ပန့် မိုနိုလွန်ပန့် ဖြင့် သောက်သုံးရေတွင်းတွေကို စီမံကိန်းဖြင့် အောင်မြင်စွာ တူးဖော်ပေးနိုင်ခဲ့ပါသည်။ ရေထိပ်နီး သော ဒေသတွေမှာဆိုရင် တွင်းတိမ်လက်နှိပ်ပန့်တွင်းများကို နိုင်ငံတော်နဲ့ ဒေသအစီအစဉ်တွေဖြင့် ရေ အဆင်ပြေအောင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယနေ့ဆို ရေမြုပ်ပန့် Submersible Pump တွေကို လျှပ်စစ်မီးပါ အဆင်ပြေလာသဖြင့် အိမ်တိုင်းရေတိုင်တွေ၊ ကိုယ်ပိုင်တွင်းတွေဖြင့် အသုံးပြုနေပြီဖြစ်ပါသည်။ ကျေးရွာ၊ မြို့သောက်သုံးရေတွေမှာ များသောအားဖြင့် မြေအောက်ရေကို အဓိကအားထားရပါသည်။ မန္တလေးမြို့ မြေအောက်ရေအဓိကပေး။
စိုက်ပျိုးရေဆိုရင်လည်း တွင်းနက်လျှပ်စစ်မော်တာသုံး တာဘိုင်းပန့်များဖြင့် မုံရွာ၊ ဘုတလင်၊ ချောင်းဦး ရှေ့ပြေးစီမံကိန်းပြုလုပ်နိုင် စိုက်ပျိုးရေးပေးဝေနိုင်ပါသည်။
ယင်းမာပင် ၉၉ ကန် ရေလျှံတွင်း၊ ရွှေဘိုအရာတော်ရေလျှံတွင်း၊ ကလေးရေလျှံတွင်း၊ မင်းကင်းမုဿာ ရေလျှံတွင်း၊ ဟုမ္မလင်းမြို့နယ် ထိန်ကူး၊ ဖောင်းပြင်မြို့နယ် မန်မော်၊ မင်းယား ဆည်ချောင်း၊ ဇီးဖြူကုန်း ဒိုးခြုံရေလျှံတွင်းတွေဖြင့်လည်း သောက်သုံးရေ၊ စိုက်ပျိုးရေ လုံလောက်စွာပေးနိုင်ခဲ့ပါသည်။
တွင်းတိမ် ၂”-ငါးပေါက်တွင်း၊ ၄” တွင်းငုံစုပ်ခရုပန့်ဖြင့် တွင်းများကို မြန်မာပြည်တစ်ပြည်လုံးဆောင်ရွက် နိုင်ခဲ့၍ စိုက်ပျိုးရေတစ်နှစ်ပတ်လုံး အဆင်ပြေစေခဲ့ပါသည်။
မြေအောက်ရေသည် ကုန်တွင်းပိုင်းတွေမှာ ကျယ်ပြန့်စွာအားကိုးရ၍ ယနေ့လို ရာသီဉတုဖောက်ပြန် မြေပေါ်ရေရှားချိန်မှာ အဘိုးတန်၊ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်စေပါသည်။ နေရာတိုင်းတော့ ရေမရနိုင်၊ ရေ မကောင်း အနည်းငယ်ရှိပါသည်။
“အနည်ကျကျောက်”တွင် နုံးမြေနုနှင့် ဧရာဝတီကျောက်စဉ်စဉ်ပို့ချလွှာသည် သောက်သုံးရေနှင့် စိုက်ပျိုး ရေအတွက် အဓိကအရိပ်ဖြစ်သည်။
ထုံးကျောက်ကတော့ အရံအဖြစ်တော့ အားကိုး၍ရပါသည်။
မီးသင့်ကျောက်နဲ့ အသွင်ပြောင်းကျောက်ကတော့ မိုးကောင်းဒေသ၊ ပြတ်ရွေ့ဇုန်တွေမှာတော့ ရေပေါ များစွာ အရိပ်ပြု၍ရပါသည်။
အဲဒီတော့ ရေအရိပ်ကို တန်ဖိုးသိမှလည်း တန်ဖိုးထား၍ အခွင့်အရေးတွေရမှာဖြစ်ပါသည်။ အခြေ အနေ၊ အချိန်အခါ၊ နေရာ မိမိတို့နှင့် သင့်တင့်ရာမိုးရေ၊ စိမ့်စမ်းရေ၊ မြစ်ရေ (ဆည်၊ မြစ်ရေတင်)၊ မြေအောက်ရေ တို့၏ သန့်ရှင်းလုံလောက်သော ရေအရိပ်များရပြီး ကျန်းမာချမ်းသာစေကြောင်း ဆုတောင်းပေး လိုက်ပါသည်။
ယခင်က ရေကို မသန့်ရှင်း၊ မလုံလောက်စွာ သုံးရ၍ ကျမ္မာရေးချို့ယွင်း၊ စီးပွားရေးမဖွံ့ဖြိုးရာကနေ နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတော်နဲ့ ပုဂ္ဂလိကတို့၏ ခေတ်မှီအသိဉာဏ်ဖွံ့ဖြိုးစွာဖြင့်ဆောင်ရွက်ကြရာ ယနေ့ သန့်ရှင်းသော သောက်သုံးရေ၊ စိုက်ပျိုးရေအရိပ်များကို တန်ဖိုးးသိသုံးဆောင်၊ ကျမ္မာ၊ စီးပွားဖွံ့ဖြိုး လာတာကို တွေ့နေရပြီးဖြစ်ပါသည်။
ရေအရိပ်စာပေ၏ စာတွေ့၊ လက်တွေ့ ဗဟုသုတတွေက ရေအရိပ်တန်ဖိုးကို ပိုမိုသိရှိပြီး အခွင့်အရေး များရစေပါသည်။
ထာဝရအောင်မြင်ပါစေ၊ကျေးဇူးတင်ပါသည်။ ဦးငွေ (လက်ထောက်ညွှန်ကြားရေးမှူး-ငြိမ်း)

