FLOODS ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာ-ရအောင် မည်သို့လုပ်ဆောင်ကြမည်နည်း

(အုန်းမြင့် – ကမ္ဘာ့ဘဏ် အတိုင်ပင်ခံ အင်ဂျင်နီယာ)

kyawoo.com မှ ကူးယူဖေါ်ပြ မျှဝေပါသည်

WATER

(Source: http://www.theolivepress.es)

မြစ်ချောင်းများအတွင်းသို့ ဝင်ရောက်စီးဆင်းနေသော ရေထုထည်သည် ယင်းမြစ်များချောင်းများက လက်ခံ သယ်ယူ စီးဆင်းစေနိုင်သော ပမာဏထက် ကျော်လွန်များပြားလာသောအခါ မြစ်ကမ်းပါးပေါ်သို့ လျှံတက်လာပြီး ရေကြီးရေလျှံမှု ပေါ်ပေါက်သည်။ သို့သော် ရေကြီးရေလျှံမှုတိုင်းသည် အပျက်အစီးများကို မဖြစ်ပေါ်စေနိုင်ချေ။ လျှံတက်လာသောရေများသည် မြစ်၏ တဖက်တချက်တွင် သဘာဝအလျောက် ဖြစ်ပေါ်နေနိုင်သည့် ရေလွှမ်းလွင်ပြင်များထဲသို့ ဝင်ရောက်ဖုံးလွှမ်းသောအခါ ရေစီးတွင် ပါလာသော နုန်းအနည်များကို ပို့ချအနည်ထိုင်စေခြင်းဖြင့် ယင်းလွင်ပြင်များကို မြေဆီအာဟာရကြွယ်ဝစေသည်။ ရေသည် ရေလွှမ်းလွင်ပြင်မှ ဆက်လက်လျှံတက်သွားပြီး လူနေအရပ်များထဲသို့ စီးဆင်းဝင်ရောက်သောအခါမှ ထိခိုက် ပျက်စီးမှုများ ပေါ်ပေါက်သည်။ သဘာဝရေလွှမ်းလွင်ပြင် မရှိလျှင်၊ ရှိသော်လည်း ယင်းလွင်ပြင်ထဲသို့ လူတို့ ဝင်ရောက်ကျူးကျော်ဆောက်လုပ်နေထိုင်လျှင်၊ သို့မဟုတ် တစ်နည်းနည်းဖြင့် ယင်းလွင်ပြင်ကို ပျက်စီးစေခဲ့လျှင် သဘာဝအကာအကွယ် မရတော့ဘဲ ထိခိုက်ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရသည်။

ရေကြီးရေလျှံခြင်းကြောင့် ထိခိုက်ပျက်စီးမှု မပေါ်ပေါက်အောင် သို့မဟုတ် နည်းပါးအောင် နည်းသုံးနည်းဖြင့် လုပ်ဆောင်နိုင်သည်။

၁။ ရေလွှမ်းနိုင်သော အကျယ်အဝန်း၊ တက်လာနိုင်သော အမြင့်နှင့် အချိန်ကို ကြိုတင်အသိပေးခြင်း

ထိုသို့ ကြိုတင်အသိပေးရာ၌ ဒေသခံတို့ ရွှေ့ပြောင်းနိုင်ရန် လုံလောက်သောအချိန် (သုံးရက်မှ ခြောက်ရက် အတွင်း) ရဖို့ အရေးကြီးသည်။ သို့သော် ပြောင်းလဲလာသောရာသီဥတုကြောင့် လျှပ်တပြက် ရေလွှမ်းမိုးမှု များသည် အချိန်တိုအတွင်း မြန်ဆန်စွာ ပေါ်ပေါက်လာနေသဖြင့် စောစီးစွာ ကြိုတင် သတိပေးနိုင်ရန် အခက်အခဲ ကြီးမားလာနေသည်။ ထို့ပြင် “လေထဲကမြစ်” များဟု တင်စားခေါ်ဝေါ်ရလောက်အောင် လေထုထဲ၌ ရွေ့လျားနေသည့် များပြားသိပ်သည်းလှသော ရေငွေ့တန်းကြီးများကြောင့် ပိုမိုသည်းထန်သောမိုးများ ရွာကျလာနေသည်။

၂။ လျှံတက်လာသောရေများကို လူတို့ရှိရာမှ ဝေးရာသို့ လွှဲပြောင်းပေးခြင်း

မြစ်နှင့် မလှမ်းမကမ်းတွင် ရေထိန်းတမံများ၊ ရေစုကန်များ တည်ဆောက်၍ လျှံလာသောရေများကို ယာယီ သိုလှောင် ထိန်းသိမ်းထားကာ ရေကျသောအချိန်၌ ပြန်လည်ထုတ်လွှတ်ခြင်းဖြင့် ရေကြီးရေလျှံမှုကို ထိန်းချုပ်နိုင်သည်။ သို့မဟုတ် မြစ်အထက်ပိုင်း မြစ်ကြောင်းထဲ၌ ရေတံခါး၊ ရေလွှဲဆည်များ တည်ဆောက်ကာ လျှံရေများကို ယာယီထိန်းထားပြီး ရေကျသောအချိန်၌ ပြန်လည်ထုတ်လွှတ်ခြင်းဖြင့် မြစ်အောက်ပိုင်းတွင် ရေကြီးရေလျှံမှု လျော့ပါးစေနိုင်သည်။ သို့မဟုတ် မြစ်ကြောင်းနှင့်အပြိုင် ချောင်းငယ်များ၊ တူးမြောင်းများ ဖောက်လုပ်ကာ မြစ်ထဲမှ ရေအချို့ကို လွှဲယူ စီးဆင်းစေခြင်းဖြင့်လည်း ပင်မမြစ်ထဲတွင် ရေကြီးခြင်းကို သက်သာရာရစေနိုင်သည်။ အပြိုင်တူးဖော်ထားသော ချောင်းငယ်နှင့် တူးမြောင်းများ၏ လျှောစောက်ကို ခပ်ပြေပြေဖြစ်အောင် စီစဉ်ထားလျှင် ရေစီးနှုန်း လျော့နည်းသည်။

၃။ ဒေသခံတို့ကို ရေကြီးသည့်နေရာမှ လွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်း

ရေကြီးရေလျှံခြင်းအကြောင်း ဗီဒီယို ရှုစားရန် (ကြာချိန် ၅ မိနစ် ၁၁ စက္ကန့်) click here

floods #explained

What are floods and why do they occur

Flooding is one of the most common and destructive natural hazards on Earth, leading to the loss of countless lives and billions of dollars in damages annually. But why and how do floods occur?

ကမ္ဘာ့ဘဏ်သည် ဆိုင်ရာနိုင်ငံများတွင် အထက်ပါနည်းအားလုံး သို့မဟုတ် နှစ်နည်းဖြင့် ရေကြီးရေလျှံခြင်းကို သက်သာရာရစေခဲ့သည်။ မည်သည့်နည်းကို သုံးသည်ဖြစ်စေ၊ အားသာချက် အားနည်းချက်များ ကိုယ်စီ ရှိကြသည်။ ယာယီတမံ၊ ရေလွှဲလမ်းကြောင်းများစသော ရေထိန်းအဆောက်အအုံများကြောင့် လူတို့ကို ထိခိုက်ပျက်စီးမှု၊ အသက်ဆုံးရှုံးမှု သက်သာရာရသော်လည်း ယင်းတို့ကြောင့် သဘာဝမြေပြင်ဧရိယာ လျော့နည်းသွားသည်။ ရေမကြီးသောအချိန်များတွင် ယာယီရေထိန်းအဆောက်အအုံများသည် အသုံးမတည့် ဖြစ်နေခြင်းမျိုးကို သဘောပေါက်ထားရမည်။

မိုးခေါင်ခြင်း

မိုးခေါင်သည်ကို ရေကြီးခြင်းကဲ့သို့ သိသာထင်ရှားစွာ မမြင်ရချေ။ ပုံမှန်ထက် လွန်ကဲစွာ ပူပြင်းလာပြီး မြစ်ချောင်း အင်းအိုင် ရေတွင်းများတွင် ရေလျော့နည်း ခန်းခြောက်လာမှ မိုးခေါင်နေမှန်း သိလာကြသည်။ ထို့ကြောင့် ရေကြီးခြင်းကို နှလုံးရောဂါကြောင့် အမောဖောက်လာခြင်းနှင့် နှိုင်းယှဉ်ပြောဆိုကြပြီး မိုးခေါင်ခြင်းကို ကင်ဆာရောဂါနှင့် တူသည်ဟု ဥပမာပေးကြသည်။

ဆက်စပ်ဖတ်ရှုရန် – မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ click here ( ဆောင်းပါးအဆုံးတွင် ဖေါ်ပြထားပါသည် )

မိုးမခေါင်စေရန် ကာကွယ်လုပ်ဆောင်၍ မရသော်လည်း မိုးမှန်စဉ်ကတည်းက ရေများကို တိုင်ကီများ၊ ကန်များ၊ ရေလှောင်တမံများထဲတွင် တတ်နိုင်သမျှ သိုလှောင်ထားခြင်းဖြင့် မိုးခေါင်မှု၏ဒဏ်ကို သက်သာရာ ရစေနိုင်သည်။

အမေရိကန်နိုင်ငံ အနောက်ပိုင်း ဟူးဗားတမံ၏ နောက်ရှိ မိ(ဒ်)ရေလှောင်ကန်ထဲတွင် ရေပမာဏ ဧကပေ ၂၈ သန်းမျှ သိုလှောင်ထားကာ စိုက်ခင်းများ၊ လော့စ်အင်ဂျလိစ်၊ လာ့စ်ဗေးဂပ်စ်စသော မြို့များကို ရေပေးဝေနေသည်။ ယင်းရေလှောင်ကန်သည် မိုးခေါင်ကာလ ၁၀ နှစ်ကျော် ကြာရှည်သည့်တိုင်အောင် ရေလုံလောက်စွာ ပေးဝေနိုင်သည်ဟု ဆိုသည်။ မိ(ဒ်)ရေလှောင်ကန်၊ ပေါင်းဝဲလ်ရေလှောင်ကန် စသည်တို့သာ မရှိခဲ့လျှင် ကယ်လီဖိုးနီးယားပြည်နယ် အနောက်ပိုင်း၊ အရီဇိုးနားပြည်နယ်မှ မက္ကဆီကို နိုင်ငံအထိ ဒေသတလျှောက်လုံးတွင် လူနေမြို့ရွာ သီးနှံစိုက်ခင်း မရှိနိုင်ဘဲ ကန္တာရအတိ ဖြစ်နေလိမ့်မည်။

ဆက်စပ်ဖတ်ရှုရန် – အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု click here

သဘာဝချစ်သူများထဲက အချို့သည် အထက်ပါရေလှောင်ကန်ကြီးများကြောင့် ပေါ်ပေါက်သော သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကိုသာ မြင်ယောင်ကြ၊ အပြစ်တင်ကြသည်။ ရေလှောင်ကန်ကြီးများကြောင့် လူ့အသက်များ မဆုံးမရှုံးဘဲ ရှင်သန်နေနိုင်ကြသည်ကို လည်းကောင်း၊ သီးနှံများကို အောင်မြင်စွာ စိုက်ပျိုးနေကြသည်ကို လည်းကောင်း မမြင်တတ် သဘောမပေါက်တတ်ကြပေ။ ရေသည် ပိုက်ခေါင်းထဲမှ ထွက်လာသည်၊ ဗိုက်ဆာလျှင် ဟင်းအိုးထဲက ခပ်စားနိုင်သည်ဟုသာ အလွယ်တွေးတတ်ကြသည်။

ဆက်စပ်ဖတ်ရှုရန် ( မိုးခေါင်ခြင်း ,ကမ္ဘာ နှင့် မြန်မာ ၊ အပြည့်အစုံ )

kyawoo.comMENU

CLIMATE CHANGEDROUGHTSSECURITY

မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ

မိုးခေါင်ခြင်းဆိုသည်မှာ ဒေသတစ်ခု၌ ရက်ရှည် လများ မိုးမရွာ (သို့မဟုတ်) ပုံမှန်အောက် လျော့နည်းပြီး ရွာသဖြင့် ခြောက်သွေ့နေသောကြောင့် လူနှင့် သဘာဝ ပတ်ဝန်းကျင်တို့၏ ရေလိုအပ်ချက်ကို လုံလောက် ပြည့်မီအောင် မရနိုင်သော ကာလကို ခေါ်သည်။ ဒေသတစ်ခု ၌ မိုးခေါင်မခေါင် သတ်မှတ်ရန် ယင်းဒေသတွင် ရသော ပုံမှန်မိုးပမာဏနှင့် ရေလိုအပ်ချက်ကို စဉ်းစားရသည်။ ဒေသတစ်ခုနှင့်တစ်ခု ပုံမှန်မိုးရရှိမှုနှင့် ရေလိုအပ်မှုတို့ မတူခြားနားကြသဖြင့် မိုးခေါင်ခြင်း၏ အဓိပ္ပာယ်ကို ဖွင့်ဆိုရာတွင် ဒေသပေါ်မူတည်ပြီး ကွဲပြားသည်။

မိုးခေါင်ခြင်းသည် ရှေးပဝေသဏီကတည်းက ပေါ်ပေါက်နေခဲ့သော သဘာဝဖြစ်စဉ်တစ်ခု ဖြစ်သည်။ ကမ္ဘာ့မည်သည့်နေရာတွင်မဆို မိုးခေါင်နိုင်သည်။ သမိုင်းတွင် မိုးခေါင်ကာလ အရှည်ကြာဆုံးမှာ တောင်အမေရိကတိုက် ချီလီနိုင်ငံ အရိကဒေသ၌ ကြုံတွေ့ခဲ့ရသည့် ၁၉၀၃ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှ ၁၉၁၈ ဇန်နဝါရီလ ၁ ရက်အထိ ၁၇၂ လကြာ ပေါ်ပေါက်ခဲ့သော မိုးခေါင်ခြင်း ဖြစ်သည်။

မိုးခေါင်ခြင်းအမျိုးအစား

မိုးခေါင်ခြင်းကို ယင်းဖြစ်စဉ်၏ သက်ရောက်မှုပေါ် မူတည်၍ ငါးမျိုးငါးစား ခွဲခြားနိုင်သည်။ မိုးရွာသွန်းမှု ပုံမှန်ထက် လျော့နည်းခြင်း၊ လေထုအပူချိန်မြင့်မားခြင်း၊ ရေငွေ့နှင့်ပင်ငွေ့ပြန်မှု မြင့်မားခြင်းတို့ ရက်လ အတန်ကြာ ဖြစ်ပွားသည်ကို မိုးလေဝသဆိုင်ရာ မိုးခေါင်ခြင်း (Meteorological Drought)ဟု ခေါ်သည်။ မိုးလေဝသဆိုင်ရာ မိုးခေါင်ခြင်းကြောင့် မြေဆီလွှာအတွင်း ရေငွေ့ သိသာစွာ လျော့နည်းသွားကာ သီးနှံပင်များ၏ ရှင်သန်မှုကို ထိခိုက် သက်ရောက်လျှင် စိုက်ပျိုးရေးကို ထိခိုက်သော မိုးခေါင်ခြင်း (Agricultural Drought)ဟု သတ်မှတ်သည်။ မြေပေါ်ရေ မြေအောက်ရေ သိသာစွာ လျော့နည်းခန်းခြောက်လျှင် ရေရရှိမှုကို ထိခိုက်သော မိုးခေါင်ခြင်း (Hydrological Drought) ဖြစ်သည်။ မိုးခေါင်ခြင်း၏ အကျိုးဆက်များသည် လူမှုရေးနှင့် စီးပွားရေးအပေါ် သက်ရောက်လျှင် လူမှုစီးပွားကို ထိခိုက်သော မိုးခေါင်ခြင်း (Socioeconomic Drought) ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်တို့၏ အရည်အသွေး ကျဆင်းသည်အထိ ဖြစ်သည့် မိုးခေါင်ခြင်းကို ဂေဟစနစ်ကို ထိခိုက်သော မိုးခေါင်ခြင်း (Ecological Drought)ဟု ခေါ်သည်။ မိုးခေါင်ခြင်း ငါးမျိုးတွင် မိုးလေဝသဆိုင်ရာ မိုးခေါင်ခြင်းနှင့် ရေရရှိမှုကို ထိခိုက်သော မိုးခေါင်ခြင်း တို့သည် သဘာဝမိုးခေါင်ခြင်းများ ဖြစ်ကြပြီး ကျန်မိုးခေါင်ခြင်း သုံးမျိုးသည် လူတို့ကို သက်ရောက်မှု အပေါ် မူတည်ပြီး သတ်မှတ်သည့် မိုးခေါင်ခြင်း အမျိုးအစားများ ဖြစ်ကြသည်။

ထိခိုက်သက်ရောက်မှု

မိုးခေါင်မှုကြောင့် စားနပ်ရိက္ခာဖူလုံမှု၊ ကျန်းမာရေးနှင့် လူအများ နေရပ်ရွှေ့ပြောင်းရမှုတို့အပေါ် ကြီးမားစွာ သက်ရောက်သည်။ ဆင်းရဲမွဲတေမှုနှင့် မြေယာ အသုံးချမှု လွဲမှားသောဒေသများတွင် မိုးခေါင်လျှင် အခြားနေရာများတွင် မိုးခေါင်သည်ထက် ထိခိုက်ဆုံးရှုံးမှု များပြားသည်။ မိုးခေါင်ခြင်း၏ဒဏ်ကို ခံရသူများ၏ ၈၅ ရာခိုင်နှုန်းသည် ဝင်ငွေနည်း သို့မဟုတ် အလယ် အလတ် ရှိသည့် နိုင်ငံများမှ ဖြစ်ကြသည်။

ကမ္ဘာပေါ်တွင် မိုးခေါင်ခြင်းကြောင့် ၁၉၀ဝ ပြည့်နှစ်ကစ၍ လူပေါင်း ၁၁ သန်းမျှ သေဆုံးခဲ့ကာ လူ နှစ်ဘီလျံတို့အပေါ် ထိခိုက်သက်ရောက်မှုများ ရှိခဲ့သည်။ မိုးခေါင်သည့်ဒဏ်ကြောင့် လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း စိုက်ပျိုးမြေ အရည်အသွေး ကျဆင်းခဲ့သဖြင့် သီးနှံ ထုတ်လုပ်မှု တစ်နှစ်လျှင် ဝ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းသည်။ မိုးခေါင်သည့်နှစ်များ၌ သစ်တော ဆုံးရှုံးမှုသည် ပုံမှန်နှစ်များထက် ၇ ဒသမ ၆ ရာခိုင်နှုန်း များပြားခဲ့သည်။ ကမ္ဘာတွင် မိုးခေါင်ခြင်းကြောင့် ပျက်စီး ဆုံးရှုံးမှုများကို ငွေကြေးဖြင့် တွက်လျှင် တစ်နှစ် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံမှရှစ်ဘီလျံအထိ ရှိသဖြင့် ဆုံးရှုံးမှုပမာဏ အကြီးမားဆုံး သဘာဝ ဘေးအန္တရာယ် ဖြစ်သည်။

ဒေသအလိုက်ထိခိုက်သက်ရောက်မှုများ

၂၀၂၂ ခုနှစ်က ဥရောပတိုက်၌ ကြုံတွေ့ခဲ့ရသော မိုးခေါင်မှုသည် ယင်းတိုက်တွင် နှစ်ပေါင်း ၅၀ဝ အတွင်း အဆိုးဝါးဆုံး မိုးခေါင်မှု ဖြစ်သည်။ ယခုရာစုနှစ်အတွင်း တရုတ်နိုင်ငံ လူဦးရေ၏ ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအတွင်း ပြင်းထန်မှု အသင့်အတင့်မှ ဆိုးဝါးသော မိုးခေါင်ခြင်း၏ သက်ရောက်မှုကို ခံခဲ့ရသည်။ ၂၀၂၂ ခုနှစ်က တရုတ်နိုင်ငံတွင် အပူချိန် လွန်ကဲပြီး မိုးနည်းခြင်းကြောင့် ယန်စီမြစ်ရေ သိသာစွာ လျော့နည်း သွားသဖြင့် ရေအားလျှပ်စစ် ထုတ်လုပ်မှု လျော့ကျခဲ့သည်သာမက မြစ်တွင်းသင်္ဘောသွားလာရေးကိုပါ ထိခိုက်ခဲ့သည်။ ၂၀၂၃ ခုနှစ်အစပိုင်းက တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ မိုးခေါင်ခဲ့ရာ ယူနန်ပြည်နယ်နှင့် စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းတို့တွင် မိုးရွာသွန်းမှုသည် ၂၀၂၃ ခုနှစ်၏ ၁၂ လုံးလုံးတွင် ပုံမှန်အောက်တွင်သာ ရှိခဲ့သည်။ ထို့အတူ အိန္ဒိယနိုင်ငံ၏ နေရာအများအပြား၌ မိုးနည်းခဲ့သည်။ ၂၀၂၃ ခုနှစ် အိန္ဒိယ တစ်နိုင်ငံလုံး၏ ပျမ်းမျှမိုးရေချိန်သည် ၁၉၇၁-၂၀ဝ၀ နှစ်ကြား ပျမ်းမျှမိုးရေချိန်ထက် ခြောက်ရာခိုင်နှုန်းမျှ လျော့နည်းခဲ့သည်။

အာဖရိကဦးချိုဒေသ ဖြစ်သည့် အီသီယိုပီးယား၊ ကင်ညာ၊ ဆိုမားလီးယားနိုင်ငံတို့တွင် ငါးနှစ် ဆက်တိုက် မိုးရွာသွန်းမှု နည်းပါးသဖြင့် စိုက်ပျိုးရေးကို ကြီးမားစွာ သက်ရောက်ကာ အစားအစာ မလုံလောက်မှု၊ ဈေးကြီး မြင့်မှုတို့ကို ခံစားခဲ့ရသည်။ ၁၉၅၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း မိုးခေါင်ခြင်း၊ ယင်းနှင့် ဆက်စပ်သော အန္တရယ်များကြောင့် အာဖရိကတစ်တိုက်လုံး၌ စီးပွား ပျက်စီး ဆုံးရှုံးမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၇၀ ဘီလျံမျှ ဖြစ်သည်။

ကမ္ဘာ့အခြားဒေသများနည်းတူ အရှေ့တောင် အာရှသည်လည်း မိုးခေါင်ခြင်း၏ သက်ရောက်မှုကို ခံစားနေရသည်။ အရှေ့တောင်အာရှတွင် ပုံမှန် သဘာဝ ဖြစ်စဉ်ကြောင့် မိုးခေါင်သကဲ့သို့ အယ်လ်နီညိုနှင့် တပြိုင်တည်း ပေါ်ပေါက်သည်လည်း ရှိသည်။ ထို့ပြင် Indian Ocean Dipole ခေါ် ဖြစ်စဉ်ကြောင့်လည်း မိုးခေါင်သည်။ Indian Ocean Dipole (IOD) ဆိုသည်မှာ အိန္ဒိယ သမုဒ္ဒရာ၏ အရှေ့ပိုင်း ရေမျက်နှာပြင် အပူချိန်နှင့် အနောက်ပိုင်း ရေမျက်နှာပြင်အပူချိန်တို့ မညီမမျှဖြစ်ရာမှ ဖြစ်ထွန်းလာသည့် လေထုလှုပ်ရှားမှုကို ခေါ်သည်။ အရှေ့တောင်အာရှ ဒေသအများအပြား၌ ၂၀၁၅ -၂၀၁၆ နှင့် ၂၀၁၈-၂၀၂၀ ခုနှစ်များက မိုးခေါင်ခဲ့သည်။

မိုးခေါင်ခြင်းက တောမီးလောင်ခြင်းကို အားပေးပြီး လောင်သောတောမီးများကိုလည်း ပိုမို ပြင်းထန်စေသည်။ ဥပမာ – ကမ္ဘောဒီးယားနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုးခေါင်စဉ်က နေရာပေါင်း ရာနှင့်ချီသော နေရာများတွင် တောမီးလောင်ကျွမ်းခဲ့သည်။ မိုးခေါင်၍ ရေရှားသဖြင့် တောမီးငြှိမ်းသတ်ရတွင် အခက်အခဲတွေ့ခဲ့သည်။

မိုးခေါင်ခြင်းကြောင့် ကမ်းရိုးတန်းဒေသများတွင် မြေအောက်ရေပြင် ကျဆင်းကာ ဆားငန်ရေ တိုးဝင်လာခြင်းမျိုးလည်း ရှိတတ်သည်။ ဥပမာ – ဗီယက်နမ်နိုင်ငံ၌ ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုးခေါင်စဉ်က ဆားငန်ရေများ ကီလိုမီတာ ၉၀ ခန့်အထိ ကုန်းတွင်းပိုင်းသို့ ရောက်လာကာ စိုက်ပျိုးမြေ ဟက်တာပေါင်း ၄၈၀ဝဝဝ မျှ ပျက်စီးခဲ့သည်။

မိုးခေါင်ခြင်းနှင့်မြန်မာနိုင်ငံ

မြန်မာနိုင်ငံတွင် ရက်ပေါင်း ၂၀ မျှဆက်တိုက် ပုံမှန်ထက် မိုးနည်းခဲ့ပြီး နောက်ထပ် ၁၀ ရက်ဆက်တိုက် ပုံမှန်ထက် မိုးနည်းနေလျှင် ယင်း ၁၀ ရက်ကို မိုးခေါင်သော ကာလဟု သတ်မှတ်သည်။ တနည်းဆိုရလျှင် ရက်ပေါင်း ၃၀ ဆက်တိုက် ပုံမှန်ထက် မိုးနည်းနေခဲ့လျှင် နောက်ဆုံး ၁၀ ရက်သည် မိုးခေါင်သောရက်များ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ အတွင်း မြန်မာနိုင်ငံ၏ ပျမ်းမျှမိုးရေချိန်သည် ၂၂၁၃ မီလီမီတာ ဖြစ်သည်။ ရခိုင်၊ မွန်နှင့် တနင်္သာရီကမ်းရိုးတန်းများတွင် ၃၅၀ဝ မီလီမီတာမှ ၅၀ဝ၀ မီလီမီတာအတွင်း ရွာပြီး နိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဒေသ၌ ၆၀ဝ မီလီမီတာမှ ၁၀ဝ၀ မီလီမီတာအတွင်းသာ ရွာသည်။ နှစ်တစ်နှစ်တွင် နှစ်ပေါင်း ၃၀ ပျမ်းမျှမိုးရေချိန်၏ ၂၀ ရာခိုင်နှုန်းအတွင်း ရွာလျှင် ပုံမှန်မိုး၊ ၂၀ ရာခိုင်နှုန်းထက် ပိုလျှင် မိုးကောင်း၊ ၂၀ ရာခိုင်နှုန်းထက် လျော့လျှင် မိုးနည်းသည်ဟု သတ် မှတ်သည်။ ပျမ်းမျှမိုးရေချိန်ထက် ၁၀ ရာခိုင်နှုန်းမျှ လျော့နည်းလျှင် နိုင်ငံ၏ စပါးထွက်နှုန်းကို ထိခိုက်သည်။

မြန်မာတစ်နိုင်ငံလုံးအနေနှင့် ဆိုလျှင် ၁၉၅၅၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၇၂ နှင့် ၁၉၇၉ ခုနှစ်များသည် ပျမ်းမျှထက်မိုးလျော့နည်းသောနှစ်များ ဖြစ်သည်။ မိုးနည်းသောနှစ်များ၏ ပျမ်းမျှထက် ၁၉၇၉ ခုနှစ်က ၁၆ ရာခိုင်နှုန်းမျှ မိုးလျော့နည်းခဲ့ရာ ယင်းနှစ်သည် အခြောက်သွေ့ဆုံးနှစ်ပင် ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးအနေနှင့် နှစ်ပေါင်း ၃၀ တွင် ခြောက်နှစ်ခန့် ခြောက်သွေ့သော ရာသီဥတုကို ကြုံတွေ့ရတတ်သည်။ အချို့ဒေသများ၌ နှစ်နှစ်ဆက်တိုက် မိုးနည်းခြင်းကိုလည်း ကြုံရတတ်သည်။

မြန်မာနိုင်ငံ၌ မိုးခေါင်နိုင်သည့် အလားအလာ အများဆုံးကာလမှာ မေလ၏ နောက်ဆုံးဆယ်ရက်နှင့် အောက်တိုဘာလ၏ နောက်ဆုံးဆယ်ရက်များတွင် ဖြစ်သည်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတောင်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် မိုးခေါင်နိုင်သည့် အလားအလာ များပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး တောင်ပိုင်းတို့၌ မိုးခေါင်နိုင်သည့် အလားအလာ နည်းပါးသည်။ နှစ်စဉ် မိုးရေချိန် ၁၀ဝ၀ မီလီမီတာအောက် ရွာသည့် မြန်မာနိုင်ငံ ခြောက်သွေ့ဒေသအလယ်ပိုင်းသည် မိုးခေါင်နိုင်ခြေ အမြင့်မားဆုံး ဖြစ်သည်။ ယင်းဒေသ၌ ၁၉၅၄၊ ၁၉၅၇၊ ၁၉၆၁၊ ၁၉၇၂၊ ၁၉၇၉ နှင့် ၁၉၉၁ ခုနှစ်များက မိုးခေါင်ခြင်း၏ ဒဏ်ကို အများဆုံးခံခဲ့ရသည်။

နောက်ပိုင်းတွင် မိုးခေါင်သည့်ကာလ ပြောင်းလဲလာသည်။ ၁၉၅၄ ခုနှစ်က မုတ်သုန်ရာသီနှောင်းပိုင်းတွင် မိုးခေါင်ခဲ့သော်လည်း ၁၉၇၂ နှင့် ၁၉၇၉ ခုနှစ်များကမူ မုတ်သုန်ရာသီအစောပိုင်းတွင် မိုးခေါင်ခဲ့သည်။ မုတ်သုန်ရာသီနှောင်းပိုင်း၌ မိုးခေါင်ခြင်းသည် ယင်းကာလနောက်ပိုင်းတွင် မိုးရရန် မသေချာတော့သဖြင့် မုတ်သုန်ရာသီအစောပိုင်း မိုးခေါင်ခြင်းထက် ထိခိုက်နိုင်ခြေ ပိုမိုမြင့်မားသည်။ ၁၉၆၆၊ ၁၉၆၇၊ ၁၉၇၈ နှင့် ၁၉၇၉ ခုနှစ်များက ခြောက်သွေ့ဒေသ၌လည်း ကောင်း၊ ၁၉၅၅၊ ၁၉၅၇၊ ၁၉၆၆၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၇ နှင့် ၁၉၇၉ ခုနှစ်များက ရန်ကုန်၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ လည်းကောင်း မုတ်သုန်ရာသီနှောင်းပိုင်းတွင် ပုံမှန်ထက်မိုးလျော့နည်းခဲ့သည်။

အခြောက်သွေ့ဆုံးနှစ်ဖြစ်သည့် ၁၉၇၉ ခုနှစ်က မိုးနည်းခြင်းကြောင့် ၁၉၈၀ ပြည့်နှစ်၏ ပထမငါးလတွင် နိုင်ငံ့ဒေသအများအပြားတွင် ရေရှားပါးခဲ့သည်။ အထူး သဖြင့် ခြောက်သွေ့ဒေသကို အဆိုးရွားဆုံးသက်ရောက်ခဲ့ကာ ရေမရသဖြင့် မွေးမြူထားသော တိရစ္ဆာန် ထောင်ပေါင်းများစွာ သေဆုံးခဲ့ပြီး စိုက်ပျိုးသီးနှံ ထွက်ရှိမှုကိုလည်း ထိခိုက်ခဲ့သည်။

၂၀၁၅ ခုနှစ် မေလမှ ၂၀၁၆ စက်တင်ဘာလအတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး၏ အချို့အပိုင်းများ၌ မိုးခေါင်ခြင်းကြောင့် လူ ၁၅ သန်း ထိခိုက်ခဲ့ပြီး စိုက်ပျိုး ဟက်တာ ၄၀ဝဝဝ ခန့် စိုက်ပျိုးချိန် နောက်ကျခဲ့သည်။ ၂၀၁၈ ခုနှစ် သြဂုတ်နှင့် စက်တင်ဘာလများတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၏ အချို့အပိုင်းများ၌ မိုးခေါင်ခြင်းကြောင့် ရေရှားပါးမှုများ ပေါ်ပေါက်ခဲ့သည်။

မိုးတု

မိုးခေါင်ခြင်းကို တုံ့ပြန်ဖြေရှင်းနိုင်သည့် သိပ္ပံနည်းမှာ မိုးတုဖန်တီးရွာသွန်းစေခြင်း ဖြစ်သည်။ မိုးတု ဖန်တီးခြင်း ဆိုသည်မှာ တိမ်တိုက်များထဲရှိ မိုးစက် မိုးပေါက်များအဖြစ်သို့မရောက်သေးသော ရေငွေ့များတွင်းသို့ ဆင်းလ်ဗားအိုင်အိုဒိုက်၊ ပိုတက်စီယမ်အိုင်အိုဒိုက်၊ ရေခဲခြောက်ခေါ် ကာဘွန်ဒိုင်အောက်ဆိုက်အခဲ စသည့် ဓာတုပစ္စည်းတို့ကို ကျဲပက်ပျံ့နှံ့စေကာ ရေငွေ့များ အချင်းချင်း ပေါင်းစည်းမိစေခြင်းဖြင့် မိုးစက် မိုးပေါက်များအဖြစ်သို့ ရောက်ရှိရွာကျစေခြင်း ဖြစ်သည်။

မိုးတုဖန်တီးခြင်းသည် သဘောတရားအရ ရိုးရှင်းသော်လည်း လက်တွေ့လုပ်ဆောင်ရာ၌ အငြင်းပွားဖွယ်ရာများ ရှိနေသည်။ ဥပမာ မက္ကဆီကိုနိုင်ငံသည် မိုးတုအစီအစဉ်များဖြင့် မိုးခေါင်ခြင်း၏ ဆိုးကျိုးများ၏ ၉၈ ရာခိုင်နှုန်းအထိ ပြေလျော့စေကာ တောမီးလောင်ခြင်း ၂၅ ခုကို ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။ သို့သော် ပညာရှင်အချို့က ယင်းအချက်ကို မယုံကြည်ကြချေ။ ဖန်တီးဖြစ်ပေါ်လာသော မိုးတုပမာဏသည် လုံလောက် မှု ရှိမရှိ အငြင်းပွားနေကြသကဲ့သို့ လေထုတွင်းသို့ ကျဲပက်လိုက်သော ဓာတုပစ္စည်းများကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းအများကိုလည်း လေ့လာဆဲ ဖြစ်သည်။

မည်သို့ ရှိစေ၊ နိုင်ငံအများအပြားသည် မိုးတုဖန်တီးခြင်းကို လုပ်ဆောင်နေကြရာ ယင်းနိုင်ငံများထဲတွင် တရုတ်က ထိပ်ဆုံးက ပါဝင်သည်။ သို့သော် တရုတ်မိုးတု အစီအစဉ်သည် လိုချင်သည့် အောင်မြင်မှုများ မရသေးချေ။

မိုးခေါင်ခြင်းဒဏ်မှ သက်သာရာရရန်

မိုးခေါင်ခြင်းဒဏ်မှ သက်သာရာရရန် လောလောဆယ် အဖြစ်နိုင်ဆုံးမှာ ယင်းကြောင့် ဖြစ်ပေါ်သည့် ဘေးဒုက္ခများကို ကြိုတင်ခန့်မှန်းထားပြီး ယင်းဘေးဒုက္ခ များနှင့် ကြုံလာသောအခါ ပျက်စီး ဆုံးရှုံးမှု အနည်းဆုံးဖြင့် မူလအခြေအနေ သို့မဟုတ် မူလအခြေအနေနီးပါးသို့ ပြန်ရောက်ရန် စီမံထားရမည်။ မိုးခေါင်ခြင်းမှ တုံ့ပြန် ရှင်သန်နိုင်စွမ်းဟု ခေါ်သည့် စီမံမှုကို နိုင်ငံ အသီးသီး၏ မူဝါဒများ၊ အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များတွင် ဦးစားပေး ထည့်သွင်းထား ခြင်း၊ ပုဂ္ဂလိကကဏ္ဍအပါအဝင် သက်ဆိုင်သူတိုင်းက မိုးခေါင်ခြင်းမှတုံ့ပြန်ရှင်သန်နိုင်စွမ်းကို ပြုစုပျိုးထောင် ထားခြင်းတို့ကို လုပ်ဆောင်ရမည်။ ဥပမာ – မိုးခေါင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရေရှားပါးမှုကို ပြေလျော့ စေရန် ရေကို တတ်နိုင်သမျှ ကြိုတင်သိုလှောင်ခြင်းမျိုး ဖြစ်သည်။ မိုးခေါင်ခြင်းသည် ဖြည်းဖြည်းချင်း ဖြစ်ထွန်း ပေါ်ပေါက်လာသောသဘာဝဘေးအန္တရာယ်ဖြစ်၍ ယင်းကို ရင်ဆိုင်ရန် ကြိုတင်စီမံခြင်းဖြင့် ဆိုးကျိုးများကို ထိရောက်စွာ ပြေလျော့စေနိုင်သည်။

မြန်မာနိုင်ငံ၌ မိုးခေါင်ရေရှားပြဿနာ ပြေလည်စေရန် အစိုးရက စက်ရေတွင်းပေါင်း မြောက်မြားစွာ တူးဖော်ခဲ့ကာ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့သည်။ မိုးခေါင်ခြင်းကို ခံနိုင်ရန် ရေလှောင်တမံများ ဆောက်လုပ်ခဲ့ရာ ၂၀ဝ၈ ခုနှစ်တွင် ခြောက်သွေ့ဒေသတွင် ရေလှောင်တမံ ၁၄၀ ပြီးစီးခဲ့သည်။ မြစ်ရေတင်စီမံကိန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။

မြေစိုက်မိုးရေလှောင်ကန်များ၊ မြေအောက် ရေလှောင်တမံများဖြင့် မိုးရေကို တတ်နိုင်သမျှ စနစ်တကျ စုဆောင်းခြင်း၊ မြေအောက်ရေ ပြန်လည်ဖြည့်တင်း ပေးခြင်းတို့ကို လုပ်ဆောင်နေသော်လည်း ယခုထက် များစွာ တိုးချဲ့အကောင်အထည်ဖော်ရန် လိုနေသေးသည်။

ပိုမိုဆိုးရွားလာနေ

ယခုအခါ ရာသီဥတုပြောင်းလဲခြင်းကြောင့် ကမ္ဘာ့နေရာအနှံ့အပြား၌ မိုးခေါင်သည့်အကြိမ် ပိုစိပ်လာ၊ ပိုပြင်းထန်လာသည့် အပြင် မိုးခေါင်ကာလ ပိုမိုကြာရှည်လာနေကာ လူ့အသက်ပိုမိုဆုံးရှုံးပြီး စီးပွားရေး ထိခိုက်မှုလည်း ပိုမိုကြီးမားလာနေသည်။ ဥပမာ – ဥရောပတိုက်တွင် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်ကြား မိုးခေါင်သည့် အကျယ်အဝန်း တစ်နှစ်ပျမ်းမျှ ၁၆၇၀ဝ၀ စတုရန်း ကီလိုမီတာ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် စတုရန်း ကီလို မီတာ ၆၃၀ဝဝဝ အထိ ကျယ်ပြန့်လာခဲ့သည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးခေါင်ခြင်းသည် ယခုရာစုနှစ်အတွင်း ပိုမိုဆိုးရွားလာရန် ရှိရာ မိုးခေါင်ခြင်းဒဏ်ကို ပြေလျော့ရန် ထိရောက်စွာ မလုပ် ဆောင်နိုင်ခဲ့လျှင် ကမ္ဘာတွင် ယခုရာစုနှစ်မကုန်မီ မိုးခေါင်ခြင်းဒဏ်ကို ခံရမည့် အကျယ်အဝန်းနှင့် လူဦးရေသည် သုံးဆနီးပါး တိုးလာရန် ရှိသည်။

ရာသီဥတုပြောင်းလဲခြင်းကြောင့် မိုးခေါင်ခြင်းသည် ယခုရာစုနှစ်အတွင်း ပိုမိုဆိုးရွားလာရန် ရှိရာ မိုးခေါင်ခြင်းဒဏ်ကို ပြေလျော့ရန် ထိရောက်စွာ မလုပ်ဆောင်နိုင်ခဲ့လျှင် ကမ္ဘာတွင် ယခုရာစုနှစ်မကုန်မီ မိုးခေါင်ခြင်းဒဏ်ကို ခံရမည့် အကျယ်အဝန်းနှင့် လူဦးရေသည် သုံးဆနီးပါး တိုးလာရန် ရှိသည်။

ကိုးကား –

၁။ Ready for the Dry Years – Building resilience to drought in South-East Asia.
Second Edition United Nations 2021

၂။ U Than Myint, , San Hla Thaw, , Ye Ye Nyein, “Chapter 5 Overview of Droughts in Myanmar” In Droughts in Asian Monsoon Region. Published online: 08 Mar 2015; 87-95.

၃။ Global Drought Snapshot 2023 UNCCD

၄။ https://wmo.int/topics/drought

၅။ State of the Climate in Asia 2023.WMO

PUBLISHED BY

ukyawoo

View all posts by ukyawoo

CLIMATE CHANGERESOURCESTEMPERATURE RISEWATER

ဆက်စပ် ဖတ်ရှုရန် မြစ် ရေကို ဘက်စုံစီမံခန့်ခွဲမှု ဆောင်းပါး ( အပြည့်အစုံ )

အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု

အမေရိကန်နိုင်ငံ အနောက်ပိုင်း၏ အဓိကမြစ်ဖြစ်သည့် ကော်လိုရာဒိုမြစ်သည် ကီလိုမီတာ ၂၃၀ဝ ကျော် ရှည်ပြီး ရေဝေဒေသသည် ၆၃၀ဝဝဝ စတုရန်းကီလိုမီတာ ကျယ်ဝန်းသည်။ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းများပေါ်မှ စတင်ကာ အနောက်တောင်ဘက်သို့ ဦးတည်၍ ကွေ့ကောက်ဝေ့ဝိုက် စီးဆင်းသည့် ကော်လိုရာဒိုမြစ်၏ ရေဝေဒေသတွင် ဝိုင်အိုးမင်း၊ နဗားဒါး၊ ယူထား၊ ကော်လိုရာဒို၊ ကယ်လီဖိုးနီယား၊ အရီဇိုးနား၊ နယူးမက္ကဆီကို ပြည်နယ်များနှင့် မက္ကဆီကိုနိုင်ငံ၏ အနောက်မြောက်ပိုင်းတို့ ပါဝင်ပြီး နောက်ဆုံး ကယ်လီဖိုးနီးယား ပင်လယ်ကွေ့၊ ကောတက်ဇ်ပင်လယ်ထဲသို့ စီးဝင်သည်။ မြစ်ကြောင်း တလျှောက်တွင် အဓိကမြစ်လက်တက်ကိုးစင်းက ပင်မမြစ်ထဲသို့ စီးဝင်အားဖြည့်သည်။ရော့ကီးတောင်တန်းပေါ်ရှိ ဆီးနှင်းနှင့်ရေခဲပြင်များ အရည်ပျော်ရာမှ ကော်လိုရာဒိုမြစ် စတင်ဖြစ်ပေါ်သည်။  (Photo by Alex Hager/KUNC)

မြစ်ဖျားခံရာမှ မြစ်အောက်ပိုင်းအထိ ကော်လိုရာဒိုမြစ်ဝှမ်း တစ်ခုလုံးပေါ်သို့ တစ်နှစ်လျှင် ဆီးနှင်းနှင့်မိုး ကုဗကီလိုမီတာ ၂၁၀ ခန့် ရွာကျသည့်အနက် အများစုမှာ မြစ်စတင်စီးဆင်းရာဒေသများ၌ ကျသည့် ဆီးနှင်းများ ဖြစ်ကြသည်။ မြစ်ဝှမ်းအောက်ပိုင်း၌ ပျမ်းမျှမိုးရေချိန် တစ်နှစ် မီလီမီတာ ၄၀ဝ ခန့်သာ ရွာသည်။ ရွာကျသော ဆီးနှင်းနှင့် မိုးရေများအနက် ဆီးနှင်းအဖြစ်မှ လေထဲသို့ တိုက်ရိုက်အငွေ့ပြန်ခြင်း၊ သစ်ပင်များမှ ပင်ငွေ့ပြန်ခြင်း၊ မြေဆီလွှာနှင့် ရေပြင်များပေါ်မှ အငွေ့ပြန်ခြင်း စသည်တို့ကြောင့် ရွာကျသော ဆီးနှင်းနှင့်မိုး စုစုပေါင်း၏ ၁၀ ပုံ ၉ ပုံသည် လေထုထဲ ပြန်ရောက်ပြီး ကျန် ၁၀ ပုံ ၁ ပုံဖြစ်သော ၂၁ ကုဗကီလိုမီတာသာ မြစ်ထဲသို့ စီးဝင်သည်။ မြစ်ရေစီး၏ ၈၅ ရာခိုင်နှုန်းသည် နှင်းဖုံးတောင်တန်းများပေါ်မှ စီးကျလာသော ရေများ ဖြစ်ရာ ကော်လိုရာဒိုမြစ်ဝှမ်း ရေဖူလုံရေးသည် ရော့ကီးတောင်တန်းများပေါ် ကျဆင်းသည့် ဆီးနှင်းပမာဏအပေါ် အဓိကတည်မှီသည်။

ရေစီးနည်းသော်လည်း လူဦးရေ မများသေး၊ ထုတ်ယူသုံးစွဲမှု မများသေးချိန် ၂၀ ရာစုနှစ် အစပိုင်းအထိ မြစ်ရေကို မိမိတို့အလိုရှိသလောက် ထုတ်သုံးနေနိုင်ခဲ့ကြသည်။ ၁၉၂၀ ပြည့်နှစ်ဝန်းကျင်တွင် လူများလာ၊ အသုံးများလာခြင်းနှင့်အတူ မြစ်ရေသုံးသည့် ခုနစ်ပြည်နယ်တို့အကြား အငြင်းပွားလာကြသည်။ အငြင်းပွားခြင်းမှသည် ပဋိပက္ခအထိ ဖြစ်မလာစေရန် အချင်းချင်းညှိနှိုင်းကြပြီး ၁၉၂၂ ခုနှစ်တွင် ကော်လိုရာဒို မြစ်ရေ ခွဲဝေသုံးစွဲရေး စာချုပ်ချုပ်ဆိုကာ မိမိတို့ရသည့် ခွဲတမ်းအတိုင်း ထုတ်ယူသုံးစွဲကြသည်။ ကော်လိုရာဒိုမြစ်၏ ရေဝေဒေသအများစုသည် အဆိုပါ အမေရိကန်ခုနစ်ပြည်နယ်အတွင်း ကျရောက်သော်လည်း ယင်းမြစ်သည် မက္ကဆီကိုနိုင်ငံကို ဖြတ်ပြီးမှ ပင်လယ်ထဲသို့ စီးဝင်သောကြောင့် မက္ကဆီကိုကလည်း ကော်လိုရာဒိုမြစ်ရေကို အချိုးကျရပိုင်ခွင့် ရှိကြောင်း အရေးဆိုသည့်အတွက် ၁၉၄၄ ခုနှစ်တွင် အမေရိကန်နှင့် မက္ကဆီကိုတို့အကြား ကော်လိုရာဒိုမြစ်ရေ ခွဲဝေသုံးစွဲရေးစာချုပ် ချုပ်ဆိုကြသည်။ မြစ်ရေနှင့်ပတ်သက်ပြီး အငြင်းပွားစရာများ ပေါ်လာသည့်အခါ အထက်ပါစာချုပ်များ အပါအဝင် ရေခွဲဝေသုံးစွဲရေးစာချုပ်များကို ကိုးကားခြင်း၊ ယင်းစာချုပ်များကို အခြေအနေအသစ်နှင့် ကိုက်ညီအောင် ပြင်ဆင်ခြင်း စသည်တို့ဖြင့် ငြိမ်းချမ်းစွာ သုံးစွဲလာခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်သည်။

ကော်လိုရာဒိုမြစ်ရေကို စိုက်ပျိုးမွေးမြူရေးအတွက် အများဆုံးသုံးသည်။ မြစ်ရေ၏ ထက်ဝက်ကျော်ကို သုံးစွဲသော စိုက်ခင်းနှင့် မွေးမြူရေးလုပ်ငန်း ဧရိယာ ဟက်တာနှစ်သန်းကျော်မှ ရရှိသည့် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ၏ ပမာဏမှာ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ငါးဘီလျံနီးပါးမျှ ဖြစ်သည်။ ထို့ပြင် စက်မှုလုပ်ငန်းများနှင့် လူသန်းပေါင်း ၄၀ ခန့်၏ သောက်သုံးရေဇာစ်မြစ် အဖြစ်လည်း အသုံးချသေးသည်။ လောင်းကစားမြို့တော် လာ့စ်ဗေးဂတ်စ်၏ သောက်သုံးရေ ၉၀ ရာခိုင်နှုန်းကို ကော်လိုရာဒိုမြစ်မှ ရယူသည်။ ကိစ္စအဝဝအတွက် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြားကာလတွင် ကော်လိုရာဒိုမြစ်ရေထုတည် တစ်နှစ်လျှင် ပျမ်းမျှ ၂၄ ကုဗကီလိုမီတာနီးနီး ထုတ်ယူသုံးစွဲခဲ့သည်။

တစ်နှစ်ပျမ်းမျှသုံးစွဲပမာဏ ၂၄ ကုဗကီလိုမီတာသည် မြစ်ထဲသို့ ရောက်သော တစ်နှစ်ပျမ်းမျှ ၂၁ ကုဗကီလိုမီတာထက် များနေရာ ကော်လိုရာဒိုမြစ်ဝှမ်းဒေသသည် ရေသုံးစွဲမှု၌ အနှုတ်ပြခြင်းပင် ဖြစ်သည်။ အဝင်ထက် အထွက်က များမှု နှစ်အတန်ကြာသောအခါ ကော်လိုရာဒိုမြစ်သည် မက္ကဆီကိုနိုင်ငံထဲ အရောက်တွင် ရေစီးပျောက်သွားခဲ့သည်။ ကောတက်ဇ်ပင်လယ်ထဲအထိ မစီးဆင်းနိုင်တော့ချေ။

ရေစီးများချိန် ၁၉၈၅ ခုနှစ်က ကော်လိုရာဒိုမြစ်သည် ကောတက်ဇ်ပင်လယ်ထဲသို့ စီးဝင်နိုင်ခဲ့သော်လည်း (ဝဲဘက်ပုံ) ရေစီးနည်းသော ၂၀ဝ၇ ခုနှစ်တွင်မူ ရေစီးကြောင်းပျောက်သွားသဖြင့် သဲသောင်များကိုသာ မြင်နိုင်သည်။ (ယာဘက်ပုံ) (Images source: U.S. Department of the Interior / USGS and NASA)

ယင်းအခြေအနေကို ကျော်လွန်ပြီး မြစ်တစ်စင်းလုံး ဖြည်းဖြည်းချင်း ကောမသွားစေရန် ကူညီပေးခဲ့သည်မှာ ရေဝေဒေသအတွင်းရှိ ရေလှောင်တမံများ ဖြစ်ကြသည်။ ကော်လိုရာဒိုမြစ်မပေါ်ရှိ ရေလှောင်တမံ ၁၅ ခုနှင့် မြစ်လက်တက်များပေါ်ရှိ ရာနှင့်ချီသော ရေလှောင်တမံငယ်တို့တွင် သိုလှောင်ထားသော ရေများကို ထုတ်ယူသုံးစွဲခြင်းဖြင့် ရေဖူလုံစေခဲ့သည်။ ဟူးဗားတမံနှင့်မိ(ဒ်)ရေကန်ဂလင်းကင်ညွန်တမံနှင့်ပေါင်းဝဲလ်ရေကန်

ယင်းတို့ထဲတွင် အမေရိကန်နိုင်ငံ၏ အကြီးဆုံး လူလုပ်ရေကန်နှစ်ခု ဖြစ်သည့် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့ ပါဝင်သည်။ အကြီးဆုံးဖြစ်သော မိ(ဒ်)ရေကန်သည် ဟူးဗားရေလှောင်တမံ၏ နောက်တွင် ရှိပြီး ရေကုဗမီတာ ၃၅ သန်းခန့် သိုလှောင်နိုင်သည်။ ဒုတိယ အကြီးဆုံး ဖြစ်သော ပေါင်းဝဲလ်ရေကန်သည် ဂလင်းကင်ညွန်ရေလှောင်တမံ၏ နောက်တွင် ရှိပြီး ရေကုဗမီတာ ၃၃ သန်းခန့် သိုလှောင်နိုင်သည်။ ယင်းရေလှောင်တမံများ အပါအဝင် ကော်လိုရာဒို ရေဝေဒေသ ရေလှောင်တမံများအားလုံးထဲရှိ သိုလှောင်ရေ စုစုပေါင်းမှာ ၇၅ ကုဗကီလိုမီတာခန့် ဖြစ်ရာ ကော်လိုရာဒိုမြစ် တစ်နှစ်ရေစီး၏ လေးဆခန့်ကို သိုလှောင်ထားခြင်း ဖြစ်သည်။

ရေသုံးစွဲမှုက ရေအဝင်ထက် များသည့်အခါတိုင်း ရေလှောင်တမံများထဲမှ ရေများကို ထုတ်သုံးနေခဲ့သော်လည်း အချို့နှစ်များ၌ မြစ်ဖျားခံရာ ရော့ကီးတောင်တန်းတွင် ဆီးနှင်းအကျ များသဖြင့် ရေလှောင်တမံများထဲရှိ ရေပြင် ပြန်မြင့်တက်လာခဲ့သောကြောင့် ရေသိသာစွာ လျော့ကျမသွားခဲ့ချေ။ သို့သော် ၂၀ဝ၀ ပြည့်နှစ်ခန့်မှစ၍ ဒေသတွင်း နှစ်ရှည်မိုးခေါင်လာခြင်းက အခြေအနေကို ပြောင်းလဲပစ်လိုက်သည်။ မိုးခေါင်ခြင်းကြောင့် ရေအဝင်ပိုမိုလျော့နည်းလာသည်။ ၂၀ဝ၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်းတွင် ငါးနှစ်သာ ရေအဝင်အထွက်မျှပြီး ကျန် ၁၆ နှစ်၌ ရေထုတ်သုံးမှုက အဝင်ပမာဏထက် များသဖြင့် ၂၀၂၂ ခုနှစ် အကုန်တွင် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့တွင် သိုလှောင်ပမာဏ၏ လေးပုံတစ်ပုံခန့်စီသာ ကျန်တော့သည်။ရေပြင်နိမ့်ကျလာခြင်းကြောင့် မိ(ဒ်)ရေကန်အတွင်း ရေယူအဆောက်အအုံ၏ အောက်ပိုင်းပါ ရေမျက်နှာပြင်ပေါ်သို့ ရောက်လာသည်ကို ၂၀၂၂ ခုနှစ်က တွေ့ရပုံ။ တောင်ကုန်းနံရံပေါ်၌ မြင်ရသော အရစ်သည် တချိန်က ရှိခဲ့သော ရေမျက်နှာပြင်ကို ပြသည်။

မိုးခေါင်ခြင်းကြောင့် သိုလှောင်ရေနည်းလာမှုကို ဒေသတွင်းအပူချိန် တက်လာခြင်းက ထပ်ဆင့် ဆိုးရွားစေသည်။ ၁၈၈၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ကော်လိုရာဒိုရေဝေဒေသတွင် အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်တက်ခဲ့သည်။ ပိုပူလာခြင်းကြောင့် ၂၀ဝ၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်ကြားတွင် ဒေသတွင်း ရေထုထည် ကုဗကီလိုမီတာ ၄၀ မျှ ဆုံးရှုံးခဲ့သည်ဟု လေ့လာချက်တစ်ရပ်က ဆိုသည်။ ယင်းပမာဏသည် မိ(ဒ်)ရေကန်၏ သိုလှောင်ပမာဏထကပင် များသေးသည်။

၂၀၂၃ ခုနှစ်အတွင်းက ရော့ကီးတောင်တန်း၌ ဆီးနှင်းအကျ များသဖြင့် ၂၀၂၄ ခုနှစ် သြဂုတ်လတွင် မိ(ဒ်)ရေကန်နှင့် ပေါင်းဝဲလ်ရေကန်တို့သည် သိုလှောင်နိုင်သော ပမာဏ၏ ၃၇ ရာခိုင်နှုန်းခန့်အထိ ပြန်ပြည့်လာသော်လည်း ရေရှည်၌ ကော်လိုရာဒိုမြစ်ရေစီးသည် ပိုမိုလျော့နည်းလာမည်ဟု ခန့်မှန်းထားသည်။ ရေအားလျှပ်စစ်ထုတ်လုပ်မှု သိသာစွာ နည်းသွားနိုင်သည့် အလားအလာရှိနေသည်။ ယင်းအခြေအနေကို ရှောင်လွှဲနိုင်ရန် မြစ်ရေကို လျှော့ချသုံးစွဲခြင်းသည် အကောင်းဆုံးနည်း ဖြစ်သည့်အတွက် အမေရိကန် ပြည်ထောင်စုအစိုးရ၊ ကော်လိုရာဒိုရေဝေဒေသပြည်နယ်အစိုးရများနှင့် ဒေသခံ တိုင်းရင်းသားများသည် ကော်လိုရာဒို အောက်ပိုင်းရေဝေဒေသ ရေထိန်းသိမ်းရေးကို လုပ်ဆောင်ရန် ၂၀၂၄ ခုနှစ် မတ်လက သဘောတူခဲ့ကြသည်။ ယင်းသဘောတူညီချက်အရ ဆိုင်ရာပြည်နယ်များသည် မိမိတို့ရရှိထုတ်ယူနေသော ကော်လိုရာဒိုမြစ်ရေပမာဏကို လျှော့ချထုတ်ယူမည်၊ ယင်းသို့ရေလျှော့ချထုတ်ယူနိုင်ရန် ပြည်ထောင်စု အစိုးရက အကူအညီပေးမည်။ ရေအသုံးချွေတာခြင်း၊ စွန့်ပစ်ရေသန့်စင်အသုံးချခြင်း၊ မြေအောက်ရေ အသုံးချခြင်း၊ မိုးရေခံစနစ်များ ပိုမိုတပ်ဆင်ခြင်း စသည့် နည်းလမ်းများဖြင့် ၂၀၂၆ ခုနှစ်အရောက်၌ ကော်လိုရာဒိုမြစ်ရေ လေးကုဗမီတာနီးနီး ချွေတာပြီးသား ဖြစ်စေရန် လုပ်ဆောင်ကြမည်။

ဒေသတွင်းမိုးခေါင်ခြင်းအပါအဝင် ရာသီဥတုအခြေအနေများကို အစိုးမရသော်လည်း ကော်လိုရာဒိုရေဝေဒေသကို ကောင်းမွန်ထိရောက်သော ရေဘက်ဆိုင်ရာ စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် ထိန်းသိမ်းလာခဲ့သည်မှာ နှစ်ပေါင်းတစ်ရာကျော် ကြာခဲ့ပြီဖြစ်ရာ အဆိုပါအတွေ့အကြုံများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်အသုံးချမည် ဖြစ်၍ ကိုလိုရာဒိုမြစ်၏ အနာဂတ်အတွက် များစွာစိုးရိမ်ရန် မလိုဟု ယူဆရသည်။ လူဦးရေများလာ၊ ရေအသုံးများလာ၊ ရေထုညစ်ညမ်းလာသည်သာမက ရာသီဥတုပြောင်းလဲခြင်းကြောင့် မြစ်အများအပြား၌ ရေကောင်းရေသန့် နည်းပါးလာနေခြင်းနှင့် ရင်ဆိုင်နေရသည့် အခြေအနေတွင် ကော်လိုရာဒိုမြစ်ရေကို စီမံခန့်ခွဲမှုဖြင့် မခန်းခြောက်စေရန် အားထုတ်ခြင်းကို အခြားနိုင်ငံများက လေ့လာအတုယူဖို့ ကောင်းလှသည်။

PUBLISHED BY

ukyawoo

View all posts by ukyawoo3 COMMENTSEVAPORATIONRIVERSWATERSHED

SHARE THIS:

RELATED

September 24, 2024

In “Resources”

September 21, 2024

In “Resources”

October 5, 2021

In “Security”

3 thoughts on “အတုယူသင့်သော ကော်လိုရာဒိုမြစ် ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု”

  1. Pingback: ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သော ရာသီဥတု ဘေးအန္တရာယ်များ – Water Security and the Changing Climate
  2. Pingback: ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာရအောင် မည်သို့လုပ်ဆောင်ကြ�
  3. Pingback: ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာ-ရအောင် မည်သို့လုပ်ဆောင်ကြ�

Leave a comment

2 COMMENTS

SHARE THIS:

RELATED

September 28, 2021

In “Climate Change”

September 23, 2021

In “Resources”

February 20, 2024

In “Climate Change”

2 thoughts on “မိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ”

  1. Pingback: ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာရအောင် မည်သို့လုပ်ဆောင်ကြ�
  2. Pingback: ရေကြီးရေလျှံခြင်းနှင့် မိုးခေါင်ရေရှားခြင်းတို့၏ ဒဏ်မှ သက်သာရာ-ရအောင် မည်သို့လုပ်ဆောင်ကြ�

Leave a comment

PUBLISHED BY

ukyawoo

View all posts by ukyawooLEAVE A COMMENTDROUGHTSFLOODS

SHARE THIS:

RELATED

February 20, 2024

In “Climate Change”

September 26, 2021

In “Floods”

February 6, 2022

In “Awareness”

Leave a comment