kyaw OO Facebook post 20September 2024 မှ ကူးယူဖေါ်ပြပါသည် .
Sept. 18, 2024, New York Times ပါ Floods Wreak Havoc Across Four Continents ကို Aung Thu Nyeen မြန်မာပြန်သော “ကမ္ဘာ့တိုက်ကြီးလေးခုကို ဝရုန်းသုံးကား ရိုက်ခတ်ခဲ့တဲ့ ရေကြီးလွှမ်းမိုးမှုတွေ” ဆောင်းပါးကို ပြန်လည်ဝေမျှပါသည်။ ယင်းဆောင်းပါး၏ အဓိကအနှစ်ချုပ်မှာ –
၁။ ပြီးခဲ့သည့်ရက်များအတွင်း ကမ္ဘာ့တိုက်ကြီးလေးတိုက်တွင် မိုးအလွန်သည်းထန်ခဲ့ခြင်းသည် ရုပ်ကြွင်းလောင်စာ အလွန်အကျွံသုံးခြင်းမှ ပေါ်ပေါက်လာသော ရာသီဥတုပြောင်းလဲခြင်း၏ လက္ခဏာ။
၂။ ပိုပူလာ၊ ရေငွေ့ပိုဖြစ်လာ၊ မိုးပိုသည်း။
၃။ ပိုလို့သာ ဆိုးလာတော့မည့် ပြင်းထန်သောရာသီဥတုကို ရင်ဆိုင်ဖို့ စီမံချက်တွေ လိုလာပြီ။
ကျွန်တော် လွန်ခဲ့သည့် ၁၅ နှစ်ခန့် ကတည်းက ရေးခဲ့သော ဥတုရာသီပြောင်းခဲ့ပြီစာအုပ်တွင်လည်း အထက်ပါသုံးချက်ကို ရေးခဲ့ကြောင်း စာအုပ်လက်ဝယ်ရှိသူများ တိုက်ဆိုင်ဖတ်ရှုနိုင်ကြပါသည်။ (ယင်းစာအုပ် ရောင်းဖို့ မရှိတော့ပါ။ ပြန်လည်မွမ်းမံထုတ်ဝေရန် စိတ်ကူးနေပါသည်။)
Aung Thu Nyeen မြန်မာပြန် ဆောင်းပါးလင့်ခ်
ကမ္ဘာ့တိုက်ကြီး ၄-ခုကို ဝရုန်းသုန်းကား ရိုက်ခတ်ခဲ့တဲ့ ရေကြီးလွှမ်းမိုးမှုတွေ
တခုခုဆိုရင် ကမ္ဘာနဲ့ချီ ဆွဲထည့်တာတော့ မဟုတ်ပါဘူး။ ကျနော်တို့က တခါတလေ စဉ်းစားပုံက ငါတို့ကမှ ကံဆိုးလှချည့်၊ မြန်မာနိုင်ငံတခုပဲ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ ထင်နေမှာစိုးလို့ ဒီဆောင်းပါးလေး ဖတ်ရတဲ့အခါ စိတ်ဝင်စားမိတယ်။ အခု ရေကြီးမြေပြိုကိစ္စတွေကို ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လို ဖြစ်နေတယ်ဆိုတာ သိစေချင်တာ။
နယူးယောက်တိုင်းမ်စ် သတင်းစာမှာ ဆောင်းပါးရှင် Austyn Gaffney နဲ့ Somini Sengupta ရေးထားတဲ့ Floods Wreak Havoc Across Four Continents ဆောင်းပါး ဖတ်ရပါတယ်။ [Sept. 18, 2024, New York Times]
ချဒ်၊ ဗီယက်နမ်၊ ဩစတြီးယား၊ တောင်အမေရိက နိုင်ငံတွေ။
ကမ္ဘာကြီးရဲ့ အလွန်ကွဲပြား ခြားနားတဲ့ဒေသတွေမှာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပြင်းထန်လွန်းတဲ့ မိုးတွေသည်းခဲ့တာ လူထောင်နဲ့ချီ သေဆုံးခဲ့ပါတယ်။ တမြို့လုံး ရေအောက်နစ်မြုပ်တဲ့ မြို့အများ ရှိခဲ့တယ်။ မြေပြိုတာတွေ ဖြစ်ခဲ့တယ်။ သန်း နဲ့ ချီတဲ့လူထုတွေ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ရတယ်။ ဒီဖြစ်ရပ်တွေက ရိုင်းပြပြင်းထန်တဲ့ ရာသီဉတုရဲ့ အကြိုနိမိတ်တွေပါပဲ။
ကျောက်ဖြစ်ရုပ်ကြွင်း လောင်စာတွေ လောင်ကျွမ်းစေပြီး မီးခိုးတွေကြောင့် ဖြစ်လာတဲ့ ဥတုဖောက်ပြန်ပြောင်း လဲမှု (climate change) ရဲ့ လက္ခဏာပြသမှုတွေလည်း ဖြစ်ပါတယ်။ အရေးပေါ်ပြန်လည် ချိန်ညှိကြဖို့ လိုအပ်နေတယ် ဆိုတာလည်း မီးမောင်းထိုး ပြသနေပါတယ်။ ချမ်းသာတဲ့နိုင်ငံဖြစ်ဖြစ်၊ ဆင်းရဲတဲ့ နိုင်ငံဖြစ်ဖြစ် ဦးစားပေးဆောင်ရွက်ကြရ တော့မှာပါ။
သည်းထန်တဲ့မိုးမဲကြီး ပေါက်ကွဲသလို ရွာချရာကနေ ပင်လယ်ကမ်းခြေနဲ့ မြစ်ကြောင်းတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်စေပြီး ပိုလို့ အန္တရာယ်ကြီးမားလာနေပါတယ်။ ကြိုတင်ခန့်မှန်းထားလို့ မရနိုင်အောင် ဖြစ်ပေါ်နေကြပါတယ်။
“ဘယ်နေရာမှာမဆို ပြင်းထန်ဆိုးရွားတဲ့ ဖြစ်ရပ်တွေ ပိုပြင်းထန်စွာ ဖြစ်ပေါ်နေပါတယ်။ ကျနော်တို့ ဘယ်အရပ်မှာပဲနေနေ ရေလွှမ်းမိုးမှုတွေက ပိုကြီးမားလာမယ်လို့ မျှော်လင့်ထားကြရပါမယ်” Lawrence Berkeley အမျိုးသား ဓာတ်ခွဲခန်း သုတေသနဌာနက သိပ္ပံပညာရှင် မိုက်ကယ် ဝီးနား (Michael Wehner) က ပြောပါတယ်။ “ကမ္ဘာတခုလုံးမှာ အခုလို ရေ ကြီးလွှမ်းမိုးမှုတွေက ပိုဆိုးလာမှာ မေးခွန်းထုတ်စရာ မရှိပါဘူး”။
ဉတုဖောက်ပြန် ပြောင်းလဲမှုနဲ့ ဘယ်လို ချိတ်ဆက်နေသလဲ?
လူအသေအပျောက်တွေ ဖြစ်စေတဲ့ မကြာသေးမီက အချို့သော ရေလွှမ်းမိုးမှုတွေ၊ အခုနှစ် နွေဦးမှာ ဖြစ်ခဲ့တဲ့ အိန္ဒိယ တောင်ပိုင်း ကာလယ်ရာ (Kerala) ပြည်နယ်က မြေပြိုမှုတွေက လူသားတွေက ဖန်တီးတဲ့ ဥတုဖောက်ပြန်ပြောင်းလဲမှု တွေနဲ့ တိုက်ရိုက် ပတ်သက်နေပါတယ်။
ဩဂုတ်လမှာ ထုတ်ပြန်ခဲ့တဲ့ သိပ္ပံလေ့လာမှုတခုအရ မြေပြိုကျမှုတွေ ဖြစ်ပေါ်စေတဲ့ ရေတွေ ထိုးဆင်းလာမှုတွေက လူတွေ ဖန်တီးထားတဲ့ ဉတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ၁၀ ရာခိုင်နှုန်းကျော် ပိုလို့ ကြီးမားစေတယ်လို့ ဖော်ပြပါ တယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းက ရေလွှမ်းမိုးမှုတွေနဲ့ ပတ်သက်လို့တော့ အလားတူ ဖြစ်စေတဲ့အကြောင်း သိပ္ပံလေ့လာမှု တွေတော့ မရှိသေးပါဘူး။ ဒါပေမယ့် အချို့လေ့လာမှုတွေတော့ စတင်နေကြပါပြီ။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းတွေ ကိစ္စတခုချင်းအတွက်ကို လေ့လာနိုင်ဖို့ လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိကြသေးပါဘူး။
ဘယ်လိုပဲ ဖြစ်နေပါစေ။ သိပ္ပံပညာအတွက်တော့ ရှင်းလင်းလှပါတယ်။ ပိုလို့ပူနွေးလာတဲ့ ဝန်းကျင်က ရေငွေ့တွေပိုဖြစ် ပေါ် ထိန်းသိမ်းထားပါတယ်။ ဒီလိုနဲ့ အခြားသော မိုးလေဝသအကြောင်းအချက်တွေ အပြင်၊ မိုးတွေသည်းကြီးမည်းကြီး ပေါက်ကွဲရွာချဖို့ ဖြစ်စေပါတယ်။ သာဓကအားဖြင့် ဘိုးရစ်မုန်တိုင်း (Storm Boris) က ဖိအားနည်းရပ်ဝန်း ဖြစ်နေစေပြီး ဥရောပတိုက်မှာ ပုံမှန်မိုးရေချိန်ထက် ၅-ဆ များတဲ့ မိုးရေတွေကို ပြီးခဲ့တဲ့အပတ် မုန်တိုင်းစတင်ချိန်ကစလို့ တစိမ့်စိမ့်နဲ့ ရွာသွန်းနေခဲ့ပါတယ်။ ဝင်ရိုးစွန်းက တိုက်လာတဲ့ အေးနေတဲ့ လေစီးကြောင်းတွေက မက်ဒီတာရေးနီးယန်း ပင်လယ် ဖက်က တက်လာတဲ့ ရေငွေ့သိပ်သည်းနေတဲ့ တိမ်တွေနဲ့ တိုက်မိကြပါတယ်။ ဒီအခါမှာ ပုံမှန်မဟုတ်တဲ့ မုန်တိုင်း၊ မိုး ရွာသွန်းမှုတွေနဲ့ လေပြင်းတွေ ဖြစ်စေပါတော့တယ်။ ဗုဒ္ဓဟူးနေ့အထိဆိုရင် ဩစတီးယားနိုင်ငံ၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်နဲ့ ရိုမေးနီးယားတို့မှာ လူ ၂၃ ဦး သေဆုံးခဲ့ရတယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာတော့ မြောက်နဲ့တောင် ကာလိုရိုင်းနားပြည်နယ်တွေမှာ အခုအပတ်အတွင်း ရှားရှားပါးပါး မကြုံစဖူး မုန်တိုင်းတွေကို ရင်ဆိုင်နေကြရပါတယ်။ အချို့ဒေသတွေက မိုးရေချိန်ဟာ ၁၂-နာရီအတွင်း ၁၈-လက်မအထိ လောက်တောင် များပါတယ်။ အချက်အလက်တွေအရ နှစ် ၁၀၀၀ မှာ တကြိမ်လောက် ကြုံရမယ့် ရှားပါးမိုးရေချိန်ပါ။
အာရှဒေသအတွင်းက အပြင်းထန်ဆုံး မုန်တိုင်းတခုဖြစ်တဲ့ တိုက်ဖုန်း ယာဂီ (Typhoon Yagi) က လေနဲ့မိုးတွေ သယ် လာပြီး ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကို တနာရီ ၁၂၇ မိုင်နှုန်းနဲ့ သက်ရောက်ဆင်းသက်ခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ လူ ပေါင်း ၁၄၃ ဦး သေဆုံးခဲ့ရပြီး အဲဒီအထဲက လူ ၂၂ ဦးကတော့ တရုတ်-ဗီယက်နမ်နယ်စပ် တောင်တန်းထူထပ်ရာ လောင် ကိုင် (Lao Cai) ဒေသမှာ မြေပြိုတာကြောင့် အသက်ဆုံးရှုံးရတာပါ။ မုန်တိုင်းက မြန်မာနိုင်ငံကိုလည်း ဖြတ်သန်းခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၁၀ အသက် ဆုံးရှုံးခဲ့ရပါတယ်။ လူအများက ရေလွှမ်းမိုးတာ၊ မြေပြိုတာတွေ ခံစားရပါတယ်။
မူလကတည်းက အန္တရာယ်များတဲ့နေရာတွေမှာ အသေအပျောက် ပိုမြင့်မားတယ်။
အခုနောက်ဆုံး အနေနဲ့ ရေလွှမ်းမိုးမှုတွေက အန္တရာယ်အကြီးမားဆုံး ဘေးအန္တရာယ် ဖြစ်လာနေပါတယ်။ လူတွေ ရင်ဆိုင် လို့ မရနိုင်လောက်အောင် ပုံစံမျိုးနဲ့ ရောက်လာတာပါ။
နိုက်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ မိုးတွေမရပ်မနား ၇ ရက်တိုင်တိုင် ရွာနေလိုက်တာ ဆည်တွေ ကျိုးပေါက်ရတော့တာ ပါပဲ။ ဒါနဲ့ လူ ၂၀၀ ကျော် သေဆုံးပြီး မိုင်ဒူဂူရီ (Maiduguri) မြို့တဝက် ရေနစ်မြုပ်ခဲ့ရပါတယ်။ ဒေသအစိုးရ အရာရှိတွေ ရိုက်တာသတင်းဌာနကို ပြောတာက ဆယ်စုနှစ် ၂-ခုအတွင်း အဆိုးရွားဆုံး ရေကြီးမှုကို ကြုံရတာပါတဲ့။ မိုးရာသီမတိုင်ခင် ကျောမီးလောင်မတတ် ဖြစ်ရတဲ့ လများစွာ အပူကို ရင်ဆိုင်နေရာကနေ မိုးရွာချလာတာပါ။ ဘိုကိုဟာရမ် (Boko Haram) စစ်သွေးကြွတွေနဲ့ နိုက်ဂျီးရီးယား အစိုးရတပ်တွေအကြား စစ်ပွဲတွေ နှစ်ပေါင်းများစွာ ဖြစ်နေရာကနေ ဥတုကပ်ဘေး ကြုံ တွေ့ပြရတာပါ။ ဘော်နိုပြည်နယ် (Borno state) အုပ်ချုပ်ရေးမှူး ပြောတာက ရေကြီးမှုကြောင့် လူတသန်းကျော် အိုးအိမ် မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒီလူတွေမှာ ကူးစက်ရောဂါတွေလည်း ခံစားနေကြရပါတယ်။ အလားတူပဲ ချဒ်နိုင်ငံမှာလည်း ပဋိပက္ခ၊ အိမ်နီးချင်းနိုင်ငံတွေ ဆီကနေ ဒုက္ခသည်တွေ ဝင်ရောက်လာတာကို နှစ်ပေါင်းများစွာ ခံစားနေကြရာကနေ မကြာခင်ရက် များက ရေလွှမ်းမိုးမှုကြောင့် လူ ၃၄၁ ဦး သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက ဖော်ပြပါတယ်။
ပြင်းထန်တဲ့ ဥတုကပ်ဘေးတွေကြောင့် အာဖရိကတိုက်က အစိုးရတွေအတွက် ကုန်ကျစားရိတ်တွေ အထူးမြင့်မားစေပါ တယ်။ ပျမ်းမျှအားဖြင့် အာဖရိကနိုင်ငံတခုက ရေလွှမ်းမိုးမှု၊ ရေခြောက်ခမ်း ရှားပါးမှု၊ အပူချိန်မြင့်မားမှုတွေကြောင့် သူတို့ စီးပွားရေးတွေရဲ့ ၅ ရာခိုင်နှုန်းလောက် ဆုံးရှုံးနေကြရတယ်လို့ ကမ္ဘာ့ မိုးလေဝသ အဖွဲ့ကြီး (World Meteorological Organization) က ဖော်ပြပါတယ်။ ပြင်းထန်တဲ့ ဥတုကပ်ဘေးတွေကို စီမံနိုင်ဖို့ အစိုးရတွေက သူတို့ဘတ်ဂျက်ရဲ့၁၀ ရာခိုင်နှုန်းအထိ သုံးစွဲနေကြရပါတယ်။ ဒီလို ပြင်းထန်တဲ့ ရာသီဉတုတွေ ဖြစ်ပေါ်ဖို့ ကမ္ဘာကြီးကို ပူနွေးလာစေတဲ့ ဖန်လုံ အိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေကြောင့် ဖြစ်ပေါ်လာရတာပါ။ ဒါပေမယ့် အာဖရိကတိုက်က ကမ္ဘာ့ ဓာတ်ငွေ့ထုတ်လွှတ် မှုတွေအတွက် ဒသမပိုင်း ဂဏန်းမျှသာပဲ တကယ် တာဝန်ရှိနေတာပါ။
အရေးပေါ်အခြေအနေအတွက် ပြင်ဆင်ခြင်း
နောက်ဆုံး ဖြစ်ခဲ့တဲ့ ရေလွှမ်းမိုးမှုတွေက ထင်ထင်ရှားရှား ဖော်ပြနေတာက ချမ်းသာတဲ့နိုင်ငံရော၊ ဆင်းရဲတဲ့ နိုင်ငံပါ သူတို့ အခြေခံ အဆောက်အဦအတွက် ရင်းနှီးမြှုပ်နှံ ပြင်ဆင်ကြရမယ် ဆိုတာက ရှင်းနေပါတယ်။ ပြင်းထန်တဲ့ ဥတုရာသီကို ရင် ဆိုင်နိုင်ဖို့ ထိခိုက်မှုတွေကို တတ်နိုင်သမျှ လျှော့နည်းစေဖို့ အစိုးရမူဝါဒတွေ လိုအပ်နေပါပြီ။
ကုလသမဂ္ဂ အဖွဲ့အစည်းက အစိုးရတွေကို ကြိုတင်သတိပေးနိုင်တဲ့ စနစ်များ ထားရှိဖို့ ဖိအားပေးနေခဲ့ပါတယ်။ သိပ်ပြီး ကုန်ကျစရိတ် မများဘဲနဲ့ လူများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ပါတယ်။ ကုလသမဂ္ဂ က ပြောတာက နိုင်ငံ ၁၀၁ နိုင်ငံ မှာတော့ ကြိုတင်သတိပေးစနစ်တွေ ထားရှိပြီးပါပြီ။ အနည်းဆုံးတော့ စာရွက်ပေါ်မှာတော့ အဆင်သင့် ဖြစ်နိုင်ပါတယ်။ ၂၀၁၅ ခုနှစ်က အစီရင်ခံစာထက်စာရင် အရေအတွက်က နှစ်ဆများလာတာပါ။
ရေကြီးတာကြောင့် အသက်တွေ သေဆုံးရမှု လျှော့ချနိုင်အောင် လုပ်ဆောင်နိုင်တဲ့ကိစ္စ များစွာ ရှိပါတယ်။ ဒီအထဲမှာ အန္တရာယ်များတဲ့ ရေလမ်းကြောင်းကနေ ရွှေ့ပြောင်းနိုင်အောင် လူတွေကို ငွေကြေး အနည်းငယ် ထောက်ပံ့ပေးတာလည်း ပါဝင်ပါတယ်။ အရေးပေါ်ရေနဲ့ ပါဝါစနစ်တွေ ထောက်ပံ့ပေးတာနဲ့ ရေကြီးပြီးနောက်မှာ ကူးစက်ရောဂါ မဖြစ်ပွားရလေ အောင် ကာကွယ်ပေးတာတွေ ဖြစ်ပါတယ်။
လုပ်ဖို့ ခက်ခဲပေမယ့်၊ မဖြစ်မနေ လုပ်ဆောင်ရမှာက ဒေသန္တရာ အရာရှိတွေနဲ့ သဘာဝကပ်ဘေး စီမံခန့်ခွဲမှု ကျွမ်းကျင်သူ တွေ အကြံပေးကြတာက သစ်တောပြုန်းတီးမှု ကာကွယ်ရေးနဲ့ ရေလွှမ်းမိုးမှု၊ မြေပြိုမှု အန္တရာယ်များတဲ့ နေရာတွေမှာ အိမ်တွေ မဆောက်စေဖို့ တားမြစ်ဖို့ပါပဲ။ အိန္ဒိယ ကာလယ်ရာဒေသမှာ ပိုလို့အပျက်အစီး ကြီးတာက အကျယ်အပြန့် သစ်တော ပြုန်းတီးမှု ဖြစ်ပွားနေတာနဲ့ ဂေဟစနစ်အရ အကဲဆတ်တဲ့ ဒေသတွေမှာ စီမံကိန်းမရှိဘဲ အိမ်တွေ ဆောက်လုပ် နေကြလို့ပါ။
အမေရိကန်ပြည်ထောင်စုလို ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ ဒေသန္တရ အစိုးရတွေက ဈေးတန်ဖိုး ကြီးမားတဲ့ အခြေခံ အဆောက်အဦတွေကို အကြီးအကျယ် မြှုပ်နှံ ဆောက်လုပ်နိုင်ကြပါတယ်။ မြောက်နဲ့ တောင် ကာလိုရိုင်းနားပြည်နယ် တွေမှာ ဥပမာအားဖြင့် မုန်တိုင်းဒဏ်က လွတ်မြောက်လာသူတွေအနေနဲ့ ပြင်းထန်တဲ့ မိုးရေ၊ ရာသီဉတုဒဏ် ခံနိုင်တဲ့ လမ်းတွေအတွက် ဒေါ်လာသန်းချီသုံး ဆောက်လုပ်နေကြပါတယ်။ ရေဘေးကို တားဆီးနိုင်မယ့် အဟန့်အတားတွေ၊ စိမ့်မြေတွေ ပြန်လည်ပျိုးထောင် တည်ဆောက်နေကြပါတယ်။
နှိုင်းယှဉ်ချက်အရ ဆိုရင် ဝင်ငွေနည်းနိုင်ငံတွေက မူလကတည်းက ကြွေးမြီတွေနဲ့ ဝန်ပိဆင်းရဲနေကြပါပြီ။ သူတို့လမ်းတွေ ကို ထိန်းသိမ်းထားဖို့ မဖြစ်နိုင်တာ၊ ရေကြီးဒဏ်ခံနိုင်တဲ့ အခြေခံ အဆောက်အဦတွေ ထပ် တည်ဆောက်ဖို့ဆိုတာတော့ မေ့ထား လိုက်ရတော့မှာပါပဲ။
“ကျနော်တို့က အရေးပါတဲ့ အခြေခံ အဆောက်အဦတွေ ဖွံ့ဖြိုးတည်ဆောက်ဖို့ လိုအပ်နေတယ်” နိုက်ဂျီးရီးယား နိုင်ငံက မြို့ပြ အစီအစဉ်ချမှတ်သူ ပညာရှင် Olasunkanmi Habeeb Okunola က ပြောပါတယ်။ သူက ကုလသမဂ္ဂ တက္ကသိုလ် မှာ သဘာဝပတ်ဝန်းကျင်နဲ့ လူသား လုံခြုံရေးဆိုင်ရာ အင်စတိကျုမှာ ဧည့်သိပ္ပံပညာရှင် ဆောင်ရွက်နေသူပါ။ “ဒီလို မှန်ကန်စွာ တည်ဆောက်မှပဲ တစုံတရာ ဥတုဖောက်ပြန် ပြောင်းလဲမှုရဲ့ ထိခိုက်သက်ရောက်မှုတွေကို သက်သာစေနိုင် မှာ ဖြစ်ပါတယ်။”
သံသယရှိစရာ မလိုတာက ဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ဥတုရာသီကို ပိုလို့ ရိုင်းပြလာစေမှာ ဖြစ်ပါတယ်။ ပိုလို့ မူ မမှန် ဖြစ်လာစေပါမယ်။ မျှော်လင့်မထားနိုင်တဲ့ ကိစ္စတွေအတွက် ပြင်ဆင်ထားဖို့ လိုအပ်လာပါတယ်။
“ဘယ်လို အမျိုးအစား၊ ဘယ်အချိန်မှာ ရောက်လာမယ်ဆိုတာ ကျနော်တို့ အတိအကျ မသိနိုင်ပါဘူး။” Central European University တက္ကသိုလ်က ပါမောက္ခတဦးဖြစ်တဲ့၊ ဥတုဖောက်ပြန် ပြောင်းလဲမှုနဲ့ ပတ်သက်လို့ အစိုးရများ အကြား ဆွေးနွေးမှုအဖွဲ့ (IPCC) ရဲ့ ဒု-ဥက္ကဋ္ဌ Diana Urge-Vorsatz က ပြောပါတယ်။
“ကံမကောင်းလှတာက ပိုပြင်းထန်တဲ့ ဖြစ်ရပ်တွေ ဆက်လာမယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုအပ်ပါဘူး။”
+++++++++++++++++
Austyn Gaffney က ဉတုဖောက်ပြန်ပြောင်းလဲမှုနဲ့ ပတ်သက်လို့ ရေးသားနေတဲ့ သတင်းထောက် ဖြစ်ပါတယ်။ ၂၀၂၄-၂၅ Times Fellowship သင်တန်း (သတင်းထောက်တွေ အစောပိုင်းကာလအတွက် စီစဉ်ပေးတဲ့သင်တန်း) တက်ခဲ့ပါတယ်။
Somini Sengupta ကတော့ တိုင်းမ်းသတင်းစာနဲ့ ဥတုဖောက်ပြန် ပြောင်းလဲမှုဆိုင်ရာ အဖွဲ့ရဲ့ နိုင်ငံတကာ ဥတုရာသီ သတင်းထောက် ဖြစ်ပါတယ်။

