Kyaw Oo Facebook post မှ ကူးယူဖေါ်ပြ မျှဝေပါသည်
ကျွန်တော့စာအုပ်ဆိုင်၌ ရှိသောစာအုပ်များကို စိတ်ကြိုက်ယူဖတ်နိုင်သောကြောင့် စာအုပ်တွေ မဝယ်ဖြစ်တာ နှစ်အတန်ကြာခဲ့ပြီ။ သို့သော် လွန်ခဲ့သည့် နှစ်နှစ်ခန့်ကမှ နာမည်ကို စတင်ကြားဖူးသော “မင်းသေ့”၏ “အရိုင်းဗမာ” စာအုပ်ကိုမူ ဝယ်ဖြစ်အောင် ဝယ်၍ သေသေချာချာ ဖတ်ရသည်။ အကြောင်းက မင်းသေ့သည် ကျွန်တော်၏ ရေကြည်တစ်ပေါက် စာအုပ်အပေါ် သူ့အမြင်ကို ရေးရာ၌ “ကျွန်တော် ကျော်ဦးကို မသိ၊ ကျော်ဦးကို ကျွန်တော် စိတ်မဝင်စားခဲ့” ဟု ထည့်ရေးခဲ့သည်ကို ဖတ်ခဲ့ရစဉ်က “အတော်ပွင့်လင်းတဲ့သူပဲ” ဟု တွေးမိပြီး သူ့အပေါ် စတင်စိတ်ဝင်စားခဲ့၍ ဖြစ်သည်။ သူ့စာအချို့ကို ဆက်ဖတ်ဖြစ်သောအခါ မင်းသေ့သည် စာအလွန်ဖတ်ခဲ့ မှတ်ခဲ့သည့်အပြင် ပြောင်မြောက်စွာ ဖောက်ထွက်တွေးခေါ်တတ်သူ ဖြစ်ကြောင်း တွေ့ရသဖြင့် စိတ်ဝင်စားမှုကို လေးစားမှုဖြင့် ထပ်ဆင့်ဆောင်းပေးလိုက်ရပြန်သည်။ တဖန် စာဖတ်နာသူ၊ ဖောက်ထွက်တွေးခေါ်တတ်သူ မင်းသေ့သည် အခုမှ အသက် ၃၃ နှစ်ပင် မပြည့်သေးကြောင်း သိလိုက်ရသောအခါတွင်မူ လွန်ခဲ့သည့် နှစ်နှစ်ခန့်အထိ “ကျွန်တော် မင်းသေ့ကို မသိ၊ မင်းသေ့ကို ကျွန်တော် စိတ်မဝင်စားခဲ့ခြင်းမှာ မှားလေစွ”ဟု နောင်တရမိတော့သည်။
မင်းသေ့၏ စာကို ဖတ်နေကျသူများအဖို့ ကျွန်တော် ဆိုလိုသည်ကို သဘောပေါက်ကြမည် ဖြစ်သော်လည်း သူ့စာနှင့် မရင်းနှီးသူများအတွက် အရိုင်းဗမာ စာအုပ်ပါ စာအချို့ကို ကောက်နုတ်ဝေမျှလိုပါသည်။
မင်းသေ့က – “ပါတော်မူခြင်းကို တိုင်းပြည်၏ ကောင်းသောအချိုးအကွေ့ ဖြစ်ရန် အကြောင်း” ဟု ဆိုကာ “ပါတော်မူခြင်းသည် လွမ်းစရာ ဖြစ်ကောင်းဖြစ်မည်။ သို့သော် လွမ်းစရာမလို။ မလွမ်းထိုက်။ လွမ်းလျှင်လည်း ပဒေသရာဇ်အလွမ်းသာ ဖြစ်မည်။ ပါတော်မူခြင်းကြောင့် အလွမ်းစိတ်ထက် မခံချင်စိတ်သာ ပိုဖြစ်သင့်သည်” ဟု ကောက်ချက်ချသည်။ မင်းသေ့၏ အတွေးအခေါ် အယူအဆများအပေါ် အချို့က သဘောတူချင်မှတူကြမည်။ အချို့က ခပ်စပ်စပ်ကလေး နာကျင်ကြမည်။ သို့သော် မင်းသေ့လို နိုင်ငံနှင့် လူမျိုးအပေါ် စေတနာပါပါနှင့် ဖောက်ထွက်တွေးတတ်သူ လူငယ်များ ပေါ်ထွန်းလာသည်ကိုတော့ ဝမ်းမြောက်ဂုဏ်ယူစရာကောင်းလှပါသည်။
ကျွန်တော့သားအငယ်ဆုံးထက် များစွာငယ်သော်လည်း များစွာလေးစားရသည့် မင်းသေ့၏ ရေကြည်တစ်ပေါက်အပေါ် အမြင်ကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ပြန်လည်ဝေမျှပါသည်။
“ကျွန်တော် စာတွေ အဖတ်များလာသည့်တိုင် စာရေးဆရာ ပညာရှင် ကျော်ဦးကို သတိမထားမိပါ။ မိတ်ဆွေတစ်ဦးက သူ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လေ့လာဖြစ်ကြောင်း၊ ကျော်ဦးစာအုပ်များကို ကြိုက်ကြောင်း ပြောဖူးသည်၊ သို့သော် ကျွန်တော် ကျော်ဦးကို မသိ၊ ကျော်ဦးကို စိတ်မဝင်စားခဲ့။ သို့သော် ၂၀၂၀-၂၀၂၁ ခုနှစ် ကာလများ၌ သဘာ၀ ပတ်ဝန်းကျင် ရေးရာ ကျွမ်းကျင်သူ၊ ပညာရှင် ဒေါက်တာမြင့်ဇော်၏ စာများကို ခပ်များများ ဖတ်လာရမှ ကျော်ဦးကို သတိထားမိပါသည်။
ဆရာမ ဂျူးရေးသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး ရေးထားသော စာအုပ်များကို ကျွန်တော် သဘောကျပါသည်၊ သဘာဝ ပတ်ဝန်းကျင် ရေးရာနှင့် ပတ်သက်သော အာရုံများသည် ကျွန်တော်၏ စိတ်ထဲ၌ စူးစိုက်ဝင်လာပါသည်။ ကျော်ဦး၏ စာအုပ်အားလုံးကို ဝယ်လိုက်သည်၊ ကျော်ဦး ရေးသည့် ဥတုရာသီပြောင်းခဲ့ပြီ၊ ရေကြည်တစ်ပေါက်၊ မိုးရေလှောင်ကန် စာအုပ်များသည် ဥတုရာသီ၊ သဘာဝပတ်ဝန်းကျင်၊ ရေအရင်းအမြစ် စသည့် အဓိက အခြင်းအရာများကို အထူးပြု ရေးသားထားသော စာအုပ်များ ဖြစ်ပါသည်၊ ကျွန်တော့အတွက် လေ့လာစရာ နယ်ပယ်တစ်ခု တိုးလာပါသည်။
ရေကြည်တစ်ပေါက်စာအုပ်သည် ရေနှင့်ပတ်သက်သော အသေးစိတ် အခြင်းအရာ အားလုံးကို ရေးသား တင်ပြထားသော စာအုပ် ဖြစ်ပါသည်၊ ကျွန်တော်တို့ မွေးဖွားစဉ်မှ သေဆုံးသည်အထိ ရေကို အရေးတကြီး လိုအပ်နေသည်၊ သေဆုံးသွားပြီးလျှင်လည်း ဘဝအသစ်တဖန် ပြန်လည် မွေးဖွားဖို့ ဇီဝထုထဲ၌ ရေသည် အဓိကဓာတ် ဖြစ်သည်။
အတန်းကျောင်း ပညာရေးက သင်ပေးလိုက်သော H2O ဆိုသည့် အသိထက် ကျွန်တော်တို့ မပိုလွန်ခဲ့ပါ၊ ရေသည် အိမ်ရှေ့ချောင်းနှင့် လယ်ကွင်းထဲတွင် လည်းကောင်း၊ မြေအောက် အဝီစိ၌ လည်းကောင်း ပေါပေါများများ ရနေသည်ဖြစ်၍ ရေ၏တန်ဖိုးကို ပိုလွန်၍ မတွက်မိပါ။ အဝီစိတွင်းရေနှင့် မိုးရေ ချောင်းရေ၏ ကွာခြားချက်ကိုကား အတွေ့အကြုံအရ ငယ်စဉ်ကတည်းက သိနားလည်ပြီး ဖြစ်ပါသည်၊ သို့သော် ပညာရပ် ဆိုင်ရာသဘော၊ ဘာသာရပ် ဆိုင်ရာ သဘောအားဖြင့် စနစ်တကျ မသိခဲ့ပါ၊ ကျွန်တော် အသက် ၃၀ လောက်ရောက်မှ ရေကြည်တစ်ပေါက် စာအုပ်ကို ဖတ်မိ၍ ကောင်းကောင်း ကန်းကန်း နားလည် သဘောပေါက်ခဲ့ရပါသည်၊ စာရေးဆရာတစ်ယောက် ဖြစ်နေပြီ ဖြစ်သော ကျွန်တော်ကိုယ်တိုင် အသိအမြင် ပွင့်လင်းခဲ့ရပါသည်။
ရေကြည်တစ်ပေါက် စာအုပ်၌ ရေ၏ အသုံးဝင်ပုံ၊ ရေ၏ တန်ဖိုးရှိပုံဖြင့် အစချီထားပါသည်၊ ထို့နောက် ရေ၏ မူလအစဖြစ်သော ကမ္ဘာမြေ ဖြစ်တည်မှု ကာလက ဖြစ်စဉ်ကို ရေးသားတင်ပြထားပါသည်၊ ထို့နောက် ရေနှင့် ပတ်သက်သော ပထဝီဒေသ အရပ်ရပ်က ဖြစ်ရပ်များနှင့် သိပ္ပံနည်းကျ သုတေသနပြုချက်များကို ငြီးငွေ့စရာ မကောင်းဘဲ၊ စိတ်ဝင်တစား ဖတ်နိုင်အောင် ရေးသားတင်ပြထားတာ တွေ့ရပါသည်၊ ရေချို အရင်းအမြစ်များကိုလည်း ရေးသားတင်ပြပါသည်၊ ထိုအထဲ၌ တောင်တန်း တောင်ထိပ်ပေါ် ရေခဲအလွှာအဖြစ် ကိန်းဝပ်သော ရေချို အရင်းအမြစ်များသည် စိမ့်များ စမ်းများ ချောင်းများ မြစ်များအနေဖြင့် တဖြည်းဖြည်း ဖြန့်ကျက်၍ လူသတ္တဝါနှင့် ဇီဝထုအတွက် ရေချိုအရင်းအမြစ်များကို ဖြန့်ဝေပေးပုံကို ရေးသား တင်ပြထားပါသည်၊ ကျွန်တော်သည် ရေကြည်တစ်ပေါက် စာအုပ်ကို ဖတ်၍ ရေကို ပို၍ တန်ဖိုးထားလာပါသည်။
