မြန်မာ့ ရေအရင်းအမြစ်များနှင့် ပတ်သက်၍

(ကမ္ဘာ့ဘဏ်၏ ရေအရင်းအမြစ်ပညာရှင် ဆရာဒေါက်တာအုန်းမြင့်ထံမှ ပေးပို့သည့် World Bank Drought စူးစမ်းမှုများမှ အရေးကြီးသော အချက်အလက်အချို့ကို မနေ့က ဝေမျှခဲ့ပါသည်။ ကျွန်တော်၏ ကောက်နုတ် ပြန်ဆိုချက်တွင် ကမ္ဘာ့ဘဏ်၏ စူးစမ်းတွေ့ရှိချက်များနှင့် လွဲချော်သွေဖည်သည်များ ပါရှိခဲ့လျှင် သိပါရစေဟု ဆရာ့အား မေတ္တာရပ်ခံခဲ့သည်။ ဆရာ၏ အင်္ဂလိပ်ဘာသာဖြင့် ပြန်ကြားချက်တွင် မြန်မာနိုင်ငံ၏ ရေအခြေအနေအပေါ် စိုးရိမ်မှုများ၊ အဖိုးတန် အကြံပြုချက်များ ပါပါသည်။ ယင်းစာကို ဆီလျော်သလို ဘာသာပြန်ကာ ဆရာ့ထံ ကြိုတင်ပေးပို့စစ်ဆေးစေပြီး အောက်ပါအတိုင်း ဝေမျှပါသည်။)

“ကမ္ဘာ့ဘဏ် စူးစမ်းတွေ့ရှိချက်ပါ အရေးကြီးအချက်အလက်များကို ကိုကျော်ဦး မှန်မှန်ကန်ကန် ကောက်နုတ် ရေးသားနိုင်တယ်လို့ ယူဆပါတယ်။

ဆန်ဈေးက လက်ရှိအခြေအနေအပေါ် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO)ရဲ့ ယူဆချက်ပါ။ လက်ရှိဆန်ဈေးဟာ ပြီးခဲ့တဲ့နှစ်က အထွက်နှုန်းနဲ့ ဆိုင်သလား၊ အထွေထွေကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့ ဆက်စပ်သလား ကျွန်တော် သေသေချာချာ မသိပါ။ မြန်မာနိုင်ငံရဲ့ စိုက်ပျိုးသီးနှံထွက်ရှိမှုကို ခြုံငုံပြောရရင် ရေရှည်မှာ စိတ်ပူစရာ မဟုတ်ပါဘူး။

ကျွန်တော် စိုးရိမ်တာက အတိမ်ပိုင်းမြေအောက်ရေ လျော့နည်းလာနေတာကို ဖြစ်ပါတယ်။ နိုင်ငံရဲ့ နေရာ အများအပြားမှာ တစ်နှစ် မိုးရေချိန် လက်မ ၆၀၊ ၇၀ ကောင်းကောင်းကျော်အောင် ရွာနေပါလျက်နဲ့ ရေသိုလှောင်ထိန်းသိမ်းမှု အားနည်းတဲ့အတွက် မြန်မာ့မြို့ကြီးမြို့ငယ် အများအပြားဟာ မြေအောက်ရေအပေါ် မှီခို နေကြရတယ်။ မိုးနည်းတဲ့ အညာနဲ့ အထက်ဒေသတွေက မြေအောက်ရေကို ပိုပြီး အားကိုးနေကြရတယ်။

အတိမ်ပိုင်း မြေအောက်ရေ လျော့နည်းကုန်ခန်းလာတာဟာ အနာဂတ်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ မြေပေါ်ရေ ဒီလောက်ပေါကြွယ်တဲ့ မြန်မာနိုင်ငံမှာ မြစ်ရေချောင်းရေ စီးဆင်းမှု ရာသီအလိုက် မညီမျှ(လို့ ရေမလုံမလောက်ဖြစ်နေ)တာကို ရက်ပေါင်းလပေါင်းများစွာ သုံးနိုင်အောင် ရေသိုလှောင်ပမာဏ မြှင့်တင်ပြီး အနည်းဆုံး သောက်သုံးရေလောက်တော့ ဖူလုံအောင် လုပ်လို့ရလျက်နဲ့ ဘာ့ကြောင့် မလုပ်သလဲ ဆိုတာကို ကျွန်တော်တို့ စဉ်းစားကြရပါလိမ့်မယ်။

မြန်မာနိုင်ငံဟာ မိမိမှာရှိတဲ့ ပြန်ပြည့်နိုင်တဲ့ ရေအရင်းအမြစ်ရဲ့ ၃ ရာခိုင်နှုန်းကိုပဲ သုံးနိုင်သေးတယ်လို့ မြန်မာ့ရေ သိုလှောင်အသုံးချမှုအပေါ် ကိုကျော်ဦးရဲ့ သုံးသပ်ချက်တွေ ဆောင်းပါးတွေထဲမှာ ရေးထားတာပဲ။ ကိုယ်ပိုင်ဆိုင်ပြီး ပြန်ပြည့်တဲ့ရေအရင်းအမြစ်ကို အသုံးချမှု အနည်းဆုံးနိုင်ငံတွေထဲမှာ မြန်မာပါနေတယ်။ အဲဒီလိုဖြစ်ရတာဟာ ပြည်သူအချို့က ရေလှောင်တမံတည်ဆောက်မှုအပေါ် စိုးရိမ်စိတ် များနေတဲ့အတွက်လို့ ကျွန်တော် မြင်တယ်။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ မြန်မာနိုင်ငံရဲ့ မြစ်ရေချောင်းရေ စီးဆင်းမှု ရာသီအလိုက် မညီမမျှ ဖြစ်နေတာကို သိုလှောင်အသုံးချ ဖြေရှင်းနိုင်တဲ့အတွက် ရေလှောင်တမံနဲ့ နှစ်ပေါက်အောင် သုံးနိုင်တဲ့ ရေသိုလှောင်မှု အများအပြား လိုအပ်မယ်လို့ ထင်ပါတယ်။

သြစတေးလျနိုင်ငံမှာ ပျမ်းမျှမိုးရေချိန် လက်မ ၃၀ သာ ရွာပေမယ့် Snowy Mountains scheme ကြောင့် သူတို့ ရေအမြဲရနေတယ်။ အရီဇိုးနားပြည်နယ်မှာ ပျမ်းမျှမိုးရေချိန် ၃ လက်မသာ ရွာပေမယ့် သူတို့ ရေအမြဲရနေတယ်။ အဲဒီပြည်နယ် Phoenix မြို့မှာနေတဲ့ ဆရာကိုအောင်ကို မေးကြည့်ပါ။ ကယ်လီဖိုးနီးယားမှာ ပျမ်းမျှမိုးရေချိန် လက်မ ၂၀ သာ ရွာပေမယ့် Lake Mead (Hoover dam) and Lake Powell (Glen Canyon) ရေလှောင်တမံတွေ၊ ပြည်နယ်အနောက်တောင်ပိုင်းက ရေလှောင်စနစ်တွေကြောင့် သူတို့ ရေအမြဲရနေတယ်။ အဲဒီပြည်နယ် ဆန်ဖရန်စ္စကို မြို့မှာနေတဲ့ ကိုမြင့်သိန်းကို မေးကြည့်ပါ။”

(ကမ္ဘာ့ဘဏ် ရေအရင်းအမြစ်ပညာရှင် ဆရာဒေါက်တာအုန်းမြင့်က ကျွန်တော့ထံ ပေးပို့သော အီးမေးလ် ဖြစ်ပါသည်။ ပြည်သူအများရော၊ အုပ်ချုပ်သူများပါ သိစေလို၍ ဘာသာပြန်ကာ ဆရာ၏ ခွင့်ပြုချက်ဖြင့် ဝေမျှပါသည်။ ဆရာ ရည်ညွှန်းသော ကျွန်တော့ဆောင်းပါးများကို မဖတ်ရသေးသူများ အောက်ပါလင့်ခ်များကို နှိပ်၍ ဖတ်ရှုနိုင်ကြပါသည်။

ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်မှု https://kyawoo.com/2022/07/08/4759/

ရေလှောင်တမံနှင့်အများပြည်သူ၏အမြင် https://kyawoo.com/2022/07/27/4956/

မြန်မာ့ရေအရင်းအမြစ်များ https://bit.ly/48VzpMa )