အေးမြင့် (ညောင်တုနိး)၏ ကန်ထဲကရေ ၊သဲထဲကရေ စာအုပ် ပါ ဆောင်းပါး
Kyawoo.comMENU
မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း)
၂၀၁၂ က ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ Stockholm Water Week ရေရက်သတ္တပတ်ကို သွားတက်ခဲ့စဉ်က မြန်မာပြည်မြစ်ဝကျွန်းပေါ် ရေစီမံမှုကိစ္စတွေ စာတမ်းတင် ဖတ်ကြားပြီး အတွေ့အကြုံ ဖလှယ်ခဲ့ပါတယ်။
Stockholm Water Week ကမ္ဘာ့ရေညီလာခံမှာ ရေအလုပ်တွေ တင်ပြ မျှဝေကြတဲ့ အာဖရိကအဖွဲ့တွေနဲ့ ဆုံခဲ့ရပါတယ်၊ သူတို့ ကျေးလက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်နေကြတဲ့ သဲချောင်းတွေထဲက သဲတမံ(Sand Dam)တွေအကြောင်း အားပါးတရ တင်ပြဆွေးနွေးကြပါတယ်၊ သဲတမံ ဆိုတာကို ပထမဆုံးကြားသိခဲ့ရခြင်းပါပဲ၊ မြေသားတမံ၊ ရွှံ့မြေနဲ့ ခိုင်ခန့်အောင် ဆောက်ရတဲ့တမံတွေသာ အဓိကလုပ်ခဲ့ဖူးသူမို့ သဲတမံဆိုတော့ ထူးဆန်းနေတယ်။
သဲတမံဆိုတာကို လေ့လာလိုက်တော့ သဲနဲ့လုပ်ထားတဲ့ မြေပေါ်တမံတင်မဟုတ်ဘူး၊ သဲချောင်းတွေရဲ့ မျက်နှာပြင်အောက် သဲထုထဲမှာဆောက်ပြီး သဲနဲ့ပဲ ပြန်ဖုံးထားတဲ့ မြေအောက်သဲတမံ (Underground Sand Dam) ကိုလည်း ဆောက်လုပ်နိုင်ကြောင်း သိလာရပါတယ်။ သဘောက သဲချောင်းတွေရဲ့ သဲထုထဲမှာ စီးနေတဲ့ရေကို အလဟသစီးမသွားစေဘဲ တားထား သိုလှောင်ထားပြီး လိုတဲ့အခါ ထုတ်သုံးကြဖို့ပါပဲ၊ ဒါ့ကြောင့် မိုးအခါရေစီးပြီး မိုးမရွာတော့ရင် ခြောက်သွားတဲ့ သဲချောင်းရှိတဲ့ ဒေသတိုင်းမှာ သဲတမံဆောက်နိုင်ပါတယ်။ အောက်ပုံကိုကြည့်ပါ။


ရေကိုတားနိုင်အောင် တမံကို ကွန်ကရစ်၊ အုတ်နဲ့ ဆောက်နိုင်သလို ကျေးလက်တွေမှာ ရနိုင်တဲ့ ရွှံ့နဲ့လည်း ဆောက်နိုင်ပါတယ်၊ ရွှံ့နဲ့ အဖိုးနည်းဝန်ပါ ဆောက်လို့ ရေနည်းနည်း စိမ့်သွားလည်း အရေးမကြီးဘူး၊ စိမ့်သွားတဲ့ရေကို တားဖို့ ချောင်းအောက်ပိုင်းမှာ နောက်ထပ်တမံတစ်ခု ထပ်ဆောက်ရုံပါပဲ၊ ဒီလို တမံတွေ ချောင်းထဲမှာ ဆင့်ကဲဆင့်ကဲ ဆောက်သွားတော့ ရေပိုလှောင်နိုင်တာပေါ့။ သဲချောင်းရှည်သလောက် အောက်ဘက်မှာ သဲတမံအများကြီး လုပ်လို့ ရသေးတယ်။
မြေအောက်သဲတမံက ရေအားပညာသဘောအရ တည်ဆောက်ရတာ လွယ်ပါတယ်၊ တမံကို ပုံစံထုတ်ရာမှာ တမံအထက်ပိုင်း upstream နဲ့ အောက်ပိုင်း downstream မှာရှိတဲ့ ရေအနက်ပေပမာဏ၊ လှောင်ထားတဲ့ ရေတွန်းအား အနည်းအများပေါ် မူတည်ပြီး ရေစိမ့်အားလည်း ခံနိုင်အောင် ဒီဇိုင်း ပုံထုတ်ရပါတယ်။ မြေအောက်တမံကို အထက်ပိုင်း အောက်ပိုင်း နှစ်ဘက်ညှပ်ပြီး ချောင်းထဲက သဲထုနဲ့ ပြန်ဖို့ထားလို့ တမံထု ကြီးကြီး မလိုဘူး၊ မြေအောက်တမံက ငြိမ်တယ်။ မြေပေါ်မြေသားတမံတွေထက် တည်ဆောက်စရိတ် မြောက်မြားစွာ သက်သာပါတယ်။
သဲတမံအငယ်စားတွေကို အလွယ်တကူဆောက်နိုင်ပေမယ့် နက်ပြီး ကျယ်တဲ့ချောင်းတွေမှာ ဆောက်မယ့် သဲတမံအကြီးစားတွေအတွက်ကိုတော့ ဘူမိဗေဒသမားတွေနဲ့ ကြိုတင်တိုင်ပင်ဖို့ လိုပါတယ်။ သဲကြော အရမ်းထူတဲ့ နေရာတွေမှာ (ရေမစိမ့်အောင်) သဲကြောထူသလောက် သဲတမံကို နက်အောင် လိုက်ဆောက်ရတာဖြစ်လို့ ကုန်ကျစရိတ် များပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေဖြစ်တဲ့ အာဖရိက ဆူဒန် ပါကစ္စတန် အာရပ်နိုင်ငံတွေက ကျေးလက်အများအပြားမှာ တွင်တွင်ကျယ်ကျယ် အသုံးချနေကြတာ တွေ့ရပါတယ်။
အောက်ပါပုံအရဆိုရင်တော့ အမေရိကန်မှာလည်း သဲတမံတွေ တည်ဆောက်အသုံးပြုနေကြကြောင်း သိရပါတယ်။

မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့ ရေရှားဒေသတွေက သဲချောင်းတွေ၊ တောင်ပေါ်က ဆင်းလာတဲ့ ရေတွေ စီးတဲ့ မြေပြန့်က သဲချောင်းတွေမှာ သဲတမံတွေ ဆောက်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာပြည်မှာ သဲတမံတွေ တည်ဆောက် အသုံးပြုကြတာ နည်းပါသေးတယ်။
နည်းတယ်လို့ ပြောရတာက သဲတမံဆောက်ပြီး အသုံးပြုနေကြသူတွေ ရှိတယ်၊ ဒါပေမယ့် မြန်မာပြည်ရဲ့ ထုံးစံအတိုင်း စနစ်တကျ မှတ်တမ်းတင်ထားတာမျိုး မရှိလေတော့ ဘယ်သူက ဘယ်ဌာနက ဘယ်နေရာမှာ သဲတမံဆောက်ခဲ့တယ်၊ ဘယ်လိုအောင်မြင်လို့ ဒေသခံတွေမှာ ဘယ်လို အကျိုးတွေရနေတယ်၊ သို့မဟုတ် ဘယ်လို အခက်အခဲတွေကြောင့် မအောင်မြင်ဘူး ဆိုတာတွေကို သိလိုပေမယ့် အလွယ်တကူ ရှာလို့ မရနိုင်ပါဘူး။
ရှာလို့ရတဲ့ ဦးထွန်းတည်(ဖေ့စ်ဘွတ်အကောင့် Min Tun Tee) ရေးထားတဲ့အထဲက ပြန်လည်မျှဝေရရင် –
“ကျွန်တော်ကိုယ်တိုင် လေ့လာ ဒီဇိုင်းထုတ် တည်ဆောက်ခဲ့သည့် သဲတမံဟာ ချောင်းအကျယ်ပေ ၁၀၀၊ သဲထုအနက် ၁၀ ပေ ရှိတယ်၊ ကုန်ကျစရိတ်သိန်း ၇၀ ရှိပါတယ်။ ဒေါင်းသေရွာအထက်မှာ တဲကြီးကုန်းဆိုတဲ့ရွာ ရှိတယ်၊ သူ့အထက် ကပ်လျက်မှာ ချောင်းနှစ်ခုဆုံတဲ့နေရာ ရှိပါတယ်၊ ဘယ်ဘက်က ချောင်းနားမှာ မြေကြီးထဲက ထွက်လာတဲ့ရေတွေ နွေအထိ စီးနေတဲ့ ချောင်းတစ်ခု ရှိတယ်၊ အဲဒီရေတွေဟာ တဲကြီးကုန်းရွာအထိ မရောက်ဘဲ သဲထဲပြန်ဝင်သွားတယ်၊ အဲဒီနေရာမှာ သဲတမံဆောက်ရင် ရေဂါလန်သန်းနဲ့ချီပြီး လှောင်ထားနိုင်ပါတယ်“
ဦးထွန်းတည်ရေးခဲ့သည်ထဲက တွေ့သလောက် ပြန်လည်မျှဝေခြင်း ဖြစ်ပါတယ်။
အလားတူ အချို့ဒေသတွေမှာ သဲတမံတွေရှိနေကြောင်း သိရပါတယ်။ အဲဒီသဲတမံတွေကို ဘယ်လို တည်ဆောက်ခဲ့တယ်၊ ဘယ်လိုအကျိုးရှိတယ်ဆိုတဲ့ အတွေ့အကြုံတွေကို အများသိအောင် ဝေမျှကြရင်တော့ သဲချောင်းရှိပြီး ရေရှားတဲ့အညာဒေသတွေမှာ ရေဖူလုံလာပါလိမ့်မယ်။
မြေအောက်သဲတမံတင်မက မြေပေါ်သဲတမံတွေအကြောင်းကို ဟိုတောင်ဆီမှာပြိုသည့်မိုးဆောင်းပါးမှာလည်း ဖတ်ရှုလေ့လာနိုင်ကြပါတယ်။
SHARE
Kyaw OO Facebook post
ရေကာတာ၊ ရေလှောင်တမံစသည့် ရေဘက်ဆိုင်ရာ အဆောက်အအုံများကို သိပြီးဖြစ်သော်လည်း မြေအောက်တမံကိုမူ လူသိနည်းသေးသည်။ ရေလှောင်တမံသည် မြစ်ကြောင်းကို ကန့်လန့်ဖြတ် တည်ဆောက်ထားကာ ယင်း၏နောက်တွင် ရေသိုလှောင်ထားသည့် မြေပေါ်အဆောက်အအုံ ဖြစ်ပြီး မြေအောက်တမံသည် သဲချောင်းကို ကန့်လန့်ဖြတ်တည်ဆောက်ထားကာ ယင်း၏နောက်တွင် ရေသိုလှောင်ထားသည့် မြေအောက်အဆောက်အအုံ ဖြစ်သည်။ ရေလှောင်တမံကို ရေပမာဏလုံလောက်စွာ စီးဆင်းနေသည့် မြစ်ချောင်းများထဲ၌ မြစ်ကြမ်းပြင်ပေါ်တွင် တည်ဆောက်သည်။ မြေအောက်တမံကို ရေပမာဏလုံလောက်စွာ စိမ့်ဝင် စီးဆင်းနေသည့် သဲချောင်းကြမ်းပြင်ပေါ်တွင် တည်ဆောက်ကာ သဲထုထဲ၌ မြှုပ်ထားသည်။
အညာဒေသတွင် မိုးရွာသည့်အခါ မြေပြင်ပေါ် ဖြတ်စီးသွားသည့်ရေများကို မြင်နိုင်သော်လည်း သဲချောင်းများ၏ သဲပြင်များထဲတွင် ဖြည်းညင်းစွာ စီးဆင်းနေသည့် မိုးရေများကိုမူ မမြင်သာချေ။ မမြင်သာသော်လည်း သဲပြင်အောက်တွင် ရေရှိနေမှန်း သိကြသဖြင့် သဲချောင်းများနှင့် အနီးအနားရှိ ရွာများသည် လက်ယက်တွင်းများတူးကာ သောက်သုံးရေ ရယူကြသည်။ မိုးကုန်စတွင် လက်ယက်တွင်းများမှ ရေယူရတာ လွယ်သေးသော်လည်း နွေတက်လာသည်နှင့်အမျှ ရေနည်းလာသဖြင့် ရေတစ်ပုံးရဖို့အရေး အချိန်ကုန်ခံ စောင့်ဆိုင်းကြရသည့် ဒုက္ခက ကြီးမားလှသည်။
သဲပြင်ထဲတွင် ဖြည်းညင်းစွာ စီးဆင်းသွားသည့် မိုးရေများကို မြေအောက်တမံဖြင့် တားဆီး သိုလှောင်ထားလိုက်လျှင် သဲချောင်းထဲတွင် နွေတက်လာသည်အထိ ရေများစွာ ကျန်နေနိုင်သဖြင့် ယင်းမြေအောက်တမံများသည် အညာကျေးလက် သဲချောင်းဘေးနေ ပြည်သူများအတွက် အကျိုးများလှသည်။ သိုလှောင်ထိန်းသိမ်းထားနိုင်သော ရေများသည် သဲပြင်အောက်တွင် ကျန်နေသည့်အပြင် အနီးအနား ရေတွင်းများထဲသို့ပါ စိမ့်ဝင်သည်။ ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနက ၂၀၂၁ ဇူလိုင်အတွင်း တည်ဆောက် ပြီးစီးခဲ့သော ညောင်ဦးမြို့နယ် ချောင်းဝကျေးရွာအနီးရှိ ဝါခင်းကြီးချောင်း မြေအောက်တမံသည် ရေဂါလန်သန်း ၂၇၀ ကို သိုလှောင်ထားနိုင်သည်။ တမံမဆောက်မီက အနီးရှိ အနက်ပေ ၃၀ ရေတွင်း၌ ပျမ်းမျှရေနေတစ်ပေခွဲခန့်၊ အများဆုံး ငါးပေခန့်သာရှိခဲ့ရာမှ တမံဆောက်ပြီးသောအခါ ရေအနက် ၁၈ ပေမှ ၂၅ ပေအထိ မြင့်တက်လာကြောင်း၊ ယင်းတမံက ကျေးရွာ ရှစ်ရွာ၊ အိမ်ထောင်စု ၉၆၀ နှင့် လူဦးရေ ၄၀ဝ၀ ကို အကျိုးပြုကြောင်း ၁၇ . ၁၂ . ၂၁ ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၉ အရ သိရသည်။
ရေရှားသည့်အရပ်များ အထူးသဖြင့် အညာဒေသများတွင် နွေအခါတိုင်း ရေသယ်ကားများဖြင့် သောက်သုံးရေများကို သယ်ယူလှူဒါန်းနေကြရာ ရေကားအလှူအပြင် အထက်ပါ မြေအောက်တမံမျိုးများကိုလည်း ဆောက်လုပ် လှူဒါန်းဖို့ စဉ်းစားသင့်ကြောင်း တိုက်တွန်းလိုပါသည်။ ရေသယ်ကားဖြင့် လှူဒါန်းလျှင် သယ်ယူနိုင်သည့် ရေပမာဏ အကန့်အသတ်ရှိသည်။ လှူလိုက် သုံး၍ကုန်သွားလိုက် ထပ်လှူလိုက်ဖြင့် အကြိမ်ကြိမ် လုပ်ဆောင်နေရသည်။ အထက်ပါ ဝါခင်းကြီးချောင်း မြေအောက်တမံဖြင့် ဥပမာပေးရပါက ယင်းတမံသည် ရေဂါလန်သန်း ၂၇၀ သိုလှောင်နိုင်သည်ဟု ဆိုသည်။ ရွာသားများက ယင်းပမာဏ၏ ၁၀ဝ ပုံ ၁ ပုံကို အလွယ်တကူ ထုတ်ယူအသုံးပြုနိုင်သည်ဟု ဆိုလျှင်ပင် ဂါလန်ပေါင်း ၂၇၀ဝဝဝ၀ (နှစ်သန်းခုနစ်သိန်း) မျှ ရှိသည်။ လူဦးရေ ၄၀ဝ၀ အတွက် တစ်ဦးလျှင် ရေ ၆၇၅ ဂါလန် အနည်းဆုံးသိုလှောင်ထားသော တမံ ဖြစ်သည်။ တစ်နှစ် နှစ်နှစ်မျှ မဟုတ်၊ နွေအခါသုံး၍ ရေနည်းသွားတိုင်း မိုးအခါ အမြဲပြန်ပြည့်မည်။ ထာဝရတည်တံ့သည်ဟုပင် ဆိုနိုင်သည်။
ဝါခင်းကြီးချောင်း မြေအောက်တမံသည် အမြင့်ပေ ၄၀၊ အလျား ပေ ၄၅၀ ရှိသဖြင့် ကုန်ကျစရိတ် အထိုက်အလျောက် များလိမ့်မည်။ ထိုမျှ မကြီးမား၊ ထိုမျှကုန်ကျစရိတ် မများသော်လည်း သူ့အရွယ်နှင့်သူ အကျိုးပြုမည့် မြေအောက်တမံငယ်များကို တည်ဆောက်နိုင်သည့် နေရာအများအပြား ရှိမည် ဖြစ်ရာ ဆိုင်ရာဌာနသည် ယင်းနေရာများကို တိုင်းတာဖော်ထုတ်၍ ခန့်မှန်းကုန်ကျစရိတ်နှင့်တကွ အသိပေးပါက “သဒ္ဓါမချို့ပေတယ် မြန်မာတို့မြေဝယ်” ဆိုသည့်အတိုင်း အလှူရှင်များ ပေါ်လာလိမ့်မည်။ ဌာနနှင့် အလှူရှင်များ ညှိနှိုင်းကာ သင့်တော်သောနေရာများ၌ ဆောက်လုပ်လှူဒါန်းလျှင် ရေရှားကျေးရွာများလည်း ရေရ၊ အလှူရှင်များကလည်း ထာဝရရေအလှူရှင် ဖြစ်မည်ဟု ယူဆပါသည်။
(မြေအောက်တမံအကြောင်း ပိုမိုသိရှိလိုပါက အေးမြင့်ဆွေ (ဆည်/ရေ) ရေးသားသော လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ ဆောင်းပါးကို ဤနေရာ https://bit.ly/3T1ljCv တွင် ဖတ်ရှုနိုင်ကြပါသည်။)
kyawoo.comMENU
လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)
တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။
ကမ္ဘာပေါ်တွင် ပထမဆုံးမြေအောက်တမံအား တန်ဇန်းနီးယား (Tanzania) နိုင်ငံ၌ ၁၉၀၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့တည်ဆောက်လာခဲ့ပါသည်။ အမေရိကန်၊ ဘရာဇီး၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ ကင်ညာ၊ အီသီယိုပီးယား၊ ဆူဒန်၊ ပါကစ္စတန်စသည့် ကမ္ဘာ့နိုင်ငံအများအပြားတွင် တည်ဆောက်အသုံးပြုလျက်ရှိကြသည်။ မြန်မာနိုင်ငံတွင် ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (UNDP)မှ ၁၉၉၅ ခုနှစ်တွင် မြေအောက်တမံနည်းပညာမျှဝေခြင်းသင်တန်း ပို့ချခဲ့ဖူးကြောင်း သိရှိရပါသည်။ မြေအောက်တမံ တည်ဆောက်မှုအား ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့၍ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဆောင်ရွက်အကောင်အထည်ဖော်မှုများကိုမူ (၂၀၂၀-၂၀၂၁) ခုနှစ်မှစ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် အညာဒေသ သောက်သုံးရေ ဖူလုံမှုအတွက် များစွာ အကျိုးပြုလျက်ရှိပါသည်။
ထိုမြေအောက်တမံများနှင့်ပတ်သက်၍ ဆရာဦးအေးမြင့် (ညောင်တုန်း) စီစဉ်တင်ပြထုတ်ဝေသည့် ‘ကန်ထဲကရေ၊ သဲထဲကရေ’ စာအုပ်တွင် ပညာရှင်ဆရာကြီးများဖြစ်ကြသော ဦးအေးမြင့် (ညောင်တုန်း)၊ ဦးကျော်ဦး၊ ဦးသောင်းစိန် (ဘူမိဗေဒအင်ဂျင်နီယာ)၊ ဦးအေးကို (NEPS) တို့၏ မြေအောက်တမံများအကြောင်း ပြည့်စုံစွာ အသေးစိတ်ဖော်ပြထားသော ဆောင်းပါးများအား ဖတ်ရှုလေ့လာပြီး မှတ်သားမိသည်များကို အကျဉ်းချုပ် ထုတ်နုတ်ဖော်ပြပေးလိုပါသည်။ မြန်မာ့ရေ အနာဂတ်အတွက် များစွာအကျိုးပြုသော ပညာရှင်ဆရာကြီးများ၏ စေတနာများကိုလည်း လေးစားဂါရဝပြုအပ်ပါသည်။
မြေအောက်တမံဆိုသည်မှာ

မြေအောက်တမံဆိုသည်မှာ ရေရှားပါးသောဒေသရှိ သဲချောင်းများတွင် သဲများအကြား၌ ရေကို သိုလှောင်ထားနိုင်ရန်အတွက် မြေအောက်ရေမစိမ့်နိုင်သည့်ကျောက်လွှာမှ ချောင်းကြမ်းပြင်အမြင့်အထိ ချောင်းကို ကန့်လန့်ဖြတ် တည်ဆောက်ထားသော တမံ ဖြစ်ပါသည်။ တမံထိပ်သည် ချောင်းကြမ်းပြင်နှင့် တစ်ပြေးညီဖြစ်ပြီး တမံကိုယ်ထည်တစ်ခုလုံးမှာ မြေအောက်တွင် ရှိသောကြောင့် မြေအောက်တမံ (Underground Dam) ဟု ခေါ်ကြခြင်းဖြစ်ပါသည်။

မြေအောက်တမံတည်ဆောက်ခြင်း၏ ရည်ရွယ်ချက်
မြန်မာနိုင်ငံ မိုးနည်းရေရှားဒေသရှိ သဲချောင်းများသည် မိုးရာသီတွင် တောင်ကျရေများ တစ်ဟုန်ထိုး စီးဆင်းသော်လည်း နွေရာသီတွင် ရေမစီးတော့ဘဲ သဲပြင်များသာ ကျန်ရှိပါသည်။ ထိုများပြားသော သဲသောင်ပြင်များသည် ရေစုပ်ယူထားနိုင်စွမ်း ၂၀ ရာခိုင်နှုန်း မှ ၄၀ ရာခိုင်နှုန်းအထိ ရှိကြသည်ဖြစ်ရာ မြေအောက်တမံများ တည်ဆောက်ခြင်းဖြင့် မိုးရေများ အလဟဿ စီးဆင်းသွားခြင်းမရှိဘဲ သဲများအကြားတွင် ရေစုဆောင်းသိုလှောင်ထားနိုင်သည်။ မြေအောက်ရေ ကြွယ်ဝလာသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ လက်ယက်တွင်းများ၊ ကျေးရွာသုံး ရေတွင်းများတွင် ရေမျက်နှာပြင်မြင့်တက်လာကာ သောက်သုံးရေ ဖူလုံလာမည်ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင် စိုပြည်စိမ်းလန်းလာမည် ဖြစ်သည်။
မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း) click here
မြေအောက်တမံ တည်ဆောက်ရန်နေရာရွေးချယ်ခြင်း
တည်ဆောက်ရန်နေရာ ရွေးချယ်ရာတွင် မိုးရာသီတွင် ရေစီးဆင်း၍ နွေရာသီ၌ ရေခန်းခြောက်သွားသော သဲချောင်းများပေါ်တွင် တည်ဆောက်ကြပါသည်။ တည်ဆောက်မည့်နေရာ၏ အထက်ဘက်တွင် လုံလောက်သော ရေဝေရေလဲ ဧရိယာရှိပြီး မြေအောက်ရေ ထုတ်ယူရန်အတွက် ရေအောင်းလွှာအတွင်း လုံလောက်သောရေ စီးဝင်မှု ရှိသင့်ပါသည်။ ရေသိုလှောင်မည့် ရေအောင်းလွှာမြေထုသည် ရေစိမ့်ဝင် သိုလှောင်နိုင်စွမ်း မြင့်မားသည့် သဲမြေကြမ်းအမျိုးအစား ဖြစ်သင့်ပါသည်။ တမံအောက်ခြေအား အောက်ခံရေမစိမ့်နိုင်သော အလွှာအထိ တည်ဆောက်ရသောကြောင့် အောက်ခံအလွှာသည် နက်လွန်းပါကလည်း တမံမြင့်၍ တည်ဆောက်စရိတ် များပြားနိုင်ပါသည်။ ကြီးမားသောချောင်းများတွင် အောက်ခံမြေသားများ၏ ဘူမိဗေဒစမ်းသပ်ချက်များ လိုအပ်ပါသည်။ ချောင်း၏ ကြမ်းခင်းလျှောစောက် (Bed Slope) သည်လည်း ပြေပြစ်သင့်ပါသည်။ ထို့အတူ သိုလှောင်ထားသည့် ရေများအား တိုက်ရိုက်အကျိုးရှိစွာ သုံးစွဲနိုင်ရန်အတွက် လူနေကျေးရွာများ၊ စိုက်ပျိုးခင်းများနှင့် အလှမ်းမဝေးလွန်းသည့် တည်နေရာလည်း ဖြစ်သင့်ပါသည်။
မြေအောက်တမံများ တည်ဆောက်ခြင်း
မြေအောက်တမံများအား တည်ဆောက်ရာတွင် ချောင်းအနေအထားနှင့် တည်ဆောက်စရိတ် ကုန်ကျခံနိုင်မှုပေါ်တွင် မူတည်၍ Sheet pile များ ရိုက်ခြင်း၊ ရေလုံပလတ်စတစ်၊ ရွှံ့စေးစသည်တို့ဖြင့် လွယ်ကူစွာ တည်ဆောက်နိုင်သကဲ့သို့ အုတ်၊ ကွန်ကရစ်၊ ကျောက်စီကွန်ကရစ် စသည်တို့ဖြင့်လည်း အသုံးပြုနိုင်ပါသည်။ မြန်မာနိုင်ငံရှိ တည်ဆောက်ပြီး မြေအောက်တမံများမှာ မြေသားတမံ၊ ကွန်ကရစ်နှင့် ကျောက်စီကွန်ကရစ်တမံများ စသည်ဖြင့် အမျိုးအစားစုံလင်စွာ တည်ရှိကြပါသည်။ အမြင့် ၁၀ ပေခန့်မှ ပေ ၆၀ ခန့်အထိ အရွယ်အစား အမျိုးမျိုး ရှိကြပါသည်။
ညောင်ဦးခရိုင် တောင်ဇင်းချောင်း၌ ၂၀၂၁ ခုနှစ် မြေအောက်တမံ တည်ဆောက်စဉ်က မြေတူးခြင်း၊ ကွန်ကရစ်လောင်းခြင်း၊ မြေပြန်ဖို့ခြင်း၊ မြေပြန်ဖို့ခြင်းပြီးစီးမှု အဆင့်ဆင့်ကို slideshow ဖြင့် လေ့လာနိုင်ပါသည်။
မြေအောက်တမံ တည်ဆောက်ရာတွင် မြေသားတမံဖြစ်ပါက အောက်ခြေရေမစိမ့်သောအလွှာအထိ အပေါ်ယံသဲထုအား တူးဖော်ရှင်းလင်းကာ သုံးပေခန့် သပ်ကျင်းတူး၍ ရေမစိမ့်နိုင်သော မြေသား (Selected Soil) အား တမံဖို့ခြင်းနည်းစနစ်များနှင့်အညီ တည်ဆောက်နိုင်ပါသည်။ ထို့နောက် တမံအထက်ပိုင်းနှင့် အောက်ပိုင်းတွင် သဲမြေများအား တမံထိပ်အမြင့်အထိ ပြန်လည်ဖုံးအုပ်ပေးရပါမည်။
ထို့အတူ ကျောက်စီကွန်ကရစ်ဖြင့် တည်ဆောက်ခြင်းတွင်လည်း အောက်ခြေသပ်ကျင်းတူး၍ တမံကိုယ်ထည်အား ကျောက်စီကွန်ကရစ်များဖြင့် တည်ဆောက်ကြသည်။ အချို့တမံများတွင် ဘေးနံရံနှစ်ဖက်အား ကျောက်စီကွန်ကရစ်နံရံများ တည်ဆောက်၍ အလယ်တွင် ကွန်ကရစ် သွန်းလောင်းခြင်းနည်းလမ်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။ တမံအမြင့် များပါက အောက်ခြေအမြင့် တစ်နေရာအထိ ကွန်ကရစ်တမံတည်ဆောက်၍ ကျန်အပေါ်ပိုင်းများအား မြေသားဖြင့် ထပ်ဆင့်၍ မြေသားတမံပြုလုပ်ခြင်းဖြင့်လည်း တည်ဆောက်နိုင်ပါသည်။
မြေအောက်တမံများ တည်ဆောက်ရာတွင် တမံအထက်နှင့် အောက် (Upstream and Downstream) နှစ်ဖက်စလုံးသည် သဲမြေအတွင်း နစ်မြုပ်နေသောကြောင့် တမံကိုယ်ထည်ပေါ် ကျရောက်နေသာ ဖိအားများ (Active Pressure and Passive Pressure) များသည် မျှခြေနီးပါး ရှိနေပါသည်။ ထို့ကြောင့် တမံကိုယ်ထည် တည်မြဲမှု (Slope Stability) အတွက် များစွာစိုးရိမ်ဖွယ် မရှိဘဲ မတ်စောက်သော ဘေးလျှောစောက် (side slope) များအားလည်း အသုံးပြုနိုင်ပါသည်။ မြေသားတမံများတွင်အပေါ်ဘက်နှင့် အောက်ဘက်နှစ်ခုစလုံး (Upstream and Downstream) တွင် ဘေးလျှောစောက်အနည်းငယ်သာ ထည့်သွင်းတည်ဆောက်ကြပါသည်။ ကျောက်စီကွန်ကရစ်တမံများတွင် တမံအောက်ပိုင်း (Downstream) တွင်သာ ထည့်သွင်းကြပြီး ကျောက်စီနံရံနှင့် အတွင်းဘက် ကွန်ကရစ်လောင်းသည့် တမံများတွင်မူ လျှောစောက်များ (side slope) မထည့်တော့ဘဲ ဒေါင်လိုက် (vertical) အနေအထားအတိုင်း တည်ဆောက်နိုင်ပါသည်။
ရွှံ့စေးများပေါ်တွင် ပလတ်စတစ်၊ တာလပတ်စသည်တို့ ဖုံးအုပ်အသုံးပြုတည်ဆောက်ကြသော တမံငယ်များတွင် ပလတ်စတစ်၊ တာလပတ်တို့အား ချောင်းရေတွင်မျောလာသော သစ်ကိုင်းသစ်ချောင်းများ ထိုးမိခြင်းနှင့် ဆွေးမြည့်ခြင်းမှ ကာကွယ်ရန်အတွက် ယင်းတို့အပေါ်တွင် မြေစေးလွှာတစ်ထပ် ထပ်မံဖုံးအုပ်ပေးသင့်ပါသည်။

သဲချောင်းကို ကန့်လန့်ဖြတ်၍ ကွန်ကရစ်၊ ရေလုံမြေသားတို့ဖြင့် မြေအောက်တမံ တည်ဆောက်လိုက်ခြင်းဖြင့် ရေသိုလှောင်ထားပုံ။
မြေအောက်တမံ၏ အားသာချက်၊ အားနည်းချက်များ
မြေအောက်တမံ၏ တည်ဆောက်မှုအားသာချက်များမှာ-
– တည်ဆောက်မှု နည်းပညာလွယ်ကူခြင်း
– တည်ဆောက်ရေးပစ္စည်းရရှိနိုင်မှု လွယ်ကူခြင်း
– တည်ဆောက်မှု ကုန်ကျစရိတ်သက်သာခြင်း
– ထိန်းသိမ်းသန့်ရှင်းမှုလုပ်ငန်းများ ရှင်းလင်းလွယ်ကူခြင်း
– ပြန်လည်ပြုပြင်ရန်လည်း လွယ်ကူခြင်း
– တမံခိုင်မြဲမှု၊ တမံကျိုးပေါက်မှုတို့အတွက် စိုးရိမ်ဖွယ်မရှိခြင်း
မြေအောက်တမံ၏ ရေသိုလှောင်မှု အားသာချက်များမှာ-
– မြေပေါ်တမံများကဲ့သို့ အငွေ့ပြန်ဆုံးရှုံးမှုမရှိခြင်း
– သဲကြားတွင် သိုလှောင်ထားသောကြောင့် ရေစစ်ထားသကဲ့သို့ဖြစ်ကာ ရေထုညစ်ညမ်းမှု လျော့နည်းခြင်းနှင့် ကျန်းမာရေးအတွက် သင့်တော်သောရေများဖြစ်ခြင်း
– ရေစိမ့်ယိုဆုံးရှုံးမှုနည်းပါးခြင်းနှင့် ရေအနည်းငယ်ယိုစိမ့်ခြင်းကြောင့် ထိခိုက်မှုမရှိခြင်း
– နုန်းတင်မှု နည်းပါးခြင်း
မြေအောက်တမံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အားသာချက်များမှာ-
– မြေပေါ်တမံများကဲ့သို့ တမံအတွင်း နစ်မြုပ်ဧရိယာ (Basin Area)မရှိခြင်း
– မြေပေါ်စီးဆင်းရေအား ထိခိုက်မှုမရှိသဖြင့် အောက်ဘက်မြစ်ချောင်းများအတွင်းသို့ စီးဝင်ရေ (Inflow) လျော့နည်းမှုမရှိခြင်း
– မြစ်ချောင်းများ၏သက်စောင့်ရေ (Ecological Flow)အား ထိခိုက်လျော့နည်းမှုမရှိခြင်း
– သဲချောင်းကြမ်းပြင်အထိသာ ပိတ်ထားခြင်းဖြစ်၍ ရေနေသတ္တဝါများ၏ ရွှေ့ပြောင်းလမ်းကြောင်း (Migration Route) များအား ထိခိုက်မှုမရှိခြင်းနှင့် ဇီဝမျိုးကွဲများ (Bio- diversity) ဆုံးရှုံးမှုမရှိခြင်း
– မြေအောက်ရေမျက်နှာပြင် မြင့်လာခြင်းကြောင့် ပတ်ဝန်းကျင်အား စိမ်းလန်းစိုပြည်၍ စိုက်ပျိုးဖြစ်ထွန်းစေခြင်း
အားနည်းချက်များတွင်မူ ရေသီးသန့်သိုလှောင်ခြင်းမဟုတ်ဘဲ သဲထုအတွင်း ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပျော်ဝင်ရေအားသာ ထိန်းသိမ်းရမှုကြောင့် မြေပေါ်တမံများနှင့် နှိုင်းယှဉ်လျှင် သိုလှောင်ပမာဏ လျော့နည်းမည် ဖြစ်သည်။ မြောင်းများဖြင့် ရေသွယ်ယူရန် ခက်ခဲမှုကြောင့် တမံမှ အနည်းငယ် အလှမ်းဝေးသော နေရာများသို့ ရေကူနိုင်ရန် ခက်ခဲပါသည်။ ထိုအခက်အခဲအား သဲချောင်းတစ်လျှောက် မြေအောက်တမံအဆင့်ဆင့် တည်ဆောက်ခြင်း (Cascade of Underground Dam) ဖြင့် ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။
ယခုအခါ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ အညာဒေသ ရေသယံဇာတ ဖူလုံရေးအတွက် မြေအောက်တမံတည်ဆောက်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ နတ်မောက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်များအတွင်းရှိ သဲချောင်းများတွင် စုစုပေါင်း မြေအောက်တမံ ၂၁ ခု တည်ဆောက်ပြီးစီး၍ ကျေးရွာ ၆၆ ရွာမှ ဒေသခံပြည်သူ ၄၇၆၃၂ ဦးခန့်၏ နွေရာသီရေရှားပါးမှုအခက်အခဲများအား ဖြေရှင်းပေးလျက်ရှိပါသည်။
ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဝါခင်းကြီးချောင်း မြေအောက်တမံ click here
ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနက တည်ဆောက်သော မြေအောက်တမံများအကြောင်း လေ့လာလိုလျှင် click here
တည်ဆောက်ပြီး မြေအောက်တမံများအနီးတွင်လည်း ရေတွင်းများတူး၍ ရေသိုလှောင်ထွက်ရှိမှုအား မှတ်တမ်းတင်ခြင်း၊ ရေအရည်အသွေး စမ်းသပ်လေ့လာခြင်းနှင့် သဲထုအတွင်း ရေစီးဆင်း သိုလှောင်မှုလေ့လာခြင်းများ ဆောင်ရွက်ခဲ့ရာ အောင်မြင်တိုးတက်မှုများအား တွေ့ရှိခဲ့ရပါသည်။ အချို့သဲချောင်းများတွင် နွေရာသီ စိမ့်စမ်းရေထွက်ရှိမှုများအားပင် ထိန်းသိမ်းသိုလှောင် ထားနိုင်ကြောင်း သိရှိရပါသည်။
ကျယ်ပြန့်ကြီးမားသော ချောင်းများတွင် ဌာနမှ ဆောင်ရွက်သကဲ့သို့ ချောင်းငယ်မြောင်းငယ်များတွင် ကျေးရွာအဖွဲ့အစည်းများမှလည်း တစ်နိုင်တစ်ပိုင် ဆောင်ရွက်နိုင်သော နည်းပညာဖြစ်ပါသည်။ အားသာချက် အားနည်းချက်များအတွက် ဌာနမှကျွမ်းကျင်ပညာရှင်များ၏ ကွင်းဆင်းအကြံပေးချက်နှင့် နည်းပညာအကူအညီများအား ရယူဆောင်ရွက်ပါက ပိုမိုထိရောက် အကျိုးရှိနိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့် မြေအောက်တမံနည်းပညာသည် ကမ္ဘာ့နိုင်ငံများတွင် အောင်မြင်သော ရေသိုလှောင်မှုနည်းပညာဖြစ်ပြီး မြန်မာ့အပူပိုင်းဒေသ သဲချောင်းများနှင့် အလွန်သင့်တော်ပါသည်။
ထို့ကြောင့် အပူပိုင်းရပ်ဝန်းဒေသတစ်ခုလုံးအား ရေတိုရေရှည် လွှမ်းမိုးခြုံငုံသည့်စီမံကိန်းအဖြစ် အကောင်အထည်ဖော်တည်ဆောက်ခြင်း၊ အားသာချက် အားနည်းချက်များအား စောင့်ကြည့်မှတ်တမ်းတင်ခြင်းတို့ စနစ်တကျ ဆောင်ရွက်လျက်ရှိခြင်းသည် မြန်မာ့ ရေသယံဇာတ စီမံထိန်းသိမ်းခြင်းအတွက် များစွာ အကျိုးပြုသည့်လုပ်ငန်းဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
(မြန်မာ့အလင်းသတင်းစာ၊ ၂၀၂၄ မေ ၂၈)
SHARE THIS:
Loading…
RELATED

ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု
July 8, 2022
In “Awareness”

ရေလှောင်တမံနှင့် အများပြည်သူ၏ အမြင်
July 27, 2022
In “Water”

တောင်ဖျားဆီက မိုးညို့ညို့နှင့် ရေလှောင်တမံ၊ ရေပိုလွှဲများ… အေးမြင့်ဆွေ (ဆည်/ရေ)
September 29, 2024
In “Awareness”
PUBLISHED BY
ukyawoo
View all posts by ukyawoo1 COMMENTGROUNDWATER, MYANMAR, RAINWATER
One thought on “လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)”
- Pingback: လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ) – မှတ်ဖွယ်မှတ်ရာ �
Leave a comment
kyawoo.comMENU

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဝါခင်းကြီးချောင်း မြေအောက်တမံ
ဝါခင်းကြီးမြေအောက်တမံ
တည်နေရာ- ချောင်းဝကျေးရွာအနီး၊ ညောင်ဦးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး
မြေပုံအညွှန်း
1 inch Map- ၁ လက်မ – ၁ မိုင် (၈၄ ကေ/ ၁၆-၅၀၂၃၁၄)
UTM-
ရေဆင်းဧရိယာ- ၁၆ စတုရန်းမိုင်
နှစ်စဉ်ပျမ်းမျှ မိုးရေချိန်- ၂၆ လက်မ
အမြင့်- ၄၀ ပေ
အလျား- ၄၅၀ ပေ
ကန်ရေပြည့်ရေလှောင်ပမာဏ- (၂၇၀) ဂါလန်သန်း
စီမံကိန်း ပြီးစီးသည့်နှစ်(၂၀၂၁-၂၀၂၂) ခုနှစ်
အခြား

၂၀၂၁ ခုနှစ် မေလ ၁၀ ရက်မှစတင် တည်ဆောက်၊ ၂၀၂၁ ဇူလိုင် ၃၁ ပြီးစီး
ကျောက်ကြီးစီ၊ ကွန်ကရစ်လောင်း
ရေဆင်းဧရိယာ ၁၆ စတုရန်းမိုင်
တမံအလျားပေ ၄၅၀၊ အကျယ် ခြောက်ပေ၊ အမြင့် ၂၃ ပေ
ရေလှာင်ပမာဏ ဂါလန်သန်း ၂၇၀
တမံမဆောက်မီ ရေတွင်းအနက်ပေ ၃၀၊ ရေနေတစ်ပေခွဲခန့်၊ အများဆုံးငါးပေခန့်သာရှိခဲ့
တမံဆောက်ပြီး ရေအနက် ၁၈ ပေမှ ၂၅ ပေအထိ မြင့်တက်လာ
အကျိုးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ထောင်စု ၉၆၀၊ လူဦးရေ ၄၀၀၀
(ကြေးမုံသတင်းစာ ၁၇ . ၁၂ . ၂၁ စာမျက်နှာ ၉ မှ)
မြေပေါ်မြေအောက်သဲတမံများအကြောင်း လေ့လာရန် ဤနေရာကို နှိပ်ပါ
SHARE THIS:
RELATED

မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း)
December 10, 2021
In “Awareness”

လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ – အေးမြင့်ဆွေ (ဆည်/ရေ)
August 27, 2024
In “Resources”

ဟိုတောင်ဆီမှာပြိုသည့်မိုး
September 26, 2021
In “Floods
