✨၁၉၈၃ ရန်ကုန် အကြမ်းဖက်မှု✨ #သို့မဟုတ်
★★★★★★★★★★★★★★★★★★★★★
ရန်ကုန် အာဇာနည်ဗိမာန်မှာ ဗုံးခွဲခဲ့တဲ့ မြောက်ကိုရီးယား
★★★★★★★★★★★★★★★★★★★★★
၁၉၈၃ အောက်တိုဘာမှာ မြန်မာပြည်ကို တောင်ကိုရီးယား သမ္မတ ချန်ဒူးဝှမ် လာတဲ့ ခရီးစဉ်မှာတော့ ဗုံးကွဲတိုက်ခိုက်မှု ဖြစ်ခဲ့ပြီး တောင်ကိုရီးယား အစိုးရ ဝန်ကြီးတွေနဲ့ မြန်မာတချို့ သေဆုံးခဲ့ရပါတယ်။ လုပ်ကြံ သတ်ဖြတ်မယ့် အဖွဲ့ကို ကာကွယ်ရေး ဝန်ကြီးဌာန ကင်းထောက်ဗျူရိုက ကေဆွန်းမှာ လေ့ကျင့်ပေးပြီး ကိုရီးယား အလုပ်သမားပါတီရဲ့ ဆက်ဆံရေး ဌာနက ကွပ်ကဲခဲ့တယ် ဆိုပါတယ်။ တချိန်တည်းမှာပဲ ရန်ကုန်မှာ လုပ်ကြံတဲ့အစီအစဉ် မအောင်မြင်ရင် သီရိလင်္ကာ က ကန္ဒီမြို့မှာ လုပ်ကြံဖို့ နောက်တဖွဲ့ စေလွှတ်ခဲ့ပါတယ်။ ဒီနှစ်ဖွဲ့စလုံးကို မြောက်ကိုရီးယား ကုန်တင်သင်္ဘောပေါ် တင်ပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။
မြန်မာနဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးတွေ စောင့်ကြည့်နေတဲ့ကြားက အာဇာနည်ဗိမာန်အမိုးမှာ မြောက်ကိုရီးယားဘက်က ဗုံးတပ်ဆင်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်မနက်မှာတော့ တောင်ကိုရီးယား သမ္မတဘက်က လာတာ နောက်ကျပြီး သံအမတ်ရောက်လာချိန်မှာ မြောက်ကိုရီးယားဘက်က မှားယွင်းဖောက်ခွဲခဲ့လို့ ချန်ဒူးဝှမ် အသက်ဘေးက လွတ်သွားပါတယ်။
ဒီဖြစ်ရပ်မှာ အစပိုင်းက ရန်ကုန်မှာ ဖောက်ခွဲမှုအသေးစားတွေ လုပ်တတ်တဲ့ ကေအန်ယူလက်ချက်လို့ မြန်မာအစိုးရက ယူဆခဲ့ပါသေးတယ်။ ဗကပကို မသင်္ကာဖြစ်ခဲ့ပေမယ့် မြို့ပေါ် အကြမ်းဖက်မှုတွေကို သူတို့လုပ်လေ့ မရှိတဲ့အတွက် သံသယစာရင်းက ပယ်ဖျက်ခဲ့ပါတယ်။ ပြုတ်သွားတဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်မှူးချုပ်တင်ဦးရဲ့ လူတွေလုပ်တာလားလို့လည်း သံသယဝင်ခဲ့ပါတယ်။ အာဇာနည်ဗိမာန်အမိုးမှာ ဗုံးတပ်နိုင်တယ်လို့ သတိပေးခဲ့တဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးကိုတောင် မြန်မာဘက်က ခဏဖမ်းခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်ရပ်အပြီး မြောက်ကိုရီးယားက ဖောက်ခွဲရေးသမား သုံးယောက်ကို မိခဲ့ပြီးနောက်မှာတော့ မြန်မာနဲ့ သံတမန်အဆက်အသွယ် ပြတ်တောက်ခဲ့ပါတယ်။ ဒါပေမဲ့ ကုန်သွယ်ရေး အဆက်အသွယ်တော့ ဆက်ပြီး ရှိခဲ့ပါတယ်။ အစပိုင်းက သူတို့လက်ချက်မပါဘူးလို့ မြောက်ကိုရီးယားက ငြင်းဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ လျော်ကြေး နဲ့ စီးပွားရေး အကူအညီ ဒေါ်လာသန်းချီ ပေးဖို့ ကမ်းလှမ်းတာ၊ တရုတ်နဲ့ အရှေ့အုပ်စုဝင် နိုင်ငံတွေက ဆက်သွယ်တာ၊ အဆင့်မြင့် သံတမန် တယောက်ကို လွှတ်ပြီး ကင်အီဆွန်းရဲ့ တောင်းပန်စာကို ဦးနေဝင်းဆီ ပို့ဖို့ ကြိုးစားတာတွေ ရှိခဲ့တယ် လို့လည်း ချီရှပ်လျန်းရဲ့ မြန်မာ့နိုင်ငံခြား ဆက်ဆံရေး၊ ကြားနေရေးဝါဒ သဘောတရားနဲ့ ကျင့်သုံးပုံ စာအုပ်မှာ ပါရှိပါတယ်။
ဒါပေမဲ့ နောက်ထပ် ဖောက်ခွဲရေးတွေ ဆက်လုပ်နေတဲ့ မြောက်ကိုရီးယားကို မြန်မာက သံတမန်ပြန်မဆက်ဘဲ လက်ရှောင်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ် တောင်ကိုရီးယားလေကြောင်းက လေယာဉ်ကြီးကို မြန်မာပိုင် ကပ္ပလီပင်လယ်ပြင်မှာ မြောက်ကိုရီးယား ဖောက်ခွဲခဲ့စဉ်ကလည်း မြန်မာဘက် က တောင်ကိုရီးယားကို ရှာဖွေရေး အကူအညီတွေ ပေးခဲ့ပါတယ်။ မြောက်ကိုရီးယားဘက်မှာတော့ ရန်ကုန်ဗုံးကွဲမှုကြောင့် ကော်စတာရီးကား၊ အနောက်ဆာမိုဝါ စတဲ့ နိုင်ငံသုံးခုက သံတမန်အဆက်အသွယ်ဖြတ်ခံရသလို ဂျပန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကိုလည်း ရင်ဆိုင်ရပါတယ်။ မြောက်ကိုရီးယားရဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို ၁၉၈၄ ကုလသမဂ္ဂဥပဒေကော်မတီမှာ မြန်မာက ရှုတ်ချချိန်မှာလည်း ဘယ်နိုင်ငံကမှ မြောက်ကိုရီးယားဘက်က လိုက်ပြီး မကာကွယ်ခဲ့ပါဘူး။ ရန်ကုန်မှာ ဗုံးခွဲဖို့ မြောက်ကိုရီးယား ကြံစည်တာဟာ အာရှအိုလံပစ်နဲ့ ကမ္ဘာ့အိုလံပစ်တွေ လက်ခံကျင်းပဖို့အထိ တိုးတက်နေတဲ့ တောင်ကိုရီးယားရဲ့ စီးပွားရေးနဲ့ သံတမန်ရေး အောင်မြင်မှုတွေကို မရှုစိမ့်တဲ့အတွက် တိုက်ခိုက်တာလို့ ယူဆကြပါတယ်။
.
.
အာဇာနည်ကုန်းမှာ လာလုပ်ကြံခဲ့သူ မြောက်ကိုရီးယား လက်မရွံ့လူသတ်သမားများ
★★★★★★★★★★★★★★★★★★
သမ္မတတစ်ဦးကို လုပ်ကြံတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ဖူးတယ်ဆိုတာ ယုံကြည်ဖို့ ခဲယဉ်းပါတယ်။ လွန်ခဲ့တဲ့ ၃၉ နှစ်ခန့်၊ ၁၉၈၃ ခုနှစ် အောက်တိုဘာ ၉ ရက်မှာတော့ အခု အာဇာနည်ဗိမာန်နေရာမှာ ပြင်းထန်တဲ့ ဗုံးပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အာဇာနည်ကုန်း အနီးအနားမှာ နေထိုင်သူတွေ အပြောကတော့ အိမ်တွေပါ ငလျင်လှုပ်သလို တုန်ခါမှုကြီးကို ခံစားလိုက်ရတယ်လို့ ဆိုပါတယ်။
အာဇာနည်ကုန်းက တစ်စစီ ပြန့်ကျဲနေတဲ့ အဆောက်အအုံအောက်မှာ သေဆုံးသူ၊ ဒဏ်ရာရသူတွေကို ဆွဲထုတ်ရင်း ဒီကိစ္စဟာ ဘယ်သူ့လက်ချက်ဆိုတာကို မြန်မာအာဏာပိုင်တွေ အပူတပြင်း စုံစမ်းခဲ့ကြပါတယ်။
တကယ်တော့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တောင်ကိုးရီးယား သမ္မတကို မြောက်ကိုးရီးယားနိုင်ငံက အထူးကွန်မန်ဒို လက်မရွံ့တွေ စေလွှတ်ပြီး လုပ်ကြံခဲ့တာပါ။
ဒီလိုမြောက်ကိုးရီးယားရဲ့ လုပ်ကြံဖို့ကြိုးစားခံရသူကတော့ ၁၉၈၀ ကနေ ၁၉၈၈ ခုနှစ်အထိ အာဏာသိမ်းခေါင်းဆောင် အနေနဲ့ရော ၊ ရွေးကောက်ခံ သမ္မတ အနေနဲ့ပါ တောင်ကိုးရီးယားကို အုပ်ချုပ်ခဲ့သူ သမ္မတ ချန်ဒူးဝှမ် ( Chun Doo -Hwan) ပဲဖြစ်ပါတယ်။
တောင်ကိုးရီးယားသမ္မတ ချန်ဒူးဝှမ်ဟာ မြန်မာ သမ္မတ ဦးစန်းယုရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို လေးရက်ကြာ အလည်အပတ်ခရီးအဖြစ် ရောက်ရှိလာပြီး ကျဆုံးပြီးတဲ့ အာဇာနည်တွေကို အာဇာနည်ကုန်းမှာ လာရောက်ဂါရဝ ပြုစဉ်မှာပဲ ဒီအဖြစ်အပျက် ဖြစ်ပျက်ခဲ့တာပါ။
သမ္မတချန်ဒူးဝှမ်ဟာ အဲ့ဒီနေ့က အာဇာနည်ကုန်းကို မိနစ်ပိုင်းလေး နောက်ကျရောက်ခဲ့တဲ့အတွက် သေဘေးက လွတ်မြောက်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမဲ့ သူနဲ့ အတူပါလာတဲ့ သူတွေထဲက တောင်ကိုးရီးယား ဒုတိယဝန်ကြီးချုပ် နဲ့ စီးပွားရေး စီမံကိန်းအဖွဲ့ ရေးရာဝန်ကြီး မစ္စတာဆော့ဆော့ခ်ဂျွန်း (Syh Seok-Jun) အပါအဝင် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လီဘွန်ဆုတ်ခ် (Lee Beom -seok) ၊ ကုန်သွယ်ရေးဝန်ကြီး ကင်ဒုံဟွီ (Kim Dong-Hwi) ၊ စွမ်းအင်နဲ့ သယံဇာတ ပစ္စည်းရေးရာ ဝန်ကြီး မစ္စတာ ဆောဆန်ချုလ် (Syh Sang -Chul) နဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုးရီးယား သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာလီကေချုး တို့ အပါအဝင် ဧည့်သည်တော် ကိုးရီးယားဘက်က ၁၇ ဦး သေဆုံးခဲ့ပါတယ်။
မြန်မာဘက်ကတော့ လေးယောက်သေဆုံးခဲ့ပြီး အဲဒီထဲမှာ သတင်းနဲ့စာနယ်ဇင်း ကော်ပိုရေးရှင်း ဗိုလ်တထောင် သတင်းစာတိုက်က အကြီးတန်းသတင်းထောက် ဦးတင်ကြိုင်၊ ရုပ်ရှင်ကော်ပိုရေးရှင်းက သတင်းမှူး ဦးအုန်းကျော်တို့ ပါဝင်ခဲ့ပါတယ်။ စုစုပေါင်း ၂၁ ဦး ဒီဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ပါတယ်။
အဲဒီနေ့ ညနေ ၄နာရီ ၃၅ မိနစ်မှာပဲ တောင်ကိုးရီးယား သမ္မတဟာ ခရီးစဉ်ကို ဖျက်သိမ်းပြီး ချက်ချင်း တောင်ကိုးရီးယားကို ပြန်သွားခဲ့ပါတယ်။ ဒီအတွက် ဝမ်းနည်းကြောင်းစာလွှာကို တောင်ကိုးရီးယားသမ္မတလက်ထဲ မြန်မာသမ္မတ ဦးစန်းယုက ကိုယ်တိုင်ထည့်ပေးခဲ့ပါတယ်။
.
.
အင်းစိန်ထောင်ထဲမှာ ကွယ်လွန်ခဲ့သူ မြောက်ကိုးရီးယား သူလျှို
★★★★★★★★★★★★★★★★★★★★
ဒီဖောက်ခွဲမှုကို လုပ်ခဲ့တဲ့ မြောက်ကိုးရီးယားက သူလျှိုသုံးဦးအနက် တစ်ဦးဖြစ်တဲ့ ဆင်ကီချူးကတော့ မြန်မာရဲနဲ့ စစ်သားတွေ ဝိုင်းဝန်း ဖမ်းဆီးစဉ်မှာပဲ သူ့လက်ထဲက ဗုံး ပေါက်ကွဲပြီး သေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ဗိုလ်မှူး ဇင်မို (ခေါ်) ကင်ဂျင်ဆုလည်း သူခွဲလိုက်တဲ့ လက်ပစ်ဗုံးဒဏ် ခံခဲ့ရပေမဲ့ အသက်မသေဘဲ ခြေတစ်ဖက်နဲ့ လက်နှစ်ဘက်ပြတ်၊ မျက်လုံးတစ်ဖက်ပါ ကွယ်ခဲ့ပါတယ်။
နောက်ဆုံးတစ်ဦးဖြစ်တဲ့ ဗိုလ်ကြီးအဆင့်ရှိသူ ကင်မင်ချူး ( Kang Min-chul) လည်း ဖမ်းဆီးစဉ်မှာ သူ့လက်ထဲက လက်ပစ်ဗုံးပေါက်ကွဲလို့ လက်တစ်ဖက် ပြတ်ခဲ့ပါတယ်။
အရှင် ဖမ်းဆီးရမိတဲ့ ဗိုလ်မှူး ဇင်မိုနဲ့ ဗိုလ်ကြီး ကင်မင်ချူးတို့ကို ရန်ကုန်တိုင်း တရားသူကြီးအဖွဲ့ ဥက္ကဌ ဒုတိယဗိုလ်မှူးကြီး မောင်မောင်အေး ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ တိုင်းတရားစီရင်ရေး အဖွဲ့ ထံကို ပြည်သူ့ရဲ တပ်ဖွဲ့ သတင်းတပ်ဖွဲ့မှူးရုံးက ဒုတိယရဲမှူးကြီးတင်လှိုင်က ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂၊ ၃၀၇၊ နဲ့လက်နက် အက်ဥပဒေ ပုဒ်မ ၁၉ (စ) တို့အရ အမှုပေါင်းခြောက်မှုနဲ့ တရားစွဲဆို တင်ပို့ခဲ့ပါတယ်။
ဒီအမှုကိုရန်ကုန်တိုင်း တရားသူကြီး အဖွဲ့ဥက္ကဌ ဒုတိယ ဗိုလ်မှူးကြီး မောင်မောင်အေးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ရန်ကုန်တိုင်း တရားသူကြီး အဖွဲ့ ဦးမြတ်တိုးနဲ့ ဦးတင်ညွန့်တို့ အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ တိုင်းတရားစီရင်ရေးအဖွဲ့ က စစ်ဆေးခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ဗိုလ်မှူးဇင်မိုကို ပြစ်မှုဆိုင်ရာ အမှုကြီး အမှတ်( ၁၀/၈၃) မှာ တရားစွဲဆိုထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂(၁) (ခ) / ၃၄ အရ သေဒဏ်၊ တသက်တကျွန်းနဲ့ လက်နက်မှုအရ ထောင်ဒဏ် သုံးနှစ်တို့ကို တပေါင်းထဲ ကျခံစေခဲ့ပါတယ်။
ဗိုလ်ကြီး ကင်မင်ချူးကိုတော့ တစ်သက်တစ်ကျွန်း ကျခံစေခဲ့ပါတယ်။
.
.
အပြစ်ကို ဝန်ခံတဲ့ ဗိုလ်ကြီးကင်မင်ချူး
★★★★★★★★★★★★★★★
တရားရုံးမှာ စစ်ဆေးတဲ့အခါ ဗိုလ်မှူးဇင်မိုက တရားစီရင်ရေးကို မပူးပေါင်းသလို ငြင်းဆန်တာ၊ ဝန်ခံတာတွေ မလုပ်ခဲ့ပေမဲ့ ဗိုလ်ကြီးကင်မင်ချူးကတော့ သူ့အပြစ်ကို ဝန်ခံခဲ့တယ်လို့ ၁၉၈၃ ဒီဇင်ဘာ ၇ ရက် ထုတ် လုပ်သားပြည်သူ့ နေ့စဉ် သတင်းစာမှာ ရေးသားထားပါတယ်။
မြောက်ကိုးရီးယားက ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ဝန်မခံခဲ့ပေမယ့် ဦးနေဝင်းအစိုးရကတော့ မြောက်ကိုးရီးယားနဲ့ မြန်မာနိုင်ငံရဲ့ သံတမန်ဆက်ဆံရေးကို ဖြတ်တောက်ခဲ့ပြီး မြောက်ကိုးရီးယား သံအရာရှိတွေကို မြန်မာနိုင်ငံကနေ နှင်ထုတ်ခဲ့ပါတယ်။
.
.
ဗိုလ်မှူးဇင်မိုနဲ့ ဗိုလ်ကြီးကင်မင်ချူးတို့ ဆက်ဆံရေး
★★★★★★★★★★★★★★★★★★★★
သေဒဏ်ပေးတဲ့ထိတိုင် ဘာတစ်ခွန်းမှ ဝန်ခံမသွားတဲ့ ဗိုလ်မှူးဇင်မိုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့တဲ့ ဗိုလ်ကြီးကင်မင်ချူးတို့ကြား ဆက်ဆံရေးကတော့ အဆက်မပြတ်ဘူးလို့ အဲဒီချိန်က သူတို့ကို စောင့်ကြပ်ခဲ့ရတဲ့ ထောင်ဝန်ထမ်းတစ်ချို့က ပြောပါတယ်။
ထောင်တွင်းမှာ တစ်ယောက်နဲ့ တစ်ယောက် အတူတူ မထားပေမယ့် နောက်ပိုင်းမှာ အမြဲလိုလို လျှို့ဝှက် အချက်ပြ သင်္ကေတ တွေနဲ့ ဆက်သွယ်လေ့ရှိတယ်လို့ ဆိုပါတယ်။
သူတို့ အမြဲဆက်သွယ်လေ့ရှိတာကတော့ သူတို့ကို ပေးထားတဲ့ ပန်းကန်တွေကို အသံအချက်ပြ နည်းစနစ်နဲ့ ခေါက်ပြီး ဆက်သွယ်တာ ဖြစ်တယ်လို့ ထောင်ဝန်ထမ်းတွေက ဆိုပါတယ်။
ဗိုလ်မှူး ဇင်မိုကို ကြိုးဒဏ်ပေးတဲ့အချိန်မှာတော့ တဖက်က ဆက်သွယ်မှု မရတော့တဲ့အတွက် ဇင်မိုတယောက် သေဒဏ် ခံလိုက်ရပြီဆိုတာကို ကင်မင်ချူး သိခဲ့ပုံရတယ်လို့ အတူနေခဲ့သူတွေက ပြန်ပြောခဲ့ပါတယ်။
အတူနေခဲ့ဖူးသူ တချို့ကတော့ ဗိုလ်မှူးဇင်မိုဟာ စိတ်ဓာတ်မာကျောပြင်းထန်တဲ့အတွက် ဖော်ကောင်လုပ်ခဲ့သူ ကင်မင်ချူးကို မကျေလည်တော့ပဲ အဆက်အသွယ်မလုပ်တော့ဘူးဆိုပြီး ပြောပြတာလည်း ရှိပါတယ်။
ဇင်မိုသေဆုံးချိန်မှာ သံတမန်အဆက်အသွယ်တွေ ဖြတ်တောက်ထားတဲ့ ကြားက မြောက်ကိုရီးယားဘက်က မြန်မာအစိုးရကို မေတ္တာရပ်ခံချက်နဲ့ ဇင်မိုရဲ့ ရုပ်အလောင်းကို မင်္ဂလာဒုံလေယာဉ်ကွင်းမှာ လာရောက် ယူဆောင်ခဲ့တယ်လို့ အဲ့ဒီချိန်က ဇင်မိုတို့ကို အနီးကပ် စောင့်ကြည့်ခဲ့ရတဲ့ ထောင်အရာရှိတစ်ဦးဖြစ်သူ ထောင်မှူးကြီးဟောင်းလည်းဖြစ် ရှေ့နေလည်းဖြစ်တဲ့ ဦးခင်မောင်မြင့်ကပြောပြပါတယ်။
ဒါပေမယ့် တွေ့ဆုံမေးမြန်းနိုင်ခဲ့တဲ့ တောင်ကိုရီးယား ဒုတိယထောက်လှမ်းရေးမှူးချုပ်ဟောင်းရာဂျုံအီးလ် ကတော့ အဲဒီအချက်ကို သံသယရှိပါတယ်။ မြောက်ကိုရီးယားဟာ ဒီလုပ်ကြံဖို့ ကြိုးပမ်းချက်ကို သူတို့နဲ့ မဆိုင်ဘူးလို့ အမြဲငြင်းခဲ့ရုံမက ဖမ်းခံလိုက်ရ တဲ့ ဇင်မိုနဲ့ ကင်မင်ချူးတို့ကိုတောင် သူတို့နိုင်ငံသား မဟုတ်ပါဘူးလို့ ပြောဆိုထားတဲ့အတွက် ဇင်မို အလောင်းကို ပြန်လာယူတယ်ဆိုရင် သူတို့လူဖြစ် တယ်၊ သူတို့ လက်ချက်ဖြစ်တယ်ဆိုတာကို ဝန်ခံရာ ရောက်သွားနိုင်တယ်လို့ သူက သုံးသပ်ပါတယ်။
ကင်မင်ချူးဘာကြောင့်ဖော်ကောင်လုပ်ခဲ့တာလည်း ဆိုတဲ့ အပေါ်လည်း အမြင်အမျိုးမျိုး ရှိပါတယ်။ တချို့ကတော့ သူဟာ တောင်ကိုရီးယားသမ္မတကို လုပ်ကြံဖို့ တာဝန်နဲ့ ရောက်လာခဲ့ပေမယ့် သူတို့ လက်ချက်ကြောင့် အပြစ်မဲ့သူ မြန်မာလူမျိုးတွေပါ သေဆုံးရတာကို စိတ်မကောင်းဖြစ်လို့ အပြစ်ကို ဝန်ခံတာလို့ ပြောတာ ရှိပါတယ်။ တောင်ကိုရီးယားထောက်လှမ်းရေး ဘက်ကတော့ ကင်မင်ချူးဟာ သူ့ကို စေလွှတ်လိုက်တဲ့ တပ်မှူးတွေက ပေးလိုက်တဲ့ လက်ပစ်ဗုံးဟာ အဖမ်းမခံရအောင် လာရောက်ဖမ်းသူတွေကို တိုက်ခိုက်ဖို့ ပစ်ပေါက်နိုင်တဲ့ ဗုံးမျိုး မဟုတ်ပဲ စနက်တံ ဖြုတ်တာနဲ့ လက်ထဲမှာ တန်းကွဲနိုင်တဲ့ ဗုံးမျိုးဖြစ်နေတာကို သူတို့ကို ပြောပြမထားတဲ့အတွက် စိတ်နာပြီး ဖော်ကောင်လုပ်တာလို့ ယူဆကြပါတယ်။
တောင်ကိုရီးယား ထောက်လှမ်းရေးမှူးဟောင်း ရာဂျုံအီးလ်ကတော့ မြောက်ကိုရီးယား အေးဂျင့်တွေဟာ ကမ္ဘာပေါ်မှာ အတော်ဆုံးတွေထဲပါပြီး အပြင်းထန်ဆုံးလေ့ကျင့်ခဲ့ရသူတွေ ဖြစ်တယ်၊ ဒါပေမယ့် ခေါင်းဆောင်တွေကတော့ သူတို့ အေးဂျင့်တွေကို တာဝန်ပေးစေလွှတ်ပြီးရင် ပြန်လှည့် မကြည့်ကြတော့ဘူး၊ သေချင်သေပါစေဆိုပြီး ပစ်ထားလိုက်ကြတယ်လို့ ဆိုပါတယ်။
.
.
ဖော်ကောင် ကင်မင်ချူး
★★★★★★★★★★★★★★★
ကင်မင်ချူးကို ဖမ်းမိစဉ်က အသက် ၂၈ နှစ်ပဲရှိပါသေးတယ်။ သူဟာ အမြဲ သပ်သပ်ရပ်ရပ် နေတတ်ပြီး အားကစား နေ့စဉ် လုပ်လေ့ရှိသူပါ။
ကင်မင်ချူးနဲ့ ဇင်မိုကို ဖမ်းဆီးထားစဉ် ထောင်တွင်းက နှစ်စဉ် ထူးခြားဖြစ်စဉ်တွေကို အမြဲ မှတ်တမ်းတင်ပေးခဲ့ရတဲ့ ထောင်မှူးဟောင်း ဦးခင်မောင်မြင့်ကတော့ “ကင်မင်ချူးက လူပုံသဏ္ဍန်ကတော့ ရုပ်ရှင်မင်းသား နေအောင်နဲ့ တူတယ်။ အရပ်မြင့်မြင့် အသားဖြူဖြူ ဥပဓိရုပ်ကလည်း ကောင်းတယ်။ လက်တစ်ဖက်ကတော့ ပြတ်နေတယ်။ သူက စနစ်တကျ လေ့ကျင့်ထားပြီး စိတ်ဓာတ် ပြင်းထန်ပုံ ရတယ်။ သူ့ထူးခြားချက်က ဗမာစကားကို သေချာသင်ကြားထားလို့ ပီပီသသ ဝေါဟာရတွေကို အချက်ကျကျ ပြောနိုင်တယ်။ ခိုင်ထူးသီချင်းတွေ အကုန်ရတယ်” လို့ဆိုပါတယ်။
သူ့အနေနဲ့ ဒီဗုံးခွဲဖြစ်စဉ်ကို မြန်မာအစိုးရကို ဝန်ခံခဲ့တော့ အမြဲလိုလို စိုးရိမ်စိတ်တွေ ရှိပြီး သူ့ကို မြောက်ကိုးရီယားက လာပြီး လုပ်ကြံမှာကို စိုးရိမ်နေတယ်လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
ဦးခင်မောင်မြင့်က “ဒါကြောင့်သူ့ကို ဆက်ဆံရတာကတော့ ပထမပိုင်းကာလတွေမှာ နည်းနည်း ပြင်းထန်တယ်။ သူ့ကို တယောက်ယောက်က လုပ်ကြံမယ် ထင်နေတဲ့အတွက် ကျွန်တော်တို့ဆီက ဝန်ထမ်းတွေ လုံခြုံရေး နည်းနည်း အားနည်းသွားရင်၊ ကင်းချိန်မှာ ကင်းအိပ်နေတာမျိုးတွေဆို သူက လုံးဝသည်းမခံဘူး၊ တာဝန်မှူးကို ချက်ချင်းခေါ်ပြောတယ်”လို့ ပြောပြပါတယ်။
နောက်ပိုင်းမှာတော့ တဖြည်းဖြည်း ဝန်ထမ်းတွေနဲ့ ရင်းနှီးလာပြီး အတူတူ ချက်ပြုတ် စားသောက်တာတွေ၊ ဝန်ထမ်းတွေ ခြင်းလုံးကစားတဲ့အခါ အမှတ်ရေပြီး ဒိုင်လုပ်ပေးတာတွေ အထိ လုပ်ပေးခဲ့တယ်လို့ သူနဲ့ အတူနေခဲ့တဲ့ ထောင်ဝန်ထမ်းတွေက ဆိုပါတယ်။
ဇင်မိုကို ကြိုးပေးသတ်ပြီးတဲ့နောက် ကင်မင်ချူးကို အစောင့်အကြပ်နဲ့ ထားခဲ့သလို နောက်ပိုင်းမှာ သူနဲ့ ထောင်ဝန်ထမ်းတွေကြား တော်တော်လေး ရင်းနှီးခဲ့တဲ့အတွက် သူ့ အကြောင်း တစ်စိတ်တစ်ပိုင်းကို သိခွင့်ရလာတယ်လို့ သူနဲ့ အတူနေပြီး စောင့်ကြပ်ခဲ့ရတဲ့ ထောင်ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုခင်မောင်အေးက ပြောပြပါတယ်။
ကိုခင်မောင်အေးက ” ကျွန်တော်က သူ့ကို အရမ်းနောက်တာ ။ သူစကားပြောရင် ဟမ်ဟမ်လို့ ပြန်မေးရင် မကြိုက်ဘူး။ လေ့လာတဲ့အခါ အတော် အောက်ကျို့ခံတယ်။ ကျွန်တော်တို့မိသားစု အကြောင်းတွေကို သူမေးတယ် ” လို့ဆိုပါတယ်။
မကြာခဏဆိုသလို ထောင်ဝန်ထမ်းတွေနဲ့ နောက်ပြောင် ပြောဆိုတာတွေရှိခဲ့ပြီး သူ့ဘဝ တစိတ်တပိုင်းအနေနဲ့ကတော့ သူတကယ်လို့ မြန်မာပြည်ကနေ ဒီလုပ်ငန်းတာဝန်ကို ချောချောမွေ့မွေ့ ထမ်းဆောင်ပြီး ပြန်ရမယ်ဆိုရင် တိုက်ပွဲမှာ ကျဆုံးသွားခဲ့တဲ့ သူ့သူငယ်ချင်းရဲ့ ဇနီးကို ဆက်လက် တာဝန်ယူ လက်ထပ်ရမယ်လို့ ကင်မင်ချုးက ပြောပြခဲ့ကြောင်း ကိုခင်မောင်အေးက ဆိုပါတယ်။
သူကလည်း အဲဒီ အမျိုးသမီးကို ချစ်ကြိုက်ကြောင်းနဲ့ သူ တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်ပြီး ပြန်ရောက်ရင် သူကောင်းလည်း ပြုခံရမယ်၊ ချစ်ရသူနဲ့ အိမ်ထောင်လည်း ပြုခွင့်ရမယ်၊ ဒါကြောင့် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့တယ်၊ အခုတော့ အဲဒီ မျှော်လင့်ချက် အိပ်မက်တွေ ဘယ်လိုမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာ သူသိရှိ လက်ခံထားပုံရတယ်လို့လည်း ကိုခင်မောင်အေးက ပြောပါတယ်။
အခုလို အဖြစ်အပျက်တွေ ဖြစ်သွားပြီး မြန်မာအစိုးရဆီမှာ ဝန်ခံခဲ့တာကြောင့် မြောက်ကိုးရီးယားမှာ ကျန်ခဲ့တဲ့ သူ့ညီမအပါအဝင် မိသားစု ဆွေမျိုးတွေတော့ အသတ်ခံရဖွယ်ရှိတယ်လို့ ဝန်ထမ်းတွေကို သူက မကြာခဏ ပြောပါတယ်။
၂၀၀၇ မှာ မြန်မာနဲ့ မြောက်ကိုရီးယား သံတမန် ဆက်ဆံရေး ပြန်လုပ်တော့ ကင်မင်ချူးဟာ စိုးရိမ်စိတ်တွေ တိုးပြီး သူ့ကို မြောက်ကိုရီးယားဘက်က လုပ်ကြံ သတ်ဖြတ်တာတွေ လုပ်လာနိုင်တယ်ဆိုပြီး အစာထဲမှာ အဆိပ်ခတ်သတ်တာမျိုး မလုပ်နိုင်အောင် သူစားတဲ့အစာကိုတောင် သူ့ဟာသူ ချက်စားတော့တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအရာရှိဟောင်း ရာဂျုံအီးလ်က ပြောပြပါတယ်။
ကင်မင်ချူး ကိုနောက်ပိုင်းမှာတော့ အထူးတိုက်ကိုပြောင်းလိုက်တဲ့အတွက် ထပ်မတွေ့ရတော့သလို သူ နေမကောင်းဖြစ်တာကိုလည်း တဆင့်စကားနဲ့ပဲ သိခဲ့ရတယ်လို့ ကိုခင်မောင်အေးက ဆိုပါတယ်။
၂၀ဝ၈ ခုနှစ် မေလမှာတော့ မြောက်ကိုးရီးယားရဲ့ အစွန့်ပစ်ခံ ကင်မင်ချူးတယောက် အသည်းကင်ဆာ ဝေဒနာနဲ့ မြန်မာနိုင်ငံရဲ့ ဆေးရုံတစ်ခုမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။
သူကွယ်လွန်ချိန်မှာတော့ သူ့ အရိုးပြာကို သူ့ဆန္ဒအတိုင်းဆိုပြီး အထက်ရဲ့ အမိန့်နဲ့ ရန်ကုန်မြစ်ထဲကို သွားရောက် မျှောပေးခဲ့ရတယ် လို့ အဲဒီအတွက် တာဝန်ယူပေးခဲ့ရသူ တစ်ယောက်က ပြန်ပြောပြခဲ့ပါတယ်။ ။
#VideoCredit – BBC Burmese
#မူရင်းရေးသားသူ_မအိမ့်ခိုင်ဦး
#ThawZinAung — with Thaw Zin Ag.
၁၉၅၅ မြန်မာဝန်ကြီးချုပ် ဦးနု၏နိုင်င့တကာခရီး
