ကျော်ဦး ၏ စာ ။ ရေကြည်တစ်ပေါက် စာအုပ် ။ ( အားပျော့ တုံ့ဆိုင်း မြစ်ရေစီးသံ အဖွင့်နိဒါန်း စာ )

Comments

မြစ်တို့ရဲ့အခွင့် အရေးRiver Right
နှင့်
လူတွေရဲ့ လူ့ အခွင့်အရေး Human Right

သက်ရှိ လူသားတွေရဲ့ လူ့အခွင့်အရေးတွေကိုသာ
အလေးထားနေကြရုံသာမဟုတ်
သက်မဲ့ မြစ်ကြီး တွေရဲ့ မြစ် အခွင့်အရေးကိုလဲ
အလေးထား ဦးစာပေးနေကြတဲ့
ရေနိုင်ငံ နယ်သာလန်

မြစ်တွေကို သွားမစကြနဲ့
သူ့ကိုသွားနှောက်ယှက်ရင်
သူကသင့်ကိုပြ န်လည်တုန့်ပြန်လာလိမ့်မယ်။

ဆည်မြောင်းက ကွယ်လွန်သူမြစ်ဝကျွန်းပေါ်ရေပညာရှင်ကြီး ဖြစ်သူ ဆရာသမားဝါရင့်ဆည်မြောင်း စီနီယာ အင်ဂျင်နီယာကြီးဦးထွေးမြင့်နှင့်အတူ သူ့လက်အောက်မှာ ၁၀နှစ်ခန့် တွဲဘက်လုပ်ခဲ့ စဉ် ဆရာသမားကြီးက သူတို့ခေတ်က ဆည် မြောင်း ဆရာသမားကြီးတွေဖြစ်ကြတဲ့ ရှေးကဆည်မြောင်း ညွှန်ချုပ်ကြီး တစ်ဦးက သူ့ကိုပြောခဲ့ဘူးတာကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ခရီးစဉ်တစ်ခုမှာ ကျွန်တော်တို့မျိုးဆက်သစ် ဆည် မြောင်း လူငယ်အင်ဂျင်နီယာတွေကို သွန်သင်ပြောပြခဲ့လို့ ကြားသိခဲ့ရဘူး ပါတယ်။’

Don’t play with a river .
Otherwise if you play with the river, the river will play with you ပါတဲ့
မြစ်တွေကို သွားမစကြနဲ့၊မြစ်တွေနဲ့သွားမကစားကြနဲ့၊
သူ့ကိုသွား ‘စ ‘ ရင် သူက တန်ပြန် ၊ တုန့်ပြန်လာလိမ့်မယ် တဲ့

ဆည်မြောင်းတည်ထောင်စ ခေတ် ဆရာသမားကြီးများ ခေတ်တွေ မှသည် ယနေ့တိုင် မှန်ကန်နေဆဲ
သဘာဝပတ်ဝန်း ကျင်ရေးရာ သက်မဲ့ မြစ်တွေရဲ့ သဘာဝ ပါ။

ရေပညာရှင်များနေကြတဲ့ ရေနိုင်ငံ နယ်သာလန်နိုင်ငံမှာ တော့
မြစ်တွေရဲ့အခွင့်အရေး River Right ကို ပြန်အသက်သွင်းပေးတဲ့အနေနဲ့ သူ့နိုင်ငံ မြစ်ဝကျွန်းပေါ်မှာ မြစ်တွေဘေးနားမှာ ကပ်လျက်
ရှေးခေတ်တွေက တည် ဆောက်ထားခဲ့ကြတဲ့ ရေဘေးကာကွယ်ရေးတာတမံ တွေကို ပြန် ဖျက် ခဲ့ကြပြီး ၊ မြစ်ကမ်းပါးနဲ့ ဝေးရာနောက်ကို ဆုတ်ပြီး ပြန် တည်ဆောက်ပေး ခဲ့ကြတယ်။

နယ် သာလန် နိုင်ငံ မြစ်ဝကျွန်းပေါ် ရေအင်ဂျင်နီယာတွေရဲ့ ရေ ရှည် အတွက်မျှော် တွေးဆပြီး ဆောင် ရွက်ခဲ့ကြတဲ့ အလုပ်တွေထဲက လုပ်ရပ်တစ်ခုပါ။

မြစ်ကြီး တွေ မှာ ရေကြီးလာရင်လွတ်လပ်စွာ ရေစီးလမ်းကြောင်းအကျယ် ပြန်လည် ရ ရှိ စေရေး အတွက် မြစ် တွေရဲ့သူတို့ပိုင်တဲ့ Flood away ရေသွား လမ်းကြောင်း ၊ မူလအခွင့် အရေး ဖြစ်တဲ့ ၊ ရေကြီး ချိန် ရေစီးများချိန် မြစ် ရေစီးလမ်းကြောင်းကို လုံလောက်စွာ ရ၇ှိအောင် ရေစီး လမ်း ကြောင်း နေရာ ပြန် ပြီးတိုး ချဲ့ ပေးခဲ့ကြတာ ဖြစ် ပါတယ်။

အေးမြင့် (ညောင်တုန်း )

၂၅ ၊၈၊၂၀၂၄

( ခေတ္တ လန်ဒန် )

ရည် ညွှန်းစာ

1 – Saw Thet Khine Win Comments to U Kyaw OO article

မြစ်ကို တန်ဖိုးထားဂရုစိုက်ရသ လို
သူ့ကိုလည်းအရိပ်တကြည့်ကြည့်နဲ့ စောင့် ကြည့်ပံ့ပိုးပေးဖို့လဲလိုတာပေါဆရာ၊
DON’T PLAY WITH RIVER, OTHERWISE SHE WILL PLAY YOU !


2 – Original Facebook post

kyaw OO Facebook post 25 August 2024
Comments

ကျော်ဦး ၏ ရေကြည်တစ်ပေါက် စာအုပ် ။ ( အားပျော့ တုံ့ဆိုင်း မြစ်ရေစီးသံ အဖွင့်နိဒါန်း စာ )

လူကြီးပိုင်းအတော်များများသည် သူတို့ငယ်စဉ်က ကြည့်ဖူးခဲ့မည်ဖြစ်သော ”ပြန်လမ်းမရှိသောမြစ်”(River of No Return) အမည်ရှိ ရုပ်ရှင်ကားကို မေ့နိုင်ကြဦးမည်မဟုတ်ချေ။ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြသော ရောဘတ်မစ်ချမ်နှင့် မာရီလင်မွန်ရိုးတို့ ပါဝင်ပြီး အမေရိကန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသရှိ မြစ်တစ်စင်းကို ကျောရိုးပြု ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်ကားအဖြစ် အမှတ်ရနေကြမည်။

”ပြန်လမ်းမရှိသောမြစ်”ရုပ်ရှင်နည်းတူ မြစ်များကို အခြေခံဖန်တီးခဲ့သော အခြားအနုပညာလက်ရာများ မရေမတွက်နိုင်အောင် ရှိသည်။ စာရေးဆရာကြီးမတ်တွိုန်း၏ ကမ္ဘာကျော်လက်ရာ ”ဟပ်ကယ် ဘယ်ရီဖင်း၏ စွန့်စားခန်းများ”သည် အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်ကို အခြေခံထားသည်။ အလားတူ ကမ္ဘာ့အရှည်ဆုံးမြစ်များ ဖြစ်ကြသော အယ်မဇုန်မြစ်နှင့်နိုင်းလ်မြစ်တို့သည် ဝတ္ထုနှင့်ရုပ်ရှင် ဇာတ်လမ်းပေါင်း များစွာကို မွေးဖွားပေးခဲ့သည်။ ဂီတဘက်တွင် မြစ်အကြောင်း ဖွဲ့ဆိုထားသည့် ကမ္ဘာကျော်သီချင်းများရှိသည့် နည်းတူ မြန်မာတွင်လည်း ယမုန်နာပတ်ပျိုးမှသည် မြင့်မြင့်ခင်သီဆိုသော ‘မြစ်ကြီးဧရာဝတီ’အလယ်၊ ခင်ဝမ်း၏ ‘ဧရာဝတီ’နှင့် ထူးအိမ်သင်၏ ‘ရာဇဝင်များရဲ့သတို့သမီး’အထိ မြစ်ဖွဲ့သီချင်းများသည် ဂီတချစ်သူများ၏ နှလုံးအိမ်တွင် စွဲကျန်နေကြသည်။

နှလုံးသားထဲ ဒြပ်မဲ့အနုပညာများ စိမ့်ဝင်နေစေရန် မြစ်များက အထောက်အကူပြုသကဲ့သို့ ကမ္ဘာ့မြို့တော်များ၏ အလှအပကိုလည်း မြစ်များက ထပ်ဆင့် တန်ဆာဆင်နေကြသည်။ မြို့ကို ဖြတ်စီးနေသော ထမ်းစ်မြစ်သာ မရှိလျှင် လန်ဒန်မြို့တော်သည် ယခုကဲ့သို့ ခံ့ညားမှု ရှိချင်မှရှိမည်။ ရှုပ်ထွေးနေသော ဘန်ကောက်မြို့တော်ကို ကျောက်ဖရားမြစ်အတွင်းမှ ကြည့်လျှင် ပို၍တည်ငြိမ်သော အာရုံမျိုးကို ရသည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို ဆဲ(န်)မြစ်တွင်းမှ ငေးမောခံစားလျှင် မြို့ထဲ လျှောက်ကြည့်သည်နှင့်မတူ ကွဲပြားသောရသကို ဖြစ်စေသည်။ ကမ္ဘာကျော် အိုင်ဖယ်မျှော်စင်၊ နော့ထရာဒမ်ဘုရားကျောင်း၊ လု(ဗ်)(ရ်)ပြတိုက် စသည်တို့ကို ဆဲန်မြစ်တွင်း လှေစီးရင်း တအံ့တသြ ရှုစားနိုင်ကြသည်။

၂၀၂၄ ကမ္ဘာ့အိုလံပစ်ကို ပါရီမြို့တော်တွင် ကျင်းပခွင့်ရသောအခါ ပြီးခဲ့သောအိုလံပစ်များနှင့်မတူ၊ တမူ ထူးခြားစေရန် ဖွင့်ပွဲအခန်းအနားနှင့် ရေကူးပြိုင်ပွဲအချို့ကို ဆဲ(န်)မြစ်တွင်း၌ ပြုလုပ်ရန် ဆုံးဖြတ်စီစဉ်ကြသည်။ ဖွင့်ပွဲအစီအစဉ်များအနက် တစ်ခုအဖြစ် ပြိုင်ပွဲဝင် အားကစားအဖွဲ့များသည် ပါရီမြို့ကို ဖြတ်စီးသည့် ဆဲ(န်)မြစ်ကြောင်းတလျှောက် ခြောက်ကီလိုမီတာခရီးကို လှေစီးဖြတ်သန်းရင်း မြစ်ကမ်းပါးပေါ်က အားပေးနေကြသည့် ပရိသတ်များအား နှုတ်ဆက်ခဲ့ကြသည်။ ဖွင့်ပွဲအခန်းအနားကို အကြမ်းဖက်သမားများက တိုက်ခိုက်ဖျက်ဆီးမည့် အန္တရာယ် ရှိနိုင်သည်ဟု စိုးရိမ်ခဲ့ကြသော်လည်း အောင်မြင်စွာ ပြုလုပ်ခဲ့ကြသည်။

သို့သော် ဆဲ(န်)မြစ်ရေ အရည်အသွေး ကျဆင်းမှုကြောင့် ရေကူးပွဲစဉ်အချို့ကို ရွှေ့ဆိုင်းပြီးမှ ကျင်းပခဲ့ရသည်။ ဆဲ(န်)မြစ်သည် အိုလံပစ်ပွဲတော် မကျင်းပမီ နှစ်အတန်ကြာကပင် ညစ်ညမ်းသည့် ပြဿနာများနှင့် ကြုံတွေ့နေခဲ့ရသည်။ ပါရီမြို့တွင်းနှင့်ဆင်ခြေဖုံးမှ ထွက်သည့် စက်မှုနှင့် အိမ်တွင်း စွန့်ပစ်ရေများကို ရေဆိုးသန့်စင်စက်ရုံများဖြင့် သန့်စင်ပြီးမှ ဆဲ(န်)မြစ်တွင်းသို့ ဝင်ရောက်စေသော်လည်း မနိုင်မနင်း ဖြစ်နေခဲ့သည်။ လွန်ခဲ့သောနှစ်က မသန့်စင်ရသေးသော စွန့်ပစ်ရေ ကုဗမီတာ ၁ ဒသမ ၉ သန်း ဆဲ(န်)မြစ်ထဲသို့ စီးဝင်ခဲ့သည်။ အထူးသဖြင့် မိုးသည်းထန်သောအခါ မြစ်ထဲသို့ ညစ်ညမ်းရေ ပိုမိုစီးဆင်းသည်။ ယင်းအဖြစ်မျိုးကို ရှောင်နိုင်ရန် အိုလံပစ်ပွဲတော်အမီ အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အကုန်အကျခံ၍ ရေဆိုးသန့်စင်စနစ်ကို အဆင့်မြှင့်ခဲ့သည်။

ယင်းလုပ်ဆောင်ချက်ကြောင့် ဆဲ(န်)မြစ်ရေ အရည်အသွေး သိသာစွာ တိုးတက်လာသည်။ အိုလံပစ် မစမီ ဇူလိုင်လလယ်က ပါရီမြို့တော်ဝန်သည် ဆဲ(န်)မြစ်ရေ အရည်အသွေး ကောင်းမွန်လာမှုကို သက်သေပြရန် မြစ်ထဲသို့ ကိုယ်တိုင်ဆင်းကူးပြခဲ့သည်။ သို့သော် ရေကူးပြိုင်ပွဲမစမီကလေး၌ မြစ်ရေအရည်အသွေးကို ထပ်မံတိုင်းတာသောအခါ ဘက်တီးရီးယားပိုးတစ်မျိုး ရှိသင့်သည်ထက် များနေသေးကြောင်း စစ်ဆေး တွေ့ရှိသဖြင့် ရေသန့်စင်မှုများ ထပ်မံပြုလုပ်ရန် ရေကူးပြိုင်ပွဲကို ရက်ရွှေ့ဆိုင်းပြီး ကျင်းပခဲ့ရသည်။

ပါရီမြို့တော်ရှိ ဆဲ(န်)မြစ်၏ မသန့်စင်မှုသည် အိုလံပစ်ကို အကြောင်းပြု၍ လူသိများခဲ့သော်လည်း ကမ္ဘာတွင် အဆိုပါမြစ်ထက် အဆများစွာ ညစ်ညမ်းသော မြစ်များ ရှိနေပြီး မြစ်ရေကို အမှီပြု သောက်သုံးနေရသည့် မြို့ရွာများအတွက် ကြီးမားသော ပြဿနာတစ်ရပ်ပင် ဖြစ်နေကြောင်းကိုမူ လူသိမများလှချေ။ အဆိုပါ မြစ်များအနက် အညစ်ညမ်းဆုံးထဲတွင်ပါသည့် မြစ်မှာ ဂင်္ဂါမြစ် ဖြစ်သည်။ ကီလိုမီတာ ၂၅၀ဝ ကျော် ရှည်လျားသည့် ဂင်္ဂါမြစ်ရေကို မြစ်ကြောင်းတလျှောက်ရှိ လူပေါင်းသန်း ၅၀ဝ ခန့်က သောက်သုံးရေ၊ စိုက်ပျိုးရေ၊ လုပ်ငန်းသုံးရေတို့အတွက် မှီခိုအသုံးပြုကြသည်။ ကမ္ဘာ့မြစ်များအားလုံးအနက် လူအသုံးအများဆုံးမြစ်ဟု ဆိုသည်။

ဂင်္ဂါမြစ်ရေကိုသုံးစွဲသူအများစုဖြစ်သည့် ဟိန္ဒူလူမျိုးတို့အတွက်မူ ယင်းမြစ်သည် သာမန်မြစ်မျှ မဟုတ်၊ အထွတ်အမြတ်ထား၍ ကိုးကွယ်ကြသော မြစ်လည်း ဖြစ်သည်။ ဂင်္ဂါမြစ်ရေထဲ၌ ရေဆင်းချိုးလျှင် အပြစ်များ ပပျောက်ကင်းစင်သည်ဟုပင် ယူဆကြသည်။ ဂင်္ဂါမြစ်ကို ထိုမျှအသုံးများ၊ အထွတ်အမြတ် ထားကြသော်လည်း မြစ်ရေသန့်စင်နေရန်အတွက်ကိုမူ အလေးအနက်မထားကြချေ။ မသန့်စင်ရသေးသော လူ့မိလ္လာအညစ်အကြေးများ၊ စိုက်ခင်းမှထွက်လာသည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များ၊ စက်ရုံထွက် စွန့်ပစ်ရေဆိုးများ စသည်တို့အပြင် တိရစ္ဆာန်နှင့်လူအသေကောင်များပင် ဂင်္ဂါမြစ်ရေထဲ၌ တွေ့ရလေ့ရှိသဖြင့် ယင်းမြစ်ကို ကမ္ဘာ့အညစ်ညမ်းဆုံးမြစ်များအနက် တစ်စင်းအဖြစ် သတ်မှတ်ခြင်းခံရသည်။

ယင်းသို့ ညစ်ညမ်းနေသည့် ဂင်္ဂါမြစ်ကို အိန္ဒိယအစိုးရအဆက်ဆက်က စုစုပေါင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ ဘီလျံမျှ အကုန်ခံကာ သန့်စင်ရန် အားထုတ်ခဲ့ကြသော်လည်း ယခုအထိ အောင်မြင်မှု မရသေးချေ။ ညစ်ညမ်းမှုပမာဏကို တိုင်းတာရာတွင် စံတစ်မျိုးအဖြစ် သတ်မှတ်ကြသော ကိုလီဖောင်း ဘက်တီးရီးယား ပါဝင်မှုသည် ဖြစ်သင့်သည်ထက် သုံးဆမှ ၁၂ ဆမျှ များပြားလျက်ပင် ရှိသေးသည်။

ဂင်္ဂါမြစ်နည်းတူ အင်ဒိုနီးရှာနိုင်ငံ စီထရမ်မြစ်၊ တရုတ်နိုင်ငံ မြစ်ဝါမြစ်၊ အီတလီနိုင်ငံ ဆာရ်နိုမြစ်၊ အမေရိကန်နိုင်ငံ မစ္စစ္စပီမြစ်စသည်တို့ အပါအဝင် မြစ်အများအပြား၏ ရေများသည် လူတို့ သုံးစွဲရန် မသင့်သောအခြေအနေအထိ ညစ်ညမ်းနေသသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့သော ရေပညာရှင် ၁၀ ဦး၏ ကမ္ဘာတစ်ဝန်းလုံးရှိ မြစ်ဝှမ်းငယ် ၁၀ဝဝဝ ကျော်၌ ပြုလုပ်ခဲ့သည့် သုတေသန စာတမ်းအရ မြစ်ဝှမ်းငယ် ၂၀ဝ၀ ကျော်တွင် မြစ်ရေညစ်ညမ်းမှုကြောင့် ရေကောင်းရေသန့် ရှားပါးမှု ကြီးထွားလာနေကြောင်း သိရသည်။

(ပြန်လည်မွမ်းမံရေးသားနေသော ‘ရေကြည်တစ်ပေါက်’ စာအုပ်ပါ ‘အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ’ အခန်း၏ အဖွင့်စာပိုဒ်အချို့ ဖြစ်ပါသည်။) (စာအုပ်အသစ် ပြန်မထွက်မီစပ်ကြား ၂၀၂၀ ထုတ် ရေကြည်တစ်ပေါက်တွင် ပါသည့် အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ မူဟောင်းကို ဖတ်လိုသူများ ဤနေရာ https://bit.ly/3AE2fUM ကို နှိပ်၍ ဖတ်နိုင်ပါသည်။)

ရည်ညွှန်း မူရင်းစာ

kyawoo.comMENU

Google Translate

အားပျော့တုံ့ဆိုင်း မြစ်ရေစီးသံ

လူကြီးပိုင်းအတော်များများသည် သူတို့ငယ်စဉ်က ကြည့်ဖူးခဲ့မည်ဖြစ်သော ”ပြန်လမ်းမရှိသောမြစ်”အမည်ရှိ ရုပ်ရှင်ကားကို မေ့နိုင်ကြဦး မည်မဟုတ်ချေ။ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြသော ရောဘတ်မစ်ချမ်နှင့် မာရီလင်မွန်ရိုးတို့ ပါဝင်ခဲ့ပြီး အမေရိကန် အနောက်မြောက်ပိုင်း ဒေသရှိ မြစ်တစ်စင်းကို ကျောရိုးပြု ရိုက်ကူးခဲ့သော ဂန္ထဝင်ရုပ်ရှင်ကားအဖြစ်အမှတ်ရနေကြမည်။

”ပြန်လမ်းမရှိသောမြစ်”နည်းတူ မြစ်များကို အခြေခံဖန်တီးခဲ့သော အနုပညာလက်ရာများ မရေမတွက်နိုင်အောင်ရှိသည်။ စာရေးဆရာကြီးမတ်တွိုန်း၏ ကမ္ဘာကျော်လက်ရာ ”ဟပ်ကယ်ဘယ်ရီဖင်း၏ စွန့်စားခန်းများ”သည် အမေရိကန်နိုင်ငံမစ္စစ္စပီမြစ်ကိုအခြေခံထားသည်။ အလားတူ ကမ္ဘာ့အရှည်ဆုံးမြစ်များ ဖြစ်ကြသော အယ်မဇုန်မြစ်နှင့်နိုင်းလ်မြစ်တို့သည် ဝတ္ထုနှင့်ရုပ်ရှင်ဇာတ်လမ်းပေါင်းများစွာကို မွေးဖွားပေးခဲ့ သည်။ ဂီတဘက်တွင်လည်း ယမုန်နာပတ်ပျိုးမှသည် မြင့်မြင့်ခင်သီဆိုသော’မြစ်ကြီးဧရာဝတီ’အလယ်၊ ခင်ဝမ်း၏ ‘ဧရာဝတီ’နှင့် ထူးအိမ်သင်၏ ‘ရာဇဝင်များရဲ့သတို့သမီး’အထိ မြစ်ဖွဲ့သီချင်းများသည် ဂီတချစ်သူများ၏နှလုံးအိမ်တွင် စွဲကျန်နေကြသည်။

မြစ်များသည် ကမ္ဘာ့မြို့တော်များ၏အလှအပကို ထပ်ဆင့်တန်ဆာဆင်နေကြသည်။ မြို့ကိုဖြတ်စီးနေသော ထမ်းစ်မြစ်သာမရှိလျှင် လန်ဒန်မြို့တော်သည် ယခုကဲ့သို့ ခံ့ညားမှုရှိချင်မှရှိမည်။ ပြင်သစ်နိုင်ငံ ပါရီမြို့တော်ကို ဆဲန်မြစ်တွင်းမှ ငေးမောခံစားလျှင် မြို့ထဲလျှောက်ကြည့်သည်နှင့်မတူ ကွဲပြားသောရသကို ဖြစ်စေသကဲ့သို့ ရှုပ်ထွေးနေသော ဘန်ကောက်မြို့တော်ကို ကျောက်ဖရားမြစ်အတွင်းမှ ရှုစားလျှင် ပို၍တည်ငြိမ်သော အာရုံမျိုးကို ရသည်။ ထို့အတူ မြစ်ပြင်ပေါ်မှမြင်ရသော တောတောင်ကျေးလက်များ၏ရှုခင်းသည် မြေပြင်ပေါ်မှမြင်ရသည်ထက် ပို၍ကျယ်ဝန်းသောမြင်ကွင်းကိုပေးသည်။

မြစ်များသည် ရသသဘောဖြင့်သာ လူတို့နှင့်ဆက်နွှယ်နေသည်မဟုတ်၊ လက်တွေ့ဘဝတွင်လည်း လူသားတို့နှင့်နက်ရှိုင်းကျယ်ပြန့်စွာ ပါဝင် ပတ်သက်နေသည်။ မြို့ရွာအများအပြားကို မြစ်ကမ်းဘေးများတွင် တည်ထောင်ခဲ့ခြင်းဖြင့် ပို့ဆောင်ဆက်သွယ်ရေးကို အဆင်ပြေချောမွေ့စေသည်။ မြစ်ကမ်းနံဘေးရှိ မြို့ရွာများသည် သောက်သုံးရေရယူရေး၌ အခြားမြို့ရွာများထက် များစွာလွယ်ကူလျင်မြန်သော သဘာဝ၏ ဝန်ဆောင်မှုကို ရရှိကြသည်။ မြစ်များကိုအမှီပြု၍ လူ့ယဉ်ကျေးမှုကြီးများထွန်းကားခဲ့ကာ ရွာမှမြို့၊ မြို့မှ မြို့ကြီးများအဖြစ်သို့ တိုးတက်စည်ပင်လာခဲ့သည်။ အချို့သောဒေသများတွင် မြစ်ချောင်းများသည် မမြင်နိုင်သောအင်အားအမျိုးမျိုးကိုဖန်တီးပေးရာအဖြစ် အရိုအသေပြုကြသည်။ အိန္ဒိယနိုင်ငံတွင် ဟိန္ဒူလူမျိုးတို့က ဂင်္ဂါမြစ်ကို ကိုးကွယ်ရာတစ်ခုအဖြစ်ပင် သဘောထားကြသည်။

ရေစီးနည်းလာ

မြစ်များသည် လူတို့အတွက်အသက်သွေးကြောပင်ဖြစ်နေ၊ အချို့သူတို့၏ အားထားကိုးကွယ်ရာပင် ဖြစ်နေသော်လည်း လူ့ဘောင်လောကတိုးတက်ရေးအတွက် လုံးပန်းကြရင်း မြစ်များ၏ ကျန်းမာရေးအတွက် လုံလောက်စွာအရေးမထားအလေးမပြုဂရုမမူကြဘဲ မြစ်ရေများကို အလုံးအရင်းနှင့်စုပ်ယူသုံးစွဲနေသည့်အတွက် ဥရောပတိုက် ဒင်ညုမြစ်၊ တောင်အမေရိကတိုက် လာပလာတာမြစ်၊ မြောက်အမေရိကတိုက်ရှိ ရီအိုဂရွန်းမြစ်၊ အီဂျစ်နိုင်ငံ နိုင်းလ်မြစ်၊ သြစတေးလျနိုင်ငံ မာရေမြစ်၊ တရုတ်နိုင်ငံ မြစ်ဝါမြစ်၊ မြန်မာနိုင်ငံ ဧရာဝတီမြစ်၊ အိန္ဒိယနိုင်ငံ အိန္ဒုနှင့်ဂင်္ဂါမြစ်နှင့် အရှေ့တောင်အာရှ မဲခေါင်မြစ်တို့အပါအဝင် ကမ္ဘာ့မြစ်ကြီးအများအပြားသည် ရေစီးလျော့နည်းလာ ခန်းခြောက်လာလျက်ရှိသည်။

အမေရိကန်နိုင်ငံရှိ မိုင် ၁၄၅၀ ရှည်သော ကော်လိုရာဒိုမြစ်သည် လူသန်း ၃၀ တို့အတွက် သောက်သုံးရေ ပေးဝေရာမြစ်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ သောက်ရေသွယ်ရေးလုပ်ငန်းတို့အတွက် ရေရယူမှုကြောင့် မြစ်ရေသည် ပင်လယ်ထဲသို့ အနိုင်နိုင် စီးဝင်နေရသည်။ အမေရိကန်မှ မက္ကဆီကိုသို့ အရောက်တွင် မြစ်ရေပမာဏသည် ယခင်ကာလများ၏ ပမာဏထက် ၁၀ ပုံ ၁ ပုံမျှသာ ကျန်တော့သည်။

ကော်လိုရာဒိုမြစ်ခန်းခြောက်လာနေပုံ ရှုစားရန်

မြစ်ဝါမြစ်သည်မိုင် ၃၄၀၀ ရှည်ပြီး မြစ်ရိုးတစ်လျှောက်၌ တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုများထွန်းကားခဲ့သည်။ မြစ်ရေကို စိုက်ပျိုးရေး စီမံကိန်းများအတွက် လွှဲပြောင်းယူမှု များလွန်း၍ ၁၉၇၂ ခုနှစ်မှစ၍ မြစ်ရေစီးဆင်းမှု အလွန်လျော့နည်းလာခဲ့သည်။ ၁၉၉၇ ခုနှစ်ကဆိုလျှင် ရက်ပေါင်း ၂၃၀ မျှ ပင်လယ်ထဲသို့စီးဆင်းမှုမရှိခဲ့ချေ။ ထို့ကြောင့် မြစ်ဝါမြစ်မှ ရေရယူမှုအချို့ကို တားဆီးခဲ့ရသည်။

သြစတေးလျနိုင်ငံ မာရေဒါလင်မြစ်ဝှမ်းသည် ပင်ကိုယ်က ရေစီးများသောမြစ်များ ဖြစ်သော်လည်း မြစ်ရိုးတစ်လျှောက် ရေဖြတ်ယူမှု များလွန်းလာသဖြင့် မိုးခေါင်သည့်နှစ်များနှင့်ကြုံသောအခါ ရေ သိသိသာသာနည်းလာလျက်ရှိသည်။

၁၉၉၀ ပြည့်နှစ်စာရင်းများအရ တရုတ်နိုင်ငံ၌ ရေဝေဧရိယာစတုရန်းမိုင် ၄၀ နှင့်အထက်ရှိသည့် မြစ်ပေါင်း ၅၀၀၀၀ ကျော် ရှိခဲ့သည်။ ၂၀၁၀ မှ ၂၀၁၂ ခုနှစ် အတွင်း တရုတ်နိုင်ငံ၏ ပထမဆုံး ရေသန်းခေါင်စာရင်း ကောက်ယူခဲ့ရာ အထက်ပါ စာရင်းဝင်မြစ်ပေါင်း ၂၂၀၀၀ သာတွေ့ရှိသဖြင့်နှစ်ပေါင်း ၂၀ ခန့်အတွင်းမြစ်ပေါင်း ၂၈၀၀၀ ခန့် ပျောက်ဆုံးသွားသည့်သဘောဖြစ်နေသည်။ ယင်းသို့ဖြစ်ရသည်မှာ ယခင်စာရင်းဇယားများ မတိကျမှု လွဲချော်မှုကြောင့်က အဓိကဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်သည်ဟု တရုတ်အစိုးရက ဆိုသည်။

သို့သော် ရေပညာရှင်အချို့ကမူ တရုတ်နိုင်ငံ၌ မြို့ပြဧရိယာနှင့်စက်မှုလုပ်ငန်းများ အလွန်လျင်မြန်စွာ များပြားလာကာ ရေအသုံးများလွန်းခြင်းကြောင့် မြစ်များ ခန်းခြောက်သွားခြင်းက ပို၍အဓိကကျသည်ဟု မြင်သည်။ ၁၉၉၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း တရုတ်မြို့ပြ ဧရိယာစတုရန်းမိုင် ၅၀၀၀ ကျော် များပြားလာသောအချက်ကို သူတို့က ထောက်ပြသည်။

နယ်စပ်ဖြတ်စီးမြစ်များ

မြစ်ရေရယူမှုများသထက်များလာသောကမ္ဘာတွင် နိုင်ငံ တစ်နိုင်ငံတည်း၏ နယ်နိမိတ်အတွင်း အစအဆုံး စီးသောမြစ်များပင် ရေလျော့နည်းလာနေသဖြင့် နယ်စပ်ဖြတ်ကျော်စီးဆင်းသောမြစ်များ၏ ရေကို သူပိုရသင့် ငါပိုရသင့် အငြင်းပွားသံများ တစ်နေ့ထက်တစ်နေ့ ပို၍ ကျယ်လောင်လာနေသည်မှာ အဆန်းမဟုတ်တော့ချေ။

ပြဿနာထွေပြားနေသည့် အစ္စရေး၊ ဆီးရီးယား၊ ဂျော်ဒန် နှင့် ပါလက်စတိုင်းတို့ကို အပေါ်ယံလေ့လာလျှင် တစ်နိုင်ငံနှင့်တစ်နိုင်ငံ နယ်မြေလုနေကြသည်ဟုထင်ရသော်လည်း ပို၍နက်ရှိုင်းစွာစိစစ်လျှင် ဒေသတွင်း ရေအရင်းအမြစ်များကို သူရသင့်ငါရသင့်စကားဆိုနေကြ ကြောင်း တွေ့ရသည်။ ယင်းနိုင်ငံများ၌ ရှိနှင့်ပြီး လူဦးရေသန်း ၄၀ ခန့်အပြင် အစ္စရေးတွင်အခြားနိုင်ငံများမှအဆက်မပြတ် လာရောက် အခြေချလျက်ရှိသော ဂျူးလူမျိုးများကြောင့် ရေလိုအပ်ချက်သည် အစဉ်တိုးပွားနေသည်။ စိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ် ဖြစ်ထွန်း ၍ စိုက်ပင်ပျိုးပင်များအတွက်လည်း ရေအမြဲလိုအပ်နေသည်။ ထိုသို့ ရေလိုအပ်မှုပမာဏ ကြီးမားသော်လည်း ရာသီဥတုက ခြောက်သွေ့လှသဖြင့် ရှိသည့်ရေအရင်းအမြစ်များသည် ဒေသခံများအတွက် သေရေးရှင်ရေးတမျှအရေးပါလှသည်။

အဆိုပါနိုင်ငံများ၏အဓိကရေအရင်းအမြစ်များမှာ ၁၅၆ မိုင် ရှည်သည့် ဂျော်ဒန်မြစ်နှင့် ယင်း၏လက်တက်များ၊ စတုရန်းမိုင် ၆၀ ကျော်ရှိသည့်ဂလီလီကုန်းတွင်းရေချိုအိုင်၊ ဂျော်ဒန်မြစ်၏ အနောက်ဘက်ကမ်းရှိ တောင်အောက်ရေကြော၊ ဂါဇာကမ်းမြှောင်ဒေသရှိ ကမ်းရိုးတန်းမြေအောက်ရေကြောတို့ ဖြစ်ကြသည်။

ဂျော်ဒန်မြစ်သည် ဆီးရီးယား၊ ဂျော်ဒန်၊ အစ္စရေးနယ်စပ်များနှင့် ထိစပ်ဖြတ်သန်းစီးဆင်းလာရာ မြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်များ ချုပ်ဆိုထားသည့်ကြားကပင် ယင်းနိုင်ငံတို့အကြား အမြဲပြဿနာပေါ် ပေါက်လျက်ရှိသည်။ ဂျော်ဒန်မြစ်နှင့်ယင်း၏မြစ်လက်တက်များသည် အစ္စရေး၊ ဂျော်ဒန်၊ လက်ဘနွန်၊ ဆီးရီးယားတို့ကို ဖြတ်သန်း စီးဆင်း သည်။ ပါလက်စတိုင်းနယ်မြေများသည်လည်း ဂျော်ဒန်မြစ်ရေကို တစ်ဆင့်ခံရယူနေသည်။ အစ္စရေးသည် ဂျော်ဒန်မြစ်ရေကို တစ်နှစ် လျှင်ကုဗပေသန်း ၁၈၀ဝ၀ ခန့်၊ ဂျော်ဒန်နိုင်ငံသည် ကုဗပေ သန်း ၁၁၀ဝ၀ ခန့်စသဖြင့် ရယူနေသကဲ့သို့ လက်ဘနွန်၊ ဆီးရီးယားနှင့် ပါလက်စတိုင်းတို့ကလည်း ဂျော်ဒန်မြစ်ဝှမ်းရှိရေများကို အသုံးချနေကြသည်။

ပင်လယ်သေတွင်းသို့စီးဝင်သော ဂျော်ဒန်မြစ်ရေပမာဏသည် ရှေးတစ်ချိန်က တစ်နှစ်လျှင် ကုဗပေသန်း ၄၅၀ဝ၀ ခန့်ရှိခဲ့ရာမှ မိုးနည်းသည့်အထဲ ရေထုတ်ယူမှုကများသဖြင့် ယခုအခါကုဗပေသန်း ၇၀ဝ မှ ၇၀ဝ၀ ကြားသာ စီးဝင်တော့သည်။ ပင်လယ်သေသည်လည်း တဖြည်းဖြည်းခန်းခြောက်လာနေသည်။

ခြောက်ရက်စစ်ပွဲဟု လူသိများသော အရှေ့အလယ်ပိုင်းစစ်ပွဲ ဖြစ်ခဲ့ခြင်းအကြောင်းများထဲတွင် ဂျော်ဒန်မြစ်ရေကလည်း တစ်ခုအနေနှင့်ပါဝင်ခဲ့သည်ဟု အစ္စရေးဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဗိုလ် ချုပ်ကြီးရှာရွန်က ပြောခဲ့သည်။ ”၁၉၆၇ ခုနှစ်မှာ ခြောက်ရက် စစ်ပွဲ ဖြစ်ခဲ့တယ်ဆိုပေမယ့် အဲဒီအချိန်မတိုင်မီ နှစ်နှစ်ကျော်ကတည်းက စစ်ပွဲစခဲ့တယ်လို့ ဆိုနိုင်ပါတယ်”ဟုသူကပြောခဲ့သည်။ ဆီးရီးယားနှင့် ဂျော်ဒန်တို့က ဂျော်ဒန်မြစ်ရေကိုပိုမိုလွှဲပြောင်းရယူရန် လုပ်ဆောင်ခဲ့ခြင်းအား ရှာရွန်က ညွှန်းခြင်းဖြစ်သည်။

ယင်းဒေသတွင် ယခုစစ်မီးမပွားသေးသော်လည်း အာရပ်-အစ္စရေးငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ရေရရှိရေးသည်အရေးပါသော ကဏ္ဍမှပါဝင်နေသည်။ အပြီးသတ်ပြေလည်ရန် လမ်းစမမြင်သေးပေ။

မြစ်ငါးစင်းမြေ

အစ္စရေးနှင့် ယင်း၏အိမ်နီးချင်းများကြားတွင်ကဲ့သို့ပင် မြစ်တစ်စင်းတည်း၏ရေကို ခွဲဝေရယူနေသော်လည်း အစ္စရေးပါဝင်သော နိုင်ငံအုပ်စုထက် ပြဿနာနည်းသောနိုင်ငံများမှာ အိန္ဒိယနှင့်ပါကစ္စတန်တို့ဖြစ်ကြသည်။ ယင်းနှစ်နိုင်ငံတို့ကိုဖြတ်စီးသောမိုင် ၂၀ဝ၀ နီးနီး ရှည်လျားသည့် အိန္ဒုမြစ်သည် တရုတ်နိုင်ငံ တိဘက်ကုန်းမြင့်တွင် မြစ်ဖျားခံကာအာရေဗျပင်လယ်ထဲသို့စီးဝင်သည်။ ဧက ၂၆ သန်းမျှ ကျယ်ဝန်းသော အိန္ဒုမြစ်ဝှမ်းစိုက်ပျိုးမြေများသည် အများအားဖြင့် ပန်ဂျပ်ဒေသတွင်ရှိသည်။ ”ပန်ဂျပ်”ဆိုသောစကားသည် ”မြစ်ငါးစင်းရှိရာမြေ”ဟု အဓိပ္ပာယ်ရရာ မြစ်ငါးစင်းသည် အိန္ဒု့၏မြစ်လက်တက်ငါးခုဖြစ်သည့် ဂျီလမ်၊ ချီနဗ်၊ ရာဗီ၊ ဘီအာ့စ်နှင့် ဆတ်လက်ဂျ်တို့ကို ရည်ညွှန်းသည်။

ဗြိတိသျှတို့အုပ်ချုပ်မှု တစ်ခုတည်းအောက်တွင် ရှိခဲ့သည့် အဆိုပါဒေသကို ၁၉၄၇ ခုနှစ်တွင် နှစ်ပိုင်းခွဲကာ တစ်ပိုင်းကို အိန္ဒိယအောက်ထည့်၊ ကျန်တစ်ပိုင်းကို ပါကစ္စတန်အောက်ထည့်၍ လွတ်လပ်ရေး ပေးလိုက်သောအခါ အိန္ဒုမြစ်လက်တက်ငါးစင်းစလုံး၏မြစ်ဖျားများသည် အိန္ဒိယပိုင်နက်ထဲရောက်သွားသည်။ မြစ်ဖျားပိုင်းဒေသကို ရရှိသောအိန္ဒိယက မြစ်ရေများကို သူ့စိတ်ကြိုက်သာ ပါကစ္စတန်သို့ လွှတ်ပေးနိုင်မည်ဟု ပြောသည်။ ပါကစ္စတန်နိုင်ငံသည် အိန္ဒုမြစ်ရေကို အမှီပြု၍ စိုက်ပျိုးရေးအကြီးအကျယ်လုပ်သည့်အပြင် အကြီးစားစက်မှုလုပ်ငန်းများကို တည်ဆောက်ထားသည်။ မြို့များစွာကိုလည်း ပေးဝေသည်။ ထို့ကြောင့် အိန္ဒိယပေးသမျှသော ရေကိုသာ ယူနေရသည့်အဖြစ်မျိုးကို လက်မခံနိုင်။ တစ်ချိန်တွင် ယင်းမြစ်လက်တက်များကို အိန္ဒိယက ပိတ်ဆို့၍ သူတို့ဘက် ရေမရောက်အောင်လုပ်မည်ကို ပါကစ္စတန်က စိုးရိမ်သည်။ နှစ်ပေါင်းများစွာကြာအောင် နှစ်ဦးနှစ်ဖက်ဆွေးနွေးညှိနှိုင်းကြပြီးမှ ၁၉၆၀ ပြည့်နှစ်တွင် အိန္ဒုမြစ်ရေခွဲဝေသုံးစွဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ယင်းသဘောတူညီချက်အရ အိန္ဒိယသည် မြစ်လက်တက်ငါးခုအနက် အရှေ့ဘက်ကျသော ရာဗီ၊ ဘီအာ့စ်နှင့် ဆတ်လက်ဂျ်တို့ကို ထိန်းချုပ်ခွင့်ရသည်။ ကျန်မြစ်လက်တက်နှစ်စင်းကို ပါကစ္စတန်က ထိန်းချုပ်ခွင့်ရသည်။ ယင်းမြစ်လက်တက်နှစ်စင်းကို ဆည်မြောင်း ရေသွယ်လုပ်ငန်းများမှလွဲ၍ အခြားနည်းဖြင့် အသုံးချခွင့်ကို အိန္ဒိယက ရသည်။ လွန်ခဲ့သောနှစ်ပေါင်း ၆၀ ခန့်ကထွက်ပေါ်ခဲ့သော အိန္ဒုမြစ်ရေစာချုပ်သည် ပါဝင်ပတ်သက်သူအားလုံး၏စွမ်းဆောင်ချက်ကြောင့် ယနေ့တိုင် တည်တံ့လျက်ရှိသော်လည်း မြစ်တွင်းသို့ စီးဝင်သောရေပမာဏထက် ထုတ်သုံးသည်က များနေသဖြင့် မြစ်ရေခွဲဝေရေးနှင့် ပတ်သက်၍ စိတ်မအေးစရာများကို ကြားနေရသည်။

မြစ်ဖျားပိုင်းနေအိန္ဒိယက အိန္ဒုမြစ်နှင့်လက်တက်များတွင် ရေကာတာများဆောက်သောအခါ ပါကစ္စတန်က ကန့်ကွက်ခြင်း၊ အိန္ဒိယပိုင်နက်အတွင်းရှိဆည်ဖောက်ချသောအခါ ပါကစ္စတန်က သူ့ပိုင်နက်အတွင်း ရေလွှမ်းအောင် အိန္ဒိယက တမင်တကာလုပ်သည်ဟု စွပ်စွဲခြင်းစသော အချင်းများမှုများ မကြာခဏ ဖြစ်ပေါ်နေသည်။ ထို့အပြင် အိန္ဒုမြစ်ဝှမ်းအထက်ပိုင်းသည် အိန္ဒိယနှင့်ပါကစ္စတန်တို့ ခွဲဝေ အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသတွင်း ကျရောက်နေပြီး ယင်းဒေသ တွင် နှစ်နိုင်ငံအကြားတိုက်ပွဲငယ်များ မကြာခဏ ဖြစ်ပွားနေရာ တစ်ချိန်တွင် အိန္ဒုမြစ်ရေကိုအကြောင်းပြု၍ ရေစစ်ပွဲကြီးဖြစ်ပွားလာမည်လောဟု စိုးရိမ်နေရသည်။

မဲခေါင်

အိန္ဒုမြစ်ကို အိန္ဒိယနှင့်ပါကစ္စတန် နှစ်နိုင်ငံတို့ကသာ ခွဲဝေသုံးစွဲနေသော်လည်း မဲခေါင်သည်မူ တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် ခြောက်နိုင်ငံတို့က ပါဝင်ပတ်သက်နေသည်။ တိဘက်ကုန်းမြင့်တွင်မြစ်ဖျားခံသော မဲခေါင်နှင့်ယင်း၏လက်တက်များသည် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ရှိ လူသန်း ၆၀ တို့အတွက် အစားအစာ၊ သောက်သုံးရေ၊ စိုက်ပျိုးရေနှင့် ခရီးသွား လာရေးအတွက် များစွာအထောက်အကူ ပေးသည်။ မဲခေါင်သည် မြစ်ဖျားခံရာ တရုတ်ပြည်မှ တောင်တရုတ် ပင်လယ်တွင်း စီးဝင်ရာအထိ မိုင် ၂၆၀ဝ ရှည်လျားသည်။ မဲခေါင်မြစ်ကြောင့် ဒေသတွင်း ရေကြောင်း သွားလာရေးအဆင်ပြေခြင်း၊ သောက်သုံးရေ စိုက်ပျိုးရေနှင့် စက်မှုလုပ်ငန်းသုံးရေရရှိခြင်း၊ ရေအားလျှပ်စစ် ထုတ်ယူနိုင်ခြင်း၊ ဂေဟစနစ်များ ရှင်သန်ခြင်း၊ ငါးလုပ်ငန်း ဖြစ်ထွန်းခြင်းစသည့် အကျိုးကျေးဇူးများ ရှိသည်။ မြစ်ကြေဒေသ ကမ္ဘောဒီးယားနှင့်ဗီယက်နမ်တို့တွင် စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်းများ အကြီးအကျယ် အောင်မြင်သည်။ မဲခေါင်မြစ်အတွင်း ဂေဟစနစ်များကောင်းမွန်လှသဖြင့် ငါးစသည်တို့အတွက် အစာ အာဟာရ ပေါများလှသည်။ မြစ်အတွင်းဖမ်းမိသော ငါးပမာဏသည် ကမ္ဘာ့မြစ်များအားလုံးတွင် ဖမ်းယူရရှိသော ငါးစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းမျှရှိသည်။

ယခုအခါများပြားလာသော လူဦးရေနှင့် တိုးတက်လာသော စီးပွားရေးတို့ကြောင့် မဲခေါင်မြစ်နိုင်ငံများအကြား ခက်ခဲသည့် ပြဿနာများ ပေါ်ပေါက်နေသည်။ မြစ်ညာမှ နေရာယူထားသော တရုတ်သည် မဲခေါင်မြစ်ရိုး တစ်လျှောက် သူ့နိုင်ငံထဲတွင် ရေကာတာအကြီးစား ၁၁ ခုဆောက်ပြီးဖြစ်ကာ နောက်ထပ်ရှစ်ခုဆောက်ရန် ရာထားသည်။ လာအိုကလည်း အရှေ့တောင်အာရှ၏ ”ဘက်ထရီ”ဖြစ်ရမည်ဟု ကြွေးကျော်ကာ ရေကာတာကြီးများ ဆောက်လုပ်နေသည်။ ယခုအခါ မဲခေါင်မြစ်ရိုးတစ်လျှောက်တွင် ဆောက်ပြီး ဆောက်ဆဲ ဆောက်မည့် ရေအား လျှပ်စစ် ၁၅ မက်ဂါဝပ်နှင့်အထက်ထုတ်နိုင်သည့်ရေကာတာပေါင်း ၂၀ဝ ခန့်ရှိသည်။

၂၀၁၆ ခုနှစ်က မဲခေါင်အောက်ပိုင်း၌ မိုးခေါင်၍ တရုတ် ရေကာတာများမှ ရေပိုလွှတ်ချပေးရန် ဆိုင်ရာ နိုင်ငံများက တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့ရသည်။ ၂၀၁၉ ခုနှစ်အစပိုင်းကလည်း မဲခေါင်မြစ်ပေါ်ရှိ တရုတ်ပိုင် ဂျင်ဟောင်းရေကာတာကို ပြုပြင်ထိန်းသိမ်းမှုများ လုပ်ရန် ရေအကုန်ဖွင့်ချသဖြင့် လာအိုနှင့် ထိုင်းနိုင်ငံများရှိ စိုက်ပျိုးရေး နှင့် ငါးမွေးမြူရေးလုပ်ငန်းများပျက်စီးခဲ့သည်။ ရေကာတာ ပြင်ဆင်ပြီး၍ ရေပြန်သိုလှောင်ချိန်နှင့် မြစ်အောက်ပိုင်းဒေသတွင် မိုးနည်းချိန်နှင့်ကြုံသဖြင့် ရေပိုလွှတ်ချပေးရန် တရုတ်အစိုးရကို မေတ္တာရပ်ခံခဲ့ရပြန်သည်။

အထက်ပါဖြစ်ရပ်များကိုကြည့်၍ တရုတ်သည် ယင်းရေကာတာများကို အသုံးချ၍ မဲခေါင်ရေစီးကို ရပ်တန့်စေကာ မြစ်အောက်ပိုင်း နိုင်ငံများ၏ စိုက်ပျိုးရေးနှင့်စားနပ်ရိက္ခာအခက်တွေ့အောင် လုပ်နိုင်စွမ်း ရှိနေပြီ၊ တစ်နည်းဆိုရသော်တရုတ်သည်”ရေပိုက်ခေါင်းဒစ်ပလိုမေစီ” ကို သုံးနိုင်စွမ်းရှိသွားပြီဟု အာရှ ပစိဖိတ်ဒေသနိုင်ငံရေးသုတေသီ ဒေးဗစ်ဟတ်ကဆိုသည်။ ရေပိုက်ခေါင်းဒစ်ပလိုမေစီဆိုသည်မှာ မဲခေါင်မြစ်ရေကို ပိတ်လိုကပိတ်၊ ဖွင့်လိုကဖွင့်၊ ဖွင့်လျှင်လည်း မိမိဖွင့်ချင်သလောက်သာဖွင့်၍ မြစ်အောက်ပိုင်းနိုင်ငံများကို မိမိအလိုကျလိုက်လုပ်ရန် အကျပ်ကိုင်ခြင်းကို ဆိုလိုသည်။

အီသီယိုပီးယား

အီသီယိုပီးယားသည် မဟာအီသီယိုပီးယားပြန်လည်ရှင်သန် ခြင်းရေကာတာဟုခေါ်သည့် ပေ ၅၈၀ဝ ကျော်ရှည်၊ ပေ ၅၀ဝ နီးပါး မြင့်သော လျှပ်စစ်စွမ်းအင်မက်ဂါဝပ် ၆၀ဝ၀ ထုတ်နိုင်စွမ်းရှိမည့် ဧရာမ ရေကာတာကြီးကို နိုင်းလ်မြစ်၏ လက်တက်ဖြစ်သော ဘလူးနိုင်းလ် ပေါ်တွင်ဆောက်လုပ်နေရာ ၇၀ ရာခိုင်နှုန်းခန့်ပြီးစီးပြီ ဖြစ်သည်။

နိုင်းလ်မြစ်အောက်ပိုင်းရှိ အီဂျစ်က သူတို့ရေအရနည်းသွားမည်ကိုစိုးရိမ်သဖြင့် ရေကာတာစဆောက်သည့် ၂၀၁၁ ခုနှစ် ကတည်းက ကန့်ကွက်လာခဲ့သော်လည်း မအောင်မြင်ခဲ့၍ ယခုအခါ ရေကာတာ ရေဖြည့်ချိန်ကိုသာ ဆွေးနွေးနေကြရသည်။ ဧရာမရေကာတာကို အီသီယိုပီးယားတို့က သုံးနှစ်နှင့် အပြည့်ဖြည့်လိုသည်။ ဤသည်ကိုအီဂျစ်က လက်မခံ၊ ထိုမျှမြန်မြန်ဖြည့်လျှင် အီဂျစ်ရောက်နိုင်းလ်မြစ်ရေသည် သိသာစွာနည်းသွားမည်။ ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ဖြည်းဖြည်းချင်းသာ ဖြည့်စေလိုသည်။

ရေဖြည့်ချိန်ဆွေးနွေးနေစဉ် အီသီယိုပီယားရေကာတာတွင်းသို့ ရေစဝင်နေကြောင်း ဂြိုဟ်တုဓာတ်ပုံတွင် ၂၀၂၀ ဇူလိုင်လလယ်၌ တွေ့ရသဖြင့် သူတို့သဘောမတူဘဲရေသွင်းသည်ဟု အီဂျစ်တို့ လွန်စွာ ဒေါသဖြစ်ကာ ဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်သည်။ လိုအပ်လျှင် အီသီယိုပီးယားကို ဝင်တိုက်မည် ဆိုသည်မျိုးအထိ အီဂျစ်တို့က ပြောသည်။ အီသီယိုပီးယားကမူရေဖြည့်ခြင်းမဟုတ်၊ မိုးရေဝင်ခြင်းဟု ပြောသည်။

ဂျော်ဒန်မြစ်၊ အိန္ဒုမြစ်၊ မဲခေါင်မြစ်၊ နိုင်းလ်မြစ်တို့ကဲ့သို့ တစ်နိုင်ငံထက်ပို၍မျှဝေသုံးစွဲနေရသည့် နယ်စပ်ဖြတ်စီးမြစ်များ ကမ္ဘာပေါ်တွင် ၂၆၃ စင်းရှိသည်။ ယင်းမြစ်ဝှမ်းဒေသများ၏ မျက်နှာပြင် ဧရိယာသည် ကမ္ဘာ့မြေပြင်ဧရိယာ၏ ၄၅ ရာခိုင်နှုန်းခန့်ရှိပြီး ကမ္ဘာ့လူဦးရေ၏ ၄၀ ရာခိုင်နှုန်း နေထိုင်ကြသည်။

ယင်းတို့သည် မြစ်ရေများကိုသုံးစွဲရာတွင် မြစ်ညာပိုင်းရှိ နိုင်ငံများက လုံလောက်သောရေများကို လွှတ်မှ လွှတ်ချပါမည်လော၊ ယင်းနိုင်ငံများမှ အဆိပ်သင့်စွန့်ပစ်ရေများ မြစ်ကြောင်းတစ်လျှောက် မိမိတို့နိုင်ငံတွင်း ရောက်ရှိလာမည်လော စသဖြင့် စိုးရိမ်နေကြရသည်။ တစ်ဖန် မိမိနိုင်ငံတွင်းဖြတ်စီးနေသောရေများကို လိုအပ်၍ လွှဲပြောင်း ရယူလျှင် မြစ်ကြေပိုင်းနိုင်ငံများကလှမ်း၍ကန့်ကွက်မည်လောစသဖြင့်လည်း ပူနေကြရသည်။ မိမိတို့နိုင်ငံတွင်းဖြတ်သော မြစ်ရေကို သူများမျက်နှာကြည့်၍ သုံးနေကြရသည်။

ရိုင်းမြစ်

ပြဿနာများသော အခြားနယ်စပ်ဖြတ်စီးမြစ်များနှင့်မတူ တည်ငြိမ်အေးချမ်းသည့် နယ်စပ်ဖြတ်စီးမြစ်တစ်စင်းမှာ ဥရောပတိုက်ရှိ ရိုင်းမြစ်ဖြစ်သည်။ ရိုင်းမြစ်သည် ဆွစ်ဇာလန်နိုင်ငံ၌မြစ်ဖျားခံကာ သြ စတြီးယား၊ ပြင်သစ်၊ ဂျာမနီနှင့်နယ်သာလန်နိုင်ငံတို့ကိုဖြတ်ပြီး မြောက်ပင်လယ်ထဲသို့စီးဝင်သည်။ မြစ်ရိုးတစ်လျှောက်တွင် ဆွစ်ဇာလန်နိုင်ငံ ဘားဇယ်၊ ပြင်သစ်နိုင်ငံ စထရာ(စ်)ဘူး၊ ဂျာမနီနိုင်ငံ ကိုလုံး၊ နယ်သာလန်နိုင်ငံ ရော့တာဒမ်စသည့် မြို့ကြီးအများအပြား၊ စက်မှုလုပ်ငန်း အများအပြားရှိသည်။ လူဦးရေ သန်း ၂၀ ခန့် ရိုင်းမြစ်ရေကို သောက်သုံးနေကြသည်။

ရိုင်းမြစ်သည် နိုင်ငံအများအပြားကိုဖြတ်၊ လူနေထူထပ်သည့်အပြင် စက်မှုလုပ်ငန်းလည်း ထွန်းကားသော်လည်း ရိုင်းမြစ်ရေနှင့်ပတ်သက်၍ အငြင်းပွားမှုနည်းပါးလှသည်။ အကြောင်းမှာမြစ်ရိုးတလျှောက် နိုင်ငံများသည် အဆင့်မြင့်နည်းပညာများပိုင်ဆိုင်ပြီး ငွေကြေးတောင့်တင်းသည့်အပြင် ရိုင်းမြစ်ကာကွယ်ရေး နိုင်ငံတကာ ကော်မရှင်ဖွဲ့၍ ရေရယူသုံးစွဲရေး၊ သွားလာရေး၊ ရေညစ်ညမ်းမှု၊ ဆားငန်ရေဝင်မှု၊ ရေလွှမ်းမိုးမှု၊ ဂေဟစနစ်ထိန်းသိမ်းရေးစသည်တို့တွင် နိုင်ငံအချင်းချင်းပူးပေါင်းမှု အားကောင်းစွာဖြင့် လုပ်ဆောင်နိုင်သောကြောင့် ဖြစ်သည်။ ကီလိုမီတာ ၁၂၀ဝ ကျော်ရှည်သည့်ရိုင်းမြစ်နှင့်ပတ်သက်လာလျှင် မိမိနိုင်ငံအကျိုးသက်သက်ကိုသာ မကြည့်ဘဲ အခြားနိုင်ငံများဘက်ကလည်း ဝင်ရောက်သုံးသပ်ရှုမြင်ကြသည်။ လိုက်နာရမည့် စည်းကမ်းဘောင်များကိုလည်း လိုက်နာကြသည်။

ရေကာတာ

နယ်စပ်ဖြတ်စီးမြစ်များကိစ္စတွင် မြစ်ဟုဆိုသော်လည်း ရေကာတာများက အရေးပါသည့်ဇာတ်ကောင်အဖြစ် ပါဝင်သည်။ ကမ္ဘာပေါ်တွင် ၁၅ မီတာ (ပေ ၅၀ ခန့်)နှင့်အထက်မြင့်သော ရေကာတာပေါင်း ၆၀ဝဝဝ ခန့်ရှိရာ ယင်းတို့သည် နယ်စပ်ဖြတ်စီးမြစ်များပေါ်တွင်သာမက တစ်နိုင်ငံတွင်းတွင်သာစီးသော မြစ်များ၌လည်း ကောင်းကျိုးအပြင် ဆိုးကျိုးများကိုလည်း ဖန်တီးကြသည်။ ရေကာတာအတွက် လူများ နေရာရွှေ့ရခြင်း၊ ဂေဟစနစ်အနည်းနှင့် အများပျက်စီးခြင်းစသည်တို့က မြင်သာသော ဆိုးကျိုးများဖြစ်သည်။ အချို့နေရာများတွင် ရေကာတာကြောင့် ရေချိုဂေဟစနစ်များပျက်စီးကာ ငါးအပါအဝင် အချို့ဇီဝမျိုးစုံ မျိုးကွဲများ ပျောက်ကွယ်လာနေသည့်အန္တရာယ်နှင့်ရင်ဆိုင်နေရသည်။

သို့သော် ရေကာတာများသည် လိုအပ်ချက်အရ ပေါ်ထွန်းလာသောအဆောက်အအုံများဖြစ်ကြသည်။ မြစ်ရိုးတစ်လျှောက်တွင် လူနေထူထပ်လာ၊ ရေအသုံးများလာရာမှ ရိုးရိုးမြစ်ရေစီးမျှနှင့် မလုံလောက်တော့ဘဲ မြစ်ကိုပိတ်၍ ရေကာတာဆောက်ကာ ရေသိုလှောင်အသုံးချခြင်းသည် မရှိမဖြစ် လုပ်ဆောင်ရမည့် လုပ်ငန်းတစ်ခုဖြစ်လာသည်။ မြစ်ရေကြီးချိန်၌လှောင်ထားကာမြစ်ရေနည်းချိန်တွင် ပြန်လွှတ်ချခြင်းဖြင့် ရေကြီးမှုကိုထိန်းချုပ်ခြင်းဟူသော ဝန်ဆောင်မှုကို ရေကာတာများက ပေးစွမ်းသည်။ ရေအားလျှပ်စစ်ကိုလည်း ထုတ်လုပ်ပေးနိုင်သည်။

ရေကာတာမဆောက်၊ ရေမလှောင်ဘဲ မြစ်ရေများ မိမိတို့ဘေးကဖြတ်စီးသွားသည်ကို ကြည့်နေပြီး လိုအပ်သောရေအတွက် အခြားနေရာများတွင် တပင်တပန်းသွားရှာမည်ဆိုလျှင်၊ ရေကြီးသည်ကို ခါးစည်းခံနေလျှင် မည်သို့မျှအဓိပ္ပာယ်ရှိမည်မဟုတ်ပေ။

ရေကာတာကြောင့် ဒေသတစ်ခုအပေါ်သက်ရောက်မည့် ကောင်းကျိုးဆိုးကျိုးများကိုချင့်ချိန်ပြီး ကောင်းကျိုးက များစွာသာလွန်နေလျှင် ရေကာတာကိုဆောက်ရမည်သာ ဖြစ်သည်။

ရေလွှဲပြောင်းရေး

မိုးကနည်း၊ မြေအောက်ရေ မလုံလောက်၊ ရေကာတာဆောက်ရန်လည်း အခြေအနေမပေးသော နေရာများသို့ ရေပေါသော မြစ်ဝှမ်းများမှ ရေများကိုလွှဲပြောင်းပေးနိုင်သည်။ လေ့လာချက်တစ်ခုအရ ရေလွှဲပြောင်းရေးစီမံကိန်းများကမ္ဘာပေါ်၌ ၇၆ ခုရှိပြီး လွှဲပြောင်းနေသောအကွာအဝေး စုစုပေါင်းမိုင် ၆၅၀ဝ၀ ကျော်သည်ဟု သိရသည်။ အဆိုပါစီမံကိန်းများအနက် အကြီးဆုံးမှာ တရုတ်နိုင်ငံ တောင်ပိုင်းမှရေများကို နိုင်ငံမြောက်ပိုင်းသို့ပေးပို့နေသည့် တောင်မြောက်ရေလွှဲစီမံကိန်း ဖြစ်သည်။ မြို့တော်ပေကျင်းအပါအဝင် မြောက်ပိုင်းဒေသများသို့ ယခု ရေစတင်လွှဲပြောင်းပေးနေသည့် ယင်းစီမံကိန်းသည် ၂၀၅၀ ပြည့်နှစ် တွင်မှ အပြီးသတ်မည်။

ထို့ကြောင့် သင့်တော်သည့်နေရာများတွင် ရေကာတာ ဆောက်ခြင်း၊ မြစ်ဝှမ်းတစ်ခုမှအခြားတစ်ခုသို့ လွှဲပြောင်းပေးပို့မှုများကိုလည်း လိုအပ်သလိုလုပ်ဆောင်ကြမှသာ မြစ်များကို အကျိုးရှိစွာ အသုံးချရင်း ရေအခက်အခဲကို တစ်ဖက်တစ်လမ်းမှ ဖြေရှင်းရာရောက်မည်။


(ရေကြည်တစ်ပေါက်စာအုပ်ပါ အခြားအခန်းများကို အောက်တွင်ဖော်ပြထားသည့် ဆိုင်ရာအခန်းအမည်ကို နှိပ်၍ လေ့လာနိုင်ပါသည်။)

အခန်း ၁။ ရေမရှိအသက်မရှိ

အခန်း ၂။ ကမ္ဘာ့ရေအစ ကြယ်တံခွန်က

အခန်း ၃။ ပျက်ယွင်းရေသံသရာ

အခန်း ၄။ အမြင်၌ ပေါများသည်ထင်ရသော်လည်း

အခန်း ၅။ လျော့နည်းရေကောင်း အကြောင်းနှင့်အကျိုး

အခန်း ၆။ မမြင်ကွယ်ရာမှရေများသည်ပင်

အခန်း ၈။ အရည်ပျော်တောင်ထိပ်များ

အခန်း ၉။ ပင်လယ်ရေတကယ်ခန်း

အခန်း ၁၀။ နယ်ချဲ့ညစ်ညမ်းရေ

အခန်း ၁၁။ ပေါများပါလျက် အသောက်ခက်

အခန်း ၁၂။ သောက်သုံးရေအရင်းအမြစ်တစ်ခုဖြစ်လာသောရေဆိုး

အခန်း ၁၃။ ရေငတ်လွန်းသူအတွက်ကုထုံး

အခန်း ၁၄။ အသွင်သစ်ရေဘက်ဆိုင်ရာစီမံခန့်ခွဲမှု

အခန်း ၁၅။ ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ

အခန်း ၁၆။ ခြေရာပျောက်ရေ

အခန်း ၁၇။ ရေဖိုးရေခ

အခန်း ၁၈။ ကြည်ကြည်လင်လင်တသွင်သွင်စီးခွင့်ပေးပါ

အခန်း ၁၉။ အုံ့ဆိုင်းသစ်တောစီးသောရေကြည်

အခန်း ၂၀။ ရေရှားကမ္ဘာအတွက်အသင့်ပြင်ကြပါစို့

PUBLISHED BY

ukyawoo

View all posts by ukyawooLEAVE A COMMENTRIVERS

SHARE THIS:

RELATED

July 23, 2023

In “Water”

July 8, 2022

In “Awareness”

January 24, 2022

In “Water”

Leave a comment 

Write a comment…

Comment

Post navigation

PREVIOUSPrevious post:ကမ်းလွန်ကျွန်းများ၏မြေအောက်ရေ

NEXTNext post:နယ်စပ်ဖြတ်စီးမြစ်များ(ဂျော်ဒန်မြစ်)