Water Security and the Changing Climate
kyawoo.comမှ ကူးယူဖေါ်ပြပါသည်။
MENU
Search

ပြောင်းလဲနေသော ရေသံသရာကို ရေဖူလုံရေးရှုထောင့်မှလေ့လာခြင်း
ON BY UKYAWOO
ကမ္ဘာပေါ်၌ အရည်၊ အခဲ၊ အငွေ့ အသွင်သုံးမျိုးဖြင့် တည်ရှိနေသည့် ရေများသည် အဓိကအားဖြင့် ငါးနေရာတွင် စုဖွဲ့နေကြသည်။ ယင်းတို့မှာ ပင်လယ် သမုဒ္ဒရာရေများ၊ လေထုတွင်းရှိ ရေငွေ့များ၊ ဆီးနှင်းနှင့် ရေခဲပြင်များ၊ မြေပေါ်ရေနှင့် မြေအောက်ရေများ ဖြစ်ကြသည်။
အထက်ပါအတိုင်း စုဖွဲ့မှုသည် တည်ငြိမ်ခြင်းမရှိဘဲ အမြဲလှုပ်ရှားနေသည်။ ကမ္ဘာပေါ်တွင် လူနှင့်သက်ရှိများ ရှင်သန်ခြင်းသည် ရေရှိခြင်းက အကြောင်းတစ်ခု ဖြစ်သကဲ့သို့ ရေသည် အသွင်သုံးမျိုးဖြင့် လှုပ်ရှားလည်ပတ်ခြင်းကလည်း အခြား အကြောင်းတစ်ခုအနေနှင့် ပါသည်။ လှုပ်ရှားလည်ပတ်ခြင်း ရပ်တန့်သွားခဲ့လျှင် ရေအရင်းအမြစ်များသည် ပြန်လည်ပြည့်တင်းနိုင်ခြင်း မရှိတော့သောကြောင့် လူတို့သည် အနီးရှိ ရေကန်များ၊ ရေသေမြစ်ချောင်းများ၊ မြေအောက်ရေကြောများ အပါအဝင် ပြန်မပြည့်နိုင်သည့် ရေအရင်းအမြစ်များကိုသာ သုံးစွဲရတော့သည့်အတွက် ယင်းတို့အားလုံး တတိတိ လျော့နည်းလာခြင်း၊ ညစ်ညမ်းလာခြင်းတို့ကို ရင်ဆိုင်ရမည်။

ရေသံသရာလည်ခြင်း ဟူသော သဘာဝဖြစ်စဉ်က ကမ္ဘာပေါ်ရှိ ရေအားလုံးကို တစ်နေရာမှ တစ်နေရာသို့ ကူးပြောင်း လှည့်ပတ်ပေးနေသည်။ ပင်လယ်သမုဒ္ဒရာရေများ အငွေ့ပြန်ကာ လေထုထဲ ရောက်သည်။ လေထုထဲမှရေငွေ့များ ဆီးနှင်းနှင့်မိုးအဖြစ် ရွာကျရာတွင် အများစုသည် ပင်လယ် သမုဒ္ဒရာထဲ ပြန်ရွာကျ၍ ရေငန်ပြန်ဖြစ်သည်။ မြေပြင်ပေါ် ရွာကျသည့် ဆီးနှင်းနှင့်မိုးရေများသည် ရေခဲပြင်၊ မြေပေါ်ရေကန်နှင့်မြစ်ချောင်းများ၊ မြေအောက်ရေများဖြစ်ကာ နောက်ဆုံးတွင် ပင်လယ် သမုဒ္ဒရာထဲပြန်ရောက်သည်။ ကမ္ဘာပေါ်ရှိ ရေများအားလုံး ရေထု လေထု မြေထုများအကြား တစ်ပတ်လည်ရန် နှစ်ပေါင်း ၁၂၅၀ဝ ခန့်ကြာသည်။
(ဇယား – ၁)
ကမ္ဘာပေါ်ရှိရေများပျံ့နှံ့တည်ရှိပုံ
(၁ ကုဗကီလိုမီတာ = ၁ ၀ဝ၀ ၀ဝ၀ ၀ဝ၀ ကုဗမီတာ = ဝ . ၂၄ ကုဗမိုင် = ၈၁၀၇၁၄ ဧကပေ)တည်နေရာထုထည် (ကုဗကီလိုမီတာ)ရေချိုထု၏ ရာခိုင်နှုန်းရေအားလုံး၏ ရာခိုင်နှုန်းပင်လယ် သမုဒ္ဒရာ၁ ၃၃၈ ဝဝဝ ဝဝဝ–၉၆ . ၅တောင်ထိပ်ရေခဲ၊
ရေခဲမြစ်နှင့်အမြဲဆီးနှင်းခဲ၂၄ ဝ၆၄ ဝဝဝ၆၈ . ၇၁ . ၇၄မြေအောက်ရေ(ရေငန်)၁၂ ၈၇၀ ဝဝဝ–ဝ . ၉၄မြေအောက်ရေ(ရေချို)၁၀ ၅၃၀ ဝဝဝ၃၀ . ၁ဝ . ၇၆မြေပြင်ရေခဲ၊ စဉ်ခဲဒေသ၃၀ဝ ဝဝဝဝ . ၈၆ဝ . ဝ၂၂ရေကန်(ရေချို)၉၁ ဝဝဝဝ . ၂၅ဝ . ဝ၀၇ရေကန်(ရေငန်)၈၅ ၄၀ဝ–ဝ . ဝ၀၆မြေဆီလွှာရေငွေ့၁၆ ၅၀ဝဝ . ဝ၅ဝ . ဝ၀၁လေထုတွင်းရေငွေ့၁၂ ၉၀ဝဝ . ဝ၄ဝ . ဝ၀၁ရွှံ့ညွန်ရေ၁၁ ၄၇၀ဝ . ဝ၃ဝ . ဝဝဝ၈မြစ်ရေ၂ ၁၂၀ဝ . ဝ၀၆ဝ . ဝဝဝ၂ဇီဝရေ၁ ၁၂၀ဝ . ဝ၀၃ဝ . ဝဝဝ၁စုစုပေါင်း၁ ၃၈၆ ဝဝဝ ဝဝဝSource: Gleick, P. H., 1996: Water resources. In Encyclopedia of Climate and Weather.
ရေသံသရာလည်ခြင်းကြောင့် ရေပေါသောနေရာမှ နည်းသောဒေသသို့ ရောက်သည်။ တောင်ထိပ်များမှသည် မြေပြန့်လွင်ပြင်များ အလယ်၊ မြေအောက်အထိ ရေများကို ဖြန့်ဝေပေးသည်။ လျော့နည်းသွားသော ရေအရင်းအမြစ်များ နေရာတွင် အသစ်အသစ်သောရေများ ပြန်လည် ပြည့်တင်းလာသည်။ ရေချိုမှ ရေငန်ဖြစ်သွားခြင်း ရှိသကဲ့သို့ ရေငန်များကိုလည်း ရေချိုဖြစ်စေသည်။ ညစ်ညမ်းသောရေများ သန့်စင်လာသည်။
ရေသံသရာလည်ပုံ အမေရိကန်အာကာသအဖွဲ့အစည်း (နာဆာ)၏ သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၅ မိနစ် ၅၂ စက္ကန့်)
ရေငွေ့ပြန်ခြင်း
ကမ္ဘာပေါ်ရှိ စုစုပေါင်း ကုဗကီလိုမီတာ ၁ ၃၈၆ ဝဝဝ ဝဝဝ မျှသော ရေများကို လေထု မြေထု ရေထုတွင်း၌ စုန်ချည် ဆန်ချည် ကူးလူးကာ သံသရာလည်နေစေရန် မောင်းနှင်နေသော စွမ်းအင်ဇာစ်မြစ်မှာ နေဖြစ်သည်။ နေရောင်သည် ကမ္ဘာကို လွှမ်းခြုံထားသော လေထုထဲသို့ စတင်ဝင်ရောက်ချိန်၌ တစ်စတုရန်းမီတာလျှင် ၁ ဒသမ ၄ ကီလိုဝပ်မျှ စွမ်းအားရှိပြီး မျက်နှာပြင်ကို ရိုက်ခတ်ချိန်တွင် တစ်စတုရန်းမီတာလျှင် ဝပ် ၃၅၀ ခန့် ရှိသည်။
မီးဖို၏မီးသည် ရေကို နွေးစေ အငွေ့ပြန်စေသကဲ့သို့ နေရောင်ခြည်၏ အပူစွမ်းအင်သည် သမုဒ္ဒရာရေထုကို ရေစီးကြောင်းများအသွင်ဖြင့် မရပ်မနား လှည့်ပတ်စီးဆင်းစေသည်။ ပင်လယ် မြစ် ချောင်း အင်း အိုင်များမှ ရေအချို့ကို အငွေ့ပြန်ခြင်းဖြင့် လေထုတွင်းသို့ရောက်ရှိစေသည်။ အငွေ့ပြန်မှုသည် အပူချိန်မြင့်မားသော နေရာနှင့် လေတိုက်ခတ်သောနေရာများတွင် ပိုများသည်။ လေထုတွင်း ရေငွေ့နည်းနေလျှင် ရေငွေ့ပြန်ခြင်းဖြင့် ရေငွေ့ပိုမိုဝင်ရောက်နိုင်သည်။ အငွေ့ ပြန်မှု အများဆုံးသည် သမုဒ္ဒရာများပေါ်နှင့် အီကွေတာတစ်လျှောက်တို့တွင် ဖြစ်ပေါ်သည်။
ပင်လယ်ရေပြင်မှ အငွေ့ပြန်ခြင်းသည် လူတို့ သောက်သုံး၍ မရသည့် ရေငန်များကို သဘာဝက ရေချိုအဖြစ်ပြောင်းလဲပေးခြင်းဖြစ်သောကြောင့် သောက်သုံးရေအဖြစ် အသုံးဝင်သော်လည်း ကုန်းတွင်းသဘာဝရေအိုင်များ၊ ရေလှောင်တမံများမှ အငွေ့ပြန်ဆုံးရှုံးခြင်းသည်မူ သောက်ရေ စိုက်ပျိုးရေ ရရှိမှုအပေါ် များစွာ ထိခိုက်သည်။ ကမ္ဘာပေါ်တွင် သဘာဝရေကန်နှင့် ရေလှောင်တမံပေါင်း ၁၁၈ သန်းခန့်ရှိသည့်အနက် သဘာဝရေကန်၊ ရေလှောင်တမံပေါင်း ၁ ၄၆၀ ဝဝဝ ကို လေ့လာချက်တစ်ခုအရ ယင်းတို့မှ ရေငွေ့ပြန်ဆုံးရှုံးသော ပမာဏသည် တစ်နှစ်လျှင် ကုဗကီလိုမီတာ ၁၅၀ဝ ခန့်ရှိကြောင်း သိရသည်။ အဆိုပါ ပမာဏသည် ကမ္ဘာ့မြစ်များအားလုံးထဲ၌ အချိန် တစ်ချိန်တွင် ရှိနေသည့် ရေထုထည်၏ လေးပုံ သုံးပုံနှင့် ညီမျှသည်။
မြေပြင်၊ ရေပြင်မှ အငွေ့ပြန်မှု အမျိုးမျိုးကြောင့် အချိန်တချိန်တွင် လေထုတွင်း၌ တည်ရှိနေသော ရေငွေ့များ၏ စုစုပေါင်းပမာဏမှာ ကုဗကီလိုမီတာ ၁၂၉၀ဝ ခန့်ဖြစ်ရာ ကမ္ဘာ့မြစ်များ အားလုံးထဲ၌ အချိန်တစ်ချိန်တွင် ရှိနေသည့် ရေထုထည်ထက် ခြောက်ဆမျှ များပြားသည်။

လေထုတွင်းရှိ ရေငွေ့များအနက် ၈၆ ရာခိုင်နှုန်းသည် ပင်လယ်ရေပြင်မှ အငွေ့ပြန်လာသော ရေများ ဖြစ်ပြီး ၄ ရာခိုင်နှုန်းသည် ကုန်းမြေပေါ်ရှိ ရေပြင်များမှ အငွေ့ပြန်လာကာ ကျန် ၁၀ ရာခိုင်နှုန်းမှာ သစ်ပင်များက ရှူထုတ်လိုက်သောရေငွေ့များ ဖြစ်သည်။ သစ်ပင်များသည် အမြစ်များက စုပ်ယူသော ရေတွင် ပါသည့် အာဟာရဓာတ်များကို အသုံးချပြီးနောက် အရွက်များ၏အောက်ဘက်ရှိ အပေါက်ငယ်များမှ တစ်ဆင့် ရေငွေ့များအဖြစ် လေထုတွင်းသို့ ပြန်လည်စွန့်ထုတ်ကြသည်။ အပင်များသည် အမြစ်များက စုပ်ယူလိုက်သော ရေများ၏ ၁ ရာခိုင်နှုန်းကိုသာ အပင်ကြီးထွားရေးအတွက် အသုံးပြုပြီး ကျန် ၉၉ ရာခိုင်နှုန်းကို လေထုတွင်းသို့ ပင်ငွေ့ပြန်ခြင်းဖြင့် စွန့်ထုတ်ကြသည်။
ထို့ပြင် ရေခဲပြင်မှရေခဲများသည်လည်း ရေငွေ့အဖြစ်သို့ တိုက်ရိုက်ကူးပြောင်းကာ လေထဲရောက်နိုင်သည်။ မီးတောင်ပေါက်မှုများကလည်း လေထဲသို့ ရေငွေ့များကို ဆောင်ကြဉ်းပေးသည်။
လေထဲရှိ ရေငွေ့အများအပြားသည် စုဖွဲ့ပြီး တိမ်တိုက်များအသွင်နှင့် တည်နေကြသည့်အပြင် မြေပြင်ပေါ်ရှိ မြစ်များကဲ့သို့ ရေငွေ့စီးကြောင်းကြီးများအဖြစ်လည်း ရွေ့လျားနေကြရာ ယင်းတို့ကို ‘လေထဲကမြစ်များ’ ဟု ခေါ်ကြသည်။ ‘လေထဲကမြစ်များ’သည် အပူပိုင်းဒေသမှ ရေငွေ့များကို သယ်ဆောင်ကာ လေတိုက်ခတ်သည့် လမ်းကြောင်းအတိုင်း အမြင့်ပိုင်း လတ္တီတွဒ်ဆီသို့ ရွေ့လျားသည်။ လေထဲကမြစ်များသည် ကီလိုမီတာ ၄၀ဝ မှ ၆၀ဝ အထိကျယ်ပြီး ကီလိုမီတာ ၁၆၀ဝ အထိ ရှည်လျားသည်။ လေထုထဲတွင် အချိန်တချိန်၌ လေထဲကမြစ် လေးစင်းမှ ငါးစင်းအထိ ရှိနေတတ်သည်။ မြောက်အမေရိက၊ ပြင်သစ်၊ စပိန်၊ ယူကေ၊ တောင်အမေရိက၊ အရှေ့ တောင်အာရှနှင့် နယူးဇီလန်တို့တွင် ရွာသွန်းသည့် မိုးများ၏ထက်ဝက်ကျော်သည် လေထဲကမြစ်များကြောင့် ရွာသောမိုးများ ဖြစ်သည်။ လေထဲကမြစ်များကြောင့် သည်းထန်သောမိုးများ ရွာသွန်းတတ်သည်။ အချို့သော လေထဲက မြစ်များတွင် ပါဝင်သည့် ရေငွေ့ပမာဏသည် တောင်အမေရိကတိုက် အယ်မဇုန်မြစ်ထဲရှိ ရေပမာဏနှင့် အကြမ်းအားဖြင့် တူညီသည်။
လေထဲကမြစ် သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၂ မိနစ် ဝ၄ စက္ကန့်)
တစ်ချိန်ထက်တစ်ချိန် ပိုမိုပူနွေးလာနေသည့် ကမ္ဘာ့လေထုမှရေထုထဲသို့ ကူးစက် ဝင်ရောက်လာသည့် အပူဓာတ်များကြောင့် ရေထု၏ အငွေ့ ပြန်မှုသည် များပြားလာနေသည်။ သမုဒ္ဒရာ ရေထုတွင်းအပူဓာတ်သည် လွန်ခဲ့သည် နှစ်ပေါင်း ၃၀ ခန့်မှစ၍ သိသာစွာ များပြားလာခဲ့ရာ ၂၀၂၃ ခုနှစ်၌ စံချိန်တင်ပမာဏသို့ ရောက်ခဲ့သည်။ ရေထုအငွေ့ပြန်မှုသည်လည်း ၁၉၇၆ ခုနှစ်က တစ်နှစ်လျှင် ၁၀၃ စင်တီမီတာ ရှိခဲ့ရာမှ ယခုအခါ တစ်နှစ်လျှင် ၁၁၄ စင်တီမီတာမျှ အငွေ့ပြန်လျက် ရှိသည်။
ပူနွေးလာနေသည့် ကမ္ဘာတွင် ရေငွေ့ပိုပြန်လာနေသည်သာမက ပိုမိုပူနွေးလာသော လေထု၌ ရေငွေ့ပါဝင်မှုသည် ပုံမှန်ထက်များပြားသည်။ လေထု အပူချိန် တစ်ဒီဂရီ ဆဲလ်စီးယပ်စ် တက်တိုင်း လေထုတွင်း ရေငွေ့ ၇ ရာခိုင်နှုန်း ပိုလာသည်။ ရေငွေ့ပိုပါသောလေထုမှ ရွာကျသည့် မိုးသည် ပုံမှန်ထက် ပိုမိုသည်းထန်သည်။
ရေငွေ့ပြန်ခြင်းသရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၂ မိနစ် ၅၄ စက္ကန့်)
ငွေ့ရည်ဖွဲ့ခြင်း
လေထုတွင်း ရောက်လာသော ရေငွေ့များသည် လေတိုက်ခတ်မှုကြောင့် လေထုအလွှာများ၏ အပေါ်ပိုင်းသို့ ရောက်သောအခါ အေးလာသည်။ တစ်ခုသောအပူချိန်သို့ ရောက်သောအခါ ရေငွေ့များသည် လေထုထဲရှိ သေးငယ်သောဖုန်မှုန့်များ၊ မီးခိုးမှုန်များစသည်တို့ပေါ်တွင် ခိုကပ် ပေါင်းစည်းမိကြပြီး ရေစက်ငယ်ကလေးများ ဖြစ်လာသည်။ ရေအငွေ့အဖြစ်မှ ရေအရည်အဖြစ်သို့ ပြောင်းလဲ သောကြောင့် အဆိုပါဖြစ်စဉ်ကို ‘ငွေ့ရည်ဖွဲ့ခြင်း’ဟု ခေါ်သည်။
ရေအငွေ့မှ ရေအရည်သို့ ပြောင်းရာ၌ ရေငွေ့များ ခိုကပ်ပေါင်းစည်းနိုင်ရန် လေထုတွင်းရှိ ဖုန်မှုန့်စသော အမှုန်များကို လိုအပ်သဖြင့် ယင်းအမှုန်များသည် တစ်ဖက်ကကြည့်လျှင် လေထုကို ညစ်ညမ်းစေသော်လည်း အခြားတစ်ဖက်က ကြည့်လျှင် ရေစက်ငယ်များ ပေါ်ထွန်းလာရန် အထောက်အကူပြုသောအရာများ ဖြစ်ကြသည်။
ရေစက်ငယ်များသည် အချင်းချင်း ပေါင်းစည်းမိကြကာ အရွယ်အစား ကြီးထွားလာသောအခါ တိမ်တိုက်များ ဖြစ်လာသည်။ တစ်နည်းဆိုရလျှင် တိမ်တိုက်များသည် မျက်စိဖြင့် မြင်ရသော ရေမှုန်များ ဖြစ်ကြသည်။
ငွေ့ရည်ဖွဲ့ခြင်းသည် ရေငွေ့ပြန်ခြင်းနှင့် ပြောင်းပြန်ဖြစ်သည်။ အငွေ့ပြန်ရန်အတွက် နေရောင်၏ အပူစသည့် စွမ်းအင်တစ်မျိုးလိုပြီး ငွေ့ရည်ဖွဲ့ခြင်း ဖြစ်စဉ်မှ အပူစွမ်းအင်များ ပေါ်ထွက်သည်။ ငွေ့ရည်ဖွဲ့ရာမှ ပေါ်ထွက်လာသော အပူစွမ်းအင်များသည် လေထုကို ရွေ့လျား တိုက်ခတ်စေသည်၊ လေပြင်းနှင့် မုန်တိုင်းများ ဖြစ်ပေါ်စေသည်။ မုန်တိုင်းများသည် ယင်းတို့ ဖြတ်သန်းရာ ရေပြင်ပေါ်မှ ရေငွေ့များကို စုပ်ယူသွားပြီး အချို့ကို မြေပြင်ပေါ်သို့ ရွာသွန်းခြင်းဖြင့် သောက်သုံးရေချိုများကို သယ်ဆောင်ဖြန့်ဝေပေးသည်။ သို့သော် ပြင်းထန်သောမုန်တိုင်းများသည် ရေကြီးရေလျှံမှုများကို ဖြစ်ပေါ်စေသည့်အပြင် ရေလှောင်ကန်များကို ညစ်ညမ်းစေ၊ ပျက်စီးစေတတ်သည်။ ပူနွေးလာသောကမ္ဘာတွင် မုန်တိုင်းများ၏ ပြင်းအား ပိုလာလျက် ရှိသည်။
ငွေ့ရည်ဖွဲ့ရာမှ ပေါ်ထွက်လာသော စွမ်းအင်ကြောင့် မုန်တိုင်း ပေါ်ပေါက်လာပုံ သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၄ မိနစ် ၅၇ စက္ကန့်)
မိုးနှင့်ဆီးနှင်းရွာကျခြင်း
ငွေ့ရည်ဖွဲ့ခြင်းကြောင့် တိမ်တိုက်အတွင်း ရေစက်ငယ်များ အချင်းချင်း ပေါင်းစည်းမိကြသောအခါ တဖြည်းဖြည်းကြီးထွားလေးလံလာပြီး ဆီးနှင်း သို့မဟုတ် မိုးပေါက်များအဖြစ် ရွာကျသည်။ ရေမော်လီကျူးတစ်လုံးသည် စတင်အငွေ့ပြန်တက်ချိန်မှ မျက်နှာပြင်ပေါ် ပြန်ရွာကျသည်အထိ ပျမ်းမျှ ၁၀ ရက်ခန့်ကြာသည်။
မိုးရေစက်များ ဖြစ်ပေါ်လာပုံ သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၁ မိနစ် ၁၈ စက္ကန့်)
ကမ္ဘာ့မြေပြင်ပေါ်သို့ ရွာကျသော မိုးနှင့်ဆီးနှင်း ပမာဏသည် တစ်နှစ်လျှင် ကုဗကီလိုမီတာ ၁၁၀ ဝဝဝ ခန့် ရှိသည်။ ယင်းထုထည်၏ ၆၁ ရာခိုင်နှုန်းသည် သစ်ပင်သစ်တောများ၊ စိုက်ခင်းများနှင့် မြေပြင်ပေါ်မှ အငွေ့ပြန်၍ လေထုတွင်းသို့ ပြန်ရောက်ကြကာ ကျန် ၃၉ ရာခိုင်နှုန်းဖြစ်သည့် ကုဗကီလိုမီတာ ၄၃၀ဝ၀ အနက်အချို့သည် မြေပြင်ပေါ်ရှိ ရေကန်နှင့် မြစ်ချောင်းများထဲသို့ ဝင်ရောက်ပြီး အချို့သည် မြေအောက်သို့ စိမ့်ဝင်သည်။ ယင်း ကုဗကီလိုမီတာ ၄၃၀ဝ၀ ကို ပြန်လည်ပြည့်တင်းနိုင်သော ရေချို ရေသန့် အရင်းအမြစ်များဟု ခေါ်သည်။ တစ်နည်းဆိုရလျှင် သဘာဝတရားသည် နေရောင် အပူစွမ်းအင်သုံး၍ ကုဗကီလိုမီတာ ၄၃၀ဝ၀ ခန့် မျှသော ပင်လယ်ရေငန်များကို လူတို့အတွက် ပြန်လည် ပြည့်တင်းနိုင်သော ရေချိုအဖြစ် ချက်လုပ်ပေးနေသည်။
ပူနွေးလာသော လေထုထဲသို့ ရေငွေ့များ ပိုမိုဝင်ရောက်လာနေခြင်းကြောင့် ဆီးနှင်းနှင့်မိုး ပမာဏလည်း ဆယ်စုနှစ်တစ်ခုလျှင် ပျမ်းမျှ တစ်မီလီမီတာနှုန်းပိုလာနေသည်။ မိုးသိသိသာသာ ပိုလာသော ဒေသအများအပြားတွင် သောက်သုံးရေ ရရှိမှု ပိုလာသော်လည်း ရေလွှမ်းမိုးမှု ပိုမိုဆိုးရွားလာခြင်း၊ ရေကန်များထဲသို့ ညစ်ညမ်းရေများ စီးဝင်ခြင်းတို့ကိုလည်း ကြုံတွေ့ရသည်။ မိုးပိုလာသည့် ဒေသအချို့တွင်မူ ရေငွေ့ပြန်နှုန်းလည်း များလာသဖြင့် သောက်သုံးရေ ရရှိမှု ပိုလာခြင်း မရှိချေ။
မိုးပိုလာသောဒေသများ ရှိသကဲ့သို့ လေတိုက်သည့် ပုံစံနှင့် သမုဒ္ဒရာရေစီးကြောင်းများ၏ သက်ရောက်မှုတို့ကြောင့် မိုးရွာသွန်းမှု လျော့နည်းသွားသောဒေသများလည်း ရှိသည်။
ရေခဲမြစ်၊ ရေခဲပြင်
ရွာကျလာသောရေချိုများအနက် အအေးပိုင်းဒေသများပေါ်ကျသော ရေချိုအများအပြားသည် ဆီးနှင်းနှင့်ရေခဲအသွင်သို့ ပြောင်းသွားကာ တောင်ထိပ်ရေခဲ၊ ရေခဲမြစ်၊ အမြဲဆီးနှင်းခဲ၊ ရေခဲပြင် စသဖြင့် တည်ရှိသည်။ ကုဗကီလိုမီတာ ၂၄ သန်းခွဲခန့်ရှိသည့် အဆိုပါရေခဲများကို လူတို့ တိုက်ရိုက် ရယူသုံးစွဲ၍ မရချေ။ သို့သော် တောင်ထိပ်ရေခဲပြင်များမှ နွေအခါ ပျော်ကျစီးဆင်းလာသော ရေများသည် ကမ္ဘာ့မြစ်ကြီးအချို့ထဲသို့ စီးဝင်ကာ ကမ္ဘာ့လူဦးရေ၏ ခြောက်ပုံတစ်ပုံအတွက် သောက်သုံးရေအဖြစ် အကျိုးပြုလျက်ရှိသည်။
ယခုအခါ ရာသီဥတုပြောင်းလဲခြင်းကြောင့် နွေအခါ ရေခဲအရည်ပျော်မှု ပိုလာပြီး ဆောင်းအခါ ရေခဲပြန်ဖြစ်မှု နည်းလာသည်။ ယင်းနည်းဖြင့် တောင်ထိပ်ရေခဲများ တတိတိ လျော့နည်းလာနေရာ ရေခဲပျော်ရည်များကို လက်ခံရရှိနေသော မြစ်များ၏ရေစီးသည် အနှေးနှင့်အမြန် နည်းလာမည် ဖြစ်သည်။
ပုံမှန်အားဖြင့် ရေမော်လီကျူးတစ်လုံးသည် ရေခဲပြင်များထဲတွင် ၁၀ နှစ်မှ အနှစ် ၁၀ဝဝဝ အထိရှိနေနိုင်ခဲ့သော်လည်း ယခုအခါ ထိုမျှကြာရှည်တည်မနေနိုင်တော့ဘဲ စောစီးစွာ အရည်ပျော်လာနေသည်။ ရေခဲပြင်များ ပို၍ အရည်လာပျော်မှုကြောင့် နှစ်ပေါင်း ထောင်သောင်းချီ၍ တသမတ်တည်း နီးနီး ရှိနေခဲ့သော ပင်လယ်ရေပြင် မြင့်တက်လာလျက် ရှိသည်။ တစ်နည်းဆိုရသော် လူတို့၏ အဖိုးတန်ရေအရင်းအမြစ် လျော့နည်းလာနေပြီး သောက်၍မရသည့် ပင်လယ်ရေငန်ပမာဏ တိုးပွားလာလျက်ရှိသည်။ မြင့်တက်လာသော ပင်လယ်ရေပြင်သည် ကမ်းရိုးတန်းဒေသများ၊ ကျွန်းများရှိ ကမ်းစပ်မြေအောက်ရေချိုကြောများထဲသို့ ဝင်ရောက်ရောနှောခြင်းဖြင့် ယင်းဒေသများ၏ သောက်သုံးရေဖူလုံမှုကို အတားအဆီးပြုနေသည်။
ရေခဲပြင်အရည်ပျော်ပုံ သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၂ မိနစ် ဝ၇ စက္ကန့်)
မြေအောက်ရေ
ရေခဲမဖြစ်ဘဲ ကုန်းမြေပေါ် ကျရောက်လာသည့် မိုးရေများအနက် အချို့သည် မြေသားထဲသို့ စိမ့်ဝင်ကြသည်။ ရှေးပဝေသဏီကတည်းက မြေအောက်သို့ စိမ့်ဝင်တည်ရှိနေပြီး မျက်စိဖြင့် မမြင်နိုင်သည့် မြေအောက်ရေ ပမာဏမှာ ကုဗကီလိုမီတာ ၂၃ သန်းခန့်ဖြစ်ရာ မျက်စိဖြင့်မြင်နိုင်သည့် တောင်ထိပ်ရေခဲ၊ ရေခဲမြစ်စသည်တို့၏ ပမာဏ (၂၄ သန်း) နီးပါးပင် ဖြစ်သည်။ မြေအောက်ရေတွင်လည်း ရေချို၊ ရေငန် နှစ်မျိုး ကွဲနေကာ ရေငန်ပမာဏမှာ ကုဗကီလိုမီတာ ၁၃ သန်းခန့် ရှိပြီး ရေချိုထုထည်မှာ ကုဗကီလိုမီတာ ၁၁ သန်းခန့်မျှ ရှိသည်။
ကမ္ဘာတွင် လူသန်း ၂၀ဝ၀ ခန့်သည် သောက်သုံးရေအတွက် မြေအောက်ရေကို မှီခိုနေကြရသည်။ သို့သော် မြေအောက်ရေချိုအများစုကို လူတို့ လက်လှမ်းမမီပေ။ အရည်အသွင်ဖြင့် တည်ရှိသော ကမ္ဘာ့ရေချိုအားလုံး၏ ၄၀ ရာခိုင်နှုန်းခန့်သည် မြေပြင်မှမီတာ ၅၀ဝ ထက်ပိုနက်သော အရပ်တွင် ခိုအောင်းနေကြသည်။ယင်းတို့ကို တူးဖော်ရန် နည်းပညာအရ ဒေသအများစုတွင် အဆင်မပြေသည့်အပြင် တူးဖော်ထုတ်ယူစရိတ် မြင့်မားလှသည်။ လက်ရှိစက်ရေတွင်းအများစုသည် မြေပြင်မှ မီတာ ၃၀ဝ အနက်အတွင်း၌သာ ဖြစ်သည်။
မြေအောက်ရေစိမ့်ဝင်စီးဆင်းပုံ သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၃ မိနစ် ဝ၁ စက္ကန့်)
ကမ္ဘာတွင် တစ်နှစ်လျှင် မြေအောက်ရေ ကုဗကီလိုမီတာ ၉၈၀ ခန့် ထုတ်ယူသုံးစွဲနေသည်။ ကမ္ဘာအနှံ့ရှိ စက်ရေတွင်းပေါင်း ၁၇၀ဝဝဝ နှင့် မြေအောက်ရေကြော ၁၇၀ဝ နီးပါးကို လေ့လာချက်အရ မြေအောက်ရေပြင်သည် တစ်နှစ်လျှင် ဝ ဒသမ ၅ မီတာနှုန်းဖြင့် ကျဆင်းနေကြောင်း သိရသည်။ ထုတ်ယူသုံးစွဲမှုက စိမ့်ဝင်သည်ထက် များနေသောကြောင့် ကျဆင်းခြင်း ဖြစ်သည်။ ယခုအခါ မြေအောက်ရေ ဖြည့်တင်းရေးလုပ်ငန်းများကို အားစိုက်လုပ်ဆောင်နေရာ ယင်းလုပ်ငန်းများကြောင့် တစ်နှစ်လျှင် ရေ ၁၀ ကုဗကီလိုမီတာခန့် မြေအောက်ရေကြောများထဲသို့ စီးဝင်နေသည်။ သို့သော် ယင်းပမာဏသည် ထုတ်ယူသုံးစွဲနေသည့် ပမာဏ၏ ၁ ရာခိုင်နှုန်းသာ ရှိသေးသဖြင့် ပမာဏများစွာ တိုးချဲ့ဖြည့်တင်းပေးရန် လိုနေသေးကြောင်း ညွှန်ပြနေသည်။
ရေကန်
မြေအောက်သို့ စိမ့်မဝင်နိုင်ဘဲ မြေပြင်ပေါ် စီးဆင်းသွားသောရေများအနက် အချို့သည် သဘာဝရေကန်များနှင့် လူတို့တည်ဆောက်ထားသည့် ရေလှောင်တမံများထဲသို့ စီးဝင်ကြသည်။ အဆိုပါကန်များထဲသို့ စီးဝင်ရောက်ရှိနေသော ရေထုထည်သည် ကုဗကီလိုမီတာ ၁၇၆၀ဝ၀ ခန့်မျှ ဖြစ်သည်။ ယင်းပမာဏ၏ ထက်ဝက်နီးပါးသည် ရေငန်ဖြစ်ကာ ထက်ဝက်သာသာသည် ရေချို ဖြစ်သည်။
လူတို့လက်လှမ်းမီ ရယူသုံးစွဲနိုင်သော မြေပေါ်ရေချို အများစုသည် သဘာဝရေကန်နှင့် ရေလှောင်တမံပေါင်း ၁၁၈ သန်းခန့်ထဲတွင် တည်ရှိသည်။ ကမ္ဘာတဝန်းလုံးရှိ ရေကန်များအနက် သဘာဝရေကန် ၁၀၅၁ ခုနှင့် ရေလှောင်တမံ ၉၂၁ ခုတို့ကို ၁၉၉၂ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဂြိုဟ်တုနှင့်မြေပြင်လေ့လာချက်များ ပြုလုပ်ခဲ့ရာ သဘာဝရေကန် ၅၃ ရာခိုင်နှုန်းနှင့် ရေလှောင်တမံ ၆၄ ရာခိုင်နှုန်းတို့တွင် ရေပမာဏ သိသာစွာ လျော့နည်းခဲ့ကြောင်း သိရသည်။ လျော့နည်းသော ရေပမာဏမှာ တစ်နှစ်လျှင် ကုဗကီလိုမီတာ ၆၀ဝ ခန့်ဖြစ်သည်။ လျော့နည်းရခြင်း အဓိကအကြောင်းရင်းမှာ ရာသီဥတုပြောင်းလဲခြင်းကြောင့် ဖြစ်ပြီး ရေငွေ့ပြန်နှုန်း မြင့်မားခြင်း၊ သုံးစွဲမှုများခြင်း စသည်တို့ကြောင့်လည်း ရေများ လျော့နည်းခဲ့သည်။
ရေကန်များ၌ ရေလျော့နည်းလာနေပုံ သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၅ မိနစ် ၂၃ စက္ကန့်)
မြစ်ရေ
မြစ်များအားလုံးထဲတွင် အချိန်တချိန်၌ တည်ရှိနေသည့် ရေပမာဏသည် သဘာဝနှင့် လူလုပ်ကန်များထဲ၌ တည်ရှိနေသည့် ရေပမာဏ၏ ၂ ရာခိုင်နှုန်းကျော်မျှသာ ဖြစ်သည်။ သို့သော် ကန်ရေသည် အများအားဖြင့် ကန်နှင့် အနီးဝန်းကျင်ဒေသများအတွက်သာ အသုံးဝင်ပြီး မြစ်များသည်မူ ရေချိုများကို ပိုလျှံနေသောဒေသမှ အခြားဒေသများသို့ သယ်ဆောင်ဖြန့်ဝေပေးသည်။
၁၉၆၅ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း ကမ္ဘာတဝန်း မြစ်ရေတိုင်းတာရေးစခန်း ၁၀၁၂၀ ခု၏ မြစ်ရေတိုင်းတာရရှိချက်များကို လေ့လာမှုအရ စခန်း ၂၁ ရာခိုင်နှုန်းတို့တွင် သိသာထင်ရှားသည့် မြစ်ရေစီး ပြောင်းလဲခြင်းများကို တွေ့ခဲ့ရကာ ယင်း ပြောင်းလဲခြင်းများသည် ရေလှောင်တမံဆောက်လုပ်ခြင်း၊ မြစ်ဝှမ်းဒေသ မြေယာအသုံးချမှု ပြောင်းလဲခြင်း၊ လေထုအပူချိန်မြင့်မားလာမှု၊ မိုးရေချိန် မြေဆီလွှာ ရေငွေ့နှင့် ဆီးနှင်းအရည်ပျော်မှုပြောင်းလဲခြင်းတို့နှင့် ဆက်စပ်နေနိုင်ကြောင်း သိရသည်။
ကမ္ဘာ့မြစ်များ၏ သုံးပုံနှစ်ပုံသည် ရေလှောင်တမံဆောက်လုပ်ခြင်း၊ မြစ်ဝှမ်းဒေသ မြေယာအသုံးချမှု ပြောင်းလဲခြင်းစသည်တို့ကြောင့် ရေစီးပြောင်းလဲလျက် ရှိသည်။
မြောက်အမေရိကတိုက်မြောက်ပိုင်း မြစ်ရေ တိုင်းတာရေးစခန်း ၁၁၉ ခုအနက် ၄၀ ရာခိုင်နှုန်း၊ ဆိုက်ဘေးရီးယား မြစ်ရေတိုင်းတာရေးစခန်းများ၏ ၃၂ ရာခိုင်နှုန်းနှင့် ဥရောပတိုက် မြစ်ရေ တိုင်းတာရေးစခန်းများ၏ ၁၉ ရာခိုင်နှုန်းတို့တွင် မြစ်ရေစီး သိသာစွာ လျော့နည်းခဲ့သည်။ သို့သော် ဘရာဇီးနိုင်ငံ မြစ်ရေတိုင်းတာရေးစခန်းများ၏ ၂၅ ရာခိုင်နှုန်းတွင် မြစ်ရေစီးတိုးလာလျက် ရှိသည်။ တစ်ကမ္ဘာလုံး ခြုံကြည့်လျှင် မြစ်ရေစီး များလာနေသည်။
ကမ္ဘာ့အရှည်ဆုံးမြစ် ၁၀ စင်း သရုပ်ပြဗီဒီယို ရှုစားရန် (ကြာချိန် ၅ မိနစ် ဝ၁ စက္ကန့်)
မြစ်ရေစီး အပါအဝင် ရေသံသရာထဲရှိ ဖြစ်စဉ်များ ပြောင်းလဲနေပုံကို အောက်ပါဇယားတွင် လေ့လာနိုင်သည်။
ဇယား (၂)ဖြစ်စဉ်ပြောင်းလဲသောပမာဏ
တစ်နှစ်ကုဗကီလိုမီတာ (x ၁၀ဝဝ)မှတ်ချက်မြေပြင်မှရေငွေ့ပြန်၇၀ ဝဝဝများလာသမုဒ္ဒရာမှရေငွေ့ပြန်၄၅၀ ဝဝဝများလာသမုဒ္ဒရာမှကုန်းတွင်းသို့
ရေငွေ့သယ်ဆောင်မှု၄၆ ဝဝဝများလာမြေပြင်ပေါ်ရွာကျ၁၂၀ ဝဝဝများလာသမုဒ္ဒရာပေါ်ရွာကျ၄၀ဝ ဝဝဝများလာအန္တာတိကရေခဲဖြစ်တည်မှု– ၁၆၉နည်းသွားဂရင်းလန်းရေခဲဖြစ်တည်မှု
(၂၀ဝ၆ -၂၀၁၅)– ၃၀၃နည်းသွားမြေအောက်ရေထုတ်ယူသုံးစွဲမှု၁၅၀များလာမြစ်ရေစီး၃၉ ဝဝဝများလာSource: Wouter Dorigo. et. al. Closing the Water Cycle from Observations across Scales: Where Do We Stand?
ရေသံသရာအတွင်းရှိ ဖြစ်စဉ်များ ပြောင်းလဲခြင်းကြောင့် ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရေအရင်းအမြစ်အချို့၏ ပမာဏ ပြောင်းလဲသွားပုံကို အောက်ပါဇယားအရ သိနိုင်သည်။
ဇယား (၃)ရေအရင်းအမြစ်တည်နေရာလက်ရှိပမာဏ (ကုဗကီလိုမီတာ)အတိုးအလျော့ (ကုဗကီလိုမီတာ)တောင်ထိပ်ရေခဲမြစ်များ၁၅၈ ဝဝဝ– ၈ ၆၆၆မြေအောက်ရေ၁၀ ၃၉၆ ဝဝဝ– ၇ ၀၄၁သဘာဝရေကန်၁၀၂ ၄၂၄– ၁ ၉၇၅မြေဆီလွှာရေငွေ့၁၆ ၅၀ဝ– ၅၁၉ရေလှောင်တမံ၁၁ ၂၇၀+ ၇ ၁၆၀သစ်တော၉၈၁၆– ၁ ၀၂၉ရေတိမ်ဒေသ၉၃၀ဝ– ၃ ၇၈၄Source: Storing water: A new integrated approach for resilient development (GWP and IWMI)
မှတ်ချက်။ လက်ရှိပမာဏသည် ဇယား (၁)ပါ ပမာဏနှင့် ကွဲလွဲချက် အနည်းငယ် ရှိသည်။
ဇယားအရ ရေသံသရာဖြစ်စဉ်များ ပြောင်းလဲခြင်းကြောင့် ရေအရင်းအမြစ်အများအပြား၏ ပမာဏ နည်းပါးလာနေသည်ကို သိနိုင်သည်။ ရေသံသရာ ဖြစ်စဉ်များ ပြောင်းလဲခြင်းအပြင် ရေညစ်ညမ်းမှုများကလည်း ရေကောင်း ရေသန့်ပမာဏကို လျော့နည်းစေလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ရေဝေဒေသငယ် ၁၀ဝဝဝ ကျော်ကို လေ့လာချက်တစ်ခုအရ မြို့ပြကြီးထွားလာမှု၊ စိုက်ပျိုးရေးလုပ်ငန်း များပြားလာမှုတို့ကြောင့် ရေဝေဒေသငယ် ၂၀ဝ၀ ကျော်တို့တွင် နိုက်ထရိုဂျင် ညစ်ညမ်းမှုနှင့် ကြုံရကာ ရေကောင်းရေသန့် ရရှိရေး ပြဿနာ ကြီးထွားလျက်ရှိကြောင်း သိရသည်။
သုံးသပ်ချက်
ရေငွေ့ပိုပြန်ခြင်း၊ လေထုတွင်းသို့ ရေငွေ့ပိုရောက်လာခြင်း၊ သမုဒ္ဒရာမှ ကုန်းတွင်းသို့ ရေငွေ့သယ်ဆောင်မှု များလာခြင်းတို့ကြောင့် ဆီးနှင်းနှင့်မိုး ပိုမိုရွာကျသဖြင့် မြေပေါ်ရေစီး ပိုများလာသည်။ တနိုင်တပိုင် မိုးရေခံစနစ်များ တည်ဆောက်ခြင်းဖြင့် မိုးရေနှင့် မြေပေါ်ရေစီးများကို သောက်သုံးရေနှင့် စိုက်ပျိုးရေအဖြစ် အသုံးချသင့်သည်။ သဘာဝရေကန်များထဲသို့ မြေပေါ်ရေအချို့ စီးဝင်သော်လည်း အသုံးများလာခြင်း၊ ရာသီဥတုပြောင်းလဲသဖြင့် အငွေ့ပိုပြန်ခြင်းတို့ကြောင့် ကန်ရေပမာဏ လျော့ကျနေသည်။ လူလုပ်ရေလှောင်တမံများမှ အငွေ့ ပြန်ဆုံးရှုံးမှု ရှိသော်လည်း တမံဆောက်လုပ်မှု များပြားခဲ့သဖြင့် အသားတင်ရေလှောင်ပမာဏ များလာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ရေလှောင်တမံကြီးများ ဆောက်လုပ်ခြင်း လျော့ကျလာသည့်အပြင် ဆောက်ပြီး တမံများ၏နောက်တွင် အနည်ထိုင်သဖြင့် လည်းကောင်း၊ ရာသီဥတုပြောင်းလဲကာ ရေငွေ့ ပိုပြန်လာသဖြင့် လည်းကောင်း၊ ထုတ်ယူသုံးစွဲမှု တိုးလာသဖြင့် လည်းကောင်း အသားတင် ရေလှောင်နိုင်မှု နည်းလာနိုင်သည်။
ရေဖူလုံရေးတွင် ရေသိုလှောင်နိုင်မှုသည် အရေးပါသဖြင့် ရေစီးများကာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနည်းသော မြစ်များ၌ ရေလှောင်တမံများ ဆောက်လုပ်ရန် စဉ်းစားသင့်သည်။ အလားတူ ရေစီးများသောမြစ်များတွင် မြစ်ရေတင်လုပ်ငန်းများအပြင် ယင်းတို့နှင့်အလှမ်းဝေးပြီး ရေလိုအပ်နေသောဒေသများသို့ ရေလွှဲပြောင်းပေးခြင်းမျိုးကို ဆောင်ရွက်သင့်သည်။ သဲချောင်းရှိသောဒေသများ၌ မြေအောက်တမံများ ဆောက်လုပ်ခြင်းဖြင့် ရေစီးကို သိုလှောင်ရယူနိုင်သည်။
မြေအောက်တမံများသည် သောက်သုံးရေအတွက် အကျိုးပြုသည့်အပြင် လျော့နည်းလာသည့် မြေအောက်ရေကြောများကိုလည်း ပြန်လည် ဖြည့်ဆည်းပေးနိုင်သည်။ မြေအောက်ရေကြောများကို မြေအောက်တမံများထက် ပိုမိုဖြည့်ဆည်းနိုင်သည့် နည်းလမ်းမှာ မြေပေါ်ရေစီးများကို မြေအောက်သို့ စနစ်တကျ စိမ့်ဝင်စေသည့်နည်း ဖြစ်သည်။ ယင်းနည်းကို လက်ရှိ လုပ်ဆောင်နေကြသော်လည်း ထုတ်ယူသုံးစွဲသော ပမာဏထက် များစွာနည်းသေးသဖြင့် တိုးချဲ့ဖို့ လိုသည်။
သောက်သုံးရေအတွက် တဆင့်ခံအကျိုးပြုသည့်အပြင် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များအတွက် မရှိမဖြစ်သည့် မြေဆီလွှာရေငွေ့များ၊ သစ်တောနှင့် ရေတိမ်ဒေသများတွင် ရေလျော့နည်းလာခြင်းသည် စိုးရိမ်ဖွယ်အခြေအနေသို့ ရောက်နေ သည်။ ဇယား (၃)အရ သစ်တောများ၌ ရေပါဝင်မှုသည် လက်ရှိပမာဏ၏ ၁၀ ရာခိုင်နှုန်းခန့်၊ ရေတိမ်ဒေသများ၌ ရေပါဝင်မှုသည် လက်ရှိပမာဏ၏ ၄၀ ရာခိုင်နှုန်းခန့်အထိ လျော့နည်းလာခဲ့သဖြင့် ယင်းတို့ကို ထိန်းသိမ်းခြင်းကို အလေးအနက်ထား ဦးစားပေးရန် လိုအပ်သည်။
ရေသံသရာဖြစ်စဉ်တွင်ပါဝင်သည့် ရေ၊ ရေခဲ၊ ရေငွေ့တို့၏ ထုထည်သည် ကုဗကီလိုမီတာ ဘီလျံချီ၍ ပြောရအောင် ပမာဏကြီးမားလှသောကြောင့် ရေသံသရာလည်ပတ်နေမှုကို လူတို့ ဝင်ရောက်စွက်ဖက်၍ ပြောင်းလဲစေခြင်းငှာ မရစကောင်းဟု ယူဆခဲ့ကြသော်လည်း လူတို့၏ လုပ်ဆောင်ချက်ကြောင့် ဖြစ်ပေါ်သည့် ရာသီဥတုပြောင်းလဲခြင်း၊ ရေထုတ်ယူမှု များခြင်း၊ မြေယာအသုံးချမှု ပြောင်းလဲခြင်းစသည်တို့က ရေသံသရာ လည်ပတ်မှုကို၊ ထိုမှဆက်၍ ရေဖူလုံရေးကို ထိခိုက်စေလျက် ရှိသည်။
ကိုးကား –
၁။ https://www.noaa.gov/sites/default/files/2023-06/hydro_wheel.pdf
၂။ https://education.nationalgeographic.org/resource/resource-library-the-water-cycle/
Share this:
Related

အမြင်၌ ပေါများသော်လည်း လက်တွေ့တွင် ရှားနေသော သောက်သုံးရေ
June 28, 2024
In “Resources”

ပျက်ယွင်းရေသံသရာ
September 28, 2021
In “Climate Change”

ရာသီဥတုပြောင်းလဲခြင်းနှင့်ရေ
October 10, 2021
In “Climate Change”
Post navigation
PREVIOUSမိုးခေါင်ခြင်း၊ ကမ္ဘာနှင့်မြန်မာ
NEXTအမြင်၌ ပေါများသော်လည်း လက်တွေ့တွင် ရှားနေသော သောက်သုံးရေ
Leave a comment
Write a comment…
Comment

SearchSEARCH
- Adaptation and Resilience
- Atmosphere
- Awareness
- Climate Change
- Droughts
- Floods
- Greenhouse Gases
- Melting Ice
- Ocean
- Pollution
- Precipitation
- Resources
- Sea Level Rise
- Security
- Temperature Rise
- Wastewater
- Water
Agriculture. Antarctic Arctic Ayarwaddy Coral ReefDesalination Environment Evaporation GreenlandGroundwater Innovations Methane MyanmarPeople Permafrost Rainwater Recharge Rivers SavingWastewater Reuse Watershed Yangon

Select LanguageAbkhazAcehneseAcholiAfarAfrikaansAlbanianAlurAmharicArabicArmenianAssameseAvarAwadhiAymaraAzerbaijaniBalineseBaluchiBambaraBaouléBashkirBasqueBatak KaroBatak SimalungunBatak TobaBelarusianBembaBengaliBetawiBhojpuriBikolBosnianBretonBulgarianBuryatCantoneseCatalanCebuanoChamorroChechenChichewaChinese (Simplified)Chinese (Traditional)ChuukeseChuvashCorsicanCrimean TatarCroatianCzechDanishDariDhivehiDinkaDogriDombeDutchDyulaDzongkhaEsperantoEstonianEweFaroeseFijianFilipinoFinnishFonFrenchFrisianFriulianFulaniGaGalicianGeorgianGermanGreekGuaraniGujaratiHaitian CreoleHakha ChinHausaHawaiianHebrewHiligaynonHindiHmongHungarianHunsrikIbanIcelandicIgboIlocanoIndonesianIrish GaelicItalianJamaican PatoisJapaneseJavaneseJingpoKalaallisutKannadaKanuriKapampanganKazakhKhasiKhmerKigaKikongoKinyarwandaKitubaKokborokKomiKonkaniKoreanKrioKurdish (Kurmanji)Kurdish (Sorani)KyrgyzLaoLatgalianLatinLatvianLigurianLimburgishLingalaLithuanianLombardLugandaLuoLuxembourgishMacedonianMadureseMaithiliMakassarMalagasyMalayMalay (Jawi)MalayalamMalteseMamManxMaoriMarathiMarshalleseMarwadiMauritian CreoleMeadow MariMeiteilon (Manipuri)MinangMizoMongolianMyanmar (Burmese)N’KoNahuatl (Eastern Huasteca)NdauNdebele (South)Nepal Bhasa (Newari)NepaliNorwegianNuerOccitanOdia (Oriya)OromoOssetianPangasinanPapiamentoPashtoPersianPolishPortuguese (Brazil)Portuguese (Portugal)Punjabi (Gurmukhi)Punjabi (Shahmukhi)QuechuaQʼeqchiʼRomaniRomanianRundiRussianSami (North)SamoanSangoSanskritSantaliScots GaelicSepediSerbianSesothoSeychellois CreoleShanShonaSicilianSilesianSindhiSinhalaSlovakSlovenianSomaliSpanishSundaneseSusuSwahiliSwatiSwedishTahitianTajikTamazightTamazight (Tifinagh)TamilTatarTeluguTetumThaiTibetanTigrinyaTivTok PisinTonganTsongaTswanaTuluTumbukaTurkishTurkmenTuvanTwiUdmurtUkrainianUrduUyghurUzbekVendaVenetianVietnameseWarayWelshWolofXhosaYakutYiddishYorubaYucatec MayaZapotecZulu
Powered by Translate
