June 28, 2024 kyawoo.com web page
Water Security and the Changing Climate
kyawoo.com
အမြင်၌ ပေါများသော်လည်း လက်တွေ့တွင် ရှားနေသော သောက်သုံးရေ
ON BY UKYAWOOIN RESOURCES, SECURITY, WATER

အထက်ပါပုံ၌ ပုံသေးကို ကြည့်လျှင် ကမ္ဘာ့မျက်နှာပြင်ဧရိယာ အတော်များများကို ရေဖုံးနေသဖြင့် ကမ္ဘာကြီးတွင် ရေအလျှံပယ်ကြွယ်ဝသည်ဟု ထင်ရသည်။ တကယ်တွင်လည်း ကမ္ဘာသည် မျက်နှာပြင် ဧရိယာ၏ ၇၁ ရာခိုင်နှုန်း၌ ရေများဖြင့် အတိပြီးနေသည့် ဂြိုဟ်တစ်လုံး ဖြစ်သည်။ သို့သော် ကမ္ဘာပေါ်ရှိ ရေအားလုံးကို ထုတ်ယူစုစည်းကာ ရေစက်တစ်စက်တည်းအသွင်ဖြင့် ကမ္ဘာလုံးပေါ် အချိုးကျ တင်ပြထားသည့် ပုံကြီးကို ကြည့်လျှင် ရေထုထည်စုစုပေါင်းသည် ကမ္ဘာ၏ အရွယ်အစားနှင့် ယှဉ်လျှင် များစွာ သေးငယ်ကြောင်း တွေ့ရသည်။ ရေအလျှံပယ် ကြွယ်ဝသည်ဟု ထင်မြင်ချက်သည် မဟုတ်မှန်ကြောင်း သိလာရသည်။
တဖန် ရေချိုအားလုံးကို ရည်ညွှန်းသည့် ညာဘက်က အစက်သည် ရေအားလုံးကို ကိုယ်စားပြုသော အစက်နှင့် စာလျှင် ၂ ဒသမ ၅ ရာခိုင်နှုန်းမျှသာ ရှိကာ သိသိသာသာ သေးငယ်သည်ကို ကြည့်ခြင်းဖြင့် လူတို့၏ အသက်သွေးကြော ရေချိုပမာဏသည် နည်းပါးလှကြောင်း သဘောပေါက်လာသည်။ ယင်းအစက်၏ အောက်ရှိ လူတို့ သောက်သုံးရေအဖြစ် အလွယ်တကူ ရယူနိုင်သည့် ရေအရင်းအမြစ်များ ဖြစ်ကြသော ကန်ရေနှင့် မြစ်ရေများကို ကိုယ်စားပြုသည့် ရေစက်ကိုမူ အကြီးချဲ့ကြည့်လျှင်သော်မှ မြင်သာရုံမျှသာ ရှိတော့သည်။ ရေကန်နှင့် မြစ်ချောင်းများသည် အနီးကပ်မြင်ရလျှင် ကြီးမား ကျယ်ပြောလှသော်လည်း သောက်သုံးရေ ဖူလုံရေးရှုထောင့်မှ ဆိုလျှင် သေးငယ်ကျဉ်းမြောင်းသွားသည်။
ကန်ရေ၊ မြစ်ရေ
ကမ္ဘာပေါ်ရှိရေများကို အမြင်သက်သက်ဖြင့် ရှုကြည့်ပြီးနောက် သောက်သုံးရေချိုရရှိရေးအတွက် ကိန်းဂဏန်းများဖြင့် သုံးသပ်လျှင် ရေအရင်းအမြစ်များထဲတွင် အလွယ်တကူ ရယူနိုင်သည့် ကန်ရေနှင့် မြစ်ရေများတွင် ရေချို၊ ရေငန် နှစ်မျိုးကွဲနေရာ ကန်ရေချိုက ကုဗကီလိုမီတာ ၉၁၀ဝ၀ ခန့်နှင့် မြစ်ရေက ၂၀ဝ၀ ကုဗကီလိုမီတာခန့်၊ ပေါင်းကုဗကီလိုမီတာ ၉၃၀ဝ၀ ခန့်မျှ ဖြစ်သည်။ ကမ္ဘာ့လူဦးရေ သန်း ၈၁၀ဝ ခန့်နှင့် တွက်ပါက လူတစ်ဦးလျှင် ရေကုဗကီလိုမီတာ ၁၁၅၀ဝ မျှ ဖြစ်သောကြောင့် သုံးစွဲ၍ မကုန်မခန်းနိုင်သည့် ပမာဏ ဖြစ်သည်။
(မှတ်ချက် – တစ်ကုဗကီလိုမီတာ = တစ်ဘီလျံကုဗမီတာ။ တစ်ကုဗမီတာ = ၁၀ဝ၀ လီတာ = ၂၂၀ ဂါလန်ခန့်)
သို့သော် ကန်ရေချိုအများအပြားကို လူတို့လက်လှမ်းမမီချေ။ အောက်ပါ ပုံနှစ်ပုံအနက် အပေါ်ပုံသည် ကမ္ဘာ့ရေကန်များ၏ တည်နေရာကို ပြပြီး အောက်ပုံသည် လူနေမြို့ရွာများ၏ တည်နေရာကို ပြသည်။ ပုံနှစ်ပုံကို ယှဉ်ကြည့်လျှင် လူနေမြို့ရွာများသည် ရေကန်အများအပြားနှင့် အလှမ်းဝေးသဖြင့် လူတို့အတွက် အသုံးမတည့်လှကြောင်း သိနိုင်သည်။


မြစ်ရေပမာဏသည် ကန်ရေပမာဏထက် များစွာနည်းပါးသော်လည်း မြစ်များသည် လူတို့ အလွယ်ကူဆုံး ရယူနိုင်သော ရေအရင်းအမြစ် ဖြစ်သကဲ့သို့ ယေဘုယျအားဖြင့် ချက်ချင်းလိုလို ပြန်လည်ပြည့်တင်းနိုင်သော ရေအရင်းအမြစ် ဖြစ်သည်။ လေ့လာချက်တစ်ခုအရ ကမ္ဘာ့မြစ်များအားလုံးထဲ၌ အချိန်တစ်ချိန်တွင် ရှိနေသည့် ရေပမာဏ (ကမ္ဘာ့မြစ်များ၏ ရေလှောင်ပမာဏ)သည် ကုဗကီလိုမီတာ ၂၂၅၀ ခန့်ရှိသည်။ သို့သော် မြစ်အချို့သည် လူနေမြို့ရွာများအနီး သို့မဟုတ် မလှမ်းမကမ်းတွင် စီးဆင်းနေကြသော်လည်း မြစ်အချို့၏ မြစ်ကြောင်း တလျှောက်လုံးနှင့် မြစ်အများအပြား၏ အစိတ်အပိုင်း အတော်များများသည် လူနေကြဲသည့် ဒေသများကို ဖြတ်သန်း စီးဆင်းကြသဖြင့် ယင်းမြစ်ရေများ အလဟသ ဖြစ်နေရသည်။ ဥပမာ – တောင်အမေရိကတိုက် အယ်မဇုန်မြစ်တွင် ရေလှောင်ပမာဏ ကုဗကီလိုမီတာ ၈၅၀ ခန့်မျှ ရှိရာ ကမ္ဘာ့မြစ်များအားလုံး ရေလှောင်ပမာဏ၏ ၃၈ ရာခိုင်နှုန်းခန့်ကို ပိုင်ဆိုင်သည်။ သို့သော် အယ်မဇုန်မြစ်ဝှမ်းနေ လူဦးရေမှာ သန်း ၃၀ ခန့်ဖြစ်ရာ ကမ္ဘာ့လူဦးရေ၏ ဝ ဒသမ ၄ ရာခိုင်နှုန်းသာ ဖြစ်သည်။ မြစ်ရေက များပြီး အသုံးချမည့်သူက နည်းနေသဖြင့် ယင်းမြစ်ရေအများစုသည် လူတို့အတွက် အကျိုးမရှိဘဲ သမုဒ္ဒရာထဲသို့ အလဟသ စီးဝင်ဆုံးရှုံးနေသည်။
မြေအောက်ရေ
ကန်ရေချိုနှင့် မြစ်ရေအများစုကိုသာ လူတို့အသုံးမချနိုင်သည် မဟုတ်သေး၊ ယင်းတို့ထက် အဆပေါင်း ၁၁၀ ကျော်မျှ ထုထည်ကြီးမားသော ရေအရင်းအမြစ်တစ်မျိုး၏ အများစုကိုလည်း အသုံးမချနိုင်ကြချေ။ အဆိုပါ ရေအရင်းအမြစ်မှာ မြေအောက်ရေချို ဖြစ်သည်။ ကန်ရေ၊ မြစ်ရေများကဲ့သို့ပင် မြေအောက်ရေကြော အများစု၏ တည်နေရာသည် လူနေမြို့ရွာများနှင့် အလှမ်းဝေးကြသည်။ အလှမ်းဝေးရုံတင် မဟုတ်၊ လူနေမြို့ရွာများ၏ အောက်ရှိ မြေအောက်ရေကို တူးဖော်ထုတ်ယူရန် စွမ်းအင်တမျိုးမျိုးကို သုံးရသည့်အတွက် မြေပေါ်ရေထက် ကုန်ကျစရိတ် များသည်။ အနက်ပိုင်းရှိ မြေအောက်ရေများကို ထုတ်ယူရန် စရိတ်စက ကြီးလွန်းသည်။ အထုတ်များလွန်း၍ ကုန်ခန်းသွားလျှင် ပြန်ပြည့်ရန် ကာလရှည်ကြာသည်။ ထိုသို့ အားနည်းချက်အချို့ ရှိသော်လည်း ကန်ရေ၊ မြစ်ရေတို့ကို မရနိုင်လျှင် သို့မဟုတ် ယင်းတို့မျှဖြင့် မလုံလောက်လျှင် မြေအောက်ရေကို အားကိုးသုံးစွဲကြရသည်။ မြေအောက်ရေချို ထုထည် ကုဗကီလိုမီတာ ၁၁ သန်းခန့်မျှ ရှိသည့်အနက် ယခုအခါ ကမ္ဘာတစ်ဝန်းလုံး၌ တစ်နှစ်လျှင် မြေအောက်ရေ ကုဗကီလိုမီတာ ၉၈၀ ကျော်ခန့် ထုတ်ယူနေသည်။ ရှိသည့်ပမာဏနှင့် ယှဉ်လျှင် ထုတ်ယူမှု နည်းသော်လည်း ပြန်ပြည့်ရန် နှေးသော သဘာဝကြောင့် မြေအောက်ရေပြင် နိမ့်ကျလာသဖြင့် အကန့်အသတ်နှင့်သာ ထုတ်နေရသည်။ ကမ္ဘာတစ်ဝန်း စက်ရေတွင်း ၁၇၀ ဝဝဝ ကျော်နှင့် မြေအောက်ရေကြောစနစ် ၁၇၀ဝ နီးပါးကို လေ့လာချက်အရ မြေအောက်ရေကြော သုံးပုံတစ်ပုံခန့်၏ ရေပြင်သည် ၂၀ဝ၀ ပြည့်နှစ်ကစ၍ တစ်နှစ်လျှင် ဝ ဒသမ ၁ မီတာနှုန်း၊ မြေအောက်ရေကြော ၁၀ ရာခိုင်နှုန်းကျော်၏ ရေပြင်သည် တစ်နှစ်လျှင် ဝ ဒသမ ၅ မီတာကျော်နှုန်းနှင့် အချို့ရေကြောများ၏ ရေပြင်သည် တစ်နှစ်လျှင် တစ်မီတာကျော်နှုန်းအထိ နိမ့်ကျလာနေကြောင်း တွေ့ရသည်။
ပြန်ပြည့်နိုင်သော ရေအရင်းအမြစ်
ထုတ်ယူပမာဏ များလွန်းသည့်အပြင် မြေပေါ်ရေစိမ့်ဝင်ရန် မလွယ်ကူသဖြင့် မူလရေပြင်သို့ ပြန်မရောက်သော မြေအောက်ရေကြောများကို “ပြန်မပြည့်နိုင်သော ရေအရင်းအမြစ်များ”ဟု ခေါ်သည်။ ထို့အတူ သုံးစွဲမှု များလွန်းသဖြင့် ရေဝင်အလျဉ်မမီတော့ဘဲ လျော့နည်းသွားသည့် ကန်ရေနှင့် မြစ်ရေတို့သည်လည်း “ပြန်မပြည့်နိုင်သော ရေအရင်းအမြစ်များ”ပင် ဖြစ်ကြသည်။ ရေဖူလုံရေးအတွက် လုပ်ဆောင်ကြရာတွင် “ပြန်ပြည့်နိုင်သော ရေချိုအရင်းအမြစ်များ”(Renewable Freshwater Resources) ကိုသာ အလေးပေး စဉ်းစားကြသည်။
ကမ္ဘာပေါ်ရှိ ရေစုစုပေါင်း၏ ထုထည်သည် မတိုးမလျော့ တည်တံ့နေခဲ့သော်လည်း လူတစ်ဦးချင်း ရယူသုံးစွဲနိုင်သည့် ပြန်ပြည့်နိုင်သော ရေချိုအရင်းအမြစ်ပမာဏမှာမူ အချိန်နှင့်အမျှ လျော့နည်းလာလျက် ရှိရာ အကြောင်းရင်းများမှာ လူဦးရေ များလာခြင်း၊ တစ်ဦးချင်း ရေသုံးစွဲနှုန်း မြင့်လာခြင်း၊ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ငန်းတို့အတွက် ရေပိုလိုလာခြင်း စသည်တို့ကြောင့် ဖြစ်သည်။
ကမ္ဘာ့လူဦးရေသည် ၁၉၅၀ ပြည့်နှစ်တွင် သန်း ၂၅၀ဝ ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် သန်း ၈၀ဝ၀ ပြည့်ခဲ့သည်။ နှစ်ပေါင်း ၇၀ ကျော်အတွင်း သုံးဆကျော် တိုးသည်။ တိုးလာသောလူများအတွက် ရေပိုလိုလာသည်။ ကုလသမဂ္ဂ၏ တွက်ချက်မှုအရ သောက်သုံးရန်၊ ချက်ပြုတ်ရန်နှင့် တကိုယ်ရေ သန့်ရှင်းမှုများ အတွက် လူတစ်ဦး တစ်ရက်လျှင် ရေလီတာ ၅၀ မှ ၁၀ဝ အတွင်း လိုအပ်သည်။ စားသုံးသည့် အစာများ၊ ဝတ်ဆင်သည့် အဝတ်အစားများ၊ သုံးစွဲသည့် ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ရာတွင် ကုန်သောရေများကိုပါ ထည့်တွက်ပါက လူတစ်ဦး တစ်နေ့ လီတာ ၁၅၀ဝ မှ ၁၀ဝဝဝ အထိ လိုအပ်သည်။ နေထိုင်ရာအရပ်၊ ရာသီဥတု၊ လူနေမှုအဆင့်အတန်း၊ ရေသုံးစွဲသည့် အမူအကျင့် စသည်တို့ ကွာခြားသဖြင့် ရေလိုအပ်ချက်လည်း ကွဲပြားခြင်း ဖြစ်သည်။ လူဦးရေ များလာသည်နှင့်အတူ ကမ္ဘာ့နိုင်ငံအားလုံး၏ လူနေမှုအဆင့်အတန်းသည် ဖြည်းဖြည်းချင်း တိုးတက်လာသောကြောင့် ရေသုံးစွဲမှုတိုးနှုန်းသည် လူဦးရေတိုးနှုန်းထက် နှစ်ဆကျော် ပိုမိုမြင့်မားခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ရေသုံးစွဲမှုတိုးနှုန်းသည် လူဦးရေတိုးနှုန်းအတိုင်း တိုးလာနေကြောင်း သိရသည်။ဖြစ်နိုင်ခြေများအရ မဝေးလှသည့် အနာဂတ်တချိန်အထိ ကမ္ဘာ့လူဦးရေသည် တိုးလာရန်သာ ရှိသည့်အတွက် ရေလိုအပ်ချက် များလာမည်ဖြစ်ပြီး တစ်ဦးချင်း ရယူသုံးစွဲနိုင်သည့် ပြန်ပြည့်နိုင်သော ရေချိုအရင်းအမြစ်ပမာဏ လျော့နည်းလာရန် အလားအလာ ရှိသည်။
ရာသီဥတုပြောင်းလဲခြင်း

:ယင်းအခြေအနေကို ထပ်ဆင့်ဆိုးရွားစေသည်မှာ ပြောင်းလဲလာသော ရာသီဥတု ဖြစ်သည်။ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ရေသံသရာလည်ပတ်မှု ပိုမိုမြန်ဆန်ပြင်းထန်လာသဖြင့် ရေငွေ့ပိုပြန်လာကာ ကမ္ဘာ့ဒေသအများစု၌ နှစ်အလိုက် သို့မဟုတ် ရာသီအလိုက် မိုးပိုရလာသည်။ ဒေသအများအပြားတွင် မိုးပိုမိုသည်းထန်လာသည်။ မုန်တိုင်းပြင်းအား ပိုလာသည်။ ရေကြီးရေလျှံမှု ပိုဖြစ်လာသည်။ သို့သော် အချို့ဒေသများ၌မူ မိုးလျော့နည်းသွားသည်။ ခြောက်သွေ့သည့်ရက် များလာသည်။ တစ်ကမ္ဘာလုံး ပျမ်းမျှဆိုလျှင် ၂၀ ရာစုနှစ်အတွင်းက လေထုအပူချိန် တစ်ဒီဂရီ ဆဲလ်စီးယပ်စ် တက်တိုင်း မြေပေါ်ရေစီး လေးရာခိုင်နှုန်း ပိုလာသည်ဟု သိရသည်။ မိုးများလွန်းခြင်းသည် ရေတွင်း ရေကန်စသည်တို့ကို ပျက်စီးစေသကဲ့သို့ မိုးနည်းလွန်းလျှင်လည်း ရေရရှိရေးကို ထိခိုက်သည်။ ရေခဲမြစ်များ လျော့နည်းလာနေခြင်းကြောင့် ရေခဲမြစ်ပျော်ရေများကို မှီခိုနေရသည့် မြစ်ဝှမ်းဒေသနေလူများအတွက် ရေအခက်အခဲ ကြီးထွားလာသည်။ မြင့်တက်လာသော ပင်လယ်ရေပြင်ကြောင့် ကမ်းရိုးတန်း မြေအောက်ရေကြောများထဲသို့ ရေငန်ဝင်သည်။
ညစ်ညမ်းလာသောရေထု

ရေထုညစ်ညမ်းမှုက ရေကောင်းရေသန့် ရရှိနိုင်မှုကို ထပ်မံခက်ခဲစေလျက် ရှိသည်။ ရေအရင်းအမြစ် အမျိုးမျိုးကို ညစ်ညမ်းစေလျက် ရှိသည့် အခြင်းအရာတို့မှာ လူနေမြို့ရွာနှင့် စက်မှုလုပ်ငန်းတို့မှ ထွက်ပေါ်လာသော ရေဆိုးများ၊ ပလတ်စတစ်များ၊ စိုက်ခင်းများမှ ထွက်သည့် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အကြွင်းအကျန်များ၊ အခါအားလျော်စွာ ဖြစ်ပွားသည့် ရေနံယိုဖိတ်မှုများ၊ အက်စစ်မိုးများ ဖြစ်သည်။ ရေထုညစ်ညမ်းမှု ရှိမရှိကို တိုင်းတာသည့် အညွှန်းဓာတ်ပစ္စည်းများတွင် နိုက်ထရိုဂျင်လည်း တစ်မျိုးအပါအဝင် ဖြစ်သည်။ ကမ္ဘာတစ်ဝန်းရှိ ရေဝေဒေသငယ်ပေါင်း ၁၀ဝဝဝ ကျော်ကို လေ့လာချက်အရ ရေဝေဒေသငယ် ၂၀ဝ၀ ကျော်၌ နိုက်ထရိုဂျင်ဓာတ်ပေါင်းများ ရှိသင့်သည့်ပမာဏထက် ကျော်လွန်ညစ်ညမ်းစေလျက် ရှိကြောင်း သိရသည်။
ဖြည်းဖြည်းချင်း ဆုတ်ယုတ်လာနေ
လူဦးရေ များလာခြင်း၊ တစ်ဦးချင်း ရေသုံးစွဲမှုလည်း မြင့်မားလာခြင်းတို့ကြောင့် ဖြစ်ပေါ်သည့် ရေမလုံလောက်မှုအပေါ် ရာသီဥတုပြောင်းလဲခြင်းနှင့် ရေထုညစ်ညမ်းခြင်းတို့ကပါ ထပ်ဆင့်လိုက်သောအခါ တစ်ဦးချင်း ရနိုင်သည့် ပြန်ပြည့်နိုင်သော ရေချိုရေသန့် ပမာဏသည် စိုးရိမ်ဖွယ်အခြေအနေသို့ တဖြည်းဖြည်း ရောက်လာနေကြောင်း အောက်ပါပုံများဖြင့် သိနိုင်သည်။



အပေါ်ဆုံးပုံအရ ၁၉၆၄ ခုနှစ်က လူတစ်ဦးအတွက် ထုတ်ယူနိုင်သော ရေအရင်းအမြစ်ပမာဏ ကုဗမီတာ ၁၀ဝဝဝ၀ အထက်ရှိသည့်နိုင်ငံ အသင့်အတင့်များကြောင်း တွေ့ရမည်။ ယင်းနှစ်က နိုင်ငံအများစုသည် သောက်သုံးရန် စသည်အပြင် စိုက်ပျိုးမွေးမြူရေးအတွက်ပါ အနိမ့်ဆုံးလိုအပ်ချက် ဖြစ်သည့် ရေကုဗမီတာ ၂၀ဝ၀ နှင့် အထက် ပိုင်ဆိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေးအတွက် ရေမလုံလောက်သော နိုင်ငံအနည်းငယ် ရှိပြီး သောက်သုံးရန်စသည်တို့အတွက် မလုံလောက်သောနိုင်ငံဟူ၍ မတွေ့ရချေ။
အလယ်ပုံကို ကြည့်ပါက ၂၀ဝ၃ ခုနှစ်တွင် နိုင်ငံအများစုသည် ရေကုဗမီတာ ၂၀ဝ၀ နှင့် အထက် ပိုင်ဆိုင်ကြဆဲ ဖြစ်သော်လည်း ပိုင်ဆိုင်သော ရေအရင်းအမြစ်ပမာဏ နည်းလာသည်။ ဥပမာ – တရုတ်နိုင်ငံတွင် ထုတ်ယူနိုင်သော ရေပမာဏ ထက်ဝက်ကျဆင်းသွားသည်။ စိုက်ပျိုးမွေးမြူရေးအတွက် ရေမလုံလောက်သောနိုင်ငံ များလာသည့်အပြင် သောက်သုံးရန်စသည့် အခြေခံလိုအပ်ချက်တို့အတွက်ပင် ရေမလုံလောက်သော နိုင်ငံအချို့ ပေါ်လာသည်။
အောက်ဆုံးပုံအရ ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံအများစု၌ ထုတ်ယူသုံးစွဲနိုင်သော ရေအရင်းအမြစ်ပမာဏ ပိုနည်းလာသည်။ ဥပမာ – ပါကစ္စတန်နိုင်ငံရှိ ထုတ်ယူနိုင်သောရေပမာဏသည် ၁၉၆၄ ခုနှစ်ကနှင့်စာလျှင် ၈၀ ရာခိုင်နှုန်း လျော့နည်းသွားသည်။ စိုက်ပျိုးမွေးမြူရေးအတွက် ရေမလုံလောက်သော နိုင်ငံနှင့် သောက်သုံးရန် စသည်တို့အတွက် မလုံလောက်သောနိုင်ငံ ပိုများလာသည်။ တစ်ကမ္ဘာလုံးပျမ်းမျှဆိုလျှင် ရေချိုအရင်းအမြစ် နှစ်စဉ်ထုတ်ယူမှု အနည်းငယ်လျော့နည်းလာသော်လည်း နိုင်ငံအများအပြားတွင် ထုတ်ယူမှု တိုးမြင့်လာနေသည်။
ရေအတွက် ကြောင့်ကြနေရမှု
ရေမလုံလောက်မှု များလာနေသော အခြေအနေကို ဖြေရှင်းရန် ရေမည်မျှအထိ လျော့နည်းသွားလျှင် စိုးရိမ်စရာ ကောင်းသနည်း၊ အဆိုပါစိုးရိမ်ရသည့်အခြေအနေသို့ ရောက်နေသောနိုင်ငံများကား အဘယ်နည်း၊ စိုးရိမ်ရသည့်အခြေအနေသို့ ရောက်တော့မည့် နိုင်ငံများမှာ မည်သည့်နိုင်ငံများနည်း ဆိုသည်တို့ကို သိရှိရန် လေ့လာရာတွင် “ရေအတွက် ကြောင့်ကြနေရမှု” (Water Stress) ဟူသော ဝေါဟာရကို သုံးစွဲသည်။ နိုင်ငံတစ်နိုင်ငံ၌ လူတစ်ဦးအတွက် တစ်နှစ်လျှင် ရနိုင်သည့် ပြန်ပြည့်နိုင်သော ရေပမာဏသည် ကုဗမီတာ ၁၇၀ဝ အောက်သို့ ရောက်လျှင် ယင်းနိုင်ငံသည် ရေအတွက်ကြောင့်ကြနေရပြီဟု သတ်မှတ်သည်။ ပြန်ပြည့်နိုင်သော ရေပမာဏ ကုဗမီတာ ၁၀ဝ၀ အောက် ရောက်ပါက ရေရှားပါးသည်ဟု ခေါ်ကာ ကုဗမီတာ ၅၀ဝ အောက်အထိ ကျဆင်းသောအခါ ပကတိ ရှားပါးသည်ဟု ဆိုသည်။ ပကတိရှားပါးခြင်းသည် စိုးရိမ်စရာကောင်းသည့် အခြေအနေဖြစ်ပြီး ယင်းကို မကုစားနိုင်လျှင် အသုံးက များ၊ ပြန်ပြည့်သည်က နည်းသဖြင့် ရေပြတ်သည်အထိ ဖြစ်သွားနိုင်သည်။

ကမ္ဘာ့အရင်းအမြစ်အဖွဲ့အစည်း (World Resources Institute) က အပေါ်ပုံပါ ထုတ်ပြန်ချက်အရ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ လေးပုံတစ်ပုံ နေထိုင်သည့် နိုင်ငံ ၂၅ နိုင်ငံတွင် တစ်နှစ်အတွင်း ရေသုံးစွဲမှုပမာဏသည် ပြန်ပြည့်နိုင်သည့် ပမာဏ၏ ၈၀ ရာခိုင်နှုန်း အနည်းဆုံး ရှိနေသည်။ ပြန်ပြည့်နိုင်သောရေပမာဏ ငါးပုံလျှင် လေးပုံကို သုံးနေသည့်သဘော ဖြစ်သည်။ အထက်ပါဇယားသည် ၂၀၁၉ ခုနှစ် အခြေအနေကို ဖော်ပြခြင်း ဖြစ်၍ နောက်ပိုင်း၌ ပြောင်းလဲသွားနိုင်သည့်အပြင် ယင်းပြောင်းလဲခြင်းသည် အကောင်းဘက်သို့ မဟုတ်ဘဲ အဆိုးဘက်သို့သာ ဦးတည်နိုင်သည်။
တစ်ဖန် ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ထက်ဝက်နှင့် ညီမျှသည့် လူဦးရေသန်း ၄၀ဝ၀ ခန့် နေထိုင်ရာ နိုင်ငံများတွင် ပြန်ပြည့်နိုင်သော ရေပမာဏ၏ ၄၀ ရာခိုင်နှုန်းမျှ သုံးစွဲနေရသည့်အတွက် တစ်နှစ်လျှင် တစ်လခန့်မျှ ရေအတွက် များစွာ ကြောင့်ကြနေရသည်။ ရေလုံလောက်စွာ ရရှိရေးအတွက် အချိန်များစွာ၌ လူအားနှင့် ငွေကြေးအကုန်အကျခံ လုံးပမ်းနေရခြင်းကြောင့် အလုပ်အကိုင် ထိခိုက်ရသည်။
ဒေသအလိုက်ဆိုလျှင် မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသများသည် ရေအတွက် အကြောင့်ကြရဆုံး ဒေသများ ဖြစ်ကြသည်။ မြောက်အာဖရိကနေ လူဦးရေ၏ ၈၃ ရာခိုင်နှုန်းနှင့် အရှေ့အလယ်ပိုင်းဒေသနေ လူဦးရေ၏ ၇၄ ရာခိုင်နှုန်းတို့သည် ရေအတွက် ကြောင့်ကြနေရသည်။ ၂၀၅၀ ပြည့်နှစ်တွင် ကမ္ဘာ့ရေလိုအပ်ချက်သည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအတွင်း များပြားလာမည်ဟု ခန့်မှန်းရသည်။
ရေအတွက် ကြောင့်ကြနေရသည်ဟု ဆိုရာ၌ ရေအရင်းအမြစ် အမှန်တကယ် နည်းပါးသဖြင့် ကြောင့်ကြနေရခြင်း ရှိသကဲ့သို့ အချို့ဒေသများတွင် ရေပေါများသော်လည်း ရေဘက်ဆိုင်ရာ အခြေခံအဆောက်အအုံနှင့် ရင်းနှီးမြှုပ်နှံမှု မလုံလောက်ခြင်း၊ ရေဘက်ဆိုင်ရာ စီမံခန့်ခွဲမှု အားနည်းခြင်း စသည်တို့ကြောင့်လည်း ရေအတွက် ကြောင့်ကြနေကြရသည်။ဥပမာ – ရေအရင်းအမြစ် အလွန်ကြွယ်ဝသော မြန်မာနိုင်ငံတွင် ရေရရှိရေးအတွက် တစ်နိုင်ငံလုံး ပူပင်ကြောင့်ကြဖို့ မလိုဟု ယူဆနိုင်သော်လည်း ဒေသအချို့၌ ရေရှားပါးနေရခြင်းနှင့် ကြုံတွေ့နေရခြင်းမျိုး ဖြစ်သည်။
ရေအတွက် ကြောင့်ကြနေရချိန်တွင် ရေလိုအပ်ချက်က တိုး၍သာ လာနေသော်လည်း ရေပြတ်လပ်သည် အထိ ဆိုးရွားလာမည့်အရေးကို ရှောင်လွှဲ၍ ရနိုင်သေးသည်။ ရနိုင်သမျှ ရေအရင်းအမြစ်များမှ မိမိ အခြေအနေနှင့် ကိုက်ညီသည်တို့ကို ထုတ်ယူသုံးစွဲခြင်း၊ ပင်လယ်ရေငန်များကို ဖြစ်နိုင်သမျှ ရေချိုချက်လုပ်သုံးစွဲခြင်း၊ ရေအလေအလွင့်များကို တတ်နိုင်သမျှ ရှောင်ရှားခြင်း၊ ရေဘက်ဆိုင်ရာ မှန်ကန်သော စီမံခန့်ခွဲမှုများကို ကျင့်သုံးခြင်း၊ ရေဆိုးများကို တတ်နိုင်သမျှ ပြန်လည်သန့်စင်သုံးစွဲခြင်းစသည်တို့ကို ထိရောက်စွာ လုပ်ဆောင်နိုင်သည်။ ယင်းသို့ အောင်မြင်စွာ လုပ်ဆောင်နေသည့် သာဓကများစွာ ရှိသည်။
သာဓကများထဲက တစ်ခုဖြစ်သော အမေရိကန်နိုင်ငံ လာ့စ်ဗေးဂါ့စ်မြို့၏ နမူနာကို ကြည့်လျှင် ယင်းမြို့သည် ခြောက်သွေ့သော သဲကန္တာရထဲ၌ တည်ရှိကာ တစ်နှစ် မိုးရေချိန် မီလီမီတာ ၁၂၀ မျှသာ ရွာကျသော်လည်း မြို့နေလူဦးရေ သုံးသန်းနှင့် နှစ်စဉ်လာရောက်လည်ပတ်သူ သန်း ၄၀ တို့အတွက် ရေကို လောက်ငအောင် ပေးဝေနိုင်သည်။ လာ့စ်ဗေးဂါ့စ်အတွက် ရေကို မြို့နှင့် ကီလိုမီတာ ၅၀ ခန့်အကွာရှိ မိဒ်ရေကန်ထဲ စီးဝင်သည့် ကော်လိုရာဒိုမြစ်ရေ ၉၀ ရာခိုင်နှုန်းနှင့် မြေအောက်ရေကြောမှ ၁၀ ရာခိုင်နှုန်းစီ ရယူသည်။ ကော်လိုရာဒိုမြစ်သည် ရေစီးလျော့နည်းလာသောမြစ်ဖြစ်ရာ မြစ်ရေယူသောမြို့များကို ခွဲတန်းနှင့်သာ ပေးသဖြင့် လာ့စ်ဗေးဂါ့စ်သည် အချို့မြို့ကြီးများကဲ့သို့ ရေကို လိုသလောက် မရချေ။ ကန်ရေနှင့် မြေအောက်ရေမှလွဲပြီး အခြားအရင်းအမြစ်များလည်း မရှိသဖြင့် ရေချွေတာခြင်း၊ စွန့်ပစ်ရေများကို ပြန်လည်သန့်စင်ခြင်း အပါအဝင် ရေဘက်ဆိုင်ရာ ကောင်းမွန်ထိရောက်သော စီမံခန့်ခွဲမှုကို ကျင့်သုံးခြင်းဖြင့် ရေမလောက်ငမှုကို ကျော်လွှားနိုင်သည်။
အမြင်၌သာ ရေပေါများသော်လည်း လက်တွေ့တွင် အကြောင်းအမျိုးမျိုးကြောင့် ရေအခက်တွေ့နေသော ကမ္ဘာတွင် ကန်ရေ၊ မြစ်ရေ၊ မြေအောက်ရေတို့ကိုသာ ရေအရင်းအမြစ်များဟု ယူဆနေမည့်အစား ရေချွေတာခြင်း၊ စွန့်ပစ်ရေများကို ပြန်လည်သန့်စင်ခြင်းတို့ကို လုပ်ဆောင်လျှင်လည်း ရေအရင်းအမြစ်အသစ်များကို ထုတ်ဖော်အသုံးချသည်နှင့် အတူတူပင် ဖြစ်ကြောင်း လာ့စ်ဗေးဂါ့စ် အပါအဝင် မြို့ကြီးအချို့က သက်သေပြနေကြသည်။
ကိုးကား –
၂။ https://data.worldbank.org/indicator/ER.H2O.FWTL.ZS
၃။ https://www.wri.org/insights/highest-water-stressed-countries
Share this:
Related

အမြင်၌ ပေါများသည်ထင်ရသော်လည်း
May 28, 2023
In “Water”

ကမ္ဘာပေါ်၌ ရေများ ပျံ့နှံ့တည်ရှိပုံ (ဦးမြင့်သိန်း – မောင်ကျေးရေ)
July 23, 2023
In “Water”

အစက်ချစိုက်နည်း
October 8, 2021
In “Water”
PREVIOUS
ပြောင်းလဲနေသော ရေသံသရာကို ရေဖူလုံရေးရှုထောင့်မှလေ့လာခြင်း

- Adaptation and Resilience
- Atmosphere
- Awareness
- Climate Change
- Droughts
- Floods
- Greenhouse Gases
- Melting Ice
- Ocean
- Pollution
- Precipitation
- Resources
- Sea Level Rise
- Security
- Temperature Rise
- Wastewater
- Water
Agriculture. Antarctic Arctic Ayarwaddy Coral Reef DesalinationEnvironment Evaporation Greenland GroundwaterInnovations Methane Myanmar People Permafrost RainwaterRecharge Rivers Saving Wastewater Reuse Watershed Yangon
