Archaeology ရှေးဟောင်းအမွေ ။ ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့ထဲက ရှေး ဟောင်း အမွေ အဆောက်အဦ ။

Zay Myo Lin Facebook post 21 June 2018

မင်းလှလို မြို့ကလေးမှာ ဒီလို ဥရောပဆန်တဲ့ အဆောက်ဦးလေး ရှိနေလိမ့်မယ်လို့ ဘယ်သူမှထင်ထားမှာ မဟုတ်ပါဘူး။
မင်းလှမြို့ဆိုတာ ပဲခူးတိုင်း အနောက်ဘက်အခြမ်းမှာရှိတဲ့ မြို့ငယ်လေးပါဘဲ။ ရန်ကုန်ကနေသွားမယ်ဆိုရင် ဥက္ကံ ၊ သုံးဆယ်၊ သာယာဝတီ၊ လက်ပန်တန်းပြီး ရင် မင်းလှမြို့ရောက်ပါပြီ။

ရန်ကုန် – ပြည်လမ်းမပေါ်မှာတော့ မဟုတ်ပါဘူး။ မင်းလှမြို့ထဲကို ၂ မိုင်ကျော်လောက် ချိုးဝင်မှ ရောက်ပါတယ်။ စိုက်ပျိုးရေး အခြေပြုတဲ့ မြို့ငယ်လေးပါဘဲ။ ကိုလိုနီခေတ်ဦးပိုင်းလောက်က မင်းလှမြို့ဟာ စီးပွါးရေးကောင်းတယ်။ သီးနှံပွဲရုံ လုပ်ငန်းတွေ ပေါများခဲ့သလို ၊ ပွဲရုံသူဌေးတွေလည်း ပေါများခဲ့ဖူးပါတယ်။

ခုပြောချင်တာက မြို့သမိုင်းမဟုတ်သလို ၊ အလှူရှင်သမိုင်းလည်း မဟုတ်ပါဘူး။ ဒီအဆောက်ဦးက မင်းလှမြို့လယ်လောက်မှာရှိတယ်။ ဘယ်နားရှိလည်း မမေးနဲ့ ၊ ကိုယ့်ဖာသာရှာစေချင်လို့ မရေးတာ။

ဒီဘုန်းကြီးကျောင်း အကြောင်းဘာမှကြိုတင် သိရှိထားတာမျိုးမရှိတဲ့အတွက် ဒီအဆောက်ဦးကို စပြီးမြင်လိုက်ရတဲ့အချိန်မှာ ပလီတစ်ခုလို့ အထင်မြင်မှားမိပါသေးတယ်။ တခြားကြောင့်မဟုတ်ပါဘူး ရုရှား နှင့် ဥရောပနိုင်ငံတချို့ရဲ့ ပလီဟန်လေး နည်းနည်းလောက်ပါနေလို့ပါဘဲ။

ဒါပေမယ့် သေခြာကြည့်တဲ့အခါ dome shapeတွေက မတူပြန်ပါဘူး။ အောက်နားလေးဆီက ပြတင်းပေါက် ပေါင်းကူးဟန် Arch and curve တွေကြည့်တဲ့အခါ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ တူနေပြန်ပါတယ်။ ဒါပေမယ့် လက်ဝါးကပ်တိုင်လို့ခေါ်တဲ့ crucifix တွေဘာတွေလည်း မတွေ့ရပြန်တော့ ဒါက ခရစ်ယာန်ဘုရားကျောင်း မဟုတ်ဖူးလို့ အလွယ်တကူ တွက်ဆလို့ ရသွားပြန်ရော။

ပလီလည်း မဟုတ်၊ ဘုရားကျောင်းလည်း မဟုတ်ဖူးဆိုတော့ သင်္ချိုင်းရာများလား ၊ ဒါမှ မဟုတ် လူနေအိမ်များလားလို့ ထင်မိပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဆောက်ဦးအတွင်းပိုင်းကို မြင်လိုက်ရတဲ့အချိန်မှာတော့ ထင်မထားမိတဲ့ မြင်ကွင်းပါဘဲ။

အရွယ်စားကြီးမားတဲ့ ထိုင်တော်မူရုပ်ပွါးတော်တစ်ဆူကို တွေ့ရပါတယ်။ အဆောက်ဦးအပြင်ပိုင်းမှာအလှဆင်ထားတဲ့ အင်းဂတေပန်းတွေတင် ဥရောပဟန်ဆန်တာ မဟုတ်ပါဘူး ၊ ရုပ်ပွါးတော်နောက်က အရွယ်စားကြီးမားတဲ့ သစ်သား တံကဲဟာလည်းဘဲ ဥရောပဆန်တာတွေ့မိပါတယ်။

ဘန်းစကားနဲ့ ပြောရင် ဘိုလ်ဆန်တယ်ပေါ့။ ကျန်တာတွေတော့ ကုန်စင်အောင် ထည့်မရေးတော့ပါဘူး။ ကိုယ့်ဖာသာလေ့လာ ရှာဖွေစူးစမ်းစေချင်လို့ပါ။

အဲဒီ အဆောက်ဦးအပြင် အခြားစိတ်ဝင်စားဖို့ကောင်းတာတစ်ခုက ပခုက္ကူတံကဲ ဖန်တီးခဲ့တဲ့ ဆြာမောင်ဘိုးမင်း ရဲ့လက်ရာ တံကဲ နောက်တစ်ခုရှိနေပါသေးတယ်။ မောင်ဘိုးမင်းတို့ သားအဖတွေ ထုဆစ်ဖန်တီးခဲ့ကြတဲ့ တံကဲ သုံးခုထဲက တစ်ခုဟာ မင်းလှမြို့မှာ ရှိတယ်ဆိုတာ လူသိနည်းကြပါလိမ့်မယ်။

ရှေးဟောင်း အမွေနှစ်လို့ Naitonal Heritage လို့ပြောကြတဲ့အခါ မြန်မာဆန်တာ၊ ရှေးသိပ်ကျတာ တွေကြီးဘဲမဟုတ်ပါဘူး။ ၁၉ ရာစုလက်ရာ၊ ကိုလိုနီခေတ်လက်ရာတွေဟာလည်းဘဲ တန်းတူ တန်ဖိုးရှိကြပါသေးတယ်။

ခုမြင်နေရတဲ့ အဆောက်ဦးဟာ ကျနော်တွေ့ဖူးသမျှ ရှေးဟောင်း အဆောက်ဦးတွေထဲမှာ ဥရောပအဆန်ဆုံး၊ အဆောက်ဦး Facade အလှဆုံးပါဘဲ။ ဒီအချက်နဲ့ တင်မင်းလှမြို့ဟာ သွားရောက်လည်ပတ် လေ့လာသင့်တယ်ဆိုတဲ့အကြောင်း လက်တို့သတင်းပေးလိုက်ပါတယ်။