HISTORY BURMA of Pyu and the Ancient First City States of Myanmar

ပျူစာဆိုတာ သရေခေတ္တရာခေတ်သုံးမြန်မာစာ

******** ****** ******

သမိုင်းနဲ့စပ်ဆိုင်တဲ့ အကြောင်းအရာတွေ ရေးတဲ့အခါ သုတေသန စံပေါ်က ရေးတာရှိကြသလို သူများရေးထားတဲ့ စာတွေ ဟိုတစ်ဒီတစ်စဖတ်ပြီး ကိုယ့်အထင် ကိုယ့်အမြင်ကို ကိုယ့်ရဲ့ တွေးလုံး ကြံလုံး မှန်းဆမှုတွေကို ရေးကြတာမျိုးလဲရှိတယ်။

သုတေသန စံပေါ်က ရေးတယ်ဆိုတာ ကိုယ့်အမြင် ကိုယ့်သုံးသပ်ချက် ဆိုရင်တောင်မှ အထောက်အထား ပေးပြီး အထောက်အထားပေါ်က အမြင်၊ အထောက်အထားပေါ်က သုံးသပ်မှုကို ပြောရတာဖြစ်တယ်။

အကိုးအကားပေးပြီး ပြောတယ်ဆိုရင်တောင် စစ်ဆေးပြီး ပြောရတာမျိုးဖြစ်တယ်။

ဒါမှ အမှန်သမိုင်းအတွက် အထောက်အကူဖြစ်တယ်။

ဒုတိယနည်း ဖတ်ဖူးသလောက် ကြားဖူးသလောက်ကနေ ကိုယ့်အမြင် သို့မဟုတ် ကိုယ့်ရဲ့တွေးလုံး ကြံလုံး ကိုရေးတာကတော့ စိတ်ကူးသက်သက်ပဲဖြစ်ပြီး အမှန်သမိုင်းအတွက် ဘာမှ အရေးမပါဘူး။

ဒါကြောင့် ဒုတိယနည်းနဲ့ ရေးထားတဲ့ စာတွေဟာ အထောက်အထား စစ်ဆေးထားတဲ့ အကိုးအကား မပါတဲ့အတွက် တွေးရင်တွေးသလို ကြံရင်ကြံသလို စိတ်ကူးရှိသလောက် လျှောက်ပြောလို့ရတဲ့ စာတွေဖြစ်တာကြောင့် အမှန်သမိုင်းအတွက် အရေးမပါပေမယ့် သမိုင်းနဲ့အလှမ်းဝေးသူတွေ အသိမှား အမြင်မှား ဖြစ်မှာစိုးလို့ ပရိတ်သတ်အချို့က တောင်းဆိုလို့ အမှန်ကို စစ်ဆေးပေးမှာ ဖြစ်ပါတယ်။

အောက်ပါ ကွင်းခတ်ထားတဲ့ စာများကတော့ ဒုတိယနည်းနဲ့ ရေးထားတဲ့စာဖြစ်ပြီး ကျွန်တော် စစ်ဆေးမှာ ဖြစ်ပါတယ်။

(ရာဇကုမာရ်ကျောက်စာမှာ အများသိထားသလို ဘာသာစကားလေးခုနဲ့ ရေးဖွဲ့ထားတယ်။ မွန် မြန်မာ ပါဠိ ပျူ ပေါ့လေ။)

ရာဇကုမာ ကျောက်စာမှာ ဘာသာစကားလေးခုနဲ့ ရေးထိုးထားတယ်ဆိုတာ သုတေသန အသစ်တွေအရ မမှန်တော့ပါဘူး။

အမှန်က ရာဇကုမာ ကျောက်စာမှာ ဘာသာစကား သုံးခု၊ အက္ခရာရေးဟန် နှစ်ခုတို့နဲ့ ရေးထိုးထားတာဖြစ်တယ်။

အဲဒီ ဘာသာစကားသုံးခုက မွန် မြန်မာ ပါဠိ နဲ့ ပျူစာလို့ခေါ်တဲ့ သရေခေတ္တရာ ခေတ်သုံး မြန်မာဘာသာ တို့နဲ့ ရေးထိုးခဲ့တာသာ ဖြစ်ပါတယ်။

ရာဇကုမာ ကျောက်စာကို လေးဘာသာထိုးလို့ ဘာလို့ မှားယွင်းပြောခဲ့ကြသလဲဆိုတာ သိရဖို့ လူသိနည်းလှတဲ့ ဒီကျောက်စာ တွေ့ရပုံ သမိုင်းကြောင်းကို ပြန်ပြောပြဖို့လိုပါတယ်။

ရာဇကုမာကျောက်စာကို ကိုလိုနီခေတ်က ကျောက်စာဝန်ဌာနက စတင်မှတ်တမ်းတင်နိုင်တာကတော့ ၁၈၈၀ မှ ၁၈၉၀ အထိ မြန်မာနိုင်ငံရဲ့ ပထမဆုံး ကျောက်စာဝန်အဖြစ် အမှုထမ်းသွားတဲ့ ဂျာမန်လူမျိုး အီးဖောသျှမ်းမား (ရန်ကုန်ကောလိပ်၊ ပါဠိပါမောက္ခ) လက်ထက်မှာ ဖြစ်တယ်။

ဒေသခံ ပုဂံပြည်သူတွေ ထံက သတင်းရလို့ ရာဇကုမာကျောက်စာကို ကျောက်စာဝန်ဌာန (ယခု ရှေး/သု) က ၁၈၈၆ မှာ စတင် မှတ်တမ်းတင် နိုင်ခဲ့ပါတယ်။

လေးမျက်နှာရှိတဲ့ ကျောက်စာတိုင်မှာ ပါဠိ၊ မြန်မာ၊ မွန် သုံးမျက်နှာကိုတော့ ဖတ်တတ်ပြီး ရှေးအက္ခရာတွေနဲ့ ရေးထိုးထားတဲ့ ကျန်တစ်မျက်နှာကိုတော့ မဖတ်တတ်ခဲ့ကြဘူး။

သုတေသန လုပ်ထုံးမှာ မည်သည့်လူမျိုး၊ မည်သည့်ဘာသာစကား မှန်းမသေခြာသေးရင် အမျိုးအမည်မသိ (unknown) လို့ပဲ ခေါ်ရပါတယ်။ ကိုယ်ပေးချင်တဲ့ လူမျိုးအမည် ပေးလိုက်လို့ မရပါဘူး။ နောင် မှားသွားရင် ပြင်ရခက်လို့ပါ။

အဲဒီ သုတေသနလုပ်ထုံးနဲ့ အညီ ဂျာမန်ကြီး အီးဖောသျှမ်းမားက သူမသိလို့ မသိတဲ့အတိုင်း အမျိုးအမည် မသိ ကျောက်စာ (unknown inscription) လို့သာ မှတ်တမ်းပြုခဲ့တယ်။

အီးဖောသျှမ်းမား နောက် ဒုတိယမြောက် ကျောက်စာဝန် တော်စိန်ခိုကလည်း အမျိုးအမည်မသိ (unknown) လို့သာ ဆက်လက်မှတ်တမ်း တင်ခဲ့တယ်။

ဆရာကြီးတော်စိန်ခို အငြိမ်းစားယူမယ့် (၁၉၁၁-၁၂) ကာလမှာ သရေခေတ္တရာ မြို့ဟောင်း ဘောဘောကြီး စေတီအနီးက အလားတူ စာတွေ ထပ်တွေ့ခဲ့ကြတယ်။ ရှေးဟောင်း ကျောက်အရိုးအိုးကြီး လေးလုံးပေါ်မှာ ထွင်းထားတာ။

ဆရာကြီးတော်စိန်ခိုနောက် တတိယမြောက် ကျောက်စာဝန်အဖြစ် ဆက်ခံမှာက ရန်ကုန်ကောလိပ် ပါဠိပါမောက္ခ ချားဒူရွယ်ဆယ်လ် ဖြစ်တယ်။

အဲ့ဒီတုန်းက ရန်ကုန်ကောလိပ် အင်္ဂလိပ်စာ ပါမောက္ခ (သမိုင်းပါမောက္ခ မဖြစ်သေး) ဂျီအိပ်ခ်ျလုစ်က ရာဇကုမာကျောက်စာက မဖတ်တတ်တဲ့ unknown စာမျက်နှာရယ်။ သရေခေတ္တရာ ကျောက်အရိုးအိုးကြီး လေးလုံးပေါ်က စာတွေရဲ့ မင်ကူးဓာတ်ပုံတွေကို လန်ဒန်တက္ကသိုလ်က ဂျီအိတ်ခ်ျလုစ်ရဲ့ ဆရာအရင်း မစ္စတာဗလက်ဒင် (ဘာသာဗေဒ ပါမောက္ခ) ထံ ပေးပို့ ဖတ်ခိုင်းဖို့ အကြံပြုပါတယ်။

G.H Luce အကြံပြုတဲ့အတိုင်း ဗလက်ဒင်ထံ ပေးပို့ဖတ်ခိုင်းတဲ့အခါ မစ္စတာဗလက်ဒင်ဟာ အထက်ပါ unknown စာတွေကို ဖတ်ကြည့်ပြီး အဓိပ္ပါယ်နဲ့ သဒ္ဒါကို မဖော်နိုင်လို့ သူလည်း ဘာစာမှန်း မသိပါဘူး။

သူ့အနေနဲ့ မသေခြာပေမယ့် ခေါ်ရလွယ်အောင် မှတ်ရလွယ်အောင် စိတ်အထင်မှန်းဆပြီး မြန်မာနဲ့ မတူတဲ့ ပျူစာ၊ ပျူအက္ခရာ လို့ ယာယီ အမည်ပေးပါသတဲ့။ (လေဘယ် တပ်ပါသတဲ့)။

အဲ့သလို ပျူ လို့ ခေါ်တာကိုလည်း အတည်မပြုပါဘူး တဲ့။

နောင် ပြင်နိုင်တဲ့ အခါ အမည်ပြန် ပြင်ကြပါတဲ့။ (ဗလက်ဒင် အတည်မပြုကြောင်း ပုံမှာ ပြထားတယ်)

စကားကြုံတုန်း မှတ်သားစရာ ပြောရရင် ရာဇကုမာ ကျောက်စာက ရှေးဟောင်းမွန်စာကို အဲဒီခေတ်က မြန်မာနိုင်ငံ ဘယ်မွန်မှ မဖတ်တတ်ပါဘူး။

ကျန်စစ်သားနန်းတည်ကျောက်သာတို့၊ ပြည်ရွှေဆံတော်ကျောက်စာတို့ဆိုလည်း မြန်ပြည်က အဲဒီခေတ် ဘယ်မွန်လူမျိုးမှ မဖတ်တတ်ပါဘူး။

အခုအထိလည်း အဲဒီကျောက်စာတွေမှာ အဓိပ္ပါယ်ဖေါ်လို့မရတဲ့ ဘာမှန်းမသိတဲ့ မွန်ဝေါဟာရတွေအများကြီးပါတယ်။

ဗလက်ဒင်က မလေးရှားမှာ တာဝန်ထမ်းဆောင်စဉ် ယိုးဒယားဘက်က မွန်တွေဆီက ရှေးဟောင်းမွန်စကား မွန်စာသင်ယူပြီး ရှေးဟောင်းမွန်စာ တတ်ပါတယ်။

အံ့သြစရာကောင်းတဲ့အချက်က ပုဂံခေတ်က ရှေးဟောင်းမွန်စာကို မြန်မာပြည်က ဘယ်မွန်မှ မဖတ်တတ်ပဲ ဗလက်ဒင်ဖတ်ပေးခဲ့တာပါ။

အဲဒီအချိန် ပုဂံခေတ်ရှေးဟောင်း မြန်မာစာ အက္ခရာတွေကို ဖတ်တတ်တဲ့ မြန်မာပညာရှိပေါင်း များစွာတော့ ရှိနေပါတယ်။

အင်္ဂလိပ်အစိုးရဝန်ထမ်းထဲက ကင်းဝန်မင်းကြီးတို့၊ ဝန်ထောက်မင်းဦးမောင်မောင်တင်တို့၊ ပုဂံဝန်ထောက်မင်းဦးတင်တို့ အပါအဝင် သီပေါမင်းနန်းတော်က မြန်မာအရာရှိ ကြီးငယ်တွေ ဟာ ပုဂံခေတ် မြန်မာစာနဲ့ ပါဠိကို ကောင်းကောင်းကြီး ဖတ်တတ်ပါတယ်။

အင်္ဂလိပ်က ကျောက်စာဝန်ဌာနဖွဲ့တဲ့အခါ ပုဂံခေတ် ပင်းယခေတ် အင်းဝခေတ် ကျောက်စာတွေဖတ်နည်းကို မြန်မာပညာရှိတွေက နိုင်ငံခြားသား ကျောက်စာဝန်တွေကို ပြန်သင်ပေးရတာဖြစ်တယ်။

အင်္ဂလိပ်အစိုးရ ဌာနတွင်းက မဟုတ်တဲ့ ပြင်ပမှာလဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ မှော်ပီဆရာသိန်းတို့လို ပြင်ပ ပညာရှင်တွေဟာ ပုဂံခေတ် မြန်မာကျောက်စာတွေကို ဖတ်တတ်ပါတယ်။

သခင်ကိုယ်တော်မှိုင်းဆိုရင် ပျူစာလို့ခေါ်ကြတဲ့ သရေခတ္တရာခေတ် မြန်မာစာတွေကိုပါ ဖတ်တတ်ပါတယ်။

ဗလက်ဒင်ဟာ ရာဇကုမာကျောက်စာကို လုံးတိုက် တိုက်နည်းနဲ့ ဖတ်ခဲ့ပြီး unknown လို့ခေါ်ရမယ့် ယာယီအမည်ပျူဘက်ခြမ်းက ဝေါဟာရ ၆၀ကျော် ဖေါ်ထုတ်တာကလွဲရင် ဝါကျ ဘယ်ကစပြီး ဘယ်မှာ ဆုံးလဲတောင် မဖေါ်ထုတ်နိုင်ပါဘူး။

ဘယ်ဘာသာစကား ဘယ်လူမျိုးရဲ့ သဒ္ဒါဆိုတာကိုလဲ မဖေါ်ထုတ်နိုင်ပါဘူး။

ဒီနေရာမှာ အရေးကြီးတဲ့ အချက်ကိုပြောရရင် မူလက မြန်မာနိုင်ငံမှာ ပျူနဲ့ဗမာ မတူဘူးဆိုတဲ့ ပြဿနာမရှိပဲ ဗလက်ဒင် ယာယီအမည်ပျူလို့ တပ်ပြီးနောက် ၁၉၁၂ နောက်ပိုင်းမှ ပျူနဲ့မြန်မာ မတူဘူးဆိုတဲ့ ပြောဆိုသံတွေ စရှိလာတာဖြစ်တယ်။

ပျူသည် မြန်မာဖြစ်ကြောင်း ရာဇကုမာကျောက်စာမှ စတုတ္ထမျက်နှာသည် ပျူစာခေါ် သရေခေတ္တရာခေတ်သုံး မြန်မာစာဖြစ်ကြောင်း ဆရာဦးဘုန်းတင့်ကျော်က မြန်မာ့သမိုင်းကော်မရှင်မှာ စာတမ်းဖတ်ပြီး ပညာရှင်ဒေါက်တာသန်းထွန်း စစ်ဆေး၊ အတည်ပြု၊ လက်ခံခဲ့ပြီးပါပြီ။

သမိုင်းကော်မရှင်မှ ပညာရှင် ဆရာကြီး ဆရာမကြီးများလဲ ကြားနာ လက်ခံခဲ့ပြီးဖြစ်တယ်။

ရာဇကုမာ ကျောက်စာကို ဗလက်ဒင်တို့ခေတ်ကတည်းက ပုဂံခေတ် မြန်မာဘာသာနဲ့ အရင်ရေးပြီး ကျန်သုံးဘာသာကို ပြန်ဆိုတယ်လို့ ပြောခဲ့တာ အငြင်းပွားမှု မရှိသေးပါဘူး။

ဒါကို ရှင်းလင်းအောင် ပြောရရင် လေးမျက်နှာ ကျောက်တုံးမှာ ပုဂံခေတ် မြန်မာစာအရေးအသားသည် ပထမအရေးအသားဖြစ်ပြီး အဲဒီအဓိပ္ပါယ်အတိုင်း မွန်ဘာသာနဲ့ရေးမယ်။

ပါဠိ ဘာသာနဲ့ ရေးမယ်။

ပျူခေတ်(ဝါ) သရေခေတ္တရာခေတ်သုံး မြန်မာစာ (ဝါ) ပျူစာနဲ့ ရေးမယ်။

ဘာလို့ ဒီလိုရေးသလဲလို့ မေးရင် အတိုဆုံးမဖြေက

မွန်ဘာသာနဲ့ ရေးရခြင်းသည် အောက်ပြည်အောက်ရွာမှ ယိုးဒယားဘက်မှ ပုဂံကို ဘုရားလာဖူးတဲ့ မွန်ရဟန်းသံဃာတွေ၊ ဗုဒ္ဓဘာသာမွန်တွေ မွန်ဘာသာစကားနဲ့ ဖတ်နိုင်ဖို့ မွန်ဘာသာသို့လဲ ပြန်ဆိုရေးပေးတာဖြစ်မယ်။

ပါဠိနဲ့ရေးတာက အကြောင်းနှစ်ချက်ရှိမယ်။

၁။ ထေရဝါဒဗုဒ္ဓဘာသာ ဖြစ်တဲ့အလျောက် ဘုရားဟော ပါဠိကိုအမွန်အမြတ်ထားလို့ ပါဠိနဲ့ရေးမယ်။

၂။ အဲဒီအချိန် ပုဂံဟာ ထေရဝါဒ သာသနာပြုဗဟိုဖြစ်တာကြောင့် သီဟိုဠ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စတဲ့ တိုင်းပြည်အသီးသီးနဲ့ အပြန်အလှန်သာသနာရေး ဆက်သွယ်မှုတွေကြောင်း သမိုင်းမှတ်တမ်းတွေရှိတယ်။

ပါဠိလိုရေးတာဖြစ်တဲ့အတွက် ပါဠိတတ်တဲ့ မည်သည့်နိုင်ငံက ပုဂ္ဂိုလ်ဖြစ်ပါစေ ဒီအလှူမှတ်တမ်းကို ဖတ်နိုင်မယ်။

ပုဂံခေတ်သုံး မြန်မာစာနဲ့ ရေးတာက ရှင်းတယ်။

သူ့ခေတ်မှာ အသုံးတွင်ကျယ်တဲ့ စာပေနဲ့ရေးတာ။

(သတိပြုရမှာက ပုဂံခေတ်သုံးမြန်မာစာ၊ ပါဠိ၊ မွန်ဘာသာတို့မှာ အသုံးပြုထားတဲ့ အက္ခရာက ပုဂံမြန်မာ အက္ခရာ ဖြစ်တယ်။ ပုဂံမြန်မာ အက္ခရာနဲ့ ပါဠိရောမွန်စာမှာပါသုံးတယ်။)

နောက်တမျိုးက ပျူစာလို့ခေါ်နေကြတဲ့ သရေခေတ္တရာခေတ်သုံး မြန်မာစာနဲ့ပါ ထပ်ရေးတာ ဖြစ်ပါတယ်။

လူမျိုးတစ်မျိုးက စာနှစ်မျိုးသုံးစရာ အကြောင်းမရှိဘူးလို့ ပြောနေသူတွေကို ပြောချင်တာက လူမျိုးတစ်မျိုးတည်းကပဲ စာနှစ်မျိုးသုံးတာ ကမ္ဘာမှာပါရှိတယ်။ မဆန်းပါဘူး။

အဲဒါကတော့ အီဂျစ်က ရိုဆက်စတား ကျောက်စာပါ။

ဒီနေရာမှာတော့ ပထမ မြန်မာစာနဲ့ ရေးပြီးပြီ။

နောက်ထပ်မတူတဲ့ မြန်မာစာနဲ့ ထပ်ရေးစရာလိုသေးလားလို့ မေးစရာရှိတယ်။

အဲဒီမေးခွန်းကို ဖြေရရင် သမိုင်းနဲ့ရှေးဟောင်းသုတေသန ရလာဘ်တွေကို မဖြစ်မနေကြည့်ပြီး ဖြေရမှာဖြစ်တယ်။

မြန်မာနိုင်ငံ သမိုင်းဖြစ်စဉ်ကို ကျောက်ကြမ်းခေတ်၊ ကျောက်ချောခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ်၊ ပုဂံခေတ် စသဖြင့် သတ်မှတ်ရာမှာ ရှေးဟောင်းသုတေသနဘက်က ဗိသုကာဆိုင်ရာ ခေတ်ခွဲခြားမှုတွေနဲ့ သတ်မှတ်ရာမှာ အနော်ရထာခေတ်ကို ပျူခေတ်နဲ့ ပုဂံခေတ် အကူးအပြောင်းကာလလို့ သုတေသန ရလာဘ်တွေအရ ခေါ်ဆိုကြတယ်။

အနော်ရထာခေတ်သည် ပျူခေတ်လက်ရာ စေတီပုထိုးလက်ရာများ ပျူခေတ်ဟန်မှ ပုဂံခေတ်ဟန်သို့ အကူးအပြောင်း ကာလဖြစ်သလို အက္ခရာရေးဟန်လည်း ကူးပြောင်းချိန်ဖြစ်တယ်ဆိုတာ အနော်ရထာရဲ့ စေတီပုထိုး၊ အုတ်ခွက်လက်ရေးစာတွေက သက်သပါပဲ။

အဲဒီလို အကူးအပြောင်းကာလတွေမှာ စနစ်သစ်ကိုပြောင်းတာ လက်ခံသူတွေ ရှိသလို လက်မခံသူတွေလဲ ရှိတတ်တာ သဘာဝပါ။

ထူးခြားမှုအနေနဲ့ အနော်ရထာနဲ့နောက်ပိုင်း ပျူစာခေါ် သရေခေတ္တရာခေတ် မြန်မာစာကို နန်းတွင်းအသိုင်းအဝိုင်းကသာ သုံးစွဲတာ တွေ့ရှိရပြီး အသည်သား ပြည်သူအများ သုံးစွဲတာ မတွေ့ရပါဘူး။

ဒီလိုပြောတာ နန်းတွင်းအသိုင်းအဝိုင်းသည် ပျူစာခေါ် သရေခေတ္တရာခေတ် မြန်မာစာ တစ်ခုတည်းကို သုံးစွဲတယ်လို့ မဆိုလိုပါဘူး။

ပျူခေတ်ဟန်မှ ပုဂံခေတ်ဟန်သို့ အပြောင်းအလဲ ကာလဖြစ်တဲ့ အနော်ရထာခေတ်မှ စကြည့်လျှင် အနော်ရထာမင်းကြီးရဲ့ အမတ် သံဗျင် ဗညားနော အုတ်ခွက်စာ (အချို့က အမတ်ကြီး သံဗျင် ပညာဏ) သည် ပျူစာခေါ် သရေခေတ္တရာခေတ် မြန်မာစာကို သုံးစွဲထားတာ တွေ့ရတယ်။

အနော်ရထာမင်းကြီးကတော့ ခေတ်သစ်တော်လှန်ရေးသမားပီပီ ဂဝံကျောင်းကျောက်စာ၊ ရွှေဆံတော်ဘုရား မြေမီးဖုတ်ပြား ဇာတ်တော်တို့မှာ ပုဂံခေတ်ဟန်နဲ့ ရေးပြီး အုတ်ခွက်ဘုရားတွေမှာတော့ ပျူခေတ်ကနေ ပုဂံခေတ်ကို ကူးပြောင်းဟန်နဲ့ရေးတယ်။

အနော်ရထာမင်းစောရဲ့သား စောလူးမင်းကတော့ ပုဂံခေတ်ဟန်နဲ့ ကျောက်စာတွေရေးသလို အသစ်တွေ့ မြစ်သား ကျောက်စာမှာ ပျူစာခေါ် သရေခေတ္တရာခေတ် မြန်မာစာရော ပုဂံခေတ် အက္ခရာတွေနဲ့ပါ ရေးပါတယ်။

အနော်ရထာမင်းကြီးရဲ့ နောက်ထပ်သားတော် ကျန်စစ်သားမင်းကြီး နတ်ရွာစံခါနီးကာလမှာ အနော်ရထာရဲ့မြေး၊ ကျန်စစ်သားရဲ့ သားတော် ရာဇကုမာက ပုဂံခေတ်မြန်မာစာရော ပျူစာခေါ် သရေခေတ္တရာခေတ်မြန်မာစာနဲ့ရော စာရေးပါတယ်။

ဘာလို့ မြန်မာစာကို နှစ်မျိုးရေးသလဲဆိုတော့ ခေတ်ဟောင်းက အရေးအသားကို ဆက်လက်ထိမ်းသိမ်းလိုခြင်းလဲ ဖြစ်နိုင်သလို အဲဒီခေတ်က ခေတ်ဟောင်းက စာပေများကိုသာ နှစ်သက်တဲ့သူတွေ ဖတ်ဖို့အတွက်ပါ ရေးပေးခြင်း ဖြစ်ပါတယ်။

နိုင်ငံရေးအရကြည့်မယ်ဆိုရင်လည်း ခေတ်သစ်စာပေကို အသုံးပြုသလို ခေတ်ဟောင်းစာပေများကိုသာ သဘောကျတဲ့သူတွေကိုလဲ မပစ်ပယ်ဘူးဆိုတဲ့ စည်းရုံးရေး အသွင်နဲ့လဲ မြင်ကြည့်နိုင်ပါတယ်။

ဒါ့အပြင် အီဂျစ်က ရိုဆက်စတား ကျောက်စာလိုပေါ့။

ရိုဆက်စတား ကျောက်စာကို ဘာသာစကား အမျိုးမျိုးနဲ့ ရေးထိုးတယ်ဆိုတာ မဟုတ်ပါဘူး။

ယင်းကျောက်စာဟာ ဘီစီ၂ရာစုက ရေးထိုးတာဖြစ်ပြီး ရေးထိုးစဉ်ကာလ ဘီစီ၂ရာစုက ဂရိစာ၊ ရေးထိုးစဉ်ကာလ အီဂျစ်စာရယ်၊ ရေးထိုးစဉ်ကာလထက် များစွာရှေးကျတဲ့ ရှေးအီဂျစ်စာနဲ့ ရေးထိုးထားတာဖြစ်တယ်။

ဒါကြောင့် ဘာသာစကားက ဂရိစာနဲ့အီဂျစ်စာ နှစ်မျိုးတည်းပါ။

စာကသာ ဂရိစာ၊ ရေးထိုးစဉ်ကာလ အီဂျစ်စာနဲ့ သူ့ထက်ရှေးကျတဲ့ အီဂျစ်စာတို့သာ ဖြစ်ပါတယ်။

ဂရိစာကို အဲဒီခေတ် ရှေးဟောင်း ဂရိအက္ခရာနဲ့ ရေးထိုးပြီး အီဂျစ်စာမှာတာ့ ရေးထိုးစဉ်ကာလ ဘီစီ၂ရာစုမှာသုံးတဲ့ Demotic (Egyptian) scripts (650BC-AD 5) သူ့ထက်ရှေးကျတဲ့ Egyptian Hieroglyphic scripts (3200BC – AD 4) တွေ သုံးထားပါတယ်။

အခြားသော စာရေးသူ တစ်ဦးက ( အီဂျစ်စာမှာ Hieroglyphic ပုံပြအနက်ဖော်အက္ခရာရယ် လူထုသုံး demotic text အသံပြအက္ခရာရယ် နှစ်မျိုးပါနေတယ်။) လို့ပြောတာ အက္ခရာတွေအကြောင်း သေခြာမသိပဲ ဖြီးထားတာပါ။

Hieroglyphic ကို ပုံပြအနက်ဖော်အက္ခရာလို့ ပြောတာ မှားသလို လူထုသုံး demotic text အသံပြအက္ခရာလို့ ပြောတာလဲ ပြည့်စုံမှန်ကန်ခြင်း မရှိပါဘူး။

Hieroglyphic ဆိုတာ ပုံပြအနက်ဖော်အက္ခရာ လို့ အဓိပ္ပါယ် မရှိပါဘူး။

Hieroglyphic ဆိုတာ ရှေးဟောင်း အီဂျစ်အရုပ်စာ ဖြစ်ပြီး ပုံပြပြီးအနက်ဖေါ်တာ မဟုတ်ဘူး။

အဲဒီစာရေးနည်းစနစ်မှာပါတဲ့ အရုပ်တွေဟာ အက္ခရာဝဏ္ဏ သို့မဟုတ် အသံကို ကိုယ်စားပြုပါတယ်။

ဒီနေရာမှာ ဝဏ္ဏလို့သုံးပြီး ဗျည်းလို့ မသုံးတာ အဲဒီစာရေးနည်း စနစ်ဟာ ဗျည်းသရတွဲတဲ့ စာရေးနည်း စနစ် မဟုတ်လို့ပါ။

Demotic (Egyptian) scripts မှာ demotic လို့ d ကို စာလုံးအသေး နဲ့ မရေးပဲ capital letter နဲ့ D အကြီးနဲ့သာ ရေးလေ့ရှိပါတယ်။

ဘာပြုလို့လဲဆိုတော့ demotic Greek နဲ့ မမှားစေရန် ဖြစ်တယ်။

Demotic (Egyptian) scripts သည် Egyptian Hieroglyphic scripts က ဆင်းသက်လာတာဖြစ်ပြီး သူ့ကို အသံပြအက္ခရာလို့ သီးခြားခေါ်လေ့ မရှိပါဘူး။

သူ့ အက္ခရာဟာ အရုပ်တွေကနေ သင်္ကေတ တွေ ပြောင်းလဲလာတာ ဖြစ်တယ်။

အဲဒီ သင်္ကေတတွေဟာ အသံ အနက်အဓိပ္ပါယ်တွေကို ကိုယ်စားပြုပါတယ်။

ဒီအရေးအသား နှစ်မျိုးလုံးဟာ Logography ခေါ် Logographic systems ထဲမှာပါဝင်ပါတယ်။

Logographic စာရေးနည်းစနစ်ဆိုတာ စာလုံး သင်္ကေတ တစ်ခုဟာ အနက်အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေ အသံတွေကို ကိုယ်စားပြုပါတယ်။

အဲဒီစနစ်ကို အသုံးပြုတဲ့စာတွေကို phonetic writing ဒါမှမဟုတ် orthographical writing လို့ခေါ်တာပါပဲ။

ဥပမာပေးရရင် တရုတ်စာ အရေးအသား စနစ်လိုဖြစ်ပါတယ်။

ဒါကို Demotic တစ်ခုထဲကို အသံပြအက္ခရာလို့ သုံးတာ မဟုတ်ပါဘူး။

မြန်မာစာဟာ Logography အမျိုးအစား မဟုတ်တာ အက္ခရာဗေဒ လေ့လာသူတိုင်း သိပါတယ်။

ပျူစာ ခေါ် သရေခေတ္တရာခေတ်သုံး မြန်မာစာဟယလည်း Logography အမျိုးအစားမဟုတ်ပါဘူး။

မြန်မာစာ အရေးအသား စနစ်သည် Abugida မျိုးအစားထဲပါတယ်။

ဗျည်းနဲ့ သရတွဲမှ အနက်အဓိပ္ပါယ်ရတဲ့ ဝေါဟာဖြစ်တယ်လို့ အကျဉ်းပဲ ဆိုပါရစေတော့။

ကျွန်တော်တို့က ပျူစာနဲ့မြန်မာစာတူတယ်။

ပျူစာဟာ သရေခေတ္တရာခေတ် ရှေးဟောင်းမြန်မာစာပဲ လို့ ပြောရာမှာ ရိုဆက်စတား ကျောက်စာကို ဥပမာပေးတာ ရိုဆက်စတား ကျောက်စာက အရေးအသားစနစ်တွေနဲ့ နှိုင်းယှဉ်တာ မဟုတ်ဘူးဆို သိဖို့လိုပါတယ်။

အရေးအသား စနစ်မတူတဲ့ စာပေနှစ်ရပ်ကို နှိုင်းယှဉ်စရာကိုမလိုတာ။

ကျွန်တော်တို့ ပြောတာက လူမျိုးတစ်မျိုးတည်းမှာ စာနှစ်မျိုးရှိတယ်။

ဥပမာ ရိုဆက်စတား ကျောက်စာ။

အဲဒီကျောက်စာမှာ အီဂျစ်ဘာသာစကား တစ်မျိုးထဲကိုပဲ Egyptian Hieroglyphic အရေးအသားနဲ့လည်းရေးတယ်။

Demotic (Egyptian) အရေးအသားနဲ့လည်းရေးတယ်။

အရေးအသား အက္ခရာ ပုံစံတွေ မတူပေမယ့် အီဂျစ်ဘာသာ စကားတစ်မျိုးထဲကိုပဲ ရေးထားတာဖြစ်တယ်။

Hieroglyphic နဲ့ Demotic အရေးအသားမတူလို့ အသုံးပြုထားတဲ့ ရှေးဟောင်းအီဂျစ်စကား မတူဘူးလို့ ဘယ်ပညာရှင်မှမပြောဘူး။

ရာဇကုမာ ကျောက်စာမှာလဲ ပုဂံခေတ်အက္ခရာ ပုဂံခေတ် ရေးထုံးနဲ့ အပြင် သရေခေတ္တရာခေတ်အက္ခရာ သရေခေတ္တရာခေတ် ရေးထုံးနဲ့ မြန်မာဘာသာ တစ်ခုတည်းကို ရေးတယ်လို့ ပြောတာဖြစ်တယ်။

ဒီလို ပုံစံမျိုး အီဂျစ်က ရိုဆက်စတား ကျောက်စာမှာလဲ ရှိတယ်လို့ ဥပမာပြတာဖြစ်တယ်။

ဂျပန်စာ က တရုတ် အက္ခရာကို ယူသုံးပေမယ့် သူ့ ဂျပန် ဘာသာစကားကိုပဲ အသုံးပြုတယ်။

ရာဇကုမာ ကျောက်စာက ပုဂံခေတ် အရေးအသားပုံစံနဲ့ ပျူစာခေါ် သရေခေတ္တရာခေတ် အရေးအသား ပုံစံ က အဲဒီသဘော မဟုတ်ဘူး။

ပုဂံခေတ်မြန်မာစာနဲ့ သရေခေတ္တရာခေတ် မြန်မာစာ အက္ခရာရေးပုံ မတူဘူး။

သို့သော် အဲဒီအက္ခရာရဲ့ အသံတွေ တူတယ်။

ပုံသဏ္ဍာန် မတူပေမယ့် ဗျည်း သရတူတယ်။

အသုံးပြုထားတဲ့ ဘာသာစကားတူတယ်။

ရေးထုံးသာ ခေတ်အလိုက် ကွဲသွားတာပဲဖြစ်တယ်။

အခြား စာရေးသူ တစ်ဦးက (ပျူစကား ဗမာစကား ကွာနေတာက နာမ်ပုဒ်ဖွဲ့ပုံ ကြိယာပုဒ်ဖွဲ့ပုံ စတဲ့ သဒ္ဒါသဘောမှာကိုဖြစ်တယ်။) လို့ပြောတာလဲမှားပါတယ်။

ပျူစကားလို့ သူသုံးထားတဲ့ သရေခေတ္တရာခေတ် မြန်မာစာနဲ့ ဗမာစကားလို့ သူသုံးထားတဲ့ ပုဂံခေတ်မြန်မာစာမှာ နာပုဒ် ဖွဲ့ပုံ ကြိယာပုဒ် ဖွဲ့ပုံ တူတာတွေ အများကြီးရှိသလို မတူတာတွေလည်း အနည်း အကျဉ်းရှိတယ်။

နာမ်ဖွဲ့ပုံ ကြိယာပုဒ် ဖွဲ့ပုံလို့ ပြောကတည်းက စကားမဟုတ်တော့ဘူး။

ရေးထုံး ဖြစ်သွားပြီ။

ဘာသာစကားကိုလေ့လာပုံနဲ့ ရေးထုံးကို လေ့လာပုံတောင် မသိပဲ ပြောတာဖြစ်နေတယ်။

ပျူစာလို့ ခေါ်တဲ့ သရေခေတ္တရာခေတ် မြန်မာစာနဲ့ ပုဂံခေတ်မြန်မာစာ ရေးထုံးတူတာ ရှိသလို မတူတာလဲ ရှိတယ်။

ဘာသာစကားနဲ့ရေးထုံးဆိုတာ ပြောင်းလဲတဲ့ သဘာဝရှိတယ်။

အခုခေတ်မြန်မာစာနဲ့ ပုဂံခေတ်မြန်မာသာတောင် အကွာကြီးကွာခြားနေပြီ။

အခုခေတ်မြန်မာစာ ရေးပုံနဲ့ ပုဂံခေတ်မြန်မာစာ ရေးပုံမတူလို့ အသုံးပြုထားတဲ့ ဘာသာစကားဟာ မြန်မာဘာသာစကား မဟုတ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒါကြောင့် ပျူစာဆိုတာ သရေခေတ္တရာခေတ် မြန်မာစာပါပဲ။

စာရှည်လွန်းလို့ နားဦးမယ်။

#စျာန်သစ်အောင်