“မင်းတုန်းဘုရင်ကြီး၏ နံနက်ညီလာတော်”
နံနက်ညီလာသို့ ထွက်ကြွတော်မမူမီ ရွှေဆောင်တော်၌ နန်းမတော်ကြီး အမှူးပြုသော မိဖုရားအပေါင်းနှင့် စံနေခိုက်တွင် နံနက် ညီလာကျင်းပရာဖြစ်သော ဗောင်းတော်ဦး၌ ဝန်မှူးမတ်တို့ စုံအညီရောက်ရှိပါက မှန်နန်းသခင်တပါးပါး မှဖြစ်စေ၊ မိန်းမစိုးသီရိရွှေတောင်မှဖြစ်စေ လာရောက်လျှောက်ထားရလေသည်။
ဤတွင်မှသာ မင်းတုန်းဘုရင်ကြီးသည် တာဝန်ကျ မိဖုရားတို့နှင့် နံနက်ညီလာကျင်းပရာ ဗောင်းတော်ဆောင် သို့ ကြွတော်မူလေသည်။
နံနက်ညီလာ ကျင်းပရာဖြစ်သော ထိုဗောင်းတော်ဆောင်၏ မြင့်သော နေရာအထက် ၌ အရှေ့အရပ်သို့မျက်နှာမူကာ ဘဝရှင်မင်းတုန်းဘုရင်ကြီး စံတော်မူ၍ ညီလာတော်ကို ကျင်းပလေသည်။
အုံးဝန်းကို မှီစောင်း၍ နံနက်ညီလာကျင်းပနေသော မင်းတုန်းဘုရင်ကြီး၏ ရှေ့တော်တွင်ကား မှန်နန်းသခင်ကြီးများ စီစဥ် ခင်းကျင်းထားသည်ဖြစ်သော ရွှေသားနဝရတ်စီ ခြင်္သေ့ခံ ဟင်္သာရုပ်ကွမ်းအုပ်တော်၊ ရွှေသားစားတော် ကွမ်းအစ်တော်၊ ရတနာထွေးခံ၊ ရေတကောင်းတော်များသည် တင့်တယ်စွာ တည်ရှိနေလေ၏။
ဤတွင် လက်သုံးတော်ကြီးများသည် ဘုရင်မင်းမြတ် ၏ရှေ့တူရှု၌ ပုဆစ်တုပ်ကာခစားဝပ်တွားနေသော ဝန်ကြီး၊အတွင်းဝန်၊မြို့တော်ဝန်တို့နှင့် မရောယှက်စေရဘဲ လက်ဝဲလက်ယာမှ နေ၍ ဘီတော်အလောင်းမင်းတရားကြီး ကိုင်ဆောင်ခဲ့သည် ဖြစ်သော ယိမ်းနွဲ့ပါးဓား၊ ဇေယျကြီးဓား၊ ဇေယျကလေးဓား နဲ့တကွ နန်းစဥ် နန်းသူဆံခွေဓား တို့ကို ကိုင်ဆောင်၍ ခစားအမှုတော် ထမ်းရွက်ကြရလေသည်။
ဘုရင်ကြီး၏ နောက်အပါးတွင်ကား ထိုနေ့အဖို့ အလှည့်ကျလိုက်ပါ ခစားရသည်ဖြစ်သော မိဖုရားတို့ နှင့်အတူ အလိုရှိက အခိုင်းတော် စေရန် မှန်နန်းသခင်ကြီးများမှာ အသင့် ရှိနေရလေသည်။
ထိုနံနက်ညီလာမှာ တစ်နာရီခန့်ကြာမြင့်၍ ထိုညီလာပြီးဆုံးသည်နှင့် မင်းတုန်းဘုရင်သည် ရွှေနန်းတော်သို့ပြန်လည်ဝင်တော်မူလေသည်။
ယခု ထည့်သွင်းထားသော ပန်းချီပုံမှာ မင်းတုန်းဘုရင် ၏ နံနက်ညီလာသို့ ခစားရောက်ရှိလာကြသော နိုင်ငံခြားသားများကို ဖိနပ်ဗလာ ဦးထုပ်ကင်းမဲ့စွာနှင့် ဘုရင်ကြီး ၏ ရှေ့တူရှုရှိ ဝန်ကြီး၊မှုးမတ်တို့၏ အလယ်တွင် တွေ့ရသည့်ပုံရိပ်ဖြစ်သည်။

ကိုးကား
မန္တလေးမြို့တည်နန်းတည်စာတမ်း
စည်သူမောင်မောင်ကျော်
# မင်းနန်သူ # History Notes
