•
SUNDAY, SEPTEMBER 28, 2008
မြဝတီမင်းကြီး ဦးစ( မြန်မာ ၁၁၂၈-၁၂၁၄)
တိုင်းပြည်ရေးရာ စီမံ ခန့်ခွဲမှုတွင် ကျွမ်းကျင် ကျေပွန်သော ပြည်ကြီး ဦးကင်း ဝန်ကြီး အဖြစ်လည်းကောင်း ရှေ့နောက်အမြော်အမြင်ဗဟုသုတ ပြည့်စုံကုံလုံ၍ စာပေကျမ်းဂန် နှံ့စပ်သည် သာမက သဘောထားကြီးမားလှသော ပြည်ကြီးမျက်စိ ပညာရှိကြီးအဖြစ်နှင့်လည်းကောင်း ရွပ်ရွပ်ချွံချွံတပ်ချီတိုက်ခိုက်သော ပြည်ကြီးလက်ရုံး စစ်ဗိုလ်ချုုပ်ကြီးအဖြစ်နှင့်လည်းကောင်း နန်းတွင်းဇာတ် ကဗျာလင်္ကာနှင့် ဂီတ သီချင်းကြီးများကို ထူးကဲစွာ သာယာနာပျော်အောင် ဖွဲ့နွဲ့သီကုံးသည့် ပြည်ကြီးနှလုံး ကဝိစာဆိုကြီးအဖြစ်နှင့်လည်းကောင်း အဖက်ဖက်မှ ထူးချွန်ပြောင်မြောက်ခဲ့သည့် မြဝတီမင်းကြီး ဦးစသည် မြန်မာတို့၏ နိုင်ငံသမိုင်း စာပေသမိုင်း အနုပညာသမိုင်းတို့တွင် စံတင်ရအောင် ထင်ရှားကျော်ကြားလှ၏။
အလုံမြို့မြောက်ဘက် မောက်တက်ရွာနေ နောက်တော်ပါ မြင်းစီးကြီးသား ဦးပေါက်ကျော် နှင့် အမတ်ကြီး ဗညားကျန်းဒေါမြေး မငြိမ်းသာတို့က စစ်ကိုင်းမြို့အနောက် မိချောင်းတက်ရွာတွင် ၁၁၂၈ ခု သီတင်းကျွတ်လပြည့်ကျော် ၁၀ ရက် အင်္ဂါနေ့တွင် ဖွားမြင်သည်။ အသက် ၆ နှစ်တွင် အဘဆုံး၍ အသက် ၁၁ နှစ်ခန့်ရှိလျှင် အင်းဝမြို့ မဲထီးဆရာတော် ဦးပရမကျောင်းတွင် သာမဏေပြု၍ စာပေသင်ကြားသည်။ ရှင်သာမဏေမှ လူထွက်လာသောအခါ မောင်စသည် စစ်ကိုင်းမြို့ ပန်းထိမ်ဝန်ဟောင်း ဦးညွန့်၏သမီး မအေးနှင့် သင့်မြတ်ရာ ပန်းထိမ်အလုပ် ရွှေကျောက်ရောင်းဝယ်သော အလုပ်ကို ၁၉ နှစ်ခန့် အရွယ်တိုင်အောင် လုပ်ကိုင်သည်။ မယားမအေး သေဆုံးသွားသောအခါ ဘိုးတော်မင်းတရားကြီး၏ လက်ဝဲဆိုင်းအမှုထမ်း ဆိုင်းဆရာကြီး ဦးတရုတ်ထံတွင် ကြေးဝိုင်းတီးခဲ့သည်။ ထိုနောက် အမရပူရမြို့တော်၌ အိမ်ရှေ့စံ ရွှေတော်မင်း၏ အိမ်ရှေ့သံဆင့် လက်ယာပျံချီထံတွင် အမှုထမ်းလေသည်။ ထိုအချိန်မှစ၍ စာပေကျမ်းဂန်များကို နှံ့စပ်စွာ လေ့လာဖတ်ရှု၍ ကဗျာလင်္ကာဖွဲ့သီခြင်း အစပျိုးခဲ့သည်။ ၁၁၀၅ ခုနှစ်တွင် ဇေယျသင်္ခယာဘွဲ့ခံ အိမ်ရှေ့အတွင်းဝန်သည် ဦးစအား အိမ်ရှေ့စံ ရွှေတောင်မင်းထံတွင် အရည်အချင်းကို လျှောက်ထားဆက်သွင်းသဖြင့် အမှုတော်ထမ်းစဉ် ပျို့ကဗျာ အရေးအသားတို့ထက်မြက်၍ နာမည်ကျော်စပြုလာခဲ့သည်။ အိမ်ရှေ့ဘုရားက အယုဒ္ဓယတိုင်း အရပ်ရပ်ဒဏ္ဍာရီဇာတ်တို့ကို တီးကွက် ဇာတ်ချင်းများနှင့်တကွ ဘာသာပြန်ဆိုစေရာ ဝေပုံကျ တာဝန်ယူ၍ ရေးသားဆက်သွင်းခဲ့သည်။ အိမ်ရှေ့မင်းထံ အမှုထမ်းစဉ် ဇေယျသင်္ခယာဘွဲ့နှင့် ဗြဲတိုက်သံဆင့်ရာထူးရခဲ့သည်။ အိမ်ရှေ့ဘဏ္ဍာစာရေး ခန့်အပ် ခံရသည်ဟုလည်း အဆိုရှိသည်။
၁၁၆၇ တန်ဆောင်မုန်းလဆန်း ၅ ရက်နေ့တွင် ရှေးအစဉ်အဆက်က ပသခဲ့သော ၃၇ မင်းနတ်တို့ကို ပွဲကနားပေးရာ၌ ကခုန်သည့် အချက်အလက်တို့ကို စုဆောင်းစေရာ ဆိုင်းတီးဆရာ ဦးမြတ်သာနှင့်တကွ ငယ်ဆရာဦးတရုတ်တို့ကို မေးမြန်းရလေသည်။
၁၁၇၀ ပြည့်နှစ် အိမ်ရှေ့မင်း နတ်ရွာစံလေသော် ဘိုးတော်မင်းတရား၏ မြေးတော် စစ်ကိုင်းမင်းသည် အိမ်ရှေ့အရာကိုရလေသည်။ ထိုအခါ ဦးစသည် အိမ်ရှေ့သံဆင့်နှင့် ပြည်လုံးယူ လှေမှူး ရာထူးကို ရလေသည်။ စစ်မှုရေးရာဘက်တွင် ပထမဆုံးခန့်အပ်ခံရခြင်းပင်ဖြစ်သည်။ ထိုနောက် အိမ်ရှေ့အတွင်းဝန်အဖြစ် အမှုတော် ထမ်းရွက်နေစဉ် နေမျိုးဇေယျသူရ ဘွဲ့ကို ရရှိသည်။ ၁၁၇၅ ခုနှစ်တွင် မဏိပူရပြည် ကသည်းမဟာရာဇာ ပုန်ကန်သည်ကို တမူးကြောင်းက ချီတက်တိုက်ခိုက်ရသည်။ အောင်မြင်ပြီး နေပြည်တော်ရောက်လေသော် တော်ဆောင်တော်ရွက်များ သနားတော်မူခံလေသည်။
၁၁၈၁ တွင် ဘိုးတော် မင်းတရားကြီး နတ်ရွာစံလေသော် မြေးတော် စစ်ကိုင်းမင်း( ဘကြီးတော်) နန်းတက်သောအခါ သီရိမဟာဇေယျသူရဘွဲ့နှင့် နန်းတော်ကြီးအတွင်းဝန် ခန့်တော်မူလေသည်။ ၁၁၈၂ ခုနှစ်တွင် ၃၇ မင်းနတ်စဉ် အမျိုးအမည် ဆင်ယင်ပသနည်း တီးမှုတ်နည်းနှင့် နတ်သံများကို ရွှေနန်းတော်သို့ ရေးမှတ်အစီရင်ခံရလေသည်။ မပြီးပြတ်သေးသော ဣန္ဓာဝုဓ(အီနောင်) နန်းတွင်းဇာတ်ကို အပြီးသတ်လေသည်။ ဤမင်းလက်ထက်တွင် သဘင်ဝန် ဦးသော်နှင့်အတူ မြန်မာ့ရုပ်သေးသဘင်ကို ကြံဆသည်ဟု အမှတ်အသားရှိလေသည်။
၁၁၈၅ ခုနှစ်တွင် နတ်မြစ်အနီး ရှင်မဖြူကျွန်းကို အင်္ဂလိပ်တို့က အလံစိုက်သဖြင့် မင်းကြီးမဟာသီဟသူရဘွဲ့ကို ခံယူကာ မဟာဗန္ဓုလနှင့်အတူ ပန်းဝါသို့ ချီတက်ရလေသည်။ အင်္ဂလိပ်တို့ကို အောင်မြင်ပြီးနောက် မိုးကျလာသည်နှင့် ဖလောင်းချိပ်အရပ်တွင် တပ်စွဲနေလေသည်။ ၎င်းကား ပထမ အင်္ဂလိပ်မြန်မာ စစ်ပွဲဖြစ်လေသည်။ ထိုအခါ အင်္ဂလိပ်တို့သည် ရန်ကုန်မြို့ကို တိုက်ခိုက်သောကြောင့် မဟာဗန္ဓုလက ချီတက်တိုက်ခိုက်ရသည်။ ဦးစသည် ဓညဝတီမှ စီမံခန့်ခွဲလျက်ရှိစဉ် ဓနုဖြူတပ်ပျက်သည်နှင့် စလင်းမြို့သို့ ဆုတ်ခွာပေးရသည်။ ၁၁၈၇ တွင် ရန္တပိုစာချုပ် ချုပ်ဆို၍ စစ်ပြေငြိမ်းရလေသည်။
အမေရိကန်လူမျိုး သာသနာပြုဆရာကြီး ယုဒသန်သည် ဦးစနှင့် ကောင်းစွာ သိကျွမ်းသည်။ ယုဒသန်က ဦးစသည် ဉာဏ်အမြော်အမြင်ပြည့်စုံကြောင်း ပညာရပ်များတွင် မြန်မာတို့ထက် ဥရောပတိုက်သားများက ကျွမ်းကျင်သဖြင့် မြန်မာနိုင်ငံတွင် သင်ကြားစေချင်ကြောင်း ဗြိတိသျှတို့နှင့် စစ်ပြုသဖြင့် မြန်မာတို့ ဆုံးရံှုးနစ်နာ၍ အေးချမ်းစွာ ဆက်ဆံလိုကြောင်း မှတ်တမ်းတင်ခဲ့သည်။ မောင်စသည် နာဂရီ အက္ခရာကို ရေးတတ်၍ ဟင်ဒီဘာသာစကားကိုလည်း အနည်းငယ်ပြောတတ်သည်။ ကသည်းစကားကိုလည်း အနည်းငယ် တတ်ကျွမ်းသေးသည်။
၁၁၉၁ ခုနှစ်တွင် အိန္ဒိယ ဘုရင်ခံချုပ်သည် ကဘော်မြစ်ဝှမ်းဒေသကို မဏိပူရစော်ဘွား ဂမ္ဘီရာရှိန်အာ ပေးအပ်ရန် ကြံရွယ်ရာ ဦးစက ဗြိတိသျှ ကိုယ်စားလှယ် မေဂျာဗားနေးမှ တစ်ဆင့် အပြင်းအထန် ကန့်ကွက် ပြောဆိုပြီး ပြေလည်စွာ ပြီးဆုံးသွားခဲ့သည်။ ဤသို့ အမှုတော်ကို ကျေပွန်စွာ ထမ်းရွက်သော စစ်သားစာဆိုကြီးအား နန်းတော်တွင်းတွင် စစ ဟု အမြတ်တနိုး ခေါ်ဝေါ်ကြလေသည်။
၁၁၉၉ ခုနှစ်တွင် သာယာဝတီမင်း နန်းတက်သောအခါ ဦးစတို့ လူစုကို ထောင်သွင်း အကျဉ်းချထားလေသည်။ သာယာဝတီမင်းအား ‘ကုန်းဘောင်ပရမေ ဇေယျာဘိ’ ချီ ဘုန်းတော်ဘွဲ့ ပတ်ပျိုးကို စီကုံးဆက်သသောကြောင့် အကျဉ်းမှ လွတ်ပြီး မဟာသီရိဇေယျသူရ ဘွဲ့ကိုရ၍ မြင်းတင်အခွန်ကိုလည်း သနားတော်မြတ်ခံရသည်။ သို့သော် တစ်လအကြာတွင် ထပ်မံ အကျဉ်းချ ခံရပြန်ရာ ‘ ကုန်းဘောင်နေမင်း ဘုန်းရောင်ဝေရှင်း’ သီချင်းကို ရေးသားဆက်သွင်းသဖြင့် ထောင်က လွတ်တော်မူလေသည်။
၁၁၂၀ ပြည့်နှစ်တွင် မင်းတုန်းမင်းသားက ဦးစ အသက် ၂၅ နှစ်မှ ၈၃ နှစ်ထိ ရေးသား ပြုစုခဲ့သော သီချင်းအမျိုးမျိုးကို စုဆောင်းရမည် အမိန့်တော်ရှိသဖြင့် စုဆောင်းခဲ့သော စာစုမှာ မန္တလေးမြို့ အငြိမ်းစား သစ်တောအရေးပိုင်မင်း ဦးမောင်မောင်ကျော်ထံတွင် ရှိလေသည်။ ဦးစ ရေးသားခဲ့သော ပတ်ပျိုးတို့မှာ ယနေ့တိုင် ထူးခြားသစ်လွင်လျက် ရှိလေသည်။ သာဆန်းရဂုံဗွေ၊ ဘုံပျံနေနန်း၊ မှိုင်းမှုန်ပြာဝေ၊ အထူးထူးငယ်နှင့်၊ သာတင့်ဆုံး၊ စိန်ခြယ်ခြူးသန်း၊ စိန်မြလံျှချယ် အစရှိသော ပတ်ပျိုးများဖြစ်သည်။ ဦးစ၏ ယိုးဒယား သီချင်းများကို နှဲသွား၊ ချူချာ၊ ယိုးဒယားကြေးသွားဟု ခွဲခြားထားလေသည်။ အိုသာတင့်ဆုံးလေ နှင့် လွမ်းပိုအောင်ညိုမင်းလွင်ချီ သီချင်းများမှာ ကျော်ကြားသည်။ ကြိုးသီချင်းများတွင် ဘုံဆောင်မြင့်ချီ ဖောင်လားကြိုး၊ ဇေယျာမြို့ချီ ဖောင်ငင်ကြိုး၊ စိမ်းလဲ့လဲ့ညိုပြာချီ ဖောင်ဆိုက်ကြိုး သုံးပုဒ်နှင့် သာနိုးပျော်ဖွယ် ကြိုးငါးပုဒ်ကို ရှေးတေးသွားများအလိုက် ဖွဲ့နွဲ့ခဲ့သည်။ ဘွဲ့သီချင်းများတွင် ဂန္ဓမာတောင်ချီ နတ်ပန်းဘွဲ့နှင့် ဥကင်ဘုံမြင့်သီဟာဗွေချီ ပလ္လင်ရှစ်ခန်းဘွဲ့တို့မှာ ကျော်စော၏။ ဘကြီးတော် အင်းဝမြို့တွင် စံနေစဉ် တစ်ခုသော ညဉ့်ညီလာခံတွင် စွယ်တော်ဘုရားမှ ရောင်ခြည်တော်လွှတ်ရာ ထူးမခြားနား ပတ်သီချင်းခံကြီးကို ရေးသားခဲ့သည်။ သာယာဝတီမင်းလက်ထက်ရေး ထောင်ရောင်နေကသာ၊ စုံသာမြိုင်လယ်၊ ဇေယျာရွှေမြေ သီချင်းခံတို့လည်း ထင်ရှားသည်။ စိန်ခြယ်ညီးလင်းချီ ဥက္ကလာပပြန် မွန်သံသီချင်း၊ မြင်းခင်းသဘင် ကူလီသဘင်များတွင် ဆက်သွားရသော တျာချင်းများ၊ လယ်ထွန်မင်္ဂလာသီချင်းများ၊ နတ်ယိုင်သံများ စသည်ဖြင့် သီချင်းအမျီုးပေါင်း များစွာရေးသားခဲ့သည်။
မြဝတီမင်းကြီး ဦးစသည် ဆင်ဖြူရှင် မင်းတရားကြီးလက်ထက်မှ မင်းတုန်းမင်းတရားကြီး လက်ထက်တိုင် မင်းရှစ်ဆက်ကို မီလိုက်သော အသက်ကိုးဆယ်နီးပါး နေရသည့် စစ်သား စာဆိုကြီး ဖြစ်သည်။ ပထမ မောင်းထောင်ဆရာတော်၊ တွင်းသင်းတိုက်ဝန် မဟာစည်သူ၊ ရာမရကန်ဦးတိုး၊ ကျည်းကန်ရှင်ကြီး နန္ဒဓဇ၊ တောပုရှင်ဥက္ကံသမာလာ၊ မုံရွေးဆရာတော်၊ မင်းဘူးဦးဩဘာသ၊ ဒုတိယနဝဒေး စသော ပုဂ္ဂိုကျော်တို့မှာ မြဝတီမင်းကြီးနှင့် တစ်ခေတ်တည်း ပေါ်ပေါက်ခဲ့သူများ ဖြစ်သည်။
Posted by ဗိုလ်ကောင်း at 7:29 PM
Labels: မြဝတီ, မြန်မာသူရဲကောင်းများ
