ပျူခေတ် ၊မြန်မာ့သမိုင်းနှင့် ပျူတွေဘယ်ပျောက်သွားလဲ The Ancient Pyu of Burma

၁။ ပျူလို့ပြောရင် ပျူစာပေလို့ အခုလက်ခံထားပြီး သုံးစွဲတဲ့သူတွေကို အဓိကပြောတာဖြစ်ပြီး ဘာသာဗေဒအမြင်အရ ပျူဘာသာဟာ မြန်မာဘာသာနဲ့မတူဘူး။ စပိန်နဲ့ ပြင်သစ်ဆင်တာမျိုး၊ ပါဠိနဲ့သက္ကတဆင်တာမျိုးလောက်တောင် မတူဘူး။ ပျူဘာသာကို ရသလောက် ဖတ်ခဲ့တဲ့ဆိုတဲ့သူတွေဟာ ပါကတဘာသာစကားတွေကို အားကိုးခဲ့တာ မငြင်းနိုင်ဘူး။ အထူးသဖြင့် ညီနောင်နှစ်ပါးဇာတ်လမ်းကို ဖတ်ပြခဲ့သူဟာ အိန္ဒိယနိုင်ငံသားဖြစ်တယ်။ ဘာသာစကား အထောက်အထားအရ ပျူနဲ့ မြန်မာမတူဘူး။

၂။ ပျူမြို့ဟောင်းတွေ မြို့ရိုးတွေ ရှေးကျတာနဲ့ ဗုဒ္ဓဘာသာပစ္စည်းတွေ နောက်ကျတာကို ခွဲပြောသင့်တယ်။ တနည်းအားဖြင့် ရှေးယဉ်ကျေးမှုနေရာမှာ ဗုဒ္ဓဘာသာရောက်လာတာဖြစ်တယ်။ မြန်မာဟာ ဒေသခံဖြစ်နေခဲ့ပြီး အုပ်ချုပ်သူအဖြစ် ကုလားသက် ပျူမရောက်လာခဲ့ဘူးလို့ မပြောနိုင်ဘူး။ အဘိရာဇာဇာတ်လမ်းဘာညာကို အထောက်အထားလို့ ပြောရင် ပျူရောက်လာတာကို ဒဏ္ဍာရီအဖြစ်ပြောတာလို့ ပြောနိုင်တယ်။ ဒေသခံမှာ မြန်မာဆိုတာ တိုင်းရင်းသားအားလုံးလည်း ဖြစ်နိုင်တယ်။ ပျူယဉ်ကျေးမှုဟာ အိန္ဒိယတောင်ပိုင်း အန္ဓရ အမရဝတီ နာဂဇ္ဈုနကောဏ္ဍတို့နဲ့ များစွာနီးစပ်တယ်။ မြန်မာဟာ ပုံပြင်ရိုးရာနတ်ချင်း အတွေး မွန်ဂို တရုတ်ဘက်နဲ့ နွယ်တာများစွာရှိတယ်။

၃။ ပျူမြို့တွေမှာ မြန်မာတွေလည်း ယှဉ်တွဲမနေခဲ့ဘူးလို့ မငြင်းနိုင်ဘူး။ ဒါပေမယ့် ဘာသာစကားအားနည်းတဲ့သူဟာ ခြေရာလက်ရာ မကျန်ခဲ့လောက်အောင် အားနည်းနိုင်တယ်။ မြန်မာဟာ စာပေအနေနဲ့ နရပတိစည်သူခေတ်လောက်မှာမှ အားထူလာခဲ့တယ်။ ဒါဟာ မြန်မာစကားဆိုင်ရာ အထောက်အထားပဲ။ မြန်မာစကားဘယ်လိုအားကောင်းလာလဲ ဆိုရင် ရှေ့ကပျူဆီကနေ ဘာသာစကားအားယူမယ်၊ မွန်ဆီကနေ ဘာသာပြန်နည်းသင်ယူမယ်၊ သီဟိုဠ်ကနေ ပိဋကအလုံးအရင်းနဲ့ ဘာသာပြန်ကာ စာပေပွားမယ်။ အင်္ဂလိပ်ဘာသာစကားဟာ နှစ်၅၀၀ကျော်နဲ့ ကမ္ဘာ့ဘာသာစကားကြီးအဖြစ်အကြီးမားဆုံး ဖြစ်လာတာမျိုး မြန်မာဟာ ကြိုးစားခဲ့တယ် လို့ ပြောနိုင်တယ်။ လူမျိုးတမျိုးတည်းဆို ပျူစာအဖြစ်ရှိနေပြီးမှ ဘာလို့ မြန်မာစာ ပြောင်းသုံးမလဲ။

၄။ သရေခေတ္တရာမှာ ဗုဒ္ဓဘာသာပစ္စည်း စာပေကောက်နုတ်ချက်တွေ တွေ့ရပေမယ့် ဗိဿနိုးမှာတွေ့တဲ့ အထောက်အထားသဘောဟာ သရေခေတ္တရာရဲ့သဘာဝနဲ့ကွာဟတာမျိုး ရှိတယ်။ ဒါကို လျစ်လျူမရှုသင့်ဘူး။

၅။ မြန်မာဘယ်လိုရောက်လာလဲဆိုတာ တခါမှ မပြောဖူးသေးဘူး။ နဂိုတည်းက ရှိနေတာလည်း ဖြစ်နိုင်တယ်။ နောက်မှ ရောက်လာတာလည်း ဖြစ်နိုင်တယ်။ ဘာသာဗေဒခြေရာကောက်တဲ့နည်းကို မရိပ်စားမိသေးတဲ့သူတွေ ငြင်းကြတဲ့အထဲမှာ စကားပေါက်အောင် ပြောဖို့ကြိုးစားတာထက် အိပ်နေတာ အိပ်ရေးဝတယ်။

၆။ ပျူလို့ပြောနေတဲ့ သူတွေထဲမှာ ကလိင်္ဂအနွယ် ရှေးကမွန်တွေမပါဘူးလို့ မပြောနိုင်ဘူး။ နောက်ပိုင်းမွန်ဟာ ခမာမွန်သြဇာအများကြီးပါလာတယ်။

၇။ ပျူဟာ နောက်ပိုင်းမှာ ပုဂံမြန်မာရဲ့ဆရာဖြစ်ခဲ့တယ်ပြောရမယ်။ ဒါပေမယ့် အားကောင်းလာတဲ့ မွန်ဟာ ပျူကို ဖေးကူခဲ့တာလား သင်းကွပ်ခဲ့တာလား မသေချာဘူး။ စနစ်တချို့ကို ပျူဟာ မြန်မာကို မပေးခဲ့ဘူး။ ဒါမှ မဟုတ် သူလည်း အိန္ဒိယက ယူခဲ့တည်းက ဝေ့လည်လည်မို့ ပြန်မပေးနိုင်ခဲ့ဘူး။

၈။ လူမျိုးတုံးသတ်ခဲ့တယ်လို့ ကျနော်တို့လည်း မယုံပါဘူး။ ဒါပေမယ့် ဘာသာစကားပျောက်ရင် လူမျိုးပျောက်ပါတယ်။ အောက်မြန်မာနိုင်ငံက မွန်အများဟာ အခုမြန်မာပဲဖြစ်ကုန်သလို ပြည်ဘက်က ပျူအများဟာ ခုမြန်မာဖြစ်ကုန်တယ်။ intermarriage လူမျိုးတွေ ရောထွေးအိမ်ထောင်ပြုခြင်း ရှိသေးတယ်။

၉။ နိုင်ငံရေးကိစ္စတွေအများကြီးမပြောဘဲ မရေလည်နိုင်ဘူး။

စကားကို သေချာနားမလည်တဲ့ လူတွေနဲ့ ပြောမိရင် ပြောပြီးတဲ့အခါ တော်တော်လက်ပေါက်ကပ်တဲ့လူတွေကို ပြောမိတာပဲလို့ နောင်တရတတ်တယ်။ ပြိုင်ဆဲရင် အကုသိုလ်များတယ်။ ရှင်းပြရင် အငြင်းသန်တယ်ဆိုတယ်။

ပညာကွာဟချက် သိပ်များတယ်

ခင်လေး။ ၏ ပျူ The Ancient Oyu of Burma Facebook post 25 December 2016 မှ ကူးယူဖေါ်ပြပါသည်

ဆွေးနွေးချက်များ

ပျူဟာပျူပဲ
မြန်မာဟာမြန်မာပဲ၊
ပျူလူမျိုးနဲ့ မြန်မာလူမျိူး မတူပါဘူး၊
ပျူလူမျိုးကို မြန်မာလူမျိုးလို့ အတင်းလုပ်ယူလို့ မရပါဘူး၊

ပျူ​လူမျိုးတွေက​နေ မြန်မာလူမျိုးဖြစ်လာတယ်ဆိုရင် ပုဂံခေတ်ဒင်္ဂါး​တွေ ရှိ​တွေမှာ​ပေါ့၊ ပျူ​လူမျိုးတွေမှာက ပျူဒင်္ဂါး​တွေ ရှိတယ်။

Credit to the original author ရဲရင့်မောင်

ပျူဖြစ်ချင်သူတွေဘယ်လိုပြောပြော မြန်မာစာကျွမ်းကျင်တဲ့ပညာရှင်တွေက ပုဂံခေတ်ကျောက်စာတွေပေါ်က (စကားပြေ)အရေးအသားကြည့်တာနဲ့တင် သိတယ်။ English Sentence တကြောင်းကို စရေးတတ်ခါစကဘယ်လိုရေးလဲ။ နောင်တဖြည်းဖြည်းရေးပါများလာတော့ ဘယ်လိုရေးလဲ။ စကားပြေအရေးအသားပုံစံက ညာလို့မရဘူး ဒါကစာပေအက္ခရာပိုင်း။

နောက်ဘာသာစကားပိုင်း။ လူမျိုးတမျိုးဟာ ခေတ်တခေတ်တချိန်ထဲအတွင်းမှာ စာပေအရေးအသားစံနစ် Writing System ဘယ်နှစ်မျိုးထွင်ပြီးသုံးသုံး ဒေသိယစကားကလွဲလို့ စကားကတော့ တမျိုးတည်းပဲသုံးစွဲပြောဆိုတယ်။ ဘယ်လူမျိုးကမှအချိန်တခုထဲအတွင်းမှာ ဒေသိယကလွဲလို့ ကိုယ့်သာသာစကားကို စကား ၂ မျိုး​မ​သုံးဘူး။

တရုတ်မန်ဒရင်းစကားမှာ အရေးအသားစံနစ်ပုံစံ ၂ မျိုးရှိပေမယ်လို့ ဘာသာစကားအသံထွက်က တမျိုးထဲပါပဲ။ Google Translate မှာနားထောင်ကြည့်ပါ။ ဒါကိုသုံးပြီး မြန်မာနဲ့ပျူရောချ တွဲချ မလုပ်ပါနဲ့ မတူပါဘူး။

ပျူဘာသာစကားကို သရေခေတ္တရာခေတ်သုံးရှေးမြန်မာစကားပါဆို ပြောတယ်။ ဒါဆို အဲ့သရေခေတ္တရာသုံး မြန်မာ Language ကြီးက ဒီလောက်မြန်မာဘာသာကျောက်စာပေါင်းများစွာရေးထိုး မြန်မာစာပေဖွံ့ဖြိုးပြီးခဲ့တဲ့ ကျန်စစ်သားနောက်ပိုင်းခေတ်ကိုကျော်ပြီး ပုဂံခေတ်အပျက်အထိ ကူဗလိုင်ခန်မင်းကြီးရဲ့ ပျူ၊ တရုတ် ၂ ဘာသာထိုး သရပါကျောက်စာမှာ ဘာလို့ ဆက်ရှိနေသလဲ? ဆက်သုံးနှုန်းနေသလဲ။ အဲဒီ သရပါကျောက်စာကြီးဘယ်သွားထားရမှာတုန်း ပြောရမလိုပါပဲ။

နောက်တချက်က တိစူလ်- ပျူဘာသာကိုဖတ်ပါ။ ပအိုဝ်း(တောင်သူ)နဲ့ ပိုနီးစပ်လား။ မြန်မာနဲ့ပိုနီးစပ်လား။ အဲ့ဒါလေးဖြေကြည့်ပါ။ မွန်က သူနဲ့နီးစပ်တဲ့သထုံက တိစူလ်ဆိုတာ တောင်သူ(ပအိုဝ်း)ရဲ့အသံဖလှယ်ချက်။

နောက်ဆုံးတချက်က ပျူဖြစ်ချင်သူတွေက သမိုင်းပြင်ချင်တယ်ဆို ဂျူရီထိုင်စာတမ်းဖတ်ပါ။ လွယ်နေတာကိုခက်အောင်မလုပ်ပါနဲ့။ အမှန်ဆိုရင်ပေါ့။ တကယ်ဆို နိုင်ငံတကာ Historians၊ Archaeologists တွေ၊ ဘာသာဗေဒပညာရှင်တွေ စတဲ့နာမည်ရှိတဲ့ပညာရှင် Professionals တွေအထဲက ဖိတ်ခေါ်ဂျူရီထိုင်ပြင်နိုင်ရမယ်လေ။

အမျိုးသားရေးမို့ အားပေးပါတယ်ဗျာ။ သမိုင်းကော်မရှင်ကအဖိုးကြီးတွေကို လျှောက်လွှဲချ ဆင်ခြေတွေပေးနေစရာကို မလိုပါဘူး။
(ရဲရင့်မောင်)

ဒေါက်တာသန်းထွန်းက ပျူတွေ ဘယ်ပျောက်သွားသလဲဆိုရင် “ငါ ဒီမှာဟေ့”လို့ အော်လိုက်ချင်တယ်တဲ့။

ပျူတွေ ဘယ်မှာလဲ ဆက်မေးရင် ပျူနဲ့မြန်မာ ရောသွားပြီလို့ ပြောလိုက်မိတယ်တဲ့။

နောက်ဆုံးကြတော့ လိုရာစွဲပြောကြမှာစိုးလို့ထင်တယ်
“ဆိုလိုတာက လူမျိုးရောနှောပြီး ပျောက်သွားတာ ဖြစ်ပါတယ်”လို့ကို တိတိကျကျ ရေးထားတယ်။

အောက်ဆုံးမှာ ၁၂ ၊ မေလ ၊ ၂၀၀၅ ခုနှစ်လို့ ရေးသားချိန် ထည့်ပေးထားတာ အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ ဒီ့မတိုင်ခင်တစ်နှစ် ၂၀၀၄ မှာ ပျူဟာမြန်မာဖြစ်တယ်ဆိုတဲ့စာတမ်းကို တာဝန်အရ သဘာပတိလုပ်ပေးခဲ့ရလို့ ဒေါက်တာသန်းထွန်းလည်း သဘောတူလက်ခံပါကြောင်း သမိုင်းတွင်မှာစိုးလို့ပဲ။

မူဝါဒဘောင်အပြင်ထွက် မရေးနိုင်အောင် ဆင်ဆာနဲ့ တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားတဲ့ ခေတ်နှစ်ခေတ်မှာ ကိုယ့်အမြင်ကို မရရအောင် ဖွင့်ဟရေးသားခဲ့တဲ့ လက်တစ်ဆုပ်စာပညာရှင်တွေမှာ ဒေါက်တာသန်းထွန်းလည်း ပါဝင်တယ်။
ဒါမျိုးက နိုင်ငံတကာပညာရပ်ညီလာခံမှာ ပညာရှင်ဆန်ဆန်ရေးသားပြောဆိုပြီး ပြည်တွင်းရောက်လို့ မြန်မာဘာသာနဲ့စာအုပ်ထုတ်ရင် ပေါ်လစီအလိုအတိုင်း ရေးပေးရတဲ့စာအုပ်တွေနဲ့ ယှဉ်ဖတ်လေ တန်ဖိုးပိုသိလာလေပဲ Aung Myo Win is with Chaw Yin Min and 2 others Facebook post 17 October 2019

မိအဲန်(မြန့်) ၊ ပျောင်တိအန် (ပျူ)နှင့် ပြော့

စာတော်ပြန် အရာရှိ ဆရာကြီး ဦးရည်စိန် ရေးသားတင်ပြခဲ့သော ရှင်ဒိသာပါမောက္ခ၏ ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့ ဟူသော စာတမ်းတွင်ပါဝင်သော ပျောင်တိအန်စော်ဘွား နိုဆူ(Ni-su)နှင့် ပျောင်တိအန်အရပ် ဆိုသည့် စကားလုံးကို မွန်ဂိုမင်းဆက်သမိုင်းတွင် ရှာဖွေတွေ့ရှိသည်ကို သိရသည့် အချိန်ကစပြီး ထိုစကားလုံးတို့အပေါ် သိချင်စိတ် ကြီးမားမိပါသည် ။ ထိုစကားလုံးကို နံပါတ်ထား၍ အောက်ခြေမှတ်စုတွင် ဖော်ပြထားသည်က ပျောင်တိအန်အရပ်သည် Piao_tien တပိန်မြစ်မြောက်ဖက်ကမ်းတစ်လျှောက် မြေပြန့်ဒေသပင်ဖြစ်၍ “ ပျူတိုင်း ” “ ပျူရပ် ” ဟု အနက်ထွက်၏ ။ ပုဂံခေတ်နောက်ပိုင်းနှင့် အဝခေတ်ဦးပိုင်းသို့တိုင်အောင် ထိုဒေသတွင် ပျူမျိုးနွယ်များ ရှိနိုင်သည်ဟု တွေးထင်ဖွယ်ရှိသည် ။ ခရစ်နှစ် ၁၃၉၇ခုနှစ်တွင် အဝနှင့် ဆယ်လန့်မှ သံခရီးပြန်လာသော ချဲန်ကူယွန်သည် တရုတ်-မြန်မာ နယ်ခြားဒေသတွင် ပျူလူမျိုးရှိကြောင်းကို ဖော်ပြထားလေသည် ။ ဆယ်လန့်သည် မောရှမ်းမြို့တော်ဖြစ်၍ ယခုနမ်းခမ်းမြို့ အရှေ့ဖက် ၁၃မိုင် အကွာတွင် တည်ရှိသည် ဟု အတိအလင်း ဖွင့်ဆိုထားသည် ။

မွန်ဂိုမင်းဆက် သမိုင်း ယွင်-ရှိ ဆိုတာကို ဒေါက်တာထင်အောင်က ပါမောက္ခလုစ့်၏ မြန်မာအစကျောက်ဆည် စာတမ်းကို ချေပချိန်တွင် သုံးဖူးတာသတိရလို့ လိုက်ရှာကြည့်တော့ မွန်ဂိုမင်းဆက်သမိုင်း ၊ မြန်မာနိုင်ငံအကြောင်းဟု ထပ်မံတွေ့ရပါသည် ။ ထိုအငြင်းပွားမှုများထဲမှ မထင်မှတ်ပဲ တွေ့လိုက်ရသည့် အချက်ကား မွန်ဂိုမင်းဆက် သမိုင်းကို မွန်ဂိုတို့၏ ကျူးကျော်စစ်ပွဲများတွင် ဝင်ရောက်တိုက်ခိုက်ပေးခဲ့ကြသည့် မွန်ဂိုစစ်သူကြီးများ (တာတာစစ်သူကြီး) က ကိုယ်တွေ့ဖြစ်ရပ်များကို ကိုယ်တိုင် မှတ်တမ်းတင်ခဲ့သည်များကို စုစည်းဖော်ပြထားသည်ဟု မှတ်သားခဲ့ရပါသည် ။

တဖန် ဆရာငြိမ်းကျော်၏ တကောင်း၊ ကန္တူ ၊ ကန္တူငနားကြီးလေ့လာချက်စာတမ်းတွင်
“ မွန်ဂိုမြန်မာ စစ်ပွဲကာလအတွင်းက နှစ်ဖက်၌ ပါဝင်တိုက်ခိုက်ခဲ့သော လူမျိုးများ စာရင်းတွင် ရွှေသွားလူမျိုး၊ ပိုင်ယိလူမျိုး၊ ဖော်လူမျိုး၊ အာ့ချန်လူမျိုး၊ ပျူလူမျိုး၊ ရှဲလူမျိုး၊ ချူးလော်လူမျိုး၊ ပိဆုလူမျိုး၊ ကျန့်တူလူမျိုး၊ မြန်မာလူမျိုး၊ ဆုန်လူမျိုး၊ မိုဆိုလူမျိုး၊ ဖူလူမျိုး စသည်တို့ကို တွေ့ရသည်ဟု ဖော်ပြပါရှိသည် ။ အဆိုပါ စာတမ်းသည် တကောင်းတွင် ရှိသော ကန္တူလူမျိုးတို့က ဧရာဝတီမြစ်ကျောင်းအတိုင်းဝင်လာသည့် နန်ကျောင်များကို ဖြတ်တားထားသည်ဟု ပါမောက္ခလုစ့်ရေးသားဖော်ပြချက်ကို ဦးဖိုးလတ်အစပြု၍ ဒေါက်တာထင်အောင်တို့ တုန့်ပြန်ချေပချက်များ မှားယွင်းကြောင်းနှင့် ပါမောက္ခလု့စ်ရည်ညွန်းသော ကန္တူငနားကြီးဆိုသည်လူမျိုးစုဖြစ်ပြီး ကဒူးလူမျိုးများကိုသာ ပြောသည်မှာ အမှန်ဖြစ်ကြောင်းကို အသံထွက်၊ စာရေးနည်း ၊ခေတ်ပြိုင်အထောက်အထား တိုက်ဆိုင်ခြင်းတို့ဖြင့် ဖော်ထုတ်ထားသော စာတမ်းတစ်ခုဖြစ်ပါသည် ။ ခရစ်နှစ် ၁၂၇၇-၁၂၈၅အတွင်း ဖြစ်ပွားခဲ့သော မွန်ဂို- မြန်မာစစ်ပွဲတွင် ပျူလူမျိုးများက မြန်မာလူမျိုးများနှင့် မတူညီသော သီးခြားလူမျိုးစုအနေဖြင့် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ယူဆလို့ရပါတယ် ။

ပြည်ပမှတ်တမ်းမှာတော့ ဖျောင်တိအန်ဟု မွန်ဂိုတို့ခေါ်ကြသည့် ပျူလူမျိုးများက ၁၃ရာစုနှင့် ၁၄ရာစုအတွင်းနေရပ်အတိအကျနှင့် နေထိုင်ကြသည်ဟု မွန်ဂို-မြန်မာစစ်ပွဲတွင် ကိုယ်တိုင်ပါဝင်တိုက် ခိုက်ခဲ့သော မွန်ဂို(တာတာ)တပ်မှူးတို့က မှတ်တမ်းတင်ထားတာ သိရပြီဆိုလျှင် မြန်မာဘက် မှတ်တမ်းတွင်ကော မပါဝင်ဘူးလား သိချင်၍ ထိုအကြောင်းအရာကို မှတ်တမ်းတင်ထားသော မှန်နန်းရာဇဝင်နှင့် တွင်းသင်းမြန်မာရာဇဝင်ကို အခေါက်ခေါက်ဖတ်သည် မတွေ့ရပါ ။ ထို့ကြောင့် ယနေ့အထိ လက်လျော့ထားလိုက်တော့သည် ။

သို့သော် ဆရာနိုင်ဇော်၏ ပျူနိုင်ငံတော်နှင့် ပျူနိုင်ငံသားများ စာအုပ်ကို ပြန်ဖတ်ချင်၍ ဖတ်မိသောအခါ အခန်း(၅) ပျူနိုင်ငံသားများ ခေါင်းစဉ်အောက် ပြော့နှင့် ပျူဟူသော အပိုဒ်ငယ်လေးကို တွေ့လိုက်ရတော့ မြန်မာ့ရာဇဝင်စာအုပ်များတွင် ထိုခေတ်က အကြောင်းအရာများကို ဖော်ပြခဲ့ရာတွင် ပြော့လူမျိုးများ ရှိရာအရပ်ဆိုတဲ့ စကားလုံးကို ပြေးသတိရမိ၍ ရှာကြည့်တော့ မှန်နန်းရာဇဝင်တော်ကြီး သုံးတွဲပေါင်း ပထမအကြိမ် (၂၀၀၈ ဇန်နဝါရီလ) ထုတ် စာမျက်နှာ ၂၁၉တွင်
“ အသင်္ခယာ ရာဇသင်္ကြန် သီဟသူတို့ အကြောင်း ခေါင်းစဉ်အောက်တွင် အခါတပါး ဘိန္နကမြို့ကို အစိုးရသော စော်ဘွားကြီးတွင် သားတော်နှစ်ပါးရှိသည် ။ စော်ဘွားကြီး မရှိ၍ သားတော်အကြီး ဘိန္နကမြို့ကို မင်းပြုတော်မူလျှင် ညီတော် အငယ် သိင်္ခဗိုနှင့် မကြည်ရှိသဖြင့် ညီတော်ကိုဖမ်း၍ သတ်မည်ပြုရာတွင် ညီတော်သိင်္ခဗိုသည် အလုပ်အကျွေးစုံရာနှင့် ဘိန္နကမြို့မှ အစဉ်အတိုင်းပြေးခဲ့လျှင် မြန်မာနိုင်ငံဖြစ်သော ပြော့တို့နေရာ မြင်စိုင်းသို့ ရောက်လာ၏ ။ ”

တဖန် တွင်းသင်းတိုက်ဝန် မဟာစည်သူ ဦးထွန်းညို၏ တွင်းသင်းမြန်မာရာဇဝင်သစ် ပထမတွဲ စာမျက်နှာ ၁၅၀တွင်
“ ရှည်လတ်သော် မိဖုရားစောကို အတိုင်အပင်မပြု ၊ မိဖုရားစောလည်း ပြော့သားညီနောင် သုံးယောက် အမူအကျင့်ကောင်း၏ဟု ငါ့စည်းစိမ်ကို မဖျက်ကုန်လင့်ဟု သစ္စာတောင်းသည် ”
ထိုနေရာတွင်လည်း “ ပြော့ ” စကားလုံးကို တွေ့ရပြန်သည် ။

ရာဇဝင် မှတ်တမ်းများတွင် ပါရှိသော“ ပြော့ ” နှင့် ကုန်းဘောင်ခေတ်တိုင် ရှိနေသော “ ပြော့ ”တို့သည် သည် ပျူအနွယ် ဖြစ်ကြောင်း အချို့ပညာရှင်များက ယူဆကြသည် ( ရမည်းသင်းသည် ရာမညလူမျိုးတို့ သင်းဖွဲ့နေထိုင်ရာ ဖြစ်သကဲ့သို့ ပျော်ဘွယ်သည် ပြော့တို့အဖွဲ့စု နေထိုင်ရာ ပြော့ဖွဲ့မှ ဆင်းသက်လာသော အမည်ဖြစ်နိုင်သည် ) ဟုဦးနိုင်ဇော်က ကိုးကားသည် ။

ပြော့လူမျိုး၊ ပြော့ကြီးမှူးများနှင့် ပတ်သတ်သော အသုံးအနှုန်းများနှင့် ပတ်သတ်၍ “ မြေနန်းစမုခ်ဦး အရှေ့ဘက် မင်းတက်လှေကား၏ အဆင်း မြေပြင်တွင် ကာရံထားသည့် ရွှေရာဇမတ် တံခါး လက်ဝဲလက်ယာက ပြော့သား ထုရင်သားတို့ကို တစ်ဘက်စီ ကြိမ်စွဲလျက် မြီသရီဟုခေါ်သော ကတ္တီပါနက် ဦးထုပ် အဖျား၌ ကွင်းတပ်စေသည်ကို ဆောင်း၍ ၊ အင်္ကျီလက်ကျယ်နှင့် ခစားရသည် ( ပြော့သည် လူမျိုးတစ်မျိုးဖြစ်ပြီး ပြော့လူမျိုး မင်းမှုထမ်းများ ဆောင်းသော ဗောင်းတမာချွန်၌ ကြော့ကွင်းတပ်ရသည့် အကြောင်းအရင်း ရှိသည် ။ ပျူစောထီးသည် နေမင်းနှင့် နတ်နဂါးတို့ သင့်ရာတွင် ဖွားမြင်သူဟု အဆိုရှိသည် ။ ပျူစောထီး မင်းဖြစ်လာသော အခါ မယ်တော် နတ်နဂါး မင်းသမီးက သားတော်ထံ နဂါးအမတ် ရှစ်ယောက် စေလွှတ်၍ အစောင့်အကြပ်ထားပေးသည် ။ အဆိုပါ နဂါးအမတ်များသည် ဂဠုန် အန ္တရာယ်ကို စိုးနှောင့်ကြသဖြင့် ယင်းတို့၏ ဗောင်းတွင် ကြော့ကွင်းတပ်၍ ဆောင်းကြသည် ။ ဤသည်ကို အစွဲပြု၍ ဗောင်းတမာ ရွက်ချွန်၌ ကြော့ကွင်းတပ်ရသည့် အစဉ်အလာ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုလေသည် ) ” အစဉ်အလာဟူသည် ယုံကြည်ဖို့ခက်ခဲသော်လည်း သားစဉ်မြေးဆက် လိုက်နာဖို့ကတော့ မခက်ခဲတာကို သတိချပ်ပါ ။

ယင်းတို့ကို ပြော့ကြီးမှူးများဟု ခေါ်ကြောင်း (ဦးမောင်မောင်တင်က ရွှေနန်းသုံး ဝေါဟာရ အဘိဓါန်တွင် ရှင်းလင်း ဖော်ပြထားသည်) ။ ပြော့လူမျိူးများကို ခန့်ထားသောကြောင့် ပြော့အစုဟု ခေါ်ကြောင်းလည်းသိရသည် ဟု (ဦးတင် ပုဂံဝန်ထောက်မင်း ၏ မြန်မာမင်း အုပ်ချုပ်ပုံစာတမ်းတွင် ပဉ္စမပိုင်း)တွင် တွေ့ရသည် ။ ပြော့အစုသည် လွှတ်တော်အရာရှိများလည်း အပါအဝင်ဖြစ်သည်ဟု (ဦးမြင့်အောင် ပျူနှင့် ပြော့ ဆောင်းပါးတွင်)လည်း ဖော်ပြပါရှိသည် ။ ဆရာနိုင်ဇော်၏ ပျူနိုင်ငံ ပျူလူမျိုးများ စာအုပ်တွင် ထိုသို့ ဖော်ပြထားပါသည် ။

ထိုမှတဆင့် ဆရာဦးမြင့်အောင်၏ ပြော့နှင့် ပျူဆောင်းပါးကို ဇစ်မြစ်လိုက်သော် ပြော့ဆိုသည် ပျူနှင့် အတူတူပင်ဖြစ်သည်ဟု ဥပမာ ဥပမေယျများစွာဖြင့် ရှင်းလင်း တင်ပြထားသလို အထက်တွင် တင်ပြထားခဲ့သော ဆရာဦးရည်စိန်၏ မြန်မာလူမျိုးကို မိအဲန်(မြန့်)ဟုခေါ်ကြောင်း တစ်ခါတရံတွင်မူ ၎င်းဒေသ၏ ခေတ်ဟောင်းအမည်ဖြစ်သော ပျူနိုင်ငံဟုသုံးနှုန်းကြောင်း တင်ပြထားပါသည် ။ စာရေးသူကိုးကားသော ဦးရည်စိန်၏ ရှင်ဒိဿပါမောက္ခ၏ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ စာတမ်းပါ အကြောင်းအရာကို ပြန်လည် ကိုးကားထားသော တိုင်(ရှမ်း)တို့ဝင်ရောက်လာပုံ စာတမ်းမှ အကြောင်းအရာကို ဦးမြင့်အောင်က ကိုးကားဖော်ပြသည်ကို တွေ့ရသည် ။

ထို့ကြောင့် ပုဂံနှင့် ခေတ်ပြိုင် မွန်ဂိုမင်းဆက်သမိုင်းယွင်-ရှိတွင်လည်း မြန်မာနှင့် ပျူလူမျိုးနှစ်ခုကို ကွဲပြားကြောင်းဖော်ပြထားသလို မြန်မာ့ရာဇဝင်ကြီးမှာ မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းများတွင် တွေ့ရသော ပြော့လူမျိုးဟူသည် ပျူလူမျိုး ဖြစ်၍ မြန်မာနှင့် ပြော့/ပျူတို့ကတော့ ကွဲပြားမှုရှိပေမယ့် တစ်သားတည်း ပေါင်းစည်းနေကြောင်း
သိရပါတယ် ။

ဒေါက်တာ သန်းထွန်း၏ ပျူတွေဘယ်ပျောက်သွားသလဲစာအုပ် အမှာစာတွင် ဆရာကြီးကိုယ်တိုင်က
“ ငါဒီမှာဟေ့လို့ အော်လိုက်ချင်တယ် ၊ ဆိုလိုတာက ပျူနဲ့မြန်မာ အတူတူပဲလို့ ကျွန်တော်ထင်မိတယ် ။ တတ်နိုင်သလောက်တော့ ကိုယ့်စကားခိုင်လုံအောင် သက်သေရှာပြပါ့မယ် ။ ကနေ့မြန်မာနိုင်ငံလို့ခေါ်တဲ့ နေရာဒေသမှာ အရှေ့ခြမ်းကရှမ်း၊ အနောက်မှာ ရခိုင် ၊ တောင်မှာမွန် ၊ မြောက်မှာချင်း ကချင် ၊ အလယ်မှာမြန်မာ ၊ အလယ်ဆိုတာ ထင်ရှားတဲ့မြို့ကို အစွဲပြုပြီးပြောရင် ပုဂံအကြောင်းကို ပြောရမယ် ။ ပုဂံအကြောင်းပြောရင် ပျူစောထီးက စတာပဲပေါ့။ အဲဒီပျူတွေ အခုဘယ်မှာလဲလို့ ဆက်မေးရင် ပျူနဲ့မြန်မာ ရောသွားပြီလို့ ပြောလိုက်မိတယ် ။ ဒါပေမယ့် ဒီလိုရောတာ သိပ်မကြာသေးပါ ။ သာသနာအနှစ် ၁၆၂၈ (ခရစ်နှစ် ၁၀၈၄)က ရာဇကုမာရ် ကျောက်စာမှာ ပျူမျက်နှာ ရေးထိုးထားတာ တွေ့ရပါတယ် ။ ပျူလူမျိုးက ခရစ်နှစ် ၁၆ရာစုမှာ ဖော်ပြထားတာကို တွေ့ရသေးတယ် ။ အခုထိ ယောနယ်ထဲမှာ ပျူတွေရှိနေသေးတယ်လို့ ပြောပါတယ် ။ သို့သော် အလွန်ရှားပါးသွားပါပြီ။ ဘာကြောင့်ဒီလိုဖြစ်ရသလဲလို့ ပြန်လည်စစ်ဆေးတဲ့အခါ ခရစ်နှစ်ကိုးရာစုလောက်က စပြီး မြန်မာတွေ လွှမ်းမိုးတဲ့ ဒဏ်ကို မခံနိုင်လို့ဖြစ်မယ် ” သည်လို ရှင်းရှင်းပြောသွားပါတယ် ။

ထို့ကြောင့် ခေတ်ပြိုင်အထောက်အထား ခိုင်ခိုင်မာမာရှိနေသည့် ၁၃ရာစုက ပျူဆိုတာ ပျူပါပဲလို့ စေတနာဖြင့် ဖော်ပြလျက် …