၂၀၂၁ သံ တွဲမြို့ ရေကြီးဖြစ်စဉ် ။ လျှပ်စစ် အင်ဂျင်နီယာ ဦး စန်းဝေ ၏ ဆောင်းပါးစာ Facebook post (. ) ကို ပြန်လည် ကူးယူဖေါ်ပြပါသည်.
သံတွဲမြို့တွင်ရေကြီးခြင်း (၂၀၂၁) ၊
စန်းဝေ- ရေ အားလျှပ်စစ်
Facebook post 1 Aug 2021
—————————————————
၂၀၂၁ခုနှစ် ဇူလိုင်လ( ၂၆/၂၇ ) ရက်နေ့မျာ၌ ရခိုင်ပြည်နယ်၊သံတွဲမြို့တွင် ရေကြီးမှုနှင့်ကြုံတွေ့ခဲ့ရပါသည် ၊ သံတွဲမြို့တွင် ရေကြီးခြင်းသည် အထူးအဆန်းတော့မဟုတ်တော့ပါ ၊ နှစ်စဉ်ကြီးတတ်ပါသည် ၊ သုံးနှစ်တစ်ခါလောက်မှာတော့ ရေများများကြီးတတ်ပါသည် ၊
ရေကြီးရခြင်းအကြောင်း များကို သုံသပ်ကြည့်လျှင်
(၁) မိုးရေချိန် လက်မ များစွာ ရွာသွန်းသောအခါများ..
(၂) ပင်လယ်ဒီရေ အတက် ရေထ ရက်နှင့် တိုက်ဆိုင်သော အခါ နှင့်
(၃) မြို့ ၏ ရေစီးရေလာ ကောင်းမွန်အောင် ပြုလုပ်ထားသော ရေထုတ်စံနစ် (Drainage System ) ချို့ယွင်းလာအခါများတွင် ရေကြီးတတ်ပါသည် ၊
ပထမဦးစွာ မိုးရွာသွန်မှု မှ ရေကြီးခြင်း အကြောင်း ကို ရှင်းလင်းတင်ပြလိုပါသည်၊ ရခိုင်ပြည်နယ် သည် အနောက်တောင်မုတ်သုန်လေ မှ မိုးများစွာ ရရှိသော ပြည်နယ် တစ်ခု ဖြစ်ပါသည် ၊ မုတ်သုန်လေ အားကောင်းသော အချိန်များတွင် မိုးရွာသွန်းမှု မှာ တစ်နေ့တွင် မိုးရေချိန် လက်မ ၄ လက်မ ၅ လက်မ မက ရွာသွန်းတတ်ပါသည် ၊ ဘင်္ဂလားပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်နေချိန် များ၊ မုန်တိုင်း ဖြစ်နေချိန်များတွင် မိုးပိုမိုကောင်းမွန်တတ်ပါသည်၊ ထိုအချိန် များတွင် ရွာသွန်းသော မိုးရေချိန် များမှာ ၁၀လက်မ မက ရွာသွန်းတတ်ပါသည် ၊( ၂၇-၇-၂၀၂၁နေ့ က မိုးရေချိန် ၁၅.၂၈ လက်မ စံချိန်တင် ရွာသွန်းခဲ့ပါသည် ၊)

ထို အချိန်အခါမျိုးတွင် ရေဆင်းဧရိယာ စတုန်းရန်း မိုင် (၅၀၀ ) ခန့်စီရှိကြသော သံတွဲ ချောင်း ၊ သူဌေးချောင်း များမှ ရေထု စီဆင်းမှု မှာ တစ်စက္ကန်လျှင် ကုဗမီတာ ၄၅၀၀ မှ ၅၀၀၀ ခန့်ထိ ရှိတတ်ပါသည်၊ ( သူဌေးချောင်းစီမံကိန်းတွင် ရေထုစီးဆင်းနှုန်းကို တိုင်းတာထားပါသည် ) ၊
မိုးရေချိန်လက်မ (၁၀) အောက်ရွာသွန်းမှု က ရေကြီးမှု ကြီးကြီးမားမား မဖြစ်နိုင်သော်လည် မိုးရေချိန် လက်မ များသည့်အခါမျိုး..၊ ဘင်္ဂလား ပင်လယ် တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ချိန်၊ မုန်တိုင်းဖြစ်ပေါ်ချိန် များတွင် ရေဆင်းဧရိယာ တစ်ခုလုံးတွင် မိုးရေချိန် လက်မ (၁၀) လက်မကျော်ခန့် ပြန့်ပြန့်နှံ့နှံ့ ရွာသွန်ချိန် တွင် သံတွဲချောင်း နှင့် သူဌေးချောင်းများမှ တောင်ကျရေ ၊ ရေစီဆင်းမှု များတတ်ပါသည်၊( ထိုချောင်း(၂) ခုကို အတူဖေါ်ပြနေရခြင်း မှာ ထိုချောင်း နှစ်ခု မှာ စတင်မြစ်ဖျားခံသည်မှ ပင်လယ် အတွင်းစီးဝင်သည်အထိ အပြိုင် စီးဆင်းနေသော ချောင်းများဖြစ်သောကြောင့် ဖြစ်ပါသည် )၊

သံတွဲချောင်းနဲ့ သူဌေးချောင်းတို့သည် ရခိုင်ရိုးမ ပေါ် ရှိ ရေပေါ်ကြီး စခန်း ၏ တောင်ဘက် မလှမ်းမကမ်း မှ အသီးသီး မြစ်ဖျားခံ ကြပြီး တောင်ဘက်သို့ အပြိုင် စီးဆင်းလာကြပါသည် ၊ သံတွဲ မြို့ ၏ အနောက်တောင်ယွန်းယွန်လောက်အရောက် တွင် အနောက်မြောက် အရပ်ဘက် ကွေ့ ၍ ဆက်လက် အပြိုင် စီးဆင် လာကြပြီး သံတွမြို့ ၏ မြောက်ဘက် ၁၅ မိုင်ခန့် အကွာ ခန့် မှ ပင်လယ် အတွင်းသို့ စီးဝင်သွားကြပါသည် ၊ သံတွဲချောင်း အဝ တွင်ဆင်ခေါင်ရွာရှိပြီး သူဌေးချောင်း အဝ နှင့် အလှမ်မကွာ သော နေရာ တွင် ခမောင်းတုန်းရွာ ရှိသည် ၊ ချောင်းတစ်ခုနှင့် တစ်ခုအကြားတွင် တောင်တန်းတစ်ခု (Mountain Ridge) က က ပိုင်းခြားထားသည် ၊သံတွဲချောင်း မှ ရေကျ များလျှင် သံတွဲမြို့ရေကြီးတတ်ပြီး သူဌေးချောင်း ရေကျ များလျှင် ရွှေလှေ ၊ မန်ကျည်းချောင် ၊ လင်းသီ စသည်ကျေးရွာ များတွင် ရေကြီးတတ်ပါသည်၊ ထိုကြောင့် သူဌေးချောင်းက သံတွဲမြို့ကို ရေမကြီးစေတတ်ပါ ၊သူဌေးချောင်းပေါ်ရှိ ရွှေလှေ နှင့် အနီးမှ ကျေးရွာများမှာလည်း သံတွဲမြို့ နည်းတူ နှစ်စဉ် ရေကြီး တတ်ပါသည် ၊

ရေမြင့်တက်တတ်ခြင်း ဒုတိယ အကြောင်းရင်း ကို ဆက်လက်တင်ပြလိုပါသည် ၊ ပင်လယ်ဒီရေတက်မှုပင် ဖြစ်ပါသည် ၊ လ ၏ ဆွဲငင်အားကြောင်း ကမ္ဘာပေါ်တွင် ဒီရေအတက်အကျ ဖြစ်မှု ကို ပင်လယ်နှင့် နီးသော အရပ်ဒေသများတွင် ကြုံတွေ့ နေကြ ဖြစ်ပါသည်၊ ပုံမှန်လို ဖြစ်နေ၍ ရေကြီးသည်ဟုပင် မယူဆ ကြတော့ပါ ၊ ရေတက်ရေကျ ကိုနေ့စဉ် ကြုံတွေ နေကြ ဖြစ်နေပါပြီ ၊ လနှင့် ကမ္ဘာ ၏ အကွာအဝေး ပြောင်းလဲမှု ကို မူတည်၍ ဒီရေနည်းနည်း တက်ခြင်း နှင့် များများ တက်ခြင်း ကို ဖြစ်ပေါ်နေစေပါသည် ၊ ပင်လယ် ဒီရေ တက်မှုတွင် ရေထ ရက်ဟုခေါ်သော ရေပိုမို မြင့်တက်သော ရက် နှင့် ရေသေ ရက်ဟူသော ရေအလွန် မတက်သော ရက်များ ဟူ၍ ရှိပါသည် ၊ မြန်မာ လများ ၏ လဆန်း၊ လဆုတ် (၃) ရက်နေ့သည် ပင်လယ် ဒီရေ အတက်ဆုံး ရက်ဖြစ်ပြီး လဆန်/ လဆုတ် (၄) ရက်မှ စ၍ ရေပြန် နိမ့် သွားတတ်ပါသည် ၊

ချောင်းရေမကြီးပဲ တစ်ခါ တစ်ရံ မိုးများသော အခါများတွင် မြို့ပေါ်တွင် ရေစီဆင်းမှု ကောင်းမွန်ခြင်း မရှိ၍ ရေများ တင်နေပြီး ရေကြီးသလို ဖြစ်နေတတ်ပါသည် ၊ မြို့၏ ရေထုတ်စံနစ်(Drainage system ) ချို့ယွင်းလာသောကြောင့် ဖြစ်ပါသည် ၊ ပြုပြင်၍ ရပါသည်၊ ရေထုတ်မြောင်းများစံနစ်တစ်ကျ ပြန်လည်ပြုပြင်ပြီး ပလတ်စတစ်ပါသော အမှိုက်စွန်ပစ်ခြင်း ကို စံနစ်တကျ ဆောင်ရွက်စေလိုက်လျှင်ရေစီးရေလာ ကောင်းမွန် သွားမည် ဖြစ်ပါသည်၊
သံတွဲမြို့တွင် ၂၀၀၄ ခုနှစ်က ရေကြီးခြင်း နှင့် ယခုနှစ် ၂၀၂၁ မှာလို ရေကြီးခြင်း များမှာ အထက်မှာ ရှင်လင်း တင်ပြခဲ့သကဲ့သို့ .. မိုးရွာသွန်းမှု များပြားခြင်း နှင့် ပင်လယ်မှ ဒီရေ မြင့်တက်မှု မြင့်မားနေချိန် နှင့် တိုက်ဆိုင်သွားခြင်း များကြောင့် ဖြစ်ပါသည် ၊သံတွဲမြို့တွင် ရေ စတက်သော (၂၆-၇-၂၀၂၁) နေ့သည် လဆုတ် (၃) ရက်နေ့ ဖြစ်ပါသည် ၊

သံတွဲ ချောင်းအဝ ပင်လယ် ရေပြင် အမြင့် က မြင့်တက်နေမှု က ရိုးမ ပေါ်မှ စီးဆင်းလာသော ရေနှင့်ပေါင်းပြီး သံတွဲမြိုပေါ် နှင့် ဝန်းကျင် တွင် ရေကြီးမှု ကို ဖြစ် ပေါ်စေခြင်း ဖြစ် ပါသည် ၊ ထိုကြောင့် ပင်လယ် ဒီရေ ရေတက်ရေကျ တစ်ကြိမ် ( One Cycle ) ပြည့်သွားပြီးသည်နှင့် ရေပြန်ကျသွားခြင်း ဖြစ်ပါသည် ၊ ထိုကြောင့် သံတွဲမြို့၏ ရေကြီးချိန်သည် အကြမ်းအားဖြင့် ကြာမြင့်ချိန် (၂၄ ) နာရီထက် ပိုကြာနိုင်မည်မဟုတ်ပါ ၊
ပင်လယ်ရေပြင် မြင့်တက်မှု ကို ဖြစ်စေသော နောက်အကြောင်း တစ်ခု မှာ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်တတ်သော လေဖိအားနည်းရပ်ဝန်းများနှင့် မုန်တိုင်းများ ၏ လေတိုက်ခတ်မှု ဦးတည်လမ်းကြောင်း များကြောင့်ဖြစ် ပါသည် ၊ လေဖိအားနည်းရပ်ဝန်း နှင့်မုန်တိုင်းများ၏ ဗဟိုချက်ရွေ့ရှာရာ လမ်းကြောင်းသည် ဘင်္ဂလားပင်လယ်မြောက်ပိုင်တွင်ဖြစ်ပေါ်လျှင် လေတိုက်ခတ်မှု လမ်းကြောင်းများ၏ ဦးတည်ချက် များမှာ ဂွ ချောင်း၊ ကျိန်တလီ ချောင်း၊ သံတွဲ ချောင်း နှင့်သူဌေးချောင်းများ၏ ချောင်းဝ များသို့ ဦးတည်နေတတ်ပါသည် ၊ ထိုသို့ဦးတည်နေမှု များ က ပင်လယ်ရေများကို ချောင်ဝ များဆီသို့ တွန်းပို့ နေသလို များ သက်ရောက်နေပါသည် ၊ ထိုသက်ရောက်မှု က ပင်လယ် ရေပြင်အမြင့် ကို ပိုမို မြင့်တက်နေစေပါသည် ၊

ထိုအပြင် ယနေ့ အချိန်အခါတွင် နိုင်ငံတစ်ဝှမ်းလုံးရှိ မြစ်ချောင်း အများမှာလဲ လူတို့၏ပရောဂ ကြောင့် သစ်တောပြုန်းတီးခြင်း ၊သတ္တုတူးဖော်ခြင်း များနှင့် ဆက်စပ်ပြီး မြေဆီတိုက်စားမှု များ နေရာ အနှံအပြားတွင် ဖြစ်ပေါ်နေပါသည် ၊ ထိုမြေဆီလွှာတိုက်စားမှု များကမြစ်ချောင်းများ၏ ကြမ်းခင်းပြင် ကို ပို့ချပြီး မြစ်/ချောင်းကြမ်းပြင် မြင့်တက်နေ စေ ပါသည် ၊ ထိုချောင်းကြမ်းပြင် မြင့်တက်မှု က လည်း မြစ်ရေအမြင့်များ တိုးလာစေပြီး ရေကြီးမှု များ ဖြစ်ပွါးစေပါသည်၊
သံတွဲချောင်းတွင်လည်း ထိုသက်ရောက်မှု ရှိနေပါသည် ၊ထိုအချက်ကလည်း သံတွဲ မြို့ ရေကြီးခြင်းကို ဖြစ်စေသော နောက်အကြောင်းတစ်ရပ် ဖြစ်ပါသည် ၊
သံတွဲရေကြီးခြင်း သည် သံတွဲချောင်းမြစ်ရိုး တစ်လျောက်နဲ့သာ သက်ဆိုင်ပါသည် ၊ သူဌေးချောင်းနှင့် သက်ဆိုင်ခြင်းမရှိပါ ၊ သူဌေးချောင်းပေါ်တွင် တည်ဆောက်နေဆဲ သူဌေးရေအားလျှပ်စစ်စီမံကိန်း နှင့်လည်းသက်ဆိုင်ခြင်း မရှိ ပါ ၊ ဉပမာအားဖြင့် ဧရာဝတီ နှင့် စစ်တောင်းမြစ် များကဲ့သို့ပင် ဖြစ်ပါသည် ၊ သူ့ မြစ်ဝှမ်း နဲ့ သူ ဖြစ်ပါသည် ၊ သက်ဆိုင်ခြင်းမရှိပါ ၊

၂၀၂၁ ခုနှစ်သံတွဲ ရေကြီးခြင်း သည် သူဌေးချောင်းပေါ်တွင် တည်ဆောက်နေသော သူဌေးချောင်းစီမံကိန်းကြောင့်ပင် ဖြစ်သလိုလို ပြောဆို လာကြသူများ ကို လည်း တွေ့လာရသောကြောင့် ရှင်းလင်း ပြောကြားရခြင်း ဖြစ်ပါသည် ၊
၂၀၂၁ခုနှစ် သံတွဲ ရေကြီးမှု နှင့်ဆက်စပ်ပြီး တည်ဆောက်ဆဲ သူဌေးရေအားလျှပ်စစ် စီမံကိန်း ကို မဟုတ်မမှန် သတင်း များ ဆက်စပ် ဖြစ်ပေါ်စေပြန်ပါသည် ၊ သံတွဲ ရေကြီးခြင်းသည် သူဌေးစီမံကိန်းကြောင့်.. ပဲ ဖြစ်ရသလိုလို ၊ စီမံကိန်း မှာ တည်ဆောက်ထားသော တမံ က ရေတိုက်စားပြီး ရေတွေ ဒလဟော စီးထွက်နေ သလိုလို ..၊ ကောလာဟာလ သတင်းဖြစ် ပြီး နောက် သူဌေးချောင်း အောက်ဘက်ရှိ ရွှေလှေ ၊ လင်သီ စသည့် ရွာများ လူတစ်ချို့ ပြေးလွှား ရှောင်ရှားနေကြပြီ ဟူ၍ ..၊
ရှင်းလင်းတင်ပြလိုပါသည် ၊ သူဌေး စီမံကိန်းတွင် သူဌေးချောင်းရေကို ရေလွှဲ ထားပြီး တမံတည်ဆောက်ရန် ကိစ္စ ဆောင်ရွက်နိုင်ရန် တည်ဆောက်ခဲ့သော ရေလွှဲ ဉမင်လိုဏ်များ ၂၀၂၀ နှစ်ကုန် ပိုင်းတွင် ပြီးစီး ခဲ့၍ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၅) ရက်နေ့တွင် ချောင်းရေလွှဲထားခဲ့ပြီးဖြစ်ပါသည် ၊ တစ်ဆက်တည်းပင် ပင်မ တမံ ( Half Section ) တည်ဆောက်မှု ကို လည်း စတင် ဆောင်ရွက်ခဲ့ရာ တမံ အမြင့် မီတာ (၅၀) ခန့်အထိ တည်ဆောက်ထားခဲ့ပြီး ဖြစ်ပါသည် ၊
သူဌေးချောင်းရေသည် ဉမင်လိုဏ်များအတွင်းမှ ရေလွှဲထားမှုသည် ချောင်းရေနည်းချိန်တွင် နည်းနည်း ၊ ရေများချိန်တွင် များများ စီထွက်နေခဲ့ပြီ ဖြစ်ပါသည် ၊ ရေလွှဲ ဉမင်လိုဏ်များ၏ ရေလွှဲထုတ်နိုင်မှု ပမာဏ မှာ လည်း လက်ရှိ တည်ဆောက်ပြီးတမံ အမြင့်အရ .. ရေထုထည် တစ်က္ကန်လျှင် ကုဗမီတာ (၂၅၀၀ )ခန့် ထုတ်လုပ်နိုင်စွမ်းရှိပါသည် ၊ ထိုရေသည် ရေမလွှဲမှိ က စီးဆင်းသော သူဌေးချောင်း၏ ရေကြီးချိန် ချောင်းရေ စီးနှုန်း ..တစ်စက္ကန် လျှင် (၄၇၀၀) ကုဗမီတာ၏ ၅၃% ခန့်သာဖြစ်၍ သူဌေးချောင်းကြောင့် နှစ်စဉ် ရေကြီးခဲ့သော ရွှေလှေ ၊ မန်ကျည်းချောင် ၊ လင်းသီ စသော ရွာများတွင် ရေကြီးမှု မဖြစ်တော့ပါ ၊ နောင်နှစ်များတွင်လည်း ရေကြီးတော့ မည် မဟုတ်ပါ၊ သူဌေးစီမံကိန်း တမံ များက ရေထိန်းလိုက်သောကြောင့် ဖြစ်ပါသည် ၊

ဖြစ်ပေါ်ခဲ့သော မဟုတ်မမှန် သတင်း များမှာ ရေလွှဲဉမင်လိုဏ်များ၏ အောက်ဘက် တွင် ရေလွှဲ ရေထုတ်ပြွန် (ဉမင်လိုဏ် ) များမှ ရေစီးထွက်မှု အရှိန်ကြောင့် ကမ်းဘားပြိုကျ မှု များ ဖြစ်ပေါ်ခြင်း ကို ချဲ့ထွင် ပြောဆိုမှုများ သာ ဖြစ်ပါသည် ၊
သူဌေးချောင်း၏ စီဆင်းမှု ကို သူဌေးချောင်း စီမံကိန်းကြောင့် ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်၍ နှစ်စဉ် ရေကြီးခဲ့သော သူဌေးချောင်း အောက်ပိုင်းမှ ရွာများ ရေကြီးရေလျှံ ဖြစ် ရန် အကြောင်း မရှိတော့ပါ ၊
သံတွဲမြို့ကိုလည်း နောင် ရေမကြီးစေရန် ဆောင်ရွက်မည် ဆို လျှင် .. မိုးကို နည်းနည်းပဲ ရွာရန် မလုပ်နိုင်ပါ ၊ ပင်လယ် မြင့်တက်ခြင်း ကို မတက်ရန် မလုပ်နိုင်ပါ ၊ မုန်တိုင်း မတိုက်ရန် မလုပ်နိုင်ပါ ၊ သဘာဝ တရာ များဖြစ်ပါသည် ၊ ချောင်းတစ်လျှောက် ရေစီကြောင်း နက်သွားအောင်း ချောင်တစ်တစ်လျှောက်လုံးကို လုပ်ရန် မဖြစ်နိုင်ပါ ၊ ရေစီးရေလာကောင်းအောင် တော့ လုပ်နိုင်ပါမည် ၊ ရေစီးရေလာ ကောင်းရုံ လောက်နှင့် တော့ ရေမကြီးအောင် မလုပ်နိုင်ပါ ၊
သံတွဲမြို့ ရေမကြီးစေရန် သံတွဲချောင်း ၏ အထက်ဘက် သင့်တော်ရာ နေရာတွင် ရေလှောင်တမံနှင့် ရေအားလျှပ်စစ်စီမံကိန်း တစ်ခု ..(သို့မဟုတ်) ရေကြီးမှု ထိန်း တမံ ( Flood Control Dam ) တစ်ခု တည်ဆောက်ခြင်းရန်သာ ရှိပါသည် ၊
သံတွဲ ရေအားလျှပ်စစ်စီမံကိန်း က လျာထား နေရာ ရှိပြီး ဖြစ်ပါသည် ၊ အထက်ဘက်တွင် ရေထိန်းနိုင်ရန် တမံတည်ဆောက်ခြင်း ကသာ သေချာသော သံတွဲမြို့ ရေကြီးမှု ကို ကာကွယ်တားဆီးသွားနိုင်မည် ဖြစ်ပါကြောင်း ..၊
Photos credited.
စန်းဝေ(သံတွဲ)
(၁-၈-၂၀၂၁)
