တစ်ခေတ်တစ်ခါက မြန်မာ့ရုပ်ရှင်လောက မှ ရွှေဘခေတ်

Listing Description

သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ၁၉၄၀ ဆယ်စုနှစ် နှောင်းပိုင်းတွင် ကျော်ကြားသော အက်ရှင်ရုပ်ရှင်ဇာတ်လမ်းများကို ထုတ်ဝေဖြန့်ချိခဲ့သည့် သမ္မတလူကြမ်း ရုပ်ရှင်အုပ်စုကို တည်ထောင်ခဲ့သူ ဖြစ်သည်။

၁၉၂၈-ခုနှစ် မတ်လ(၃၀)ရက်တွင် ရွှေဘကို ပုသိမ်မြို့ မြို့ပတ်လမ်း၌ ပန်းချီဆရာကြီး ဦးအောင်မြတ် နှင့် ဒေါ်ကွမ်း တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း လေးဦးအနက် အငယ်ဆုံး ဖြစ်၏။ အမည်ရင်း အေးကြည်ဖြစ်ပြီး အတန်းပညာကို အလယ်တန်းအထိ သာသင်ယူခဲ့ဖူးသည်။ ရေကူး၊ လက်ဝှေ့ထိုး၊ ဒိုင်ဗင်ထိုး၊ မြင်းစီး စသည့် အကြမ်းအရမ်း ကစားနည်းများကို နှစ်သက်သည်။

ငယ်စဉ်ကပင် ရုပ်ရှင်ဘက်၌ ဝါသနာပါသဖြင့် အသက် ၁၇-နှစ်တွင် ရန်ကုန်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ရန်ကုန်တွင် ရေကျော်၊ လမ်း ၅၀ ရှိ ဦးလေးအိမ်၌ တည်းခိုနေထိုင်သည်။ အသက်မွေးဝမ်းကျောင်း အဖြစ် သံဖြူဆရာ အလုပ် လုပ်ခဲ့ရသည်။ တစ်ဖက်မှလည်း လက်ဝှေ့ကျော် ကျားဘညိမ်းထံ လက်ဝှေ့ပညာ သင်ယူလေ့လာခဲ့သည်။

ဒါရိုက်တာ ဆရာခန့်၏ လက်နက်ပုန်း အသံတိတ်ဇာတ်ကားတွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးပြီးနောက် ပဲရော့ရုပ်ရှင် ကုမ္ပဏီမှ ဒါရိုက်တာ ဖေကြိုင်က မင်းသားအဖြစ်တင်မြှောက်ကာ ရုပ်ရှင်လောကထဲသို့ ဝင်ရောက်ခဲ့သည်။

မင်းသားကြီး ရွှေဘသည် ၁၉၈၈ ဒီဇင်ဘာလ ၁ ရက်နေ့ အသက် (၆၀) နှစ်အရွယ်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

မင်းသားကြီး “ရွှေဘ” ဆိုရင် ဒီခေတ်လူငယ်တွေ ကြားဘူးတဲ့သူ သိပ်မရှိလောက်တော့ဘူး။

ကျွန်တော်တို့ ငယ်ငယ်ကတော့ “ရွှေဘ” ဆိုတာ မြန်မာရုပ်ရှင်ကြည့် ပရိသတ်တွေကြားမှာ သိပ်ရေပန်းစားခဲ့တဲ့ အက်ရှင် မင်းသားကြီးပေါ့ဗျာ။ အထိုးအကြိတ် ၊ အသတ်အပုတ် ၊ ဆိုင်ကယ်စီး ၊ ဒိုင်ဗင်ပစ် ၊ အကြမ်းအရမ်းအစုံအလင်ကို လူစားမထိုးဘဲ ကိုယ်တိုင် သက်စွန့်ဆန်ဖျား ရိုက်ကူးခဲ့တဲ့ မင်းသားကြီးပေါ့ဗျာ။

ရုပ်ကလည်း နှာတံပေါ်ပေါ် ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း ၊ ကိုယ်လုံးကိုယ်ထည် တောင့်တောင့်တင်းတင်း နဲ့ တကယ့် အမျိုးသမီးကြိုက် မင်းသားကြီး တစ်ဆူပေဘဲ။

အဲဒီတုန်းက မင်းသားကြီး ရွှေဘ နဲ့ တွဲဘက် မင်းသားကြီးတစ်ဦးလည်း ရှိသေးသဗျ။ “တင်ညွှန့်” ဆိုတဲ့ မင်းသားကြီး ဦးတင်ညွှန့်ပါဗျား။ သူနဲ့ ရွှေဘနဲ့က အတူတွဲဖက် သရုပ်ဆောင်ကြတာ များပါတယ်။ “ရွှေဘ နဲ့ တင်ညွှန့်” ဆိုရင် အဲဒီခေတ်က ကလေး ၊ လူကြီး ပါးစပ်ဖျားမှာ အလွန်ရေပန်းစားခဲ့တဲ့ အတွဲပေါ့ဗျာ။

မင်းသားကြီး ရွှေဘ အလွန်နာမည်ကြီးတဲ့ အချိန်တွေက ကျွန်တော်အသက် (၅)နှစ် (၆)နှစ်လောက်ဘဲ ရှိဦးမယ် ထင်ပါတယ်။ ငယ်ငယ်က ကလေးတို့ဘာ၀ ကစားနည်းပေါင်းစုံနဲ့ ကစားကြတဲ့အထဲမှာ “နောင်ဂျိန်ချတန်း” ကစားတယ် ဆိုတာလည်း ရှိသဗျ။ နောင်ဂျိန်ချတမ်းဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ထိုးကြ ကြိတ်ကြတာပါဘဲဗျာ။

အဲဒီလို နောင်ဂျိန်ချတမ်းကစားကြပြီဆိုရင် “ရွှေဘ” လုပ်ချင်သူကသာ များပြီး “တင်ညွှန့်” လုပ်ချင်တဲ့သူ မရှိဘူးဗျ။ ဒါကြောင့် နောက်ဆုံးတော့ ရွှေဘ နေရာကို တစ်ယောက်တစ်လှည့်စီ မဲချပြီးယူကြမှ ကစားပွဲ ဖြစ်မြောက်တော့သဗျို့။

ရွှေဘကား ရုံတင်ပြီဟေ့ ဆိုတာနဲ့ တောရောမြို့ပါ အုန်းအုန်းကြွက်ကြွက် ရုံပြည့်လျှံအောင် အားပေးကြတာ ကလား။ ကျွန်တော်တို့မြို့ကလေးမှာ ဇာတ်ကားတစ်ခု ရုံတင်ရင် (၃)ရက်လောက်ဘဲ ပြရတဲ့အချိန်မှာ ရွှေဘ ကားဆိုရင်တော့ တစ်ပါတ် (၁၀)ရက်လောက်တော့ အသာကလေးဗျ။ နယ်လုံးကျွတ်အောင် ၀က်၀က်ကွဲ အားပေးကြတာ။

ရွှေဘကို ချစ်တဲ့ ပရိတ်သတ်တွေကလည်း ဘယ်လောက်ချစ်ကြသလဲဆိုရင် ဇာတ်၀င်ခန်းတစ်ခုမှာ မင်းသားကြီး ရွှေဘက လူဆိုးတွေကို ဆုံးမ,ထိုးကြိတ်ပြီဆိုရင်တော့ လက်ခေါက်မှုတ်သံ တရွှီရွှီ ၊ လက်ခုတ်သံ တဖြောင်းဖြောင်းပေါ့ဗျာ။

အဲ- ရွှေဘက ခံရပြီဆိုတဲ့ အလှည့်ဆိုရင်တော့ အောက်က ပရိတ်သတ်က “ဟေ့ တော်တော့ကွ ၊ မတရားမလုပ် နဲ့ ၊ တော်လောက်ပြီ” ဆိုတာက တစ်မျိုး ၊ “ကိုရွှေဘ – ဘာလို့ခံနေတာလဲ ပြန်ချပါတော့လား ၊ လုပ်တော့လေ” ဆိုတာက တစ်ဖုံ ၊ အဲသည်လိုမျိုး။

တစ်ခါကလည်း ရွှေဘက ရှေ့က လူဆိုးတစ်ယောက်နဲ့ ထိုးကြိတ်နေတုန်း နောက်ကနေ လူဆိုးတစ်ယောက်က တုတ်နဲ့ ရိုက်ဖို့ ပြေး၀င်လာတော့ ပရိတ်သတ်ထဲကနေ “ကိုရွှေဘ ရေ ၊ မြန်မြန်ရှောင်လိုက် ၊ နောက်မှာ ခင်ဗျားကို ရိုက်တော့မယ် ၊ နောက်ကိုကြည့် – နောက်ကိုကြည့်” ဆိုပြီး မချင့်မရဲနဲ့ ထ အော်ကြတာမျိုးကိုလည်း ကျွန်တော် ကြားဘူးမှတ်ဘူးခဲ့ရပါသဗျာ။

တစ်ခါတုန်းကလည်း ဇာတ်ကားတစ်ခုမှာ မင်းသားကြီးရွှေဘက လူဆိုးတွေ နှိပ်စက်တာကို လှိမ့်ပိန့် ခံနေရတာ အချိန်ကကြာလာတော့ အောက်က ပွဲကြည့်ပရိသတ်ကြီးက မခံမရပ်နိုင်ဖြစ်ပြီး ရုပ်ရှင် ပိတ်ကားကို ပြောင်းဖူးရိုးနဲ့ ပေါက်သူပေါက် ၊ ခဲနဲ့ ထုသူထု ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်လာလို့ ရုပ်ရှင်ပြတာကို ခဏရပ်ပြီး အသံချဲ့စက်နဲ့ ဒီလို အော်ရတယ်ဆိုဘဲ။

“ရွှေပွဲလာ ပရိတ်သတ်ကြီးခင်ဗျား ၊ အခုအချိန်မှာ မင်းသားကြီးရွှေဘ ခံနေရပေမယ့် သိပ်မကြာခင်မှာဘဲ မင်းသားကြီး ရွှေဘအလှည့်ကို ပြန်ရောက်တော့မှာပါ ခင်ဗျား ၊ သူ့ကို နှိပ်စက်သူတွေကို ပြန်ပြီး ဆုံးမမယ့်အလှည့်ကို မကြာခင်ဘဲ ရောက်တော့မှာမို့ အခုအချိန်လေးကို သည်းခံပြီး စောင့်စားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား” လို့ ဆိုပြီး ပွဲကို ထိန်းလိုက် ရတယ်ဆိုဘဲ။

မင်းသားကြီး ရွှေဘကို တစ်နိုင်ငံလုံးလိုလို ကြိုက်ကြပေမယ့် ကျွန်တော်ကြားဘူးသမျှထဲမှာတော့ မကွေးတိုင်း “မင်းလှမြို့” ကတော့ ရွှေဘကို တစ်ကယ့်ကို အသဲစွဲဆိုဘဲ။ ရွှေဘကား ရုံတင်ပြီဟေ့ ဆိုတာနဲ့ နယ်ဘက်က ပရိတ်သတ်တွေ နေ့လည်လောက်ကတည်းက ခြေကျင် , စက်ဘီး ၊ နွားလှည်း တွေနဲ့ မြို့ပေါ်ကို အုပ်လိုက် အုပ်လိုက် ချီတက်လာကြတော့တာဘဲတဲ့။ (နယ်တွေမှာက ရုပ်ရှင်ကို နေ့ဘက် မပြဘူးလေ ၊ ညဖက်ဘဲ ပြတာကိုး)

ငိုအားထက် ရယ်အားသန် ဆိုသလို အဖြစ်အပျက်တစ်ခု ကြားဘူးလိုက်သေးတယ်။ အဲဒီ ရွှေဘကို အလွန်ကြိုက်တဲ့ မင်းလှမြို့မှာ တစ်ခါတော့ အင်္ဂလိပ်ကားတစ်ခု ၀င်လာတယ်ဗျ။ မင်းသားက ခေသူ မှတ်လို့လား။ နောင်အခါမှာ “ဂျိမ်းစ်ဘွန်း” လို့ နာမည်ကြီးလာမယ့် မင်းသားကြီး “ရှောင်ကွန်နရီ” ပေါ့ဗျ။

အဲဒီတုန်းက သူ့ရဲ့ ပထမဆုံးကားဖြစ်တဲ့ Dr.No ဇာတ်ကားကြီး မင်းလှမြို့မှာ ရုံတင်ပါလေရောဗျာ။ ဒါပေမယ့် ကြည့်မယ်လူ မရှိဘူးဗျ။ ဒုတိယနေ့ ဆက်ပြတော့လည်း ဒီလိုဘဲ လူက ခပ်ကြဲကြဲဘဲ။ အင်္ဂလိပ်ကား ဆိုတော့ အင်္ဂလိပ်စကား နားမလည်တာလည်း ပါမှာပေါ့ဗျာ။ ဒါနဲ့ ရုပ်ရှင်ရုံပိုင်လည်း ကြံရတော့တာပေါ့။ နောက်တော့ အကြံတစ်ခုရတာနဲ့ နောက်နေ့မှာ “ကြော်ငြာလှည့်” တဲ့ အချိန်မှာ ဒီလို ဒီလို ပြောကြကွာဆိုပြီး ကြော်ငြာသမားကို အကြံပေးသတဲ့။

ဒီနေရာမှာ “ကြော်ငြာလှည့်တယ်” ဆိုတဲ့စကားကို ရှင်းပြရဦးမယ်။ ကျွန်တော်တို့ နယ်မြို့လေးတွေမှာ ဇာတ်ကားသစ် တစ်ခု ရုံတင်ရင် အဲဒီဇာတ်ကားနာမည် ၊ ပါ၀င်တဲ့ မင်းသားမင်းသမီးတွေ နဲ့ ဇာတ်လမ်းအကျဉ်းလေးကို အခုခေတ် လက်ကမ်းစာစောင်တွေ ဝေသလို “မြင်းလှည်း” နဲ့ လှည့်ဝေသဗျ။

ရိုးရိုးဝေတာ မဟုတ်ဘဲ “ကြော်ငြာအပြောကောင်းတဲ့” လူတစ်ယောက်ကနေ ဇာတ်လမ်းက ဘယ်လို ၊ ဘယ်ညာ ၊ စသည်ဖြင့် မြင်းလှည်းပေါ်ကနေ အသံချဲ့စက်နဲ့ တစ်လမ်း၀င် တစ်လမ်းထွက် ဇာတ်ကားကို ကြည့်ချင်လာအောင် မဲဆွယ်ပြီး ကြော်ငြာစာရွက်တွေ လိုက်ကြဲတာကို “ကြော်ငြာလှည့်” တယ်လို့ ခေါ်ကြပါတယ်။

ကျွန်တော်တို့ကလေးတွေကတော့ ကြော်ငြာလှည့်လာပြီဆိုရင် သိပ်ပျော်တာလား။ မြင်းလှည်းနောက်ကနေ ကြဲချတဲ့ ကြော်ငြာစာရွက်တွေ လိုက်လုကြတာလေ။

ဒီလိုနဲ့ ကမ္ဘာကျော် မင်းသားကြီး ဂျိစ်းစ်ဘွန်း ခမျာလည်း အပွဲပွဲ နွဲလာခဲ့သမျှ မင်းလှမြို့ကို ရောက်မှ “ရွှေဘ” ကို မယှဉ်နိုင်ဘဲ နာမည်ပျက်ရတော့မယ့် ကိန်း ဆိုက်ရတော့တာပါဘဲဗျာ။ ဒီတော့ စောစောကပြောသလို နောက်နေ့ကြော်ငြာလှည့်တော့ ခါတိုင်းလို မကြော်ငြာဘဲ ဒီလို ကြော်ငြာလိုက်တယ် ဆိုဘဲ။

“ချစ်စွာသော ရွှေပွဲလာ ချစ်ပရိတ်သတ်များခင်ဗျား။ ယနေ့ည ရုံတင်ပြသမည့် ကမ္ဘာကျော် မင်းသားကြီး ဂျိမ်းစ်ဘွန်းပါ၀င်သရုပ်ဆောင်ထားသည့် “ဒေါက်တာနိုး” ရုပ်ရှင်ကားကြီးဟာ ဆိုရင်ဖြင့် သာမန် ရုပ်ရှင်ကားကြီး မဟုတ်ပါဘူးခင်ဗျာ။ ရန်ကုန်မြို့မှာ ရုံတင်ပြသခဲ့တုန်းကဆိုရင် ပြည်တော်ချစ် မင်းသားကြီး ဦးရွှေဘကိုယ်တိုင် (၇)ရက်တိတိ အားပေးကြည့်ရှုခဲ့သော ရုပ်ရှင်ကားကြီး ဖြစ်ကြောင်းပါခင်ဗျား” ဆိုပြီးလည်း ကြော်ငြာလှည့်လိုက်ပါရော –

ဘာပြောကောင်းမလဲ “ရွှေဘတောင်မှ (၇)ရက် ကြည့်ရတဲ့ ဇာတ်ကားကြီးဆိုတော့ သာမန်ညောင်ညတော့ မဟုတ်လောက်ပေဘူး” ဆိုပြီး ညဖက်လည်း ရောက်ရော တောနေလှေအောင်း မြင်းဇောင်းမကျန်ဆိုတာလို ရုံပြည့်လျှံအောင် အားပေးလိုက်ကြတာ ဆိုဘဲ။ အဲဒီလောက်ထိအောင် မင်းသားကြီး ရွှေဘရဲ့ အရှိန်အဝါက ကြီးခဲ့ပါသဗျား။

ဘာရယ်တော့ မဟုတ်ပါဘူး။ အခုခေတ် ဟောလီဝုဒ်က Action မင်းသားတွေ ကမ္ဘာနဲ့ ချီပြီး နာမည်ကျော်ကြားနေကြတာကြည့်ရင်း မြန်မာနိုင်ငံမှာလည်း တစ်ခေတ်တစ်ခါက ဂျိန်းစဘွန်းမင်းသားတောင် မှ မတိုးနိုင်တဲ့ နိုင်ငံကျော် အက်ရှင်မင်းသားကြီး “ဦးရွှေဘ” ဆိုတာ ရှိခဲ့ဘူးကြောင်း နှောင်းလူတို့ သိစေချင် လို့ စပ်မိစပ်ရာ ဘာညာကွိကွ ရေးလိုက်ရခြင်းပါ။

နှောင်းခေတ်မှာတော့ ရွှေဘနဲ့ ပတ်သတ်ပြီး စကားတစ်ခွန်းတော့ ပြောစမှတ် ကျန်ခဲ့ပါတယ်။

အောင်မြင် ထင်ပေါ်ကျော်ကြားနေတဲ့ လူတစ်ယောက်ဟာ ကံမကောင်းအကြောင်းမလှလို့ကံနိမ့်သွားရာကနေ ပြန်ပြီးတက်လာရင် ပြောလေ့ရှိတဲ့စကားလေးဗျ။

“နောက်ဆုံးတော့ ရွှေဘက ရွှေဘပါဘဲ” တဲ့။

ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခုမ)

#crd_to_owner #စာပေချစ်သူ

#နော်ဂဲလယ်ထူး (စာပေပရဟိတ)

ကျွန်တော်တို့ကလေးဘဝ တုန်းကပရိဿတ်အကြား ရေပန်းစားခဲ့တာက”ရွှေဘ နဲ့တင်ညွန့်တကယ်ချတဲ့”ဗီဇ”တင်ညွန့်နဲ့တွဲခဲ့သမျှမှတ်မိသရွေ့ဆိုရင်-

-ပွဲကြီးပွဲကောင်း(1961)

-အချစ်နဲ့အပြစ်(1961)

-လာလာလေ(1961)

-သုံးယောက်ပေါင်းလောင်းကျော်

(1962)

-မြေကြီးနဲ့ရွှေထီး(1963)

–လူစွမ်းကောင်းခုနစ်ယောက်

(1965)

-ဇွဲ(1980)

-ဟိန်း((1980)

ရိုးရိုးဇာတ်ကြမ်းကားတင်မက

ထူးထူးခြားခြားတစ်ဘာသာသ

ရုပ်ဆောင်ထားတဲ့ကားများ-

အချစ်နဲ့စစ်သား(စစ်ကား)

(အဆိုတော်သန်းသန်းဆင့်)

1963)

မိုးကြိုး(မြန်မာ့လက်ဝှေ့ကား)

(မင်းသမီးတင်တင်လှ)

(1963)

ရဲဇာနည်(ဒေဝ မေလဲ့ဝင်း)

(ဆပ်ကပ်ပညာရပ်များ)

ပခန်းကိုကြီးကျော်(ခင်မောင်

ညွန့် မေသစ်)(နတ်ကား)

(1963)

ယောပြန်ဘရှိန်း(ညွန့်ညွန့်ဆွေ)

(?)(1965)

ယောက်ျားကောင်းပီပီ(မေရီမြ)

(အခြောက်လိုသရုပ်ဆောင်ခန်း)

(1963)။

အရိုင်းချစ်(ပဲခူးမယ်မြင့်)

(မြန်မာတောတွင်းတာဇံကား,

ဆင်များ ကျားများ မိချောင်း

များထညိ့သွင်းထားပြီးမိ

ချောင်းနှင့်တပြန်တလှည့်

နပမ်းသတ်ခန်း)(1962)။

ရွှေဘက စိတ်ကောင်းရှိတယ် လူကြမ်းမင်းသားချီးဘူးတို့ပါတဲ့ အဖွဲ့တခုလုံးငှါးမှ ရွှေဘက ရိုက်ခွင့်ပေးတယ် အဲ့အဖွဲ့ကို သမတလူကြမ်းအဖွဲ့လို့ပြည်သူတွေက အမည်ပေးထားတယ်။တပည့်တွေအပေါ် တအားကောင်းတယ် ညှာတာတယ် ။

အညာတချို့အရပ်တွေမှာ ရွေဘလို့ခပြာရင်စိတ်ဆိုးတယ် ကိုရွှေဘလို့ခေါ်ပြောရတယ်။

ဒါတွေထားပါတော့။ နားမလယ်နှိုင်တာက ဒီလောက်ကျော်ကြားခဲ့တဲ့မင်းသားကြီးအကြောင်းအနုပညာအသိုင်အဝိုင်းထဲမှာဘာတခုမှရေးသားဖေါ်ပြခြင်း သူရဲ့ဇတ်ကားဟောင်းလေးတွေ ပြန်လည်ပြသခြင်း စသည်ပေါ့ မတွေရတော့ပဲ လုံးဝမြုတ်သွားတာအနုပညာသမိုင်း အသိုင်းအဝိုင်းထဲမှာမပါတော့တာ နားမလည်ပါ။ ခုဆောင်းပါးရှင်ကိုကျေးဇူးတင်ပါတယ်။

ဗီဇ ဆိုတဲ့ရုပ်ရှင်ကြော်ငြာလေး သတိရမိပါတယ်တင်ညွန့် ရွှေဘ တကယ်ချတဲ့ “ဗီဇ “တဲ့ဗျာ၇၀ ကျော် ၈၀ အရွယ်များမှတ်မိကြမှာပါအဲဒီခေတ်က လူကြမ်းကြီးတွေက ညိုအေးကြီး သိန်းဟန်ကြီး လှမောင်လေး နောက ချီးဘူး တို့ဖြစ်ပါတယ်

ရွှေဘ

ဝီကီပီးဒီးယား မှ

ရွှေဘ

မွေးဖွား

အေးကြည်

၃၀ မတ် ၁၉၂၈

ပုသိမ်မြို့ဗြိတိသျှဘားမား

ကွယ်လွန်

ဒီဇင်ဘာ ၁၊ ၁၉၈၈ (အသက် ၆၀)

ရန်ကုန်မြို့

အလုပ်အကိုင်

သရုပ်ဆောင်

မိဘ(များ)

ဦးအောင်မြတ်

ဒေါ်ကွမ်း

ရွှေဘ (၃၀ မတ် ၁၉၂၈-၁ ဒီဇင်ဘာ ၁၉၈၈) သည် မြန်မာနိုင်ငံသား သရုပ်ဆောင်နှင့် ဒါရိုက်တာတစ်ဦး ဖြစ်သည်။ ၁၉၄၀ ဆယ်စုနှစ် နှောင်းပိုင်းတွင် ကျော်ကြားသော အက်ရှင်ရုပ်ရှင်ဇာတ်လမ်းများကို ထုတ်ဝေဖြန့်ချိခဲ့သော သမ္မတလူကြမ်း ရုပ်ရှင်အုပ်စုကို တည်ထောင်ခဲ့သူ ဖြစ်သည်။[၁]

အစောပိုင်းဘဝ

၁၉၂၈-ခုနှစ် မတ်လ(၃၀)ရက်တွင် ရွှေဘကို ပုသိမ်မြို့ မြို့ပတ်လမ်း၌ ပန်းချီဆရာကြီး ဦးအောင်မြတ် နှင့် ဒေါ်ကွမ်း တို့က ဖွားမြင်ခဲ့သည်။ မွေးချင်း လေးဦးအနက် အငယ်ဆုံး ဖြစ်၏။ အမည်ရင်း အေးကြည်ဖြစ်ပြီး အတန်းပညာကို အလယ်တန်းအထိ သာသင်ယူခဲ့ဖူးသည်။ ရေကူး၊ လက်ဝှေ့ထိုး၊ ဒိုင်ဗင်ထိုး၊ မြင်းစီး စသည့် အကြမ်းအရမ်း ကစားနည်းများကို နှစ်သက်သည်။

ငယ်စဉ်ကပင် ရုပ်ရှင်ဘက်၌ ဝါသနာပါသဖြင့် အသက် ၁၇-နှစ်တွင် ရန်ကုန်သို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့သည်။ ရန်ကုန်တွင် ရေကျော်၊ လမ်း ၅၀ ရှိ ဦးလေးအိမ်၌ တည်းခိုနေထိုင်သည်။ အသက်မွေးဝမ်းကျောင်း အဖြစ် သံဖြူဆရာ အလုပ် လုပ်ခဲ့ရသည်။ တစ်ဖက်မှလည်း လက်ဝှေ့ကျော် ကျားဘညိမ်းထံ လက်ဝှေ့ပညာ သင်ယူလေ့လာခဲ့သည်။

ရွှေဘဟူသည်

၁၉၄၄-ခုနှစ်တွင် ပဲရော့ရုပ်ရှင် ကုမ္ပဏီမှ ဒါရိုက်တာ ဖေကြိုင်က သတ္တိ ဗျတ္တိ အမည်ရှိ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် စီစဉ်သည်။ ခေါင်းဆောင်မင်းသားအဖြစ် ရွေးချယ်ထားသူမှာ မင်းသားကျော်ရွှေ (နောင် ကျော်ဆွေဟုအမည် ပြောင်းလဲခဲ့သူ) ဖြစ်သည်။ ဇာတ်လမ်းအရ မင်းသား ကျော်ရွှေသည် မော်တော်ဆိုင်ကယ် စီးကာ စော်ဘွားကြီးကုန်း တောင်ကုန်းပေါ်မှ ခုန်ချရမည့် အခန်းပါရှိသည်။ ဒါရိုက်တာဖေကြိုင်က ဤအခန်းကို လူစားမထိုးဘဲ မင်းသားကျော်ရွှေ ကိုယ်တိုင် သရုပ်ဆောင်ရန် ပြောဆိုသည်။ သို့သော် ကျော်ရွှေက ငြင်းပယ်သည်။ သူ့အနေဖြင့် လူစားထိုး ရိုက်ကူးရန်သာ ဆန္ဒရှိခဲ့သည်။

နောက်ဆုံး ဒါရိုက်တာနှင့် သရုပ်ဆောင်မင်းသားအကြား အချေအတင် အငြင်းအခုံ ဖြစ်ကြကာ အစီအစဉ် ပျက်သွားသည်။ ဒါရိုက်တာ ဖေကြိုင်က မင်းသားကျော်ရွှေအား “မလုပ်နိုင်ရင် ထွက်သွား၊ မင်းမရှိရင်လည်း မင်းရဲ့အဘ လာလိမ့်မယ်”ဟူ၍ ရင့်ရင့်သီးသီး ပြောဆိုခဲ့သည် ဆိုသည်။ ဤသို့ဖြင့် ဒါရိုက်တာဖေကြိုင်က သရုပ်ဆောင်မင်းသားသစ် အပူတပြင်း ရှာဖွေရတော့သည်။ နောက်ဆုံး ရေကျော် လမ်း၅၀ တွင် သံဖြူလုပ်ငန်း လုပ်ကိုင်နေသော အေးကြည်ဆိုသော လူငယ်ကလေးကို သွားတွေ့ကြသည်။ အေးကြည်သည် ဒါရိုက်တာ ဆရာခန့်၏ လက်နက်ပုန်း အသံတိတ်ဇာတ်ကားတွင် ဇာတ်ရံအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ဖူးသည် ဆို၏။ နောက်ဆုံး ဒါရိုက်တာ ပဲရော့ဖေကြိုင်ပြောသည့် ကျော်ရွှေမရှိလျှင် ကျော်ရွှေ၏ အဘလာလိမ့်မည် ဟူသောစကားအရပင် လူငယ်ကလေးမှာ ရွှေဘ ဖြစ်လာခဲ့သည်။

ဓာတ်ပုံများ


ရွှေဘ၊ နှင်းဆီ နှင့် တင်ညွန့်


ရွှေဘ နှင့် တင်တင်နွဲ့


ရွှေဘ နှင့် တင်တင်လှ


ကြည်ကြည်ဌေး နှင့်


ရွှေဘ နှင့် ခင်စိန်ဝင်း

မှတ်စု

1. Wakeman & Tin 2009, p. 37.

ကိုးကား

• Wakeman၊ Carolyn; Tin၊ San San (2009)။ No Time for Dreams: Living in Burma Under Military Rule။ Rowman & Littlefield။ ISBN 9780742557192

^ ကေမြူး၊ ထွန်းဖောင်ဒေးရှင်းဘဏ် စာပေကော်မတီ၊ ရန်ကုန်၊ ၂၀၁၁ ဇွန်လ. “ပြည်တော်ချစ်မင်းသား ရွှေဘ ၏ ဘဝနှင့် အနုပညာ ရုပ်ပုံလွှာ”

• တင်နိုင်တိုး ၏ ပုဂ္ဂိုလ်ထူးတို့၏ ဘဝတစ်ကွေ့ Weekly Eleven ဂျာနယ်(၆.၅.၂၀ဝ၉)

• မြန်မာ့ ရုပ်ရှင်လောကမှ ပြိုင်စံရှားတဲ့ စတန့်မင်းသားကြီး(မိုးမြင့်မောင်)ထူးဆန်းထွေလာ ပြည်မြန်မာ အမှတ်(၂)

• မြန်မာစွယ်စုံကျမ်း အနှစ်ချုပ်(၁၉၈၉)

• အထင်ရှားဆုံး အကျော်ကြားဆုံးနှင့် ပရိသတ်အင်အား အများဆုံး မင်းသားများ (မိုးမြင့်ဦး)မိုးဂျာနယ်(၁၉၉၅၊ မေလ)



မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။

ကဏ္ဍများ: CS1 maint: ref=harvမြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များမြန်မာမွတ်စလင်များ၁၉၂၈ မွေးဖွားသူများ၁၉၈၈ ကွယ်လွန်သူများမြန်မာလူပုဂ္ဂိုလ် ဆောင်းပါးတိုများ

ဤစာမျက်နှာကို ၂၉ စက်တင်ဘာ ၂၀၂၁၊ ၀၆:၃၃ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။