
အားလုံးကိုနုတ်ဆက် ကျောခိုင်းသွားတဲ့ ဒေါ်မာမာအေး (၁၉၄၂ – ၂၀၂၄ )
အဆိုတော် ကြီးဒေါ် တင်တင်မြပြောပြတဲ့မာမာအေး
https://youtu.be/KF8_KLuyBaA?si=P9N1RSCBzwZWP-lQအလွမ်းသီချင်းရေးတဲ့မောင် ကျော်ဇော ပြေပြတဲ့မာမာအေး
တက္ကသိုလ် လဲ့လဲ့ နှင့် အဆိုတော်ကြီးထားတို့၏ ဒေါ်မာမာအေး အပေါ်ဝမ်းနည်းစကား ။
သက်တန့်ပေါ်မှာကစားမယ်
ရေး – မောင်ဥက္ကာ + လင်းခေးလုလင်
( မာမာအေး – ၁၉၅၅ )

ဒေါ်မာမာအေးဟာ အသက် ၁၃ နှစ်အရွယ်မှာ ဆိုခဲ့တဲ့ ဒီသီချင်းလေးကြောင့် သူ့ကို တတိုင်းပြည်လုံး သိသွားပြီး နာမည်ကြီးလာခဲ့ပါတယ် ။
အဲဒီ အချိန်က ( ၁၉၅၅ ) ဒေါ်မာမာအေးဟာ သူ့ဖခင် နှဲဆရာကြီး ဦးအေး အလုပ်ဝင်လုပ်နေတဲ့ စစ်ရဲ အဖွဲ့ရဲ့ တီးဝိုင်းမှာ သီချင်းလေးတွေ ဆိုနေပါပြီ ။ စစ်ရဲအဖွဲ့က သီချင်းရေးသူတွေက တပ်ကြပ်ကြီးတွေ ရဲဘော်တွေချည်း ဖြစ်နေလို့ အပြင်က ပညာရှင်တွေ လည်း ခေါ်ကြမယ်ဆိုလို့ လင်းခေးလုလင် ( ဦးမောင်မောင်ကြီး ) တို့ ကိုသိန်းဆောင်တို့ ဒီဝိုင်းထဲရောက်လာကြတယ် ။
ဆရာလင်းခေးနဲ့အတူ သူအသံထည့်ပေးနေကျ ကဗျာဆရာ မောင်ဥက္ကာလည်း ပါလာတယ် ။ အဲဒီ မောင်ဥက္ကာက ၁၃ နှစ်သမီးလေး မာမာအေး မြူးကြွနေတာကိုကြည့်ပြီး အချစ်သီချင်း မဟုတ်တဲ့ ဒီသီချင်းလေးကို စာသားရေးပေးတယ် ။ဆရာလင်းခေးက အသံထည့်ပေးတယ် ၊ စန္ဒရား ဆရာကိုညွန့်က လိုက်တီးပေးတယ် ။
နောက်ဆုံးအချနားက “ကစားရအောင်ကွယ်” ဆိုတဲ့နေရာလေး အသံဘယ်လို ချရမယ် မသေချာလို့ ဟိုခေါက်ဒီခေါက် ခေါက်နေတုန်း ဘေးနားက နားထောင်ရင်း လိုက်ဆိုနေတဲ့ မာမာအေးလေးက ကောက်ဆိုလိုက်တဲ့ လည်ချောင်းရစ်သံအချလေးကို ဆရာလင်းခေးက သဘောကျသွားပြီးရွေးလိုက်တာပါတဲ့ ။

( မှီငြမ်း – “နှစ် ၁၀၀ ထဲမှာ” – မာမာအေး – ရုပ်ရှင် နှစ် ၁၀၀ ပြည့်ကိုယ်တွေ့အမှတ်တရစာစောင် )
လန်ဒန်မြို့ဘီဘီစီက ဘိုဘို ဖုန်းနဲ့ အင်တာဗျူး မေးထားတာလေးတွေကိုဖြေထားတာလေးပါ
ပြည်သူချစ်သော အနုပညာရှင်
ဒေါက်တာလှဘူးပြောပြတဲ့ ဒေါ်မာမာအေး
မမအေးရေ ။

မမဆုံးသွားတာ ၂၄ နာရီတောင်မပြည့်သေးဘူး။ မမကို ချစ်ကြတဲ့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေ မြန်မာအနုပညာရှင်တွေ ကမ္ဘာ တဝှမ်းလုံးက မြန်မာလူမျိုးတွေ ဘယ်လောက် ကြေကွဲဝမ်းနည်းနေကြတယ် နှမြောနေကြတယ် ဆိုတာတွေ ရေးထားကြတာ ဝက်ဝက်ကွဲပါပဲ ။ ပရိတ်သတ်က မမအေးကို ဒါလောက်ချစ်တယ်ဆိုတာ မမကို မြင်စမ်းစေချင်ပါဘိ။ မမကတော့ သိပြီးသားမို့ မအံ့ဩပဲ ပြုံးပြီးနေမှာပါ။

လူထုဒေါ်အမာ ရေးထားတာ သတိရမိတယ်။ ဦးဖိုးစိန်ကြီး တို့ ရွှေမန်းတင်မောင်တို့က သူတို့မိသားစုတွေကို ပြောထားသတဲ့။ ငါသေရင် လမ်းမမှာသာ ပြင်ထားလိုက် ၊ လာငိုမယ့်သူတွေ တပြည်လုံးရှိလိမ့်မယ်တဲ့။

ခုလည်း ဒီလိုပါပဲ ။ ဒေါ်မာမာအေး လည်း မြန်မာပြည်မှာသာ သေရင် လမ်းမမှာသာ ပြင်ထားလိုက် ၊ တပြည်လုံးက အုန်းအုန်းကြွက်ညံ လာငိုကြမှာ ။

သူပြောသွားတာလေး တခု အမှတ်ရနေတယ် ။ ငါ အစိုးရကပေးတဲ့ ဟိုဘွဲ့ ဒီဘွဲ့တွေ မလိုချင်ပါဘူး ။ ဂန္ထဝင် အဆိုတော်ကြီး လို့လည်း ခေါ်မနေကြနဲ့ ။ ဂန္ထဝင် အခေါ်ခံရတဲ့လူတွေလည်း များနေပြီ ။ “ပရိတ်သတ် ချစ်တဲ့ မာမာအေး” ဆိုတဲ့အမည်ကိုပဲလိုချင်ပါတယ် တဲ့ ။

Dr HLA Bu Fb post 11 Jan 2024
ဒေါက်တာဠှဘူးပြောပြတဲ့ ဒေါ်မာမာအေး
အမေအေး အထီးမကျန်ပါ

မနေ့က ဒေါ်မာမာအေး ဆုံးသွားတာနဲ့တပြိုင်နက် လူမှုကွန်ရက်မှာရော တခြားမီဒီယာတွေမှာပါ သူ့ နာရေးသတင်းတွေ တပြိုင်နက် တက်လာလိုက်ကြတာ တကမ္ဘာလုံးက မြန်မာလူမှုကွန်ရက်မှာ ဝက်ဝက်ကွဲအောင် လှုပ်သွားတာပဲ ။ ပြည်သူချစ်တဲ့မာမာအေး ဆိုတာ သူများက နာမည်ပေးစရာမလိုအောင် သက်သေပြသွားတာပါ ။
စက်ရပ်သတင်း

ဒီသတင်းမျိုးက ဟိုခေတ်က သတင်းစာလောက စကားနဲ့ပြောရရင် စက်ရပ်သတင်းလို့ ခေါ်မယ်ထင်တယ် ။ သတင်းစာတွေ မနက်ထွက်နိုင်ဖို့ ညဆိုရင် သတင်းတွေ အချောသပ် စာစီပြီး သတင်းစာမျက်နှာတွေ စက်နဲ့ စရိုက်ရတယ် ။ ဒါပေမယ့် အခုလို အင်မတန် ထူးခြားတဲ့ သတင်းမျိုး ဝင်လာရင်တော့ ရိုက်နေတဲ့စက်ကိုတောင် ခနရပ်လိုက်ပြီး ဒီနောက်ဆုံးသတင်းကို ထပ်ထည့်စာပြန်စီ ရတာမို့ စက်ရပ်သတင်း ခေါ်တာပါ ။ ဒေါ်မာမာအေး နာရေးသတင်းဟာ စက်ရပ်သတင်းပါ ။

မနက်က ရန်ကုန်မှာ ဒေါ်တင်တင်မြ က ဒေါ်မာမာအေး အတွက် ရည်စူးပြီး ကုသိုလ်လုပ်ပေးတာလေး မြင်လိုက်ရတယ် ။ ဒေါ်တင်တင်မြက ညီမလေး မအေးမြင့်ရေ အမျှ အမျှ အမျှ လို့ သူ့ငယ်နာမည်လေးခေါ်ပြီး အမျှဝေပေးတာလေးကို ဝမ်းနည်းဝမ်းသာနဲ့ သာဓုခေါ်လိုက်ရပါသေးတယ် ။

အထီးကျန်
ဒီနေ့ သရုပ်ဆောင် ကိုရန်အောင်ကတော့ အင်တာဗျူး တခုလုပ်ပြီး ဒေါ်မာမာအေးကို ဘယ်လို နှမြောကြောင်း ဝမ်းနည်းကြောင်းပြောရင်း သူပြောတာလေး တခုကို သတိထားလိုက်မိတယ် ။ ဒေါ်မာမာအေးက နိုင်ငံခြားမှာဆိုတော့ သူတယောက်တည်း “အထီးကျန်စွာနဲ့ နောက်ဆုံး အချိန်ကို ဖြတ်သန်းသွားတယ် ထင်ပါတယ်” လို့ပြောသွားပါတယ် ။

အဲဒါနဲ့ပတ်သက်ပြီး နည်းနည်းပြောပြပါရစေ ။ ကိုရန်အောင်ကလည်း မသိလို့ ပြောတာ ဖြစ်ပါလိမ့်မယ် ။ ဒေါ်မာမာအေး ရဲ့ ဘဝ နောက်ဆုံးအချိန်တွေ ဟာ သူပြောသလို အထီးကျန် မဟုတ်ဘူး ဆိုတာကိုတော့ သူနဲ့ရင်းနှီးသူများ သူ့မိသားစုဝင်များ ကောင်းကောင်းသိကြပါတယ် ။
ကင်ဆာ
ဒေါ်မာမာအေးဟာ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အဆုတ်ကင်ဆာ ရောဂါစတင်ခံစားလာခဲ့ပါတဘ် ။ ကျနော်က သူ့မြို့နဲ့ မိုင် ၁၀၀ ဝေးတဲ့ တိုလီဒိုမြို့ မှာ နေလို့ သူ့ဆီကို တောက်လျှောက် ဆိုသလို ရောက်နေတာပါ ။ သူကလည်း ကျနော့်ဆီကို ကြုံသလို လာပါတယ် ။

ဒါကြောင့် သူကင်ဆာစတွေ့ပြီးဆိုတာနဲ့ ကျနော့်ကို စတိုင်ပင်ပါတယ် ။ ကျနော်လည်း သူနဲ့အတူ ကင်ဆာဆရာဝန်ကြီးတွေဆီ ဆေးခန်းရက်ချိန်းတိုင်း လိုက်လိုက်သွားပြီး ကုသမှုတွေအတွက် ဆွေးနွေး ပါဝင်ခဲ့တယ် ။ ဓာတ်ကင်ဖို့ စီစဥ်တာတွေ ဆေးရုံကား စီစဥ်တာတွေ သွေးဖောက်တာ ဆေးထုတ်တာက အစ ကိုယ်တတ်အားသရွေ့ ကူညီပေးခဲ့ပါတယ် ။ ခိုင်ကလည်း သူအားတဲ့အခေါက်တွေမှာ ဆေးရုံကို လိုက်လိုက်လာပေးတယ် ။ လိုအပ်တဲ့ဆေးဝါးတွေ မှာပေး ထုတ်ပေးတယ် ။

တလခွဲ ဓာတ်ကင်ပြီးတဲ့အခါ သူ အတော်လေး နေကောင်းသွားတယ် ။ ဒါပေမယ့် ၂၀၂၃ အကုန်လောက်မှာ ရောဂါပြန်ကြီးလာပြန်တယ် ။ ဒီတခါ ကင်ဆာဆေးတွေ သွင်းတော့ ဆေးဒဏ်ကို သူလုံးဝ မခံနိုင်တော့ပဲ အိပ်ရာထဲဘုန်းဘုန်းလဲတဲ့အထိ ခံရတယ် ။ ဆရာဝန်တွေက ဓာတ်ကင်ဖို့လည်း မဖြစ်နိုင်တော့ဘူး ဆိုပြီးပြောတယ် ။ နောက်ဆုံးမှာ ဘာမှ မပေးပဲထားတာက သူ့အတွက် အသက်သာဆုံးဖြစ်မယ်လို့ ဆုံးဖြတ်လိုက်ကြပီး အနာအကျင်သက်သာစေဖို့ လူသက်တောင့်သက်သာရှိစေဖို့ အဓိကထားတဲ့ Hospice Care အဖွဲ့က အိမ်ကို လာကုပေးကြတယ် ။

သူကလည်း ဆေးရုံသွားတိုင်း ဆရာဝန်နဲ့စကားပြောတိုင်း ကျနော်တို့ပါတော့ အားရှိတာပေါ့ ။ ကျနော့်ကိုလည်း အားကိုးတယ် ။ ဘာလုပ်သင့်တယ် ဆိုတာကိုလည်း အမြဲမေးတယ် ။
ကျနော်တို့ရောက်သွားရင် သူပါထမင်းဝိုင်း အတူဝင်စားပြီး ပိုစားနိုင်တယ် ။ တခါတလေ စိတ်ကြည်လင်အောင် သီချင်းလေးတွေ တီးပြရင် သူက လိုက်ဆိုနိုင်တဲ့အခါ ဆို ၊ မဆိုနိုင်ရင်လည် သီချင်းနဲ့ပတ်သက်တဲ့ ကွန်မင့်လေးတွေ ပေးတတ်တယ် ။

၂၀၂၃ အောက်တိုဘာလောက်ကစပြီး ကျန်းမာရေးက သိသိသာသာ ချွတ်ယွင်းလာပြီး ဒီဇင်ဘာမှာ အိပ်ရာထဲလဲတော့တာပါပဲ ။
မှတ်မှတ်ရရ ဒီဇင်ဘာ ၂၇ ရက်ဟာ သူကုလားထိုင်မှာ ထိုင်နိုင်တဲ့ နောက်ဆုံးနေ့ပဲ ။ အဲဒီနောက် အိပ်ရာက မထနိုင်တော့ဘူး။ အဲဒီနေ့က သူထိုင်နေတုန်း စိတ်ပြေလက်ပျောက်ဆိုပြီး ကျနော် စန္ဒရား နည်းနည်းတီးပြတယ် ။ သမ္ဗုဒ္ဓေ သီချင်းတီးပြတော့ သူက အဲဒီသီချင်းရေးတာ ဂီတာတင်အုန်း ဖြစ်ကြောင်း ၊ ဂီတာတင်အုန်းက မူလက စက်ချုပ်ဆရာ နောက်မှ အနုပညာလောကထဲရောက်လာပြီး နောက် ရုပ်ရှင်သရုပ်ဆောင်တောင် လုပ်သွားကြောင်း ၊ ရုပ်ချောအဆိုကောင်းလည်း ဖြစ်ကြောင်း ၊ အာဇာနည်နေ့အတွက် “အလေးပြုပါတယ်” သီချင်း ရေးတာလည်း သူပဲဖြစ်ကြောင်း ၊ သမ္ဗုဒ္ဓေ သီချင်း မူလဆိုသူ ကိုမြသောင်းဟာ မူလက ဆံသဆရာဘဝကနေ အဆိုတော် ဖြစ်လာကြောင်း ၊ သဘောကောင်းကြောင်း စသည်ဖြင့် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြနေသေးတာ ။ ဒါပေမယ့် မောတာ့အတော်မောနေပါပြီ ။

သူ့အတွက် ကံကောင်းတာတခုက သူ့တူ ( သူ့ညီမက မွေးတဲ့ သားကြီး ) ကိုဝင်းမောင်မောင် က နွေဦးတုန်းက အမေရိကကို ရောက်လာပြီး သူ့ကို ပြုစုပါတယ် ။ ကိုဝင်းက အလွန်စိတ်ရှည် ပြီး အဒေါ်ကို အင်မတန်မှ အနွံအတာခံပြီး ပြုစုတယ် ။ နောက်ပိုင်း အဒေါ် အိပ်ရာထဲလဲတဲ့အခါ သူနဲ့ တခန်းထဲမှာ စောင့်အိပ်ပြီး ကိုယ်ဘိရင်ဘိ ပြုစု ပေးတယ် ။ အစာကျွေး ထူ မ အဝတ်လဲ သုတ်သင် အာလုံးဒိုင်ခံလုပ်တာပဲ ။ တော်တော့်လူ သူ့လို မလုပ်နိုင်လောက်ဘူး ။ အပြင်က ကူညီသူတွေလည်း နာရီအပိုင်းအခြားနဲ့ လာကြပါတယ် ။ အိမ်မှာ နောက်ထပ်အတူနေဖြစ်တဲ့ ကိုစောနိုင် ဆိုတာလည်း ဒေါ်မာမာအေးရဲ့ မွေးစားသားလို ဖြစ်နေပြီး ချက်ပြုတ်သန့်ရှင်း လိုရာ လုပ်ပေးတယ် ။

သားသမီးတွေ နဲ့ မနေရပေမယ့် ဖို့ထ်ဝိန်းမြို့က သူ့ကို ချစ်ကြတဲ့ ဗမာမိတ်ဆွေတွေကလည်း သူ့ဆီ မပြတ်ဝင်ထွက်သွားလာ စားစရာပို့ စသည်ဖြင့် သူ့အိမ်မှာ လူပြတ်တယ်ကို မရှိပါဘူး ။ ဒီမြို့မှာမက တခြားမြို့တွေ ပြည်နယ်တွေက မိတ်ဆွေ တပည့်တပန်းတွေကလည်း သက်ကြီးရွယ်အိုတဦးလည်းဖြစ် နိုင်ငံကျော် အနုပညာရှင်ကြီးလည်း ဖြစ်တဲ့ ဒေါ်မာမာအေးကို ချစ်ကြလို့ မပြတ်ဝင်ထွက် သွားလာ စောင့်ရှောက်ကြလို့ သူ့ဘဝက လုံးဝ အထီးမကျန်ပါဘူး။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက သူ့ရဲ့မွေးနေ့ဂုဏ်ပြုပွဲကို ကျနော် တို့က ဦးစီးပြီး မဖြစ်မနေ လုပ်ရတာလည်း သူဟာ နောက်ထပ်မွေးနေ့တခု မဆင်နွှဲနိုင်တော့ဘူးဆိုတာ သူ့ရောဂါကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ထားတဲ့ ကျနော်တို့က သိနေလို့ပါ ။ အဲဒီတုန်းကလည်း သူက သူ့ကိုချစ်တဲ့ မိတ်ဆွေ တွေ တပည့်တွေ တပြည်လုံးရော နိုင်ငံခြားကပါ လာကြတာ သူသိပ်ပျော်သွားပါတယ် ။
ဒါတွေကို ခုဘာလို့ ရေးပြနေရလဲ ဆိုတော့ ကျနော်တို့က ဘာလုပ်ပေးခဲ့တယ် ညာလုပ်ပေးခဲ့တယ် ဆိုတာ ဂုဏ်ဖော်ချင်လို့ မဟုတ်ပါဘူး ။ အပေါ်က ပြောသလို ဒေါ်မာမာအေး ဘဝေနာက်ဆုံးမှာ အထီးကျန် ဖြတ်သန်းသွားရလေမလား ဆိုတဲ့ မေးခွန်းပေါ်လာလို့ ကျနော့် အတွေ့အကြုံ အရပြောပြတာပါ။
သူမဆုံးခင်နာရီဝက်လောက်အလိုမှာ ကျနော်က ကိုဝင်းကို ဗီဒီယိုကောနဲ့ခေါ်ပြီး သတင်းမေးတယ် ။ ကိုဝင်းက “ကြီးကြီး – ဆရာဦးလှဘူး ခေါ်နေတာ ၊ ကြီးကြီးဘယ်လိုနေလဲ မေးနေတယ်” လို့ ပြောတော့ သူက အသိအမှတ်ပြုတဲ့အနေနဲ့ခေါင်းလေးညိတ်ပြတယ် ။ ဒါသူနဲ့ နောက်ဆုံး တွေ့လိုက်ခြင်းပါပဲ ။
Dr HLA Bu Facebook post 10Jan 2024



ပြည်သူချစ်သော အဆိုတော်ကြီး ဒေါ်မာမာအေး ပရိသတ်များအတွက်
မြန်မာ့ ဂီတ ၊ မြန်မာသံစဉ် သီချင်း ချစ်သူ တွေ မြတ်နိုး သူတွေ အနားမှာ
မြန်မာ အဆိုတော်ကြီး ဒေါ်မာမာအေး က
မြန်မာ သံစဉ် သီချင်းတွေ အမြဲ သီ ဆိုနေရင်း
သက်ရှိ ထင်ရှား ရှိ နေသ လို
လှုပ်ရှား အသက်ဝင် ရှိနေပါသေးတယ်.
မြန်မာ သီချင်းတွေ ဆိုနေမြဲပါ
၉ /၁/၂၀၂၄ နေ့ တွင် အသက် ၈၂ နှစ် အရွယ် တွင်
ရေမြေခြား တိုင်းတပါး USA တွင် ကွယ်လွန်သွားခဲ့သော
ရှာမှရှား မြန်မာ ဂန္ထဝင် အဆိုတော်ကြီး
ဒေါ်မာမာအေး သို့ အမှတ်တရ
