မြို့ပြနယ်မြေတိုးချဲ့လာခြင်းက မြေအောက်ရေအပေါ် ဆိုးကျိုးသက်ရောက်မှု (ဦးမြင့်သိန်း – မောင်ကျေးရေ)

kyawoo.com

Water Security and the Changing Climate

POSTED INWATER

Posted on 

(၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက နိုင်ငံတကာ သုတေသန အင်တာနက် စာမျက်နှာပေါ်တွင် အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ၌ မြန်မာ့ရေတံခါးပေါက်၌ မြန်မာဘာသာဖြင့် ပြန်လည်ရေးသားသော ဆောင်းပါးဖြစ်ပါသည်။ ၁၉၉၀ -၂၀ဝ၀ ကာလအတွင်း ရန်ကုန်မြို့ပြနယ်မြေရပ်ဝန်းသည် ၁၉၉၀ မတိုင်မီ ကာလထက် သုံးဆခန့် ပိုမိုကျယ်ပြန့်လာသောကြောင့် မြေအောက်ရေအပေါ် သက်ရောက်လာသည့် အကျိုးဆက်များ (ကောင်းကျိုး/ဆိုးကျိုး) အကြောင်း ဖော်ပြထားပါသည်။)

စကားဦး

မြို့တော်ရန်ကုန်သည် လူဦးရေငါးသန်းကျော်ရှိသော မြို့ဖြစ်ပြီး နိုင်ငံ၏ အဓိကစီးပွားရေး အချက်အခြာနယ်မြေ ဖြစ်သည်။ ၁၉၈၉-၉၀ ပြည့်နှစ်မှစ၍ ရန်ကုန်တွင် မြေယာအသုံးပြုမှု အကြီးအကျယ် ပြောင်းလဲလာခဲ့သည်။ ၁၉၈၈ မတိုင်မီက ရန်ကုန်၏ ဧရိယာအကျယ်အဝန်းမှာ ၃၄၇ . ၃၆ စတုရန်း ကီလိုမီတာ ရှိသည်။ မြို့ပြနယ်မြေတိုးချဲ့ခြင်းသည် ပစ္စုပ္ပန်နှင့်အနာဂတ်တွင် ဆက်ဖြစ်နေမည်။ နယ်မြေ တိုးချဲ့လာခြင်းကြောင့် မြေအောက်ရေအပေါ် အကျိုးသက်ရောက်မှုသည် ၂၀ဝ၀ ပြည့်နှစ်မှစတင်ပြီး စိုးရိမ်ဖွယ်ရာဖြစ်သည်။ မြို့ပြနယ်မြေတိုးချဲ့ခြင်းသည် မြေအောက်ရေသိုလှောင်မှုကို ထိခိုက်စေပြီး ပမာဏနှင့် အရည်အသွေးပါ လျော့ကျစေသည်။ မြေယာအသုံးချမှု အပြောင်းအလဲများသည် လူဦးရေ တိုးလာခြင်းနှင့်အတူ စားနပ်ရိက္ခာနှင့် စက်မှုလုပ်ငန်းများအတွက် မှန်ကန်သော်လည်း တိုးချဲ့နေရာဒေသ မှန်ကန်ရန် အရေးကြီးသည်။ မြို့သစ်တိုးချဲ့နေရာ နည်းစနစ် မကျမှုကြောင့် မဟာရန်ကုန်တွင် မြေအောက်ရေ ဖြည့်တင်းပေးသည့် နေရာဒေသ လျော့နည်းလာ၏။ သို့သော် သုံးစွဲသည့်ပမာဏက လျော့နည်းမလာဘဲ ပို၍ များလာ၏။

၁၉၈၈ မတိုင်မီနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့၏ မြို့ပြရပ်ဝန်းနယ်မြေ တိုးချဲ့မှုဧရိယာအချိုးသည် များစွာကွာဟနေ၏။ ၁ : ၂ . ၅ ဖြစ်နေပြီ။ မြေအောက်ရေ ပြန်လည်ဖြည့်တင်းသည့် ဧရိယာနှင့် ထုတ်ယူသုံးစွဲသည့် နယ်မြေဧရိယာအချိုးသည် ၁ : ၂ ဟုယူဆ၍ ရနိုင်သည်။ ထိုမှတဆင့် ၂၀၁၄ ခုနှစ် နောက်ပိုင်းကစ၍ မြေအောက်ရေပြန်လည်ဖြည့်တင်းသည့်ဧရိယာနှင့် ထုတ်ယူသုံးစွဲသည့် နယ်မြေ ဧရိယာသည် ၁ : ၁ ဖြစ်လာခဲ့သည်။ မြေအောက်ရေဖြည့်တင်းရာရပ်ဝန်းသည် ထုတ်ယူရာ အရပ်ဒေသနှင့် ပို၍ ပို၍ ဝေးကွာသွား၏။ ဤလေ့လာမှု၏ ရည်ရွယ်ချက်မှာ လက်ရှိတိုးချဲ့မြေများနှင့် မြေအောက်ရေအပေါ် အကျိုးသက်ရောက်မူများကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ စဉ်းစားနိုင်ရန်ဖြစ်သည်။

နိဒါန်း

ရန်ကုန်လူဦးရေသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ၅ . ၂ သန်းရှိ၏။ ရန်ကုန်မြို့သည် ရန်ကုန်မြစ်ဝ၏ အထက်ဘက် ၃၄ ကီလိုမီတာအကွာတွင် တည်ရှိသည်။ မြေမျက်နှာသွင်ပြင်အရ ကုန်းမြင့်နှင့် မြေနိမ့်ဒေသသည် တဆက်တည်း ဆင်ခြေလျောသဏ္ဍာန် ဖြစ်သည်။ အလယ်ပိုင်း ကုန်းမြင့်ဒေသသည် ပဲခူးရိုးမတောင်စွယ်မှ တောင်ဘက်ပင်လယ်ဝအထိ ရှည်လျား၏။ မြောက်ဘက်ပိုင်း ၃၀ မီတာအမြင့်မှသည် တောင်ဘက်ရန်ကုန်မြစ်အထိ မြေနိမ့်လွင်ပိုင်း ဖြစ်သည်။ အနောက်တောင်ဘက်နှင့် အနောက်ဘက်တွင် လှိုင်မြစ်၊ အရှေ့ဘက်တွင် ငမိုးရပ်ချောင်း၊ တောင်ဘက်တွင် ရန်ကုန်မြစ်နှင့် အရှေ့တောင်ဘက် ပုဇွန်တောင်ချောင်းတို့ ဖြစ်သည်။ ဤမြစ်ချောင်းများသည် ဒီရေအတက်အကျရှိသဖြင့် မြေအောက်ရေ အရည်အသွေးကို ထိခိုက်သည်။

ယနေ့ ရန်ကုန်မြို့ပြမြေနေရာသည် ၇၉၄ . ၅၀ စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ ၁၉၈၈ ခုနှစ်မတိုင်မီက နှင့် စာလျှင် နှစ်ဆကျော် ကျယ်လာသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၄၀ တွင် လူဦးရေ ၁၀ သန်းအထက် ရှိလာနိုင်သည်ဟု တွက်ချက်ပြီး မြို့ပြစီမံကိန်းကို ရေးဆွဲနေ၏။ သို့သော် ရန်ကုန်မြို့ ရေပေးဝေမှု ဒုတိယအရင်းအမြစ်ဖြစ်သော မြေအောက်ရေပမာဏသည် လက်ရှိထက် ၄၀-၄၅ ရာခိုင်နှုန်း လျော့နည်းသွားမည်။ မြေအာက်ရေအရည်အသွေး ယိုယွင်းလာခြင်း သိုလှောင်မှုပမာဏ လျော့နည်းလာခြင်းတို့ ဖြစ်လာမည်။ လက်ရှိအခြေအနေ (၂၀၁၄-၁၅) တွင် မြေအောက်ရေ ပြန်လည် ဖြည့်တင်းခြင်းနှင့် ထုတ်ယူနေမှု အချိုးသည် ၁ : ၁ ရှိနေသေးသည်။ ရန်ကုန်ကဲ့သို့ အနည်ကျ ဒေသများတွင် မြေအောက်ရေစီးဆင်းနှုန်းသည် နှစ်ဆယ်ဂဏန်းမှသည် နှစ်ထောင်ဂဏန်းထိ ရှိနေမည်။

အနည်ကျရပ်ဝန်းဒေသမြေအောက်ရေစီးဆင်းနှုန်းပုံစံ

မြေယာအသုံးပြုမှုသည် လူဦးရေနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ဆက်စပ်နေသည်။ ပထဝီ မြေမျက်နှာ သွင်ပြင် အနေအထားရ မူလမြို့ပြတည်စဉ်က မြောက်ဘက်သို့ ဦးတည်သည်။ သို့သော် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် လေးဘက်လေးတန်သို့ ဦးတည်ချဲ့တွင်နေ၏။ အရှေ့တောင်ဘက်၌ သန်လျင်မြို့သစ်၊ အနောက်ဘက်တွင် လှိုင်သာယာနှင့် ရွှေပြည်သာမြို့သစ်ဖြစ်သည်။ အရှေ့ဘက် ငမိုးရိပ်ကိုဖြတ်၍ ဒဂုံမြို့သစ်များ တည်ဆောက်နေ၏။

ရန်ကုန်မြို့တည်ရာဇဝင်ကို ပြန်လေ့လာသော် ၁၁ ရာစုတွင် မြန်မာဘုရင် အလောင်းဘုရားက ဒဂုံဟု ခေါ်တွင်ခဲ့သည်။ ၁၈၅၂ ရန်ကုန်၏ ဧရိယာသည် ၆ . ၂ စတုရန်းကီလိုမီတာရှိသည်။ ၁၈၇၆ ခုနှစ် ဗြိတိသျှ အုပ်ချုပ်မှုအောက်တွင် မြို့တော်အဖြစ်တည်ထောင်ရာ ၂၆ စတုရန်းကီလိုမီတာရှိလာ၏။ လွတ်လပ်ရေးရပြီး ၁၉၄၆ ခုနှစ်နောက် လူဦးရေ ဝ . ၇၄၀ သန်းရှိပြီး မြို့ပြဧရိယာ ၁၂၁ . ၇၀ စတုရန်းကီလိုမီတာရှိသည်။ ၁၉၅၉-၆၀ ခုနှစ်တွင် မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သာကေတမြို့များ တည်သည်။ ဧရိယာ ၁၆၄ . ၂၁ စတုရန်းလိုမီတာဖြစ်လာပြီး လူဦးရေ ဝ . ၉၄၀ သန်းရှိသည်။ ထိုနောက် သုဝဏ္ဏမြို့သစ်ကို တည်ဆောက်သည်။ ၁၉၈၃ ခုနှစ်တွင် မြို့ပြဧရိယာသည် ၃၄၇ . ၁၃ စတုရန်းကီလိုမီတာအထိရှိလာပြီး လူဦးရေ ၂ . ၅၁၃ သန်းအထိ တိုးပွားလာသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရအုပ်ချုပ်မှုအောက်တွင် မြို့နယ်အသစ် ၆ ခု(မြောက်၊ တောင်၊ အရှေ့၊ ဒဂုံအရှေ့ပိုင်းနှင့် အရှေ့ဒဂုံဆိပ်ကမ်း) နှင့် ရန်ကုန် အနောက်ပိုင်း၊ လှိုင်သာယာနှင့်ရွှေပြည်သာတို့ကို တည်ဆောက်သည်။ ၁၉၉၃ ခုနှစ်တွင် မြို့ပြဧရိယာ စတုရန်းကီလိုမီတာ ၅၇၉ . ၈၀ ဖြစ်၏။ ၂၀၁၄ ခုနှစ်တွင် မြို့ပြဧရိယာသည် ၇၉၄ . ဝ စတုရန်း ကီလိုမီတာ အထိ တိုးချဲ့လာပြီး လူဦးရေသည် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ ၅ . ၁၄ သန်းရှိနေပြီ။ ခုနှစ်အလိုက် မြို့ပြဧရိယာနှင့် လူဦးရေတိုးတက်ပုံကို အောက်တွင်ပြထားသည်။

၁၉၈၈ မတိုင်မီက မြို့ပြဖွံ့ဖြိုးတိုးတက်မှုနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို နှိုင်းယှဉ်ပါက သိသိသာသာ ပြောင်းလဲလာ၏။ ၂၀ဝ၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မြို့ပြဧရိယာ တိုးချဲ့လာမှုများကြောင့် ယခင်က ရန်ကုန်ပြင်ပရှိ စိုက်ပျိုးရေးမြေဧရိယာများနှင့် ပွင့်လင်းမြေနေရာများသည် မြို့ပြရပ်ဝန်းများ ဖြစ်လာသည်။ ထိုရပ်ဝန်းသည် ယခုမြေအောက်ရေဖြည့်တင်းရာ ဧရိယာအဖြစ် အပြည့်အဝ မရှိနိုင်တော့ပြီ။ အဓိကမြစ်ကြီး၊ ချောင်းများဖြင့် မြို့နယ်များ ပိုင်းခြားဖြစ်တည်နေသောမြို့ပြဧရိယာအပေါ် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုက ရန်ကုန်မြစ်၊ တွံတေးတူးမြောင်း၊ ပန်လှိုင်မြစ်၊ လှိုင်မြစ်၊ ငမိုးရိပ်ချောင်းနှင့် ပဲခူးမြစ်တို့ကို ဆိုးကျိုးကောင်းကျိုးများ သက်ရောက်စေသည်။ ရန်ကုန်၏ မြို့ပြတိုးချဲ့မှုကို အောက်တွင်ပြထားသည်။

ဒေသဘူမိဗေဒ ပထဝီဝင်နှင့်ရာသီဥတု

ရန်ကုန်မြို့သည် မြောက်ဘက်မှ တောင်ဘက်ရန်ကုန်မြစ်ကမ်းအထိ မြင့်ရာမှနိမ့်ရာသို့ မြေပြန့် သဏ္ဍာန် နိမ့်ဆင်းသွားသည်။ အနိမ့်ပိုင်းဒေသများသည် မြစ်ဝကျွန်းပေါ်ဒေသ အနည်ကျကျောက်လွှာ အမျိုးအစားများ ဖြစ်၏။ ရန်ကုန်၏ အရှေ့ဘက်ခြမ်းနှင့် အနောက်ခြမ်းတို့သည်လည်း မြေနိမ့်လွင်ပြင်များ ဖြစ်ကြသည်။ ကောင်ကင်ဓာတ်ပုံ(သို့) ဂူဂဲလ်မြေပုံကို ကြည့်ပါက အလယ်ပိုင်းတွင် ကုန်းမြင့်တောင်တန်းပုံကို တွေ့ရမည် ဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀ ခန့်တွင် ရှိသည်။ အနိမ့်ပိုင်းဒေသသည် ၃ မီတာဝန်းကျင် ရှိ၏။ ဒေသဘူမိဗေဒဆိုင်ရာဖွဲ့စည်းပုံမှာ သက်နှောင်းကပ် (Era) ၏ တတိယယုဂ်အတွင်းရှိ မိုင်ယိုဆင်း (အဏုယုဂ်) Miocene (Epoch) ထဲတွင် ပေါင်းစုထားသော အနည်ကျမြေလွှာ ကျောက်လွှာများဖြင့် ဖွဲ့စည်းထားပြီး အပေါ်ယံက သက်နု ကွာတာနရီ (Quaternary) သဲမြေများ၊ သဲနု (ဆင်လ့်) နှင့် ရွှံ့များဖြင့် ဖုံးလွှမ်းထားသည်။ ရန်ကုန်မြို့ မြေနိမ့်အရပ်ဒေသအားလုံးသည် (Quaternary) အနည်အနစ်များဖြင့် ကျယ်ပြန့်စွာ ဖြန့်ကျက်နေသည်။

ရန်ကုန်တိုင်းဒေသကြီးသည် အပူပိုင်းမုတ်သုန်ရာသီဥတုတွင် တည်ရှိပြီး ရာသီသုံးရာသီရှိသည်။
(၁) နွေရာသီ (မတ်လမှ မေလ)၊ (၂) မိုးရာသီ (ဇွန်မှ အောက်တိုဘာ) နှင့် (၃)ဆောင်းရာသီ (နိုဝင်ဘာမှ ဖေဖော်ဝါရီလ) အထိဖြစ်သည်။ ဒေသအတွင်း မိုးလေဝသနှင့်ဇလဗေဒဌာန ၃ ခုရှိသည်။ ကမ္ဘာအေး၊ မင်္ဂလာဒုံနှင့် မှော်ဘီတို့ဖြစ်သည်။ ထိုဌာနက ရာသီဥတု၊ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များကို စုဆောင်းရယူ စီမံခန့်ခွဲသည်။ ရာသီဥတုအခြေအနေများကို လစဉ်နှစ်စဉ်သတင်းထုတ်ပြန်သည်။ 

ရန်ကုန်၏ လအလိုက် မိုးရေချိန် အပူချိန် ပုံပြမျဉ်း

ရန်ကုန်မြို့ပြရပ်ဝန်း ကျယ်ပြန့်လာခြင်းနှင့် မြေအောက်ရေအခြေအနေ သုံးသပ်ခြင်း

ရန်ကုန်တွင် နေထိုင်သူများအတွက် မြေအောက်ရေသည် မရှိမဖြစ် လိုအပ်၏။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် မြို့နယ် ၃၃ ခုရှိပြည်သူအားလုံးသို့ အပြည့်အဝ ရေမပေးနိုင်သေးပေ။ စက်ရေတွင်းတူး၍ လိုအပ်နေသော သောက်သုံးရေ ဖြည့်တင်းပေးသကဲ့သို့ မြို့သစ်နေ ပြည်သူများကလည် မိမိသောက်သုံးရေအတွက် မိမိကိုယ်ပိုင် စက်ရေတွင်းတူးသုံးနေကြ၏။ ထို့အပြင် စက်မှု လုပ်ငန်းများသည် မြေအောက်ရေကို ရာနှုန်းပြည့်မှီခိုနေရသည်။ မြို့တော်စည်ပင်က ရေပေးဝေမှုသည် လူဦးရေ၏ ၅၀ ရာခိုင်နှုန်း မှ ၆၀ ရာခိုင်နှုန်းခန့်သာ အကျိုးသက်ရောက်၏။

ရန်ကုန်မြို့၌ မြေအောက်ရေကို ၁၈၉၃ ခုနှစ်က စက်ရေတွင်း ၁၇ တွင်းဖြင့် စတင်အသုံးပြုခဲ့သည်၊ ထိုအချိန်က ရန်ကုန်နယ်မြေသည် ၂၈ . ၅၀ စတုရန်း ကီလိုမီတာကျယ်ဝန်းသည်။ ၁၉၆၃ ခုနှစ်၌ မြေအောက်ရေ သုံးစွဲနေသည့် လူနေရပ်ဝန်းအကျယ်သည် ဧရိယာ ၁၆၄ . ၄၈ စတုရန်းကီလိုမီတာ ကျယ်ပြန့်လာသည်။ မြေအောက်ရေ ပြန်လည်ဖြည့်တင်းပေးသည့် နေရာအကျယ်အဝန်းနှင့် နှိုင်းယှဉ်ပါက ၁၅ : ၁ ရှိသည်။ ဆိုလိုသည်မှာ မြေအောက်ရေ ပြန်လည်ဖြည့်တင်ပေးသည့် ပမာဏသည် သုံးစွဲသည့် ပမာဏထက် ၁၅ ဆမြင့်မားသည်။ ၁၉၇၃ ခုနှစ်တွင် တောင်က္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ စသည့် မြို့များ တိုးချဲ့လာရာ ဧရိယာ ၂၂၂ . ၇၆ စတုရန်းကီလိုမီတာ ရှိလာသည်။ မြေအောက်ရေ ပြန်လည် ဖြည့်တင်းရာ ရပ်ဝန်းလည်း လျော့လိုက်လာသည်။ မြို့ပြနယ်မြေကျယ်ပြန့်လာခြင်းနှင့် မြေအောက်ရေ အကျိုးဆက်ပင်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၏ဧရိယာမှာ ၇၉၄ . ၅၀ စတုရန်း ကီလိုမီတာ ရှိသည်။ ရန်ကုန်မြို့ပြ အကျယ်အဝန်းနှင့် မြေအောက်ရေ ဖြည့်တင်းရာရပ်ဝန်းတို့အချိုးကို အောက်ပါအတိုင်း တွက်ချက်ကြည့်ထားသည်။

ဇယား(၁) ရန်ကုန်မြို့ပြရပ်ဝန်းဧရိယာနှင့် မြေအောက်ရေဖြည့်တင်းရာဧရိယာပြောင်းလဲမှုအချိုးစဉ်အချိန်ကာလမြေအောက်ရေ ဖြည့်တင်းရာ ဧရိယာ (အဆ)ထုတ်ယူသုံးစွဲသည့် ဧရိယာ (အဆ)မှတ်ချက်၁၁၉၇၃၇၁တိုးတက်ပြောင်းလဲလာသည့်၂၁၉၈၃၂၁မြို့ပြဧရိယာ၃၁၉၉၃၁၁ . ၅အကျယ်အဝန်းကို၄၂၀ဝ၃၁၁ . ၁၄အခြေခံ ၅၂၀၁၄၁၁ . ၁၂တွက်ချက်သည်။

မြို့ပြနယ်မြေချဲ့ထွင်ခြင်းကို ၁၉၆၃ ခုနှစ်က ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့သည်။ နယ်မြေချဲ့ခြင်းကို မြောက်ဘက်၊ အနောက်မြောက်ဘက်၊ အနောက်နှင့် အရှေ့ဘက် အရပ်လေးမျက်နှာသို့ ဦးတည်လျက် ချဲ့ထွင်ကြသည်။ ထိုသို့ချဲ့ထွင်သည်နှင့်အမျှ သစ်တော၊ သစ်ပင်များလည်း လျော့ပါးပြုန်းတီးလာ၏။ မြေပေါ်ရေစီးဆင်းမူ များလာ၊ မြန်လာပြီး မြေအောက်ရေဖြည့်တင်းမှု လျော့လာသည်။

မြေအောက်ရေ ပြန်လည်ပြည့်တင်းမှု တန့်နေသော်လည်း ထုတ်ယူမှုက နှစ်အလိုက် များပြားလာပုံ

ဤစာတမ်းတွင် စာရေးသူသည် မဟာရန်ကုန်နယ်နိမိတ်အကျယ်အဝန်း၊ နယ်နိမိတ် ပြင်ပ၊ မြေမျက်နှာပြင် အနေအထား၊ ဘူမိဗေဒ၊ ဇလဘူမိဗေဒအနေအထားများအရ တွက်ချက်ကြည့်ရာ မြေအောက်ရေ ပြန်လည်ပြည့်တင်းရာရပ်ဝန်းသည် ထုတ်ယူသုံးစွဲသည့် ရပ်ဝန်း၏ ၇၅ ရာခိုင်နှုန်းခန့်သာ ရှိသည်။

ယခုအတိုင်း အထိန်းအချုပ်မရှိ၊ ဥပဒေမရှိ မြေအောက်ရေကို ဆက်လက်ထုတ်ယူနေမည်ဆိုပါက ၂၀၃၅-၄၀ ခုနှစ်ခန့်တွင် ရေအရည်အသွေးညံ့ဖျင်းခြင်းများ၊ ရေငန်ဝင်ရောက်သည့် နယ်မြေများ ပိုမိုကျယ်ပြန့်လာမည် ဖြစ်သည်။

ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် မြေအောက်ရေကို အောက်ဖော်ပြပါနှုန်းများဖြင့် ထုတ်ယူသင့်သည်။

ဇယား (၂) စိတ်ချစွာ ထုတ်ယူသုံးစွဲသင့်သည့် မြေအောက်ရေ ပမာဏ (ရာခိုင်နှုန်း)စဉ်စိတ်ချစွာ ထုတ်ယူသင့်သည့် ရာခိုင်နှုန်းစိတ်ချရမှုအဆင့်၁၇၀ရာခိုင်နှုန်းပြည့်စိတ်ချ၂၇၀ အထက် – ၉၀ နှင့် ၉၀ အောက်တစ်ဝက်တစ်ပျက်စိတ်ချရ၃၉၀ အထက် – ၁၀၀ နှင့် ၁၀၀ အောက်စိတ်မချရ၄၁၀၀ အထက်အလွန်အကျွံထုတ်

ရန်ကုန်မြို့ပြအကျယ်အဝန်းနှင့် မြေအောက်ရေဖြည့်တင်းရာရပ်ဝန်းတို့ကို ဇယား(၁)ပါ အချက်အလက်များနှင့် ပုံ (၆) ဂရပ်များကို အခြေခံ၍ မြေအောက်ရေသုံးစွဲမှုနှင့် ပြန်လည်ဖြည့်တင်းမှုကို အောက်ပါအတိုင်း စာရေးသူ ရေးဆွဲထားပါသည်။

ရန်ကုန်မြို့တော်၏ရည်မှန်းချက်သည် – ၂၀၄၀ တွင် အေးချမ်းသာယာပြီး စိမ်းလန်းစိုပြည်သော ရန်ကုန်၊ စိမ်းလန်းစိုပြည်သော ရွှေမြို့တော် “ ဖြစ်သည်။

Share this:

Related

December 6, 2021

In “Water”

September 25, 2021

In “Water”

May 26, 2023

In “Awareness”

Author: ukyawoo

VIEW ALL POSTS