မြန်မာ့ရုပ်ရှင်။ ခေတ် တစ်ခေတ်မှာ ထင်ရှားကျော်ကြားခဲ့ကြသူ ရုပ်ရှင် အနုပညာ ရှင်ကြီးများ ။

၁. ကောလိပ်ဂျင် နေဝင်း

ဟင်္သာတသား ကောလိပ်ဂျင် (သို့မဟုတ်) မြန်မာ့လက်ရွေးစင် ဘောလုံးသမားဘဝမှ ရုပ်ရှင်မင်းသား ဖြစ်လာခဲ့သူ
~~~~~~

ငယ်စဉ်ကတည်းက ဘောလုံး အလွန်ဝါသနာပါသူဖြစ်ပြီး ဘောလုံး ကစားနေရလျှင် ထမင်းမေ့ ဟင်းမေ့၊ သို့ဖြစ်၍ လူငယ်ဘဝမှာပင် ဘောလုံးထူးချွန်သူဖြစ်လာသည်။ အထက်တန်းကျောင်းသားဘဝ၊ ရေတပ်သား ဘဝ၊ တက္ကသိုလ် ကျောင်းသား ဘဝတို့တွင် ဘောလုံး ပွဲပေါင်းများစွာကစားခဲ့ပြီး ခြေစွမ်းထက်လှသည့်အတွက် မြန်မာ့ လက်ရွေးစင်ဘောလုံးသမားအဖြစ်သို့ ရောက်ရှိခဲ့သည်။ ရှေ့တန်း တိုက်စစ်မှူး အဖြစ်နှင့် ပြည်တွင်း၊ ပြည်ပ ပွဲပေါင်းများစွာ ကစားခဲ့သည်။ မြန်မာ့လက်ရွေးစင်ဘောလုံးသမား ဖြစ်ဖို့ဆိုသည်မှာလည်း လွယ်ကူသော အရာမဟုတ်၊ လွန်စွာ ခဲယဉ်းလှသည်။ ဝါသနာ အရင်းခံ၍ အောင်မြင်သော အားကစားသမားဘဝကို ပိုင်ဆိုင်ထား သည့်အတွက် ဘောလုံးမှလွဲ၍ တခြားဘာကိုမှ စိတ်မဝင်စား၊ ရုပ်ရှင် ရိုက်ဖို့ဆိုသည်က ပို၍ ဝေးသည်။ ရုပ်ရှင်ရိုက်ရန် ရည်ရွယ်ချက်မရှိ၊ သို့သော် လောကဓမ္မတာ ရည်ရွယ်သော်လည်း ဖြစ်ချင်မှဖြစ်မည်။ မရည်ရွယ်သော်လည်း ဖြစ်တတ်သည်။

အကြောင်းအကျိုးဆက်စပ်ပြီး ရုပ်ရှင်မင်းသားဖြစ်ရမည့် ကံဇာတာ ပါလာသည့်အတွက် ရှောင်လွှဲမရ ရုပ်ရှင်မင်းသားဘဝ ရောက်ခဲ့ရသည်။ တချို့ရုပ်ရှင်မင်းသားဖြစ်ချင်လွန်း၍ ငွေထုပ်ပိုက် လိုက်ခဲ့သော်ငြား မဖြစ်၊ သူကတော့ တစ်မူထူးသူဟုဆိုရမည်။ သူက ရုပ်ရှင်နောက် မလိုက် ရုပ်ရှင်က သူ့နောက်လိုက်ခဲ့ရသည့်အဖြစ်မျိုး။ သူသည် လူပျော် တစ်ယောက် Jolly Type ပျော်ပျော်ရွှင်ရွှင်နေတတ်သည့် ဖော်ရွေသော အပြုံးပိုင်ရှင်၊ စိတ်ရင်းကောင်းသဘောပြည့်သည့်အတွက် ရုပ်ရှင်လောကသားအားလုံးနှင့်သင့်မြတ်ပြီး လူချစ်လူခင်ပေါသည်။ စကားပြောကောင်း၊ ဟန်ပန်အမူအရာ ကောင်းသူဖြစ်သည့်အတွက် ပရိသတ်၏ ချစ်ခင်နှစ်သက် အားပေးမှု အပြည့်အဝရရှိခဲ့သည်။ ကောလိပ်ဂျင်နေဝင်း၏ ဘဝအကြောင်းကို ဆက်လက် ဖော်ပြလိုက် ရပါသည်။

ငယ်ဘဝ

ငယ်နာမည် နေဒွန်း၊ အဖရဲဝန်ထောက် ဦးသက်ဖေနှင့် အမိကျောင်း ဆရာမ ဒေါ်တင်တို့က ၁-၁ဝ-၁၉၂၈ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဟင်္သာတ မြို့နယ် ညောင်ပင်သာရွာ၌ ပညာသင်ကြားခဲ့ကာ ဂျပန်ခေတ်တွင် ကိုးတန်းအောင်သည်။ ပညာသင်ကြားနေဆဲ အသက် (၁၈) နှစ်တွင် မိခင်ကြီးကွယ်လွန်ခဲ့ရာ စိတ်ထိခိုက်နေစဉ် ဟင်္သာတ၌ ရေတပ်သား လိုက်လံစုဆောင်းနေသည့်အချိန် နှင့်ကြုံကြိုက်၍ ရေတပ် ထဲဝင်ခဲ့သည်။ ၁၉၄၇ ခုနှစ် တွင် ရေတပ်သားဘဝ ပညာတစ်ပိုင်း တစ်စနှင့် တိုးတက်ရန်လမ်းစမမြင်။ သို့ဖြစ်၍ ဒေါက်တာ မောင်မောင်ပြေ၏ အလွတ်ပညာသင်ကျောင်းတွင် ပညာဆက်လက် ဆည်းပူးခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် ၁ဝ တန်းအောင်သည်။ တက္ကသိုလ် ဆက်တက်ရန် ရေတပ်မှနုတ်ထွက်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်လက်သင်ယူခဲ့ရာ ၁၉၅၈ ခုနှစ်တွင် B.A ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင် ဘောလုံးသမား ဘဝ

တက္ကသိုလ်ပညာသင်ယူနေစဉ် ဘောလုံးဆက်ကစားခဲ့ရာ တက္ကသိုလ် အသင်းလက်ရွေးစင်၊ ၁၉၅၅ ခုနှစ်တွင် မြန်မာ့လက်ရွေးစင်ဘောလုံး သမားအဖြစ် အရွေးချယ်ခံရပြီး ထိုနှစ်ထဲမှာပင် မြန်မာ့လက်ရွေးစင် ရှေ့တန်း တိုက်စစ်မှူးအဖြစ်နှင့် အင်ဒိုနီးရှား၊ ဂျပန်နှင့် တရုတ်နိုင်ငံများ သို့ လည်းကောင်း၊ ၁၉၅၆ ခုနှစ်တွင် ပါကစ္စတန် နိုင်ငံ၌ ကျင်းပသော အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ်၊ ပါကစ္စတန်လေးနိုင်ငံ ဘောလုံးဗိုလ်လုပွဲသို့ သွားရောက် ယှဉ်ပြိုင် ကစားခဲ့ပြီး ထိုနှစ်ထဲမှာပင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ရွေးချယ်သည့် အကောင်းဆုံး ဘောလုံးသမား ထူးချွန်ဆု ရရှိခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း ကိုခေါင်းဆောင်၍ ကာလကတ္တား ယူနီဗာစီတီ နှစ် (၁ဝဝ) ပြည့် အထိမ်းအမှတ်ပွဲသို့ သွားရောက်ကစားခဲ့သည်။ ဘောလုံးကို သံယောဇဉ်ကြီး သလို တက္ကသိုလ်ကျောင်းသားဘဝကိုလည်း ခုံမင် တွယ်တာသည့်အတွက် ကျောင်းဆွေးဆွေး လူဆွေးဆွေး တပျော်ကြီးနေထိုင်ခဲ့ပြီး သူ့ဘဝသည် သူချစ်သည့် ဘောလုံးကဲ့သို့ ပညာကတစ်ဖက်၊ ဘောလုံးကတစ်ဖက်နှင့် လုံးလည် လိုက်နေခဲ့သော် လည်း အပူအပင်မရှိ၊ ငြီးငွေ့သည်မရှိ အမြဲပြုံးရွှင်နေသည့်သူ့ကို ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများအားလုံးက ခင်ကြသည်။

ရုပ်ရှင်မင်းသားဘဝ

ရုပ်ရှင်မင်းသားဘဝအစ ကံကြမ္မာဖန်လာပုံဆန်းသည်က သူရုပ်ရှင် မင်းသားလုပ်ရန် အကြောင်း ပေါ်ပေါက် လာသည်။ ရုပ်ရှင်လောက၌ နာမည်ကျော်ဝါရင့် ဒါရိုက်တာကြီးဖြစ်သူ ဦးချင်းစိန်(ရွှေညာမောင်)က ဇမ္ဗူအေး ရုပ်ရှင်ကုမ္ပဏီမှ ရုပ်ရှင်ကားတစ်ကား ရိုက်ကူးပေးရန် အပ်နှံ လာသည့်အတွက် စီစဉ်ရသည်။ စစ်ကြိုခေတ်တွင် အလွန်ကျော်ကြား လူကြိုက်များသော ဆရာဇဝန၏ ”ကောလိပ်ကျောင်းသား” ဝတ္ထုကို ကောလိပ်ဂျင်အမည်ဖြင့် ရိုက်ကူးပေးရန်ဖြစ်သည်။ ထိုကားတွင် မင်းသားလုပ်သူက ကောလိပ်ကျောင်းသားအဖြစ် သရုပ်ဆောင်ရမည်။ သို့သော် ဒါရိုက်တာက မင်းသားနှင့်တူသောမင်းသား မသုံးချင်၊ မင်းသားနှင့်မတူသော ကျောင်းသားစစ်စစ် ကိုသာ သုံးချင်သည်။ ထိုအခါ ဇမ္ဗူအေးရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဒေါ်မြင့်မြင့်က ဒါရိုက်တာ၏ ဆန္ဒကို ဖြည့်ဆည်းရန် ၄င်း၏ မိတ်ဆွေတက္ကသိုလ် ဘောလုံးနည်းပြ ဆရာငြိမ်းကို အပူကပ်ရတော့သည်။ ဒေါ်မြင့်မြင့်က ရုပ်ရှင် ရိုက်ရန် အတွက် တက္ကသိုလ်ကျောင်းသားတစ်ဦးရှာပေးပါရန် ပြောသည်နှင့် ချက်ခြင်း ဆရာငြိမ်းသည် သူ့၏ တပည့်ရင်း ကိုနေဝင်းကို မျက်လုံး ထဲပြေးမြင် လိုက်ပြီး ဒေါ်မြင့်မြင့် စိတ်တိုင်းကျစေရမည်ဟု ကတိပေး သည်။ ဆရာငြိမ်းက ထိုအခွင့်အရေးကို လက်လွှတ်မခံချင်၊ သူ့တပည့်ကောင်းစားတာကို မြင်လိုသည်။ ဆရာငြိမ်းက ထိုကိစ္စ ကိုနေဝင်းကိုပြောပြသည့်အခါ လက်မခံချင်၊ သို့သော် ဆရာ့စေတနာကို ငြင်းပယ်ရန်မသင့်ဟုယူဆ၍ ခေါင်းညိတ် လိုက်လေသည်။

ဆရာငြိမ်းက ကိုနေဝင်းလက်ဆွဲပြီး ဒါရိုက်တာဦးချင်းစိန်ရှိရာသို့ အသော့ နှင်လေ ၏။ ဒါရိုက်တာကလည်း အပွေးမြင် အပင်သိ၊ ကိုနေဝင်း၏ အသွင် သဏ္ဌာန်ကို မြင်မြင်ချင်းသဘောကျပြီး အကဲခတ် ရင်း စကားပြော ကြည့်ရာ ကိုနေဝင်း၌ ကိန်းအောင်းနေသည့် အနုပညာ ပင်ကိုစွမ်းရည်ရှိကြောင်း သိလိုက်ရကာ သူလိုချင်သော ဇာတ်ကောင်ကို သိန်းဖေ၏ စရိုက်နှင့် ကိုက်ညီနေသည့်အတွက် ကားရိုက်ရန် အမြန်ဆုံး စီစဉ်တော့သည်။ ကောလိပ်ဂျင်နေဝင်းအမည်ရ ”ကောလိပ်ဂျင်” ဇာတ်ကားတွင် ကိုနေဝင်းသည် မင်းသား ကိုနေဝင်း (ဘီအေ) အမည်ကို အသုံးပြုခဲ့ပြီး မင်းသမီး မြင့်မြင့်ခင်၊ သိန်းဆွေမြင့်၊ ချစ်ဆွေလေး၊ ရွှေစင်မေတို့နှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။ ၁၉၆ဝ ခုနှစ်ဝန်းကျင်တွင် ရုံတင်ပြသသည့်အခါ အစပိုင်းလူမဝင်၊ ဓာတ်မသိ ကြသေး၊ ကြည့်ပြီးသူတိုင်းက အကြိုက်တွေ့ ချီးမွမ်းပြောဆိုလာသည့် အတွက် လူသိများလာပြီး နောက်ပိုင်းပြသရာ နေရာတိုင်း ရုံပြည့် ရုံလျှံ၊ ဝင်ငွေစံချိန်တင်သည်အထိ အောင်မြင်မှု ရခဲ့သည်။

ကိုနေဝင်းသည် တာထွက်တစ်ကားတည်းနှင့်ပင် အောင်မြင်မှုအထွက် အထိပ်သို့ ရောက်ရှိခဲ့သည်ဖြစ်ရာ ထိုကားကို အစွဲပြု၍ ”ကောလိပ်ဂျင်နေဝင်း”ဟု အမည်တွင်လေသည်။ ဇာတ်ဝင်ခန်းတွင် ကောလိပ် ကျောင်းသား ကိုသိန်းဖေ (ကောလိပ်ဂျင်နေဝင်း)နှင့် ကောလိပ်ကျောင်းသူ မအေးစိန်(မြင့်မြင့်ခင်) တို့ အပြန်အလှန် ချစ်ကြည်နူးသောအကြည့်လေးများဖြင့် ”ကျေပါနော် မအေးစိန်၊ ကျေပါတယ် ကိုသိန်းဖေ” ဆိုသည့်အပြောလေးများသည် ထိုစဉ်က ပရိသတ် ပါးစပ်ဖျား လွန်စွာမှ ရေပန်းစားခဲ့လေသည်။ ဆေးစက်ကျရာ အရုပ်ထင် ကောလိပ်ဂျင်နေဝင်းသည် တစ်ဟုန်ထိုးကျော်ကြားလာခဲ့ရာ ဇာတ်ကား ရိုက်ကူးလိုသည့် ရုပ်ရှင် ကုမ္ပဏီများကား ဝိုင်းဝိုင်းလည်။ ဟာသ၊ သဘာဝ၊ အလွမ်း၊ အဆွေး၊ ဇာတ်ကြမ်း စသည်ဖြင့် စရိုက်မျိုးစုံ သရုပ်ဆောင်ခဲ့ပြီး မင်းသားခန်း၊ အဖေခန်း၊ ဦးလေးခန်း၊ အဖိုးခန်း စသည်ဖြင့် ပါဝင်ရိုက်ကူးခဲ့သော ဇာတ်ကား ပေါင်း ၁၆ဝ ခန့်ရှိသည်။

တစ်ခေတ်တစ်ယောက်မဟုတ်၊ တစ်သက် တစ်ယောက်ဟု ဆိုလောက်သောသူ သူလိုလူအတုမရှိ၊ အစားထိုးဖို့ ခက်လှသည်။ အပြောအဆိုဟန်ပန်အမူအရာအားလုံးကိုယ်ပိုင်ဟန်ဖြင့် ရပ်တည် သွားခဲ့ပြီး စကားပြော အလွန် ကောင်းပြန်သည်။ စကားပြောရာတွင် လေယူလေသိမ်းကို တစ်သမတ်တည်းမထား၊ အသံအနိမ့်အမြင့်၊ အဖြတ် အတောက်၊ အတက်အကျ၊ လှပအောင် ပြောတတ်ပြီး လိုအပ်လျှင် ထန်၊ မာန်၊ အပြည့်ဖြင့် ပြောလေ့ရှိသည်။ မျက်နှာကိုလည်း ပုံသေမထား၊ တည့်တစ်မျိုး၊ စောင်းငဲ့၍ တစ်မျိုး မရိုးအောင် သရုပ်ဆောင်ပြတတ်သည်။

ကျော်ကြားခဲ့သော ဇာတ်ကားများ

ရိုက်ကူးခဲ့သည့် ဇာတ်ကားများအနက် ထင်ပေါ်ကျော်ကြားသော ဇာတ်ကား အချို့မှာ ယောက္ခမကြီး ရေးတဲ့ဖူးစာ၊ သီတာဘယ်သို့ ချစ်ရမယ်၊ မမုန်းလေနဲ့ ငပလီ၊ မုန်း၊ အကယ်၍သာ၊ ပန်းပန်လျက်ပါ၊ ဇာခန်းဆီး နောက်ကွယ်မှာ၊ ဝမ်းနည်းဝမ်းသာ၊ မောင့်မူပိုင်ရှင်၊ မတဲ့အတူနေ၊ စိတ်စေတသိက်၊ ပယင်းရောင်၊ တစ်ဦးက စေတနာ တစ်ဦးက မေတ္တာ၊ အကာကအချစ် အနှစ်က မေတ္တာ၊ အားနွဲ့သူပါရှင်၊ ဆိုက်ကားသမားဘခက်၊ သီတာပြုံး၊ မလိခချစ်သူ၊ ကညာပျိုနဲ့ ဇရာအို၊ သဘင်သည်မဝင်ရ၊ သမီးချော၊ ဘုံပြတ်ဘမောင်၊ ကျောက်ဘီလူးနဲ့ ပပဝင်း၊ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ၊ သည်တောင်ကို မောင်ဖြိုပါ့မယ်၊ တယ်တညင်စသည်တို့ ဖြစ်ပါသည်။

အကယ်ဒမီမှတ်တမ်း

၁၉၆၉ ခုနှစ်တွင် သုဓမ္မစာရီ ရုပ်ရှင်မှ အမျိုးသားပညာဝန် ဦးဖိုးကျား၏ ဝတ္ထုကို ဒါရိုက်တာ ခင်စိုးရိုက်ကူးခဲ့သည့် ”ပယင်းရောင်” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသား သရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုရခဲ့သည်။ ထိုကားတွင် အရက်ကြောင့်ဘဝပျက်ခဲ့ရသော ကျောင်းဆရာ အဖြစ် ပီပြင်စွာသရုပ်ဆောင်ခဲ့သည်။ တစ်ဖန် ၁၉၇၉ ခုနှစ်တွင် စံပြရုပ်ရှင်မှ ဒါရိုက်တာ ဦးသုခရိုက်ကူးသည့် ”အကာကအချစ် အနှစ်ကမေတ္တာ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့အကယ်ဒမီထူးချွန်ဆု ထပ်မံရရှိခဲ့ပြန်သည်။

အသံမင်းသားကြီး အဖြစ်အောင်မြင်

ရုပ်ရှင်တွင်သာမက ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်း ခေတ်စားလာခဲ့သော ကက်ဆက်တိတ်ခွေဇာတ်လမ်း တစ်ခေတ် တွင်လည်း အသံဖြင့် သရုပ်ဖော်ရာ၌ တစ်ဖြစ်ခဲ့သူ ကက်ဆက်တိတ်ခွေဇာတ်လမ်းပေါင်း ၆ဝဝ ခန့် အသံသွင်း ခဲ့ပြီး ထင်ရှားသော ဇာတ်လမ်းအချို့မှာ ဗိုလ်အောင်ဒင်၊ ဗိုလ်မြဒင်၊ ကျားဘခက်၊ အတ္တအကျဉ်းသား၊ နှလုံးသား၏ တောက်ခေါက်သံ၊ ဘုရားမကြိုက်တဲ့ လူမိုက်၊ ဂျက်ကွင်းကင်းမောင်မောင်၊ ခေါင်းမြီးခြုံလုံပါပေ့၊ မဟူရာ၊ ပန်းတေလေ၊ မုဆိုးမလေး၊ စနေမောင်မောင်နှင့် နဘယံ၊ ဆားပုလင်းနှင်းမောင်နှင့် မြိုင်ရာဇာ တာတေ၊ ဆားပုလင်းနှင်းမောင်နှင့် သေသောသူသည် သုသာန်သို့သွားသည်၊ ဆားပုလင်းနှင်းမောင်နှင့် ဗာရာဏသီ လှဖေ၊ ဆားပုလင်းနှင်းမောင်နှင့် မီးခဲမောင်မောင်၊ သူဘုငါဘောက်၊ ဆားပုလင်းနှင်းမောင်နှင့် မင်းကွက်သီး သုံးလုံး စသည်တို့ဖြစ်သည်။

ထုတ်လုပ်သူဘဝ

အသက်အရွယ်လေးရလာသည့်အခါ ”မိုးမြင့်သော်တာ” ရုပ်ရှင်ကုမ္ပဏီ ကို ထူထောင်ပြီး ဒါရိုက်တာ မောင်မိုးသူ၏ ”တယ်တညင်” နှင့် ဒါရိုက်တာ ခင်မောင်ရင်၏ ”ဘမှန်ဘဇံ” ဇာတ်ကားများ ထုတ်လုပ်ခဲ့ပြီး ဇနီးဖြစ်သူ ဒေါ်ခင်မာလာကလည်း ဒါရိုက်တာ ခိုင်မြတ်အောင် အမည်ခံ ကာ ခိုင်တို့ညီအစ်မ၊ ချစ်ရင်မပြေးနဲ့၊ မောင်ခေါ်ရာ လိုက်မှာလား ရုပ်ရှင်ကားကြီးများနှင့် ဗီဒီယို ကားများစွာ ထုတ်လုပ်ခဲ့ သည်။ ကောလိပ်ဂျင်နေဝင်း သည် ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်ပြီး ၁၉၆၃ ခုနှစ်တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ (ဗမာပြည် ကွန်မြူနစ် ပါတီပေါ်လစ် ဗြူရို အဖွဲ့ဝင်-တောတွင်းကျဆုံး)၊ ဒေါ်ခင်တင့်တို့၏သမီး ဒေါ်ခင်မာလာနှင့် လက်ထပ် ခဲ့ပြီး သန္တာနေဝင်း၊ ရာဇာနေဝင်း (ရုပ်ရှင်သရုပ်ဆောင်)၊ ဟေမာနေဝင်း (တေးသံရှင်)နှင့် ရူပါနေဝင်း တို့ကို မွေးဖွားခဲ့သည်။ ၂-၆-၁၉၈၃ ရက်နေ့တွင် ကွယ်လွန်သွား ခဲ့ပြီဖြစ်ရာ သူကိုချစ်သည့် ပရိသတ်များ အနေဖြင့် ”ဒီကိစ္စနှင့်ပတ်သက်ပြီး တော့ကာ” ဆိုတဲ့ သူရဲ့မူပိုင်ပြောဟန်ပြော သံလေး အသစ်တစ်ဖန် ထပ်မံကြားခွင့် မရှိတော့ပါ။

Credit – မြန်မာ့စွယ်စုံကျမ်း(အတွဲ-၁၂)
Myanmar sport history

crd-to-ownerAung Kyaw Moe

နော်ဂဲလယ်ထူး(စာပေပရဟိတ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s