သမိုင်းထဲကဒီနေ့
( ၂.၃.၁၉၆၂)
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီးနေဝင်းသည် ဝန်ကြီးချုပ်ဦးနုအစိုးရကိုဖြုတ်ချခဲ့၍ တော်လှန်ရေးကောင်စီကိုဖွဲ့စည်းကာ စတင်အုပ်ချုပ်ခဲ့သည်။

၁၉၆၂မတ်လ ၂ ရက်နေ့ နံနက် ၈နာရီ ၂၅ မိနစ်တွင် “ ပြည်ထောင်စု မြန်မာနိုင်ငံ၏ အထူးယို့ယွင်းလာသော အခြေအနေဆိုးကို ထိန်းသိမ်းစိမ့်သောငှာ ဗမာတပ်မတော်မှ တာ၀န်ယူစောင့်ရှောက် လိုက်ပြီဖြစ်ကြောင်း” ဗိုလ်ချုပ်ကြီးနေ၀င်းက မြန်မာအသံမှ တဆင့်တိုင်းပြည် ကို ပြောကြားကာ တော်လှန်ရေး ကောင်စီနှင့် တော်လှန်ရေးအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

အိမ်စောင့်အစိုးရ ဦးဆောင်ပြုလုပ်ပေးခဲ့သည့် ၁၉၆၀ ဧပြီ ရွေးကောက်ပွဲတွင် ဦးနု၏ ပြည်ထောင်စုပါတီက ဆန္ဒမဲအားလုံး၏ ၅၂ ဒသမ ၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ပြီး လွှတ်တော်အမတ်နေရာ ၂၅၀ အနက် ၁၅၇ နေရာအထိ အနိုင်ရရှိခဲ့သည်။ တည်မြဲဖဆပလမှာ အမတ်နေရာ ၄၂ နေရာသာ အနိုင်ရရှိခဲ့ပြီး ကျန်နေရာများကို ပါတီငယ် များ၊ ရှမ်းနှင့် ရခိုင်တိုင်းရင်းသားပါတီများက ရရှိခဲ့သည်။

ဦးနု ဦးဆောင်သည့် ပြည်ထောင်စုပါတီသည် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်နယ်များ ဖွဲ့စည်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ယင်းနောက် ၁၉၆၂ ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖက်ဒရစ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် နိုင်ရေးအတွက် အမျိုးသားညီလာခံ ခေါ်ယူကျင်းပခဲ့ပြီး မတ်လ ၁ ရက်နေ့တွင် ဖက်ဒရယ်မူဆွေးနွေးပွဲကြီးကို မြန်မာ့အသံအသံလွှင့်ရုံခန်းမကြီးတွင် ကျင်းပခဲ့သည်။

မတ်လ ၂ ရက်နေ့တွင်တော့ ဗိုလ်ချုပ်ကြီးနေဝင်း၏ ညွှန်ကြားမှုဖြင့် တပ်မတော်မှ အာဏာသိမ်းခဲ့ပြီး သမ္မတ မန်းဝင်းမောင်၊ ဝန်ကြီးချုပ် ဦးနုတို့အပြင် အခြားဝန်ကြီး ငါးဦး၊ တရားလွှတ်တော်ချုပ်၏ တရားသူကြီးချုပ်နှင့် ရှမ်း၊ ကရင်နီတိုင်းရင်းသားခေါင်းဆောင် ၃၀ ဦးကျော်တို့ကိုလည်း ထိန်းသိမ်းခဲ့သည်။ အာဏာသိမ်းမှုအတွင်း သမ္မတဟောင်းစဝ်ရွှေသိုက်ကို သွားရောက်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သမ္မတဟောင်းစဝ်ရွှေသိုက်၏သားဖြစ်သူ စဝ်မီမီသိုက် သေဆုံးခဲ့သည်။
အာဏာသိမ်းပြီးနောက် မတ် ၂ ရက် နံနက်ပိုင်းတွင် မြန်မာ့အသံရေဒီယိုမှတစ်ဆင့် ဗိုလ်ချုပ်ကြီးနေဝင်းက မိန့်ခွန်းပြောကြားခဲ့ရာ ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်ကို ကာကွယ်ထိန်းသိမ်းရန်လိုအပ်၍ဟု အကြောင်းပြ ချက်ပေးခဲ့သည်။

၁၉၆၂ ဧပြီ ၃၀ ရက်တွင် “ဗမာ့ဆိုရှယ်လစ်လမ်းစဉ်”ကို ထုတ်ပြန်ခဲ့ပြီး ဇူလိုင် ၄ ရက်တွင် ဗိုလ်ချုပ်ကြီး နေဝင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဗမာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ(BBSP)ဖွဲ့စည်းပုံကို ကြေညာခဲ့သည်။

ဝန်ကြီးချုပ်ဦးနု၏ အရပ်သားအစိုးရထံ အာဏာလွှဲပြောင်းပြီး ၂ နှစ်မကြာမီ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းသည် စစ်အာဏာသိမ်းပိုက်ခဲ့သည်။ ဝန်ကြီးချုပ်ဦးနု၊ သမ္မတဟောင်းစဝ်ရွှေသိုက်စသော နိုင်ငံရေးသမားများနှင့် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ်တို့၏ ခေါင်းဆောင်ဟောင်းတို့ကို ဖမ်းဆီးခဲ့သည်။ စဝ်ရွှေသိုက်၏သားဖြစ်သူ စဝ်မြေသိုက်သည်သာ သေနတ်ဖြင့်အပစ်ခံခဲ့ရ၍ ဤအာဏာသိမ်းပိုက်မှုကို ကမ္ဘာ့မီဒီယာများမှ “သွေးမြေမကျသော အာဏာသိမ်းပိုက်မှုကြီး” ဟူ၍ပင် မှတ်တမ်းအတင်ခံခဲ့ရသည်။ ထို့အပြင်သီပေါစော်ဘွား စဝ်ကြာဆိုင်သည်လည်း တောင်ကြီးမြို့၌ ပျောက်ဆုံးသွားလေသည်။
ထိုသို့အာဏာသိမ်းပိုက်ပြီးနောက် ဗိုလ်ချုပ်နေဝင်းသည် မြန်မာနိုင်ငံကို ၁၉၇၄ ခုနှစ်အထိ စစ်အာဏာရှင်စနစ်ဖြင့် ၁၂ နှစ်မျှအုပ်ချုပ်ခဲ့သည်။ ထိုကာလ၌ ဗိုလ်ချုပ်နေဝင်းသည် တိုင်းပြည်၏ နိုင်ငံရေးကဏ္ဍကိုသာမက အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍတို့ကိုပါ ကိုယ်တိုင်ခြယ်လှယ်နိုင်အောင် ဆောင်ရွက်ခဲ့သည်။ ၁၉၇၄ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကိုရေးဆွဲခဲ့ပြီး မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ကိုတည်ထောင်ခဲ့ရာ တစ်ပါတီအာဏာရှင်စနစ်ဖြင့် ဆက်လက်အုပ်ချုပ်ခဲ့သည်။
အာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီကိုဖွဲ့စည်း၍ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို စတင်ဆောင်ရွက်ခဲ့သည်။ ဦးစွာတိုင်းပြည်စီးပွားရေးကို ခြယ်လှယ်နိုင်အောင်ဆောင်ရွက်ခဲ့သည်။ ပုဂ္ဂလိကပိုင်စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းခဲ့သည်။ ထို့အပြင် ဥပဒေပြုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစသော အရေးပါသည့်ကဏ္ဍများကို ချုပ်ကိုင်နိုင်အောင်ပြုလုပ်ခဲ့သည်။ အစိုးရပိုင်မဟုတ်သည့် အင်စတီကျူးရှင်း (institution) များကို ဖျက်သိမ်းခဲ့သည်။
ဗြိတိသျှကိုလိုနီခေတ်၏ အတိတ်သမိုင်းကို ပပျောက်ရန်လည်း ဆောင်ရွက်ခဲ့သည်။ မြန်မာဘာသာစကားကို မြန်မာနိုင်ငံ၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ခဲ့သည်။ အင်္ဂလိပ်လမ်းအမည်များကို မြန်မာဘာသာသို့ပြောင်းလဲစေခဲ့သည်။ အနောက်တိုင်းနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ရပ်ဆိုင်းစေခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် မြန်မာနိုင်ငံသည် ပြင်ပလောကနှင့် အဆက်အသွယ်ပြတ်ခဲ့ရသည်။ ၁၉၆၀ တွင် နိုင်ငံတော်၏ ပြင်ပကူးသန်းရောင်းဝယ်ရေးနှင့် GDP အချိုးမှာ ၄၀ ရာခိုင်နှုန်းရှိခဲ့၍ ၁၉၇၀ တွင် ထိုအချိုးမှာ ၂၆ ရာခိုင်နှုန်းအထိကျဆင်းခဲ့သည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်၏ အဓိကမူဝါဒသည် အခြေခံလူတန်းစား၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ရန်ဖြစ်သည်။ သို့သော် တောင်သူလယ်သမားတို့ကိုသာ အလေးပေးခဲ့၍ စက်မှုလုပ်ငန်းသမားများကို လျစ်လျူရှုသကဲ့သို့ဖြစ်ခဲ့သည်။ စက်မှုလုပ်ငန်းများကို ထောက်ပံ့မှုနည်းပါးလာသဖြင့် မြန်မာ့စီးပွားရေးမှာ ယိမ်းယိုင်လာခဲ့သည်။ ၁၉၈၀ ဆယ်စုနှစ်အလယ်ကာလတွင် အခွန်အတုတ်များကြီးမားလာခြင်း၊ မြေယာများကိုအဓ္ဓမသိမ်းယူခြင်းတို့ ဖြစ်ပွားလာခဲ့သည်။ ၁၉၈၅ တွင် မြန်မာကျပ်ငွေစက္ကူများမှ ၅၀ တန်နှင့် ၁၀၀ တန်တို့ကို တရားမဝင်ကြေညာ၍ ရုပ်သိမ်းခဲ့သည်။ ဆန်ဈေးနှင့် သစ်ဈေးများမှာ လုံးဝကျဆင်းခဲ့သည်။ ပြည်သူတို့မှာ ဘဏ်များ၌ ပိုက်ဆံများစွာ ထုတ်ယူခဲ့ကြရသည်။ ၁၉၈၇ တွင် ၂၅ ကျပ်၊ ၃၅ ကျပ်နှင့် ၇၅ ကျပ်တန် ငွေစက္ကူများကို ထက်မံရုပ်သိမ်းခဲ့ပြန်သည်။ စီးပွားရေးကျဆင်းမှုကြောင့် မြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံအဖြစ် ကုလသမဂ္ဂမှ မှတ်တမ်းတင်ခဲ့သည်။
တိုင်းပြည်စီးပွားရေးပျက်ပြားမှု၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်မအောင်မြင်မှု စသည့်အကြောင်းများကြောင့် ၁၉၈၈ ခုနှစ်တွင် ပြည်သူများစတင်ထကြွလာခဲ့ပြီး ရှစ်လေးလုံးအရေးအခင်းဖြစ်ပေါ်လာခဲ့ရာ မဆလအစိုးရမှာ ပြိုလဲခဲ့လေသည်။
ကိုးကား/(wikipedia မှပြန်လည်ကူးယူဖော်ပြထားပါသည်)https://youtu.be/tee1gPLAFxk
credit : Kyaw Swar Min
✍️ ၁၉၆၂ခုနှစ် မတ်လ ၂ရက်နေ့ ✍️

ဖက်ဒရယ်မူနှင့် ပတ်သက်သော လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင် ကျင်းပပြီးနောက် နာရီပိုင်းမျှ အကြာ ည (၁၁) နာရီတွင် မင်္ဂလာဒုံတပ်နယ်မှ စစ်တပ်အဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင်းသို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့သည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်တွင် နိုင်ငံတော်အာဏာ သိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တရားဝန်ကြီးချုပ်နှင့် ပြည်နယ်အကြီးအကဲများ၊ စော်ဘွားများကို ဖမ်းဆီးရန်နှင့် အချက်အချာဌာနများကို ထိန်းသိမ်းထားရန် ရန်ကုန်မြို့တွင်းသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင်းသို့ စစ်တပ်အဖွဲ့ဝင်များ ၀င်ရောက်ခြင်း မပြုမီ ရက်အနည်းငယ်ကပင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း နှင့် စစ်တပ်အကြီးအကဲအချို့သည် နိုင်ငံတော် အာဏာကို သိမ်းပိုက်ရာတွင် အဆင်ပြေချောမွေ့စေရန် ပြည်စောင့်ရဲတပ်ရင်း၏ အခြေအနေကို ကြိုတင်၍ စူးစမ်းလေ့လာခဲ့ကြသည်။

ထိုစဉ်က ပြည်စောင့်ရဲတပ်ဌာန၏ ဒုတိယ ရဲတပ်ချုပ်မှာ ဗိုလ်မှူးကြီး တန်ယုဆိုင် (ဗိုလ်မှူးချုပ်တင်ဖေ ၏ ယောက်ဖ)ဖြစ်သည်။
ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်အကြီးအကဲ အချို့သည် လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ စတင်ကျင်းပသည့် ၁၉၆၂ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှစ၍ နိုင်ငံတော်အာဏာ သိမ်းယူရေးကို အဆောတလျင် ဆောင်ရွက်လာသည်။
၁၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း အမိန့်ဖြင့် စစ်တပ်အကြီးအကဲတို့က နိုင်ငံတော်အာဏာ သိမ်းယူရေးအတွက် ပထစအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ နိုင်ငံတော်သမ္မတ၊ ၀န်ကြီးချုပ်၊ တရားဝန်ကြီးချုပ်၊ ပြည်နယ်အကြီးအကဲများနှင့် စော်ဘွားများကို ဖမ်းဆီးရေးနှင့် အရေးပါသော နေရာဌာနများကို ထိန်းသိမ်းထားရေးအတွက် သက်ဆိုင်ရာ တပ်မှူးများအား တာဝန် ပေးအပ်ခဲ့သည်။

တာဝန်ပေးအပ်ခဲ့စဉ်က အာဏာသိမ်းယူသည့် နေ့ရက်နှင့် အာဏာသိမ်းယူရေး အစီအစဉ် စတင်မည့် အချိန်နာရီတို့ကို လျှို့ဝှက်ထားသဖြင့် မသိခဲ့ရဟု ဆိုသည်။
၁၉၆၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင်မှ အာဏာသိမ်းရန် စစ်ဆေးရေးကို ဆင်နွှဲကြရမည်။ တာဝန်ခံတပ်မှူးများသည် စစ်ဆင်ရေး ဆင်နွှဲရန် အမိန့်ရရှိသဖြင့် မိမိတို့၏ တပ်များကို အသင့်ပြင်ဆင်ထားခဲ့သည်။
ထိုညတွင်ပင် စစ်ဆင်ရေးအတွက် အားလုံး အဆင်သင့်ဖြစ်လျှင် ဆင်နွှဲရန် အထက်အကြီးအကဲထံမှ နုတ်မိန့် ထွက်လာသည်။
ထိုအခါ စစ်ဆင်ရေး တာဝန်ခံတပ်မှူးများသည် အချင်းချင်း တိုင်ပင်ဆွေးနွေးကြပြီး စစ်ဆင်ရေး ဆင်နွှဲရမည့်နေ့ကို မတ်လ ၂ ရက်နေ့ဟုလည်းကောင်း၊ စတင်မည့်အချိန်ကို မတ်လ ၁ ရက်နေ့ ည ၁၂ နာရီတိတိဟု လည်းကောင်း သတ်မှတ်ခဲ့ကြသည်။
ဤအစီအစဉ်ကို တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်မှူးတင်ဦး(မျက်မှန်ကြီး) နှင့် အချက်ပြ ဆက်သွယ်ရေးတပ်မှူး ညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီး ဘနီတို့လည်း သိရှိခဲ့ကြသည်။
သို့သော် ထိုစစ်ဆင်ရေး အစီအစဉ်ကို သိပြီးဖြစ်သော တပ်မတော် တပ်မှူးများသည် အခြားအရာရှိများ၊ မိမိတို့ လက်အောက်အရာရှိများနှင့် စစ်သည်များကို ပြောကြားခြင်း မပြုခဲ့ချေ။ စစ်ဆင်ရေး တရပ်ကို ဆင်နွှဲရန်သာ တပ်လှန့်ထားခဲ့သည်။
၁၉၆၂ ခုနှစ် မတ်လ ၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ရန်ကုန်မြို့တွင်းသို့ ချီတက်ရမည့် တပ်ဖွဲ့များကို စစ်ဆင်ရေးတာဝန်ခံများက စစ်ဆင်ရေးအကြောင်း ရှင်းလင်းပြောကြားပြီး အသင့်ပြင်စေသည်။
ထို့နောက် လက်အောက်အရာရှိများအား တာဝန်အသီးသီး ခွဲဝေပေးအပ်ပြီး ည ၁၂ နာရီတွင် ရန်ကုန်မြို့တွင်းသို့ စစ်ချီခဲ့ခြင်း ဖြစ်သည်။
စစ်တပ်သည် မင်္ဂလာဒုံ လေယာဉ်ကွင်းရှိ ဆက်သွယ်ရေးစခန်း၊ အသံလွှင့်ရုံ၊ ကြေးနန်းဌာန၊ ပါလီမန်အဆောက်အအုံ၊ ရဲမင်းကြီးရုံး၊ စစ်ရဲတပ်၊ ပြည်ထောင်စုဘဏ်၊ ဘူတာရုံ၊ ဆိပ်ကမ်း၊ ရဲဌာနများ၊ ၀န်ကြီးများ နေထိုင်သော ဝင်ဒါမီယာကုတ် (ယခု ရွှေလီလမ်း) ရှိ ရှမ်းဂေဟာ ၊ ရွှေတောင်ကြားလမ်း၊ ပြည်ထောင်စုလမ်းသွယ်အမှတ်(၄၂)ရှိ ဝန်ကြီးချုပ်နေအိမ်၊ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စဝ်ရွှေသိုက်နေအိမ်၊ ကမ္ဘာအေးဘုရားလမ်းရှိ တရားဝန်ကြီးချုပ် ဦးမြင့်သိန်းနေအိမ်၊ ဖရေဇာလမ်း (ယခု ဒဂုံမြိို့နယ်ရှိ တော်ဝင်လမ်း) ရှိ ကယားဂေဟာတို့ကို သွားရောက် ဝိုင်းရံထားလိုက်ကြသည်။
နံနက် ၂ နာရီခန့်တွင် တပ်မတော်တပ်ဖွဲ့များသည် ဂွတ္တလစ်လမ်း ပြည်ထောင်စုလမ်းသွယ်အမှတ် (၄၂) တွင် နေထိုင်သော ဝန်ကြီးချုပ် ဦးနု၊ ဝန်ကြီးဒေါက်တာ ဦးဧမောင်နှင့် ပြည်လမ်း ခုနှစ်မိုင်တွင် နေထိုင်သော မိုးနဲစော်ဘွား စဝ်ပြည့်၊ မိုင်းနောင်စော်ဘွား စဝ်အုန်းမောင်တို့ကို ဖမ်းဆီးခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုကို စစ်ထောက်လှမ်းရေးက ဖမ်းဆီးပြီးနောက် ကားပေါ်သို့ တင်အပြီး၌ စကားဝှက်ဖြင့် “လောက်ကောင်” မိပြီ ဟု ဌာနချုပ်သို့ သတင်းပို့ခဲ့သည်။
နောင်တွင် ဦးနု၏ သမီးကြီးဖြစ်သူ ဒေါ်စန်းစန်းနုက ကျွန်မကြားတာက “ဇာတ်ကောင်”ပါပဲ။ ဖေဖေနားကြားလွဲသွားတယ်နဲ့ တူပါတယ် ဟူ၍ ပြောပြခဲ့ဖူးသည်။
သို့သော် ရန်ကုန်ဘဆွေ၏ ပြည်သူ့အရေးတော်ပုံသမိုင်း (လက်နှိပ်စက်စာမူ) ၌ ဦးနုအား ဖမ်းစဉ်က စကားဝှက်သည် “လောက်ကောင်” ဟု ဖေါ်ပြပါရှိသည်။
ယင်းစာမူ၌ အခြားဝန်ကြီးများ၏ နာမည်ကိုလည်း စကားဝှက်ဖြင့် “ဖာသယ်” ၊ “မိန်းမရွှင်”၊ “ဆိတ်လစေ့”၊ “နှစ်ဖက်ချွန်” ဟူ၍ သုံးနှုန်းထားရာ ရန်ကုန်ဘဆွေ နှင့် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်းတို့ ဆက်နွယ်ပတ်သက်နေမည်လားဟု တွေးထင်စရာပင် ဖြစ်သည်။
ထို့နောက် နံနက် ၃ နရီခန့်တွင် အခြားဝန်ကြီးများ ဖြစ်ကြသော ဦးရာရှစ်၊ သခင်တင်၊ သခင်တင်မောင် ၊ဦးသွင်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ စဝ်ခွန်ချို၊ စဝ်ဝဏ္ဏ၊ နိုင်အောင်ထွန်း၊ ဦးဘမြိုင်၊ ပါလီမန်အတွင်းဝန် ကယားဦးစိန်တို့ကို လည်းကောင်း၊ အင်းလျားလမ်းနေ အိမ်သစ်တွင် နေထိုင်သော သမ္မတ မန်းဝင်းမောင် ကို လည်းကောင်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း တို့ကိုလည်းကောင်း၊ ကယားဂေဟာတွင် တည်းခိုနေသော ဦးကြာပု၊ ဦးစိုးမောင်၊ ဦးလွန်း၊ ဦးချစ်ဦး ၊ ဦးထွန်းမြင့် (တောင်ကြီး) တို့ကိုလည်းကောင်း၊ ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော် ဥက္ကဌကိုလည်းကောင်း ဖမ်းဆီးခဲ့သည်။
အစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်တို့ကို ဖမ်းဆီးရာတွင် တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူလိုက်ပြီး ဖြစ်ကြောင်း ရှင်းပြ၍ ၎င်းတို့အိမ်တွင် ထားရှိသော လက်နက်များကိုလည်း အပ်နှံစေခဲ့သည်။
တရားဝန်ကြီးချုပ် ဦးမြင့်သိန်းကို ဖမ်းစဉ်က ဖမ်းဝရမ်း တောင်းသဖြင့် ဖမ်းဆီးသည့် တပ်မတော်အရာရှိလည်း တွေဝေသွားပြီး တပ်ဖွဲ့များကို အုပ်ချုပ်၍ လိုက်ပါလာခဲ့သော တပ်မှူးထံ သတင်းပို့ခဲ့သည်။
တပ်မှူးကလည်း ဦးမြင့်သိန်း၏ အိမ်သို့ လိုက်သွားပြီး တပ်မတော်က အာဏာသိမ်းခြင်းဖြစ်ကြောင်း၊ ဝရမ်း မလိုကြောင်း ပြောကြား၍ ဖမ်းဆီးခဲ့ရသည် ဟု ဆိုသည်။
ဝန်ကြီးများ၏ နေအိမ်တွင် လုံခြုံရေးတာဝန်ယူနေကြရသော ရဲအဖွဲ့ဝင်များအား စစ်တပ်တပ်ဖွဲ့ဝင်များ ရောက်ရှိလာလျှင် ခုခံပစ်ခတ်ခြင်း မပြုရန် ကြိုတင် ညွှန်ကြားထားသောကြောင့် ဝန်ကြီးများကို ဖမ်းဆီးရာတွင် အဆင်ပြေ လွယ်ကူစေခဲ့သည်။
သို့သော် ရန်ကုန်မြို့ ကုက္ကိုင်းလမ်းနှင့် ဂွတ္တလစ်လမ်း (ယခု ဆရာစံလမ်း) ထောင့်ရှိ စဝ်ရွှေသိုက် နေအိမ်သို့ ရောက်ရှိစဉ်က လုံခြုံရေးအစောင့်များအား ရှမ်းဘာသာဖြင့် ခုံခံခြင်း မပြုရန် အော်၍ ပြောသေးသည်။
သို့သော် အစောင့်များက ပစ်ခတ်သဖြင့် စစ်တပ်မှလည်း ပြန်လည်ပစ်ခတ်ရာတွင် စဝ်ရွှေသိုက်၏ သားငယ် အသက် (၁၇) နှစ်အရွယ်ရှိ စဝ်မီမီသိုက် (ခေါ် ) စဝ်စေးဟုမ်ဖ မှာ ဦးခေါင်းနှင့် ခြေထောက်တွင် ကျည်ဆံထိမှန်၍ သေဆုံးသွားခဲ့ရသည်။
စဝ်မီမီသိုက် သေဆုံးမှုနှင့် ပတ်သက်၍ စဝ်မီမီသိုက်၏ အစ်ကို (ယူဂျင်းသိုက် – Eugene Taike) က ရန်ကင်းရဲဌာနတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက် ၂ နာရီခန့်တွင် အမျိုးအမည်မသိသော ယူနီဖောင်းဝတ်ထားသူများက အိမ်အတွင်းသို့ ဝင်ရောက်လာကာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် မိမိ၏ညီ စဝ်မီမီသိုက်ကို ထိမှန်သေဆုံးသွားကြောင်း တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကင်းရဲဌာနက လူသတ်မှု ပုဒ်မ ၃၀၂ အရ အမှုဖွင့်ပေးခဲ့သည်။ စစ်တပ်ကမူ စဝ်မီမီသိုက် သေခဲ့ရခြင်းအတွက် စာနာထောက်ထားမှု ရှိကြောင်း ပြောကြားပြီး တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း ကလည်း စဝ်မီမီသိုက် ကွယ်လွန်အနိစ္စရောက်ခြင်းကို တော်လှန်ရေးကောင်စီဝင်များက အထူးဝမ်းနည်းကြေကွဲမိကြောင်း ဖော်ပြထားသည့် သဝဏ်လွှာကို ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်နှင့် မဟာဒေဝီတို့ထံ ပေးပို့ခဲ့သည်။
ထိုစဉ်က မဟာဒေဝီ စဝ်ဟိန်ခမ်းမှာ အင်္ဂလန်သို့ ရောက်နေသဖြင့် ဗိုလ်မှူးကြီး စောမြင့်သည် ဝမ်းနည်းသဝဏ်လွှာကို စဝ်ရွှေသိုက်၏ သားအကြီးဆုံးဖြစ်သူ စဝ်ဆိုင်အုံ၏ လက်သို့ ပေးအပ်ခဲ့ရသည်။
၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့တွင် ကျင်းပသည့် စျာပနအခမ်းအနားသို့လည်း တော်လှန်ရေးကောင်စီက လွမ်းသူ့ပန်းခွေ ပေးပို့ခဲ့သည်။
အာဏာသိမ်းပိုက်သည့်နေ့မှ အဖြစ်အပျက်ကို နောင်တွင် ဦးနုက သူ၏ “တာတေစနေသား” စာအုပ်၌ ဤသို့ ဖော်ပြထားသည်။
၁၉၆၂ ခုနှစ် မေလ ၁ ရက်နေ့တွင် အသံလွှင့်ရုံ၌ ပြည်နယ်များ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ဖို့အတွက် ဖက်ဒရယ်မူ ရေးဆွဲရေး နှီးနှောဖလှယ်ပွဲ စတင်ကျင်းပခွင့် ပြုခဲ့သည်။
ည ၉ နာရီလောက်တွင် အစည်းအဝေးကို အဆုံးသတ်၍ နောက်ရက်သို့ ရွှေ့လိုက်သည်။
အစည်းအဝေး ပြီးသောအခါ ရှမ်းပြည်နယ် ဥက္ကဌ စောခွန်ချိုနှင့် ကယားပြည်နယ်ဥက္ကဌ စောဝဏ္ဏတို့ သည် ၀န်ကြီးချုပ် ဦးနု နှင့်အတူ ဝင်ဒါမီယာဝန်းအတွင်း ဝန်ကြီးချုပ် နေအိမ်သို့ လိုက်လာကြသည်။
၀န်ကြီးချုပ် ဦးနုက “အဆိုတွေ တင်ဖို့ ကျွန်တော်က ဖိတ်လို အဆိုတွေကို တင်သွင်းရမှာ၊ ကောလာဟလလွှင့်နေကြတဲ့ လူတွေဟာ ဒီအချက်ကို မသိကြဘူးထင်တယ်” ဟု ပြောရာ စောခွန်ချိုက –
ဟုတ်ပါတယ်။ ဝန်ကြီးချုပ်က ဖိတ်လို့ ကျွန်တော်တို့က အဆို တင်ပြရမှာပါ။ တင်ပြ ပြန်တော့လည်း ဒီတင်ပြတဲ့ အဆိုအတိုင်း လုပ်ပေးရမယ်ဆိုတဲ့ သဘောမျိုး ကျွန်တော်တို့မှာ မရှိပါဘူး။
အဆိုကို ဆွေးနွေးပြီး လုပ်ပေးနိုင်တာတွေကို လုပ်ပေးပါ။ မလုပ်ပေးနိုင်တာတွေကျတော့ ပစ်ပယ်လိုက်ပေါ့၊ ကျွန်တော်တို့ နာခံပါ့မယ်” ဟု ပြန်ပြောသည်။
ထိုစဉ်က စောခွန်ချို၊ စောဝဏ္ဏ နှင့် ဦးနုတို့ စကားထိုင်ပြောနေကြသည်မှာ ည ၁၁ နာရီလောက်မှ ပြီးသည်။
ထိုအချိန်လောက်အထိ ဗိုလ်ချုပ်နေဝင်းသည် လေဟာပြင် ဇာတ်ရုံ၌ တရုတ်ယဉ်ကျေးမှု ကဇာတ်အဖွဲ့က တင်ဆက်သော ဘဲလေးပြဇာတ်ကို ဟန်မပျက် ကြည့်နေခဲ့သည် ဟု ဦးနု ၏ သားသမီးများက ပြောပြကြပါသည်။
ဦးနုသည် ဝင်ဒါမီယာထဲမှာ မနေပေ။ ဂွတ္တလစ် ပြည်ထောင်စု လမ်းကြားထဲက သူ့အိမ်၏ တောင်ဘက်မှာ တစ်ထပ်အိမ် ဌားနေသည်။
သူ အိမ်အပြန်မှာ သူ့အကြံပေးအရာရှိ ဦးအုံးနှင့်အတူ လိုက်ပါလာပြီး ဦးအုံးက ဦးနုကို သူ့အိမ်ရောက်သဖြင့် ကားပေါ်က ဆင်းခါနီးမှာ ပြောသွားသည်။
“လာမယ့် ရွေးကောက်ပွဲကြီး ပြီးရင် နိုင်ငံရေးက ထွက်တော့မယ်လို့ ကိုကြီးနုက ပြောနေပေမယ့် တပ်မတော်က ကိုကြီးနု ထွက်တာကို သဘောတူမယ် မထင်ဘူး။ ဆက်လုပ်ဖို့ ဝိုင်းပြီး တောင်းပန်ကြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”
ဦးနုသည် သူ့အိမ်ခန်းထဲ ရောက်သောအခါ နောက်ညမှာ ဖက်ဒရယ်မူနှင့် ပတ်သက်သည့် သူပြောမည့် မိန့်ခွန်းကို တခေါက် ပြန်ဖတ်ကြည့်သည်။
ထို့နောက် သူ့အစဉ်အလာအတိုင်း ဘုရားဝတ်ပြုပြီး ၁၂ နာရီ ကျော်လောက်တွင် အိပ်ယာဝင်ခဲ့သည်။
သန်းခေါင်ကျော်ချိန်လောက်တွင် သူ့အိမ်ဝင်းထဲ၌ လူသံကြားရသဖြင့် အိပ်ပျော်နေရာက နိုးလာသည့်အခါ သူ့အခန်းထဲ၌ စစ်ဗိုလ်တယောက်ကို ခြောက်လုံးပြူး ကိုင်လျက်ရှိသည်ကို ဦးနု တွေ့လိုက်ရသည်။
ဦးနု – “မင်းက ဘာလဲ”
စစ်ဗိုလ် – “ကျွန်တော်တို့ တပ်မတော်က အာဏာသိမ်းလိုက်ပြီ”
ဦးနု – “အဲဒီလိုဆိုတော့ ငါက ဘာလုပ်ရမှာလဲ”
စစ်ဗိုလ် – “ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ဦးနုလည်း ဘာမှ မပြောတော့ဘဲ သူ့အပေါ် အင်္ကျီကို ဝတ်လိုက်ပြီး ဆီးသွားရန် ရေချိုးခန်း တံခါးကို ဖွင့်လိုက်ရာ ..
စစ်ဗိုလ် – “ ဦး…. ဘာလုပ်မလို့လဲ”
ဦးနု – “ဆီးသွားမလို့ဟေ့” ဟု ခပ်ကျယ်ကျယ် ပြောလိုက်သည်။
စစ်ဗိုလ် – “ရေချိုးခန်းထဲ မဝင်ပါနဲ့ ၊ ကျွန်တော်နဲ့ လိုက်ခဲ့ပါ”
ဟု ပြောပြီး စစ်ဗိုလ်သည် ဦးနုအား ခေါ်ဆောင်သွားရာ ဆီးပင် မသွားလိုက်ရပေ။
အိမ်ဝသို့ ရောက်လာသောအခါ ကားမလာသေးသဖြင့် ခဏစောင့်ရသည်။
အနားရှိ စစ်သားတယောက်က “လောက်ကောင်မိပြီ” …. “လောက်ကောင် မိပြီ” …. ဆိုပြီး ဝေါ်ကီတော်ကီ စကားပြောစက်ဖြင့် သူ့ဌာနချုပ်သို့ လှမ်း၍ သတင်းပို့သံ ကြားသောအခါ အဓိပ္ပာယ်ကို ဦးနု နားမလည်ပေ။
နောက်မှ စကားဝှက်ဖြင့် သူ့ကို “လောက်ကောင်” ဟု ခေါ်မှန်း သူသိသွားသည်။
ဝန်ကြီးချုပ် ဘဝက အရှင်လတ်လတ် လောက်ကောင် ဘဝသို့ ရောက်သွားရသည့် လောကဓံတရားဟာ တယ်မှန်ပါကလား ဟု သူ့ဟာသူတွေးရင်း ပြုံးမိလေသည်။
ဦးနုကို စစ်သားများက မင်္ဂလာဒုံသို့ ခေါ်သွားကြ၏။ မနက် ၄ နာရီလောက်တွင် နှစ်ထပ်တိုက် ကလေးသို့ ရောက်သွားကြ၏။
သူ့ကိုဖမ်းတာ အောက်က စစ်ဗိုလ်ကလေးတွေ ဖမ်းတာပဲ ဖြစ်မှာပဲ။ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဦးနု အဖမ်းခံရတယ် ဆိုတာသိလျှင် ဦးနုထံသို့ ချက်ချင်း ရောက်လာမှာပဲ ဟု တွေးပြီး ဦးနု စိတ်သိပ်မပူပေ။ အိပ်ပျက်ပျက်နှင့် တရေးအိပ်လိုက်သည်။
မနက် ၈ နာရီလောက် ရှိတော့မှ တရေးနိုး၏။ မနက် ၁ဝ နာရီလောက်တွင် သူ့အဝတ်အစားတွေ ထည့်ထားသည့် သေတ္တာတစ်လုံး သူ့အခန်းထဲသို့ ရောက်လာ၏။
သေတ္တာကို ကြည့်ပြီး အိမ်က ဘာကြောင့် ပို့လိုက်တာလဲ။ မကြာခင် ဗိုလ်ချုပ် နေဝင်း သူ့ကို လာခေါ်မှာပဲ ဟု သူ့စိတ်ထဲက ပြောလိုက်ပြန်၏။
ထိုအချိန်အထိ ဗိုလ်ချုပ်နေဝင်းကို ဦးနု ယုံကြည်နေသေးသည်။
ညနေ ၅ နာရီလောက်ကျတော့ စစ်ဗိုလ်တယောက် လာခေါ်သည်။ သမ္မတကြီး ဦးဝင်းမောင် ရောက်နေကြောင်း ဦးနု သိရသည့်အခါ သူ့ကို ဖမ်းတာ ဗိုလ်ချုပ်နေဝင်း သိရှိသွားပြီး ဗိုလ်ချုပ်နေဝင်း ကိုယ်တိုင် မလာနိုင်၍ သမ္မတကြီးအား သူ့ကို ခေါ်ရအောင် လိုက်တာပဲဟု တွေးပြီး အောက်သို့ ဆင်းလိုက်သွားသည်။
သမ္မတ ဦးဝင်းမောင်က ……
“ဝန်ကြီးချုပ် …. မနက်က ဗိုလ်ချုပ်နေဝင်း အသံလွှင့်တာကို ကြားလိုက်ရလား” ဟု မေး၏။
ဦးနု က “မကြားမိပါဘူး၊ သမ္မတကြီး …. ဗိုလ်ချုပ်နေဝင်း ဘာတွေ လွှင့်သွားသလဲ”
သမ္မတ ဦးဝင်းမောင်က “သူလွှင့်တာကတော့ ခပ်တိုတိုပါပဲ၊ ပြည်တွင်းမှာ ပျက်စီးယိုယွင်းနေတဲ့ အခြေအနေကို ထိန်းသိမ်းရအောင် တပ်မတော်က အာဏာ သိမ်းလိုက်ရပါတယ်” လို့ လွှင့်သွားတယ်။
ထိုစကားကို ကြားလိုက်ရသောအခါ ဦးနုသည် ဤကမ္ဘာလောက၌ နေ နှင့် လ ကွယ်ပျောက် သွားခဲ့ရင်တောင် အံ့သြမိမည် မဟုတ်ဘဲ အံ့သြစွာဖြင့် ဦးနု ပါးစပ်က ……..
“သြော်… ဒီလိုကိုး”
ဟု လှစ်ကနဲ ထွက်သွားပြီး တမိနစ်ခန့် စကားမပြောနိုင်ဘဲ ကျောက်ရုပ်ပမာ တခုခုကို စဉ်းစားနေသည့် အနေမျိုးဖြင့် သူ့ရှေ့တည့်တည့် ကြမ်းပြင်ကို အဓိပ္ပာယ်မရှိ စိုက်ကြည့်နေမိပါတော့သည်” ဟူ၍ ရေးသားထားလေသည်။
၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ နံနက်တွင် တော်လှန်ရေးကောင်စီက ဖမ်းဆီးခဲ့သော ပုဂ္ဂိုလ်တို့မှာ
နိုင်ငံတော် သမ္မတ မန်းဝင်းမောင်၊
နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၊
ဝန်ကြီးများ ဖြစ်ကြသော သခင်တင်၊ ဒေါက်တာ ဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စဝ်ခွန်ချို၊ စဝ်ဝဏ္ဏ၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဌ မန်းဘဆိုင်၊ လူမျိုးစုလွှတ်တော်ဥက္ကဌ စဝ်ခွန်ကြည်၊ ညောင်ရွှေစော်ဘွား သမ္မတဟောင်း စဝ်ရွှေသိုက်၊ မိုးနဲစော်ဘွား စဝ်ပြည့်၊ လဲချားစော်ဘွား စဝ်နွံ၊ သာမိုင်းခမ်းစော်ဘွား စဝ်မန်လစ်၊ စဝ်ခွန်ထီး၊ စဝ်မန်ဖ (သိန္နီမြောက်ပိုင်းအမတ်)၊ စဝ်အောင်ဖူး (လွိုင်လင် အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင် တောင်ပိုင်းအမတ်)၊ ဦးရီရောင်း (ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန်နော် (ကျိုင်းတုံအနောက်ပိုင်း အမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းခမ်း အမတ်)၊ ဦးလွန်း (စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ််ခိုင်အမတ်)၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ ဦးသန်းတင်၊ ဦးတင်အောင်တို့ ဖြစ်ကြသည်။
၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ နံနက်တွင်အဖမ်း မခံရသော ပုဂ္ဂိုလ်နှစ််ဦးမှာ ငပလီသို့ ရောက်နေသော ဗိုလ်မှူးအောင် နှင့် သမ္မတအဖြစ် ရွေးချယ်ရန် လျာထားပြီး ဖြစ်သော ဆမားဒူးဝါ ဆင်ဝါးနောင် တို့ ဖြစ်ကြသည်။
ဆမားဒူဝါး ဆင်ဝါးနောင်မှာ မြစ်ကြီးနားခရိုင်အတွင်းရှိ ၎င်း၏ ဘိုးဘွားမိဘများ အစဉ်အဆက် နေထိုင်ခဲ့သော ဆမားရွာသို့ ရောက်ရှိနေသည်ဟု ဆိုသည်။
အဖမ်းခံရသူတို့တွင် ဒေါက်တာ စောလှထွန်းနှင့် ဦးဇာရဲလျန်တို့မှအပ ကရင်ပြည်နယ် ချင်းဝိသေသတိုင်းနှင့် ကချင်ပြည်နယ်တို့မှ အခြားပုဂ္ဂိုလ်များပါဝင်ခြင်း မရှိပေ။
မတ်လ ၂ ရက်နေ့ နံနက်က အဖမ်းခံရသူ ပုဂ္ဂိုလ်များစွာကို ပထမတွင် ဝင်ဒါမီယာအနီးရှိ အသံလွှင့်ရုံသို့ ပို့ထားခဲ့သည်။
စစ်တပ် တပ်ဖွဲ့ဝင်များသည် ဖမ်းဆီးလာခဲ့သူများကို အသံလွှင့်ရုံအတွင်းရှိ ယမန်နေ့ညက ဖက်ဒရယ်မူ ဆွေးနွေးပွဲ ကျင်းပခဲ့သော ခန်းမဆောင်ကြီးအတွင်းတွင် ထားရှိသည်။
နံနက် ၆ နာရီခန့်တွင်မူ ဖမ်းထားသော ပုဂ္ဂိုလ််များကို လော်ရီကားများပေါ်တင်၍ လက်နက်ကိုင် အစောင့်အကြပ်များ စီးနင်းသောကား လိုက်ပါလျက် မင်္ဂလာဒုံသို့ ပို့ခဲ့သည်။
ထိုနေ့နံနက်က ရာသီဥတုမှာ အုံ့မှိုင်း၍ မိုးတဖွဲဖွဲ ရွာလျက်ရှိသည်။ မင်္ဂလာဒုံသို့ သွားရာလမ်းတစ်လျှောက်တွင် တင့်ကားများနှင့် စစ်သားများ စောင့်ကြပ်လျက် ရှိသည်။
ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို မင်္ဂလာဒုံရှိ ရန်ကြီးအောင် တပ်မတော်ရုံရှင်ရုံတွင် စုရုံးထားသည်။
စစ်သားများသည် ဖမ်းဆီးလာသော ပုဂ္ဂိုလ်တို့ကို လက်ဖက်ရည် နံပြားတို့ဖြင့် ဧည့်ခံကျွေးမွေးသည် ဟူ၍ ကယားဦးစိန်ရေးသားခဲ့သော “အာဏာသိမ်း မှတ်တမ်း” (လက်ရေးမူ) ၌ ဖော်ပြထားသည်။
မကြာမီတွင်ပင် အဖမ်းခံရသူတို့အနက် မန်းဘဆိုင်၊ စဝ်ခွန်ကြည်၊ ဦးဘစော၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်နှင့် စဝ်မန်ဖတို့ကို ရန်ကုန်မြို့သို့ ပြန်ခေါ်၍ စစ်ရုံးချုပ် (ယခုနိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) အတွင်းရှိ ဒဂုံရိပ်သာတွင် ဗိုလ်ချုပ်ကြီး နေဝင်းက ခေတ္တတွေ့ဆုံကာ မှားယွင်းဖမ်းဆီးမိကြောင်း ပြောကြား၍ ပြန်လွှတ်ပေးခဲ့သည်။
မင်္ဂလာဒုံတွင် ဖမ်းဆီးထားသော ပုဂ္ဂိုလ်များအနက် သမ္မတမန်းဝင်းမောင်၊ နိုင်ငံတော် ဝန်ကြီးချုပ် ဦးနု၊ တရားဝန်ကြီးချုပ် ဦးမြင့်သိန်း၊ သခင်တင်၊ စဝ်ခွန်ချို၊ ဦးရာရှစ်နှင့် စဝ်ဝဏ္ဏတို့ကို သီးခြားစီခွဲ၍ အစောင့်အကြပ်ထူထပ်စွာ ချထားခဲ့သည်။
ကျန်ပုဂ္ဂိုလ်များကို နှစ်စုခွဲ၍ မင်္ဂလာဒုံ ရန်ကြီးအောင် ရုပ်ရှင်ရုံအနီးရှိ လေ့ကျင့်ရေးတပ် (၁၉၈၈ ခုနှစ်အထိ ဗဟိုနိုင်ငံရေးတက္ကသိုလ်အဖြစ် အသုံးပြုခဲ့သည့် အဆောက်အအုံဖြစ်ပြီး ယခုအခါ တပ်မတော်ဆေးရုံကြီး၏ တိုးချဲ့အဆောက်အအုံ) တွင် ထိန်းသိမ်းထားခဲ့သည်။
သို့သော် ပထစ အစိုးရအဖွဲ့ခေါင်းဆောင် ဝန်ကြီးချုပ် ဦးနု နှင့်တကွ ထိန်းသိမ်းထားသူများအား မင်္ဂလာဒုံတွင် ထားရှိရာ၌ အလောသုံးဆယ် စဉ်ဆောင်ရွက်ခဲ့ရသဖြင့် လုံခြုံရေးအတွက် အန္တရာယ်ရှိသည်ဟု တပ်မတော်အရာရှိဟောင်း စကြာကြည်ဆွေ ရေးသားခဲ့သော စာတမ်း (လက်နှိပ်စက်မူ) ၌ ဖော်ပြထားသည်။
အကြောင်းမှာ ဖမ်းဆီးခံရသော ပုဂ္ဂိုလ်အများစုသည် လွတ်လပ်ရေး ကြိုးပမ်းမှု အတွေ့အကြုံများ ရှိကြခြင်း၊ ကိုလိုနီများ၏ အချုပ်ထောင်မှ ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသူများ ရှိခဲ့ကြခြင်းများကြောင့် ဖြစ်သည်။
ထိုစဉ်က ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်ယူထားသော ဗိုလ်မှူး တင်ဦး (နောင် တပ်မတော်ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးချုပ် တင်ဦး) သည် လုံခြုံရေး သဘောတရားကို နားလည်ထားသောကြောင့် ဦးနှောက်ခြောက်စရာ ဖြစ်ခဲ့ရသည်။
ရန်ကုန် နယ်နိမိတ်အတွင်းရှိ သေနတ်ကိုင်တပ်ရင်း (၄) နှင့်တကွ အခြားသေနတ်ကိုင် တပ်ရင်းများက ရသမျှ အင်အားကို ရယူခြင်း၊ လက်နက်ကြီးများကစ၍ လက်နက်ခဲယမ်းမီးကျောက်များ ဖြည့်ဆည်းခြင်း၊ သံချပ်ကာတပ်မှ ဘရင်းကိရိယာကားများ တွဲဖက်ထားရှိခြင်း စသည်များကို ပြုလုပ်ခဲ့သည်။
တပ်တွင်း လုံခြုံရေးနှင့်တကွ တပ်ပြင်တစ်ဝိုက် လုံခြုံရေးအတွက်ပါ အထူးစီစဉ်ဆောင်ရွက်ခဲ့ကြသည်။ ထိန်းသိမ်းထားသူများအား အခြားနိုင်ငံတစ်ခုခုမှ စစ်သင်္ဘောဖြင့် ပင်လယ်ဝအထိ လာရောက်ပြီး ရုတ်တရက် ဟယ်လီဘွန်း စစ်ဆင်ရေးမျိုး ပြုလုပ်ပြီး ကယ်တင်ရန် ကြိုးစားမှုများ ရှိနိုင်သောကြောင့် အရေးပေါ် တန်ပြန်တိုက်ခိုက်မှုများကိုပါ စစ်ထောက်လှမ်းရေးရုံးမှ လေ့ကျင့် ပြင်ဆင်ထားခဲ့သည်။
လုံခြုံရေးကို အတွင်းစည်းလုံခြုံရေး၊ အပြင်စည်းလုံခြုံရေးအဖြစ် ခွဲခြားပြီး ဆောင်ရွက်စေခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် အတွင်းအပြင်အားလုံး၌ အင့်ကာဘာ ခေါ် ထောက်လှမ်းရေး စနစ်အရ ထောက်လှမ်းရေး အမှုထမ်းများ ပစ္စည်းကိရိယာများသုံးလျက် လည်းကောင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ တည်ငြိမ်ကင်းများ၊ လှုပ်ရှားကင်းများ အဖြစ် ထားရှိ၍လည်းကောင်း အသေးစိတ် ဆောင်ရွက်ခဲ့ပါသည်။
ဤသို့ လုံခြုံရေးစနစ်ကို တိကျစွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်၊ ဗိုလ်မှူးတင်ဦးသည် နောင်တွင် အထွတ်အထိပ် ရာထူးကြီးများ ရရှိကာ သမ္မတဦးနေဝင်း၏ စစ်ဘက်လက်ထောက်အဖြစ် ခန့်ထားခြင်း ခံရသည်ဟု ၎င်း၏ စာတမ်း၌ ဖော်ပြထားပါသည်။
(စာရေးဆရာ သန်းဝင်းလှိုင်)
Aung Ngwe Latt comments
ဦးနုက ဗိုလ်နေဝင်းရဲ့ လှည့်စားမှုတွေကို မသိခဲ့ဘူး။ ဗိုလ်နေဝင်း ကို အတော် ယုံခဲ့တာ။
ဗိုလ်နေဝင်း ရဲ့ သွေးထိုးစကားတွေ ကို ယုံကြည်ပြီး ဆင်းဟတ် စစ်တက္ကသိုလ်ဆင်း ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် စောကြာဒိုး ကို အရင် ဖြုတ်တယ်။
နောက်တော့ ဒယ်ရယ်ဒွန်း စစ်တက္ကသိုလ်ဆင်း အကောင်းဆုံး ဗိုလ်လောင်းဆု ရခဲ့တဲ့ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းကို မတိုင်ပင်ဘဲ ဗိုလ်မှူးကြီးနေဝင်း လုပ်ချင်တာတွေ လုပ်လို့ရအောင် ခွင့်ပြုခဲ့တယ်။
ဗိုလ်နေဝင်းက စစ်ဦးချုပ် ကို အသိမပေးပဲ KNDO တွေကို စစ်လား ဆေးလား လုပ်ပြီး ရန်စ သေနတ် ဖေါက်တယ်။
KNDO တွေက စစ်ဦးချုပ်ဆီ တိုင်ကြားတော့ ဒုတိယ ဗိုလ်ချုပ်ကြီး စမစ်ဒွန်းက ဝန်ကြီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး တာဝန် ယူထားတဲ့ ဦးနု ဆီ ဖုန်းဆက်ပြီး သူအမိန့်မပေးပဲ ဘယ်သူ့အမိန့်နဲ့ သေနတ်တွေ ဖေါက်တာလဲလို့ မေးတော့ ဦးနုက ဗိုလ်နေဝင်း နဲ့ ညှိနှိုင်း ဆောင်ရွက် ပေးမယ်လို့ ဖြေတယ်။
အားလုံးဟာ ကြိုတင် ကြံစီထားပြီး သူ့ကို ဖမ်းတော့မယ် ဆိုတာ စစ်ဦးစီးချုပ်က သိသွားတော့ ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်းသည် ကာချုပ် တာဝန်ကနေ နုတ်ထွက်သွားတယ်။
အင်းစိန် တိုက်ပွဲ မဖြစ် ဖြစ်အောင် ဖန်တီးသူသည် ဗိုလ်နေဝင်း ဖြစ်ပါတယ်။
အလုံ ခဝဲခြံ အင်းစိန် မြို့များသည် ကရင်ပြည်သူများ ရှေးယခင်ကတည်းက နေထိုင်နေတာ ဖြစ်ပြီး ဝန်ကြီးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ တောင်းဆိုမှုတွေအရ KNDO ပြည်သူ့စစ်များသည် ရန်ကုန်မှာ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်။
ဒါကိုပဲ ဗိုလ်နေဝင်းက KNDO တွေက ရန်ကုန်မြို့ကို စီးထားသယောင် အဖြစ်မှန်ကို ဖုံးကွယ်ပြီး သမိုင်းကို ညာရေးခိုင်းခဲ့တယ်။
ဒုတိယဗိုလ်ချုပ်ကြီး စမစ်ဒွန်း နဲ့ ဗိုလ်မှုးချုပ်စောကြာဒိုးက စစ်ပညာကို သေချာ သင်ယူ တတ်မြောက်ပြီး အတွေ့အကြုံ ရင့်ကျက်တဲ့ ဗိုလ်ချုပ်တွေ။ သူတို့သည် ဥပဒေကို သေချာ နားလည်သူများ ဖြစ်တယ်။
နောက်ဆုံးမှာတော့ ဦးနုသည် သူ ယုံစားလို့ ကာချုပ် အဖြစ် တင်မြောက်ထားတဲ့ ဗိုလ်နေဝင်းရဲ့ ဖမ်းဆီး အာဏာသိမ်းတာကို ခံလိုက်ရပါတယ်။
ဦးနုက ‘လူပေါ်လူဇော် လုပ်နည်း’ စာအုပ်ကို ရေးသား ထုတ်ဝေခဲ့သော်လည်း သူကိုယ်တိုင် က အကြံသမား ဗိုလ်နေဝင်း ရဲ့ လှည့်စားမှုကို အာဏာသိမ်းခံရတဲ့ အချိန်အထိ မသိတာကတော့ ရီရမလို ငိုရမလို ဖြစ်ရပါတယ်။
.