
ဝင်းဦးဘဝ
နှုတ်ခမ်းမွေးမင်းသား ဝင်းဦးရဲ့ အမြတ်နိုးဆုံးအနုပညာက ဘာလဲ
• ဘိုဘို
• ဘီဘီစီမြန်မာပိုင်း
၁၈ ဒီဇင်ဘာ ၂၀၁၈

ဓာတ်ပုံ ရင်းမြစ်,
မြန်မာရုပ်ရှင်ဇာတ်ကားအဟောင်း နှစ်သက်သူများ
စာရေးဆရာ ရုပ်ရှင်မင်းသားနဲ့ အဆိုတော် ဝင်းဦးကို မောင်တို့ချယ်ရီမြေ၊ မှုံရွှေရည်၊ တိမ်လွှာမို့မို့လွင် စတဲ့ဇာတ်ကားတွေ၊ မိန်းမလှအမုန်းနဲ့ တက္ကသိုလ်ကျောင်းသားတဦး စတဲ့ ဝတ္ထုတွေ၊ စန္ဒာမဂ္ဂဇင်းတို့အပြင် မန္တလေး သင်္ကြန်နဲ့ တွဲပြီး လူတွေက မှတ်မိကြပါတယ်။
သူကွယ်လွန်တာ အနှစ် ၃ဝ ပြည့်ခဲ့ပြီးတဲ့အထိ သူ့ကိုသတိအရကြဆုံးက သူ့ရဲ့ ထူးခြားတဲ့ အသံနဲ့ ကိုယ်ဟန်သွင်ပြင် ဖြစ်မှာပါ။
ဝင်းဦးဟာ သူ့ခေတ်ကိုကျော်ပြီး လူပရိသတ်စိတ်ဝင်စားခံရတဲ့ ရှားပါးအနုပညာရှင်တယောက် ဖြစ်ပါတယ်။ ရုပ်ရှင်နဲ့ဂီတနယ်မှာ သူ့လိုအောင်မြင်သူက စစ်မဖြစ်ခင်က ခင်မောင်ရင်နဲ့ မေရှင်၊ စစ်ပြီးနောက်မှာ ကြည်ကြည်ဌေး၊ ခင်သန်းနု၊ တွံတေးသိန်းတန်နဲ့ ကျော်ဟိန်း စတဲ့သူတွေလောက်ပဲ ရှိပါတယ်။
ကျန်တဲ့ အနုပညာကြယ်ပွင့်အများစုကိုတော့ ခေတ်ကုန်တာနဲ့ တပ်မက်သူ လူနည်းစုလောက်ပဲ သိကြ သတိရနေကြတာပါ။ ဝင်းဦးနဲ့ မေရှင်၊ တွံတေးသိန်းတန် စတဲ့သူတွေရဲ့ အနုပညာလက်ရာ သီချင်း၊ ရုပ်ရှင်တွေကတော့ ခေတ်အဆက်ဆက် ပရိသတ်အသစ်တွေလက်ထဲမှာ တင်ကျန်မြဲ ဖြစ်ပါတယ်။
အသံဖိုင် ပုံစာ,
ဒေါ်မေရှင်ကို ဘယ်သူတွေ ချစ်ခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်,
WIN KO KO
ဓာတ်ပုံ ပုံစာ,
ဝင်းဦးအဘိုးရေးတဲ့ ဆေးကျမ်း
ဝင်းဦးကို သူ့ဖခင် ချစ်ဒုက္ခဦးဘညွန့်နဲ့ တွဲသိကြပါတယ်။ ဦးဘညွန့်ရဲ့ချစ်ဒုက္ခ ဆိုပြီး သီချင်းတပုဒ်ထွက်အောင် ထင်ရှားခဲ့တဲ့ ဦးဘညွန့်ဟာ သီချင်းနှစ်ပုဒ်တည်းနဲ့ နာမည်ကျန်ရစ်သူ ဖြစ်သလို တက္ကသိုလ်ပါမောက္ခကြီးလည်း ဖြစ်ပါတယ်။
ရုပ်ရည်ချောမောတဲ့ ဦးဘညွန့်နဲ့ အဆိုတော် ဒေါ်သန်းဧတို့ နှစ်ယောက်ကို တက္ကသိုလ်သမဂ္ဂရန်ပုံငွေ ရုပ်ရှင်ရိုက်ဖို့ ဒဂုန်တာရာတို့ ကျောင်းသားဘဝက ကမ်းလှမ်းခဲ့ဖူးပါတယ်။ ဂီတနောက်ခံ ဒီဇာတ်ကားသာ ရိုက်ဖြစ်ခဲ့ရင် ဝင်းဦးထက်အရင် ဦးဘညွန့်က မင်းသားဖြစ်ခဲ့မှာပါ။
ဝင်းဦးရဲ့ မိခင် မင်နီဘခက်ရဲ့ဖခင်ကတော့ မြန်မာတိုင်းရင်းဆေးပညာအကြောင်း သုတေသနတွေ စစ်မဖြစ်ခင်ကတည်းက ဆောင်ရွက်သွားတဲ့ ဆရာဝန်ကြီး ကာနယ်ဘခက် ဖြစ်ပါတယ်။ ရုပ်ရည်အဆင်းနဲ့ ပြည့်စုံတဲ့ ကာနယ်ဘခက်ရဲ့ ဖခင်ကတော့ မြန်မာပြည်မှာ ပထမဆုံးဖွဲ့တဲ့ လက်ထောက်ဘုရင်ခံရဲ့ အတိုင်ပင်ခံကောင်စီဝင် မော်လမြိုင်က ဦးခက် ဖြစ်ပါတယ်။
တက္ကသိုလ် ပါမောက္ခ မိသားစုတွေထဲမှာ အနုပညာရှင်အဖြစ် လူသိများတဲ့ အဆိုတော် မင်းသမီး အေဝမ်းဒေါ်မေသန်းတို့ ပြီးရင် ဝင်းဦးတို့ ညီအစ်ကိုတွေနဲ့ သူတို့ဖခင် ဦးဘညွန့်တို့က အနုပညာလောကမှာ ထင်ရှားလာပါတယ်။

ဓာတ်ပုံ ပုံစာ,
ဝင်းဦးရဲ့ ရခိုင်နောက်ခံ အချစ်ဝတ္ထု
စာရေးဆရာ ဝင်းဦး
ဝင်းဦးဟာ အောင်မြင်တဲ့ အဆိုတော် မင်းသား ဒါရိုက်တာ ကုမ္ပဏီပိုင်ရှင်ထက် စာရေးဆရာ အယ်ဒီတာ ဘဝကို ပိုပြီး ဂုဏ်ယူတယ်လို့ သူ့တပည့် အဆိုတော် မင်းသမီးချိုပြုံးက ပြောပါတယ်။ ဒါကြောင့် သူဟာ မြန်မာပြည်မှာ ပထမဆုံး အသံထွက် စာအုပ်ပုံစံ လူထုဒေါ်အမာရဲ့ ရွှေရိုးဘကလေး စာအုပ်ထဲက ဝေလွင်လွင် ရုပ်ရှင်အကြောင်း စာဖတ်ပြီး တိပ်နဲ့သွင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။
စာရေးရင်လည်း အပန်းတကြီးအားထုတ်စရာ မလိုဘဲ အလုပ်များတဲ့ကြားက ဝတ္ထုတွေ သွက်သွက်လက်လက် ရေးနိုင်တဲ့သူလို့လည်း ချိုပြုံးက ဆိုပါတယ်။ စာရေးကောင်းတဲ့ အရည်အချင်းကြောင့် သူတင်ဆက်လိုတဲ့ အနုပညာကို ပရိသတ် လက်ခံအောင် တင်ပြတတ်တဲ့ အရည်အချင်းက ပိုထက်မြက်တာလည်း ဖြစ်နိုင်ပါတယ်။
ပြီးတော့ ဝင်းဦးဟာ စာရေးဆရာဘဝနဲ့ ရှုမဝမဂ္ဂဇင်းမှာ အရင်ထင်ရှားသူဖြစ်လို့ သူရုပ်ရှင်ရိုက်တဲ့အခါမှာ စာရေးဆရာဝင်းဦး အဖြစ် မိတ်ဆက်ခံခဲ့ရပါတယ်။
သူ့စာတွေမှာ တင့်တယ်လို အပျော်ဖတ် စာရေးဆရာကြီးတွေရဲ့ သြဇာထင်ဟပ်ပေမယ့် ဝင်းဦးဟာ သူ့လက်ရာအဖြစ် ပြောနိုင်တဲ့ စာတွေ ထားခဲ့နိုင်ပါတယ်။
Skip podcast promotion and continue reading

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပထမဆုံး ထင်ရှားခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတဦး မှာတော့ ရွှေပြည်အေးရဲ့ စစ်အတွင်းက ပြဇာတ်သီချင်း လွမ်းငွေ့ဝေဝေ ကို ပင်တိုင်ထားပြီး ထည့်သွင်းဖွဲ့နွဲ့ခဲ့သလို နောင်မှာ သူအဆိုတော် ဖြစ်လာတော့လည်း ဒီသီချင်းကို အောင်မြင်စွာ ပြန်လည် သီဆိုခဲ့ပါတယ်။ ဖဲစက်ရာ တွဲလျက်သာ နွှဲယှက်ကာရယ် ဟိုတုန်းခါက မောင်နဲ့မယ် အစချီတဲ့ ဒီသီချင်းဟာ ဝင်းဦး ပထမဆုံး စဆိုတယ်လို့ အထင်ခံရတဲ့အထိ လူသိများခဲ့ပါတယ်။ ဂျာမန် ဝေါ့ဇ်တေးသွားတပုဒ်ကို မှီးမှန်းလည်း လူမသိတော့ပါဘူး။
သူရေးတဲ့အထဲမှာ အထင်ရှားဆုံး ဖြစ်တဲ့ မိန်းမလှအမုန်း မှာတော့ အိပ်မက်ဆန်ဆန် အချစ်လူဝင်စား ဇာတ်လမ်းကို ဖတ်သူတွေ စွဲမက်အောင် ရေးဖွဲ့ခဲ့ပါတယ်။ ဝတ္ထုထဲက ထွန်းနိုင်နဲ့ မမမေဂျာ ဇာတ်ရုပ်နဲ့ ရခိုင်ခေတ်ဟောင်းက မဂိုလုလင်နဲ့ ဘုရင့်သမီးတော် ဇာတ်ကြောင်းဟာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ စိတ္တဗေဒနောက်ခံ ဝတ္ထုတွေ၊ ရွှေဥဒေါင်းရဲ့ ရူပနန္ဒီ ဇာတ်လမ်းတွေနဲ့ ဆင်ပေမယ့် ဝင်းဦးရဲ့ဝတ္ထုမူရယ်လို့ ပေါ်အောင် ရေးခဲ့တာပါ။
ဝင်းဦးဟာ သူကိုယ်တိုင် ခွန်အားဗလပြည့်စုံပြီး အမျိုးသမီးတွေကြိုက်တဲ့ ဇာတ်ဆောင်ဘဝကို ရခဲ့သလို သူ့ဇာတ်လိုက်တွေမှာလည်း ယောက်ျားပီသတဲ့ မြာစွံမောင်တွေ ဖြစ်တာတွေ့ရပါတယ်။ ဒါကြောင့် အသည်းစား မဟာရာဇာ၏ရှင်းတမ်း လို ဝတ္ထုမျိုးကိုလည်း သူရေးခဲ့ပါတယ်။
ဝင်းဦးဟာ စာကိုလည်း အစုံဖတ်တယ်၊ နာမည်ကြီးတွေရဲ့စာကိုသာမက လူမသိတဲ့စာရေးဆရာတွေရဲ့ လက်ရာတွေကိုလည်း ဖတ်တဲ့သူလို့ ချိုပြုံးက အမှတ်တရ ပြောခဲ့ပါတယ်။
သူ့ရဲ့ စန္ဒာမဂ္ဂဇင်းမှာလည်း စာလေးစာပေါ့စုံလင်အောင် ထည့်သလို တင့်တယ်လို အယ်ဒီတာလက်ဟောင်းကြီးတွေကို မဏ္ဍိုင်ပြုပြီး ရသစာပေကို အားပြုထည့်သွင်းခဲ့ပါတယ်။ ခေတ်ပြိုင်မဂ္ဂဇင်းတချို့မှာ နိုင်ငံရေးဆန်တဲ့စာတွေ များပေမယ့် ဝင်းဦးရဲ့ စန္ဒာမှာတော့ စာပေအနုပညာသက်သက်ဖြစ်အောင် လူလည်းကြိုက်အောင် အားထုတ်ခဲ့ပါတယ်။
လက်ဝဲစာပေနဲ့ ရုပ်ဝါဒ ခေတ်စားတဲ့ခေတ်မှာ ဝင်းဦးရဲ့ စိတ္တဗေဒနောက်ခံ အချစ်ဝတ္ထုတွေ၊ အလွမ်းဇာတ်လမ်းတွေကလည်း ပရိသတ်ကြီးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်,
LATT MG CHO
ဓာတ်ပုံ ပုံစာ,

အကယ်ဒမီဆုရ လျှို့ဝှက်သည်းဖိုဇာတ်ကား
မြန်မာပရက်စလေ
ဝင်းဦးဟာ နှစ်ယောက်ထဲနေချင်တယ် နဲ့ မောင်တို့ချယ်ရီမြေ ဇာတ်ကားတွေမှာ တဟုန်ထိုး နာမည်တက်လာပြီး ပရက်စလေ၊ ပတ်ဘွန်းစတဲ့ အမေရိကန် အဆိုတော်မင်းသားတွေရဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ သီချင်းတွေကို မြန်မာပြန် ရိုက်ကူးသီဆိုရာမှာ ထင်ရှားခဲ့ပါတယ်။
အိုမောင်နော်ဇာရွှေကုံး ဂမုန်းခိုင်ရေ အစချီတဲ့ မောင်တို့ချယ်ရီမြေ သီချင်းမှာ ဟင်းဟင်ဟင်းဟင် စတဲ့ နှုတ်ခမ်းသံတွေ ထည့်စပ်တာကစပြီး မေခင်ကျွန်တော့်အချစ်တော် ၊ မီးပုံပွဲ ၊ ပိတောက်ရိပ်ဝယ် စတဲ့ သူ့တေး တော်တော်များများမှာ အာမေဋိတ်သံတွေ အများအပြား ထည့်သွင်းခဲ့လို့ မိတ္တူတေးလောကမှာ တခေတ်ထူခဲ့သူလို့ စန္ဒရားလှထွတ်စတဲ့ ဂီတသမိုင်းပြုသူတွေက မှတ်ချက်ချခဲ့ပါတယ်။
ခေတ်ပြိုင်လူငယ် ပရိသတ်တွေအကြားမှာ ဗလတောင့်တင်းပြီး အနောက်တိုင်းဆန်ဆန်တေးတွေ ဆိုတတ်သူ၊ နှုတ်ခမ်းမွေးစစနဲ့ ပွင့်လင်းတဲ့အပြုံးပိုင်ရှင် သရုပ်ဆောင်ဟာ သူ့ထက်စောတဲ့ လူကြီးဆန်ဆန် မင်းသားတွေ၊ ခန္ဓာကိုယ် သေးကွေးတဲ့ မြန်မာသရုပ်ဆောင် အများစုနဲ့မတူဘဲ ကွဲထွက်နေပါတယ်။
ဒါကြောင့် အမျိုးသမီးပရိသတ်အများစုရဲ့ နှစ်ခြိုက်အားပေးမှု ခံရသလို လူငယ်အမျိုးသားတွေ အားကျအတုယူတာတွေလည်း ရှိခဲ့ပါတယ်။
ဝင်းဦးဟာ အနုပညာကို ငွေရှာဖို့ထက် ဝါသနာကြောင့် အရင်းတည်ပြီး ရှင်သန်ပုံရပါတယ်။ ဒါကြောင့်လည်း အင်းယားကန်နားမှာ တိုက်နဲ့နေပြီး ပြိုင်ကားမောင်းနိုင်တဲ့ ခေတ်မှာရော ဘားလမ်းက တိုက်ခန်းလေးမှာနေတဲ့ ခေတ်မှာရော သူ့အတွက် အနုပညာအသစ်တွေ ပိုကောင်းအောင် ဖန်တီးဖို့ပဲ အာရုံစိုက်ခဲ့တာ တွေ့ရပါတယ်။
နောက်ပြီး သူ့မှာ ကြည်လင်တဲ့ ဥပဓိမျက်နှာနဲ့ ကလေးဆန်တဲ့အပြုံးကြောင့် လူတွေက မမေ့နိုင် စွဲလမ်းရတယ်လို့လည်း မင်းသမီး ချိုပြုံးက ဆိုပါတယ်။

ဓာတ်ပုံ ပုံစာ,
အပြုံးကြောင့် လူတွေက မမေ့နိုင်
ဝင်းဦးကို ဝင်းဦးဖြစ်စေတဲ့ အဓိကတချက်က သရုပ်ဆောင်ရာမှာ ပီပြင်အောင် ကြိုးစားမှုအပြင် ဝင်းဦးအသံလို့ ပြောစရာကျန်ခဲ့တဲ့ သင်္ကေတအသံဖြစ်ပါတယ်။
ကရုဏာနဲ့ သံလိုက်လို ဆွဲငင်နိုင်တဲ့ အသံကို ဟန်လုပ်ပြောတယ်လို့ ထင်ကြပေမယ့် သူ့ရဲ့ဟန်က သူ့အတွက်သာ လိုက်ဖက်ပြီး သူ့ကိုလိုက်တုရင်တော့ မတူဘဲ ရယ်စရာ အသံမျိုး ဖြစ်သွားတတ်ပါတယ်။
သူရိုက်တဲ့ ကားတွေထဲမှာ မင်းသမီးမပါဘဲ ကလေးသရုပ်ဆောင်နဲ့သာ ရိုက်တဲ့ အတွယ်အတာ ကို သူတော်တော် သဘောကျတယ်လို့လည်း ချိုပြုံးက ပြောပါတယ်။ ဒီကားဟာ တကယ်က လူထုဦးလှရဲ့ ဝတ္ထု ချစ်သဲ ကို သူရိုက်ခွင့်မသာ ဖြစ်လို့ သူ့ဇာတ်လမ်းသူရှာပြီး လူဆိုးကို ဇာတ်ကောင်လုပ် ရိုက်ခဲ့တာပါ။ မူလကျောရိုးက အမေရိကန်ကားလို့လည်း ဆိုပါတယ်။
နောက် သူအားထုတ်ပြီး ရိုက်ခဲ့တဲ့ မှုံရွှေရည် ကိုလည်း ဝင်းဦး အမြတ်တနိုး ထားပါတယ်။
ချစ်သူရွေးမယ်ချစ်ဝဲလယ် လို ကားမျိုးကိုလည်း နည်းပညာအားနည်းတဲ့ခေတ်မှာ ရှစ်ကိုယ်ခွဲ ရအောင်ရိုက်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်,
http://MONK.RADFORD.EDU/CDM/LANDINGPAGE/COLLECTION
ဓာတ်ပုံ ပုံစာ,
ဝင်းဦးရဲ့အအောင်မြင်ဆုံး တေးတပုဒ်
နောက်ပြီး ဆောင်းအိပ်မက် မှာ မပြီးသေးသောပန်းချီကား သီချင်းဆိုတဲ့ အခန်းနဲ့ တိမ်လွှာမို့မို့လွင် ဇာတ်ကားထဲက ကမ်းခြေမှာ သီချင်း သရုပ်ဖော်ခန်း တွေကလည်း မြန်မာပရိသတ်ရင်ထဲမှာ တင်ကျန်တဲ့ ဇာတ်ကွက်တွေ ဖြစ်ပါတယ်။
တကျော့နှစ်ကျော့တေးကိုသီ ဇာတ်ကားမှာတော့ မြန်မာဂီတဇာတ်ကားကောင်းအဖြစ် တင်ကျန်အောင် သူအားထုတ်ခဲ့ပါတယ်။
အစမှာ မိတ္တူတေးတွေ ဆိုခဲ့ပေမယ့် နောက်ပိုင်းမှာ မြို့မငြိမ်းတေးတွေ သူပြန်လည် ဆန်းသစ်ခဲ့ပါတယ်။ ခေတ်ဟောင်းတေးတွေနဲ့ သီချင်းကြီးတွေကိုလည်း လူငယ်တွေကြား သူပြန်ပို့ပေးခဲ့ပါတယ်။
နောက် မန္တလေးသင်္ကြန်မှာ ဆယ်နှစ်ကျော် သွားရောက်ဖျော်ဖြေခဲ့လို့ ဝင်းဦးနဲ့မန်းသင်္ကြန်ဆိုပြီး ယဉ်ကျေးမှုပြကွက်တခုလို ကျန်ရစ်ခဲ့ပါတယ်။
ဝင်းဦးဟာ ၁၉၆ဝ ကျော်မှာ အနောက်ဆန်ဆန် လူငယ်သရုပ်ဆောင်အဖြစ် စင်ပေါ်တက်လာခဲ့ပြီး ၁၉၇ဝ ကျော် စတီရီယိုတေးနဲ့ ဟစ်ပီယဉ်ကျေးမှု ခေတ်စားလာချိန်မှာတော့ ရိုးရာကို ပြန်ဖော်ထုတ်ပြီး လူကြိုက်များခဲ့ပြန်ပါတယ်။

ဓာတ်ပုံ ပုံစာ,
ဝင်းဦးနဲ့ မန်းသင်္ကြန်
ဝင်းဦးကို လူတွေ စိတ်ဝင်စားကြတဲ့အထဲမှာ တခြားအနုပညာကြယ်ပွင့်တွေလိုပဲ သူ့ရဲ့ကိုယ်ရေးဘဝကိုလည်း စူးစမ်းချင်တတ်ကြပါတယ်။
သူနဲ့ အကယ်ဒမီမင်းသမီးတလက်ရဲ့ မညားခဲ့တဲ့ အချစ်ဇာတ်လမ်းကလည်း ပြောကြဆဲ ဖြစ်ပြီး ဒီအကြောင်းတွေကို ဝင်းဦးက အမှတ်တရ ပြန်ပြောင်း ပြောတတ်တယ်လို့ ချိုပြုံးက ဆိုပါတယ်။
သူ့အကြောင်း စာဖွဲ့ခဲ့သူတွေထဲမှာ သူနဲ့ခရီးတွေ အတူသွားတတ်တဲ့ စာရေးဆရာမောင်နေဝင်းကတော့ သူ့အကြောင်း စာတအုပ်ရေးခဲ့ပါတယ်။ နာမည်ကြီး မင်းသားဖြစ်ပေမယ့် စာရေးဆရာတွေနဲ့ ရင်းရင်းနှီးနှီးနေထိုင်ပြီး ဟန်ပန်မလုပ် တတ်သူအဖြစ် သူ့ကို သရုပ်ဖော်ခဲ့ကြပါတယ်။
နောက် ဆင်းရဲနွမ်းပါးတဲ့ အနုပညာရှင်ကြီးတွေကိုလည်း ထောက်ပံ့ကူညီတတ်သူလို့ သူ့ကို သိကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်,
MYINT ZAW
ဓာတ်ပုံ ပုံစာ,
သူ့သီချင်းနဲ့ ရုပ်ရှင်တွေကို ခံစားမက်မောနေကြဦးမယ်
ချယ်ရီလိုလူ
ဝင်းဦးဟာ အသက် ၅ဝ ကျော်နဲ့ ဘဝအဆုံးသတ်သွားခဲ့ပေမယ့် သေခြင်းတရားကို သူလက်ခံသွားခဲ့ပုံရတယ်လို့ သူ့တပည့်ရင်း ချိုပြုံးက ပြောပါတယ်။
နောက်ပြီး သူဟာ အသက်ကြီးရင့်တဲ့အထိ ဘဝကိုနေချင်ပုံမရဘူးလို့ ခံစားမိတယ်လို့လည်း ဆိုပါတယ်။
အပွင့်တွေဝေနေချိန်မှာ ကြွေချင်တဲ့ ချယ်ရီလို စိတ်မျိုး၊ နာမည်ကြီးနေတုန်းမှာ ဘဝကို ရပ်ခဲ့ဖို့စိတ်မျိုး ဝင်းဦးမှာ ရှိသလားလည်း မပြောနိုင်ပါ။
နောင်လာမယ့် မျိုးဆက်တွေလက်ထက်မှာလည်း သူ့သီချင်းနဲ့ ရုပ်ရှင်တွေကို ခံစားမက်မောနေကြဦးမယ်လို့ ချိုပြုံးက ပြောပါတယ်။

ဓာတ်ပုံ ပုံစာ,
ရုပ်ရှင်တခေတ်ထူထောင်ခဲ့သူ
•
ဝင်းဦး
ဝီကီပီးဒီးယား မှ
မာတိကာ
• အစပိုင်း
• ငယ်ဘဝ
• ပညာရေး
• စစ်မှုထမ်းဘဝ
• အနုပညာလုပ်ငန်း
Toggle အနုပညာလုပ်ငန်း subsection
• အမျိုးသားဇာတ်ဆောင်ဆု
• စာပေလုပ်ငန်း
• ဘဝနိဂုံး
• ရေးသား ပြုစုခဲ့သော စာအုပ်များ
• သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ
• အကိုးအကား
ဝင်းဦး

မွေးဖွား
လှမြင့်
၁၃ မတ်၊ ၁၉၃၅
ကွယ်လွန်
၁၄ ဒီဇင်ဘာ၊ ၁၉၈၈ (အသက် ၅၃)
ထာဝရ နားခိုရာနေရာ
နိုင်ငံလူမျိုး
မြန်မာ
ပညာရေး
တီတီစီလေ့ကျင့်ရေးကျောင်း၊ ရန်ကုန်တက္ကသိုလ်၊ ဗိုလ်သင်တန်းအပတ်စဉ်(၈)
ကျော်ကြားမှုအရင်းခံ
ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေးဆရာ၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူပိုင်ရှင်
ထင်ရှားသည့်
လုပ်ဆောင်မှု
• နှစ်ယောက်ထဲ နေချင်တယ် ၁၉၆၂
• မောင်တို့ချယ်ရီမြေ ၁၉၆၃
• တိမ်လွှာမို့မိုလွင် ၁၉၆၇
• မင်း ဘယ်ပြေးမလဲ မိချိုသဲ
• ဆောင်းအိပ်မက် ၁၉၆၇
• သိုး၊ ကျောက်မဲအကျဉ်းသား
• ခိုင်မာလာနှင်းဆီ
ဝင်းဦး (၁၉၃၅-၁၉၈၈) သည် မြန်မာ့အနုပညာသမိုင်းတွင် ထူးချွန်သော မင်းသား၊ ဒါရိုက်တာ၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်၊ ဇာတ်ညွှန်းရေးဆရာ၊ စာရေးဆရာ၊ မဂ္ဂဇင်းထုတ်ဝေသူ၊ ပုံနှိပ်တိုက်ပိုင်ရှင်၊ အဆိုတော် နှင့် ဓာတ်ပြားတိုက်ပိုင်ရှင် ဖြစ်သည်။
ငယ်ဘဝ
ဝင်းဦးကို သမိုင်းအငြိမ်းစားပါမောက္ခ ဦးဘညွန့် (ခေတ်ဟောင်းတေးဂီတသမိုင်းတွင်ထင်ရှားသည့် ချစ်ဒုက္ခသီချင်းသီဆိုသူ) နှင့် ဒေါ်နှင်းရီ (မင်နီဘခက်)တို့က ရန်ကုန်မြို့တွင် မွေးဖွားခဲ့သည်။ ဝင်းဦး၏ အမည်ရင်းမှာ လှမြင့်ဖြစ်ပြီး ငယ်နာမည်မှာ ဘိုနီဖြစ်သည်။ မွေးချင်းငါးဦးအနက် တတိယမြောက်ဖြစ်သည်။ မွေးချင်းအားလုံးမှာ အနုပညာရှင်များဖြစ် အစဉ်လိုက် ဒေါ်တင်တင်ဦး (စာရေးဆရာမမေယု)၊ ကိုကျော်ဝင်း (မင်းသား ဝင်းညွန့်)၊ ကိုအုန်းကြိုင် (မင်းသား အောင်မိုး)၊ တက္ကသိုလ် ကြည်ရွှင်တို့ ဖြစ်ကြသည်။ ဝင်းဦးဟု နာမည်ပေးထားခြင်းမှာ အစ်မဖြစ်သူ တင်တင်ဦး နှင့် အစ်ကိုဝင်းညွန့် နာမည် ရှေ့ဆုံးနှင့် နောက်ဆုံးစာလုံးကိုယူ၍ ပေးထားခြင်း ဖြစ်သည်။
ဦးဘညွန့်သည်ချစ်ဒုက္ခနှင့်ဆူထူးရွယ်သီချင်းနှစ်ပုဒ်ဖြင့် ဓာတ်ပြားရအဆိုတော်အဖြစ် နာမည်ကျန်ရစ်သူ ဖြစ်ကာ တက္ကသိုလ်ပါမောက္ခတစ်ဦးလည်း ဖြစ်သည်။ မိခင် မင်နီဘခက်၏ ဖခင်သည် မြန်မာတိုင်းရင်းဆေးပညာအကြောင်း သုတေသနများ ဆောင်ရွက်ခဲ့သော ဆရာဝန် ကာနယ်ဘခက် ဖြစ်၍ ကာနယ်ဘခက်ရဲ့ ဖခင်ဖြစ်သူမှာ မြန်မာပြည်၌ ပထမဆုံးဖွဲ့ခဲ့သည့် လက်ထောက်ဘုရင်ခံ၏ အတိုင်ပင်ခံကောင်စီဝင် မော်လမြိုင်မြို့မှ ဦးခက် ဖြစ်သည်။[၁]
ပညာရေး
ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာကို စတင်သင်ယူခဲ့သည်။ တီတီစီကျောင်းမှာပင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်တွင် ဆက်လက် ပညာသင်ကြားရာ ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင် မသင်ဘဲ ဗိုလ်သင်တန်းအပတ်စဉ်(၈)ကို တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၂ ခုနှစ်တွင် ဗိုလ်ကိုဦး အမည်ဖြင့် တပ်မတော် (ကြည်း) ၌ တာဝန်ထမ်းဆောင်ခဲ့သည်။
စစ်မှုထမ်းဘဝ
ဝင်းဦးသည် တပ်မဟာ(၅)နှင့် တပ်ရင်း(၇)တို့)တွင် အမှုထမ်းခဲ့သည်။ ယင်းကဲ့သို့ အမှုထမ်းနေစဉ်အတွင်း မှော်ဘီမြို့ရှိ ကြည်း၊ ရေ၊ လေ၊ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ပြီး ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သွားရောက် သင်ကြားခဲ့သည်။ ပြန်လည်ရောက်ရှိလာသောအခါ မှော်ဘီလေထီးသင်တန်းကျောင်းတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၁၉၆၂ ခုနှစ်တွင် တပ်မတော်မှ ဗိုလ်ကြီးအဆင့်ဖြင့် အနားယူခဲ့သည်။[၂]
အနုပညာလုပ်ငန်း
ဝင်းဦးသည် စာပေလောကတွင် အောင်မြင်ခဲ့သလို ရုပ်ရှင်လောကတွင်လည်း လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့သည့် အနုပညာသမားတစ်ဦးဖြစ်သည်။ ဝင်းဦးသည် မင်းထင်ရွှေမှန် ရာဇဝင်ဇာတ်ကား ဇာတ်ညွှန်းရေးသားရာမှ အစပြုကာ စာပေလောကမှ ရုပ်ရှင်လောကသို့ နယ်ပယ်ချဲ့ထွင်လာခဲ့သည်။ ဝင်းဦး၏ ပွဲဦးထွက်ဇာတ်ကားမှာ ရှုမဝ မဂ္ဂဇင်းတွင် သူကိုယ်တိုင်ရေးသားထားသည့် နှစ်ယောက်ထဲနေချင်တယ် ဝတ္ထုရှည်ကို မင်းသမီး တင်တင်မူနှင့်အတူ ဇာတ်ကား အဖြစ် ပုံဖော်ခဲ့သည်။ ထိုဇာတ်ကားနှင့်အတူ ယင်းဇာတ်ကား၏ဇာတ်ဝင်တေးဖြစ်သည့် မီးပုံပွဲ သီချင်းသည် ထိုအချိန်က ဝင်းဦးဟူသော သရုပ်ဆောင်သစ်၏ နာမည်နှင့်အတူ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ပရိသတ်များ၏ ရင်ထဲသို့ လွှမ်းမိုးနိုင်ခဲ့သည်။ သို့သော် ထိုဇာတ်ကားသည် ဝင်းဦး၏ ပထမဆုံး ရုံတင်ခဲ့သောဇာတ်ကားမဟုတ်ပေ။ ပထမဆုံးရုပ်ရှင်ဖြစ်သည့် “နှစ်ယောက်ထဲ နေချင်တယ်” ဇာတ်ကား ရိုက်ကူးနေစဉ်မှာပင် မြဇော်ရုပ်ရှင် ထုတ်လုပ်ရေးက ဒါရိုက်တာ မင်းရှင်နောင်အား တာဝန်ပေးပီး ” ချစ်သောသူ တယောက်” ဇာတ်ကားကို ရိုက်ကူးစေခဲ့သည်။ ” ချစ်သောသူ တယောက်” ဇာတ်ကားသည် ” နှစ်ယောက်ထဲနေချင်တယ်” ဇာတ်ကားထက် စောစီးစွာ ရုံတင်ခဲ့သော်လည်း အောင်မြင်မှု မရခဲ့ပေ။
ထို့အပြင် ဝင်းဦးသည် အခြားသောရုပ်ရှင်ကုမ္ပဏီများအတွက် ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင် ပေးခဲ့ရုံသာမက “စန္ဒာ” ကိုယ်ပိုင်ရုပ်ရှင်ကုမ္ပဏီကိုလည်း တည်ထောင်ခဲ့သည်။ ဝင်းဦးကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ပါဝင်သရုပ်ဆောင်ခဲ့သော ဆောင်းအိပ်မက် ဇာတ်ကားတွင် နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုဖြင့် ၁၉၆၇ခုနှစ်တွင် ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့သည်။ ထို့နောက် ၁၉၇၀ ပြည့်နှစ်တွင် အလားတူပင် ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့သည့် နာမည်ကျော် မှုံရွှေရည် ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီဆု ထပ်မံရရှိခဲ့ပြန်သည်။ ဝင်းဦး၏ အနုပညာ သက်တမ်းတလျှောက်တွင် အမျိုးသားဇာတ်ဆောင်ဆု နှစ်ကြိမ်၊ ဇာတ်ကားဆု နှစ်ကြိမ် ရရှိဆွတ်ခူးနိုင်ခဲ့သည်။ ဝင်းဦးရိုက်ကူးခဲ့သည့် ချစ်သူရွေးမယ်ချစ်ဝဲလယ် ဇာတ်ကားသည် မြန်မာ့ရုပ်ရှင်လောက၏ပထမဆုံးသော ရှစ်ကိုယ်ခွဲ ဇာတ်ကား ဖြစ်သည်။[၁]
ဝင်းဦးပါဝင်သရုပ်ဆောင်ခဲ့သည့် နာမည်ကြီးဇာတ်ကားအချို့မှာ မင်းသမီး တင်တင်မူနှင့် နှစ်ယောက်ထဲ နေချင်တယ်၊ ခင်သန်းနုနှင့် မှုံရွှေရည်၊ မောင်တို့ချယ်ရီမြေနှင့် ကျောက်မဲအကျဉ်းသား မြင့်မြင့်ခင်နှင့် တိမ်လွှာမို့မိုလွင်၊ စန္ဒာနှင့် မင်း ဘယ်ပြေးမလဲ မိချိုသဲ၊ တင်တင်အေး၊ အေးအေးသင်းတို့နှင့် ဆောင်းအိပ်မက်၊ ချစ်စပယ်နှင့် မောင့်အချစ်တော်၊ ကောလိပ်ဂျင်နေဝင်း၊ ခင်သန်းနုတို့နှင့် သိုး၊ မင်းသမီးချိုပြုံး၊ တင်တင်မြ တို့နှင့် တကျော့နှစ်ကျော့ တေးကိုသီ၊ မင်းသမီးမပါပဲရိုက်ကူးခဲ့သည့် အတွယ်အတာ နှင့် နောက်ဆုံးရိုက်ကူးခဲ့သည့် ခိုင်မာလာနှင်းဆီ ဇာတ်ကားတို့မှာ အထူးထင်ရှားခဲ့သည်။ [၃][၂]
အမျိုးသားဇာတ်ဆောင်ဆု
အကယ်ဒမီ (အမျိုးသားဇာတ်ဆောင်ဆု) နှစ်ကြိမ် ဆွတ်ခူးရရှိခဲ့သည်။
• ၁၉၆၇-ခုနှစ် (ဆောင်းအိပ်မက်)ဇာတ်ကား
• ၁၉၇၀-ခုနှစ် (မှုံရွှေရည်)ဇာတ်ကား
၎င်းအပြင် ဝင်းဦး၏ အဆိုတော်ဘဝကို အစပြုခဲ့သည့် သီချင်းမှာ “တေလေငှက်”ဖြစ်ပြီး ယင်းသီချင်းကို “ချစ်သောသူတစ်ယောက်”ဇာတ်ကားတွင် ကိုယ်တိုင်သီဆိုသရုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဝင်းဦးသည် အချစ်၊ အလွမ်း၊ တိုင်းပြု ပြည်ပြု သီချင်းများနှင့် ခေတ်ပေါ်သီချင်းများ သာမက ရှေးသီချင်းကြီးများကိုပါ ပိုင်နိုင်စွာသီဆိုနိုင်သူ တစ်ဦးဖြစ်ပြီး တစ်ချိန်က မန္တလေးမြို့မအပျော်တမ်းတူရိယာအဖွဲ့နှင့်တွဲဖက်၍လည်း သီချင်းများ သီဆိုခဲ့သည်။ ၎င်းအပြင် “ကင်းဝန်” အမည်ရှိဓာတ်ပြားကုမ္ပဏီ တည်ထောင်ကာ ကိုယ်တိုင်သီဆိုသည့် သီချင်းများကို ဓာတ်ပြားများအဖြစ် ထုတ်လုပ်ဖြန့်ဖြူးခဲ့သေးသည်။
စာပေလုပ်ငန်း
ဝင်းဦးသည် ကျောင်းသား ဘဝကပင် သွေးသောက် မဂ္ဂဇင်းနှင့် ရှုမဝမဂ္ဂဇင်း တို့တွင် ညိုမင်းလွင် ကလောင် အမည်ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံး ရေးသားခဲ့သော ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆ဝ ပြည့်နှစ် ရှုမဝမဂ္ဂဇင်း၌ တက္ကသိုလ် ကျောင်းသားတစ်ဦး မဂ္ဂဇင်း ဝတ္ထုရှည်ကြီးကို ရေးသားခဲ့သည်။ ဤမဂ္ဂဇင်း ဝတ္ထုရှည်ကို ဝင်းဦး ကလောင်အမည်ဖြင့် ရေးသားခဲ့ခြင်း ဖြစ်သည်။ ဝင်းဦး ဆိုသော အမည်သည် ယင်း ဝတ္ထုရှည်ကြီးကြောင့် နာမည်ကျော်ကြား လူသိများခဲ့သည် မှန်သော်လည်း တစ်နိုင်ငံလုံးက ဝင်းဦးကို အသိအမှတ် ပြုခဲ့သည်မှာ ရုပ်ရှင်ကြောင့်ပင် ဖြစ်သည်။
ထို့အပြင် စန္ဒာမဂ္ဂဇင်းတိုက်ကို တည်ထောင်ပြီး မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးသော ရောင်စုံအော့ဖ်ဆက် နည်းဖြင့် ထုတ်လုပ်သည့် ပထမဆုံးသော “စန္ဒာ”ပုဂ္ဂလိက ရောင်စုံမဂ္ဂဇင်းကို ထုတ်ဝေခဲ့သည်။[၄] ထိုမဂ္ဂဇင်းတွင် ဝင်းဦးသည် ခင်မောင်ဝင့်အမည်ဖြင့် ကမ္ဘာ့ရုပ်ရှင်လောကနှင့် မြန်မာ့ရုပ်ရှင်လောကအကြောင်းများကို သုတရသ ပြောင်မြောက်စွာ ရေးသားခဲ့သည်။ ယင်းမဂ္ဂဇင်းတွင် ကလေးများအတွက် ဦးဦးပုံပြောမယ်၊ အမျိုးသမီးများအတွက် မရှပ်တေး ဟူသော အခန်းကဏ္ဍများကြောင့် ပရိသတ်များ၏အထူး အားပေးမှုကိုရရှိကာ ထိုအချိန်က စောင်ရေအများဆုံးသော မဂ္ဂဇင်း တစ်စောင်ဖြစ်ခဲ့သည်။ စာမူ အရေအတွက် များများ ဖော်ပြနိုင်ရန်အတွက် စန္ဒာမဂ္ဂဇင်းတွင် စာလုံးသေး (၁၂) ပွိုင့်ကို စတင် အသုံးပြုခဲ့သည်။ ဝင်းဦး၏ ကလောင်အမည်ခွဲများမှာ ညိုမင်းလွင်၊ ခင်မောင်ဝင့်၊ မိုးကျော်ခေါင် နှင့် ကိုဦးတို့ ဖြစ်သည်။
ဘဝနိဂုံး
ထို့နောက် ဝင်းဦးသည် ၁၉၈၈ခုနှစ် ဧပြီလတွင် အူမကြီးကင်ဆာကြောင့် ဗြိတိန်သို့ ဆေးသွားကုပြီး ပြန်လာသည်။ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ခိုင်မာလာနှင်းဆီ ဇာတ်ကားရိုက်ကူးဆဲတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ပြီးသောအခါ ဝင်းဦး၏ အမွေများအား ဒေါ်အိုင်ရင်းတင်လှက ဆက်ခံရသည်။ ပေခြောက်ထောင်ကျော် ရိုက်ကူးထားကာ အပြီးမသတ် ရသေးသော ခိုင်မာလာနှင်းဆီ ဇာတ်ကားကို ဒေါ်အိုင်ရင်းတင်လှက ရုပ်ရှင်မင်းသားရန်အောင် နှင့် အစားထိုး အပြီးသတ် ရိုက်ကူးခဲ့သည်။[၅]
ရေးသား ပြုစုခဲ့သော စာအုပ်များ
စဉ်
အမည်
ထုတ်ဝေနှစ်
မှတ်ချက်
1
1969
လုံးချင်းဝတ္ထု
2
1961
လုံးချင်းဝတ္ထု
3
1961
လုံးချင်းဝတ္ထု
4
1961
5
အသက်ရှင်နေနည်းနှင့် လေဟာပြင်ခရီး
1961
၁၉၆၁ခုနှစ်၊ ဒီဇင်ဘာလတွင် ရှုမဝပုံနှိပ်တိုက်မှ ရိုက်နှိပ်သည်။
6
1962
7
လွမ်းလေသူ အမိုက်အမဲ ဝတ္ထုတိုပေါင်းချုပ်
1962
ကင်းဝန်စာအုပ်အမှတ်(၅)၊၁၉၆၂ခုနှစ် ဒီဇင်ဘာလတွင်ထုတ်ဝေသည်။
8
1962
9
1962
10
တေးသီချင်းဆန်းများ
1963
11
1963
12
1966
13
ယောက်ျား မပီသသူနှင့် ချစ်မိသူ လူတစ်ယောက်အကြောင်း
1969
14
1969
15
ဝင်းဦး၏တေးပေါင်းချုပ်
1969
၁၉၆၉ခုနှစ်၊ဖေဖော်ဝါရီလတွင် ပထမအကြိမ်ထုတ်ဝေသည်။
16
တေးပေါင်းချုပ် လက်ရွေးစင်
1969
17
နှလုံးသား အသစ်နှင့် ချစ်မည့်သူ
၁၉၇ဝ
18
1970
19
1971
လုံးချင်းဝတ္ထု၊
20
1971
လုံးချင်းဝတ္ထု၊ ၁၉၇၁ အောက်တိုဘာလ ပထမအကြိမ် အုပ်ရေ၆၀၀၀ အဖိုး(၅)ကျပ်။
21
1971
22
1971
ပထမဆုံးထုတ်ဝေသည့် စန္ဒာမဂ္ဂဇင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်
23
1972
မြန်မာ့အလင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်
24
1972
ဤစာအုပ်ကို ချစ်သူကြင်သူမြတ်နိုးသူ အမည်ဖြင့် ရုပ်ရှင်ရိုက်ခဲ့သည်။
25
1972
26
1972
၁၉၇၂ခုနှစ်၊ နိုဝင်ဘာလတွင် ပထမအကြိမ်ထုတ်ဝေသည်။
27
နာမည်ကျော် ဇာတ်လိုက်မင်းသား ကိုဂွတို
1973
စန္ဒာ ရုပ်စုံမဂ္ဂဇင်း၌ ရေးသည့် အခန်းဆက် ဝတ္ထုရှည်
28
1974
၁၉၇၄ခုနှစ်၊ ဇွန်လတွင် စန္ဒာပုံနှိပ်တိုက်မှ ပထမအကြိမ်ထုတ်ဝေသည်။
29
ဆယ်စုခေတ် တစ်နှစ်စွန်း မန်းသင်္ကြန်
1979
၁၉၇၉ ဩဂုတ်လတွင် ပထမအကြိမ်ထုတ်ဝေသည်။
30
1962
၁၉၆၂ခုနှစ်၊ ရှုမဝစာအုပ်တိုက်မှ ပထမအကြိမ်ထုတ်ဝေသည်။
31
32
သရုပ်ဆောင်ခဲ့သော ရုပ်ရှင်ကားများ
စဉ်
ဇာတ်ကားအမည်
ပြသခဲ့သည့်နှစ်
မှတ်ချက်
1
ချစ်သောသူတစ်ယောက်
1962
ခင်သန်းနု
2
နှစ်ယောက်တည်းနေချင်တယ်
1962
တင်တင်မူ၊ဒေစီကျော်ဝင်း
3
မုန်းတလှဲ့ ပြုံးတလှဲ့
1962
ဖျာပုံမယ်တင်တင်အေး
4
ဆောင်းတညဝယ်
1963
ဝါဝါဝင်းရွှေ
5
ဗိမ္မသာရ
1963
အေဝမ်းတင်မောင်၊ကြည်ကြည်ဌေး၊ ကြည်ကြည်ညွန့်
6
မာနတံခွန်
1963
ဖျာပုံမယ်တင်တင်အေး
7
ပိတောက်ရိပ်ဝယ်
1963
ဖျာပုံမယ်တင်တင်အေး၊နှင်းဆီ
8
ဘဝမှတ်တမ်း
1963
ဖျာပုံမယ်တင်တင်အေး
9
မြတ်
1963
မြင့်မြင့်ခင်၊ချစ်စပယ်
10
တပွင့်ထဲပန်မယ်
1963
ကြည်ကြည်ဌေး၊သီသီ
11
မောင်တို့ချယ်ရီမြေ
1963
ခင်သန်းနု
12
ဤစံအိမ်ဝယ်
1963
ဝါဝါဝင်းရွှေ
13
ချစ်သောမောင်မောင်
1963
သီသီ
14
မောင်ချော့မြှူပါ့မယ်
1963
ကြည်ကြည်ဌေး
15
ရင်သွေးရင်နှစ်
1963
မေသစ်၊ ဝါဝါဝင်းရွှေ
16
သစ္စာတူပြိုင်
1964
မြင့်မြင့်ခင်
17
ဘယ်ရပ်ဌာနီ
1964
ဝါဝါဝင်းရွှေ
18
မောင့်အချစ်တော်
1964
တင်တင်မူ၊ချစ်စပယ်
19
မေတ္တာပန်းဥယျာဉ်
1964
မြင့်မြင့်ခင်၊ခင်သန်းနု
20
သိကြားစေသက်သေညွှန်း
1964
ဝါဝါဝင်းရွှေ၊ခင်သန်းနု
21
ညီညီလွင်
1964
ဝါဝါဝင်းရွှေ
22
မုန်းမေ့ပါနိုင်
1965
တင်တင်မူ၊သီသီ၊ ဝါဝါဝင်းရွှေ
23
ချစ်သဲ
1965
ဝါဝါဝင်းရွှေ
24
ဆုထူးငယ်ပန်ရွယ်သွန်း
1966
ဒေစီကျော်ဝင်း၊နွဲ့နွဲ့စန်း
25
ရီးစားဓမြ (ခင်သန်းနု)
1967
ခင်သန်းနု
26
မောင်မောင်နဲ့သိင်္ဂီ
1967
စံရှားတင်၊စမ်းစမ်းဝင်း
27
နှင်းပျောက်တဲ့နွေ
1967
တင်တင်မူ၊ဖျာပုံမယ်တင်တင်အေး
28
ဆောင်းအိပ်မက်
1967
ဖျာပုံမယ်တင်တင်အေး၊ အေးအေးသင်း (၁၉၆၇ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆုရရှိသည့်ဇာတ်ကား)
29
ကိုယ့်ချစ်သူဘယ်မှာရှိတယ်
1968
ခင်သန်းနု
30
သိုး
1968
ခင်သန်းနု
31
တိမ်လွှာမို့မို့လွင်
1968
မြင့်မြင့်ခင်
32
ကျောက်မဲအကျဉ်းသား (ခင်သန်းနု)
1969
ခင်သန်းနု
33
မှုံရွှေရည် (*)
1970
ခင်သန်းနု၊အောင်လွင်၊ဖိုးပါကြီး၊ခင်လေးဆွေနှင့် ကလေးသရုပ်ဆောင်စန္ဒာလင်း
34
တစ်ကျော့နှစ်ကျော့တေးကိုသီ
1971
တင်တင်မြ၊ချိုပြုံး
35
အတွယ်အတာ
1972
(ကလေးသရုပ်ဆောင် စန္ဒာလင်း)
36
လတ်လတ် (ခင်သန်းနု)
1973
ခင်သန်းနု
37
မုန်းပါတယ်မောင့်ကို
1973
မြင့်မြင့်ခင်
38
ပန်းမြို့တော်သို့ခြေလှမ်းသုံးဆယ် (ချိုပြုံး)
1973
ကျော်စွာဝင်း၊ချိုပြုံးတို့ခေါင်းဆောင်ပါဝင်၍ ဧည့်သည်သရုပ်ဆောင်အဖြစ်ပါဝင်သည်။
39
ချစ်သူရွေးမယ်ချစ်ဝဲလယ်
1975
မြင့်မြင့်ခင်၊တင်တင်နွဲ့၊စမ်းစမ်းအေး၊မြင့်မြင့်ခိုင်၊ချိုပြုံး၊နွဲ့နွဲ့မူ၊စန္ဒာ တို့နှင့်တွဲဖက်၍ မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဆုံးအကြိမ် (၈)ကိုယ်ခွဲသရုပ်ဆောင်သည်။
40
မင်းဘယ်ပြေးမလဲမိချိုသဲ
1976
စန္ဒာ
41
တိမ်ဦးလေပြေမောင့်ကိုစေ
1977
ခင်ယုမေ၊တင်တင်နွဲ့
42
သက်တန့်ပေါ်ကလူတစ်ယောက်
1980
ခင်သန်းနု၊အေးအေးသင်း
43
မိန်းမနဲ့ယောက်ျား
1981
မြင့်မြင့်ခိုင်၊ယဉ်ယဉ်အေး
44
ကျွန်တော်ပြောချင်သောအချစ်အကြောင်း
1981
ခင်သန်းနွယ်
45
မေတ္တာကမ္ဘာခြားလေသူ
1981
နွဲ့နွဲ့မူ
46
ချစ်သူကြင်သူမြတ်နိုးသူ
1981
မြင့်မြင့်ခင်၊မြင့်မြင့်ခိုင်
47
ဇာတိသွေး
1981
ကြည်ကြည်ဌေး၊ဆွေဇင်ထိုက်
48
ရာမလက္ခဏလိုအချစ်မျိုး
1982
ဆွေဇင်ထိုက်
49
ဝေဠု
1982
ကျော်စွာဝင်း၊ မေဝင်းမောင်
50
မိုးပုလဲသူဇာ
1982
စောမြသန္တာ၊ သီတာဝင်း
51
နှစ်ယောက်တည်းနေချင်တယ်
1982
ဝင်းဦးအဖြစ်နာမည်ကျော်ခဲ့သည့် တင်တင်မူနှင့်အောင်မြင်ခဲ့သောကားကို ကိုယ်တိုင်ဒါရိုက်တာလုပ်၍ အေးမင်းဝင်း၊ချိုပြုံး၊မေဝင်းမောင်တို့နှင့်ရိုက်ကူးခဲ့သည်။
52
ငွေလှိုင်းဇာပေါ်မှာ
1987
ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကျော်စွာဝင်း၊ချိုပြုံးတို့နှင့် ကျော်စွာဝင်းဖခင်နေရာမှ သရုပ်ဆောင်ခဲ့သည်။
53
ခိုင်မာလာနှင်းဆီ
၁၉၈၇-၈၈
ခင်သန်းနုနှင့် ပေ၆၀၀၀ကျော်ရိုက်ကူးထားခဲ့ပြီးကွယ်လွန်ပြီးနောက် ရန်အောင်နှင့်ဆက်လက်ရိုက်ကူးကာ ၁၉၉၂ခုနှစ်တွင် ရုံတင်ပြသခဲ့သည်။
အကိုးအကား
1. Bo Bo (18 December 2018)။ နှုတ်ခမ်းမွေးမင်းသား ဝင်းဦးရဲ့ အမြတ်နိုးဆုံးအနုပညာက ဘာလဲ (in Myanmar)။ 16 May 2020 တွင် ပြန်စစ်ပြီး။
2. Phyo Sandar Myint (7 August 2013)။ မြန်မာ့အနုပညာလောက၏ စွယ်စုံအနုပညာရှင် အကယ်ဒမီ ဝင်းဦး (in Myanmar)။ 16 May 2020 တွင် ပြန်စစ်ပြီး။
3. ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့ (ဧပြီ ၂၀၀၃)။ နှစ်ဆယ် ရာစု မြန်မာ စာရေး ဆရာ များနှင့် စာစု စာရင်း (ပထမ အကြိမ် ed.)။ ပညာရွှေတောင် စာအုပ်တိုက်။
4. Kyaw Hsu Mon (29 August 2015)။ Laughter, the best medicine။ 16 May 2020 တွင် ပြန်စစ်ပြီး။ “In the 1960s, Maung Maung’s work appeared in “Sandar,” a popular magazine published by actor Win Oo.”
5. အမှတ်(၂၆၄) နိုဝင်ဘာလ၊ ၁၉၉၁−ခုနှစ်ထုတ် စန္ဒာမဂ္ဂဇင်း၊
• ကဏ္ဍများ: ၁၉၃၅ မွေးဖွားသူများ၁၉၈၈ ကွယ်လွန်သူများမြန်မာ အမျိုးသား စာရေးဆရာများမြန်မာ အမျိုးသား အဆိုတော်များမြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များမြန်မာ့ ရုပ်ရှင် ထူးချွန်ဆုရှင်များမြန်မာ စာရေးဆရာများ
• ဤစာမျက်နှာကို ၁၈ ဇွန် ၂၀၂၃၊ ၁၆:၀၃ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။
