SONGS တွံတေးသိန်းတန် မြန်မာ ရေဒီယို သီချင်းကောင်းများ ။

မြတ် သိန္တော တိုင်တယ်ထား၍

https://m.facebook.com/groups/2770174796564724/permalink/3872207323028127/?

ငါရေးချငါ

https://m.facebook.com/groups/2770174796564724/permalink/3873801872868672/?

” ကိုသိန်းတန် ကိုသိန်းတန် စိုး သဘော်ပေါ်တက်ခဲ့မယ်နော်”
“အို မတက်နဲ့ မတက်နဲ့”
“ဟင့်အင်း ဟင့်အင်း တက််မယ် တက်မယ် “
“ဟာ စိုးစိုး ဘာဖြစ်လို့ သဘော်ပေါ်တက်လာခဲ့ရတာလဲ သဘော်တောင်ခွါနေပြီ စိုး ဘယ့်နှယ်လုပ်ဆင်းမလဲဟင်”
“ခွါခွါပေါ့…စိုး လိုက်ခဲ့မလို့ ..အိမ်မှာလည်းအကျိုးအကြောင်း စာရေးထားခဲ့ပြီးပြီ”
“ဟာ..ဘယ်ဖြစ်ပါ့မလဲ တော်ကြာ ဒုက္ခတွေများကုန်ပါလိမ့်မယ်”
“ဘာမှများစရာမလိုပါဘူး ..စိုးအရွယ်ဟာငယ်တော့တာမှမဟုတ်ပဲ စိုး ကိုသိန်းတန်ကိုမခွဲနိုင်တော့ဘူး သိလား”
“ဟင်”
“စိုးကိုစိုးလည်း မလှည့်စားချင်ဘူး၊ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ကိုသိန်းတန်ကို စိုး.. စိတ်ဝင်စားခဲ့မိရာက..ခုတော့ ချစ်, ချစ်နေပြီ”
“ဟာ.. ဖြစ်ပါ့မလားစိုးစိုးရယ်.. စိုး တောကိုလိုက်ရင် ရွှံ့ဗွက်ကိုလည်း နင်းချင်နင်းရမယ် ပြီးတော့.. အို..ကားကြီးတစ်ဝီဝီစီးနေရတဲ့ စိုးနဲ့ တောနဲ့ ဖြစ်မယ်မထင်ပါဘူးလေ”
“ဟင် ဒါ, ဒါကိုသိန်းတန်ရဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ပဲလား..ဟင်,,ဒီလိုဆိုရင် စိုး အိမ်ကိုလည်းမပြန်တော့ဘူး ဒီမြစ်ထဲမှာပဲ စိုး..စိုးဘဝကို စတေးလိုက်တော့မယ်”
“အို ..အို ဒီလိုမလုပ်နဲ့လေ..”
“အင်း.. တကယ်တော့ စိုးကို ကိုသိန်းတန် သိပ်ချစ်ပါတယ်ကွယ်.. ဒါပေမယ့် စိုးရဲ့ခေတ်ဆန်လွန်းတဲ့အနေအထိုင်မျိုးနဲ့ ကိုသိန်းတန်ရဲ့ဗီဇနဲ့ ဆန်ကျင်ဘက်ဖြစ်နေတော့..”
“အို..ဒါတွေ စိုးနားလည်ပါတယ် ပကာသနတွေကို စိုး ရွံခဲ့ပါပြီ”
“စိုး တကယ်ပြောနေတာလားဟင် ဒီလိုဆိုရင် အတိုင်းထက်အလွန်ပေါ့ စိုးစိုးရယ်”
“ဒါဖြင့် ကိုသိန်းတန် စိုး..စိုးကိုလေ”
“စိုးကို ချစ်ပါသတဲ့ စိုးရယ်”"စိုးစိုး ဟောဒီမြစ်ပြင်ကျယ်ကြီးကို

ကြည့်စမ်း..

🎤 ” မြစ်နဒီပြင်ဝယ်~~~
အကွေ့အကောက်မြောက်များစွာသော လူ့လောကနဲ့ နှိုင်းယှဥ်ကာရယ် ဘဝဆိုတာလည်း ဥပမာထိုမြစ်သဖွယ် အချစ်ဆိုတဲ့သဘောတရားလည်း ထို့အတူပါ မေရယ်”
“မောင်ရယ် ချစ်ရိပ်သာဆိပ်ကမ်းသာသို့ အဓိဌာန်ပြုကာအတူလှမ်းမယ် မေတ္တာကမ်းခြေဝယ် သစ္စာပန်းတွေဖလှယ် ဘဝတစ်ကွေ့မှ ဆုံတွေ့လာသူရယ် ကျေးတောက ရွှေဧည့်သည် မောင်ကြီးရယ်” 🎤

“ကိုသိန်းတန်”
“ဘာလည်း စိုးစိုး”
“စိုးတော့လေ အသိဥာဏ်မဖွံ့ဖြိုးသေးတဲ့ ကျေးရွာလူထုကို ဟောဒီ ကိုသိန်းတန်ဆိုတဲ့ တောကရွှေဧည့်သည်ကြီးနဲ့ လက်တွဲဆောင်ရွက်ရတော့မှာမို့ စိုးဖြင့်လေ သိပ်ဝမ်းသာတာပဲရှင်”
” စိုးရဲ့စိတ်ဓာတ်ကို ကိုသီန်းတန် ချီးကျူးပါတယ် စိုးစိုးရယ်”🎤 "ချစ်သက်နှံမေပုလဲ ရိုးမြေအသဲ မခွဲဘူးကြင်မယ် ယုံတော့ကွယ် မောင့်အသက်ရယ်"

“..နောင်တော့သာ ပစ်ခွါလေနဲ့ တစ်ရွာသူမျက်နှာငယ် ချစ်ဦးမောင်ရယ်”
“ပစ်ပါဘူးကွဲ့ ရွှေကျမ်းကျိန်မယ် ချစ်သဒ္ဓါမြူးကွဲ့ မသွေတမ်းအစဥ်တကယ်..
သံသာလေကမ်းတိုင်ကွယ်.လှမ်းစို့တူပြိုင် ချစ်ရေယာဥ်ဝယ်”..🎤 ရုပ်ရှင်တွေထဲက ကိုသိန်းတန်နဲ့ နှင်းဆီတော့ ဘယ်လိုသရုပ်ဆောင်ကြသည်တော့မသိ၊ ဒီဇာတ်လမ်းလေးထဲက ကိုသိန်းတန်နဲ့ စိုးစိုးတို့ရဲ့ မွေးရပ်မြေကို ပညာရောကြင်ယာပါစုံပြီး ပြန်ရတဲ့ ချစ်ခရီးလေးကတော့ တကယ်ကိုကြည်နူးစရာပဲလေ၊ ဒါပေမယ့် ဘဝမှာက ချစ်တိုင်းလည်းညားကြသည်မဟုတ်လေတော့ The true love never run smooth, .. စာနဲ့ပုံလေးက သိပ်တော့မသက်ဆိုင်ဟုဆိုရပေမယ့် ကိုယ့်အဖို့ ကိုသိန်းတန်ရဲ့ဇာတ်ကားတွေက အမည်သာကြားဖူးပြီး မကြည့်လိုက်ရသည်မို့ သိမီလိုက်တဲ့ စကားပြောဇာတ်ကွက်လေးနဲ့ ပုံလေးတွဲပြီး နှင်းဆီနေရာက စိုးစိုး၊ မင်းသားနေရာကနေ ပီဘိတောသားလေး မောင်သိန်းတန်၊ မူရင်း သူ့ရည်ရွယ်ချက်ကတော့ သူ့အဘဆီလည်း ပြန်လည်ပြုစု၊ ရွာကျောင်းလေးမှာ ကလေးတွေစာသင်မည်၊ ပညာစုံလို့ သူ့မွေးရပ် ရွာကျောင်းလေးဆီကို ကျောင်းဆရာလေးအနေနဲ့ တာဝန်ထမ်းဆောင်ဖို့ သူ့အဘတို့ အေးခင်တို့ရှိရာ ရွာလေးဆီ အိမ်အပြန်ခရီး၊ မထင်မှတ်ပါပဲ စိုးစိုးဆိုသည့် ရွှေဂုံသူအပျိုချောနဲ့ ချစ်ဇာတ်လမ်းလေးဖြစ်လာရသည့် ကျောင်းဆရာလေး မောင်သိန်းတန်၊ ဒီလိုလေး Match လုပ်ပြီး ကိုယ့်ဘာသာကိုယ်ခံစားကြည့်မိခြင်းသာ။ ဆိုပါစို့ ဇာတ်လမ်းလေးထဲက ကျောင်းဆရာလေးမောင်သိန်းတန်အရွယ်က ဒီ နန်းကြာရိပ်မြိုင် ရုပ်ရှင်ကားလေးထဲကလို ငယ်ရွယ်နုပျို လန်းဆန်းနေတဲ့အရွယ်၊ စိုးစိုးသည်လည်း မင်းသမီးနှင်းဆီအရွယ်လောက်ဟု မှန်းဆကြည့်မိခြင်း၊ နှစ်ဆယ်ကျော် လှတုန်းပတုန်းအရွယ် ဓာတ်ပြားတေးတွေကို မနားတမ်းသွင်းနေရချိန်၊ စိုးမိုးမေတ္တာကို ဓာတ်ပြားထဲအသံသွင်းနေချိန်၊ နန်းကြာရိပ်မြိုင်လို ရုပ်ရှင်ဇာတ်ကားတွေ မနားတမ်းရိုက်နေရချိန်ပဲနေမည်။ စိုးစိုးနဲ့ ကိုသိန်းတန်တို့ရဲ့ တစ်ချိန်က လွမ်းမောကြည်နူးစရာ သဘော်ပေါ်က ရွာအပြန်လမ်းပုံရိပ်လေးတွေ၊ သီချင်းလေးနဲ့ပုံဖော်လိုက်၊ ချစ်စကြင်စမောင်မယ်တို့ဘာဝ တစ်ယောက်နဲ့တစ်ယောက် စ,လိုက် နောက်လိုက် စိတ်ဆိုးလိုက် ပြန်ချော့လိုက်၊ သဘော်ပေါ်ကနေ စင်ရော်ငှက်လေးတွေကို အစာကျွေးလိုက်။ တူမောင်မယ် အနာဂါတ်ခရီးကိုအတူလျှောက်လှမ်းဖို့ ဆုံဆည်းနေရပြီ၊ အချစ်ဆိုသည့်အရာကလည်း အဆန်းသား၊ တစ်ချိန်က ဒိုးဒိုးဒေါက်ဒေါက် ဘုနဲ့ဘောက်နှစ်ယောက်က ခုတော့လည်း ချစ်သူကြင်သူနှစ်ဦးဘဝ၊ စိတ်တူကိုယ်တူတူနှစ်ကိုယ်ချစ်ခရီးလမ်းက ပျော်စရာတွေပြည့်လျှမ်းနေကြသည်ပေါ့။ ကိုယ်ကလေးဘဝ ၁၉၇၀ ကျော်လောက်ကတည်းက ကျောင်းဆရာလေးမောင်သိန်းတန်ရဲ့ ဒီနှစ်ပွင့်တစ်ခိုင် မေတ္တာဖွဲ့ဇာတ်လမ်းလေးကို နားထောင်ဖူးသည်က ကြာခဲ့ပြီ၊ ခုထိလည်း နာထောင်မိတိုင်းက ငြီးငွေ့ရိုးအီသွားသည်မရှိ။ တော်ရုံဇာတ်လမ်းခွေမျိုးဆို ဘယ်လောက်ကောင်းကောင်း ထပ်နားမထောင်တော့ပေမယ့် ကိုသိန်းတန်ရဲ့ လွမ်းမောကြည်နူးဖွယ် ရသစုံ ကျေးလက်အကျိုးပြု ဒီဇာတ်လမ်းလေးကိုတော့ မရိုးနိုင်ဖြစ်ရသည်။ သူ့ဇာတ်ဝင်သီချင်းလေးတွေနဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဇာတ်ကောင်စရိုက်တွေကလည်း ထောင့်စေ့သည်ပြောရမည်။ သားကို ပညာတတ်ကြီးဖြစ်စေချင်တဲ့ အဘဦးညို၊ ကျေးရွာလူထုအတွက် နောက်ဆုံးအချိန်ထိ စေတနာထားတဲ့ အဘ၊ ကရုဏာရှင်မကြီး မမမိုး၊ တစ်အူတုံဆင်း ညီအမအရင်းပေမယ့် တစ်ယောက်ကတော့ အကြင်နာတရားရှိတယ် ဟိုတစ်ယောက်ကျတော့ ဘလပ်တပ်တပ်ရှပ်တပ်တပ် အထိန်းမတတ် ဇိန်းဇတ်ဇတ် ဆိုသည့် အနောက်တိုင်းဆန်ဆန် ခေတ်ဆန်တဲ့ ဟောဟောဒိုင်းဒိုင်း စိုးစိုး၊ ရုပ်ရှင်တွေထဲမှာဆို ဦးကျောက်လုံးနေရာကလို စိုးစိုးမှ စိုးစိုး၊ တစ်စိုးတည်းဖြစ်နေသော ဗီလိန်နေရာက မောင်မောင်လွင်၊ မိတ်ရင်းဆွေရင်းတို့ဝတ္တရားအတိုင်း မောင်သိန်းတန်လေးကို ပညာတတ်စေချင်လို့ ရန်ကုန်ကသူ့အိမ်မှာ ကျောင်းထားပေးသော အငြိမ်းစားလယ်ဝန် ဦးတင်မျိုး၊ ဇာတ်လမ်းလေးထဲက ဇာတ်ရုပ်တွေက အပိုအလိုမရှိကွက်တိ၊ အကယ်ဒမီရဇာတ်ကားကောင်းတစ်ခုကို ကြည့်ရသည်သို့။ ၁၉၇၀ ကျော်ကနေ ခုထိ နှစ်ငါးဆယ်အတွင်းနားထောင်ဖူးသမျှ ဇာတ်လမ်းခွေတွေကတော့ အများသား၊ အခြားခွေတွေ မေ့ကုန်ပေမယ့် ဒီအခွေလေးက နားထောင်တိုင်းဘာကြောင့်မရိုးနိုင်ရပါသနည်း။ သူ့ရဲ့သူမတူတဲ့ သီချင်းအဆိုပိုင်နိုင်မှုရယ် ဖြစ်တတ်သည့်လူ့သဘောသဘာဝအရ ဘဝအတက်အကျအလှည့်အပြောင်း၊ နားလည်ရခက်တဲ့ ချစ်မေတ္တာရဲ့သဘောသဘာဝတွေ စတဲ့ ဇာတ်အိမ်ကို သဘာဝကျကျဖွဲ့တည်ထားခြင်းတွေကြောင့် နားထောင်မိတိုင်း မရိုးနိုင်အောင်ဖြစ်ရခြင်းပဲထင်သည်။ 🎤 " ဝေးတစ်မြေရပ်ခြား မွေးမြေရွာအား လွမ်းအားပိုခဲ့မိသမျှ ဌာနေအပြန်လမ်း ရွှင်လန်းဖွယ်သာယာ ပညာစုံလို့ ကြင်ယာစုံသမို့ မခွဲရက်တစ်သက်တာ ကြင်ဖော်ယှက်တောင်ပံ စင်ရော်ငှက်မောင်နှံဝဲလာ.."

“အစာခွံ့ကျွေး ငှက်ကလေးတွေကိုသာ ချစ်သူမျက်နှာပြုံးတဲ့အခါ ကိုယ့်နှလုံးမှာပြုံးခြင်းလည်းထပ်ကာ..မြစ်နဒီပြင်လမ်း အချစ်ရေစင်လွှမ်း ငွေလှိုင်းကြက်ခွပ်ကလေးများပါ တစ်လက်လက်ပြေးလာ ရေယာဥ်စီးကာ အပြန်ခရီးလမ်းကသာ” ..🎤"ကိုသိန်းတန် ကိုယ့်မွေးမြေရွာကိုပြန်ရလို့ သိပ်ပျော်နေတယ်ထင်တယ်"

” ကိုယ့်ဒေသ ကိုယ့်မွေးမြေကို ရည်ရွယ်ချက်ပါအောင်မြင်စွာနဲ့ပြန်ရတဲ့အပြင် ပညာရောကြင်ယာပါစုံလာတော့..”
“တော်ပါ သူများကို သူချစ်လည်းမချစ်ပဲနဲ့”
“သြော် ချစ်ပါပြီလားစိုးရယ်
ဘယ့်နှယ်ပြောလိုက်ပါလိမ့်”
” သြော် ဒါနဲ့ ခုန ကိုသိန်းတန်ဆိုတဲ့သီချင်းက သိပ်ကောင်းတာပဲနော်..ကိုသိန်းတန်က သီချင်းဆိုလည်း အဟုတ်ကြီးပဲ “
“တော်ပါတော့ စိုးစိုးရယ် တော်ကြာ ဒီတောသားကို အဖက်လုပ်ပြီးစကားပြောနေရသလားလို့ တစ်ယောက်ယောက်က လာကျိန်းနေပါဦးမယ်”
“ကြည့်စမ်း ကြည့်စမ်း..ဒါတွေကို သူအခုထိအခဲမကြေနိုင်သေးဘူးပေါ့လေ”
” အဟင်း ဟင်း..အလကားနောက်တာပါလေ”
” စိုးစိုး လာ သဘော်ပဲ့ပိုင်းမှာ ကော်ဖီသွားသောက်ကြရအောင်နော်”
” ဟုတ်တယ် စိုးလည်းဆာတယ် လာသွားကြစို့”

~~ ဇာတ်ကွက်လေးတွေအကြား သီချင်းတိုလေးတွေ ညှပ်ဆိုပေးထားတော့လည်း ပိုမြိုင်လာရသောဇာတ်လမ်းလေး၊ သီချင်းတိုတိုလေးတွေဆိုပေမယ့် ဇာတ်လမ်းဇာတ်ကွက်နဲ့ကွက်တိဆိုပေးထားမှုကြောင့် ဇာတ်လမ်း Tempo ပိုတက်လာရ ပိုရုပ်ကြွလာရသည်ဟု ထင်သည်။ သူ့ရဲ့ အဆိုပိုင်နိုင်မူနဲ့ တောသဘာဝအဖွဲ့လေးတွေကြောင့် လယ်တောကအပြန်လို သာမန်သီချင်းတိုတိုလေးတွေတောင် နားထောင်၍မငြီး။ စာသား အရေးအဖွဲ့တွေကလည်း ထုံးစံအတိုင်း ကြည်နူးစရာ ဆွတ်ပျံ့စရာ လွမ်းဆွေးစရာ ရသအဖုံဖုံ ပေးနေသည်သို့။

ကောလိပ်ဂျင်နေဝင်းတို့ ထွန်းဝေတို့ ဘီအီးဒီ အောင်သိုက်တို့သည် ကိုသိန်းတန်ထက် အပြောကောင်းချင်ကောင်း သာချင်သာပေလိမ့်မည်၊ သို့သော် သူ့လို သီချင်းတွေမဆိုတတ်၊ ဇာတ်ကွက်အကူးအပြောင်းမှာ သူ့လိုသီချင်းအစား Music ပိုဒ်လေးတွေသာ နားထောင်ရသည်။ ကိုသိန်းတန်ကတော့ သူကိုယ်တိုင် ဇာတ်ဝင်တေးတွေကို Mood အပြည့်နဲ့ဆိုထားပေးလို့လည်း ဒီဇာတ်လမ်းလေးက ပိုကောင်း ပိုအသက်ဝင်လာရခြင်းပဲဖြစ်မည်။
သူ့အသံလေးတွေထဲ သူ့ရဲ့ နုပျိုစဥ်ကပုံနဲ့ ထည့်ခံစားကြည့်ခြင်း။ ပညာရော ကြင်ယာပါစုံလာတဲ့ ကိုသိန်းတန်ရဲ့ ရွာအပြန်ခရီးသာယာပုံလေးကို ပုံလေးနဲ့ Mixing လုပ် ခံစားရေးဖွဲ့လိုက်တော့လည်း ကိုသိန်းတန်အလွမ်းပြေပဲပေါ့။
တကယ်တော့ ပါရမီရှင်တို့ ဖန်တီးခဲ့သော အနုပညာလက်ရာတိုင်းက ဘယ်လိုပုံစံနဲ့ပဲ သူ့ပရိတ်သတ်ကိုချပြပြ၊ တကယ်သဘာဝကျပြီဆိုလျှင်တော့ နှစ်တွေဘယ်လောက်ပင်ကြာကြာ ရိုးအီလို့မသွား ဟောင်းမြင်းလို့မသွား၊ အမြဲသစ်မြဲသစ်လျက်ရှိနေသည်မဟုတ်ပါလား။ တွံတေးသိန်းတန်က လူပင်သေသော်လည်း သူ့အနုပညာတွေကတော့ သူမရှိတော့ပေမယ့် ထာဝရရှင်သန်မြဲရှင်သန်လျက်ပါပဲလေ။

တွံတေးသိန်းတန်

ဝီကီပီးဒီးယား မှ

မာတိကာ

အစပိုင်း

• ငယ်ဘဝ

• ဝန်ထမ်းဘဝ

• အနုပညာရှင်ဘဝ
Toggle အနုပညာရှင်ဘဝ subsection

• ထွေးညို

• ရုပ်ရှင်ရိုက်ကူးခြင်း

• ဓာတ်ပြားသီချင်း

• ဇာတ်သဘင်

• စာရေးဆရာ

• မိသားစုဘဝ

• ဘဝနိဂုံး

• ကိုးကား

တွံတေးသိန်းတန်

တွံတေးသိန်းတန်သည် မြန်မာနိုင်ငံသား အဆိုတော်၊ စာရေးဆရာ၊ တေးရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်၊ ရုပ်ရှင် ဒါရိုက်တာ၊ ဇာတ်ဆရာတစ်ဦး ဖြစ်သည်။ သူသည် ပြည်သူ့အကျိုးကို သယ်ပိုးခဲ့သူဖြစ်သောကြောင့် ပြည်သူချစ်သော အနုပညာသမား တစ်ဦး ဖြစ်ခဲ့သည်။ ၎င်းပါဝင်သရုပ်ဆောင်ထားသော ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ် ရုပ်ရှင်သည် လူကြိုက်များ ကျော်ကြားသော ရုပ်ရှင်တစ်ကားဖြစ်သည်။

တွံတေးသိန်းတန်ကို ရှမ်းနွယ်ဖွား [၁]မြန်မာသမားတော်ကြီး ဦးဖိုးဦးနှင့် ဒေါ်ညိုတို့မှ မြန်မာသက္ကရာဇ် ၁၃၀၃-ခုနှစ်၊ သီတင်းကျွတ်လဆန်း (၇)ရက်၊ ခရစ်နှစ် ၁၉၄၁-ခု၊ စက်တင်ဘာလ (၂၆) ရက်၊ သောကြာနေ့တွင် ရန်ကုန်တိုင်းတွံတေးမြို့နယ်ရှမ်းစုကြီးကျေးရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ခြောက်ယောက်အနက် ပဉ္စမမြောက် ဖြစ်သည်။ မွေးချင်းများမှာ ကိုထွန်းရီ၊ မအုန်းကျင်၊ ကိုထွန်းအေး၊ မဝင်း၊ သိန်းတန်၊ မောင်ကြည်ငွေတို့ ဖြစ်သည်။ သောကြာသားဖြစ်သောကြောင့် နေ့သင့်နံသင့် မောင်သိန်းတန်ဟု အမည်ပေးခဲ့သည်။

ငယ်ဘဝ

အရွယ်ရောက်လာသောအခါ ရှမ်းစုကြီးကျေးရွာ မူလတန်းကျောင်း( ဆရာကြီး ဦးချန်ထွန်းကျောင်း)တွင် တတိယတန်းအထိ ပညာသင်ယူခဲ့သည်။ စတုတ္ထတန်းမှ သတ္တမတန်းအထိ ရန်ကုန်မြို့၊ စမ်းချောင်း၊ ဟုမ်းလမ်း (ယခု ပန်းလှိုင်လမ်း) ရှိ အစ်ကိုကြီး ဆေးဆရာ ဦးထွန်းရီ၏ နေအိမ်တွင် နေထိုင်ပြီး ကျောင်းတက် ပညာသင်ယူခဲ့သည်။ ရန်ကုန်တွင် ခုနှစ်တန်းအထိနေပြီး ဟယ်ရီတန်အရေးအခင်းဖြစ်၍ ခုနှစ်တန်းစာမေးပွဲ အောင်ကာ ဇာတိမြေ ရှမ်းစုရွာသို့ ပြန်လာခဲ့သည်။

ထိုမှတဖန် တွံတေး အခြေခံပညာ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ပညာ သင်ယူခဲ့ရာ ၁၉၅၉−ခုနှစ်တွင် နဝမတန်း စာမေးပွဲအောင်မြင်သည်။ တွံတေးသိန်းတန်သည် ငယ်စဉ်ကပင် ကဗျာရေးစပ် သီကုံးခြင်းနှင့် သီချင်းဆိုခြင်း၊ ဂီတကို ဝါသနာအထုံ ပါလာခဲ့၍ တွံတေးမယ်ဒလင် ဦးသန်းကြွယ်ထံတွင် တေးဂီတပညာကို သင်ယူသည်။

ဝန်ထမ်းဘဝ

နဝမတန်း အောင်မြင်ပြီးနောက် ရန်ကုန်မြို့၊ အစိုးရပုံနှိပ်နှင့် စာရေးကိရိယာဌာနတွင် ဝင်ရောက်လုပ်ကိုင်ပြီး ၁၉၆၁−ခုနှစ်တွင် မြန်မာ့အသံသို့ အငယ်တန်းစာရေးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သည်။ ထိုမှ မြန်မာ့အသံ ဓာတ်ပြား၊ ပိဋကတ်တိုက်တွင် လက်ထောက်ပိဋကတ်တိုက်မှူး အဆင့်ထိ တိုးမြှင့်တာဝန်ထမ်းဆောင်ခဲ့သည်။

အနုပညာရှင်ဘဝ

တွံတေးသိန်းတန်သည် သီချင်းရေးသား သီဆိုခြင်း ဝါသနာအရ ဆရာဦးသန်းကြွယ်၊ တပ်မတော်(ရေ)မှ PO ဦးသန်းမြင့်၊ ဂီတာသိန်းစိုး၊ စန္ဒရားမောင်မောင်အေး၊ မောင်မောင်လေးတို့ထံမှ ဂီတပညာကို ဆည်းပူးခဲ့ပြီး ၁၉၅၆-ခုနှစ်တွင် မြန်မာ့အသံ ရေဒီယိုမှ တေးသီချင်း တစ်ပုဒ်စ၊ နှစ်ပုဒ်စ စတင်ထုတ်လွှင့်ခဲ့ရာ ၁၉၆၀-၆၁-ခုနှစ်က ကိုယ်တိုင်ရေး ကိုယ်တိုင်သီဆိုခဲ့သော မျက်ရည်စမ်းဖြင့် ခမ်းလေပြီ သီချင်းဖြင့် ဂီတနယ်သို့ စတင်ဝင်ရောက်ခဲ့သည်။

ထွေးညို

၁၉၆၂−နှစ်တွင် ကိုယ်တိုင်ရေးစပ်သီကုံးကာ မြန်မာ့အသံမှ ထုတ်လွှင့်သော ထွေးညို သီချင်းဖြင့် မြန်မာနိုင်ငံ အနှံ့ ပျံ့နှံ့ကျော်ကြား လူသိများလာသည်။ သို့နှင့် ဓာတ်ပြားလောကတွင် ပန်းနွယ်ကစိမ်း၊ နှမလက်လျှော့နေလေတော့၊ မြသီတာ အကြိုတော်ထောက်ပေမယ့်၊ အသီးတစ်ရာ အညှာတစ်ခု၊ မေတ္တာမီးအိမ်၊ ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်၊ ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ မှုန်နံ့သာ ခြယ်ကာသပါလို့ စသည့်သီချင်းများနှင့် တေးသံရှင် အဖြစ် ထင်ရှားကျော်ကြားခဲ့သည်။ သူ၏သီချင်းများသည် ကျေးလက်၏သဘာဝ အလှအပများနှင့် တောသူတောင်သားတို့၏ ခံစားမှုကို ကိုယ်စားပြုသည်က များသည်။

ရုပ်ရှင်ရိုက်ကူးခြင်း

ထွေးညိုသီချင်းက တွံတေးသိန်းတန်ကို နိုင်ငံကျော် ရုပ်ရှင်မင်းသားဘဝသို့ ပို့ဆောင်ပေးခဲ့သည်။ ၁၉၆၄-ခုနှစ်တွင် မြတ်ကဝိန်ရုပ်ရှင်မှ ဒါရိုက်တာဦးလှအောင် ရိုက်ကူးသော ထွေးညို ဇာတ်ကား၌ မင်းသမီး ခင်သန်းနု၊ သရုပ်ဆောင် ဌေးဝင်းတို့နှင့် အတူ ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့ရာ တေးသံရှင် သရုပ်ဆောင်အဖြစ် ထင်ရှားကျော်ကြားလာသည်။ ထို့နောက် ရုပ်ရှင်ဇာတ်ကားများ ဆက်လက်ရိုက်ကူးရန် မြန်မာ့အသံမှ အလုပ်ထွက်ခဲ့ပြီး ချစ်သူပေးသော တေးတပုဒ်ဇာတ်ကားကို ဆက်လက်ရိုက်ကူးသည်။ တွံတေးသိန်းတန်သည် ရုပ်ရှင်ကုမ္ပဏီပေါင်းများစွာက ကမ်းလှမ်းရိုက်ကူးသော ဇာတ်ကားများတွင် အဓိကဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ရာ မြတ်လေး၊ ဝါဝါဝင်းရွှေနှင့် ချစ်သူပေးသော တေးတပုဒ်၊ ခင်သန်းနုနှင့် မေတ္တာဇာတ်လမ်း ဆုံရာဝယ်၊ ရှုမဝစမ်းစမ်းအေးနှင့် ပန်းနွယ်ကစိမ်း၊ ဇော်လွင်၊ ဝါဝါဝင်းရွှေတို့နှင့် အရွှေတို့ရွာ၊ တင်တင်ညိုနှင့် အညာသားလေး၊ ဒေစီကျော်ဝင်းနှင့် ပန်းကလေးများ မနွမ်းစေချင်၊ မြင့်မြင့်ခိုင်နှင့် မုန်းစရာကြီး၊ မဉ္စူသင်းနှင့် ချမ်းမြေ့သီတဂူ၊ စံရှားတင်နှင့် ချစ်ရက်ကယ်နှောင်း၊ ခင်သန်းနုနှင့် အသက်ကိုနှင်း၍၊ ကြည်ကြည်ဌေး၊ မေယုတို့နှင့် သတ္တိသွေးနှင့် တေးလုလင်၊ နှင်းဆီနှင့် နန်းကြာရိပ်မြိုင်၊ အပါအဝင် ရုပ်ရှင်ဇာတ်ကားပေါင်း (၆၇)ကား ရိုက်ကူးခဲ့သည်။ တွံတေးသိန်းတန်သည် ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ်လည်း ရိုက်ကူးထုတ်လုပ်ခဲ့ရာ မင်းသမီး စန္ဒာနှင့် တွဲဖက်သရုပ်ဆောင်သည့် ကိုယ်ရယ် မင်းရယ် ပန်းပိတောက်ရယ်နှင့် ချစ်မိတော့လည်း အရူးအမူး ဇာတ်ကားတို့မှာ ပရိသတ်၏ နှစ်ခြိုက်အားပေးခြင်း ခံရသည်။

ဓာတ်ပြားသီချင်း

ဓာတ်ပြားတေးသီချင်းများ အနေနှင့် ထွေးညို ထွက်ရှိပြီး နောက်ပိုင်း အဆက်မပြတ် သီဆိုထုတ်လွှင့်ခဲ့ရာ အဆိုတော် တွံတေးသိန်းတန်ကိုယ်တိုင် အရေအတွက် မှတ်မိခြင်း မရှိတော့ဟု ဆိုသည်။ တိတ်ခွေ (၂၉)ခွေ ထွက်ရှိခဲ့ပြီး သီချင်းပုဒ်ရေ ၃၂၀−ခန့်၊ ပြဇာတ်တေးများ ပါဝင်လျှင် ၃၅၀ခန့် ရှိမည်ဟု ခန့်မှန်းကြသည်။

ဇာတ်သဘင်

၁၉၇၄ ခုနှစ်တွင် တွံတေးသိန်းတန် ဂီတရုပ်ရှင် ပြဇာတ် သဘင် ဇာတ်သဘင်အဖွဲ့ကို ဖွဲ့စည်းကာ ဇာတ်မင်းသားအဖြစ်နှင့်လည်း အနယ်နယ် အရပ်ရပ်သို့ လှည့်လည်ကပြခဲ့ရာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးခြင်းကို ခံခဲ့ရသည်။ မြန်မာ့ယဉ်ကျေးမှု တေးသီချင်းများကို သီဆိုလေ့ရှိသော တွံတေးသိန်းတန်သည် ဂီတပရိသတ်အားပေးမှု အများဆုံးရရှိသော တေးပြုအဆိုတော်အဖြစ် မြန်မာ့ဂီတသမိုင်းမှတ်တမ်းများတွင် ဖော်ပြသည်။ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်သီဆို အသံလွှင့်ခဲ့သော တေးသီချင်းများစွာအနက် ဖိုးလမင်းကို အောင်သွယ်ခိုင်းမယ်၊ နှမလက်လျှော့ နေလေတော့၊ ဝဏ္ဏပဘာ၊ အသီးတစ်ရာ အညှာတစ်ခု၊ အမေ့ပါးက သနပ်ခါး တို့မှာ ခေတ်အဆက်ဆက် မရိုးနိုင်သော တေးများအဖြစ် ဂန္ထဝင်တွင် ကျန်ရစ်သည်။

စာရေးဆရာ

ထို့ပြင် တွံတေးသိန်းတန်သည် ဂီတရုပ်ရှင်သာမက သီးသန့် လုံးချင်းဝတ္တုရှည်များကိုလည်း ရေးသားခဲ့ရာစာအုပ် (၂၀)ခန့်ထိ ရှိခဲ့သည်။ မခေါ်သာ တော်ရာကပြုံးပါမယ်၊ အချစ်ကစနေ ကိုယ်ကစနေ စသော ဝတ္တုစာအုပ်များက ထင်ရှားသည်။

မိသားစုဘဝ

အဆိုတော် တွံတေးသိန်းတန်သည် ဒေါ်ခင်ခင်စန်းမြင့်နှင့် လက်ထပ်ခဲ့ပြီး သားသမီး (၄)ဦးထွန်းကားခဲ့သည်။ ယင်းတို့အနက် ဝင်းပပသိန်းတန် အမည်ဖြင့် သမီးလေးသည် အဆိုတော် တစ်ဦးဖြစ်လာသည်။ ထို့ပြင် ဘဝအချိုးအကွေ့ အပြောင်းအလဲ၌ ဒေါ်သန်းချစ် (ခေါ်) အဆိုတော်ချစ်စပါယ်နှင့် လက်ထပ်ခဲ့သည်။ ၎င်းတို့၌ သမီးတစ်ဦးရှိပြီး ၎င်းသမီးသည် ယခုအခါ ဖခင်နှင့် မိခင်ကဲ့သို့ပင် ရွှေရည်သိန်းတန် အမည်ဖြင့် အဆိုတော်တစ်ဦးဖြစ်လာသည်။[၂]

ဘဝနိဂုံး

တစ်သက်တာ ကာလပတ်လုံး အနုပညာနှင့် နေထိုင်ခဲ့သော တွံတေးသိန်းတန်သည် ၁၉၉၉ခု၊ ဇန်နဝါရီလ (၁၁)ရက်နေ့တွင် ရန်ကုန်မြို့၌ အသည်းကင်ဆာဖြင့် ကွယ်လွန်ခဲ့သည်။ [၃]

ကိုးကား

1. ရဲသွေးထက် ရေး ပြည်သူချစ်သော တွံတေးသိန်းတန်၊ ၂၀၁၅ အောက်တိုဘာလ၊ မြတ်ပန်းရဂုံ စာပေ၊ စာ -၃

2. မြန်မာ့စွယ်စုံကျမ်းအနှစ်ချုပ်(၂၀၁၆)

3. ကာတွန်းဝင်းအောင် – အောင်မြင်သော မြန်မာအနုပညာရှင်များ

ကဏ္ဍများ: ၁၉၁၄ မွေးဖွားသူများ၁၉၉၉ ကွယ်လွန်သူများမြန်မာ အမျိုးသား ရုပ်ရှင်သရုပ်ဆောင်များမြန်မာ အမျိုးသား အဆိုတော်များ

ဤစာမျက်နှာကို ၉ ဖေဖော်ဝါရီ ၂၀၂၃၊ ၀၅:၀၇ အချိန်တွင် နောက်ဆုံး ပြင်ဆင်ခဲ့သည်။