၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ

မှတ်ဖွယ် မှတ်ရာ
ဆည် မြောင်း ရေးရာ
စာပဒေသာ ( ၄ )

မြစ် ရေကြီးခြင်း နှင့် မြန်မာနိုင်ငံ ရေကြီးမှု ဖြစ်စဉ်များ။

မြန်မာနိုင်ငံနေရာဒေသ အသီးသီးတွင် နှစ်စဉ် ရေကြီးမှုများ အခါအားလျော်စွာ သာမက ၊ မကြာခနဖြစ် လေ့
ရှီလာနေပါသည်။
မိုးရာသီ တွင် ေုသအလိုက် မြစ် ရေ ကြီး မှု ဖြစ်စဉ် များတွင် ဒေသခံ ပြည်သူအများ စိုးရိမ်စီတ်များ ဖြင့် ရေကြီးချိန် ရေဘေးကာကွယ် ရေးများ ကို နယ် မြေတာဝနိခံ ဆည် မြောင်း အင်ဂျင်နီယာများ၊ ဝန်ထမ်းများနှင့်အတူ စုပေါင်း ဝိုင်း ဝန်း ဆောင်ရွက် ခဲ့ကြသည်မှာ အားရစယွယ် ဖြစ်ပါသည် ။

သို့ရာတွင် ပွဲပြီးမီးသေ မြန်မာစကားအတိုင်း မိုးကုန် ၍
နွေရာသီ ပူပြင်းခြောက် သွေ့ ရာသီ ရောက်လာသောအခါ
ဖြစ်ခဲ့သော ၊ ခံစားခဲ့ကြရသော ရေကြီး ဖြစ်စဉ်များ ကို
အများစု ပြည်သူများမေ့မေ့ပျောက်ပျောက် ဖြစ် သွား တတ်ကြသည်မှာ မြန်မာ့လူနေမှုဓလေ့လိုဖြစ် နေပါသည်။
သမိုင်းကို မေးထားခဲ့ တတ်ကြပါသည်.

သမိုင်းထဲက သင်ခန်းစာများကိုလေ့လာပြီး
နောင် ထပ်မံ မဖြစ်ပွါးရလေ အောင် အဖြေထုတ်ခါ ‘
နောင်ထပ်မံဖြစ်လာနိုင်သေးသည့် ရေကြီးမှုများအတွက်
ကြိုတင်ပြင်ဆင် မှုများ ကို ပြည်သူများအပါအဝင်
တာဝန်ရှိသူ လူကြိးများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း
အသီးသီးက လိုအပ်သည်များ ကိုတင် စိမံ ဆောင်ရွက်
ကြရပါမည် ။
မြန်မာနိုင်ငံရေကြီးဖြစ်စဉ်များထဲမှ
၂၀၁၅ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ထူးကဲရေကြီးမှုဖြစ်စဉ်
တစ်ရပ် ကို လေ့လာသိရှိသင်ခန်း စာများထုတ်ယူ နိုင်ကြစေရန် ရည် ရွယ် လျက်

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၆ တွင် ဖော်ပြခဲ့သော
၂၀၁၅ ရေကြီးဖြစ်စဉ် နောက်ခ့သမိုင်း ဆောင်းပါး ကို
ပြန်လည်ကူးယူ ဖေါ်ပြလိုက်ပါသည။

အေးမြင့်
ညောင်တုန်း
၂၃ ဒီဇင်ဘ ၂၀၂၂

ရည် ညွှန်း

မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၆ တွင် ဖော်ပြခဲ့သော
၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ ဆောင်းပါး
( ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး)

ရေကြီးမှုဖြစ်စဉ်များ

မြန်မာနိုင်ငံ ရေကြီးမှု ဖြစ်စဉ်များကို လေ့လာလျှင် အောက်ပါအတိုင်း တွေ့ရှိရသည်။

၁။ မြစ်ကြီးများတွင် ဖြစ်လေ့ရှိသော ရေဥြီးမှုများ ၊

မြစ်ကြီးများ၏ မြစ်ဖျားပိုင်းတွင် မိုးဆက်တိုက် ရွာသွန်းပြီးနောက် မြစ်အောက်ပိုင်း၌ ဖြစ်ပေါ်သော ရေကြီးခြင်းများ

၂။ ဒေသအလိုက် ဖြစ်ပေါ်သော ရေကြီးခြင်းများ

ဒေသအလိုက် ရေကြီးမှုများတွင်

(က) မြို့ပြရေကြီးမှုများသည် –

-မြေအောက်ရေနှင့် အစိုဓာတ်များသော မြေလွှာ ရှိနေခြင်း၊
-မြို့ပြ ဖွံ့ဖြိုး တိုးတက်လာသဖြင့် ကွန်ကရစ်လမ်းများ၊ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်လာ၍ မြေကြီးထဲသို့ ရေစိမ့်ဝင်နှုန်း မကောင်းခြင်း၊
-ရေနုတ်မြောင်းနှင့် ရေနုတ်အဆောက်အအုံများ ပြိုပျက်ခြင်း၊ စနစ်တကျ တည်ဆောက်မထားခြင်း၊-

  • မြောင်းများ ပိတ်ဆို့နေခြင်း
    -ယာယီ ရေထိန်းနိုင်သော ကစားကွင်း၊ ပန်းခြံ၊ ရေလှောင်ကန်တို့ လျော့နည်းသွားခြင်း
    စသည် တို့ကြောင့် ဖြစ်သည်။

(ခ)ကျေးလက်ဒေသများ၌ ရေကြီးမှုများ

မြစ်ချောင်းများပေါ်တွင် တည်ဆောက်ထားသော
ရေလှောင်ကန်များ၊ တာတမံများ ရေကျော်ခြင်း၊
ကျိုးပေါက် ပျက်စီးခြင်းများကြောင့် ရေကြီးသည်။

(ဂ ) တောင်တန်း ဒေသ ရေကြီးမှုများ

တောင်တန်းဒေသများ ဖြစ်သော ကရင်၊ ကချင်၊ ရှမ်း၊ မွန်နှင့် ချင်းတောင်တို့တွင် တောင်ကျရေများကြောင့် လျှပ်တစ်ပြက် ရေကြီးတတ်သည်။ ကချင်ပြည်နယ် မေခနှင့် မလိခမြစ်ဆုံရာ ဧရာဝတီမြစ် အစပိုင်းတွင်မူ နွေဦး ရာသီ၌ ဆီးနှင်းတောင်များရှိ ရေခဲများ စတင် အရည်ပျော်ရာမှ လျှပ်တစ်ပြက် ရေကြီးခြင်းများ မကြာခဏ ဖြစ်ပေါ်လေ့ရှိသည်။

(ဃ) ပင်လယ်ကမ်းရိုးတန်းဒေသ ရေကြီူမှုများ

ပင်လယ်ကမ်းရိုးတန်းဒေသများတွင် ဆိုင်ကလုံးနှင့် ပင်လယ်မုန်တိုင်း တိုက်ကာ မုန်တိုင်းဒီရေကြောင့် ဖြစ်ပေါ်သော ရေကြီးမှုများကို ကြုံတွေ့ရတတ်သည်။

(င)မြစ်ဝကျွန်းပေါ် ဒေသ ရေကြီးခြင်းများ

အထက်အညာမှ စီးဆင်းလာသော မြစ်ရေများ နှင့်ပင်လယ်ဒီရေတို့ ဆုံတွေ့သောအခါ ပေါ်ပေါက်သည့် မြစ်ဝကျွန်းပေါ် ဒေသ ရေကြီးခြင်းများ

ယင်းရေကြီးမှုဖြစ်စဉ် သုံးမျိုး၌ မြစ်ကြီးများတွင် ဖြစ်သော ရေကြီးမှုမှာ အများဆုံး ဖြစ်သည်။

၃။ အဓိက မြစ်ကြီးများ၏ ရေကြီးမှု ဝိသေသများ

မြန်မာပြည် အဓိက မြစ်ကြီးများ၏ ရေကြီးမှု ဝိသေသများ
မြန်မာပြည်မြောက်ပိုင်းတွင် ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့၏ အစပိုင်း ရေဝေရေလဲဒေသများတွင် အနည်းဆုံး သုံးရက် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပါက အောက်ပိုင်းတွင် ရေကြီးမှုများ ဖြစ်ပေါ်သည်။

ဧရာဝတီမြစ်၏ ရေဝေရေလဲ ဒေသသည် နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့်အထိ ကျယ်ပြန့်ရာ ဧရာဝတီမြစ်နှင့် ယင်း၏ လက်တက်များ ဖြတ်သန်း စီးဆင်းရာ စစ်ကိုင်း၊ ကချင်၊ ရှမ်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ စသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး အများအပြားသည် ရေကြီးမှု အများဆုံး ခံရသည်။

စစ်တောင်းမြစ်နှင့် သံလွင်မြစ်တို့တွင် အများအားဖြင့် တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်သော တိုင်ဖွန်း မုန်တိုင်းနှင့် အပူပိုင်းဒေသ မုန်တိုင်းတို့ကြောင့် ဖြစ်ပေါ်သော လေဖိအားနည်းရပ်ဝန်းနှင့်အတူ မိုးရွာသွန်းမှု ပုံမှန်ထက် များပြားသည့်အခါတွင် ရေကြီးသည်။

၄။ ထူးကဲရေကြီးမှုများ

နှစ်စဉ်ဖြစ်လေ့ရှိသော ရေကြီးမှုများ သာမက ရာသီဥတု ပြောင်းလဲခြင်းကြောင့် ပုံမှန်ထက် လွန်ကဲသော ရေကြီးမှုများကို မြန်မာနိုင်ငံ၌ စတင် ကြုံတွေ့လာရရာ ၂၀၁၅ ခုနှစ် ရေကြီးခြင်းသည် ထင်ရှားသော သာဓက ဖြစ်သည်။

ရုပ်ကြွင်းလောင်စာ အသုံးပြုမှု လွန်ကဲခြင်း၊ သစ်တောပြုန်းတီးခြင်း စသည်တို့ကြောင့် ကမ္ဘာနှင့်အဝန်း ဖြစ်ပေါ်နေသော ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံရမည့် နိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံသည် ထိပ်ပိုင်းမှ ပါဝင်လျက်ရှိသည်။ ရာသီဥတု ပြောင်းလဲခြင်း၏ အကျိုးဆက်များအနက် တစ်ခုမှာ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲခြင်း ဖြစ် သည်။

မြန်မာနိုင်ငံ၏ မိုးရာသီကာလသည် တိုတောင်းလာခဲ့ပြီး မိုးရွာသွန်းမှုမှာမူ အချိန်တိုအတွင်း နေရာကွက်၍ မိုးသည်းထန်စွာ ရွာသွန်းလာခဲ့ကြောင်း တွေ့ရှိရသည်။
ယင်းသို့ပြောင်းလဲခဲ့သော မိုးရွာသွန်းမှု ပုံစံအပြင် ကိုမန် မုန်တိုင်း တိုက်ခတ်ခြင်း၏ အကျိုးဆက်ကြောင့် ၂၀၁၅ ခုနှစ်တွင် နေရာကွက်၍ အချိန်တိုအတွင်း မိုးကြီးကာ လျှပ်တပြက် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ရေလှောင်တမံများ၏ ရေပိုလွှဲများမှ ရေကျော်ခြင်း၊ မြေပြိုခြင်း စသည်တို့ကြောင့် ရှောင်တိမ်းချိန် မရဘဲ ပြည်သူလူထု အသက် အိုးအိမ် စည်းစိမ်တို့ ဆုံးရှုံးခဲ့ရသည်။

ရေကြီးမှုများကြောင့် အထက်အညာ မြစ်ဝှမ်းဒေသများမှ သယ်ဆောင်လာကာ ရေလွှမ်းရာ မြေပြင်ပေါ်သို့ ဖြတ်သန်း ပို့ချပေးသော အနည်နှင့် နုံးများတွင် စိုက်ပျိုးပင်တို့အတွက် သဘာဝမြေဆီမြေနှစ်များ ပါလာခြင်း၊ ရေထဲတွင် ငါးစသော ရေသတ္တဝါတို့အတွက် အာဟာရများ ပါဝင်ခြင်း ကောင်းကျိုးများကို ရရှိသော်လည်း အဓိကမြစ်ကြီးများတွင် အနည်ကျ နုန်းတင်ပြီး ချောင်း မြောင်းများ တိမ်ကောခြင်း ဆိုးကျိုးလည်း ဖြစ်ပေါ်သည်။
ရလဒ်အနေဖြင့် မြစ်ကြီးများတလျှောက် နေရာ အများအပြားတွင် ရေကြီးမှုအကြိမ် များလာသည်သာမက ပမာဏလည်း ကြီးထွားလာနေသည်။
ဥပမာ ဧရာဝတီမြစ်ထဲတွင် နှစ်စဉ် နုန်းပို့ချမှု ပမာဏသည် တန်ချိန် သန်းပေါင်း ၃၀၀ မှ ၄၀၀ အထိရှိနေရာ ယင်းနုန်းများကြောင့် မြစ်ချောင်းများ တိမ်ကောကာ ရေကြီးမှု ပိုမိုဆိုးရွားလာနေသည်။

၅။ ၂၀၁၅ မုတ်သုန်မိုးနှင့် ရေကြီးမှုများ

၂၀၁၅ ခုနှစ် ဇူလိုင်လ ဒုတိယပတ်အတွင်း ပြင်းထန်စွာ ရွာသွန်းသော မုတ်သုန်မိုးကြောင့် စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်နှစ်ခုကြား ဒေသတွင် ရေကြီးမှုများ၊ ရေလှောင်တမံ ရေပိုလွှဲများမှရေကျော်မှုများ ဖြစ်ပေါ်ခဲ့သည်။ မုံရွာမြို့နှင့် ပဲခူးမြို့တို့တွင် ၄၃ နှစ် အတွင်း ဒုတိယအများဆုံး မြစ်ရေများ စံချိန်တင် တက်ရောက်ခဲ့ပြီး ရွှေကျင်မြို့တွင်လည်း ၄၄ နှစ်အတွင်း တတိယအမြင့်ဆုံး စံချိန်တင် မြစ်ရေ တက်ရောက်ခဲ့သည်။

အချိန်တိုအတွင်း ပြင်းထန်စွာ ရွာသွန်းသောမိုးကြောင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ သဖန်းဆိပ် ရေလှောင်တမံနှင့် ကင်းတပ် ရေထိန်းတမံတို့တွင် စီးဝင်ရေ မြင့်မားခဲ့သဖြင့် ရေပိုလွှဲ ရေထုတ်ပြွန်နှင့် ရေတံခါးများမှ ရေကြိုတင် ထုတ်နှုတ်ခဲ့ရသည်။

ကန့်ဘလူမြို့နယ် မင်းမြင်ရေလှောင်တမံတွင် တမံပေါ်မှ ရေကျော် စီးဆင်းခဲ့သည်။
မင်းမြင်ဆည်၏ တမံအမြင့်မှာ ၈၈ ပေ ဖြစ်ပြီး အလျား ၂၃၅၀ ပေ ရှိသည်။ တမံ၏ မိုးရေချိန်စခန်းရှိ တစ်လအတွင်း အများဆုံး မိုးရေချိန်သည် ၂၀၁၃ ခုနှစ်က ၁၅ ဒသမ ၆၇ လက်မ ရှိခဲ့သည်။
၂၀၁၅ ခုနှစ် ဇူလိုင် ၁ ရက်မှ ၁၉ ရက်အတွင်း ၃၀ ဒသမ ၁၇ လက်မ ရွာသွန်းခဲ့ရာ စံချိန်ဟောင်းထက် နှစ်ဆခန့် များပြားသည်။ ဇူလိုင်လ ၁၈ ရက် တစ်ရက်တည်းတွင် ၁၀ ဒသမ ၆၆ လက်မ ရွာသွန်းခဲ့သည့်အတွက် ယင်းနေ့ ၉ း ၂၀ နာရီတွင် တမံပေါ်မှ ရေစတင်ကျော်ခဲ့သည်။
ရေကျော် ပမာဏမှာ ၂ ဒသမ ၃ ပေသာ ဖြစ်ပြီး ရေကျော်ချိန် သုံးနာရီသာ ရှိခဲ့၍ အချိန် တိုတောင်းသဖြင့် တမံကိုယ်ထည် အနည်းငယ် ရေစားသွားသည်မှအပ ကြီးကြီး မားမား မပျက်စီးခဲ့ချေ။

(၆) ၂၀၁၅ ကိုမန်မုန်တိုင်း နှင့်
ပြည်နယ် တိုင်း ဒေသအလိုက် ရေကြီးဖြစ်စဉ် များ

ဘင်္ဂလားပင်လယ်အော်အတွင်း၌ ဖြစ်ပေါ်ခဲ့ကာ မြန်မာနှင့်ဘင်္ဂလားဒက်ရှ် နှစ်နိုင်ငံကြားမှတစ်ဆင့် ဇူလိုင်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒက်ရှ် ကုန်းပိုင်းသို့ ဝင်ရောက်ခဲ့သည့် ကိုမန်မုန်တိုင်း၏ အရှိန်ကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်တို့တွင် ရေကြီးမှု၊ မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။

(က)မကွေးတိုင်း

မကွေးတိုင်း ဒေသကြီးတွင် ရေကြီးမှုကြောင့် ရေလှောင်တမံများ ရေပြည့်လျှံ၍ ရေပိုလွှဲမှ ရေကျော်ကျမှုများ ဖြစ်ပေါ်ခဲ့သည်။

(ခ)မင်းဘူးခရိုင်

ချင်းတောင်တန်းနှင့် ဆက်စပ်ပြီး မင်းဘူးခရိုင်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ မုန်းချောင်းပေါ်တွင် မုန်းတမံနှင့် ကြီးအုံကြီးဝ တမံ၊ မန်းချောင်းပေါ်တွင် မန်းတမံ၊ စလင်းချောင်းပေါ်တွင် စလင်းတမံတို့သည် ကန်ရေပြည့် ရေလှောင် ပမာဏထက် များစွာ ကျော်လွန်ပြီး ရေပိုလွှဲ အသီးသီးမှ မျှော်မှန်း မထားသော ရေထုထည်ဖြင့် ကျော်ကျ စီးဆင်းခဲ့၍ တမံကြီးများ၏ တည်ငြိမ်မှုနှင့် လုံခြုံမှုကိုပါ ခြိမ်းချောက်ခံရသည့် အနေအထားသို့ ရောက်ရှိခဲ့သည်။

မုန်းချောင်း ရေလှောင်တမံ

အဆိုပါ တမံကြီးများအနက် အရွယ်အစားရော၊ ရေလှောင်ပမာဏပါ အကြီးမားဆုံး ဖြစ်သည့် မုန်းချောင်း ရေလှောင်တမံတွင် ဇူလိုင်လ ၃၁ ရက်နေ့တွင် ရေလွတ် တာဘောင်အမြင့် ပေ ၄၀ ရှိသည့်အနက် ၄ ပေခန့်သာ ကျန်ရှိတော့သည့် အခြေအနေသို့ ရောက်ရှိပြီး တမံထိပ်မှ ကျော်ကျလု နီးပါးဖြစ်ခဲ့သဖြင့် အလွန်စိုးရိမ်ရသည့် အခြေအနေသို့ရောက်ရှိခဲ့သည်။
မုန်းတမံ၏ အောက်ဘက် ၁၅ မိုင်ခန့်အကွာတွင် တည်ဆောက်ထားသော ကြီးအုံကြီး၀ တမံတွင်လည်း ယင်းနေ့တွင်ပင် ရေကြီးမှု ဖြစ်ခဲ့သည်။

(ဂ) စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့

ကိုမန်မုန်တိုင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ မြစ်သာမြစ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှ စ၍ စံချိန်တင် ရေကြီးခဲ့သည်။
မြစ်သာမြစ် ပြင်သာ ကျေးရွာ၏ ၂၆ နှစ်တာ မှတ်တမ်းများအရ ၂၀၁၅ ခုနှစ် ရေကြီးမှုမှာ အမြင့်ဆုံး ဖြစ်သည်။
အကြောင်းရင်းမှာ ကလေး၀အနီး ချင်းတွင်းမြစ်နှင့် မြစ်သာမြစ် ပေါင်းဆုံသည့် နေရာသည် ပုလင်းလည်ပင်းကဲ့သို့ ဖြစ်နေ၍ ရေပြင် မြင့်တက်လာသောအခါ ရေထွက်ရန် ကြာရှည်သဖြင့် မြစ်ရေတွင် ပါလာသော နုန်းများ ထိုင်ခြင်းကြောင့် ဖြစ်နိုင်သည်။

ဂြိုဟ်တုဓာတ်ပုံဖြင့် ခန့်မှန်းချက်အရ စုဆောင်းမိသော ရေပမာဏသည် ၆၄ ဘီလျံကုဗပေခန့် ရှိကြောင်း သိရှိရသည်။ ယင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး သဖန်းဆိပ် ရေလှောင်တမံ ရေလှောင်နိုင်မှု၏ ထက်ဝက် ဖြစ်သည်။
၂၀၁၅ ခုနှစ် မြစ်သာမြစ် ရေကြီးခြင်းတွင် မဏိပူရမြစ် ရေကြီးခြင်း၊ နေရဉ္စရာမြစ်ပေါ်ရှိ ရာဇဂြိုဟ် ရေလှောင်တမံ ရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ချင်းတောင်မှ မြစ်ဖျားခံပြီး မြစ်သာမြစ်အတွင်းစီးဝင်သော ချောင်းမြောင်းများမှ ရေစီးဆင်းလာမှုများ ပါဝင်သည်။
ရေကြီးသည့်အချိန်တွင် ရာဇဂြိုဟ်ရေလှောင်တမံ ရေပိုလွှဲမှ ၄ ဒသမ ၅ ပေ ရေကျော်ခဲ့သော်လည်း တမံတွင် တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ချေ။

(ဃ) မုံရွာမြို့

ထိုနည်းတူ ချင်းတွင်းမြစ်ရေကြောင့် မုံရွာမြို့တွင်
ရေကြီးခဲ့သည်။
မုံရွာမြို့၏ ၁၈ နှစ်စာ ရေကြီးမှု မှတ်တမ်းများကို လေ့လာ၍ ကြိမ်နှုန်း ဆန်းစစ်မှု ပြုလုပ်ကြည့်ရာ ၂၀၁၅ ခုနှစ် ရေကြီးမှုသည် ၂၅ နှစ်မှ နှစ် ၅၀ အထိ ကာလအတွင်း တစ်ကြိမ်သာ ဖြစ်နိုင်သည့် ရေကြီးမှုမျိုး ဖြစ်သည်။
ဒေသခံများ၏ အဆိုအရလည်း လွန်ခဲ့သော နှစ် ၅၀ အတွင်း ယခုကဲ့သို့ ရေကြီးခြင်းမျိုး တစ်ကြိမ် တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးသေးကြောင်း သိရှိရသည်။

(င) ချင်းပြည်နယ်

၂၀၁၅ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်နှင့် သြဂုတ်လဆန်းပိုင်းအတွင်း ချင်းပြည်နယ် အနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ တွန်းဇန်၊ မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ပလက်ဝ စသည့် မြို့နယ်ပေါင်း ကိုးမြို့နယ်အတွင်း မိုးရေ တောင်ကျရေများနှင့်အတူ မြေပြိုတောင်ပြိုကျမှုများကြောင့် နေအိမ်ပေါင်း ၁၁၀၀ ကျော် ပြိုကျ ပျက်စီးခဲ့ကာ ပြောင်းရွှေ့ရန် လိုအပ်သော အိမ်ခြေ ၂၈၀၀ ကျော် နှင့် လူဦးရေ ၁၄၉၀၀ ကျော် သဘာဝဘေး သင့်ခဲ့ပြီး ကျပ်သန်းပေါင်း ၃၀၀၀ ကျော် ဆုံးရှုံးခဲ့ရသည်။
လမ်းပန်း ဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့သည်။ တွန်းဇံ မြို့နယ် ဟားခါးလေးကျေးရွာတွင် စီးဆင်းလာသော ရွှံ့ညွန်ရေများကြောင့် ရွာလုံးကျွတ်နီးပါး အိမ်များ မျောပါခဲ့သော်လည်း လူအသေအပျောက် မရှိခဲ့ချေ။

(စ)ရခိုင် ပြည်နယ်

ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မင်းပြားနှင့် မြောက်ဦးမြို့နယ်တို့သည် အထိခိုက်ဆုံး ဒေသများ ဖြစ်ကြသည်။ ယင်းမြို့နယ်ရှိ အချို့သော ကျေးရွာများမှာ ရေပတ်လည် ဝိုင်းနေသည့်အတွက် သွားရောက်ရန် ခက်ခဲ့ရာ လေတပ်မှ ရဟတ်ယာဉ်များ၏ အကူအညီဖြင့် စားရေရိက္ခာများကိုပေးပို့ခဲ့ရသည်။
အထူးသဖြင့် သောက်ရေကန်များကို ရွှံ့ရည်များ၊ ဆားငံရည်များ ဖုံးလွှမ်းသွားသည့်အတွက် သောက်ရေ ပြတ်လတ်သွားသဖြင့် ရေသန့်ဘူးများ၊ ရေသန့်ဆေးပြားများကို အရေးပေါ် ဝေငှပေးခဲ့ရသည်။
ဇူလိုင်လ ၂၇ ရက်နေ့တွင် စစ်တွေနှင့် မြောက်ဦးကြား ကားလမ်း ရေကျော်သွားခဲ့ပြီး ၂၈ ရက်နေ့မှစ၍ ပြတ်တောက်သွား
ခဲ့သည်။
လေးမြို့မြစ်ရေ မြင့်တက်သဖြင့် မင်းဗြားမြို့ပေါ်လမ်းအချို့ ရေလွှမ်းခဲ့သည်။
ဇူလိုင် လ ၂၈ ရက်နှင့် ၂၉ ရက်နေ့များတွင် အဆိုးဆုံး ရေကြီးခဲ့ပြီး ကျောက်တော်မြို့နယ်တွင် ကျေးရွာ ၅၀ ကျော် ရေလွှမ်းခဲ့သည်။

(ဆ) ဧရာဝတီ တိုင်း ဒေသကြီး

မုတ်သုန်မိုးရေနှင့် မုန်တိုင်းမိုးရေတို့ ပေါင်းဆုံပြီး
ဧရာဝတီ တိုင်း ဒေသကြီး အတွင်း ရေကြီးမှုများ ။

၂၀၁၅ ခုနှစ် ဇွန်လမှ စတင်၍ မြန်မာပြည် အထက်ပိုင်းတွင် မိုးရွာသွန်းမှု များပြားသဖြင့် ဇွန်လ ပထမပတ်မှ စတင်၍ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေများ တဖြည်းဖြည်းချင်း မြင့်တက်ခဲ့သည်။
ယင်းသို့ မြင့်တက်လာသော မြစ်ရေသည် ကိုမန်မုန်တိုင်း၏ အရှိန်ကြောင့် ဇူလိုင်လတစ်လလုံး ထပ်ဆင့်၍ ဆက်လက် မြင့်တက်ခဲ့သည်။
အဆိုပါ မြစ်နှစ်မြစ်တို့၏ ရေများသည် ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ သြဂုတ်လ ပထမပတ် အတွင်း ရောက်ရှိပြီး ကြံခင်းမြို့၊ မြန်အောင်မြို့၊ ဟင်္သာ တမြို့၊ ဓနုဖြူမြို့နှင့် လေးမျက်နှာမြို့တို့တွင် ၂၀၁၄ ခုနှစ်က အမြင့်ဆုံး တက်ခဲ့သည့် ရေမှတ်များ အထက်သို့ ထူးကဲစွာ ကျော်လွန် ရောက်ရှိခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် မိုးရာသီ မြစ်ရေကြီးမှုကိုကာကွယ်ရန် တာတမံများ တည်ဆောက် ထားရှိသော်လည်း အဆမတန် တက်လာသော မြစ်ရေကြောင့် တာတမံအသီးသီးတွင် ရေစိမ့်ပြီး ရေပေါက်များ ဖြစ်ပေါ်ခြင်း၊ ကုန်းဘက်ပိုင်း တာတမံအခြေတွင် ရေနူးပြီး သဲဗွက်ထခြင်း၊ ရေကြီးချိန် ကြာမြင့်လာသဖြင့် တာတမံ အိကျ နိမ့်ဆင်းခြင်းနှင့် တာတမံ ဆင်ခြေလျောတွင် တာလျောခြင်း စသည့် ရေဘေးအန္တရာယ်မျိုးစုံ ပေါ်ပေါက်ခဲ့သည်။

(၇) ရေကြီးမှုကြောင့် ထိခိုက် ပျက်စီးမှုများ

၂၀၁၅ ခုနှစ် ရေကြီးမှု၊ မြေပြိုမှုတို့ကြောင့် မြန်မာ တစ်နိုင်ငံလုံးတွင် လယ်မြေဧကပေါင်း ၁ ဒသမ ၅ သန်းကျော် ရေကြီး နစ်မြုပ်ခဲ့ပြီး စပါးစိုက်ဧက ၁ သန်းခန့် လုံး၀ ပျက်စီးခဲ့သည်။
လူပေါင်း ၁ ဒသမ ၆ သန်းကျော် ထိခိုက်ပြီး အိမ်ထောင်စု ၅ သိန်းခန့် အိုးအိမ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
လူဦးရေ ၁၀၀ ကျော် အသက် ဆုံးရှုံးသည်။

(၈)ပြန်လည်သုံးသပ်ချက်

၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့်ဆက်စပ်ပြီး ရေလှောင်တမံကြီးများကြောင့် ရေကြီးသည်၊ သို့မဟုတ် ရေကြီးမှု ပိုမို ဆိုးရ္ဂွားသည်ဟု အချို့က လွဲမှားစွာ ထင်မြင် ယူဆနေကြသည်။
ယင်းယူဆချက် မှားယွင်းကြောင်း မုန်းချောင်းဖြစ်စဉ်ကို လေ့လာလျှင် သိနိုင်သည်။
မုန်းချောင်း တမံတွင် ၃၁ . ၇ . ၂၀၁၅ နေ့ အများဆုံး ရေဝင်ရောက်မှုကို တွက်ချက်ကြည့်ရာ ဝင်ရေမှာ တစ်စက္ကန့် လျှင် ၄၅၃၅၆၇ ကုဗပေ ဖြစ်ပြီး ရေပိုလွှဲမှ ထွက်ရေမှာ တစ်စက္ကန့်လျှင် ၂၃၂၄၁၀ ကုဗပေဖြစ်သည်။
ဝင်ရေ၏ ထက်ဝက်ခန့်ကို တမံက လျှော့ချနိုင်ပြီး ဆက်လက်၍ ၇ နာရီခန့် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တွေ့ရ၍ တမံ အောက်ဘက်တွင် နေထိုင်သူများ ကြိုတင်ပြင်ဆင်ရန် အချိန်ရရှိ
သည်။
အကယ်၍သာ တမံမရှိပါက ပြင်ဆင်ချိန် ရနိုင်ဖွယ်ရာ မရှိချေ။

(၉) နိဂုံး
– ရေကြီးမှုများ ကာကွယ် ရေး

အနာဂတ်ရေကြီးမှုများ၏ဒဏ်မှ သက်သာရာရစေရန် နည်းလမ်းများကို ယခုကပင် ကြိုတင်စဉ်းစား လုပ်ဆောင်သင့်သည်။

ဥပမာ ကလေးမြို့တွင် ၂၀၁၅ ခုနှစ် ကကဲ့သို့ ရေကြီးမှုမျိုး နောင်ထပ်မံ မဖြစ်ပေါ်စေနိုင်ရန် မြစ်သာမြစ်ရှိ အဆီးအတား ကျောက်ဆောင်များကို ဖယ်ရှားခြင်း၊ မြစ်သာ ရေလှောင်တမံ စီမံကိန်း၊ မဏိပူရ ရေလှောင်တမံ စီမံကိန်းနှင့် ချင်းတောင်မှ မြစ်ဖျားခံပြီး မြစ်သာမြစ်အတွင်း စီးဝင်သော အခြား ချောင်းမြောင်းများ ပေါ်တွင် တည်ဆောက်ရန် ရှိသည့် စီမံကိန်းများကို
အလျင်အမြန် ပြီးစီးအောင် လုပ်ဆောင်သင့်သည်။
သို့မှသာ ကလေးမြို့သည် စိတ်ချရမည် ဖြစ်သည်။

အရေးကြီးသောအခြားအချက်များမှာ ရေဝေရေလဲ ဒေသများရှိ သစ်တောများကို ထိန်းသိမ်းခြင်း၊ ပြန်လည် စိုက်ပျိုးခြင်း၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေအသုံးချရေးကို နည်းမှန်လမ်းမှန်နှင့် စနစ် တကျ ဆောင်ရွက်ခြင်းနှင့် မြေအသုံးချရေး ပေါ်လစီနှင့် နည်းဥပဒေများကို အကောင်အထည်ဖော်ရန်နှင့် တိကျစွာ လိုက်နာရန် လိုအပ်သည်။

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာ့ရေ သယံဇာတ
စနစ်ကို လေ့လာရာတွင် အသုံးပြုကြသည့် တည်ငြိမ်မှုသီဝရီသည် မှန်မှ မှန်ပါတော့မလားဟု မေးခွန်းထုတ်စရာ ဖြစ်လာသည်။ တည်ငြိမ်မှု သီဝရီအရ သဘာဝစနစ်ကြီးသည် အကန့်အသတ် ရှိသော နယ်နိမိတ်များထဲတွင်သာ ရွေ့လျားကြ၊ အတက်အကျ ဖြစ်ကြသည်ဟု ဆိုထားသည်။
အဓိပ္ပာယ်မှာ ရေလွှမ်းလျှင် အများအားဖြင့် ကန့်သတ်ဘောင်အတွင်း၌သာ လွှမ်းသည်၊
ထိုထက် ပို၍ မလွှမ်း။ မိုးခေါင်လျှင်လည်း အများအားဖြင့် ဘောင်အတွင်း၌သာ ခေါင်သည်၊ ထို့ထက် ပို၍ မခေါင်။

သို့သော် လက်ရှိရေသံသရာလည်မှုသည် ရှေးကနှင့်မတူတော့ဘဲ ဘောင်ကျော်နေ၊ အပြောင်းအလဲ များနေရာ အင်ဂျင်နီယာတို့က ရေနှင့်ဆက်စပ်သည့် အဆောက်အအုံများကို တွက်ချက် ပုံစံထုတ်ရာတွင် အတိတ်က အချက်အလက်များ၊ ယူဆချက်များ၊ သီဝရီများကို မှီငြမ်း အားကိုးရန် စိတ်မချရတော့သည့် အခြေအနေသို့ ရောက်နေသည်။

မြင့်မားပြီး သိုလှောင်ရေပမာဏ များပြားသည့် ရေလှောင်တမံကြီးများ၏ အောက်ဘက်တွင် လူနေ ထူထပ်သည့် မြို့ရွာများ၊ လမ်းတံတားများ တည်ရှိသဖြင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း ဖြစ်စဉ်ကြောင့် တမံ၏ ခိုင်ခံ့မှုနှင့် လုံခြုံစိတ်ချရမှုတို့ကို ခြိမ်းချောက်သည့် ချို့ယွင်း ပျက်စီးမှု တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ဆုံးရှုံးမှု ပမာဏ များပြားနိုင်သဖြင့် တမံများ၏ ဒီဇိုင်းများကို မဖြစ်မနေ အသစ်ပြန်လည် စိစစ်ဆောင်ရွက်ရမည် ဖြစ်သည်။ ရေပိုလွှဲ ဒီဇိုင်းကို ပြန်လည်စိစစ်ပြီး အကူရေပိုလွှဲများ၊ အရေးပေါ် ရေပိုလွှဲများကို တွက်ချက် ထည့်သွင်း တည်ဆောက်သွားရန် လိုအပ်နေသည်။

ထိုမျှမက လွန်ကဲသော ရေဘေးအန္တရာယ်များ၏
အကြောင်းရင်းခံဖြစ်သော ရာသီဥတုပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် ရုပ်ကြွင်းလောင်စာများကို အသုံးလျှော့ရေး၊ သဘာဝသယံဇာတများ ဖြစ်ကြသော သစ်တော၊ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္တုစသည်တို့ကို ခုတ်လှဲ ထုတ်ယူ တူးဖော်အသုံးချရာ၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြင့် ရေရှည် အသုံးပြုနိုင်ရေးတို့ကိုပါ ရည်ရွယ်၍ အလေးဂရုပြု ဖြေရှင်းရန် အခြေအနေက တောင်းဆိုနေသည်။

(မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ် ၂၀၁၆ ၌ ဖော်ပြခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

ဦးကျော်ဦး၏ kyawoo.com အင်တာနက် ဝက် ဆိုဒ်မှ ပြန်လည် ကူးယူ ဖေါ်ပြပါသည် ။

အေးမြင့် ( ညောင်တုန်း )
၂၂ ဒီဇင်ဘာ ၂၀၂၂

ရည် ညွှန်း ။

ရေကြီးဖြစ်စဉ်များနှင့်ပတ်သက်၍ ဆက်စပ် လေ့လာရန် –

၁။ kyawoo.com အင်တာနက် စာမျက်နှာများ။
-Water Security and Changing Climate
၂။ ayemyint.blog အင်တာနက် စာမျက်နှာများ။
-မှတ်ဖွယ် မှတ်ရာစာပဒေသာ General Knowledges and
Water Resources Management