ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး


ဧရာ၀တီ — ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ အမျိုးသားမြစ်ကြီး (ပါမောက္ခ ဦးမောင်မောင်အေး)

( Kyawoo.com မှ ပြန်လည် ကူးယူ မျှဝေပါသည် )

(၈ .၁၁ .၂၀၁၆ နှင့် ၉ . ၁၁ . ၂၀၁၆ ထုတ် ကြေးမုံသတင်းစာပါ ဆောင်းပါးနှစ်ပုဒ်ကို စုစည်း၍ ပြန်လည် တင်ပြခြင်း ဖြစ်ပါသည်။)

မြန်မာနိုင်ငံ၏ မြေကြော၊ ရေကြော

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသည် မြစ်ချောင်း အလွန်ပေါများကြွယ်၀သော နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။ ဧရာ၀တီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ် အဓိကမြစ်ကြီး လေးစင်းနှင့် မြစ်လက်တက် ကြီးငယ်များ၊ ချောင်းကြီး၊ ချောင်းငယ်များ၊ မြစ်ခွဲများ စသည်ဖြင့် မြစ်ဝှမ်း ချောင်းဝှမ်းပေါင်း မြောက်မြားစွာ ပါဝင်ဖွဲ့စည်း တည်ဆောက်ထားပါသည်။ နိုင်ငံအတွင်း မြောက်မှတောင်သို့ သွယ်တန်းနေသော တောင်တန်းများ (ဝါ) ဘူမိရုပ်သွင်ယူနစ်များ (morphotectonic units) က မြစ်များ စီးဆင်းသည့် လားရာအရပ် (Direction /Alignment) ကို စိုးမိုး ချယ်လှယ်နေပါသည်။ မြန်မာနိုင်ငံ၏ ရေဆင်းအဆင်ပုံစံ (Drainage Pattern) ကို ထိန်းချုပ်ထားသော အဓိက အချက်များမှာ မြေမျက်နှာသွင်ပြင်၊ ဘူမိကျောက်လွှာ အမျိုးအစား၊ ကျောက်လွှာအနေအထားနှင့် ရာသီဥတု စသည်တို့ ဖြစ်ပါသည်။

အမျိုးသားမြစ်ကြီး

ဧရာ၀တီမြစ်ကြီးသည် မြန်မာနိုင်ငံ၏ အသက်သွေးကြော (Life Artery) ဖြစ်သည်ဟု ဦးစွာဆိုပါရစေ။ ဧရာ၀တီမြစ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း ယေဘုယျအားဖြင့် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းလျက်ရှိသော မြစ်ကြီးတစ်စင်း ဖြစ်ပါသည်။ ကီလိုမီတာ ၂၁၇၀ (၁၃၄၈ မိုင်) ခန့် ရှည်လျားပြီး မြန်မာနိုင်ငံ၏ အရှည်လျားဆုံးနှင့် အကြီးဆုံးမြစ်ကြီး ဖြစ်ပါသည်။ ဤမျှရှည်လျားသော မြစ်ကြီးတစ်စင်းအဖို့ နိုင်ငံများစွာကို ဖြတ်သန်းစီးဆင်းခြင်း မပြုဘဲ မြန်မာနိုင်ငံ တစ်နိုင်ငံတည်း၏ အချုပ်အခြာ အာဏာပိုင်နက်အတွင်း လုံး၀နီးပါး ကျရောက်တည်ရှိပြီး လွတ်လပ်စွာ တသွင်သွင် စီးဆင်းနေနိုင်ခြင်းမှာ လွန်စွာ တွေ့ရခဲ၊ မြင်ရခဲလှသော ဝိသေသလက္ခဏာတစ်ရပ် ဖြစ်ပါသည်။

ထို့ပြင် ဧရာ၀တီမြစ်သည် နိုင်ငံ၏အရေးအကြီးဆုံး ကုန်သွယ်ရေကြောင်းလမ်းကြီးလည်း ဖြစ်ပါသည်။
ဧရာ၀တီမြစ်ဝှမ်း ဒေသတစ်ခုလုံးတွင် မြို့ပေါင်း ၂၁၅ မြို့၊ ရွာပေါင်း ၁၉၄၄၃ ရွာ တည်ရှိပြီး စုစုပေါင်း လူဦးရေ ၃၇ သန်းခန့် မှီတင်းနေထိုင်လျက်ရှိကြပါသည်။ သို့ဖြစ်ရာ ဧရာ၀တီမြစ်ကို မြန်မာနိုင်ငံ၏ အမျိုးသားမြစ်ကြီး (The Large National River of Myanmar) ဟု ကောင်းစွာ ခေါ်ဆိုနိုင်ပါသည်။ ဧရာ၀တီကဲ့သို့သော အမျိုးသားမြစ်မျိုးကား ဤမြေကမ္ဘာဝယ် ရှာမှရှားလှပေသည်။

မြစ်ဝှမ်းအခြေပြုနိုင်ငံ

ဧရာ၀တီမြစ်ဝှမ်း ဒေသကြီးတစ်ခုလုံး၏ စုစုပေါင်း ရေဆင်းချိုင့်ဝှမ်း ဧရိယာ (Drainage Area) မှာ စတုရန်း ကီလိုမီတာ ၄၁၁၀၀၀ (၁၅၈၆၈၈ စတုရန်းမိုင်) ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ စုစုပေါင်း ဧရိယာ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၆၇၆၅၈၁ (၂၆၁၂၂၈ စတုရန်းမိုင်) (ဧကပေါင်း ၁၆၇ ဒသမ၂ သန်း) ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ စုစုပေါင်း ဧရိယာ၏ ၆၀ ရာခိုင်နှုန်းခန့်ကို ဧရာ၀တီမြစ်ဝှမ်းဒေသကြီးက နေရာယူထားကြောင်း သိရှိနိုင်ပါသည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံသည် ဧရာ၀တီ မြစ်ဝှမ်းဒေသကြီးကို အခြေပြု တည်ဆောက်ထားသော မြစ်ဝှမ်းနိုင်ငံ (Riverine State) တစ်ခုဖြစ်သည်ဟု ဆိုနိုင်ပါသည်။

ဧရာ၀တီမြစ်ဝှမ်းရေဆင်းချိုင့်ဝှမ်း ဧရိယာ (Drainage Area) 

ဤမြစ်ဝှမ်းဒေသကြီးတွင် မြန်မာတို့၏ ရှေးဟောင်း အဆက်အနွယ်များသည် အစဉ်တစိုက် အခြေစိုက် နေထိုင်လာခဲ့ကြသည်မှာ ယနေ့တိုင်အောင် ဖြစ်ပေသည်။ ဤမြစ်ဝှမ်းဒေသကြီးတွင် ကျောက်ခေတ်ဟောင်း၊ ကျောက်ခေတ်လယ်၊ ကျောက်ခေတ်သစ် ယဉ်ကျေးမှုများ၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုများ ထွန်းကားခဲ့သည်။ တိုင်းကားပြည်ရွာများ၊ မင်းနေပြည်တော်များ တည်ဆောက်ကာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် ခံ့ညားဝင့်ထယ်စွာ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံ ဆိုသည်မှာ ဧရာ၀တီ၊ ဧရာ၀တီဆိုသည်မှာ မြန်မာနိုင်ငံဟုပင် ဆိုနိုင်ပါသည်။ ဧရာ၀တီသာ လူသားတစ်ဦးကဲ့သို့ အသက်ရှိမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးတို့၏ ခေတ်အဆက်ဆက်၊ နှစ်အဆက်ဆက်၊ ယဉ်ကျေးမှုအဆက်ဆက်၊ ရှည်လျားလှသော ဖွံ့ဖြိုးတိုးတက်လာမှု သမိုင်းကြောင်းကို မနားတမ်း ပြောပြနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။

ဧရာ၀တီမြစ်ဆုံ

ဧရာ၀တီမြစ်သည် မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်အတွင်း၌ အရှေ့ဘက်မှ မေခမြစ် (N’mai Hka) နှင့် အနောက်ဘက်မှ မလိခမြစ် (Mali Hka) ဟုခေါ်သော မြစ်နှစ်မွှာတို့ ပေါင်းစပ် ဖြစ်ပေါ်စီးဆင်းလာသည့် မြစ်ကြီး ဖြစ်သည်။ မလိခသည် မြစ်ကြီးဟူသော အဓိပ္ပာယ်ဆောင်သော်လည်း ရေလုံးအင်အားမှာမူ မေခမြစ်ထက် များစွာ လျော့နည်းသည်။ မေခမြစ်သည် ဧရာ၀တီမြစ်ဖျားပိုင်းအတွက် ပိုမို၍ ပဓာနကျသော မြစ်ဖြစ်ပြီး ပင်မမြစ်ကြီးအား မလိခမြစ်ထက် ရေထုထည်ပမာဏ ပိုမို ထောက်ပံ့ပေးနိုင်ပါသည်။ မေခသည် မြောက်လတ္တီကျု ၂၈ ဒီဂရီမျဉ်းအနီး၊ တိဗက်ကုန်းပြင်မြင့်၊ ဆီးနှင်းရေခဲ အမြဲဖုံးလွှမ်းထားသော တီလာ ကုန်းစိုင်ဒေသ (Tila Massif?) ရှိ လန်ဂွီလာ ရေခဲမြစ် (Languela Glacier) မှ မြစ်ဖျားခံ၍ တောင်ဘက်သို့ စီးဆင်းလာခဲ့ခြင်း ဖြစ်ပါသည်။ မေခသည် ရေတံခွန်ပေါများပြီး ရေစီးသန်သဖြင့် မြစ်ကြောင်း သွားလာရေး အတွက် အသုံးမပြုနိုင်ချေ။ မလိခသည် ရေမော်များ (Rapids) အနည်းငယ်ရှိသော်လည်း အတန်ငယ် ရေကြောင်းသွားလာနိုင်သည်။ မေခနှင့် မလိခညီနောင် မြစ် နှစ်မွှာတို့သည် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့၏ မြောက်ဘက် ၄၅ ဒသမ ၉ ကီလိုမီတာ (၂၈ မိုင် ၄ ဖာလုံ) အကွာတွင် တည်ရှိသော တန်ဖရယ် (Damphet) ကျေးရွာအနီးတွင် ပေါင်းဆုံပြီး ဧရာ၀တီ ဟူသော အမည်ဖြင့် ဆက်လက် စီးဆင်းသွားပါသည်။ တန်ဖရယ်ဒေသတွင် ကုန်းမြေ၏အမြင့်မှာ ပင်လယ်ရေမျက်နှာပြင် အထက် ၁၄၇ မီတာ (၄၈၂ ပေ) ဖြစ်သည်။

ဧရာ၀တီမြစ်ဆုံဒေသ (The Confluence of Ayeyarwady) ၏ တောင်ဘက် အနီးတစ်ဝိုက်တွင် ရေနည်းချိန်၌ မြစ်သည် ၀ ဒသမ ၄ ကီလိုမီတာ (၂ ဖာလုံ) မျှသာ ကျယ်ပြီး ရေအနက်မှာ ပင်မ မြစ်ချိုင့်ကြောင်း အတွင်းတွင် ၉ ဒသမ ၁ မီတာ (ပေ ၃၀) ခန့် ရှိပါသည်။

ပထမမြစ်ကျဉ်း

ယင်းနောက် ဧရာ၀တီသည် တောင်ဘက်သို့ ဆက်လက်စီးဆင်းလာရာ ရှေးဦးစွာ တောင်ကုန်း ထူထပ်သော ဒေသကို ဖြတ်သန်းပြီးမှ ပိုမိုကျယ်ပြန့်သောဒေသသို့ ရောက်ရှိလာရာ အချို့ နေရာများတွင် မြစ်ပြင်၏အကျယ်မှာ ၀ ဒသမ ၈ ကီလိုမီတာ (မိုင်ဝက်)ခန့် ရှိပါသည်။ ထို့နောက် ရုတ်ချည်း ဆိုသလိုပင် ဆင်ဘို (Sinbo) ၏တောင်ဘက်၌ ပထမမြစ်ကျဉ်း (The First Defile) အတွင်းသို့ ဝင်ရောက်သည်။

ပထမမြစ်ကျဉ်းသည် မြစ်ကြီးနားမြို့မှ ၆၅ ကီလိုမီတာ (မိုင် ၄၀) အကွာတွင် တည်ရှိသည်။ ဤမြစ်ကျဉ်းသည် ၄၅ ဒသမ ၇ မီတာ မှ ၅၄ ဒသမ ၉ မီတာ (ကိုက် ၅၀ မှကိုက် ၆၀) အထိသာ ကျယ်သည်။ မြစ်ကျဉ်းအတွင်း ရေစီး အလွန်သန်လှပြီး ရေဝဲကြီးများလည်း ရှိသောကြောင့် ရေကြောင်း ခရီး သွားလာရေးကို အခက်အခဲဖြစ်စေသည်။ ပထမမြစ်ကျဉ်းသည် ၆၄ ဒသမ ၄ ကီလိုမီတာ (မိုင် ၄၀) ခန့် ရှည်လျားသည်။ မြစ်တစ်ဖက်တစ်ချက်ရှိ ကမ်းပါးစောက်များသည် ၁၈ ဒသမ ၃ မီတာ (ပေ ၆၀) ခန့် မြင့်သည်။ သို့သော် အနီးဝန်းကျင်ရှိ တောင်များမှာမူ ၉၁၄ ဒသမ ၄ မီတာ (ပေ ၃၀၀၀) ခန့်အထိ မြင့်မားပါသည်။

ပထမမြစ်ကျဉ်း၏ အရှေ့ဘက်တွင် အတန်ငယ် ကျယ်ပြန့်သော ချိုင့်ဝှမ်းတစ်ခုသည် ပထမမြစ်ကျဉ်းနှင့် အပြိုင် တည်ရှိနေသည်။ ယင်းချိုင့်ဝှမ်းကျယ်သည် ဧရာ၀တီမြစ်၏ မြစ်ကြောင်းဟောင်းနေရာ ဖြစ်နိုင်ပါသည်။ သဖန်းပင်အရပ် (Thaphanbin) တွင် ဧရာ၀တီမြစ်သည် ပထမမြစ်ကျဉ်းမှ ထွက်လာပြီး ရုတ်တရက်ဆိုသလိုပင် ဗန်းမော်လွင်ပြင်(ဝါ) ဗန်းမော်ချိုင့်ဝှမ်း (Bhamo Plain or Bhamo Basin) သို့ ရောက်ရှိကာ ယင်းမြစ်ဝှမ်း မြေနုလွင်ပြင်ပေါ်တွင် ကွေ့ကာဝိုက်ကာနှင့် လွတ်လပ်စွာ စီးဆင်းပါသည်။

ဒုတိယမြစ်ကျဉ်း

ဗန်းမော်တွင် ဧရာ၀တီမြစ်သည် ရုတ်ချည်းပင် အနောက်ဘက်သို့ ကွေ့ပြီး စီးဆင်းကာ မကြာမီ ဗန်းမော် မြစ်ဝှမ်းလွင်ပြင်အရပ်မှ ထွက်လာသည်။ ထို့နောက် မြစ်ကြောင်းတစ်လျှောက်တွင် ခံ့ညားထည်ဝါ လှပမှု အရှိဆုံး ရှုခင်းနေရာဟု ကျော်ကြားသော ဒုတိယမြစ်ကျဉ်း (The Second Defile) သို့ ရောက်လာသည်။ မြောက်ဘက်ရှိ နုန်းတင်မြစ်ဝှမ်းလွင်ပြင်ကိုလွန်ပြီး ထုံးကျောက် (Limestone) ဖြင့် တည်ဆောက်ထားသော ကျောက်တောင်ဒေသကို ဖြတ်သန်းစီးဆင်းခြင်းပင် ဖြစ်သည်။ ဒုတိယမြစ်ကျဉ်း၏ အကျဉ်းမြောင်းဆုံး နေရာတွင် မြစ်ပြင်သည် ၉၁ ဒသမ ၄ မီတာ (ကိုက် ၁၀၀)ခန့် ကျယ်သည်။ မြစ်ချိုင့်ကြောင်း၏ တစ်ဖက်တစ်ချက်ရှိ ထောင်လိုက်မြင့်မားသော မြစ်ကမ်းပါးစောက်များသည် အချို့ နေရာတွင် ၆၁ မီတာမှ ၉၁ ဒသမ ၄ မီတာ (ပေ ၂၀၀ မှ ပေ ၃၀၀) အထိ မြင့်မားပါသည်။

တတိယမြစ်ကျဉ်း

ဒုတိယမြစ်ကျဉ်းမှ လွန်သော် ဧရာ၀တီမြစ်သည် နုန်းတင်မြေနုလွင်ပြင်ကို တစ်ဖန် ဖြတ်သန်းစီးဆင်းပြီး ကသာမြို့ (Katha) သို့ ရောက်ရှိသည်။ ကသာကိုလွန်သော် ဧရာ၀တီမြစ်သည် တောင်ဘက်စူးစူးသို့ ဆက်လက် စီးဆင်းသည်။ ဧရာ၀တီမြစ်သည် ယင်း၏ မြစ်ဖျားဒေသမှ ကသာအထိ ယေဘုယျအားဖြင့် နဂိုမူလ အောက်ခံကျောက်လွှာ အနေအထားများအတိုင်း စီးဆင်းသည်ကို တွေ့ရသည်။ ပညာရပ် ဝေါဟာရ အလိုအရ “အဦးရေဆင်း”(Antecedent Drainage) ဟု ခေါ်သည်။

ဗန်းမော်တွင် ဧရာ၀တီသည် ရုတ်ချည်း အနောက်ဘက်သို့ ကွေ့ပြီး ကသာသို့ ရောက်သည်။ ကသာဝန်းကျင်မှ စ၍ တောင်ဘက်သို့ စီးသည်။

ကသာမှ မန္တလေးအထိ မြစ်ကြောင်းတွင် ဧရာ၀တီမြစ်သည် အစောင်းကန့်လန့်ချိုင့်ဝှမ်း (Strike Valley) တစ်ခုအတိုင်း စီးဆင်းသည်။ (အောက်ခံကျောက်လွှာများ တိမ်းစောင်းလျက်ရှိသော အရပ်နှင့် ထောင့်မှန်ကျသော အရပ်မျက်နှာကို အစောင်းကန့်လန့်ဟု ခေါ်သည်။) ကသာမှ တကောင်း (Tagaung) အထိ မြစ်ချိုင့်ကြောင်း၏ တစ်ဖက်တစ်ချက်ရှိ မြစ်ဝှမ်းလွင်ပြင်မှာ အဓိကအားဖြင့် မြစ်ဆောင်နုန်းမြေများဖြင့် တည်ဆောက်ထားသည်။

သပိတ်ကျင်းအရပ် (Thabeikkyin) ကို လွန်သော် ဧရာ၀တီမြစ်သည် သဲကျောက်များဖြင့် ပြီးသော ချောက် (Sandstone Gorge) တစ်ခုအတွင်းမှ ဖြတ်သန်းစီးဆင်းသည်။ ဤနေရာမှာ ဧရာ၀တီ၏ တတိယမြစ်ကျဉ်း (Third Defile) ပင်ဖြစ်တော့သည်။ တတိယမြစ်ကျဉ်းသည် မန္တလေးမြို့မှ မြောက်ဘက် ၁၀၀ ကီလိုမီတာ (မိုင် ၆၀)အကွာတွင် တည်ရှိသည်။ ကဘွက်အရပ် (Kabwet) တွင် ရှေးဘူမိခေတ်အခါက မြေအောက်မှ ထွက်ခဲ့သော မီးတောင်ချော်လွှာထုတစ်ခုက ဧရာ၀တီကို အနောက်ဘက်သို့ကွေ့ပြီး စီးဆင်းစေသည်။ ၎င်းမီးတောင်ချော်လွှာထုသည် စဉ့်ငူကုန်းပြင်မြင့် (Singu Plateau) ဖြစ်သည်။ ဧရိယာ ၆၂ စတုရန်း ကီလိုမီတာ (၂၄ စတုရန်းမိုင်) ကျယ်ဝန်းပြီး လေသာတောင် (Letha Taung) ဟုလည်း ခေါ်သည်။ ဤနေရာမှ လွန်သော် ဧရာ၀တီသည် တောင်ဘက်ရှိ ကျယ်ပြန့်သော မန္တလေးနုန်းလွင်ပြင် (Mandalay Alluvial Plain) သို့ ရောက်ရှိလာပါသည်။

မန္တလေးအနီး မြစ်ကြောင်း အနောက်ဘက်ချိုးကွေ့မှု

ဧရာ၀တီသည် မန္တလေးအနီးတွင် ယင်း၏မြစ်ကြောင်းကို အနောက်ဘက်သို့ သိသိသာသာ ချိုးကွေ့လိုက်သည်။ အကယ်စင်စစ် ဧရာ၀တီအဖို့ မန္တလေးမှ တောင်ဘက်စူးစူး စစ်တောင်းမြစ်ရှိသည့် နေရာသို့ ဆက်လက်စီးဆင်းလျှင် ပိုမိုလွယ်ကူနိုင်မည်ဖြစ်သော်လည်း ယခုကဲ့သို့ သိသာထင်ရှားသော အချိုးအကွေ့ကြီးဖြင့် အနောက်ဘက်သို့ မြစ်ကြောင်းရုတ်ချည်း ပြောင်းလဲ စီးဆင်းရခြင်းသည် ပုပ္ပားတောင် (Mt. Popa) (၁၅၁၈ ဒသမ ၂ မီတာ သို့မဟုတ် ၄၉၈၁ ပေ) မြေလွှာမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့သော မီးတောင်လှုပ်ရှားမှု ဖြစ်စဉ် (Volcanism) ကာလနှင့် ဆက်နွှယ်နိုင်သည်ဟု အချို့ပညာရှင်များက ယူဆကြပါသည်။ မတူကွဲပြားသော အခြားအယူအဆများလည်း ရှိပါသေးသည်။

ဧရာ၀တီ၏ အဓိကလက်တက်ကြီးဖြစ်သော ချင်းတွင်းမြစ် (Chindwin River) သည် မြင်းခြံမြို့ (Myingyan) အနီးတွင် ဧရာ၀တီမြစ်မကြီးအတွင်းသို့ စီးဝင်ပေါင်းဆုံပါသည်။ မိုးနည်းခြောက်သွေ့ဇုန်နှင့် မြစ်ကမ်းဆင့်များ မန္တလေးကိုလွန်သော် ဧရာ၀တီသည် မြန်မာနိုင်ငံ၏ နှလုံးသည်းပွတ်ဒေသဟု ခေါ်ဆိုနိုင်သော မိုးနည်းခြောက်သွေ့ဇုန် (Dry Zone) ကို ဖြတ်သန်းစီးဆင်းပါသည်။ မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းခြောက်သွေ့ဇုန်သည် နှစ်စဉ်စုစုပေါင်း မိုးရေချိန် ၅၀၈ မှ ၁၀၁၆ မီလီမီတာ(၂၀ မှ ၄၀ လက်မ)သာ ရရှိသည်။ ဤမိုးနည်းခြောက်သွေ့ရပ်ဝန်းတွင် သဲအနည်များဖြင့်တည်ဆောက်ထားသော မြစ်ကမ်းဆင့် (RiverTerraces) ငါးဆင့်ကိုတွေ့ရသည်။ ယင်းသဲအနည်များထက်ပိုမို၍ ဘူမိသက်တမ်းရင့်သော သဲကျောက်လွှာတွန့်များလည်းရှိသည်။ ၎င်းလွှာတွန့်များ (Folds) သည် စွမ်းအင်လောင်စာဖြစ်သော ရေနံ ကိန်းအောင်းတည်ရှိနေသဖြင့် အထူးအရေးကြီးလှပါသည်။

ဧရာ၀တီသည် မိုးနည်းခြောက်သွေ့ ရပ်ဝန်းအတွင်းတွင် ပုံမှန်မဟုတ်ဘဲ ပုံစံအမျိုးမျိုးဖြင့် ကွေ့ကာဝိုက်ကာ စီးဆင်းသည်။ မြစ်ချိုင့်ကြောင်း၏ တစ်ဖက်တစ်ချက်တွင် နုန်းတင်မြေအနည်များနှင့် တည်ဆောက်ထားပါက မြစ်ကမ်းပါးများနိမ့်ပြီး ယင်းနုန်းဖြင့်ပြီးသော မြစ်ကမ်းများ၏နောက်ဘက်တွင် သဲကမ်းပါးများက အနားသတ် ပေးထားလေ့ရှိသည်။ သဲမြစ်ကမ်းဆင့်များ (Sand Terraces) အနီးတွင်မူ ဧရာ၀တီမြစ်ဘေး၌ မတ်စောက်သော ကမ်းပါးများကိုတွေ့ရပါသည်။ ပုဂံ (Bagan)၊ လမ်းရွာ (Lanywa) နှင့် ရေနံချောင်း (Yenan chaung) အရပ်တို့ရှိ မြစ်ကမ်းပါးများသည် အကောင်းဆုံး ဥပမာများ ဖြစ်ကြပါသည်။

စတုတ္တမြစ်ကျဉ်း

သရက်မြို့ (Thayetmyo) ၏ တောင်ဘက်တွင် အရှေ့ဘက်မှ ပဲခူးရိုးမ၏ တောင်စွယ်များနှင့် အနောက် ဘက်မှ ရခိုင်ရိုးမ၏ တောင်စွယ်တို့သည် ဧရာ၀တီမြစ်အနီးသို့ ရောက်သည့်တိုင် ချဉ်းကပ်လာကြသောကြောင့် မြစ်ပြင်မှာ သရက်မြို့နှင့်ပြည်မြို့ (Pyay) အကြားတွင် ကျဉ်းမြောင်းသည်။ ထို့ကြောင့် ဤနေရာကို အချို့က ဧရာ၀တီ၏ စတုတ္ထမြစ်ကျဉ်း (The Fourth Defile) ဟုလည်း ခေါ်ဆိုတတ်ပါသည်။ ပြည်မြို့၏ တောင်ဘက် ၁၄၄ ဒသမ ၈ ကီလိုမီတာ (မိုင် ၉၀) အကွာတွင်ရှိသော ညောင်ဂျိုး (Nyaunggyo) အရပ်မှစ၍ ဧရာ၀တီမြစ်၀ကျွန်းပေါ် (Ayeyarwady Delta) ၏ ပထမဦးဆုံး မြစ်ခွဲ (Distributary) ဖြစ်သော ပုသိမ်မြစ် (Pathein River) (ဝါ) ငဝန်မြစ် (Ngawun River) စတင်ခွဲဖြာသည်။ အကယ် စင်စစ်မူ မြစ်၀ကျွန်းပေါ် အခြေအနေများသည် ပြည်မြို့၏ တောင်ဘက် ၈၅ ဒသမ ၃ ကီလိုမီတာ(၅၃ မိုင်) ခန့် အကွာတွင်ရှိသော မြန်အောင်မြို့ (Myanaung) အနီးကျမှသာ အမှန် တကယ် စတင်ခြင်း ဖြစ်ပါသည်။

ဧရာ၀တီမြစ်၀ကျွန်းပေါ်

ဧရာ၀တီ မြစ်၀ကျွန်းပေါ် ဒေသသည် မြောက်မှတောင်သို့ ၂၈၉ ဒသမ ၇ ကီလိုမီတာ (မိုင် ၁၈၀) ရှည်လျားပြီး အနောက်မှ အရှေ့သို့ ကမ်းရိုးတန်းတစ်လျှောက် ၂၄၁ ဒသမ ၄ ကီလိုမီတာ (မိုင် ၁၅၀) ကျယ်ပြန့်သည်။ ကြိုးလိမ်နေသကဲ့သို့ ရှုပ်ထွေးစွာ စီးဆင်းနေသည့် မြစ်ခွဲပေါင်း များစွာတို့က ပေါင်းစည်းလိုက်၊ ခွဲခွာလိုက်၊ ပြန်လည်ခွဲခွာလိုက်နှင့် ဧရာ၀တီမြစ်၀ကျွန်းပေါ် ဒေသတစ်ခုလုံးကို နေရာ အပြည့် ယူထားသည်။ မြစ်၀ကျွန်းပေါ်ဒေသ၏ တောင်ပိုင်းရှိ မြစ်ချောင်းများမှာ ပင်လယ်ဒီရေ အတက် အကျ၊ အဝင်အထွက်ရှိသော ဒီရောက်ချောင်းများ (Tidal Creeks) ဖြင့် ဖွဲ့စည်းတည်ဆောက် ထားသည့် ကွန်ရက်ပင်ဖြစ်သည်။

မြစ်ရိုးချောင်းရိုးများတစ်လျှောက်တွင် သဘာ၀နုန်းတာများ (Natural Levees) ဖြစ်ထွန်းလျက်ရှိရာ မြစ်၀ကျွန်းပေါ်ဒေသရှိ ကျွန်းများသည် ဘေးပတ်လည် အနားစွန်းတစ်လျှောက်တွင် မြင့်ပြီး အလယ်ဗဟို ချိုင့်ဝှမ်းအရပ်သို့ တဖြည်းဖြည်း နိမ့်ဆင်းသွားသဖြင့် ပန်းကန်ပြားပုံသဏ္ဌာန် ဖြစ်သည်။ ဤမြစ်၀ကျွန်းပေါ် ဒေသတွင် ဧရာ၀တီမြစ်ကြီးသည် မုတ္တမပင်လယ်ကွေ့အတွင်းသို့ အဓိကမြစ်ပေါက် ကိုးပေါက် (Nine Major Mouths) ဖြင့် စီးဆင်းဝင်ရောက်သည်။ ၎င်းမြစ်ပေါက်ကြီးများမှာ အနောက်ဘက်မှ အရှေ့ဘက်သို့ အစီအစဉ်အတိုင်း ကြည့်လျှင် ပုသိမ်မြစ် (ငဝန်မြစ်)၊ သက်ကယ်သောင်မြစ်၊ ရွေးမြစ်၊ ပြန်မလော့မြစ်၊ ပြင်စလူမြစ်၊ ဧရာ၀တီမြစ် (ပင်မမြစ်ပေါက်)၊ ဘိုကလေးမြစ်၊ ဖျာပုံမြစ်၊ သံဒိမြစ်နှင့် တိုးမြစ်တို့ ဖြစ်ကြပါသည်။

ဧရာ၀တီ၏ အဓိက မြစ်ပေါက် ကိုးပေါက်

ဤဧရာ၀တီ မြစ်၀ကျွန်းပေါ်ဒေသကြီး၏ ပေါ်လွင်ထင်ရှားမှု အရှိဆုံး ဝိသေသလက္ခဏာရပ်မှာ မြေမျက်နှာ သွင်ပြင် ညီညာပြန့်ပြူးခြင်းနှင့် အလွန်အမင်း နိမ့်ပါးခြင်း ဖြစ်ပါသည်။ ဧရာ၀တီမြစ်စဉ်စု တစ်ခုလုံးမှ တိုက်စား သယ်ဆောင်လာခဲ့သော ကျောက်စရစ်၊ သဲ၊ နုန်း၊ မြေစေးစသည့် အနည်အနှစ် အားလုံးကို အဓိကမြစ်ပေါက်ကြီး ကိုးပေါက်မှတစ်ဆင့် အိန္ဒိယသမုဒ္ဒရာ (Indian Ocean) ကပ္ပလီပင်လယ် (Andaman Sea)၊ မုတ္တမပင်လယ်ကွေ့ (Gulf of Mottama) အတွင်းသို့ ထုတ်လွှတ် ပို့ချသည်။ ဤသို့ဖြင့် ဧရာ၀တီမြစ်၀ကျွန်းပေါ်ဒေသသည် ယေဘုယျအားဖြင့် နှစ်ပေါင်း ၁၀၀ လျှင် ၃ မိုင်နှုန်းဖြင့် တောင်အရပ်ရှိ ပင်လယ်ဘက်ဆီသို့ တိုးချဲ့လျက်ရှိသည် ဟု အချို့ပညာရှင်များက ခန့်မှန်းကြပါသည်။ အကယ်စင်စစ် ဤဧရာ၀တီ မြစ်၀ကျွန်းပေါ်ဒေသကြီးသည် မြန်မာနိုင်ငံ၏ အဓိကဆန်အိုးကြီး (Major Rice Bowl of Myanmar) ပင် ဖြစ်ပါသည်။

ဧရာ၀တီမြစ်ကြီး၏ အဓိကလက်တက်များ

မေခ-မလိခ မြစ်ဆုံဒေသ၏ တောင်ဘက် အနီးတစ်ဝိုက်တွင် ဧရာ၀တီ၏ အရေးအကြီးဆုံး မြစ်လက်တက်များမှာ နမ့်ကောင်း (Nam Kawng) (ဝါ) မိုးကောင်းမြစ် (Mogaung)၊ မိုးလဲမြစ် (Mole) နှင့် တာပိန်မြစ် (Taping)တို့ ဖြစ်ကြသည်။ မိုးကောင်းမြစ်သည် အင်းတော်ချောင်း (Indaw) နှင့် ပေါင်းဆုံပြီး ဧရာ၀တီမြစ်ကြီးအတွင်းသို့ အနောက်ဘက်မှ စီးဝင်သည်။ ထိုမြစ်တွင် မိုးဥတုအခါ၌ ရေယာဉ်ငယ်များဖြင့် ဧရာ၀တီမြစ်မကြီးနှင့် ဆုံသည့်နေရာမှ မြစ်ညာပိုင်းသို့ မိုင်အနည်းငယ် ဆန်တက်သွားလာနိုင်ပါသည်။

တောင်ဘက်သို့ ဆင်းလာလျှင် ဧရာ၀တီမြစ်မကြီး အတွင်းသို့ အရှေ့ဘက် ရှမ်းကုန်းမြင့်မှ မြစ်ဖျားခံလာ သော ရွှေလီမြစ် (Shweli) စီးဝင်ပေါင်းဆုံပြီး အနောက်ဘက်မှ မဲဇာမြစ် (Meza) စီးဝင်သည်။ မန္တလေးမြို့ အောက်ဘက်တွင် မြစ်ငယ်မြစ် (Myitnge) (ဝါ) နမ္မတူမြစ် (Namအက) (ဝါ) ဒုဋ္ဌ၀တီမြစ် (Dothtawadi) သည် အရှေ့ဘက် ရှမ်းကုန်းမြင့်မှ မြစ်ဖျားခံပြီး စီးဝင် ပေါင်းဆုံသည်။ သို့သော် ဤမြစ်သည် ရေကြောင်း သွားလာရေးအတွက် များစွာအသုံးမဝင်လှချေ။ မြစ်ငယ်မြစ် ပေါင်းဆုံသည့်နေရာ၏ အောက်ဘက်တွင် မြင်းမူ (Myinmu) အရပ်၌ မြောက်ဘက်မှ စီးဆင်းလာသော မူးမြစ် (Mu River) သည် ဧရာ၀တီ မြစ်မကြီးအတွင်းသို့ စီးဝင်ပေါင်းဆုံသည်။

ဧရာ၀တီမြစ်မကြီး၏ အဓိကမြစ်လက်တက်ကြီးမှာ ချင်းတွင်းမြစ် (Chindwin River)ဖြစ်သည်။ ချင်းတွင်းမြစ်၏ လက်တက်များမှာ ဥရုမြစ် (Uru) နှင့် မြစ်သာမြစ် (Myittha) တို့ဖြစ်ကြသည်။ ချင်းတွင်းမြစ်သည် ပခုက္ကူမြို့ (Pakokku) ၏ မြောက်ဘက်တွင် ဧရာ၀တီမြစ်မကြီးအတွင်းသို့ စီးဝင် ပေါင်းဆုံသည်။ ချင်းတွင်းမြစ်တွင် ဟုမ္မလင်းမြို့ (Homalin)အထိ တစ်နှစ်ပတ်လုံး ရေကြောင်း သွားလာနိုင်သည်။ ထိုမှတောင်ဘက်သို့ ဆက်လက်ဆင်းလာလျှင် လက်တက်ငယ်ပေါင်း များစွာတို့သည် ဧရာ၀တီမြစ်မကြီးအတွင်းသို့ စီးဝင်လျက်ရှိကြသည်ကို တွေ့ရသည်။ ထင်ရှားသော လက်တက်များမှာ အရှေ့ဘက်မှ ပင်းချောင်း (Pin)၊ ဒေါင်းနေချောင်း (Daungnay) နှင့် ယင်းချောင်း (Yin) တို့ ဖြစ်ကြပြီး အနောက်ဘက်မှ ယောချောင်း (Yaw)၊ စလင်းချောင်း (Salin)၊ မုန်းချောင်း (Mon)၊ မန်းချောင်း (Mann)နှင့် မင်းတုန်းချောင်း (Mindon) တို့ဖြစ်ကြသည်။ ပြည်မြို့အနီးတွင် နဝင်းချောင်း (Nawin)သည် အရှေ့ဘက်မှနေ၍ ဧရာ၀တီမြစ်မကြီးအတွင်းသို့ စီးဝင်ပေါင်းဆုံသည်။

နုန်းတင်မြစ်ဝှမ်းလွင်ပြင်များ

မြန်မာနိုင်ငံ အလယ်ပိုင်း ချိုင့်ဝှမ်းဒေသကြီး (Central Basin of Myanmar) အတွင်း ထင်ရှား အရေးပါသော နုန်းတင်မြေနု လွင်ပြင်များမှာ ဧရာ၀တီ မြစ်ကြီးနှင့် ယင်း၏ မြစ်လက်တက်များက တည်ဆောက်ထားသော မြစ်ဝှမ်းလွင်ပြင်များပင် ဖြစ်ကြသည်။ ယေဘုယျအားဖြင့် လွင်ပြင်များသည် တောင်ပိုင်းတွင် ပိုမိုကျယ်ပြန့်ပြီး မြောက်ပိုင်းသို့ သေးသွယ်ကျဉ်းမြောင်းသွားသည်။

မြန်မာနိုင်ငံ အလယ်ပိုင်းချိုင့်ဝှမ်းဒေသကြီး၏ မြောက်ဘက်ဆုံးပိုင်းတွင် အရေးအကြီးဆုံး လွင်ပြင်များမှာ ပူတာအိုလွင်ပြင်၊ ဟူးကောင်းချိုင့်ဝှမ်း၊ မိုးကောင်းလွင်ပြင်နှင့် ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် တစ်ဖက် တစ်ချက်တွင် တည်ရှိသော လွင်ပြင်များ ဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအိုင်ဖြစ်သော အင်းတော်ကြီးအိုင် (Indawgyi Lake) သည် မိုးကောင်းလွင်ပြင် (MokaungPlain) ၏ အနောက်ဘက်တွင် တည်ရှိသည်။

တောင်ဘက်တွင် တွေ့ရသော အတန်ငယ်ကြီးသည့် လွင်ပြင်နှင့် ချိုင့်ဝှမ်းများအနက် မူးချိုင့်ဝှမ်း ((Mu Valley)၊ ချင်းတွင်းမြစ်အနောက်ဘက်ရှိ ပုလဲလွင်ပြင် (Pale Plain) နှင့် ဧရာ၀တီမြစ်အရှေ့ဘက်ရှိ မန္တလေး-ကျောက်ဆည်လွင်ပြင် (Mandalay-Kyaukse Plain) တို့မှာ ထင်ရှားသည်။

ထိုမှတောင်ဘက်သို့ ဆင်းလာလျှင် ဧရာ၀တီမြစ်၏ အနောက်ဘက်ကမ်းတွင် စလင်းချောင်း၊ မုန်းချောင်းနှင့် မန်းချောင်းတို့ စုပေါင်း တည်ဆောက်ထားသော မင်းဘူးလွင်ပြင် (Minbu Plain) တည်ရှိပြီး မြစ်မကြီး၏ အရှေ့ဘက်၊ ဧရာ၀တီမြစ်နှင့် ပဲခူးရိုးမ (Bago Yoma) အကြားတွင် ယင်းချောင်း လွင်ပြင် (ဝါ) တောင်တွင်းကြီး လွင်ပြင် (Yin Chaung Plain or Taungdwingyi Plain) ကို တွေ့ရသည်။ မြန်မာနိုင်ငံအလယ်ပိုင်း ချိုင့်ဝှမ်းဒေသကြီး၏ တောင်ဘက်အကျဆုံးအပိုင်းသည် ကြီးမား ကျယ်ပြန့်သော လွင်ပြင်ဒေသကြီးတစ်ခု ဖြစ်သည်။ သရက်မြို့နှင့် ပြည်မြို့အကြား ဧရာ၀တီမြစ်၏ အနောက်ဘက်ကမ်းတွင် မည်သည့်လွင်ပြင်မှ မရှိသော်လည်း ပဲခူးရိုးမ၏ အရှေ့ဘက်တွင်မူ ကျယ်ပြန့်သော စစ်တောင်းမြစ်ဝှမ်းဒေသ တည်ရှိနေပါသည်။

ဧရာ၀တီမြစ်၀ကျွန်းပေါ် လွင်ပြင်သည် မြန်မာနိုင်ငံတွင် အကြီးဆုံး လွင်ပြင်ဖြစ်ပြီး စုစုပေါင်းဧရိယာမှာ ၃၁၀၈၀ စတုရန်း ကီလိုမီတာ (၁၂၀၀၀ စတုရန်းမိုင်) ကျယ်ဝန်းပါသည်။

ဧရာ၀တီ၏ တိုက်စားအား

ဧရာ၀တီမြစ်အပါအဝင် မြန်မာနိုင်ငံ၏ အရေးကြီးသော မြစ်ကြီးများ၏ အနည်ဝန် (sediment load) (ဝါ) အနည်ဘတ်ဂျက် (sediment budget) နှင့် စပ်လျဉ်း၍ မကြာသေးမီ အချိန်ကာလအထိ စူးစမ်း လေ့လာ မှတ်တမ်းတင်ထားသော သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများမှာ မရှိသလောက် ရှားလှပါသည်။ မြန်မာနိုင်ငံ မျက်နှာပြင်ဧရိယာ၏ သုံးပုံနှစ်ပုံခန့်သည် ဧရာ၀တီမြစ်ကြီးနှင့် ယင်း၏ မြစ်လက်တက် ကြီးငယ်များ စုပေါင်း တည်ဆောက်ထားသော ရေဆင်းနယ် (Drainage Area) ဖြစ်သည်။ ထို့ကြောင့် ဧရာ၀တီမြစ်စဉ်စု (Ayeyarwady Drainage System) သည် မြန်မာနိုင်ငံ၏ အရေးအကြီးဆုံး မြစ်စဉ်စုကြီး ဖြစ်ပါသည်။

ဧရာ၀တီမြစ်ကြီးသည် ကမ္ဘာပေါ်တွင် တိုက်စားအား အမြန်ဆုံး မြစ်များစာရင်းတွင် ပါဝင်သည်။ အာဖရိကတိုက်မှ နိုင်းလ်မြစ် (Nile)၊ မြောက်အမေရိကတိုက်မှ မစ္စစ္စပီမြစ် (Mississippi)၊ အာရှတိုက်မှ ဂင်္ဂါမြစ် (Ganges)၊ ဥရောပတိုက်မှ ဒင်ညုမြစ် (Danube)တို့ထက် တိုက်စားမှုအား ပိုမိုကောင်းပါသည်။ ၁၉ ရာစုအချိန်က ပညာရှင် ဆာဒေါက်တာဂေါ်ဒန် (Sir Dr. Gordon) ၏ သုတေသန တွေ့ရှိချက်အရ ဆိုလျှင် ဧရာ၀တီမြစ်သည် မြစ်၀ကျွန်းပေါ်ဒေသ၏ ထိပ်အထိ နှစ်စဉ် တိုက်စား သယ်ဆောင်လာသော တွဲလွဲခို အနည်ဝန် (Suspended Load) ပမာဏမှာ တန်ချိန် ၂၆၁ သန်းခန့် ရှိသည်ဟု သိရသည်။ ပျော်ဝင်အနည် (Total Dissolved Load) ပမာဏမှာမူ တန်ချိန် ၄၈ သန်းခန့် ရှိမည်ဟု ဆိုပါသည်။ ဧရာ၀တီမြစ်သည် ကမ္ဘာပေါ်ရှိ မြစ်များအနက် တွဲလွဲခိုအနည် (Suspended Sediment Load) ပဉ္စမ အများဆုံး ထုတ်လုပ်နိုင်သောမြစ် ဖြစ်ပြီး စုစုပေါင်း ပျော်ဝင်အနည် (Dissolved Load) သယ်ဆောင် ထုတ်လုပ်မှုမှာလည်း စတုတ္ထ ဆွဲပါသည်။

ဧရာ၀တီမြစ်ရေ တိုက်စား ပို့ချမှုကြောင့် ၂၀၀၄ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်ကြား၊ ရှစ်နှစ်အတွင်း ရွာတစ်ရွာ ဆုံးရှုံးသွားပြီး (အနီဝိုင်းပြထား) ရွာတစ်ရွာ၏ ရှေ့တွင် သဲသောင်ပေါ်လာ (အပြာဖြင့် ဝိုင်းပြထား)ပုံ
(Photo by Filip Shuurman, Royal Haskoning DHY and Utrecht University, the Netherlands)

စာရေးသူ ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ရှိစဉ် ယင်းတက္ကသိုလ်၊ ပထဝီဝင်ဌာနနှင့် (U.K)နိုင်ငံ၊ စကော့ တလန် (Scotland)၊ (University of St. Andrews) တို့ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ သုံးနှစ် (MoU) ရေးထိုးပြီး ဆောင်ရွက်ခဲ့သော ပူးတွဲသုတေသန လုပ်ငန်းတစ်ခုတွင် ဧရာ၀တီမြစ်၏ တစ်နှစ်အတွင်း တွဲလွဲခိုအနည် ပျမ်းမျှထုတ်လုပ်မှုမှာ တန်ချိန်သန်းပေါင်း ၃၆၄ ဟု အသစ် တွေ့ရှိခဲ့ပါသည်။ (The new annual AR suspended sediment load is 364±60 MT)

ချင်းတွင်းမြစ်သည် ယင်း၏ မြစ်ဝှမ်းဒေသ မျက်နှာပြင်ကို တစ်နှစ်လျှင် သုည ဒသမ ၇၈ မီလီမီတာနှုန်းဖြင့် လည်းကောင်း၊ ဧရာ၀တီမြစ်သည် ယင်း၏ မြစ်ဝှမ်းဒေသ မျက်နှာပြင်ကို (ပြည်မြို့အထက်တွင်) တစ်နှစ်လျှင် သုည ဒသမ ၅၂ မီလီမီတာနှုန်းဖြင့်လည်းကောင်း အသီးသီး တိုက်စားလျက်ရှိပါသည်။ (ဥရောပတိုက်ရှိ ဒန်းနုမြစ်သည် ယင်း၏ မြစ်ဝှမ်းဒေသမျက်နှာပြင်ကို တစ်နှစ်လျှင် သုည ဒသမ ၀၀၆ မီလီမီတာနှုန်းဖြင့် တိုက်စားပါသည်။)

ဘူမိရုပ်သွင်နှင့် ဇလဗေဒဖြစ်စဉ်များ

ဘူမိရုပ်သွင်နှင့် ဇလဗေဒဖြစ်စဉ်များ ရှုထောင့်မှ ကြည့်လျှင် မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်း ခြောက်သွေ့ ဒေသ (Dry Zone of Central Myanmar) တစ်နည်းအားဖြင့် ဧရာ၀တီ၊ ချင်းတွင်းမြစ်ဆုံဒေသ (the Confluence Region of Ayeyarwady and Chindwin Rivers) သည် ကမ္ဘာပေါ်တွင် တည်ငြိမ်မှု အနည်းဆုံး ရပ်ဝန်းများအနက် တစ်ခု (one of the least stable in the world) အပါအဝင်ဖြစ်သည် ဆိုသော အချက်ကို အထူးသတိချပ်သင့်ပါသည်။

အလွန်အမင်း လျင်မြန်စွာ တိုက်စားခြင်းကို ဖြစ်ပေါ်စေသော အဓိက အကြောင်းရင်းများမှာ –
(၁) တောင်တန်း ကုန်းမြင့်ဒေသများရှိ ရေဖမ်းချိုင့်ဝှမ်းများ (reception basins) ကို ပျော့ပျောင်း နူးညံ့သော ကျောက်များ (soft friable rocks) ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်း၊
(၂) မတ်စောက်သော တောင်စောင်း ဆင်ခြေလျောများပေါ်သို့ မိုးများ ပြင်းထန်စွာ ရွာကျခြင်း၊
(၃) တောင်ယာ စိုက်ပျိုးလုပ်ကိုင်ခြင်းကြောင့် မြေပြင်ကို ဖုံးကာပေးသော သစ်ပင်သစ်တောများ ပျက်စီး ဆုံးရှုံးရခြင်း စသည်တို့ ဖြစ်ကြပါသည်။

အမျိုးသားရေး လုပ်ငန်းတာဝန်

ဧရာ၀တီမြစ်စဉ်စုဆိုသည်မှာ ပင်မမြစ်ကြီးဖြစ်သော ဧရာ၀တီမြစ်နှင့်တကွ ယင်းအတွင်းသို့ စီးဝင် ပေါင်းဆုံကြသော မြစ်လက်တက်အကြီး အလတ် အငယ် အားလုံး၊ ချောင်းလက်တက်အကြီး အလတ် အငယ် အားလုံး၊ မြစ်၀ကျွန်းပေါ်ဒေသရှိ မြစ်ခွဲချောင်းခွဲ အကြီး အလတ် အငယ်အားလုံးတို့ကို ပေါင်းခြုံ၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဧရာ၀တီမြစ်စဉ်စုကြီးတစ်ခုလုံးနှင့် စပ်လျဉ်းသော ပထဝီဝင်ဆိုင်ရာ ဖြစ်စဉ်များ၊ ဘူမိဗေဒဆိုင်ရာ ဖြစ်စဉ်များ၊ ဘူမိရုပ်သွင်ဆိုင်ရာ ဖြစ်စဉ်များ၊ မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ ဖြစ်စဉ်များ၊ ဇီ၀ဗေဒဆိုင်ရာ ဖြစ်စဉ်များ၊ ဂေဟဗေဒဆိုင်ရာ ဖြစ်စဉ်များ၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ဖြစ်စဉ်များ စသည့် ရူပဖြစ်စဉ်များ အားလုံးကိုသာမက လူမှုစီးပွားဆိုင်ရာ အချက်အလက်များကိုပါ သက်ဆိုင်ရာ ပညာရှင်များ၊ သုတေသီများက သိပ္ပံနည်းကျကျ စူးစမ်းလေ့လာမှုများ ပြုလုပ်သင့်ပါသည်။

ထို့နောက် သုတေသနတွေ့ရှိချက်များကို အချက်အလက် ဘဏ်ကြီးတစ်ခု (A Data Bank) ဖွင့်ပြီး စနစ်တကျ သိုလှောင် သိမ်းဆည်းထားသင့်သည်။ နိုင်ငံနှင့် လူမျိုးအတွက် လိုအပ်သောအချိန် (အထူးသဖြင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများကို အရှိန်အဟုန်ဖြင့် တိုးမြှင့် ဆောင်ရွက်တော့မည့် အချိန်) တွင် အကျိုးရှိရှိ ထုတ်ယူ သုံးစွဲနိုင်ရပေမည်။ ဧရာ၀တီမြစ်ဝှမ်း ဒေသကြီးနှင့် ပတ်သက်၍ ယုံကြည် ကိုးစားလောက်ပြီး ခိုင်လုံသော သတင်းအချက်အလက်များ (Reliable & Valid Data) ကို ပေးစွမ်းနိုင်သည့် အဖွဲ့အစည်းတစ်ခု ရှိရန် အထူးလိုအပ်လျက်ရှိပါသည်။ (အဓိက လစ်ဟာမှုကြီး) ဖြစ်ပါသည်။ ဤလုပ်ငန်းများမှာ တစ်ပွဲတိုး သက်သက်မဟုတ်ဘဲ ရေရှည် စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမည့် အမျိုးသားရေး လုပ်ငန်း တာဝန်များဖြစ်သည်ဟု ထင်မြင် ယူဆပါသည်။ သို့ဖြစ်ရာ အဆိုပါ လုပ်ငန်း တာဝန်များကို ထိရောက် တွင်ကျယ်စွာ လုပ်ကိုင် ဆောင်ရွက်နိုင်ရန်အတွက် “ဧရာ၀တီမြစ်ဝှမ်း ဒေသကြီး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ အမျိုးသား ကော်မရှင်” (National Commission on the Development of Ayeyarwady River Basin) သို့တည်းမဟုတ် “ဧရာ၀တီမြစ်ဝှမ်း အာဏာပိုင်အဖွဲ့ ” (Ayeyarwady River Basin Authority) ကို ပညာရပ် မျိုးစုံမျိုးကွဲမှ အမှန်တကယ် ကျွမ်းကျင်သည့် ပညာရှင်များ၊ သုတေသီများနှင့် အမြန်ဆုံး ဖွဲ့စည်း တည်ထောင် ဆောင်ရွက်သင့်ကြောင်း စေတနာကောင်းဖြင့် အကြံပြု ရေးသားအပ်ပါသည်။

Keyword: ဧရာ၀တီမြစ်

ဆက်စပ်လေ့လာသင့်သောဆောင်းပါးများ –  https://kyawoo.com/tag/ayarwaddy/

Share this: