မြန်မာ့ ကာတွန်းဆရာ ကြီး ဦးဘဂျမ်း

ခေတ် တစ် ခေတ်ကို သရော်ခဲ့သော
ကာတွန်းဆရာ ကြီး ဦးဘဂျမ်း

ကိုဉာဏ် (ပန်းလောင်မြေ) ၏
မြန်မာ့ သွေး blog အင်တာနက် post မှ
ရရှိ သဖြင့် ပြန်လည် မျှဝေပါသည်.

ဦးဘဂျမ်း ရှိသေးလျှင်ဖြင့်….

ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ ဦးဘဂျမ်းကာတွန်းပေါင်းချုပ်စာအုပ်ကို ညနေပိုင်းက ဖတ်ဖြစ်ပါတယ်။
အရင်တုန်းက ဦးဘဂျမ်းရဲ့ ကာတွန်းတွေကို ဟိုတစ်ကွက် ဒီတစ်ကွက် ဖတ်ခဲ့ဖူးပေမယ့် အခုလို တစ်စုတစ်စည်းတည်းကတော့ အခုမှပဲ တစ်ထိုင်တည်း ဖတ်ဖြစ်ပါတယ်။

ဘယ်သူမှန်း မသိပေမယ့် ဒီလိုစာအုပ်တွေကို အွန်လိုင်းက မြန်မာစာဖတ်ပရိသတ်တွေ ဖတ်ခွင့်ရအောင် လုပ်ပေးနေတဲ့ သူတွေကို ကျေးဇူးတင်ကြောင်း ဦးစွာပြောလိုပါတယ်။

အရင်ကတည်းက ဂျာနယ်အချို့၊ မဂ္ဂဇင်းအချို့မှာ ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာအချို့ကို ဖော်ပြကြတာ ဖတ်ခဲ့ဖူးပါတယ်။ သဘောကျခဲ့ရပါတယ်။ လေးစားခဲ့ရပါတယ်။

ဒီနေ့ ကျွန်တော့်မှာရှိတဲ့ ဦးဘဂျမ်းလက်ရာ ပေါင်းချုပ်စာအုပ် ၂ အုပ်ကို ဖတ်ပြီးတဲ့အချိန်ကျမှပဲ အရင်တုန်းက ကျွန်တော်သဘောကျခဲ့တာဟာ တကယ့်ကို ဘာမျှသေသေချာချာမသိဘဲ သဘောကျခဲ့တာပါလားလို့ သိခွင့်ရပါတယ်။

ပြောရမယ်ဆိုရင် ကျွန်တော်ဖတ်ဖူးသမျှ ဦးဘဂျမ်း ကာတွန်းလေးတွေဟာ ကျွန်တော့်ရင်ကို ထိတဲ့အတွက် သဘောကျခဲ့တာပဲ ရှိပါတယ်။

ဒီနေ့တော့ ဦးဘဂျမ်းဆိုတာ ဘယ်လိုလူလဲဆိုတာကိုပါ မြည်းစမ်းခွင့် ရခဲ့ပါတယ်။
သူ့ကာတွန်းတွေဖတ်ပြီး အံ့သြမှုဖြစ်ရ၊ ရင်သပ်ရှုမောဖြစ်ရ၊ လေးစားမှုဖြစ်ရ၊ စတဲ့ ခံစားမှုပေါင်းစုံနဲ့ အတော်ကြီးကို ဗလောင်ဆူသွားခဲ့ပါတယ်။

ဦးဘဂျမ်းဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ သူ့ခေတ်သူ့အခါက ဖြစ်ပျက်သမျှ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ အ၀၀ကို ကာတွန်းတွေထဲမှာ ပြောခဲ့ပါလားဆိုတာ သိခွင့်ရခဲ့တယ်။ သမိုင်းစာအုပ် ပြန်ဖတ်စရာမလိုဘဲ အဲဒီကာတွန်း ရေးခဲ့တဲ့အချိန်မှာ မြန်မာပြည်ရဲ့ အခြေအနေဟာ ဘယ်လိုလဲဆိုတာကို အကဲခတ်နိုင်လောက်တဲ့အထိ သူ့ကာတွန်းတွေက စကားတွေပြောခဲ့ပါတယ်။

ကဲပါဗျာ… ဦးဘဂျမ်းကို ကျွန်တော်ကိုဉာဏ်က ချီးကျူးမှမဟုတ်ပါဘူး။
သူ့ဟာသူ နာမည်မသေတဲ့ မြန်မာပုဂ္ဂိုလ်ကျော်တစ်ဦးအဖြစ် သမိုင်းကမ္ဗည်း ရေးထိုးပြီးသားပါ။

ဦးဘဂျမ်း ကာတွန်းတွေဟာ အစွန်းလွတ်တာကို တွေ့ရပါတယ်။
အစိုးရဘာလုပ်လုပ် ဝေဖန်မယ်ဆိုတဲ့လူ မဟုတ်သလို၊ ပြည်သူတွေ ဘာလုပ်လုပ် မှန်တယ်လို့ မျက်စိစုံမှိတ်ပြီး မြှောက်ပင့်ခဲ့သူလည်း မဟုတ်ပါဘူး။

ထို့အတူပါပဲ သင်္ကန်းဝတ်ထားတဲ့ ရဟန်းသံဃာတွေ အမြင်မတော်တာတွေကိုလည်း ကာတွန်းတွေကတစ်ဆင့် ပညာရှိနည်းနဲ့ ထောက်ပြဝေဖန်ခဲ့သူပါ။
ပြောရရင် သူဟာ သူဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက်မှာ အမြင်မတော်သမျှ အားလုံးကို ကာတွန်းတွေကတစ်ဆင့် ဆုံးမပဲ့ပြင်ခဲ့တာ၊ ဝေဖန်ထောက်ပြခဲ့တာ တွေ့ရပါတယ်။

အစိုးရကိုလည်း မညှာပါဘူး၊ ပြည်သူတွေကိုလည်း ချန်မထားပါဘူး၊ ရဟန်းသံဃာလည်း မလွတ်ပါဘူး၊ အမျိုးသမီးလည်း ပါတာပါပဲ၊ ပြောရမယ်ဆိုရင် အဖွဲ့အစည်းအားလုံး၊ လူသားအားလုံးရဲ့ မတော်တရော်တွေ၊ အမြင်မတော်တာတွေ အားလုံးကို ဆော်နှက်ခဲ့တာပါပဲ။

အဲဒါကြောင့်လည်း ဒီနေ့အထိ ကျွန်တော်တို့တွေ တလေးတစား ဖတ်နေရတာ ဖြစ်ပါလိမ့်မယ်။

ဒီနေ့ခေတ်မှာတော့ အမှန်တရားဆိုတဲ့ နေရာကရပ်ပြီး ထောက်ပြဝေဖန်တဲ့လူဆိုတာ အတော်ကြီးကို ရှားသွားပါပြီ။

ဒီနေ့ခေတ် နာမည်ကြီး ကာတွန်းဆရာ အတော်များများဟာလည်း အစိုးရရယ်၊ စီးပွားရေးသမားတွေရယ်၊ စနစ်ကြီးရယ်ကို ဝေဖန်တာလောက်ပဲ အဓိကထားပြီး ရေးနေသားနေကြတာကို တွေ့ရပါတယ်။ အင်း… ဒီနေ့ဒီအချိန်ကာလမှာ ဦးဘဂျမ်း ရှိသေးလျှင်ဖြင့်….။

ဆရာကြီး ဦးဘဂျမ်းကို ဒီပို့စ်နဲ့ ကန်တော့လိုက်ပါတယ်။

ကျွန်တော်ကိုဉာဏ်ဟာ မြင်းထိန်းငတာ ဖြစ်နေလျှင်ဖြင့် နားလည်ပေးကြစေလိုကြောင်းပါ။

ဦးဘဂျမ်းရဲ့ ကာတွန်းလက်ရာအချို့ကို ဖော်ပြလိုက်ပါတယ်။

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၁၃ ခုနှစ်၊ မေလ ၂၅ ရက်၊ စနေနေ့။
ည ၈ နာရီ ၂၅ မိနစ်တွင်ပြီး၏။