
ဦး ကျော် ဦး Facebook ပေါ်မှာ ( ၁၁/၉/၂၀၂၂ ) တွေ့ ရသည့် သူ့ စာ
သံလွင်မြစ်ပေါ်၌ ရေကာတာများ ဆောက်မည်ဟု အသံထွက်လာတိုင်း “သံလွင်မြစ်ပေါ်၌ ရေကာတာ အလိုမရှိ (No Dam)”၊ “သံလွင်ကို လက်ရှိအတိုင်း ဆက်လက်၍ လွတ်လပ်စွာ စီးဆင်းခွင့်ပေးပါ ” ဆိုသော ဆန္ဒပြပွဲများလည်း ပေါ်လာကြောင်း သတိပြုမိခဲ့သည်။ ရေကာတာကြောင့် မိမိတို့၏ လူမှုစီးပွား ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဒေသခံများက ရိုးသားစွာ ဆန္ဒထုတ်ဖော်ကြသလို ဘေးပယောဂများလည်း ပါသည်ဟု ကြားဖူးသည်။ မှန်မမှန် မသိပါ။
ပူးတွဲပုံအရ သံလွင်မြစ်ကြောင်းပေါ် ဆောက်ရန် ရာထားသည့် ရေကာတာများတွင် ပြည်တွင်း၌ ဆောက်ဖို့ ရာထားသည်က နည်းနည်း၊ တရုတ်နိုင်ငံထဲတွင် ဆောက်ခဲ့ ဆောက်မည့် ရေကာတာက အတော်များသည်ကို တွေ့ရသည်။ ဆောက်ပြီးက နှစ်ခု၊ ဆောက်ဖို့ရာထားသည်က ၃၀ ခန့် ရှိနေသည်။ ၂၀၁၉ ခုနှစ်က ထွက်ပေါ်ခဲ့သည့် စာတမ်းပါပုံ ဖြစ်၍ လက်ရှိအခြေအနေကို မသိပါ။
သံလွင်မြစ်သည် မြန်မာနိုင်ငံထဲတွင် လွတ်လပ်စွာ စီးဆင်းနေဆဲ ဖြစ်သော်လည်း တရုတ်နိုင်ငံထဲတွင်တော့ ယင်းသို့ မဟုတ်တော့ကြောင်း ပုံအရ သိနိုင်ပါသည်။
သံလွင်ရေသာ စကားပြောတတ်လျှင် “ငါ တရုတ်ပြည်ထဲမှာတုန်းက အတားအဆီး အပိတ်အဆို့တွေ ခံခဲ့ရပြီး ငါ့ကိုယ်ထဲက ရေအားလျှပ်စစ်တွေ ထုတ်ပေးခဲ့ရတာ မြန်မာနယ်ထဲရောက်မှပဲ လွတ်လွတ်လပ်လပ် စီးခွင့်ရတော့တယ်” ဟု ပီတိဖြစ်ကာ မြန်မာတို့ကို ကျေးဇူးတွေ အထပ်ထပ်တင်နေမလားဟု ကြံဖန်တွေးနေမိပါသည်။