မြန်မာနိုင်ငံကျေးလက် ရေရရှိရေး ၊ ရေစီမံခန့်ခွဲခြင်း လုပ်ငန်း များနှင့်ရေမီတာ အသုံးပြု နိုင်မှု အခြေအနေ – ခန့်ဇော် (ကျေးလက်)

AUGUST 30, 2022

( kyawoo.com မှ ကူးယူ ဖေါ်ပြပါသည် )

ရေစီမံခန့်ခွဲခြင်း အနုပညာ –

ခန့်ဇော် (ကျေးလက်)

နောက်ခံသမိုင်း

၂။​ ရေပေးဝေရေးစနစ်တွေကို ထိရောက်စွာ စီမံခန့်ခွဲမှု မလုပ်ပါက ရေအလေအလွင့် များမယ်၊ မလိုလားအပ်သော ကုန်ကျစရိတ်များ တက်လာပြီး ၊ NRW လို့ အတိုကောက်ခေါ်ကြတဲ့ Non-Revenue Water ရာခိုင်နှုန်းလည်း များပြားပြီး အကျိုးဆက်အနေနဲ့ ရေပေးရေးစနစ်တွေ ရေရှည် လည်ပတ်ဖို့၊ တိုးတက် ကောင်းမွန်ဆောင်ရွက်နိုင်ဖို့ မလွယ်ကူတဲ့ ဆိုးကျိုးတွေ တွေ့ကြုံရမှာ ဖြစ်ပါတယ်။ ရေနဲ့ လူသားများရဲ့ ကျန်းမာရေး တိုက်ရိုက် ချိတ်ဆက်နေတာမို့ ရေပေးရေး စီမံခန့်ခွဲမှု မလုပ်နိုင်ရင် လူမှုရေး၊ ကျန်းမာရေး စတာတွေပါ ထိခိုက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရများကလည်း ရေအရင်းအမြစ်များကို ထိန်းသိမ်းရန်၊ စီမံခန့်ခွဲရန် မူဝါဒများ ချမှတ် ဆောင်ရွက်ကြရပါတယ်။ ရေစီမံခန့်ခွဲရာမှာ အဓိကကျတာကတော့ ရေအရင်းအမြစ်များကို စီမံခန့်ခွဲခြင်းနဲ့ ရေဖြန့်ဝေပေးမှုအား စီမံခန့်ခွဲခြင်း ဖြစ်ပါတယ်။ နည်းပညာအရ အားလုံး ဆောင်ရွက်နိုင်ပါတယ်။ Pay for Service ရေသုံးစွဲမှုတွင် အခွန်အခများ ပေးဆောင်ခြင်းအတွက် ဖွံ့ဖြိုးဆဲနိုင်ငံတွေက ကျေးလက်ဒေသတွေမှာ များစွာ အာရုံစိုက် စည်းရုံးဆောင်ရွက်နေကြရပါတယ်။

၁။ ​ကျေးလက်ဒေသ ရေရရှိရေး လုပ်ငန်းများရဲ့ အစကို လေ့လာကြည့်ပါက ၁၉၉၇ ခုနှစ်အထိ စက်မှုလယ်ယာဦးစီးဌာနအောက်ရှိ ကျေးလက်ရေရရှိရေး ဌာနခွဲမှ ဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စည်ပင်သာယာရေး ဦးစီးဌာနမှ ကျေးလက်ရေ ရရှိရေး စီမံကိန်း ၁၀ နှစ် စီမံကိန်း ၂၀၀၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ ရေးဆွဲ၍ လက်ဆင့်ကမ်း ဆောင်ရွက်ခဲ့ကြပါတယ်။ ၂၀၁၂ ခုနှစ်မှစ၍ ယနေ့အချိန်အထိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ရေရရှိရေး လုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။

ရေမီတာစနစ်စတင်ခြင်း

၃။ ​ရေမီတာ တပ်ဆင်သုံးစွဲမှုကို လေ့လာပါက မြန်မာနိုင်ငံမှာ ကိုယ်ထူကိုယ်ထက စခဲ့တာလို့ ပြောနိုင်ပါတယ်။ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာနဲ့ မြိုင်မြို့နယ်၊ ကန်နီကျေးရွာများမှာ စတင် ဆောင်ရွက်ခဲ့ကြကြောင်း လေ့လာမှုအရ သိရှိရတယ်။ UNICEF ၏ အကူအညီနဲ့ စက်မှုလယ်ယာ ဦးစီးဌာန လက်ထက်မှစလို့ စည်ပင်သာယာရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနများ အဆက်ဆက် ရေမီတာစနစ် တပ်ဆင်သုံးစွဲမှုများကို အဆင့်ဆင့် ပုံစံမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ကြပါတယ်။

၄။​ ရေမီတာတပ်ဆင်သုံးစွဲခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ ရေဖိုးရေခ ပေးဆောင်ရသလို၊ ‌ရေကို လိုသလောက်သာသုံးလို့ သာတူညီမျှ ရေရရှိခြင်း၊ ရေအလေအလွင့် နည်းပါးခြင်း၊ ရေခွန်ရေခ ရရှိသလို ပြင်ဆင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို ပုံမှန်ဆောင်ရွက်နိုင်လို့ ရေပေးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ပုံမှန်လည်ပတ်နိုင်ခြင်း၊ တိုးချဲ့ဆောင်ရွက်နိုင်ခြင်း၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှု လုပ်ငန်းများကို မြို့ပြကဲ့သို့ လုပ်ဆောင်နိုင်ပြီး အကျိုးခံစားခွင့် ရှိခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိကြတာ တွေ့ရပါတယ်။

“ပြည်သူ-ကျေးလက်-ယူနီဆက်” ရေမီတာစနစ်

၅။ ​ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်မှာ UNICEF နဲ့ ပူးပေါင်းပြီး DIFID အထောက်အပံ့နှင့် (Accelerating Sanitation, hygiene and Water for All in off-track countries’ programme – ASWA-1) စီမံကိန်းကို Dry Zone (အပူပိုင်းဇုံ) ၁၁၀ ရွာ ရေမီတာစနစ် စတင်ဆောင်ရွက်ခဲ့ပါတယ်။ Design ပုံစံက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (အစိုးရ)၊ ပြည်သူ ထည့်ဝင်ငွေ၊ UNICEF ပူးပေါင်း ဆောင်ရွက်သည့် ပုံစံဖြစ်ပြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ နည်းပညာနှင့် Local ပစ္စည်း ကုန်ကျစရိတ် ကျခံခြင်း၊ ပြည်သူမှ ၃၀% ခန့် လုပ်အားနှင့် ငွေကျခံခြင်း၊ UNICEF မှ ပိုက်/ ပန့်များ ထောက်ပံ့ခြင်းကို ပူးပေါင်း ဆောင်ရွက်သည့်ပုံစံဖြစ်ပါတယ်။ “ပြည်သူ-ကျေးလက်-ယူနီဆက်” စီမံကိန်းလို့ လူသိများပါတယ်။ DFID မှ UNICEF နှင့် ပူးပေါင်းပြီး M&E နဲ့ Evaluation များ ကွင်းဆင်း လေ့လာဆောင်ရွက်ခဲ့ကြပြီး အစစ်ဆေးခံနိုင်ခဲ့ပါတယ်။ ASWA-1 Extension ကို ၂၀၁၆ ခုနှစ်၊ ၆ မြို့နယ်၊ ၆၂ ရွာ နဲ့ ဒုတိယစီမံကိန်း (ASWA-II) ကို ၂၀၁၈ ခုနှစ်၊ ၁၃ မြို့နယ်၊ ၁၄၄ ရွာ ဆက်လက် ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။

(ASWA) စီမံကိန်း မှ ရေမီတာဖြင့် ရေအသုံးပြုမှု မှတ်တမ်း

၆။​ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး WASH Strategy နဲ့ Investment Plan ကို ၂၀၁၅ ခုနှစ်မှာ စတင် ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ဖေဖော်ဝါရီတွင် အတည်ပြုနိုင်ခဲ့ပါတယ်။ Strategy နဲ့ Investment Planအရ ကျေးလက် ရေရရှိရေး လုပ်ငန်းတွေ၊ ကျန်းမာ သန့်ရှင်းရေးနဲ့ တစ်ကိုယ်ရည် သန့်ရှင်းရေး ပညာပေးလုပ်ငန်းတွေကို ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ UNICEF ၊ JICA အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ပါ ပိုမိုပူးပေါင်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၇။​ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ရေမီတာစနစ်နှင့် အိမ်သွယ်ရေတိုင် စီမံကိန်းများကို UNICEF နဲ့ ဆောင်ရွက်ခဲ့တဲ့ Model ကို မြို့နယ်တိုင်းမှာ တိုးချဲ့ဆောင်ရွက်ရန် နှစ်စဉ် စီမံကိန်း ရေးဆွဲ လျာထား ဆောင်ရွက်ခဲ့ပါတယ်။ ပထမအစမှာ မြို့နယ်တိုင်း ကျေးရွာ ၅ ရွာ Pilot ဆောင်ရွက်စေခဲ့ပြီး နှစ်စဉ် တိုးချဲ့လျာထား ဆောင်ရွက်စေခဲ့ပါတယ်။ ဆောင်ရွက်နိုင်မှုတွေကို ပြည်ထောင်စုအဆင့်က ဆုပေးပြီး Motivation လုပ်ခဲ့၊ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ပြုခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ မြိုနယ် ၂၁၃ မြို့နယ်ရှိ ကျေးရွာပေါင်း ၃၅၃၁ ရွာတွင် အိမ်သွယ်ရေတိုင်နှင့် ရေမီတာစနစ်များ တပ်ဆင်ဆောင်ရွက်နိုင်ခဲ့ပြီး အိမ်ခြေပေါင်း ၆၁၈၃၄၅ နဲ့ လူဦးရေစုစုပေါင်း ၂၉၀၅၉၈၉ အား အကျိုးပြုနိုင်ခဲ့ပါတယ်။

ASWA စီမံကိန်းမှ ရေမီတာဖြင့် ရေသုံးစွဲနေပုံ

သောက်သုံးရေရရှိမှုစစ်တမ်း

၈။​ ၂၀၁၇ ခုနှစ် Joint Monitoring Program (JMP) စစ်တမ်းအရ ကျေးလက်ရေရရှိရေးမှာ SDG Target-6 အရ အခြေခံရေရရှိရေး လွှမ်းခြုံမှု ၅၈% ရှိပြီး Safely Managed စနစ်မှာ Nil ဖြစ်နေတာကို တွေ့ရပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ SDG ရဲ့ လိုအပ်ချက်ဖြစ်တဲ့ ကောင်းမွန်သော ရေပေးဝေရေးစနစ် Safely Managed စနစ်ကို သတ်သတ်မှတ်မှတ် ဆောင်ရွက်ပေးမှု မရှိလို့ စစ်တမ်း ကောက်တဲ့အခါမှာလဲ Indicator ပြည့်မှု မရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် UNICEF တို့ ပူးပေါင်းပြီး SDG Requirement Indicator တွေကို ဝန်ထမ်းတွေ နားလည်အောင်လုပ်ပြီး Investment မှာ စီမံကိန်း ရေးဆွဲ ဘတ်ဂျက်လျာထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် အိမ်ထောင်စုစစ်တမ်း လေ့လာဆန်းစစ်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့ပါတယ်။ အိမ်သွယ်ရေတိုင်စနစ်အပြင် ရေသန့်စင်စနစ်များကို နှစ်စဉ် တိုးချဲ့ ဆောင်ရွက်ခဲ့တဲ့ အတွက် ရေသန့်စင်စနစ် ဆောင်ရွက်နိုင်တဲ့ ပြည်နယ်/တိုင်းနှင့် မြို့နယ်တွေကို နှစ်စဉ် ဆုပေးခဲ့ပါတယ်။ ယခုလို ဆောင်ရွက်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ကြားဖြတ် သန်းခေါင်စာရင်း စစ်တမ်းအရ ကျေးလက် ရေရရှိရေး ကဏ္ဍတွင် အခြေခံစနစ်ရှိသော (အနိမ့်ဆုံး)သောက်သုံးရေ ဝန်ဆောင်မှုရရှိသော အိမ်ထောင်စု အရေအတွက်မှာ ၇၇.၅% အထိရှိပြီး ၎င်းအနက်မှ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ ဝန်ဆောင်မှု (Safely Managed Services) ရရှိသုံးစွဲသော ကျေးလက်အိမ်ထောင်စု အရေအတွက်မှာ ၃၃% အထိ တိုးတက်ရရှိခဲ့ပါတယ်။

သတင်းအချက်အလက်စနစ်

၉။​ ကျေးလက်ရေရရှိရေး လုပ်ငန်းတွေကို မျှော်မှန်းချက် ပြည့်မီရေး ဆောင်ရွက်ရာမှာ RWS-MIS သတင်းအချက်အလက် မှန်ကန်ရေးဟာ အရေးပါကြောင်း သိလာရပါတယ်။ ဒေသအလိုက် ရေအရင်းအမြစ်ရရှိမှု ရေအရည်အသွေး ကောင်း/ မကောင်း၊ လုံလောက်မှု ရှိ/ မရှိ ဆောင်ရွက်ပြီး လုပ်ငန်းတွေ ပုံမှန် Function ဖြစ်/ မဖြစ်ဟာ နှစ်စဉ် နှစ်လတ်၊ နှစ်ရှည် စီမံကိန်းရေးဆွဲရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်လာပါတယ်။ ဒါ့ကြောင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် UNICEF နိုင်ငံတကာအဖွဲ့များနှင့် ပူးပေါင်းပြီး RWS-MIS စနစ်၊ ရေရရှိရေးဆိုင်ရာ အချက်အလက်များဆိုင်ရာ MIS စနစ်ထူထောင်ခဲ့ပြီး ၎င်းသတင်းအချက်အလက်များကို အခြေခံပြီး နှစ်စဉ်စီမံကိန်း ရေးဆွဲခြင်း ဘတ်ဂျက်လျာထားခြင်းများ အကောင်အထည် ဖော်ခြင်း၊ ပြင်ဆင်ထိန်းသိမ်းခြင်း စသည်တို့ကို ချိတ်ဆက် ဆောင်ရွက်ခဲ့ပါတယ်။ ရရှိသောသတင်းအချက်အလက်များအရ ရေအရင်းအမြစ် မရှိသော ကျေးရွာများ၊ အရင်းအမြစ် ရှိလျှင်လည်း အရည်အသွေး မကောင်းသော ကျေးရွာများအတွက် ဆောင်ရွက်ရန် နည်းလမ်းများကို ရှာဖွေခဲ့ကြရပါတယ်။

စုပေါင်းရေပေးရေးစနစ်များ

၁၀။​ ယခင်ကတော့ ကျေးရွာတစ်ရွာမှာ ၎င်းရွာအနီးအနားရှိ မြေပေါ်/မြေအောက် အရင်း အမြစ်ကိုသာ ရှာဖွေဆောင်ရွက်ခဲ့ရာမှ ယခုနောက်ပိုင်းမှာတော့ ရေအရင်းအမြစ်ရှိရာ နေရာမှ လိုအပ်သောကျေးရွာများသို့ စုပေါင်းပြီး ရေဖြန့်ဝေတဲ့စနစ်ကို နည်းလမ်းရှာဖွေ ဆောင်ရွက်ခဲ့ ကြပါတယ်။ ဥပမာအားဖြင့် မြစ်ရေတင်စနစ်မှ ကျေးရွာများ စုပေါင်း ရေဖြန့်ဝေခြင်း၊ မြေအောက်ရေ ရရှိသော နေရာမှာ မြေဝယ်ပြီး ရေပေးရေးစနစ်ဖြင့် ကျေးရွာများသို့ ဖြန့်ဝေခြင်း၊ စိမ့်စမ်းရေသွယ် အရင်းအမြစ်မှ ကျေးရွာများသို့ ရေဖြန့်ဝေခြင်း စသည့်နည်းလမ်းများကို ဆောင်ရွက်ခဲ့ကြရပါတယ်။ အဲ့ဒီလို စုပေါင်းရေပေးရေးတွေ ဆောင်ရွက်ပါက ရေစီမံခန့်ခွဲမှုစနစ်ဟာ မရိုးရှင်းတော့ပါ။ စနစ်တစ်ခု၊ တစ်ရွာတည်း အုပ်ချုပ်မှုက ရိုးရှင်းသော်လည်း စနစ်တစ်ခုမှ ရွာများသို့ စုပေါင်း ရေပေးဝေပါက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးဆောင်ပြီး စီမံရပါတယ်။ ရွာအများနှင့် ဆိုင်တဲ့ ရေပေးရေးစနစ်ကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ ကျေးရွာများ ပူးပေါင်း ထိန်းသိမ်းရပါတယ်။ ဒီနေရာမှာ ရေမီတာစနစ်ဟာ လွန်စွာ အရေးပါလာပါတယ်။ တစ်ရွာချင်းစီ အလိုက် Main Meter တွေ တပ်ဆင်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ Main Committee က ထိန်းရပါတယ်။ ရွာတွင်းမီတာများကိုတော့ ရွာအလိုက် ရေကော်မတီက တပ်ဆင်ပြီး ထိန်းပါတယ်။ ပြီးစီးပေမဲ့၊ နည်းပညာနှင့်ရန်ပုံငွေရှိက ရေကို လိုရာသို့ ပေးပို့ဖြန့်ဖြူးနိုင်အောင် စီမံခန့်ခွဲလို့ရတဲ့ခေတ် ဖြစ်နေပြီ ဖြစ်ပါတယ်။ စုပေါင်းရေပေးရေး စနစ်များ ဆောင်ရွက်ပြီးစီးမှုနှင့် ထိန်းသိမ်း တိုးချဲ့ထားမှုကတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရှိ မြိုနယ် ၃၅ မြို့နယ်ရှိ ကျေးရွာပေါင်း ၅၂ ရွာတွင်ရှိသော အကျိုးပြု အိမ်ခြေပေါင်း ၄၇၃၁၁ နဲ့ လူဦးရေစုစုပေါင်း ၂၃၉၇၁၂ အား လုပ်ငန်းပေါင်း ၃၁၉ ဖြင့် အကျိုးပြုနိုင်ခဲ့ပါတယ်။

၁၁။​ စုပေါင်း ရေပေးရေးစနစ်များမှာ တစ်အိမ်ချင်း ရေမီတာစနစ် တပ်ဆင်ရုံဖြင့် မပြီးဘဲ နည်းပညာအရ စုပေါင်း ရေပေးရေးစနစ်များမှာ ရေခွန်ကောက်ဖို့ Prepaid မီတာစနစ်ကလည်း လိုအပ်လာပါတယ်။ ဥပမာပြောရရင် ညောင်ဦးမြို့၊ ဧရာဝတီမြစ်ရေမှ ကျေးရွာပေါင်း ၁၀၀ ကျော်ကို မြစ်ရေတင်ဖြန့်ဝေပေးရာမှာ မြို့နယ်မှ ဝန်ထမ်းအင်အား ကန့်သတ်ချက်ကြောင့် ကျေးရွာပေါင်းများစွာ မှရေခွန်ကောက်ရန်မှာ အချိန်၊ လူ၊ အသုံးစရိတ် ကန့်သတ်ချက်များ ဖြစ်လာပါတယ်။ ဒါ့ကြောင့် ကျေးရွာအဆင့် Main Meter ကို Prepaid မီတာပြောင်းဖို့ စတင်ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ Pilot ၁ ရွာ ဆောင်ရွက်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ်မှာ ၂၃ ရွာ တိုးချဲ့ ဆောင်ရွက်နေပါတယ်။

Prepaid Meter

၁၂။​ Prepaid Meter သည် Smart Meter အမျိုးအစားဖြစ်ပြီး ကဒ်စနစ်ဖြင့် ရေသုံးစွဲသည့် ပမာဏကို ကြိုတင်ဖြည့်ပြီးမှ ကြိုတင် ဝယ်ယူထားသော ရေယူနစ်ကို ပိုက်လိုင်းအတွင်း စီးဆင်း ခွင့်ပြုရန် လျှပ်စစ်မော်တာဖြင့် မောင်းသောဘားကို ဖွင့်ခြင်း၊ ပိတ်ခြင်းတို့ကို ပြုလုပ်သောစနစ် ဖြစ်ပါတယ်။

၁၃။​ ဖုန်းငွေဖြည့်ခြင်း၊ လျှပ်စစ် Bill Mobile များ ငွေချေခြင်းကဲ့သို့ စနစ်ပင် ဖြစ်ပါတယ်။ Online မှတစ်ဆင့် Network Internet နှင့် ချိတ်ဆက်ဆောင်ရွက်သော စနစ်နှင့် Internet မလိုသော စနစ် ၂ မျိုး ရှိပါတယ်။ ခုသုံးထားတဲ့စနစ်ကတော့ Internet မလိုပဲ Card reader မှ User IC ကို Scan ဖတ် Wiseller စနစ်ဖြင့် data ပို့ပါတယ်။ User IC ကဒ်ကို ရေမီတာအနီးမှာ Scan ဖတ်၍ User (ကျေးရွာကော်မတီ)မှ ဖြည့်ထားသော ရေယူနစ် ပမာဏကို သုံးစွဲရန် သတ်မှတ်ပေးခြင်းဖြစ်ပါတယ်။ Non-contact IC Card Technology စနစ်ကို သုံးထားလို့ ကြိုးမဲ့စနစ်ဖြင့် လွယ်လွယ်ကူကူ သုံးစွဲခြင်း ဖြစ်ပါတယ်။

၁၄။​ လက်ကျန် ရေယူနစ်နည်းလျှင် ရေမီတာ၏ Valve ကို ပိတ်သွားခြင်း သော်လည်းကောင်း၊ Alarm ပေးခြင်းဖြင့် သော်လည်းကောင်း ရေသုံးစွဲသူကို သတိပေးပါတယ်။ လက်ကျန် ရေယူနစ် ကုန်သွားလျှင် ရေမီတာ၏ Valve သည် အလိုအလျောက်ပိတ်၍ ငွေပြန်လည်ဖြည့်သွင်းပြီးသော User IC ကဒ်ဖြင့် ရေမီတာတွင် Scan ဖတ်မှသာ valve ပြန်လည် ဖွင့်ပေးထားသောကြောင့် ရေဖိုး၊ ရေခ ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ပါတယ်။

၁၅။​ အသုံးပြုရမယ့် နည်းလမ်းတွေကတော့ ရေစီမံခန့်ခွဲတဲ့ မြို့နယ်အဆင့် ဌာနသို့ သွားရောက်ပြီး User IC ကဒ်ကို ကြိုတင်ငွေ ဖြည့်သွင်းရပါမယ်။ ကြိုတင်ငွေ ဖြည့်သွင်းလိုက်သော ပမာဏအတိုင်း ရေပမာဏ ယူနစ်သတ်မှတ်၍ User Card တွင် ဖြည့်သွင်းပေးပါတယ်။ ၎င်း User ကဒ်ကို ရေမီတာတွင် Scan ဖတ်သည်နှင့် တစ်ပြိုင်နက် Valve ပွင့်၍ လက်ကျန် ရေယူနစ် နည်းလာလျှင် (သတ်မှတ်ထားသော လက်ကျန် ရေယူနစ်သာ ကျန်လျှင်) ရေမီတာတွင် Alarm Signal ပြမည်ဖြစ်ပြီး ရေဘားပိတ်သွားမှာ ဖြစ်ပါတယ်။ User Card ဖြင့် ရေမီတာကို ထိပေးခြင်းဖြင့် ဘားပြန်ပွင့်လာပြီး လက်ကျန် ရေယူနစ်ကုန်လျှင် ရေဘား လုံးဝပိတ်သွားမှာ ဖြစ်ပါတယ်။ ကဒ်တွင် ယူနစ်ပြန်ဖြည့်ပြီး မီတာကို Scan ဖတ်မှသာလျှင် ဘားပြန်ပွင့်မှာ ဖြစ်ပါတယ်။

Prepaid Meter အကျိုးကျေးဇူး

၁၆။​ ၎င်းစနစ်ကို သုံးစွဲခြင်း၏ အကျိုးကျေးဇူးများကတော့ ကြိုတင်ငွေ ဖြည့်သွင်းရသည့်စနစ် ဖြစ်သောကြောင့် ရေသုံးစွဲသူမှ ရေဖိုးပေးချေမှု နောက်ကျခြင်း၊ မပေးချေခြင်းတို့ကို မဖြစ်ပေါ် စေနိုင်ပါ။ User ကို လက်ကျန်နည်းသည့်အခါ Alarm ပေးသည့် စနစ်ပါသည့်အတွက် ရေပြတ်တောက်သည့်အဖြစ်မှ ရှောင်ရှားနိုင်ခြင်း၊ ရေမီတာကို ကြေးဝါဖြင့် ပြုလုပ်ထားသည့်အတွက် သက်တမ်းကြာရှည်စွာ အသုံးပြု၍ရခြင်း၊ စွမ်းဆောင်ရည်ပိုင်း တည်ငြိမ်ခြင်း၊ ရေမီတာအတွင်းရှိ Gear လည်ပတ်မှုကို နှောင့်ယှက်နိုင်သော Electromagnetic Attack များကို ရေမီတာအနီး သက်ရောက်လာပါက အလိုအလျောက် Valve ကို ပိတ်ပေးသောကြောင့် မီတာ မှားယွင်းမှု၊ ရေခိုးယူ သုံးစွဲမှုတို့မှ ကာကွယ်ပေးခြင်းနှင့် ရေဖိုးဆုံးရှုံးမှုကို လျော့ချပေးနိုင်ခြင်းများ ရရှိစေပါတယ်။

၁၇။ ​စုပေါင်း ရေပေးရေးစနစ်မှာ ရေပေးရေးဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို ပုံမှန်လည်ပတ်ထိန်းသိမ်းရန်အတွက် ကျေးရွာကော်မတီ တစ်ခုလုံးကို တာဝန်ပေးလို့ မရဘဲ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ရေပေးရေးတာဝန်ခံ သတ်မှတ် တာဝန်ပေးခြင်း၊ လိုအပ်သော ရေပေးရေး လုပ်သားများ ခန့်အပ်ခြင်း၊ ကျေးရွာအများနဲ့ ဆိုင်တဲ့ ကော်မတီ ဖွဲ့စည်းခြင်း၊ တာဝန် ပေးအပ်ခြင်း၊ ကျေးရွာတစ်ရွာချင်း အလိုက် ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်းတို့ ဖြစ်ပါတယ်။ တာဝန်ဝတ္တရားများအနေနဲ့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။
မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန
ရေပေးရေးစနစ် တစ်ခုလုံးကို တာဝန်ယူကြီးကြပ်ခြင်း၊ ရေခွန် ကောက်ခံခြင်း။
ကျေးရွာများနဲ့ဆိုင်တဲ့ ကော်မတီ
ရေပေးရေးစနစ် တစ်ခုလုံးကို ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနှင့် ပူးပေါင်းကြီးကြပ်ခြင်း၊ ကျေးရွာများကို ကြီးကြပ်ခြင်း၊ ပေါင်းစပ်ခြင်း။
ကျေးရွာကော်မတီ
ကျေးရွာအတွင်း ရေပေးရေးစနစ်ကို ကြီးကြပ်ခြင်း၊ ကျေးရွာအတွင်း ရေခွန်ကောက်ခံခြင်း။

၁၈။ ​Internet အသုံးပြုသော Prepaid Meter စနစ်ကတော့ ရေမီတာစနစ်အား online ပေါ်ရှိ Cloud System သို့ တိုက်ရိုက် အချက်အလက်များ ပေးပို့၍ online မှ တဆင့် စောင့်ကြည့် စစ်ဆေးခြင်း၊ ငွေဖြည့်သွင်းခြင်း၊ ရေပိတ်/ဖွင့်ခြင်းများအား ပြုလုပ်နိုင်သည့်စနစ် ဖြစ်ပြီး လူကိုယ်တိုင် လာရောက်ရန် မလိုသည့်အတွက် များစွာ အချိန်ကုန် သက်သာစေသော နည်းလမ်း ဖြစ်ပါတယ်။ သို့ရာတွင် Online စနစ်ဖြင့် အချက်အလက်များ ဖြည့်သွင်းခြင်း၊ စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ရသည့်အတွက် အချက်အလက် ပေးပို့မှုအပေါ် မူတည်၍ online internet ဆိုင်ရာ ကုန်ကျစရိတ်များ ၊ ဆာဗာအတွက် ကုန်ကျစရိတ်များ ရှိလာမည်ဖြစ်ပြီး မြို့ရေပေးရေးစနစ်များမှာ အသုံးပြုရန် သင့်တော်ပါတယ်။ လက်ရှိအနေဖြင့် နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိပြီး မြန်မာနိုင်ငံတွင်ပါ စတင်သုံးစွဲရန် ကြိုးပမ်းလျက် ရှိပါတယ်။

NRW (Non- Revenue Water)

၁၉။ ​ရေစီမံခန့်ခွဲရာတွင် NRW (Non-Revenue Water) လျော့နည်းအောင် စီမံရန်လည်း အလွန် အရေးကြီးပါသည်။ နိုင်ငံအများစု အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ NRW ၅၀ % ခန့်ရှိကြောင်း လေ့လာ တွေ့ရှိရပါတယ်။ အခွန်မရဘဲ၊ ပြည်သူမသုံးစွဲရဘဲ ၃၅% လေလွင့်သွားတာပဲ ဖြစ်ပါတယ်။ အဓိကဖြစ်ရတဲ့ အကြောင်းအရင်းများကတော့ ပြုပြင်ထိန်းသိမ်းမှု မရှိလို့ ရေပေးရေးဆိုင်ရာ ပိုက်လိုင်းများ၊ ပိုက်အကူးအဆက်များ၊ Pump နှင့် ပိုက်အဆက်များမှ ရေစိမ့်ခြင်း၊ ရေယိုခြင်းများကြောင့် ဖြစ်ပါတယ်။ မြေအောက်ရှိ ရေပေးရေးဆိုင်ရာ ပစ္စည်းများရဲ့ သက်တမ်း ကြာရှည်မှုနှင့် အရည်အသွေးကြောင့်လည်း ဖြစ်ပါတယ်။

၂၀။​ ထင်ရှားတဲ့ သာဓက တစ်ခုပြပါ ဆိုရင် ညောင်ဦးမြို့နယ်၊ နတ်သမီးကမ်းပါး မြစ်ရေတင် ကျေးလက်ရေဖြန့်ဝေရေး လုပ်ငန်းကို ညွှန်ပြရမှာ ဖြစ်ပါတယ်။ အဆိုပါ ရေပေးရေး စီမံကိန်းကို ၁၉၉၅ ခုနှစ်၊ ဧပြီလတွင် စက်မှုလယ်ယာ ဦးစီးဌာနမှတစ်ဆင့် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ၎င်းနောက် ၂၀၀၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ရေအရင်းအမြစ် အသုံးချရေး ဦးစီးဌာနမှ စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်း လက်ခံဆောင်ရွက်ခဲ့ပါတယ်။ ထိုသို့ ဦးစီးဌာနများ တစ်ဆင့်ပြီး တစ်ဆင့် လွှဲပြောင်းလာခဲ့ရာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသို့ လွှဲပြောင်း လက်ခံရယူပြီး ယနေ့တိုင် လည်ပတ် ထိန်းသိမ်း ပြုပြင်၍ တိုးချဲ့ရေပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

ညောင်ဦးမြို့နယ် ၊ နတ်သမီးကမ်းပါး မြစ်ရေတင် ကျေးလက်ရေပေးရေး စီမံကိန်း

၂၁။​ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် တောင်းဇင်း မြစ်ရေတင် လုပ်ငန်းကို တိုးတက် ကောင်းမွန်အောင်လုပ်ဖို့ ဆုံးဖြတ်စီမံခဲ့ပါတယ်။ ပထမအဆင့်အနေဖြင့် ၃၅ နှစ်ကျော်ခန့် သက်တမ်းရှိပြီ ဖြစ်တဲ့ လက်ရှိရေပေးရေး စနစ်တစ်ခုလုံးကို ပွန်တွန်းမှ ရေစတွန်းသည့်နေရာမှ စလို့ ကျေးရွာများ ရောက်သည်အထိ အဆင့်ဆင့် တွန်းပို့မှုများ၊ Pump များရဲ့ Capacity၊ လျှပ်စစ်သုံးစွဲမှု ပမာဏ၊ ပိုက်လိုင်းများ ရဲ့ ကြံ့ခိုင်မှု ကောင်း/ မကောင်း၊ ပိုက်ဆက်များ၊ ဘားများ၊ လျှပ်စစ်ပိုင်းဆိုင်ရာ မီးအားနိုင်နင်းမှု ရှိ/ မရှိ စသည်များ အသေးစိတ်ကို အပိုင်းလိုက် လေ့လာခဲ့ပါတယ်။

၂၂။ ​ပထမအဆင့်အနေဖြင့် လျှပ်စစ် သုံးစွဲမှုများပြီး Capacity (ရေတွန်းပို့/တင်နိုင်တဲ့ ပမာဏ) နည်းနေတဲ့ပန့်တွေကို လျှပ်စစ်သုံးစွဲမှု နည်းပြီး Capacity (ရေတွန်းတင်/ပို့နိုင်တဲ့ ပမာဏ)များတဲ့ ပန့်များနဲ့ အစားထိုး လဲလှယ်ခဲ့ပါတယ်။ Transformer များ ပြန်လည်ပြုပြင် အသစ်လဲခဲ့ပါတယ်။ Ground Tank များအား နူန်းဆယ်ယူပြီး သန့်ရှင်းရေးလုပ်၊ ပြင်ဆင်စရာရှိသည်များ ပြင်ခဲ့ပါတယ်။ မြင်သာသောပိုက်နှင့် ပိုက်ဆက်များ၊ ဘားများ ပြင်ဆင်ဆောင်ရွက်ခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ပြီးချိန်မှာ ပေးပို့ဖြန့်ဝေသည့် ရေပမာဏ၊ ရောက်ရှိ ရေပမာဏကို စစ်ဆေးရာမှာ ၁၄ % အထိ တိုးတက်ရရှိခဲ့ပြီး ယခင် NRW ခန့်မှန်း ၇၅ % မှ ၆၁ % ထိ လျော့နည်းခဲ့ပါတယ်။

၂၃။​ ရေမီတာဖိုးကို နိုင်ငံတော်မှ ၇၀ % ကျခံပေးနေရာမှ ယနေ့ ၃၀ % သာ ကျခံရသည်အထိ တိုးတက်လာခဲ့ပါတယ်။ ဆက်လက်ပြီး မြေအောက် ရေပိုက်လိုင်းများကို ထပ်မံစစ်ဆေးရန် စီမံချက်ချ ဆောင်ရွက်ခဲ့ပါတယ်။ အပိုင်းလိုက်၊ Group အလိုက် ရေလေလွင့်မှု ရှိ/ မရှိကို ထပ်မံ တိုင်းတာ စစ်ဆေးခဲ့ပါတယ်။ တွေ့ရှိချက်အရ ပြင်ဆင်ရန် အပိုင်းများကို တူးဖော် စစ်ဆေး ပြင်ဆင်ခြင်း၊ ရေမီတာအသစ်များ လဲလှယ် တပ်ဆင်ခြင်း၊ လိုအပ်သောနေရာများတွင် Check Valve များ တပ်ဆင်ခြင်းများဆောင်ရွက်ခဲ့ပါတယ်။ ဒါကြောင့် NRW (Non-Revenue Water) ၆၁ % မှ ၃၃ % ထိ ထပ်မံ လျော့နည်းအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၂၄။​ စတင် တည်ဆောက်စဉ်မှ ယနေ့အထိ ကျေးရွာပေါင်း ၁၀၅ ရွာအထိ ဆက်လက် ရေပေးဝေနေပြီဖြစ်ပါတယ်။ တောင်းဇင်းပိုက်လိုင်း ( စုစုပေါင်း ပိုက်လိုင်း အရှည် ၂၉ မိုင်)၌ စုစုပေါင်း ကျေးရွာ ၄၈ ရွာရှိ အိမ်ခြေ ၉,၀၀၀ကျော် လူဦးရေ ၅၃,၀၀၀ ကျော်အား အကျိုးပြုလျက် ရှိပါတယ်။ အလားတူပင် စက်စက်ယိုပိုက်လိုင်း (စုစုပေါင်း ပိုက်လိုင်းအရှည် ၃၆ မိုင်) သည်လည်း ရေစက်ရုံ စုစုပေါင်း ၇ ရုံမှ ရေတင်ပန့်ပေါင်း ၁၄ စုံဖြင့် စုစုပေါင်း ကျေးရွာ ၅၇ ရွာရှိ အိမ်ခြေ ၁၄၀၀၀ ခန့်နှင့် လူဦးရေ ၆၁၀၀၀ ကျော်အား အကျိုးပြုလျှက် ရှိသဖြင့် ရေပေးရေးစနစ် တစ်ခုလုံး အနေဖြင့် ကျေးရွာပေါင်း ၁၀၅ ရွာရှိ စုစုပေါင်းလူဦးရေ တစ်သိန်းကျော်အား သောက်သုံးရေ ပေးဝေနေသော အကျိုးရလာဒ် ကြီးမားသည့် ကျေးလက်ရေပေးရေး စီမံကိန်းတစ်ခု အဖြစ် မှတ်ယူရမှာဖြစ်ပါတယ်။

၂၅။​ အိမ်ထောင်စုတိုင်း ရေ၏တန်ဖိုး သိပြီး အကျိုးရှိစွာ အသုံးပြုတတ်စေဖို့ ရေခွန်ရေခ ပေးဆောင်မှုအပေါ် ဂုဏ်ယူတတ်စေဖို့ အသိပညာပေးကြရပါမယ်။ ရေပေးရေး လုပ်ငန်းဆောင်ရွက်ပေးတဲ့ ဌာနဆိုင်ရာများအနေဖြင့်လည်း ရေအရင်းအမြစ်တွေကို ထိန်းသိမ်းကြရမည့်အပြင် ရေဖြန့်ဝေရာတွင်လည်း FS/Design များကို စီးပွားရေး တွက်ခြေကိုက်အောင် စီမံဆောင်ရွက်ကြရပါမယ်။ လုပ်ငန်းများ လည်ပတ် ထိန်းသိမ်းရာတွင်လည်း ခေတ်မီနည်းပညာများဖြင့် ရေအလေအလွင့် နည်းနိုင်သမျှနည်းအောင် ကုန်ကျစရိတ် သက်သာစွာ စီမံခန့်ခွဲနိုင်မှုသည်လည်း အရေးပါသည့် လုပ်ငန်း တစ်ရပ်ပင် ဖြစ်ပါတယ်။ သို့ပါ၍ ရေအရင်းအမြစ်များ အဓွန့်ရှည်စွာဖြင့် ရေပေးရေးစနစ်များအား ရေရှည် လည်ပတ်နိုင်စေရေး သက်ဆိုင်သူအားလုံးမှ ကိုယ်စီ တာဝန်ကျေစွာဖြင့် အနုပညာမြောက်စွာ စီမံခန့်ခွဲကြပါစို့လို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

ရည်ညွှန်းချက် –
၁ – National Strategy for Rural Water Supply, Sanitation and Hygiene (WASH)
WASH in Schools and WASH in Health Facilities 2016 – 2030
၂ – ​ကျေးလက်နေပြည်သူများအတွက် ရေရှည်တည်တံ့သော ရေပေးရေးစနစ်များ
(“ပြည်သူ-ကျေးလက်-ယူနီဆက်” ရေပေးရေးစနစ်)
၃ – ညောင်ဦးမြို့ ၊ နတ်သမီးကမ်းပါး မြစ်ရေတင် ကျေးလက်ရေပေးရေးစီမံကိန်း
၄ – The 2019 Inter-censal Survey- Key Findings (Myanmar)

Share this:

Related

July 27, 2022

In “Water”

August 4, 2022

In “Resources”

May 29, 2022

In “Awareness”

Published by ukyawoo

View all posts by ukyawoo