ရေလှောင်တမံနှင့် အများပြည်သူ၏ အမြင်။
Published by kyawoo.com
ရေဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများထဲတွင် ရေလှောင်တမံများသည် စိတ်ဝင်စားမှု အခံရဆုံး ဖြစ်သကဲ့သို့ ကန့်ကွက်ခံရမှု အများဆုံးလည်း ဖြစ်ကြသည်။ ရေလှောင်တမံများသည် အခြားရေဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံများထက် မြင်သာထင်သာ ရှိသည့်အပြင် ယင်းတို့ကြောင့် အဓိကအားဖြင့် လူနေရပ်ရွာများ ပြောင်းရွှေ့ရကာ လူနေမှုဘ၀ကို အနည်းနှင့်အများ ထိခိုက်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြသည်။ ကမ္ဘာတွင် ပထမဆုံး ဖြစ်ဖွယ်ရာရှိသော ရေလှောင်တမံ ဆန့်ကျင် ကန့်ကွက် လှုပ်ရှားမှုသည် လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က အိန္ဒိယနိုင်ငံ မဟာရပ်ရှ်ထရာ ပြည်နယ်၊ ပူးနာ(Pune)မြို့အနီးတွင် ဖြစ်ပေါ်ခဲ့သည်။ ယင်းဒေသတွင် ဆောက်သော Mulshi dam ရေလှောင်တမံကြောင့် ကျေးရွာရွှေ့ပြောင်းခဲ့ရသူများက ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ရေလှောင်တမံများကြောင့် သောက်သုံးရေ စိုက်ပျိုးရေ သိုလှောင်ပေးဝေနိုင်ခြင်း၊ လျှပ်စစ်ထုတ်ယူနိုင်ခြင်း၊ ရေလွှမ်းမိုးမှု ထိန်းချုပ်နိုင်ခြင်း၊ အပန်းဖြေနိုင်သည့် ရေပြင်ကျယ်များ ပေါ်ထွန်းလာခြင်းစသည့် အကျိုးများ ရှိသကဲ့သို့ လူနေရပ်ရွာများ ပြောင်းရွှေ့ရသဖြင့် လူမှုစီးပွားထိခိုက်ခြင်း၊ ဒေသတွင်း ဂေဟစနစ် ပျက်စီးခြင်း၊ အာဟာရပါသော နုန်းများ တမံအောက်ပိုင်းသို့ မရောက်တော့ခြင်းစသည့် အားနည်းချက်များလည်း ရှိသည်။
ရေလိုအပ်ချက် ရှိနေသော မြို့ရွာများအတွက် ရေလှောင်တမံ၏ အားသာချက်နှင့် အားနည်းချက်များကို တွက်ချက် ချိန်ညှိကာ အားသာချက်ပိုသော နေရာများတွင် ရေလှောင်တမံများ တည်ဆောက်၍ ထွက်ပေါ်လာနိုင်သည့် အားနည်းချက်များကို အတတ်နိုင်ဆုံး ပြေလျော့စေနိုင်သည်။ လူတိုင်း၏ သဘာ၀မှာ မိမိနေရင်းဒေသကို ခင်တွယ် မြတ်နိုးတတ်ကြရာ ရေလှောင်တမံများကြောင့် နေရင်းဒေသကို စွန့်ခွာရရုံမက ယဉ်ကျေးမှု ဝိသေသ လက္ခဏာများ ဆုံးရှုံးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများပါ မရေမရာ ဖြစ်ရခြင်းကို လက်မခံနိုင်ကြချေ။ သိမ်းဆည်းခံခဲ့ရသော မြေများ၊ ပျက်စီး ဆုံးရှုံးသွားခဲ့သော ကောက်ပဲသီးနှံများနှင့် တိရစ္ဆာန်များအတွက် နစ်နာကြေးများကိုလည်း ထိုက်တန်စွာ မရသောအခါ ရေလှောင်တမံများအပေါ် နာကြည်းစိတ်များ ပေါ် လာသည်။ ထို့ကြောင့် ရေလှောင်တမံ မဆောက်မီက ဒေသခံများအား ညှိနှိုင်းဆွေးနွေးမှုများတွင် ပါဝင်ခွင့်ပေးခြင်း၊ သတင်းအချက်အလက်များကို ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ခြင်း၊ ထိုက်သင့်သော နစ်နာကြေးများကို မဆိုင်းမတွ ပေးခြင်း၊ နေရာ ရွှေ့ပြောင်းရာတွင် ထိရောက်စွာ ကူညီပံ့ပိုးခြင်း စသည်တို့ဖြင့် ဖြေရှင်းပေးနိုင်သော နေရာများတွင် အချိန်ကြာလာသောအခါ လူနေမှု စီးပွား ထိခိုက်မှုများ လျော့နည်း ပျောက်ကွယ်သွားခဲ့သော်လည်း ဂေဟစနစ် ပျက်စီးမှု၊ သဘာ၀ ပတ်ဝန်းကျင် ယိုယွင်းခဲ့မှုများကိုမူ ပြန်လည် အသက်သွင်း ကုစားရန် လွန်စွာ ခဲယဉ်းသည်။ ၁၉၈၀ ပြည့်နှစ် နောက်ပိုင်းတွင် ရေလှောင်တမံ ဆန့်ကျင်ရေး လှုပ်ရှားမှုများ တစ်ကမ္ဘာလုံးတွင် ပို၍ အားကောင်းလာခဲ့သည့် နည်းတူ ရေလှောင်တမံ တည်ဆောက်သည့် အင်ဂျင်နီယာများအပါအဝင် အခြား ဆက်စပ်ပညာရှင်များကလည်း သဘာ၀ ပတ်ဝန်းကျင် ထိခိုက်နိုင်သည့် အရေးများကို ရေလှောင်တမံတည်ဆောက်ရေးတွင် ထည့်သွင်းစဉ်းစားလာကြသည်။
မြစ်ဆုံတမံ
မြန်မာနိုင်ငံ၌ ရေလှောင်တမံ ဆန့်ကျင်ကန့်ကွက်မှုများ ယခင်ကတည်းက ရှိခဲ့သော်လည်း ဧရာ၀တီ မြစ်ဆုံတွင် တမံဆောက်မည်ဆိုသောအခါ ဆန့်ကျင်သည့်အသံများ နိုင်ငံတစ်ဝန်းသို့ အားကောင်းစွာဖြင့် ပျံ့နှံ့သွားခဲ့သည်။ ဧရာ၀တီသည် မြန်မာတို့၏ အသည်းနှလုံး ဖြစ်၍ လည်းကောင်း၊ ဧရာ၀တီမြစ်ဆုံဒေသ၏ အလှအပနှင့် သဘာ၀ပတ်ဝန်းကျင်ကို မြတ်နိုးကြ၍ လည်းကောင်း၊ တည်ဆောက်မည် ဆိုသည့် တမံ၏ အရွယ်အစား ကြီးမား၍ တည်ဆောက်ပြီး ကာလများတွင် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို စိုးရိမ်ခဲ့ကြသဖြင့် လည်းကောင်း မြစ်ဆုံတမံ ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် ကမ္ဘာကပင် အာရုံပြုရသည့် အဆင့်အထိ ရောက်ခဲ့သည်။
မြစ်ဆုံရေလှောင်တမံကို ဆန့်ကျင်ကြခြင်းသည် အထက်ပါ အကြောင်းရင်းများအပြင် ပြည်သူအချို့ အမြင် မကြည်ကြသည့် တရုတ်နိုင်ငံ ပတ်သက်နေခြင်းကလည်း အချက်တစ်ခုအနေနှင့် ပါသည်။ ပြည်တွင်းမှ သာမက တရုတ်နှင့် အလွမ်းမသင့်သော နိုင်ငံတကာ အဖွဲ့အစည်း အချို့လည်း ပါဝင်ခဲ့သည်။ ထိုသို့ ပါဝင်ခဲ့ခြင်း၏ အထောက်အထား တစ်ခုမှာ ပါရဂူဘွဲ့အတွက် The University of Oxford, St Antony’s College, The School of Geography and the Environment သို့တင်သွင်းသော စာတမ်း (The Anti-Dam Protest Cycle: Evidence from Asia by Julian Kirchherr) တွင် “Funding was also provided by outside sources such as US embassy in Myanmar. ” ဟု ဖော်ပြထားခြင်း ဖြစ်သည်။ မြစ်ဆုံနှင့် ပတ်သက်သည့် ပြည်သူတို့ ရင်တွင်းမှ ထွက်ပေါ်လာသော ဆန့်ကျင်ရေး စကားသံများသည် မြန်မာနိုင်ငံ၏ အကျိုးကိုသာ ရည်ရွယ်သော်လည်း ပြည်ပမှ ဝင်ရောက် ချယ်လှယ်လိုသူများ၏ ရည်ရွယ်ချက်မှာ သူတို့ အကျိုးအတွက်သာ ဖြစ်သည်ဆိုခြင်းကို ယုံမှားဖွယ် မရှိချေ။ ဟိုတယ်ကြီးများ အပါအဝင် နေရာအချို့၌ ခန်းနားစွာ ပြုလုပ်ခဲ့သော ရေလှောင်တမံ ဆန့်ကျင်ပွဲများ၏ နောက်ကွယ်တွင် ပြည်ပအထောက်အပံ့ ပါဝင်ခဲ့သည်ဟု ပြောဆိုမှုများ ရှိခဲ့သည်။
ချဲ့ကား မှားယွင်းသော ဆန့်ကျင်ရေးအသံများ
ရေလှောင်တမံ ဆန့်ကျင်ရေး လှုပ်ရှားမှုများ၌ ပြည်တွင်း ပြည်ပ ငွေကြေး ကျောထောက်နောက်ခံ ရှိမရှိ တပ်အပ် မပြောနိုင်သော်လည်း ရေလှောင်တမံ၏ ဆိုးကျိုးများကို အဆမတန် ချဲ့ကား မှားယွင်းစွာ ပြောဆိုမှုများ ရှိခဲ့သည်မှာတော့ သေချာသည်။
သာဓက ဆောင်ရလျှင် အကြီးစားရေလှောင်တမံများနှင့်ပတ်သက်၍ ဟိုတယ်ကြီးတစ်ခု၌ ပြုလုပ်ခဲ့သော စကားဝိုင်း၌ “ကမ္ဘာပေါ်မှာ ဆောက်ခဲ့သမျှ mega-dam (အကြီးစား ရေလှောင်တမံ)ပေါင်း ငါးရာကျော်ကို သုတေသနလုပ်ပြီး ဆန်းစစ်ချက် ထုတ်တဲ့ အခါမှာ ဒီ mega-dam တွေဟာ ရာခိုင်နှုန်း တော်တော်များများ အကျိုးမပြုဘူးဆိုတဲ့ အဖြေကို ရပါတယ်” ဟု ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့သည်။ အဆိုပါပုဂ္ဂိုလ် ကိုးကားသော စာတမ်းကို Oxford University, Blavatnik School of Government မှ ပညာရှင်နှစ်ဦးတို့က ရေးသားခဲ့ခြင်း ဖြစ်သည်။ ယင်းပညာရှင်တို့ ရေးခဲ့သည်မှာ large dams in a vast majority of cases are not economically viable ဟု ဖြစ်ပြီး “အကြီးစား ရေလှောင်တမံ အတော်များများသည် စီးပွားရေး တွက်ခြေမကိုက်၊ တကယ်ကုန်ကျစရိတ်သည် မှန်းထားသည်ထက် ကျော်လွန်သည်”ဟု သူတို့က ဆိုသည်။ စီးပွားရေးရှုထောင့် တစ်ခုတည်းက ဆန်းစစ်ထားခြင်းသာ ဖြစ်သည်။ ယင်းကို “ဒီ mega-dam တွေဟာ ရာခိုင်နှုန်း တော်တော်များများ အကျိုးမပြုဘူး”ဟု အဓိပ္ပာယ်ဖွင့်ကာ မြန်မာပရိသတ်ကို တင်ပြခြင်းသည် သတိလက်လွတ် အမှားလော၊ ရည်ရွယ်ချက် ရှိရှိ အမှားပြောခြင်းလော ဆိုသည်ကို ယင်းပုဂ္ဂိုလ်မှသာ သိနိုင်မည်။
အလားတူ မြစ်ဆုံဟောပြောပွဲတစ်ခုတွင် “မြစ်ဆုံရေလှောင်တမံ ကျိုးခဲ့လျှင် ရေလုံးကြီးများသည် မြစ်ကြီးနားသို့ စက္ကန့်ပိုင်းအတွင်း ရောက်ရှိ ဖုံးလွှမ်း ဖျက်ဆီးလိမ့်မည်”ဟု ပုဂ္ဂိုလ်တစ်ဦးက ဟောပြောခဲ့သည်။ မြစ်ဆုံနှင့် မြစ်ကြီးနားသည် ၂၆ မိုင်ခန့် ဝေးကွာရာ မြစ်ဆုံမှ ရေလုံးများ မြစ်ကြီးနားသို့ စက္ကန့်ပိုင်းအတွင်း ရောက်ရန် အသံထက် မြန်သော အလျင်ဖြင့်လာမှသာ ရောက်နိုင်မည်။ ရေသည် အသံထက် မြန်သော နှုန်းဖြင့် ရွေ့လျားရန် လုံး၀မဖြစ်နိုင်ပေရာ သတိလက်လွတ် အမှားလော၊ စိတ်ဝင်စားလာရန် ရည်ရွယ်ချက် ရှိရှိ အမှားပြောခြင်းလော ဆိုသည်ကို ယင်းပုဂ္ဂိုလ်မှသာ သိနိုင်မည်။
ထိုသို့ ပြည်ပအဖွဲ့အစည်းများက ငွေအင်အားဖြင့် နောက်ကွယ်မှ ကူညီခြင်း၊ အမှန်တရားကို ထိန်ချန်ကာ ကိုယ်လိုရာဆွဲ၍ လူပြိန်းကြိုက် ရေးသား ဟောပြောမှုများ ရှိခြင်း စသည်တို့ကြောင့် လူအများအပြားသည် မြစ်ဆုံတမံ တင်မက ရေလှောင်တမံဆိုလျှင် ကြောက်စရာ အဆောက်အအုံ တစ်မျိုးဟု စိတ်ဝယ် စွဲထင်သွားခဲ့ကြသည်။ ရေလှောင်တမံ ဆောက်လုပ်မှုကို ကန့်ကွက်နေကြသော ရွာတစ်ရွာသို့ ရှင်းပြရန် သွားသော ယခင်အစိုးရ လက်ထက်က ပြည်နယ် ဝန်ကြီးတစ်ဦးကို ဆက်မသွားနိုင်အောင် လမ်းပိတ်ဆို့ထားခဲ့သည့် အဖြစ်မျိုး ပေါ်ပေါက်ခဲ့သည်။ ရေလှောင်တမံများအပေါ် ပြည်သူအချို့၏ အမြင်မကြည်မှုသည် ယခုအချိန်အထိ ရှင်သန်နေဆဲ ဖြစ်ကြောင်း တွေ့ရသည်။
သဖန်းဆိပ်ရေလှောင်တမံ
သာဓကအနေနှင့် သဖန်းဆိပ် ရေလှောင်တမံ အကြောင်း ဖေ့စ်ဘွတ်ခ် အကောင့်ပိုင်ရှင်အချို့၏ မှတ်ချက်ကို ကြည့်နိုင်သည်။ တစ်ဦးသောသူက ရေလှောင်တမံအတွက် နေရာရွှေ့ပြောင်းပေးခဲ့ရခြင်း အပေါ် “စိုက်ပျိုးရေး သာ လုပ်ကိုင်စားသောက်တတ်ကြတဲ့ ရွာသူရွာသားတွေဟာ စိုက်စရာမြေ မရှိတော့တဲ့အတွက် ကြုံရာ ကျပန်း လုပ်ကိုင်ခဲ့ရတယ်။ တချို့ကလည်း ဒေသမှာ အလုပ်အကိုင်မရှိတော့လို့ တခြားဒေသတွေကို ပြောင်းရွှေ့ပြီး အလုပ်မျိုးစုံ လုပ်ကိုင် စားသောက်နေခဲ့ကြတယ်။ မြေပိုင် ယာပိုင်ဘ၀ကနေပြီး သူများ ခိုင်းတာ လုပ်ရတဲ့ ဘ၀ကို ချက်ချင်း ရောက်သွာခဲ့ကြရတော့တယ်။ တကယ်တော့ သဖန်းဆိပ် ရေလှောင်တမံ ဆိုတာ ရေတွေ လှောင်ထားတာမဟုတ်ပါဘူး။ ကျွန်းလှမြို့နယ်က လူတွေရဲ့ မျက်ရည်တွေကို လှောင်ထားတာပါ ” ဟု ဆိုသည်။
အခြားတစ်ဦးက “သဖန်းဆိပ် ကင်းတပ်ဆည်တွေ ကြည့်လိုက် မူးမြစ်ဝှမ်းတလျှောက် ကောက်ပဲသီးနှံ စိုက်မရတော့ဘူး။ ဆည်ရေသောက် ဧရိယာက လက်တွေ့မြေပြင်မှာ ဘာမှပြောရလောက်အောင် တိုးမလာဘူး။ ကျွန်းလှမြို့ ပျောက်သွားတာပဲ အဖတ်တင်တယ်။ လျှပ်စစ်ထုတ်တာလည်း ဆည်ဧရိယာနဲ့ဆို ဘာမှ မပြောပလောက်ဘူး” ဟု မှတ်ချက်ချထားသည်ကို တွေ့နိုင်သည်။

သဖန်းဆိပ် ရေလှောင်တမံ
ဓာတ်ပုံ- နေခြည်သစ်။ သဖန်းဆိပ်ဆည်နှင့် ရေအားလျှပ်စစ်စက်ရုံ ကျွန်းလှမြို့- စစ်ကိုင်းတိုင်း ဖေ့စ်ဘွတ်ခ်မှ ရရှိသည်။
အဆိုပါ မှတ်ချက်များကိုသာ ဖတ်မိသူများအဖို့ သဖန်းဆိပ် ရေလှောင်တမံသည် မတည်ဆောက်မီ ကတည်းက ဒေသခံတို့အား ဒုက္ခပေါင်းစုံ ဖြစ်ပေါ်စေသည်သာမက တည်ဆောက်ပြီးသည်အထိ မည်သည့် ကောင်းကျိုးမှ မပေး၊ ဘဏ္ဍာငွေ အလဟသ ဖြုန်းတီးသော ရေဘက်ဆိုင်ရာ အခြေခံ အဆောက်အအုံကြီးတစ်ခုဟု ထင်မြင်သွားနိုင်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ရှိ သဖန်းဆိပ်တမံကို ၁၉၉၆-၁၉၉၇ ခုနှစ်တွင် စီမံကိန်း စတင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် တည်ဆောက် ပြီးစီး၍ ဖွင့်လှစ်နိုင်ခဲ့သည်။ မူးမြစ်ကို ပိတ်၍ တည်ဆောက်ထားခြင်းဖြစ်ပြီး ရေဆင်းဧရိယာ ၃၄၆၀ စတုရန်းမိုင်၊ နှစ်စဉ် ပျမ်းမျှ မိုးရေချိန် ၃၇ . ၉၁ လက်မ၊ နှစ်စဉ် ပျမ်းမျှစီးဝင်ရေ ၃၅၃၄၀၀၀ ဧကပေ၊ တမံအမြင့် ၁၀၈ ပေ၊ တမံအလျား ၂၂၅၈၇ ပေ၊ ကန်ရေပြည့် ရေလှောင်ပမာဏ ၂၇၉၄၂၄၀ ဧကပေ (၃ . ၄ ကုဗကီလိုမီတာ)၊ ကန်ရေသေ ရေလှောင်ပမာဏ ၁၄၁၃၆၀ ဧကပေ၊ ကန်ရေပြည့် ရေပြင်ကျယ်ဧရိယာ ၁၀၆၂၀၀ ဧက၊ ကန်ရေပြည့်မှတ် ၅၄၅ ပေ ဖြစ်သည်။
သဖန်းဆိပ် ရေလှောင်တမံမှ အောက်ဘက် ကိုးမိုင်အကွာရှိ ကင်းတပ်ရေထိန်းတမံ၏ လက်ယာ တူးမြောင်းမကြီးနှင့် လက်ဝဲတူးမြောင်းမကြီးတို့မှ စိုက်ပျိုးဧက ၁၇၀၀၂၀၊ ကင်းတပ်ရေထိန်းတမံမှ အောက်ဘက် ၂၄ မိုင်အကွာရှိ ကာဘိုးရေလွှဲဆည်မှ ရွှေဘို မြောင်းမတော်၊ ရေဦး မြောင်းမတော်တို့မှ စိုက်ပျိုးဧက ၃၂၁၆၆၇ စုစုပေါင်း စိုက်ပျိုး ၄၉၁၆၆၇ ဧကအား စိုက်ပျိုးရေ ဖြန့်ဝေပေးလျက်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ကန့်ဘလူ၊ ဇီးကုန်း၊ ခင်ဦး၊ ရွှေဘို၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ဒီပဲယင်း၊ ဘုတလင်၊ အရာတော်၊ စစ်ကိုင်း အစရှိသည့် မြို့နယ်များရှိ တောင်သူ ၇၀၀၀၀ ခန့် သဖန်းဆိပ်ရေဖြင့် စိုက်ပျိုးလျက် ရှိသည်။
သဖန်းဆိပ်ရေလှောင်တမံ၏ အဓိက ရည်ရွယ်ချက်မှာ ရှိပြီးသား လယ်ယာများ၏ irrigation intensity တိုးတက်ကာ လယ်ယာထုတ်ကုန် သီးနှံများ ပိုမိုထွက်ရှိလာပြီး တောင်သူများ၏ လူမှူစီးပွားဘ၀ တိုးတက် လာဖို့၊ တနည်းအားဖြင့် horizontal development ထက် vertical development ကို ဦးစားပေးထားသော စီမံကိန်းတစ်ခု ဖြစ်သည်။
စိုက်ပျိုးရေ ထုတ်ပေးရင်းနှင့် တမံတွင် ထည့်သွင်းတည်ဆောက်ထားသော ၁၀ မက်ဂါဝပ် လျှပ်စစ်ထုတ်စက် သုံးလုံးက လျှပ်စစ်ထုတ်၍ နိုင်ငံ၏ ဓာတ်အားကွန်ယက်ထဲသို့ ထည့်သွင်း ပေးသည်။ ၂၀၂၂ ဇူလိုင်လ ၁၄ ရက်နေ့က လျှပ်စစ်ဓာတ် ၅၉၉ မက်ဂါဝပ် (ယူနစ်ပေါင်း ၅၉၉ . ၉၉ သိန်း) ထုတ်ပေးခဲ့သည်။
ဤမျှဖြင့် သဖန်းဆိပ်တမံသည် အချို့က အဆိုးမြင်သက်သက်ဖြင့် ပြောသကဲ့သို့ မဟုတ်သည်မှာ ထင်ရှားနေသည်။ သက်သေအဖြစ် သဖန်းဆိပ်တမံ၏ အကျိုးများကို ခံစားနေကြရသူ ဒေသခံအချို့၏ စကားသံများကို ပြဆိုနိုင်သည်။ “သဖန်းဆိပ်တမံကြီးရဲ့ ကျေးဇူးကြောင့် ရွှေဘိုခရိုင်အတွင်းက မြို့တွေဟာ ၁၆ နှစ်ကျော် ကာလအတွင်းမှာ စီးပွားရေးအရမ်းကောင်းခဲ့တယ်။ ရွှေဘိုမြို့မှာ အိမ်ဆောက်ပစ္စည်းဆိုင်ဆိုတာ နေရာ တော်တော် များများမှာ တွေ့နေရတယ်။ အိမ်ကြီးအိမ်ကောင်းတွေ ရွာရော မြို့ရော လျင်မြန်စွာ တိုးပွားလာကြတာက အားရစရာ အရမ်းကောင်းလှပါတယ်။ အခုဆိုရင် ရွှေဘိုဆန်ဆိုတာ မြန်မာနိုင်ငံမှာ အရည်အသွေး အကောင်းဆုံးနဲ့ ဈေးအကြီးဆုံးပဲ။ စပါးအထွက်နှုန်းကလည်း တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် အကောင်းဆုံးပဲ။ တစ်နှစ်ကို နှစ်သီးစိုက်ပြီး အထွက်ကောင်း ဈေးကောင်းကြတာမို့ စီးပွားရေး အထူး အဆင်ပြေကြပါတယ်။ အဲဒါတွေ အားလုံးက သဖန်းဆိပ် ရေလှောင်တမံကြီးရဲ့ အကျိုးကျေးဇူးပေါ့” ဟုလည်းကောင်း၊ “ဆည်ရေ အကျိုး ခံစားရတဲ့ ရွှေဘိုလိုခရိုင်တွေမှာဆို ကျေးလက်နေ တောင်သူတွေက လက်တွန်းလယ်ထွန်စက် မရှိတဲ့သူ ရှားနေပြီ”ဟု လည်းကောင်း ပြောကြသည်။
ရေမြုပ်ဧရိယာမှာရှိသည့် ကျွန်းလှမြို့နှင့် ရွာပေါင်း ၇၃ ရွာကို ရေလှောင်တမံကြီး၏ အရှေ့ဘက် ၁၂ မိုင်အကွာရှိ သစ်ရာပင်ရွာကို ရွှေ့ပြောင်းခဲ့ကြရသည်။ သစ်ရာပင်ရွာက ယာမြေများ ဆုံးရှုံးသည်။ ပြောင်းရွှေ့နေရာချစဉ်က မြေကွက်သာ ပေးခဲ့ပြီး အိမ်ဆောက်မပေးခဲ့သဖြင့် ကျွန်းလှမြို့သားများသည် အိမ်သစ်ပြန်ဆောက်ခဲ့ကြရသည့် ဆိုးကျိုးများ ရှိခဲ့သည်။ နေရာ ရွှေ့ပေးရသော ဒေသခံတို့၏ အလုပ်အကိုင် အခွင့်အလမ်းကို ဖန်တီးပေးနိုင်ခြင်း မရှိဟု မကျေမနပ် ဖြစ်သူများလည်း ရှိသည်။ သို့သော် ချောင်ကျသော မူလနေရာက ရွှေ့ခဲ့ရသော ကျွန်းလှသားများသည် ယခုအခါ သွားရေးလာရေး အဆင်ပြေသော၊ ကတ္တရာလမ်းကျယ်ကြီးများ ရှိသောနေရာသို့ ရောက်နေကာ ကန့်ဘလူ၊ ကောလင်းတို့သို့ အလွယ်တကူ သွားလာနိုင်သဖြင့် စီးပွားရေးလည်း ကျွဲကူးရေပါ တိုးတက်လာနေပြီ ဖြစ်သည်။
အထက်ပါ ဝေဖန်သံ၊ မကျေမနပ်ဖြစ်သံ၊ ဖြစ်ထွန်းလာခဲ့သော ကောင်းကျိုးများကို ထုတ်ဖော်သံတို့ကို ချိန်ညှိ၍ သဖန်းဆိပ်တမံ စတင်ဖွင့်လှစ်အပြီး ၂၁ နှစ်အကြာ ယခုပြန်လည်သုံးသပ်ရလျှင် ယင်းတမံ၏ ဒေသခံများ အပေါ် အကျိုးသက်ရောက်မှုသည် အဆိုးထက် အကောင်းက သိသိသာသာ ပိုများနေပြီဟု ကောက်ချက်ချနိုင်သည်။ အခြားသာဓက အမြောက်အမြားထဲက တစ်ခုအဖြစ် ဖြူးချောင်း ရေလှောင်တမံကြောင့် ဆည်ရေသောက် ဧက ၂၀၀၀၀၊ ၃၀၀၀၀ ခန့် တိုးတက် ဖြစ်ထွန်းလာခဲ့သည်ကို ညွှန်ပြနိုင်သည်။
သို့သော် သဖန်းဆိပ်တမံကို ဖြစ်စေ၊ အခြားရေလှောင်တမံများကို ဖြစ်စေ အဆိုးဘက်ကိုသာ ကဲ၍ မြင်သူများ ရှိနိုင်သေးသည်။
ထိုသူများက ရေလှောင်တမံကြောင့် မြစ်အောက်ပိုင်းသို့ စီးဆင်းသော ရေပမာဏ နည်းသွားသည်ဟု ထင်ကြသည်။ လျှပ်စစ်သက်သက် ထုတ်သော တမံများတွင် အောက်ပိုင်းသို့ စီးဆင်းသောရေ နည်းမသွား။ စိုက်ပျိုးရေနှင့် သောက်သုံးရေ ရယူသော ရေလှောင်တမံတို့တွင် ရေထုတ်ယူသည့်အတွက် ယူသည့် ပမာဏအလိုက် အောက်ပိုင်းသို့ စီးသောရေ နည်းသွားသည်။ သို့သော် အကျိုးရှိရှိ သုံးလိုက်သည့်အတွက် နည်းသွားခြင်း ဖြစ်သည်။ အလဟသ ဖြစ်သွားခြင်း မဟုတ်ပေ။ မိုးဗြဲချောင်းပေါ်တွင် ဆောက်ထားသော လောပိတ၊ ချောင်းမကြီးပေါ်တွင် ဆောက်ထားသော ဆည်တော်ကြီး၊ ပန်းလောင်မြစ်ပေါ်တွင် ဆောက်ထားသော ကင်းတားရေလှောင်တမံတို့သည် ဆယ်စုနှစ်ပေါင်း များစွာကြာပြီ ဖြစ်သည်။ ဒေသတွင်း ရာသီဥတု အခြေအနေကြောင့် မြစ်အောက်ပိုင်း ယာယီရေစီးနည်းသွားခြင်းမှ လွဲ၍ ရေလှောင်တမံကြောင့် အကျိုးမဲ့ ရေစီးနည်းသွားခြင်း မည်သည့်အခါမျှ မရှိခဲ့ပေ။
အချို့က ရေလှောင်တမံများ၏ ခိုင်ခံ့မှုကို စိုးရိမ်ကြသည်။ မိုးဗြဲနှင့် ဂျိုးဖြူရေလှောင်တမံ စသည်တို့သည် ဆယ်စုနှစ်ပေါင်း များစွာ ကြာသည့်တိုင်အောင် မပြိုလဲဘဲ အများပြည်သူကို အကျိုးပြုနေဆဲ ဖြစ်သည်ကို နှလုံးသွင်း၍ ယင်းစိုးရိမ်စိတ်ကို ဖျောက်နိုင်သည်။
ရေလှောင်တမံ မရှိခဲ့လျှင်
ရေလှောင်တမံကို ဆောက်ချင်တိုင်း ဆောက်၍မရ၊ ဆောက်မည့် ဒေသတွင် လုံလောက်သော မိုးရေချိန်၊ သို့မဟုတ် မြစ်ချောင်းစသည့် လုံလောက်သော ရေစီးကြောင်းများ၊ သင့်တင့်သော ကုန်ကျစရိတ်ဖြင့် တမံပိတ် ရေလှောင်နိုင်သော မညီညာသည့် မြေပြင် စသည့် အခြေခံ လိုအပ်ချက်များနှင့် ပြည့်စုံရသည်။ ယင်းအချက်များကို ပိုင်ဆိုင်သော ဒေသများသည် သဘာ၀၏ မျက်နှာသာပေးမှုများအနက် တစ်ခုကို ရရှိထားသော ဒေသများ ဖြစ်သည်။
ရေလှောင်တမံကို ကန့်ကွက်မည်ဆိုလျှင် ရေလှောင်တမံ မရှိပါက မည်သို့ ဖြစ်မည်နည်းဆိုသည်ကို စဉ်းစားရန် လိုအပ်သည်။ သဖန်းဆိပ်ကို ဆက်လက် ဥပမာပေးရလျှင် ယင်းတမံသာမရှိပါက စိုက်ဧက ငါးသိန်းနီးပါးသည် ယခုကဲ့သို့ ရေရနေမည် မဟုတ်ပေ။ သဖန်းဆိပ်ရေကို အမှီပြုနေရသော တောင်သူ ၇၀၀၀၀ ခန့်တို့၏ လူမှုစီးပွားကို သိသာစွာ သက်ရောက်ဖွယ် ရှိသည်။
ရေအားလျှပ်စစ်ထုတ် ရေလှောင်တမံများကို ကြည့်လျှင် ရဲရွာတမံသည် ၄၃၃ ပေ၊ အောက်ပေါင်းလောင်း တမံသည် ပေ ၄၃၀၊ အထက်ပေါင်းလောင်းသည် ၃၃၈ ပေ အသီးသီးမြင့်ကြသဖြင့် အကြီးစား ရေလှောင်တမံများပင် ဖြစ်ကြသည်။ ယင်းတို့ကြောင့် လူအများ ရွှေ့ပြောင်းပေးရသည်များ၊ ဂေဟစနစ် ပျက်ယွင်းရသည်များ ရှိခဲ့မည်။ ယင်းတမံသုံးခုတွင် တပ်ဆင် လည်ပတ်နေသော လျှပ်စစ်ထုတ်စက် အင်အားက စုစုပေါင်း ၁၂၀၀ မက်ဂါဝပ်ကျော်ပေရာ အကယ်၍သာ ယင်းတမံသုံးခု မရှိခဲ့လျှင် ယနေ့မြန်မာလူထု ကြုံတွေ့နေရသည့် မီးပြတ်သောဒုက္ခသည် ပိုမိုဆိုးရွားနေလိမ့်မည်။
သဘာ၀ပတ်ဝန်းကျင်နှင့် လူမှုစီးပွား ဖွံ့ဖြိုးမှု
ရေလှောင်တမံကို ကန့်ကွက်နေကြသူများ၏ အဓိက လိုလားချက်များအနက် တစ်ခုမှာ သဘာ၀ ပတ်ဝန်းကျင် မပျက်ယွင်းစေလိုသည့် ဆန္ဒ ဖြစ်သည်။ လူသားတိုင်းကလည်း ယင်းသို့သော သဘောထားမျိုး ရှိကြသည်ချည်း ဖြစ်သည်။ မိမိအိမ် မိမိလမ်း မိမိမြို့ရွာနိုင်ငံ စိမ်းလန်းစိုပြည်၍ လှပသန့်ရှင်းနေခြင်းကို မလိုလားသူ မရှိနိုင်ပေ။ သို့သော် ဖြစ်စေချင်သည်က တစ်မျိုး၊ အခြေအနေအရ ဖြစ်လာသည်က တစ်မျိုးကို ကြုံကြရတတ်သည်။ အိမ်တစ်ဆောင်တွင် မိဘနှင့်သားသမီးနှစ်ဦး၊ ပေါင်းလေးဦးတည်း ရှိစဉ်က အိမ်ကို သပ်ရပ် လှပနေအောင် ဖန်တီးထားထားနိုင်သော်လည်း သားသမီး မြေးမြစ်တိုးပွားလာလျှင်၊ ဧည့်သည် စောင်သည် ရက်ရှည်လာနေလျှင် စသည့် အခါမျိုးများတွင် လူနည်းစဉ်က အခြေအနေအတိုင်း သပ်ရပ် လှပနေအောင် ဆက်ထိန်းထားဖို့ မဖြစ်နိုင်တော့ချေ။ အလားတူ မိမိနေသောလမ်းတွင် အိမ်ခြေ ဆယ်ဂဏန်းမျှရှိစဉ်က အမှိုက်သရိုက်ကင်း၊ လူဝင်လူထွက် ရှင်းခဲ့သော်လည်း လူနေစိပ်လာသောအခါ လမ်းညစ်ပတ်လာသည်၊ လူဝင်လူထွက်သာမက ကားဝင်ကားထွက်ပါ ရှုပ်လာတော့သည်။ ဤသည်ကို အိမ်ခြေ ဆယ်ဂဏန်းမျှ ရှိစဉ်ကအတိုင်း နေနိုင်ရန် အားထုတ်လျှင် အချည်းနှီးသာ ဖြစ်မည်။ လွန်ခဲ့သော နှစ်ပေါင်း ၅၀၊ ၆၀ ခန့်က ရန်ကုန်မြို့၏ ဓာတ်ပုံများကို ကြည့်ပြီး ယင်းခေတ်က ရန်ကုန်လိုမျိုး ပြန်ဖြစ်လျှင် ကောင်းလေစွဟု တမ်းတမိကြသော်လည်း မဖြစ်နိုင်တော့သည်ကို စိတ်မကောင်းစွာနှင့် လက်ခံကြရသည်။
ထို့အတူ ယနေ့လူဦးရေသန်း ၈၀၀၀ နီးနီးရှိနေသော ကမ္ဘာ၏ သဘာ၀ပတ်ဝန်းကျင် အခြေအနေကို လူဦးရေသန်း ၅၀၀၀ ခန့်ရှိစဉ်က အခြေအနေမျိုး ဖြစ်အောင် ဖန်တီးရန် မဖြစ်နိုင်။ တိုးတက်လာသော လူဦးရေအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်အောင် အတတ်နိုင်ဆုံး အားထုတ်လျက် ဆောက်ရမည်သာ ဖြစ်သည်။ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှု အနည်းနှင့်အများ ရှိလာလျှင် လက်ခံရမည်။
အလားတူ ယနေ့လူဦးရေ ၅၅ သန်းခန့်ရှိနေသော မြန်မာ၏ သဘာ၀ပတ်ဝန်းကျင် အခြေအနေကို လူဦးရေသန်း ၄၀ ခန့်ရှိစဉ်က အခြေအနေမျိုး ဖြစ်အောင် ဖန်တီးရန် မဖြစ်နိုင်။ တိုးတက်လာသော လူဦးရေအတွက် လိုအပ်သော အခြေခံအဆောက်အအုံများကို သဘာ၀ပတ်ဝန်းကျင်ကို မထိခိုက်အောင် အတတ်နိုင်ဆုံး အားထုတ်လျက် ဆောက်ရမည်သာ ဖြစ်သည်။ သဘာ၀ပတ်ဝန်းကျင် ပျက်စီးမှု အနည်းနှင့်အများ ရှိလာလျှင် လက်ခံရမည်။
အခြေခံ အဆောက်အအုံများထဲတွင် မရှိမဖြစ်သော လျှပ်စစ်နှင့် ရေတို့ကို စဉ်းစားလျှင် လျှပ်စစ်မရှိဘဲ လူတို့ ရှင်သန်နေနိုင်သေးသည်၊ ရေမရှိဘဲ လူတို့ ရှင်သန်ဖို့ မဖြစ်နိုင်။ လျှပ်စစ်ကို လိုလျှင် ရေအားအပြင် နေအား လေအား နျူကလီးယားအား စသဖြင့် အရင်းအမြစ် များစွာတို့မှ ထုတ်ယူနိုင်သည်၊ နောင်တွင် လျှပ်စစ်ထုတ်ယူနိုင်သော အရင်းအမြစ်များ တိုးလာနိုင်သေးသည်။ ရေအဖြစ် ပြောင်းလဲထုတ်ယူနိုင်သည့် အရင်းအမြစ်ဟူ၍ မရှိ၊ နောင်တွင်လည်း ရှိလာမည် မဟုတ်။
ထို့ကြောင့် နိုင်ငံ တစ်နံတစ်လျား ရေဖူလုံရေးအတွက် မိမိဒေသအပေါ် ရွာကျသော မိုးရေကို ခံယူသိုလှောင်သောစနစ်များ၊ မိမိဒေသကို ဖြတ်သန်း စီးဆင်းသော မြစ်ရေ ချောင်းရေများကို စုဆောင်းအသုံးချနိုင်သော ရေလှောင်တမံများကို ဆောက်လုပ်ရန် မဖြစ်မနေ လိုအပ်ပါသည်။ အထူးသဖြင့် တစ်ကမ္ဘာလုံး ရာသီဥတု ပြောင်းလဲခြင်းကြောင့် သောက်သုံးရေ စိုက်ပျိုးရေ ရရှိမှု ကမောက်ကမ ဖြစ်နေချိန်တွင် မိုးရရှိမှု ဒေသအလိုက် မညီမျှသော၊ ရွာချိန်က တစ်နှစ်လျှင် လေးလခန့်သာ ရှိသော၊ ရေအရင်းအမြစ် ပေါကြွယ်၀ပါလျက် ရေသိုလှောင် ပမာဏ နည်းပါးခြင်းကြောင့် ဒေသအများအပြား ရေဖူလုံမှု မရှိသော မြန်မာနိုင်ငံတွင် ရေလှောင်တမံများကို ပို၍ လိုအပ်ပါသည်။
Keywords: ရေလှောင်တမံ၊ သဖန်းဆိပ်တမံ၊ အများပြည်သူ၏ အမြင်
ကိုးကား –
၁။ https://archive.internationalrivers.org/the-international-anti-dam-movement
၂။ ရေကာတာသည် ဖွံ့ဖြိုးရေးလော၊ ပျက်စီးခြင်းလော (https://www.khrg.org/)
၃။ https://santhitsanew.com/archives/115
၄။ https://www.facebook.com/thaphanseik172/
၅။ https://news-eleven.com/article/201273
၆။ ဦးစောသက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ မုံရွာမြို့၏ ပြောကြားချက်များ
၇။ ဒေါက်တာအုန်းမြင့်(ကမ္ဘာ့ဘဏ်)နှင့်မေးမြန်းချက်
Share this:
Related

ရေဖူလုံရေးတွင် အရေးပါသည့် ရေသိုလှောင်နိုင်မှု
July 8, 2022
In “Awareness”

ရေဖလား(Water Cup)
July 10, 2022
In “Awareness”

ဟိုတောင်ဆီမှာပြိုသည့်မိုး
September 26, 2021
In “Floods”