🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ၊ဧရာသားတို့၏ ငယ်ဘဝ …

🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ ။

ဧရာသားတို့၏ ငယ်ဘဝ …

ပြန်လည်မျှဝေပါသည်။
Sai Min Thant

ညောင်တုန်းမြို့ နှင့် ရန်ကုန်မြို့ သွားလာနေခဲ့သော ဧရာဝတီ ၂ထပ်သင်္ဘော နှင့် မူလ ပန်းလှိုင်မြစ်အတွင်း သင်္ဘော ဖြတ်သွားနေစဉ် မြစ်ထဲ ရေဆင်းချိုးနေကြသော ညောင်တုန်းသားများ၏ ပန်းချီသရုပ်ဖေါ်ပုံများကို ဦးငွေကိုင်ပန်းချီဆုရ သူ၊ ဧရာဝတီတိုင်း ၊ ညောင်တုန်းမြို့သား ပန်းချီ ဝင်းမြင့်မိုး ထံမှ ရရှီပါသည် ။

⚜⚜⚜⚜⚜⚜⚜⚜⚜⚜

(ဒီလိုမျိုး သင်္ဘောစီးဖူးတဲ့သူပါရင်မန့်လိုက်နော် ကျွန်တော် ဧရာဝတီသားစစ်စစ်ပါ)

ကုလားထိုင်ငှားနိုင်ရင်အကောင် ဦးခန်းစီးနိုင်ရင်အကောင် ဦးခန်းရဖို့ လက်မှတ်ရောင်းသူတွေနဲ့ ရင်းနှီးမှ အံမယ် သင်္ဘောပေါ်ကစားသောက်ဆိုင်မှာ စားနိုင်တဲ့သူကလည်း အကောင်တစ်ကောင်ပဲ ။

ဧရာဝတီသင်္ဘောခြင်းအတူတူ အမဲကောင်( T class,တိမ်ညို၊တက်တိုး။ S class စပါး၊ စန္ဒာ) စီးတဲ့သူနဲ့ ၊
တစ်ချိန်က ဧရာဝတီမြစ်အတွင်းပြေးဆွဲနေသည့်
နှစ်ထပ်သင်္ဘော အဖြူကောင် (ဝိသာခါ၊ဝေဘာဂီ) စီးတဲ့သူက အကောင်ဘဲ။ အဖြူ(အထူး)ခြင်းအတူတူ ဗန္ဓက၊ဘုရင့်နောင်၊ဗညားဒလ စီးတဲ့ သူက ပိုအကောင်ကြီးတဲ့ အကောင်။

တစ်ချိန်က ဧရာဝတီမြစ်အတွင်းပြေးဆွဲနေသည့် နှစ်ထပ်သင်္ဘော

ရန်ကုန်ကနေ မအူပင်အထိ နဲ့ ပုသိမ်ကနေ မြောင်းမြအထိ ကာတွန်းစာအုပ်ငှားတဲ့သူတွေလည်းသတိရတယ်။

သင်္ဘောစက်နှိုးကာနီး စက်ခန်းထဲကထွက်တဲ့ “ခွီ” ဆိုတဲ့ အသံကြီးကလည်း အရွယ်ကြီးလာတဲ့အထိကြောက်တုန်းပဲ။
နေရာမရလို့ လှေကားထစ်မှာငုတ်တုတ်အိပ်လိုက်ရတဲ့အခိုက်အတန့်တွေဟာလည်း အဲ့အချိန်က အရမ်းစိတ်ကသိကအောက်ဖြစ်ခဲ့ရပေမယ့် အခုကျတော့လည်း လွမ်းမောစရာ။

မှတ်မိသေးရဲ့ နှစ်ထပ်ခွဲတွေပေါ်လာတော့ အပေါ်ဆုံးထပ်ခေါင်းတိုင်နားမှာ နွေးလို့ဆိုပြီးသွားအိပ်တာ နိုးလို့မျက်နှာပွတ်လိုက်မှ မဲတူးနေတာပဲ ။

ပုသိမ်ကျောင်းတက်တုန်းဆို သင်္ဘောပေါ်မှာ ယောက်ျားလေးအဖွဲ့တွေက သူ့အဖွဲ့နဲ့သူ ဂစ်တာတီးကြ၊ သောက်တတ်တဲ့သူကသောက်ကြ၊ မိန်းကလေးအဖွဲ့တွေက ဟီလာထကြ၊ အတင်းပြောကြ၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ မျက်လုံးတွေက ကစားကြပေါ့ သင်္ဘောပေါ်မှာဆုံကြတဲ့ဖူးစာတွေကလည်းအများကြီး။

ရန်ကုန်သွားပြီဆိုလည်း တွံ့တေးတူးမြောင်း ၃ မိုင်ခွဲလောက်ရောက်ပြီဆို သနပ်ခါးတွေထလူးကြ၊ ခေါင်းတွေဖီးကြ၊ အခင်းတွေခေါက်ကြနဲ့ လွမ်းမောစရာအချိန်လေးတွေပါပဲ။

တွံတေး တူးမြောင်းဝန်းကျင်မှာ လှေတွေနဲ့ သွားနေတဲ့ သင်္ဘောပေါ် ခုန်တက်ပြီး ဈေးတက်ရောင်းတဲ့ မုန်ဟင်းခါးသည်၊ဒေသထွက်ကုန် ရောင်းတဲ့ ဈေးသည်တွေ ကိုလဲ သတိရစရာပါဘဲ။

သင်္ဘောအနောက်ဘတ် အိမ်သာနားက ရေတုံကင်မှာ သောက်သုံးရန်အတွက် ရေသွားယူပြီး သောက်သုံးခဲ့ရတာ(ရေသန့်ဘူးမပေါ်သေးပါ)တွေကတော့ ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အမှတ်ရစရာတွေသာ ဖြစ်ပါတော့တယ်။
တစ်ချိန်က ဧရာဝတီမြစ်အတွင်းပြေးဆွဲနေသည့် နှစ်ထပ်သင်္ဘော
ဦးဟယ်နီ စီုး မှ Shwe Inya ဖြည့်စွက်ကူးယူသည် ။

သဘောကျလို့ကူးတင်လိုက်ပါတယ်။
မူရင်းရေးသားသူအားလုံးကို လေးလေးစားစား creditပေးပါတယ်။

post & photos – credit
KHT

========================.

တစ်ချိန်က…
ရန်ကုန် – ပုသိမ်
မြစ်ကြောင်းတလျောက်မှာ
ဘော်…ဘော်ဆိုတာနဲ့ ရှိသမျှ နှစ်ထပ်ရေယာဉ်တွေ
မော်တော်တွေ…လှေတွေ စက်လှေတွေ အကုန်လုံး ဘေးကပ်ပေးပြီး…
မော့ကြည့်ခဲ့ရတဲ့ ဗန္ဓကကြီး…
တစ်ချိန်က ဧရာဝတီမြစ်အတွင်းပြေးဆွဲနေသည့် နှစ်ထပ်သင်္ဘော ခရီးသည်များ

ဗန္ဓုလ…ဗန္ဓက…ဗညားနွဲ့တို့ စီးဖို့ဆိုတာ… အပေါ်ထပ်အိပ်ခန်းမပြောနဲ့ အောက်ထပ်တောင်
တော်တော်ဝယ်ရခက်တဲ့ ပုသိမ်ကောင်ကြီးတွေ…

မြန်လည်း မြန်တယ်…
လမ်းတစ်လျောက် ၇ နေရာဘဲကပ်တယ်…
အရင်တုန်းက ရန်ကုန် ပုသိမ်လိုင်းမှာ အကောင်းဆုံးတွေ…

ချောင်းသာဘက်သွားချင်ရင်… အဲ့ကောင်တွေစီး…
ပုသိမ်ရောက်တော့ တစ်ရက်ခြားထွက်တဲ့ တစ်စီးတည်းသော ဘုရင် လူစီးမော်တော်လေးစီး
ရှောပြာကို နေ့လည် ၂ နာရီလောက်ရောက်…
ရှောပြာကနေ စစ်လက်ကျန် ချက်ပလက် သစ်သားဘော်ဒီအိမ်ရှည် လေးထောင့်ကားလေးကို
စီးပြီးမှ ချောင်းသာကိုရောက်…

ချောင်းသာဘက်ကနေ ရှောပြာဘက်ကိုစီးရင်တော့ မီးသွေးအိတ်တွေပေါ်ကသာ အုန်းသားအိတ်တွေပေါ်ကသာအမြဲထိုင်စီးရတယ်…
တစ်ချိန်က ဧရာဝတီမြစ်အတွင်းပြေးဆွဲနေသည့် နှစ်ထပ်သင်္ဘော

အဲ့ဒီတုန်းက ဘုရင်မော်တော်ပေါ်မှာ ရောင်းတဲ့ ပုသိမ်ပေါ်ဆန်း ဖွေးဖွေးတောင့်တောင့် ထမင်းနဲ့ ကြက်သားဆီပြန်ချက်က အဝစားမှ တစ်ကျပ်ခွဲရယ်
စားကောင်းလွန်းလို့ ဘုရင်စီးရမယ်ဆို ဘယ်တော့မှ အပြင်က ထမင်းမစားလာကြဘူး…
လူတိုင်း ဘုရင်ပေါ်ရောက်မှ တွယ်ကြတာဘဲ…
အရသာကလည်းရှိ တန်ကလည်း တန်မို့ ချက်တာလည်း စေတနာပါမို့ အနှစ် သုံးဆယ်ကျော် လေးဆယ်နီးပါးထိ ဘုရင်မော်တော်ပေါ်က ထမင်းနဲ့ ကြက်သားဆီပြန် မွှေးမွှေးလေးကို သတိရနေတုန်း…

အဲ့ဒီတုန်းက ချောင်းသာဟာ ဘိစပ်ခြုံတွေ ပင်လယ်ကဗွီးပင်တွေ ဝင်ကစွပ်တွေနဲ့…
အပန်းဖြေစခန်းမရှိသေး…

ဖြစ် ချိန်တန် ဖြစ်
ပျက် ချိန်တန် ပျက်…

အဲ့ရေယာဉ်ကြီးတွေစီး ချောင်းသာဘက်သွားခဲ့တာ မနေ့က တနေ့ကလိုဘဲ ထင်ခဲ့ရပေမယ်…
ဗန္ဓကတောင် ဒီလိုဖြစ်နေပြီ…

သက်ရှိ သက်မဲ့အားလုံး မလွန်ဆန်နိုင်ခဲ့တဲ့ ဇရာတွေ ခညောင်းခဲ့ပေါ့…

တစ်ချိန်က အင်းဝထီးနန်းထက်မှာ အင်မတန်မှ တန်ခိုးအာဏာ ထက်မြက်ခဲ့တဲ့ တောင်နန်းဆောင်ရ
ဘကြီးတော်မင်းတြားရဲ့ အဂ္ဂဒေဝီမဟေသီ မိဖုရာကြီး နန်းမတော်မယ်နုကို… မောင်ဖြစ်သူ စလင်းစားမောင်အိုနဲ့ ပူးပေါင်းပြီး ပုန်ကန်တာကြောင့် သာယာဝတီမင်းက ရေချအဆုံးစီရင်ကာနီးမှာ မဟာဘုံကျော်ပုဂံကျောင်းတိုက် ဆရာတော်ဖြစ်သူ ဥူးဗုဓ်ကို သွားကန်တော့ပြီး…

တပြည့်တော်မ…
ရေချခံရပါတော့မယ်ဘုရား ဆိုပြီး လျှောက်ထားတော့

ဟဲ့…မယ်နု သူ့ကြွေးရှိရင်ဆပ်ရတယ်… ဆိုတဲ့… စကားလေးတောင် ကြားယောင်မိတယ်ဗျာ…

တချိန်က တန်ခိုးအထက်ဆုံး… အကောင်းဆုံးဆိုတဲ့… သက်ရှိ သက်မဲ့ အရာဝတ္ထုတွေလည်း… အချိန်တန်တော့ ပျက်စီးရတာ ဓမ္မတာဘဲလေ…

မပျက်စီးခင်… လူ့လောက ကောင်းကျိုးကို အများကောင်းကျိုးကို ဘယ်လောက်ထမ်းဆောင်ခဲ့လည်း
ဆိုတာနဲ့ တန်ဖိုးဖြတ်ကြတာမို့ လူဆိုတာ ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြရတာပါ…

အိုမင်းမစွမ်းအချိန်ရောက်ခဲ့ရင်တော့ သမိုင်းကို ပြန်ပြင်ခွင့် မရှိတော့ကြပြီမို့
ကျွန်တော်တို့ ကိုယ်တိုင် ချယ်မှုန်းခွင့်ရခဲ့ချိန်လေးမှာ ဘယ်လို ရေးသားခဲ့ကြမယ်ဆိုတာ
မိတ်ဆွေတို့ ကိုယ်တိုင် ဆုံးဖြတ်ရမယ့် အရာပါဘဲဗျာ…

လူ့လောက ကောင်းကျိုးကို အကောင်းဆုံးထမ်းရွက် သယ်ပိုးခဲ့တဲ့ ဗန္ဓကကြီးကို
လေးစားစွာ ဦးညွှတ်နုတ်ဆက် ဂုဏ်ပြုလိုက်ပါတယ်ဗျာ…

သူဟာ လူတွေအတွက် တာဝန်ထမ်းဆောင်ရင်း တိုးအေးတို့ တိုင်းလုံးကျော်တို့လို လူတွေကို စိတ်ဒုက္ခရောက်စရာတွေ မပေးခဲ့ဖူး မဟုတ်လားဗျာ…

ဒီနေရာမှာ ပဲ့ကိုင်တဲ့လူသားက အဓိကဆိုပေမယ့်… ညဉ် မကောင်းတဲ့ သင်္ဘော ကားတွေက…
ညဉ်ကို မကောင်းတာကို ကိုယ်တွေ့ကြုံခဲ့ဖူးပါတယ်…

ခဏ ခဏတိုက်လေ့ရှိတဲ့ကားက ရပ်ထားတာတောင်… သူများက လာတိုက်တာမျိုး…
ညဉ်မကောင်းတဲ့ကားက ခရီးထွက်တိုင်း တာယာအသစ်တွေပေမယ့် ဘီးမကြာ ခဏပေါက်တာမျိုး…
လမ်းမှာ ထဖောက်တတ်တာမျိုး…
ညဉ်ကောင်းတဲ့ကားကခရီးဘယ်လောက်ထွက်ထွက်…ဘီးတောင်တစ်ခါမှ မပေါက်…
ရောင်းလိုက်တဲ့ အချိန်အထိ…လမ်းမှာ ကားတစ်ခါမှမပျက်ဖူးခဲ့ဘူးဗျ…

ပုသိမ်နှစ်ထပ်သင်္ဘောတွေထဲမှာကျွန်တော်သိတဲ့ သင်္ဘောတစ်စီးဆိုရင် ပထမတစ်ခါနစ်တယ်…
ပြန်ဆယ် ပြန်ပြင်သုံးတယ်…
ဒုတိယတစ်ခါနစ်တယ်… ပြန်ဆယ် ပြန်ပြင်သုံးတယ်…
တတိယအကြိမ်နစ်တော့ ပြန်ဆယ်ပြီးတော့ ဖျက်ပစ်လိုက်တယ်…

ဒါပေမယ့်…
အချို့သောအရာတွေဟာ ကျွန်တော်တို့မှာ ရွေးချယ်ခွင့်မရှိဘဲ သုံးစွဲခဲ့ကြရတာတော့
ရှိခဲ့ဖူးကြ ပါလိမ့်မယ်ဗျာ…

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

Photo 5 and Post Credit…

🇲🇲 ရှေးခေတ်မြန်မာပုံရိပ်များ
ပြန်လည်မျှဝေပါသည်။
Sai Min Thant