မြစ်တစ်စင်း၏ ဈာပန (အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်) Life of a dead river the Thakutpin Creek in Kawhmu and Kungyangone townships between Rangoon river and Toe River ( the China Baker stream )

မြစ်တစ်စင်း၏ ဈာပန

(အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်)

ON APRIL 15, 2022 BY UKYAWOOIN RESOURCES, WATER

ယမန်နေ့က တင်ပြခဲ့သော “မြန်မာ့မြစ်ချောင်း အချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍” ဆောင်းပါးသည် ကောနေသော သခွတ်ချောင်း (ဝါးဘလောက်သောက်မြစ်ဟုလည်း ခေါ်) ကို အခြေခံ၍ မြစ်ကော ချောင်းကောများ အပေါ် ဆည်မြောင်း အင်ဂျင်နီယာ တစ်ဦး၏ သုံးသပ်ချက် ဖြစ်ပါသည်။

ဆက်လက်၍ ယင်းဖြစ်စဉ်အပေါ် ပထဝီဝင် ပါမောက္ခများနှင့် ရေအရင်းအမြစ်ဌာန အရာရှိကြီးများ၏ အမြင်များ ပါရှိသော “မြစ်တစ်စင်း၏ ဈာပန” ဆောင်းပါး (ဟေမန်ပြည့်၏ ကူညီပံ့ပိုးမှုဖြင့် အောင်ဖေကြည်စိုးက ရေးသားခဲ့ပြီး ၂၀၁၇ ဇွန်လထုတ် မော်ကွန်းမဂ္ဂဇင်း၌ ဖော်ပြခဲ့ပြီး) ကို ယခု တင်ပြပါသည်။

နိုင်ငံအတွက် အရေးပါသည့် မြစ်ကော ချောင်းကောများနှင့် ပတ်သက်ပြီး ဆိုင်ရာ ပညာရှင်များ၏ အမြင်အသီးသီးကို ဆောင်းပါး နှစ်ပုဒ်ဖြင့် တင်ပြခွင့်ရခြင်း အတွက် ဆိုင်ရာ ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင်ရှိပါသည်။

“မြစ်တစ်စင်း၏ ဈာပန” ဆောင်းပါးကို ဤလင့်ခ် https://bit.ly/36jjyvr ၌ ဖတ်ရှုနိုင်ပါသည်။မြစ်တစ်စင်း၏ ဈာပန (အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်)

ON APRIL 15, 2022 BY UKYAWOOIN RESOURCES, WATER

မြစ်တစ်စင်း၏ ဈာပန

(အောင်ဖေကြည်စိုး ရေး၍ ဟေမန်ပြည့် ကူညီပံ့ပိုးသည်)

ON APRIL 15, 2022 BY UKYAWOOIN RESOURCES, WATER

(စကားဦး – မြစ်၊ ချောင်းဟု ဆိုရာ၌ ဧရာဝတီမြစ်၊ ရန်ကုန်မြစ်၊ ပုဇွန်တောင်ချောင်း၊ ငမိုးရိပ်ချောင်း စသည် တို့ကို ထောက်၍ ကျယ်ပြန့်၍ ထုထည် များသော ရေစီးကြောင်းသည် မြစ် ဖြစ်ပြီး အသင့်အတင့်သာ ကျယ်သော ရေစီးကြောင်းသည် ချောင်း ဖြစ်သည်ဟု ယေဘုယျ နားလည်ခဲ့ပါသည်။

ထို့ထက် ပို၍ တိကျစွာ သိရှိလိုသဖြင့် ပါမောက္ခ ဆရာ ဦးမောင်မောင်အေးအား မေးမြန်းသောအခါ ဆရာက မြစ်နှင့်ချောင်း ကွဲပြားပုံ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ပြန်လည် ပေးပို့ပါသည်၊ ဆရာပေးပို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်မှ ကောက်နုတ် ဖော်ပြရလျှင် Stream moves in a relatively narrow but clearly defined channel on the ground surface. River is a surface stream of considerable volume. စသဖြင့် ပါရှိပါသည်။ ယေဘုယျ နားလည်ထားသည်နှင့် အကြမ်းအားဖြင့် တူညီသည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် ကြီးမားသော ရေစီးကြောင်းကို မြစ်၊ အသင့်အတင့်သာ ရှိသော ရေစီးကြောင်းကို ချောင်းဟု ခေါ်ကြသော်လည်း မြစ်နှင့် ချောင်းတို့အကြား တိတိကျကျ ကွဲပြားသော ဖွင့်ဆိုချက် မရှိသဖြင့် အလယ်အလတ် ရေစီးကြောင်းတစ်ခုကို အချို့က မြစ်၊ အချို့က ချောင်းဟု သုံးနှုန်းကြသည်၊ မည်သည်က မှားသည်၊ မည်သည်က မှန်သည်ဟု အငြင်းပွားဖို့ မရှိပါ။

စကားဦးသန်းနေရခြင်းမှာ ယခုဆောင်းပါးနှင့် ယင်းနှင့် ဆက်စပ်သော ဆောင်းပါးတို့တွင် ရေစီးကြောင်း တစ်ခုတည်း အကြောင်း ရေးထားသော်လည်း ဆောင်းပါးတစ်ခုတွင် ချောင်း၊ အခြားဆောင်းပါးတွင် မြစ်ဟု သုံးစွဲထားသောကြောင့် စာဖတ်သူများ ဝေဝါးမည် စိုးသောကြောင့် ဖြစ်ပါသည်။

ထို့ကြောင့် ယခုဆောင်းပါးပါ ဝါးဘလောက်သောက်မြစ်နှင့် ဆက်စပ် ဆောင်းပါးပါ သခွတ်ချောင်းတို့သည် အတူတူပင် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။)

ကော့မှူးမြို့နယ်ထဲက ၁ဝ ပေသာသာ မြောင်းလေးထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ ဝန်းကျင်လောက်က မြစ်တွင်းသွား ခရီးသည်တင် သင်္ဘောကြီး တစ်စင်း နစ်မြုပ်ခဲ့ဖူးတယ်လို့ ဒီနေ့လို အချိန်မှာ ပြောလာခဲ့ရင် ယုံတမ်းစကားလို့ မထင်လိုက်ပါနဲ့။

အဲဒီ မြောင်းငယ်လေးဟာ တစ်ချိန်က ရန်ကုန်မြစ်ကမ်းဘေး သခွတ်ပင်ရွာက စလို့ အနောက်တောင်ဘက်ကို စီးဆင်းပြီးကွမ်းခြံကုန်းမြို့နယ်ထဲကနေ တိုးမြစ်ဝထဲကို စီးဆင်းခဲ့တဲ့ ဝါးဘလောက်သောက်မြစ် ဖြစ်ခဲ့ဖူးလို့ပါပဲ။

၁၉၆၈ နိုဝင်ဘာလတုန်းက ဝါးဘလောက်သောက် ကျေးရွာသား ဦးစိုးမြင့်ဟာ သူ့ညီမနဲ့အတူ ရန်ကုန်ကနေ သူနေထိုင်ရာကျေးရွာကို လူတစ်ရာကျော် တင်ဆောင်လာတဲ့ ‘သဇင်’ အမည်ရ မြစ်တွင်းသွား တစ်ထပ်သင်္ဘောကြီးနဲ့ လိုက်ပါလာပါတယ်။ သူ့ရွာနား ရောက်ခါနီး သုံးလေးမိုင်အလိုမှာတော့ ဒီရေကျသွားပြီး သင်္ဘော သောင်တင်သွားပါတယ်။ ဒီရေပြန်အတက်နဲ့အတူ ပါလာတဲ့ လှိုင်းလုံးကြီးတွေက သောင်တင်နေတဲ့ သင်္ဘောကို တွန်းလှဲသလို ဖြစ်သွားပြီး တိမ်းမှောက်ခဲ့ပါတယ်။

ဦးစိုးမြင့်လည်း မြစ်ထဲ ပြုတ်ကျသွားပါတယ်။ မြစ်ကြမ်းပြင်ကို ခြေထောက်နဲ့ တွန်းကန်ပြီး ရေပေါ်ကို ပြန်တက်လာတဲ့အခါတိမ်းစောင်းနေတဲ့ သင်္ဘောကြီးကို တွေ့လိုက်ရပါတော့တယ်။ တိမ်းစောင်းနေတဲ့ သင်္ဘော ကုန်းပတ်ပေါင်ကို ကိုင်ထားပြီး အော်ဟစ် အကူအညီ တောင်းနေတဲ့ လူတွေကြားမှာ သူ့ညီမကို တွေ့လိုက်တာကြောင့် ညီမကိုပါ သွားကယ်တင်ရပါတော့တယ်။

ကုန်းပေါ် ရောက်တဲ့အခါမှာတော့ ”အတွင်းခံ ဘောင်းဘီပဲ ရှိတော့တယ်။ အဲဒီနားက လယ်တဲတစ်ခုက လုံချည်ငှားပြီး ရွာကိုပြန်ရတယ်”လို့ ဦးစိုးမြင့်က ဝါးဘလောက်သောက်မြစ်ထဲ သင်္ဘောမှောက်စဉ်က အတွေ့အကြုံကို ပြန်ပြောပြတယ်။

ယခင်က ဝါးဘလောက်သောက်မြစ်က တစ်ဆင့် ပုသိမ်မြို့အထိ ရေလမ်းခရီးနဲ့ သွားလို့ ရတာကြောင့် ဒေသခံတွေက ‘ပုသိမ်မြစ်’လို့လည်း အရပ်အခေါ် ခေါ်ဝေါ်ခဲ့ကြပေမယ့် ဒီနေ့အချိန်မှာတော့ လှေတစ်စင်းတောင် သွားလို့မရတော့ပါဘူး။

လူတွေရဲ့ ပယောဂတွေကြောင့်ရော ပြုပြင် ထိန်းသိမ်းမှု မရှိခဲ့တာကြောင့်ပါ ဝါးဘလောက်သောက်မြစ် ကောသွားသလို မြန်မာနိုင်ငံက အခြားမြစ်တွေကိုလည်း အချိန်မီ မထိန်းသိမ်းနိုင်လျှင် ပျောက်ကွယ်သွားနိုင်တဲ့ အခြေအနေတွေ ရှိနေတယ်လို့ မြစ်ချောင်းဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

လူ့ပယောဂဆိုတာ မြစ်ရေကို အလွန်အကျွံ အသုံးချပြီး စိုက်ပျိုးရေးလုပ်တာတွေ၊ မြစ်လမ်းကြောင်းကို ပိတ်ပြီး ငါးဖမ်းဆီးတာတွေ၊ မြစ်ထဲ အမှိုက်နဲ့ အညစ်အကြေးတွေ စွန့်ပစ်တာတွေနဲ့ မြစ်ကြောင်းကို ထိန်းသိမ်းမှု မရှိခဲ့တာတွေကို ဆိုလိုတယ်လို့ ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာနက ပါမောက္ခ ဌာနမှူး ဒေါက်တာထွန်းကိုက သုံးသပ်ပါတယ်။

”ဒီမြစ် (ဝါးဘလောက်သောက်) ကြီး ဘာကြောင့် လျင်မြန်စွာ ကောသွားလဲဆိုတော့ လူတွေကြောင့်ပဲ” လို့ သူက ဆိုပါတယ်။

ယနေ့အချိန်မှာတော့ ဝါးဘလောက်သောက်မြစ်ဟာ ရန်ကုန်မြစ်ကနေ စပြီး ခွဲထွက်လာတဲ့ သခွတ်ပင်ရွာကနေ နှစ်မိုင်ခွဲကျော်မှာရှိတဲ့ ကမာကနီး ကျေးရွာလောက်အထိသာ ၁၅ ပေခန့် အကျယ်ရှိတဲ့ ချောင်းရိုးလေးအဖြစ် ကျန်ရှိနေခဲ့ပြီး ဒေသခံတွေက သခွပ်ပင်ချောင်းလို့ ခေါ် ကြပါတယ်။ ကမာကနီးကျေးရွာ ကျော်လာတဲ့အခါမှာတော့ ချောင်းဟာ ကွယ်ပျောက်သွားပြီး မြေပြင်အတိသာ ဖြစ်သွားတာ တွေ့ရပါတယ်။

ကမာကနီးကျေးရွာကနေ အနောက်တောင်ဘက်ကို ဆက်သွားတဲ့အခါ ဝါးဘလောက်သောက်ကျေးရွာ တည်ရှိပါတယ်။ အဲဒီရွာကို အစွဲပြုပြီး ဝါးဘလောက်သောက်မြစ်လို့ ခေါ်ကြတာပါ။ ဝါးဘလောက်သောက်ကျေးရွာကနေ အနောက်တောင်ဘက်ကို ဆက်သွားတဲ့အခါ တိုးမြစ်ဝဘက်ကို မရောက်ခင် သုံးမိုင်ခွဲလောက်မှာ ပြန်လည် စတင်ပြီး ၁၅ ပေခန့် အကျယ်ရှိတဲ့ ချောင်းရိုးလေးအဖြစ် ပြန်လည် ပေါ်ပေါက်လာပါတယ်။ ယခင် တည်ရှိခဲ့တဲ့ မြစ်တစ်ခုလုံး အစအဆုံး အရှည်ဟာ မြေပုံပေါ်မှာ တွက်ချက်မှုအရ မိုင် ၃ဝ ခန့် ရှိပါတယ်။

ရန်ကုန်မြို့ကနေ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို ရေကြောင်းနဲ့ သွားလာရတဲ့ အဝင်လမ်းကြောင်း သုံးခုရှိခဲ့ပြီး အဲဒီဝင်ပေါက်တွေကတော့ တွံတေးတူးမြောင်း၊ ပန်းလှိုင်မြစ်နဲ့ ဝါးဘလောက်သောက်မြစ်တွေပဲ ဖြစ်တယ်လို့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုး တိုးတက်ရေး ဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ဦးစိန်ထွန်းက ပြောပြပါတယ်။ ယနေ့ခေတ်မှာတော့ ပန်းလှိုင်မြစ်ဟာလည်း ကောတဲ့ အဆင့် ဖြစ်နေပြီး တွံတေးတူးမြောင်း တစ်ခုပဲ ကျန်ပါတော့တယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ မြစ်၊ ချောင်းတွေ အရေအတွက်နဲ့ ကောလာတဲ့ မြစ်၊ ချောင်းတွေရဲ့ အရေအတွက်ကို ပထဝီဝင်ဌာနနဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့က စာရင်း ပြုစုထားတာ မရှိသေးပါဘူး။ အဓိကမြစ်ကြီးလေးခု ဖြစ်တဲ့ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နဲ့ စစ်တောင်းမြစ်တွေကိုပဲ မှတ်တမ်းတင်ထားနိုင်ပါသေးတယ်။

မြစ် ဘာကြောင့်ကော

မြစ်တွေရဲ့ လမ်းကြောင်း ပုံစံတွေကို လက်ယှက်ထိုး စီးကြောင်း၊ အဖြောင့်သွား စီးကြောင်းနဲ့ ကွေ့ကောက်သော စီးကြောင်းဆိုပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက သုံးမျိုး သတ်မှတ်ထားပါတယ်။ လက်ယှက်ထိုးမြစ်စီးကြောင်းကတော့ ကျန်တဲ့ စီးကြောင်းတွေထက် အနည်ပို့ချနှုန်း ပိုများတာကြောင့် မြစ်ကောတွေ ဖြစ်လာရတယ်လို့မြစ်ကြောင်း ထိန်းသိမ်းရေး ပညာရှင် ဦးစိန်ထွန်းက ပြောပါတယ်။

ဒါပေမဲ့ ဝါးဘလောက်သောက်မြစ် ကောသွားရတဲ့ အကြောင်းရင်းဟာ လက်ယှက်ထိုး မြစ်စီးကြောင်းကြောင့် မဟုတ်ဘဲ မြစ်ရဲ့ ရေစီးရေလာ မကောင်းတဲ့အတွက် နုန်းမြေတွေ အလျင်အမြန် အနည်ပို့ချတာနဲ့ မြစ်ကြောင်း ထိန်းသိမ်းမှု အားနည်းတာကြောင့် ကောသွားရတာလို့ သူက သုံးသပ်ပါတယ်။

မြစ်ချောင်းများ၏ ဘူမိရုပ်သွင် ပညာရှင်၊ ရန်ကုန် အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် (ငြိမ်း) ဒေါက်တာမောင်မောင်အေးက မြစ်တစ်စင်းဟာ မူလ ဆောင်ရွက်နေကျ လုပ်ငန်း တာဝန်သုံးခု ဖြစ်တဲ့ တိုက်စားခြင်း၊ သယ်ယူပို့ဆောင်ခြင်းနဲ့ နုန်းပို့ချခြင်းတွေကို မဆောင်ရွက်နိုင်တော့တဲ့အခါ ကောလာနိုင်တယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ သူဟာ လက်ရှိ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံ (Myanmar Environment Institute) မှာ နာယကနဲ့ အဓိက အကြံပေး ပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့ အမျိုးသားအဆင့် ရေအရင်းအမြစ် ကော်မတီရဲ့ အချိန်ပြည့် အကြံပေး အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။

မြစ်တစ်စင်းမှာ အခြေခံအားဖြင့် စီးဆင်းနိုင်ဖို့ ချိုင့်၊ ဆင်ခြေလျှော၊ ရေစီးဆင်းဖို့ လမ်းကြောင်း၊ ရေနဲ့ အနည် စတဲ့ အင်္ဂါရပ်တွေ ပြည့်စုံဖို့ လိုအပ်ပြီး အဲဒီအချက်တွေ မပြည့်စုံတော့ဘူး ဆိုရင် သူရဲ့ မူလလုပ်ငန်း ဆောင်ရွက်မှု အားနည်းလာပြီး မြစ်လမ်းကြောင်း ကျဉ်းလာတာ၊ ရေအနက် တိမ်လာတာနဲ့ အနည်ပို့ချမှု များလာတာတွေကို ကြုံတွေ့လာရမယ်လို့ ၎င်းက ဆိုပါတယ်။

”ရေစီးဆင်းရာ လမ်းကြောင်း (Channel) ကလည်း ရှိတယ်။ ဒါပေမဲ့ တသွင်သွင် စီးဆင်းမှုမရှိဘူး။ အဲဒီလိုမျိုး ဖြစ်နေလို့ သူ့ကို ကောတဲ့ မြစ်လို့ ပြောလို့ ရပါတယ်”လို့ သူက သုံးသပ်ပါတယ်။

မြစ်အနီးမှာ နေထိုင်တဲ့သူတွေ မြစ်ထဲကို အညစ်အကြေးနဲ့ အမှိုက်တွေ စွန့်ပစ်နေတာ၊ လှေသမ္ဗန်တွေ သွားလာနိုင်အောင်တူးမြောင်းငယ်တွေကို ကိုယ်ဖောက်ချင်သလို ဖောက်လုပ်ကြတာနဲ့ မြစ်ချောင်းတွေ ပေါတဲ့ နေရာတွေမှာ လမ်းတွေ ဖောက်လုပ်တာကြောင့် မြစ်၊ ချောင်းတွေရဲ့ ရေစီးရေလာကို ပြောင်းလဲစေပြီး ပျက်စီးသွားစေတာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ရန်ကုန်တက္ကသိုလ်၊ ပထဝီဝင်ဌာန၊ ပါမောက္ခ ဌာနမှူး ဒေါက်တာထွန်းကိုက ”ကျွန်တော်တို့ နိုင်ငံက မြစ်၊ ချောင်း အင်မတန်ပေါများတဲ့ နိုင်ငံပါ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံ၊ လူမျိုးရဲ့ ဓလေ့ စရိုက်က မြစ်၊ ချောင်းကို ဘယ်လို မြင်လဲဆိုတော့ အညစ်အကြေး စွန့်တဲ့နေရာ၊ မကောင်းတဲ့နေရာ လို့ ပဲ မြင်ကြတယ်။ အဲဒီ အမြင်ကို ပြောင်းဖို့တော့ လိုပါတယ်”လို့ သုံးသပ်ပါတယ်။

ဒေါက်တာထွန်းကိုဟာ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်း မြို့နယ်ထဲက ဝါးရခိုင်မြစ်ရဲ့ ပထဝီရုပ်သွင် အခြေအနေကို ၂ဝ၁၆ က ကွင်းဆင်း လေ့လာခဲ့ပါတယ်။ မြစ်ရေဟာ လူတွေ စွန့်ပစ်တဲ့ အညစ်အကြေးတွေကြောင့် မည်းညစ်နေပြီး ရေထဲမှာ အောက်ဆီဂျင် ပါဝင်မှု မရှိတော့တာကြောင့် မြစ်ကြမ်းပြင်က နုန်းတွေဟာ ပြာနေပြီး မကြာခင် မြစ်ကောလာနိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် လယ်ယာ ချဲ့ထွင်တာတွေနဲ့ မြို့ပြ လူနေမှု စနစ် ဖွံ့ဖြိုး တိုးတက်လာတာတွေကြောင့် မြေအသုံးချမှု ပုံစံ ပြောင်းလဲသွားတာတွေကလည်း မြစ်ချောင်းတွေကို ကောလာနိုင်စေတယ်လို့ ဆိုပါတယ်။

နောက်တစ်ချက်က စိုက်ပျိုးရေးမှာ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲတာတွေကလည်း မြစ်ကြောင်းတွေကို ကောစေတယ်လို့ ဆိုပါတယ်။ စိုက်ပျိုးမြေတွေက ထွက်ရှိလာတဲ့ ဓာတ်မြေသြဇာ အကြွင်းအကျန်တွေဟာ မြစ်ရေကို ပြန်လည်သန့်စင်ပေးတဲ့ အပင်မွှားလေးတွေ (Phytoplankton)နဲ့ အကောင်မွှားလေးတွေ (Zooplankton) တွေကို သေဆုံးစေပါတယ်။ အပင်မွှားနဲ့ အကောင်မွှားလေးတွေ သေဆုံးသွားတဲ့အခါ မြစ်ရေတွင်းရှိတဲ့ အောက်ဆီဂျင်နည်းပါးလာပြီး မြစ်ကောတာတွေ စတင်လာတယ်လို့ ဒေါက်တာမောင်မောင်အေးက ရှင်းပြပါတယ်။

”အခြေခံ အကျဆုံးဖြစ်တဲ့ ဒီသက်ရှိလေးတွေ မရှင်သန်နိုင်တဲ့ မြစ်ရေ၊ ချောင်းရေ ဖြစ်နေပြီဆိုရင် ဇီဝဗေဒနည်းအရ မြစ်က သေသွားပြီ”လို့ ဒေါက်တာမောင်မောင်အေးက မော်ကွန်းကို ရှင်းပြပါတယ်။

”လူတွေရဲ့ လူမှုစီးပွားရေး လုပ်ဆောင်ချက်တွေကြောင့် အခုလို အရည်အသွေး လျော့နည်း ကျဆင်းမှုက ခပ်မြန်မြန် ဖြစ်ပေါ်လာတာပါ။ ပုံမှန်နှုန်းနဲ့ အရည်အသွေး ကျဆင်းတာ မဟုတ်ဘဲနဲ့ လျင်မြန်တဲ့နှုန်းနဲ့ မြစ်ရဲ့ အရည်အသွေး ကျဆင်းတာပါ”လို့ သူက ဆက်ပြောတယ်။

ဝါးဘလောက်သောက် ရွာသား အသက် ၇၉ နှစ်ရှိ ဦးအေးကျော်ကတော့ လယ်မြေတွေထဲကို ရေငန်နဲ့ ရေဆိုးတွေ မဝင်ရောက်အောင် ဆိုပြီး မြစ်အတွင်းကို စီးဝင်တဲ့ ချောင်းလက်တက် ၁ဝ ခု လောက်ကို ဆည်မြောင်း ဦးစီးဌာနက ပိတ်ပစ်လိုက်တာကြောင့် မြစ်ကောခဲ့ရတာ ဖြစ်တယ်လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြတယ်။

တချို့ဒေသခံတွေကလည်း ဝါးဘလောက်သောက်မြစ် အလျင်အမြန် ကောသွားတာဟာ ပင်လယ်ဒီရေနဲ့ ပါလာတဲ့ နုန်းမြေတွေ ပို့ချတာနဲ့ အတူ မြစ်ဝနှစ်ခုက ဝင်ရောက်လာတဲ့ ဒီလှိုင်းတွေ ဆုံတွေ့တဲ့ ဒီဆိုင်တွေကြောင့် ဖြစ်နိုင်တယ်လို့လည်း ယူဆကြပါတယ်။ (ဒီဆိုင်ဆိုတာ မြစ်ဝတစ်ဖက်က တက်လာတဲ့ ဒီလှိုင်းနဲ့ တခြားမြစ်ဝတစ်ဖက်က တက်လာတဲ့ ဒီလှိုင်းနှစ်ခု မြစ်ရဲ့ တစ်နေရာမှာ ဆုံတွေ့ဖြစ်ပြီး နုန်းများ အနည်ထိုင်သွားတဲ့ နေရာကို ဆိုတာပါ။)

၁၉၈၈ ဝန်းကျင်မှာ ဝါးဘလောက်သောက်မြစ်အတွင်း လှေငယ်တွေ သွားလာနိုင်သေးပေမယ့် ၁၉၉ဝ နောက်ပိုင်းမှာတော့ လှေငယ်တွေတောင် ဝင်ထွက်မရတော့ဘဲ လုံးဝ ကောသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပြပါတယ်။

မြစ်တစ်စင်းရဲ့ လူမှုစီးပွား

ဝါးဘလောက်သောက်မြစ် မကောခင်က အကျယ် ပေ ၃ဝဝ လောက်ရှိပြီး ၁၆ တောင်လောက် အနက်ရှိခဲ့တာကြောင့်သွားလာရေးနဲ့ ရေလုပ်ငန်း ကောင်းမွန်တယ်လို့ ဆိုပါတယ်။ ထွက်ရှိလာတဲ့ ငါး၊ ပုစွန်တွေကို ရန်ကုန်မြို့ကိုတောင် တင်ပို့ရောင်းချခဲ့ကြတယ်လို့ ဝါးဘလောက်သောက်မြစ် စတင် စီးဆင်းတဲ့ သခွတ်ပင်ကျေးရွာမှ အသက် ၆၆ နှစ်ရှိ ဦးစိန်ရှင်က ပြောပြပါတယ်။

”ဒီမြစ်ကြီး ရှိနေရင် ကိုယ့်အတွက် စားရေးသောက်ရေး မပူရဘူးလို့ ယူဆထားကြတာ”လို့ သူ့အမြင်ကို ပြောပြတယ်။

ဝါးဘလောက်သောက်မြစ်ကို ဖြတ်သန်းပြီး ရန်ကုန်ကနေ ကွမ်းခြံကုန်းကိုလည်း နှစ်ထပ်သင်္ဘောတွေနဲ့ ပြေးဆွဲခဲ့ဖူးတယ်လို့လည်း ဆိုကြပါတယ်။

တင်မိုးနိုင်၊ သဇင်၊ ဝင်းနိုင်ကြီး၊ မိဘမေတ္တာ၊ ဇေယျာညွန့် စတဲ့ ပုဂ္ဂလိကပိုင် တစ်ထပ်သင်္ဘောတွေက ဝါးဘလောက်သောက်မြစ်မကောမီ အများဆုံး ပြေးဆွဲပေးခဲ့တဲ့ သင်္ဘောတွေ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မြစ်ရှိခဲ့တုန်းက ဒေသခံ ၈ဝ ရာခိုင်နှုန်းလောက်ဟာ မြစ်ကို မှီခိုပြီး လယ်ယာ၊ ရေလုပ်ငန်းနဲ့ ရေကြောင်း သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ကြတယ်လို့ ဆိုကြပါတယ်။

မြစ်ကောသွားတဲ့အခါ မြစ်ကို မှီပြီး လုပ်ငန်း တည်ထောင်ခဲ့သူတွေ စီးပွားရေး ရပ်တန့်ခဲ့လို့ အခြား အသက်မွေးဝမ်းကျောင်းအလုပ်တွေကိုလည်း ပြောင်းလဲခဲ့ရပါတယ်။ အရင်က ရန်ကုန်မြို့ကိုတောင် ငါး၊ ပုစွန်တွေ တင်ပို့ ရောင်းချနိုင်ခဲ့ပေမယ့် အခုအချိန်မှာတော့ တခြားဒေသကပါ ပြန်လည် ဝယ်ယူရတဲ့ အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

”ဒီမြစ်ကြီး ကောလာတဲ့ အခါကျတော့ လုပ်ကိုင် စားသောက်ရတာတွေက ကျပ်လာတယ်ပေါ့။ ဆိုးကျိုး နစ်နာမှုကတော့ ကျွန်တော်တို့ ဒီမြစ်ထဲမှာ လုပ်စားလို့ မရတော့ဘူး။ ရန်ကုန်မြစ်ဝကို ထွက်ပြီးတော့ မျှောပိုက်လောက်ပဲ လုပ်စားလို့ရတော့တာပေါ့”လို့ အသက် ၂ဝ အရွယ်ကတည်းက တံငါသည်အဖြစ် အသက်မွေးလာတဲ့ ဦးစိန်ရှင်က ညည်းတွားပါတယ်။

ဒါ့အပြင် ငွေကြေး ကုန်ကျမှုတွေ သက်သာလို့ ရေကြောင်းကို အားကိုးပြီး ကုန်စည် သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့ ဒေသခံတွေမှာလည်း မြစ်ကောလာတာကြောင့် များစွ ာထိခိုက်ခဲ့တဲ့အပြင် မိုးတွင်းကာလတွေမှာ ရေကြီးရေလျှံမှုတွေ ကြုံလာရတယ်လို့ ဆိုပါတယ်။

ဒေသခံ လူထုရဲ့ အကျိုးစီးပွားကို ထိခိုက်တဲ့ နည်းတူ ကောခါနီး မြစ်တွေရဲ့ ဆိုးကျိုး သက်ရောက်မှုအဖြစ် မြစ်အရည်အသွေးကျဆင်းတာတွေကလည်း လူတွေကို ထိခိုက်စေပါတယ်။

ဇီဝဖြစ်စဉ် သေဆုံးနေတဲ့ မြစ်ထဲက ရေသတ္တဝါတွေကို လူတွေ စားမယ်ဆိုရင် အန္တရာယ် ရှိနိုင်တယ်လို့ ဒေါက်တာထွန်းကိုက ဆိုပါတယ်။

”မြစ်ကျန်းမာရေး ထိခိုက်တာက ကျွန်တော်တို့ လူသားတွေကိုပါ အကုန်ထိတာပဲ။ အခုအချိန်မှာ တောရောမြို့ပါ ရေကိုသာ သန့်စင်အောင် လုပ်နိုင်ပြီး ရေသန့်ကို သုံးစွဲနေပေမယ့် ရေထဲက ငါးတွေ၊ ပုစွန်တွေကို သန့်အောင် ထိန်းလို့ မရသေးဘူး”လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် ကောလုဆဲဆဲ မြစ်တွေကြောင့်လည်း ရေကြီးရေလျှံမှုတွေ ဖြစ်လာပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာပါ ယခင်က မဖြစ်ဖူးခဲ့တဲ့ ရေကြီးရေလျှံမှုတွေဟာ မြစ်ကြောင်း ထိန်းသိမ်းမှု အားနည်းတာတွေကြောင့် ဖြစ်တယ်လို့ ဒေါက်တာထွန်းကိုက ထောက်ပြပါတယ်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်မှာရှိတဲ့ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဟာ မြန်မာနိုင်ငံရဲ့ အဓိက မြစ်ကြီး လေးခုအနက် ရေကြောင်းနှင့် အဓိက သယ်ယူပို့ဆောင်ရေး ဆောင်ရွက်နေတဲ့ ဧရာဝတီနဲ့ ချင်းတွင်းမြစ် နှစ်ခုမှာပဲ မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေးကို ဦးစားပေး ဆောင်ရွက်နေရတယ်လို့ ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးစိန်ထွန်းက မော်ကွန်းကို ရှင်းပြပါတယ်။

အခုလို ပြုပြင် ထိန်းသိမ်းတဲ့နေရာမှာလည်း သင်္ဘောတွေ သွားလာနိုင်အောင် ရေလမ်းကြောင်း နက်အောင်နဲ့ မြစ်ကမ်းပါးပြိုကျမှု မဖြစ်အောင် ကာကွယ် တားဆီးတာလောက်ပဲ လုပ်နိုင်တာပါ။

မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ ရေလမ်းကြောင်း ကောင်းမွန်စေဖို့ သောင်တူးတဲ့လုပ်ငန်းကို ပြည်ထောင်စု အစိုးရရဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်ရပြီး မြစ်ကမ်းပါး ပြုပြင် ထိန်းသိမ်းရတဲ့ လုပ်ငန်းတွေကိုတော့ တိုင်းဒေသကြီး အစိုးရရဲ့ ဘတ်ဂျက်နဲ့ ဆောင်ရွက်နေရတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူးက မော်ကွန်းကို ရှင်းပြပါတယ်။

နိုင်ငံရဲ့ ဘတ်ဂျက် အနေအထားအရ အခြား အရေးကြီး ကဏ္ဍတွေ ရှိနေတာကြောင့် မြစ်ကြောင်း ထိန်းသိမ်းရေး လုပ်ငန်းစဉ်တွေအတွက် လိုသလောက် ဘတ်ဂျက် မရဘူးလို့ သူက ဆိုပါတယ်။

သူတို့ ဌာနအနေနဲ့ မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်တဲ့နေရာမှာ လတ်တလော ကမ်းပြိုနေတဲ့ နေရာတွေကို ပိုဦးစားပေးနေရတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ပန်းလှိုင်မြစ်ဟာလည်း မြစ်ကောတစ်ခု ဖြစ်နေပြီး ငမိုးရိပ်ချောင်းဟာလည်း အနည်းငယ် ကောစပြုလာတဲ့ အခြေအနေ ဖြစ်နေသလို ကျောက်တန်းမြို့နယ်ထဲက မှော်ဝန်းချောင်းဟာလည်း မြစ်ကြောင်းပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုအပ်နေပြီလို့ သူက သုံးသပ်ထားပါတယ်။

ပန်းလှိုင်မြစ်ဘေးက စက်ရုံဧရိယာ တိုးချဲ့လာတာတွေကို အရေးယူ စိစစ်မှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေပြီး ငမိုးရိပ်ချောင်းရဲ့နုန်းပို့ချမှု အခြေအနေတွေကို နိုင်ငံတကာ ပညာရှင်တွေနဲ့ လေ့လာမှုတွေလည်း ပြုလုပ်နေပြီလို့ ဆိုပါတယ်။ ဘာကြောင့် ဝါးဘလောက်သောက်မြစ် ကောသွားရတာလဲ ဆိုတာကိုပါ လေ့လာမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။

မြစ်များကို ဥပေက္ခာပြုထားသောအခါ

ဘတ်ဂျက် အလုံအလောက် မရှိတာနဲ့ အချိန်ကိုက် မဆောင်ရွက်နိုင်ခဲ့တာတွေကြောင့် မြစ်တွေရဲ့ ကျန်းမာရေး ထိခိုက်လာရတယ်လို့ ဒေါက်တာမောင်မောင်အေးက သုံးသပ်ပါတယ်။

မြစ်ချောင်းတွေ ပြန်လည် တူးဖော်ရခြင်းဟာ ငွေကြေး အမြောက်အမြား ကုန်ကျတာကြောင့် မြစ်ဝှမ်းတွေ ပြုပြင် ထိန်းသိမ်းတာနဲ့ ရေကြီးရေလျှံမှု မဖြစ်အောင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုတွေကို အမြော်အမြင် ရှိရှိနဲ့ ကြိုတင် ပြင်ဆင်သင့်တယ်လို့ သူက တိုက်တွန်းပါတယ်။

”ရေကို ကောင်းစွာ စီမံအုပ်ချုပ်ဖို့ မပြုလုပ်ရင်၊ စီမံအုပ်ချုပ်မှု ပြုလုပ်သော်လည်း အားနည်းရင်၊ အားမနာတမ်း ပြောရရင် ရေအရင်းအမြစ် စီမံခန့်ခွဲမှု ညံ့ဖျင်းရင်၊ လုံးဝမရှိရင် ရေအရင်းအမြစ်တွေ လျော့နည်းမယ်၊ မြစ်ချောင်းတွေ ပျက်စီးလာမယ်”လို့ ဒေါက်တာမောင်မောင်အေးက ပြောပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးဌာနမှူး ဦးအောင်ကျော်မှူးက မြစ်ကြောင်း ပြုပြင် ထိန်းသိမ်းရေးနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ တက္ကသိုလ်တွေဟာ နည်းပညာအသစ်ပိုင်း၊ သီအိုရီအပိုင်းမှာ ပိုမို အကျွမ်းတဝင် ရှိပေမယ့် လက်တွေ့ ဆောင်ရွက်နေရတဲ့ သက်ဆိုင်ရာ ဌာနများနဲ့ ချိတ်ဆက်မှုတွေမှာ အရမ်း အားနည်းနေတယ်လို့ ဝေဖန်ထားပါတယ်။

”သူတို့ဘက် (တက္ကသိုလ်) က အသိပညာနဲ့ ဒီဘက် (ဌာနဆိုင်ရာ) က အတွေ့အကြုံတွေ ပေါင်းစပ်လိုက်မှ ပြဿနာက ဘာ၊လုပ်သင့်တာက ဘာ၊ ဒါမျိုး သုတေသနတွေက ဘာလုပ်သင့်ပါတယ် ဆိုတဲ့ မှတ်ချက်တွေ ထွက်လာပြီဆိုရင် လူကြီးတွေကိုအဆင့်ဆင့် တင်ပြပြီးတဲ့အခါ တကယ် နည်းစနစ်ကျနတဲ့ Master Plan တွေ ပေါ်ပေါက်လာမယ်”လို့ သူက မှတ်ချက်ပြုထားပါတယ်။

မြစ်ချောင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနတွေဟာ ကိုယ့်ဌာနအလိုက် လုပ်ငန်းတွေသာ ဆောင်ရွက်နေပေမယ့်အခြား သက်ဆိုင်ရာ ဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အားနည်းတာကလည်း မြစ်ချောင်းတွေကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

မြစ်ချောင်းတွေ အတွင်းမှာ တံတား တည်ဆောက်တာ၊ မြစ်ကမ်းနားတွေမှာ လူနေထိုင်ဖို့ မြေနေရာပေးတဲ့အခါ၊ ချောင်းဖျားမှာ ဆည်တမံတွေ ပြုပြင် တည်ဆောက်တဲ့အခါ သက်ဆိုင်ရာ ဌာနတွေ ဖြစ်တဲ့ စည်ပင်၊ ဆောက်လုပ်ရေး၊ ဆည်မြောင်းဌာနနဲ့ ရေအရင်းအမြစ် ဌာနတွေ ကြားမှာ ပူးပေါင်း ဆောင်ရွက်မှု အားနည်းတာကို ထောက်ပြပါတယ်။

မည်သည့် ဌာနမဆို မိမိတို့ ဌာနနဲ့ ကိုက်ညီမယ့် လုပ်ငန်းတွေကို အကောင်အထည် ဖော်တာတွေ ရှိပေမယ့် အခြားတစ်ဖက်မှာ ဘေးထွက်ဆိုးကျိုး (Impact) တွေ ဖြစ်သွားပြီ ဆိုရင် ရေရှည် တည်တံ့စေတဲ့ ဖွံ့ဖြိုး တိုးတက်မှု (Sustainable Development) မဟုတ်တော့ဘူးလို့ ညွှန်ကြားရေးမှူး ဦးအောင်ကျော်မှူးက ပြောပါတယ်။

ဒေါက်တာထွန်းကိုကလည်း လက်ရှိမှာ မြစ်ချောင်းတွေနဲ့ ပတ်သက်လို့ အဓိက ဆောင်ရွက်ပေးနေတဲ့ ဌာနဟာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ ဖြိုး တိုးတက်ရေး ဦးစီးဌာန တစ်ခုတည်းသာ ရှိတာကြောင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အောက်မှာလည်း မြစ်ချောင်းတွေနဲ့ ပတ်သက်ပြီး အခန်းကဏ္ဍ (Sector) တစ်ခု ထည့်သွင်း ဆောင်ရွက်သင့်တယ်လို့ အကြံပြုပါတယ်။

”သစ်ပင်တွေ ပြုန်းသွားတာက မြင်ရပေမယ့် မြစ်ကြီးကောတာ ချက်ချင်းကြီးမှ မတွေ့ရတာ။ ကျွန်တော်တို့က ပြဿနာရဲ့ နောက်ကို နောက်က လိုက်တာ၊ ပြဿနာရဲ့ ဇာစ်မြစ်ကို မလိုက်ဘူး ဖြစ်နေတယ်”လို့ သူက ဆိုပါတယ်။

ဝါးဘလောက်သောက်မြစ်က ကောနိုင်ခြေရှိတဲ့အတွက် ပြန်လည်တူးပေးဖို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီခေတ်မှာတုန်းက ဒေသပါတီ ဥက္ကဋ္ဌဆီကို ဝါးဘလောက်သောက်ကျေးရွာ ဒေသခံ ဦးအေးကျော်က တင်ပြခဲ့ဖူးပေမယ့် ”တူးလည်း ကောမှာပဲ။ ဘတ်ဂျက် မတတ်နိုင်ဘူးလို့ ပြန်ဖြေသွားတယ်”လို့ ပြောပါတယ်။

ကွမ်းခြံကုန်း ဒေသခံတွေက စိုက်ပျိုးရေး အတွက် ရေလိုအပ်တာကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့လို့ ယခုနှစ် မတ်လဆန်းက စပြီး ဝါးဘလောက်သောက် မြစ်ကြောင်းဟောင်း အတိုင်း တူးမြောင်းတစ်ခုကို တိုင်းဒေသကြီး အစိုးရက စီစဉ်ပြီး တူးပေးခဲ့တယ်လို့ ကော့ဒွန်းကျေးရွာ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရှိန်က ပြောပါတယ်။

ဒီတူးမြောင်းဟာ ကွမ်းခြံကုန်းမြို့နယ်၊ မြိုင်သာယာရွာ၊ ပုသိမ်မြစ် (သခွတ်) ဟောင်းက ဒလ-ကော့ဒွန်း ကျေးရွာ အစပ်ထိအကျယ်ပေ ၄ဝ၊ အနက် ခြောက်ပေနဲ့ ခြောက်မိုင်ကျော် ရှည်ပြီး မြစ်တစ်ခုလုံး အရှည်ရဲ့ ငါးပုံ တစ်ပုံခန့် ရှိပါတယ်။

‘သဇင်’သင်္ဘော မြုပ်ခဲ့တဲ့ နေရာကို ဝါးဘလောက်သောက်ကျေးရွာက ရပ်မိရပ်ဖ တစ်ဦး ဖြစ်တဲ့ အသက် ၇၉ နှစ် ရှိပြီ ဖြစ်တဲ့ ဦးအေးကျော်က ဆိုင်ကယ်နဲ့ လိုက်ပို့တယ်။

”အရင် မြစ်ပြင်ပေါ်ကနေ ဆိုင်ကယ်နဲ့ ဖြတ်မောင်းနေတာ”လို့ သူက ပြောပြပြီး ဝါးဘလောက်သောက်မြစ်နဲ့ ပတ်သက်ပြီး သူ သိမီခဲ့သမျှ လမ်းတစ်လျှောက် ပြောပြလာတယ်။

ဦးစိုးမြင့်တို့ မောင်နှမနှစ်ယောက် သေကံမရောက် သက်မပျောက် ကူးခတ်ခဲ့ရတဲ့ မြစ်ပြင်ကျယ်ကြီး နေရာဟာ အခုအချိန်မှာတော့ ရွှံ့ရေတွေနဲ့ ငြိမ်သက်နေတဲ့ ၁ဝ ပေသာသာ မြောင်းငယ်လေး အဖြစ်သာ ရှိနေပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ လယ်ကွင်းတွေက နေရာယူထားကြပါတယ်။

ဦစိုးမြင့်တို့ မောင်နှမ နှစ်ယောက်ဟာ ယခုအချိန်ထိ သက်ရှိ ထင်ရှား ရှိနေကြသေးပေမယ့် သူတို့ကို သေမင်းတံခါးဝဆီ ခေါ်ဆောင်ဖို့ ကြိုးစားခဲ့တဲ့ မြစ်ကြီးကတော့ သေဆုံးသွားခဲ့ပါပြီ။ ။

၂၀၁၇ – ဇွန်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၄၇) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

ဆက်စပ်ဖတ်ရှုရန် – မြန်မာ့ မြစ်ချောင်းအချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍ Click here

Share this:

Click to share on Twitter (Opens in new window)
Click to share on Facebook (Opens in new window)

Like

Be the first to like this.

Related

မြန်မာ့ မြစ်ချောင်းအချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍

April 15, 2022

In “Resources”

တရုတ်မြစ်ပေါင်း ၂၈၀၀၀ ပျောက်ဆုံးသွားသည့်ကိစ္စ

December 1, 2021

In “Climate Change”

၂၀၁၅ ခုနှစ် မြန်မာ့ရေဘေးနှင့် ရေလှောင်တမံများ (ဦးဇော်ဝင်း(ဆည်မြောင်း)၊ အေးမြင့်(ညောင်တုန်း)၊ ကျော်ဦး)

February 6, 2022

In “Awareness”

RIVERS

Post navigation

PREVIOUS

မြန်မာ့ မြစ်ချောင်းအချို့ ပျောက်ကွယ်ခြင်းနှင့် ဆက်စပ်၍

Leave a Reply

Search

SEARCH

မိုးရေလှောင်ကန်
ဒစ်ဂျစ်တယ်စာအုပ်
ဖတ်ရှုရန်
click here

ရာသီဥတု ပြောင်းလဲပုံကို သိပ္ပံ ရှုထောင့်မှ ရှင်းပြ ထားသော စာအုပ်
မှာယူလိုလျှင်

click here

အခြေခံ မြေအောက်ရေ
နည်းပညာ (အတွဲ-၁)
မှာယူလိုလျှင်

click here

Categories

Water

Resources

Pollution

Security

Waste Water

Awareness

Climate Change

Atmosphere

Greenhouse

Gases

Temperature

Rise

Precipitation

Floods

Droughts

Melting Ice

Ocean

Sea Level Rise

Adaptation

TAGS

Agriculture. Antarctic Aquifer Arctic Asia Ayarwaddy China Cities Coral Reef Delta Desalination Dry Zone Energy Environment Evaporation Fisheries Food Forests Greenland Groundwater Heat Waves India Inland Seas Innovations Island Nations Israel Lakes Methane Myanmar Netherlands People Permafrost Rainwater Recharge Rivers Saving Singapore Subsidence Thanlwin United States Waste Treatment Wastewater Reuse Watershed Water Treatment Yangon

အနက်ပင်လယ်စကားစုများ

“ကျွန်တော်တို့ ကမ္ဘာရဲ့ အင်အားချည့်နဲ့မှုဟာ အခုခေတ်ရဲ့ အထွတ်အထိပ် အမှန်တရား ဖြစ်တယ်”

ဂျွန်အက်ဖ်ကနေဒီ

ARCHIVES

April 2022

March 2022

February 2022

January 2022

December 2021

November 2021

October 2021

September 2021

SUBSCRIBE TO BLOG VIA EMAIL

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 37 other followers

Email Address:

SUBSCRIBE

FEEDBACK

BLOG STATS

• 17,800 hits