၁၈၈၅ ပါတော်မူပြီးစ ခေတ်ပျက်နေသော မြန်မာနိုင်ငံ အကြောင်း ကိုယ်တွေ့ မှတ်တမ်း တစ်ခု ။

သမိုင်းပညာရှင် ဆရာကြီးဒေါက်တာ သန်းထွန်း ရဲ့ စာ

ရုရှားလူမျိုးတစ်ဦးမှတ်တမ်းတင်သွားသော ပါတော်မူပြီးစတွင် မြန်မာတို့ဘဝမလုံခြုံပဲ ခေတ်ပျက်နေတဲ့မြန်မာပြည်အခြေအနေ

===========================

ပါတော်မူပြီး ၁လခွဲနီးပါးအကြာမှာ Ivan Pavlovich Minayefeအမည်ရ ရုရှားလူမျိုးတစ်ယောက် မြန်မာပြည်ကိုရောက်လာပါတယ်။ သူက ဗီတာစပက်တက္ကသိုလ်မှာ အရှေ့တိုင်းဘာသာနဲ့ဘွဲ့ရခဲ့သူပါ။ ဗုဒ္ဓဘာသာအကြောင်းကို သူ၏မေဂျာတွင်သင်ကြားရပြီး စိတ်ဝင်စားသောကြောင့် ပါဠိနှင့်သက္ကတဘာသာများကိုလည်း သင်ယူခဲ့သူဖြစ်သည်။ သူဟာ ပါဠိဘာသာသုတေသနနဲ့ ၁၈၇၂မှာ ဒေါက်တာဘွဲ့ရရှိခဲ့ပါတယ်။ ပါဠိနဲ့ဗုဒ္ဓဘာသာကို လေ့လာရန် မြန်မာပြည်ကိုရောက်လာတာပါ။

မြန်မာနိုင်ငံကိုလည်ပတ်ရာမှာ အညာကို မန္တလေးထိ၊အကြေကို မော်လမြိုင်ထိ သူရောက်ခဲ့ပါတယ်။ ၁၈၈၆၊ဇန်နဝါရီ ၁၀ရက်မှာ မြန်မာပြည်ကိုရောက်လာပြီး ၁၈၈၆၊ ဖေဖော်ဝါရီ ၂၆ရက်မှာ မြန်မာပြည်ကနေ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

သူ့ဒိုင်ယာရီမှတ်တမ်းမှာတော့-

***၁၈၈၆၊ ဇန်နဝါရီ(၁၂)ရက်***

Minayefeတစ်ယောက် ပါဠိပါမောက္ခF.Forchhammer နဲ့တွေ့တယ်။ ထို့နောက် ဒေါက်တာမတ်ဆိုတဲ့ ခရစ်ယာန်သာသနာပြုနဲ့တွေ့တယ်။ ဒေါက်တာမတ်က ခရစ်ယာန်သာသနာအတွက် ဒီနိုင်ငံက ဗုဒ္ဓဘာသာကို အမြစ်ကနေ တူးပစ်ဖို့လုပ်နေတယ်။ “ကျုပ်က သာသနာပြုဆရာမစစ်ဘူး။ လုပ်ငန်းကမြေအောက်လုပ်ငန်းဗျ”လို့ ကျွန်တော့်ကို ပြောတယ်။ ဒေါက်တာမတ်က ဒီနိုင်ငံမှာ အခု ဓားပြတွေသောင်းကျန်းနေတယ်လို့ပြောတယ်။

***၁၈၈၆၊ ဇန်နဝါရီ၁၃ရက်***

မြန်မာလူမျိုးတွေက ဓားပြတွေကိုထောက်ခံတယ်။ သူတို့က ဒါဟာထီးနန်းပြန်ရဖို့လုပ်တဲ့လုပ်ရပ်၊ မြန်မာမင်းသားတစ်ပါးပါးကို နန်းပြန်တင်ဖို့ လုပ်တဲ့လုပ်ရပ်လို့မြင်တယ်။

Gilbertဆိုတဲ့သူနဲ့ ထမင်းစား တွေ့ဆုံတယ်။ ကောလဟာလတွေပျံ့နေတယ်။ မန္တလေးမှာ ဥရောပသားနှစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရတယ်။ အဲ့ဒါကြောင့် စားသောက်ဝိုင်းက ဗြိတိသျှတွေက ကျွန်တော့်ကို မန္တလေးမသွားဖို့တားတယ်။ ဗြိတိသျှတွေပြောစကားဟာ “ရောမမြို့ ရောက်ပြီးမှ ပုပ်ရဟန်းမင်းကြီးဆီမသွားနဲ့”လို့ ပြောသလိုဖြစ်နေတယ်လို့ သူ့ဒိုင်ယာရီမှာ ခိုင်းနှိုင်းထားတယ်။

ဓားပြအစစ်တွေလဲရှိသလို မျိုးချစ်သူပုန်တွေလည်းရှိတယ်။ အင်္ဂလိပ်အစိုးရကတော့ အားလုံးကို ဓားပြ(dacoit)လို့ သတ်မှတ်ကြေညာတယ်။

***၁၈၈၆၊ ဇန်နဝါရီ၁၄ရက်***

ဒေါက်တာမတ်နဲ့ထမင်းစားတယ်။ ဒီနေ့လည်း မန္တလေးက လူသတ်မှုအကြောင်းတွေ ကောလဟလတွေ ကြားနေရတယ်။ မန္တလေးဟာ panic regionဖြစ်နေပြီ။ သူပုန်တွေဟာ တောခိုကြတယ်။ သူတို့ဟာ သီပေါမင်းရဲ့ တပ်သားဟောင်းတွေပဲ။ သီပေါမင်းနန်းကျချိန်မှာ သူရဲ့တပ်သားအချို့ အင်္ဂလိပ်တို့ထံ လက်နက်လာချကြတယ်။ အချို့တပ်သားတွေက လက်နက်မချပဲ သူပုန်ဖြစ်သွားကြတယ်။

မြန်မာတွေရဲ့ ဗုဒ္ဓဘာသာကိုးကွယ်မှုဟာ မဆိတ်သုဥ်းသော်လည်း ပါဠိကတော့ တိမ်မြှုပ်နေပြီ။ (အနည်းငယ်သာ ပါဠိလို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်တယ်။ အချို့က ဘုရားစာရွက်နေသော်လည်း အဓိပ္ပါယ်အချို့ကိုသာနားလည်တယ်။ အချို့ကလုံးဝနားမလည်ဘူး)

***၁၈၈၆၊ ဇန်နဝါရီ ၁၅ရက်***

မိတ်ဆွေတစ်ယောက်နဲ့ စကားလက်ဆုံကျတယ်။ သီပေါမင်းက ဆိုးတဲ့သူမဟုတ်ဘူး။ သူ့မိဖုရား စုဖုရားလတ်ကသာ ရက်စက်ပြီး အကြင်နာမဲ့သူပဲလို့ သူကပြောတယ်။

***၁၈၈၆၊ဇန်နဝါရီ ၁၆ရက်***

ရန်ကုန်ကနေ ပြည်မြို့ကို ရထားစီးသွားတယ်။

(Minayefeသည် ပြည်မြို့မှတစ်ဆင့် မန္တလေးကို သင်္ဘောဖြင့်သွားခဲ့သည်)

***၁၈၈၆၊ ဇန်နဝါရီ ၂၀ရက်***

ပခုက္ကူမှာ သင်္ဘော ခဏရပ်တယ်။ လမ်းတစ်လျှောက်မှာ သူပုန်တွေကို ကားစင်တင်ပြီး ကွပ်မျက်တာတွေ ကို မြင်ခဲ့တယ်။ ကွပ်မျက်တဲ့ ကားစင်တွေကို တွေ့ခဲ့တယ်။

***၁၈၈၆၊ ဇန်နဝါရီ၂၁ရက်***

ရန်ကုန်ကနေ မန္တလေးကို သင်္ဘောစီးပြီးရောက်လာပြီ။ စလေဒင်က လျင်မြန်စွာနေရာချပေးတယ်။ တည်းခိုတဲ့နေရာမှာ ဓားပြ(သူပုန်)တွေအကြောင်း ပုံပြင်တွေအများကြီးကြားရတယ်။ သူပုန်တွေဟာ ဥရောပသားတွေရဲ့ အသက်ကိုခြိမ်းခြောက်နေတယ်။ ဥရောပသားတွေကို အစီအစဥ်တကျ သတ်ဖြတ်နေတယ်။ ညနေခင်း ညဘက်အပြင်ထွက်တာ မလုံခြုံဘူးလို့ ပြောတယ်။

ကျေးလက်ဒေသကမြန်မာတွေက သူတို့ကိုယ်သူတို့ ကျွန်တွေဖြစ်သွားပြီလို့ တွေးထင်နေကြတယ်။ မန္တလေးမြို့ခံတွေကလည်း သီပေါမင်း မဒရပ်ကို အပို့ခံရတာ မယုံကြသေးဘူး။

အင်္ဂလိပ်စစ်သားတွေကို ပထမဆုံး မြင်လိုက်ရတဲ့မြင်ကွင်းက စက်ဆုပ်ဖွယ်ကောင်းတယ်။ အင်္ဂလိပ်စစ်သားတွေက အောင်ပွဲခံ အရက်သောက်စားပြီး မြန်မာအမျိုးသမီးတွေကို အတင်းလိုက်ဆွဲတာတွေ ပြုမူတယ်။ အချို့ဆိုရင် စျေးထဲမှာ အချိန်အတော်ကြာ အော်ဟစ်ရမ်းကားနေတယ်။ ဒါဟာ မြန်မာလူမျိုးတွေရဲ့စိတ်မှာ စက်ဆုပ်ဖွယ်ဆိုတဲ့အမြင်ကို ပိုခိုင်မာအောင်လုပ်နေတာပဲလို့ သူကသူ့မှတ်တမ်းမှာ သုံးသပ်တယ်။

အာဏာပိုင်တွေဟာ သူပုန်တွေကို ပစ်ခက်ဖမ်းဆီးတာ နေ့စဥ်ပြုလုပ်တယ်။ မန္တလေးမြို့သားတွေမြင်ပြီးကြောက်အောင် သူပုန်အလောင်းတွေကို လူသွားလမ်းမတွေကို ဖြတ်ပြီး သယ်ဆောင်တယ်။ ဒါပေမဲ့ မန္တလေးမြို့ခံတွေက စိတ်မဝင်စားတဲ့ပုံ ပြကြတယ်။ ကြိုးစင်သို့ခေါ်ဆောင်သွားခံရတဲ့ သူပုန်အချို့ဟာလည်း ခပ်ပြုံးပြုံးဖြင့်ပင် လိုက်ပါသွားတာတွေ့ရတယ်။ သူပုန်တွေထဲမှာ ရှမ်းလူမျိုးလည်း နည်းနည်းပါတယ်။

လွန်ခဲ့တဲ့၁၀ရက်လောက်က စစ်ကိုင်းမှာ Simpsonဆိုတဲ့ အင်္ဂလိပ်ဗိုလ်မှုးကြီးတစ်ယောက် အသတ်ခံရတယ်လို့သိရတယ်။

***၁၈၈၆၊ ဇန်နဝါရီ(၂၃)ရက်***

တည်းခိုခန်းမန်နေဂျာက ကျွန်တော့်ကို ခြောက်လုံးပြူးသေနတ်ပါခဲ့လားမေးတယ်။ ခုလိုအချိန်မှာ သေနတ်မပါရင် ခက်တယ်လို့ သူက ပြောတယ်။ နေရာအနှံ့ သောင်းကျန်းမှုတွေ ဖြစ်ပေါ်နေတယ်။ ဥရောပသားတွေရဲ့ အသက်အန္တရယ်ကို ခြိမ်းခြောက်နေတယ်။ သူနဲ့အတူ တည်းတဲ့ ကုန်တိုက်မျိုးစုံက နိုင်ငံခြားသားတွေထဲက ဂျာမန်လူမျိုးတစ်ယောက်က ဝန်ရှင်တော်မင်းကြီး ဘားနပ်ကိုဆဲနေတယ်။ ငြိမ်သက်အောင် မထိန်းနိုင်တော့ ကုန်သွယ်ရခက်လို့ ထင်ပါတယ်။

ကာလကတ္တားက စတိတ်စမင်းသတင်းထောက်နဲ့ စကားပြောကြတယ်။ လွန်ခဲ့တဲ့ ၈ရက်က ရှမ်းတွေဘက်ကတင်တဲ့ သူပုန်ခေါင်းဆောင် ပစ်ဖမ်းခံရတယ်။ အဲ့ဒီလူမှာ နောက်လိုက်အင်အား ၇၀၀လောက်ရှိတယ်။ သူ့ကိုပစ်ဖမ်းတဲ့သူက အင်္ဂလိပ်ကိုသစ္စာခံသွားတဲ့ မြန်မာဝန်တစ်ယောက်ပဲ။ အဖမ်းမခံလို့ အသေပစ်ဖမ်းတယ်ပြောတယ်။

မြန်မာလူမျိုး ဦးကာဆိုသူနဲ့ မြို့သစ်အတွင်းဝန်မင်း ကျောင်းတိုက်ကို ပါဠိလေ့လာဖို့ အလည်သွားတယ်။ မြို့သစ်အတွင်းဝန်မင်း ဘုန်းကြီးကျောင်းတိုက်ကို သံသယနဲ့ အိန္ဒိယစစ်သား(စီပွိုင်း) နှစ်ရာကျော်က ဝိုင်းထားတယ်။ စီပွိုင်းနှစ်ရာကျော် ဝိုင်းထားတော့ အတူပါလာတဲ့ ဦးကာဆိုသူရဲ့အကြည့်မှာ ရွံရွာမုန်းတီးပြီး ဒေါသအပြည့်ပဲ။

***၁၈၈၆၊ ဇန်နဝါရီ(၂၄)ရက်***

မန္တလေးက သာသနာပိုင်ဆရာတော်ကျောင်းကို ဦးကာနဲ့ သွားလည်တယ်။ သာသနာပိုင်က ပါတော်မူတဲ့ဘုရင်အတွက် ဝမ်းနည်းတယ်လို့ ဆရာတော်တွေက ပြောတယ်။ ပြင်သစ်ကိုချီးမွမ်းတယ်။ ဒီလိုပြောရင်း အင်္ဂလိပ်ကို ရှုံ့ချတယ်။

ဒီကမြန်မာတွေရဲ့စရိုက်က မြင့်မြတ်သူရဲ့ရှေ့မှာ မိမိကိုယ်ကို အင်မတန်နှိမ့်ချပုံ ပေါ်တယ်။ လူတစ်ဦးက ကုန်းပြီးတွားမတက် ဝပ်ဆင်း ဝင်လာပြီး သာသနာပိုင်ရဲ့ ခြေတော်ရင်းကို ဦးတိုက်တယ်။ သာသနာပိုင်က ဘာမျှမတုန့်ပြန်ပဲ ကျောက်ရုပ်ကြီးလို ဆက်နေတယ်။

(ဒါကို Minayefeက သူ့အမြင်မှာ သာသနာပိုင်က အဲ့လူကို အသိအမှတ်မပြုဘူးလို့မြင်ပြီး အဲ့လိုမှတ်တမ်းတင်ထားပါတယ်။ ဒီလို မြန်မာတွေ မိမိကိုယ့်ကိုနှိမ့်ချတာဟာ လိုတာထက်ပိုနေတယ်လို့ သူကရေးထားပါတယ်။) အပြန် စင်္ကြံလမ်းမှာရှိနေတဲ့ ရဟန်းငယ်တွေနဲ့ ပါဠိလို အပြန်အလှန် ပြောဖို့ ကျွန်တော်ကြိုးစားတယ်။ မစွံဘူး။ သူတို့အသံထွက်ကို ကျုပ်နားမလည်ဘူး။

အင်္ဂလိပ်အစိုးရက မြန်မာနန်းစဥ်အမွေအနှစ်အချို့ကို လေလံပစ်နေတယ်။ တည်းခိုခန်းတွင် ညစာစားကြတုန်း ဂျာမန်ကုန်သည်က သူ လေလံပွဲမှာ မိဖုရားရဲ့ဆုတောင်းစာအုပ်နဲ့ စိန်စီရွှေချ ဘောင်တပ် ဆရာတော်ကြီးပုံတူတစ်ချပ်ကို ရခဲ့တယ်လို့ ကြွားနေတယ်။

***၁၈၈၆၊ ဇန်နဝါရီ(၂၅)ရက်***

ဒီနေ့လဲ လေလံပွဲရှိတယ်။ မနက်၈နာရီထဲက ကြေညာနေတယ်။ ဒီလို လေလံပွဲကို မြန်မာအမျိုးသားတွေ ဘယ်လိုသဘောထားလဲ ကျွန်တော် သိချင်တယ်။ ကာနယ်စလေဒင်ကိုခွင့်တောင်းပြီး ဘုရင့်စာကြည့်တိုက်ကို လေ့လာတယ်။ ကျွန်းသေတ္တာကြီးရှစ်လုံးနဲ့ ကျမ်းတွေအပြည့်။ သေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်တော့ ကျမ်း၁၀၀လောက်တွေ့တယ်။ ဒါပေမဲ့ ကျွန်တော့်အရင် မွှေနှောက်သွားတဲ့ လူတွေကြောင့် ကျမ်းစာတွေကို ဖရိုဖရဲဖြစ်နေတယ်။

ပြီးတော့ နန်းတော်ထဲ လျှောက်ပက်ကြည့်တယ်။ နန်းဆောင်တွေထဲ လူသစ်တွေဝင်နေကြပြီ။ လွှတ်တော်နားမှာ ကာနယ်စလေဒင် ဝင်နေတယ်။ လေလံပွဲကိုလည်းသွားခဲ့တယ်။ လိုချင်တဲ့ပစ္စည်းမတွေ့ဘူး။

Timeသတင်းထောက် မိုလန်နဲ့သွားတွေ့တယ်။ ဘုရင်ခံချုပ် ဖေဖော်ဝါရီ၁၀ရက်မှာ မန္တလေးကိုရောက်မယ်တဲ့။ သူပုန်တွေက သောင်းကျန်းနေတုန်းပဲ။ အင်္ဂလိပ်အရာရှိလောကမှာလည်း ကာနယ်စလေဒင်နဲ့ ပရင်ဒါဂတ်ကလည်း အာဏာပြိုင်နေကြတယ်။ မြန်မာဝန်ကြီးအချို့ ထုတ်ပယ်ခံရပြီး အချို့ကထိန်းသိမ်းခံရတယ်။ သူပုန်အချို့ လွတ်ငြိမ်းချမ်းသာခွင့်ရလို့ လက်နက်ချတယ်။

***၁၈၈၆၊ ဇန်နဝါရီ ၂၇ရက်***

အင်းဝနဲ့ စစ်ကိုင်းမှာ သူပုန်တွေဆူနေတုန်းပဲ။ ညနေဘက် နန်းတော်ကို အပြင်က တစ်ပတ်လမ်းလျှောက်ကြည့်တယ်။

***၁၈၈၆၊ ဇန်နဝါရီ ၂၈ရက်***

လွှတ်တော်မှာရှိနေတဲ့ ကျမ်းတွေကို သွားလေ့လာတယ်။ ရှေးမြန်မာဝန်ကြီးတွေရဲ့ ကျမ်းတွေကိုတွေ့ရတယ်။

***၁၈၈၆၊ ဇန်နဝါရီ ၂၉ရက်***

စာပေတွေကို ဘုရင်က ရွှေအပြည့်ချထားတဲ့အခန်းမှာ ထားတယ်။ အခန်းထဲက ပြန်ထွက်လာတော့ အရက်မူးနေတဲ့ အင်္ဂလိပ်စစ်သားအုပ်စုကို တွေ့တယ်။ အပြင်ကနေ နန်းကျဘုရင်ရဲ့အိပ်ခန်းကို မြင်ခဲ့တယ်။ ဘုရင်ခံလော့ဒပ်ဖရင်ရဲ့ဇနီးအတွက် အဲ့ဒီအဆောင်ကို ဧည့်ခန်းလုပ်ဖို့ပြင်နေတယ်။(ဘုရင်စက်တော်ခေါ်တဲ့ မှန်နန်းဆောင်ကို ပြောတာဖြစ်မယ်)

***၁၈၈၆၊ ဇန်နဝါရီ၃၁ရက်***

အတုမရှိကျောင်းကိုသွားလေ့လာတယ်။ ကျောင်းဒကာဘုရင်က တံခါးတွေနဲ့ ကျောင်းတိုင်လုံးတွေကို ရွှေချထားတယ်။ စည်းစိမ်အပြည့်နဲ့ နေလို့ကောင်းမို့နေရာပဲ။ ထိုကျောင်းရဲ့ ဘေးမှာလည်း နန်းကျဘုရင်လှုထားတဲ့ နောက်ထပ် ဘုန်းကြီးကျောင်းရှိတယ်။ ဒီကျောင်းလဲ ရွှေတွေချထားတယ်။(ရွှေနန်းတော်ကျောင်းကိုပြောတာ) အဲ့ကျောင်းဘေးမှာ ဥရောပထွက် မှန်တွေကာပြီးဆောက်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ခုလည်း ရှိတယ်။ မှန်ကျောင်းပေါ်မှာ အင်္ဂလိပ်စစ်သားတွေ ဝင်ပြီး တက်နေကြတယ်။ (ဘုန်းကြီးတွေလည်း ဒီတိုင်း လွှတ်ထားရပုံရတယ်။) ရွှေချကျောင်းတွေမှာ အရင်က သံဃာတော် ၂၀၀ကျော် နေတယ်တဲ့။ ခု ဘုရင်မရှိတော့ ဆွမ်း၊ကွမ်းအဆင်မပြေလို့၊ ပြည်ရွာမငြိမ်သက်လို့ မန္တလေးကို စွန့်ခွာသွားကြတာ နှစ်ဆယ်ကျော်ပဲ ကျန်တယ်လို့ သိရတယ်။

အင်္ဂလိပ်စစ်သားတွေဟာ သိပ်ရွံစရာကောင်းတယ်။ စျေးသည်တွေဆီက ပစ္စည်းဆွဲယူပြီး ကျသင့်တဲ့ အဖိုးအခ ပိုက်ဆံ လုံးဝမပေးဘူး။ မြန်မာမိန်းကလေးတွေကို အတင်းလိုက်ဆွဲတယ်။ အဲ့ဒါမျိုးတွေအများကြီးပဲ။ ကျွန်တော့်မျက်မြင်ကိုယ်တွေ့တွေပါပဲ။

***၁၈၈၆၊ ဖေဖော်ဝါရီ၁ရက်***

စစ်ကိုင်းဟာ သူပုန်ဓားပြတွေရဲ့ အခြေခံနေရာ ဖြစ်တယ်။ မန္တလေးနန်းတော်တွင်းနဲ့ မန္တလေးမြို့ပတ်လည်မှာ အင်္ဂလိပ်နဲ့ စီပွိုင်းစစ်သား ၆သောင်းနီးပါးကို လုံခြုံရေးချထားရတယ်။

မြန်မာဘုရင်ရဲ့ နန်းတော်ပုံစံကို ပြည့်စုံအောင်ဖော်ပြဖို့ ခက်တယ်။ မြေဧရိယာကျယ်ဝန်းပြီး အဆောင်ဆောင် အခန်းခန်းများတယ်။ တစ်ဆောင်နဲ့တစ်ဆောင်ကြားမှာ သစ်ပင်၊ပန်းပင်တွေရှိတယ်။ အဆောက်အအုံတွေကို မှောင်ရိပ်သန်းပြီး အေးမြတဲ့အနေအထားကို ရအောင်ဖန်တီးထားတဲ့ သဘောရှိတယ်။ အဆောင်တွေက မဏ္ဍပ်ဆန်တယ်။ အဆောင်တွေဟာ ရွှေအပြည့် ချရင်ချ၊ ရွှေမချရင် မှန်အပြည့်စီထားတယ်။ ဒါပေမဲ့ နေရာတော်တော်များများ ရွှေတွေမှိန်လာပြီ။ ကွာလာပြီ။ အင်မတန်ခမ်းနားတင့်တယ်တာကို မှန်းနိုင်တယ်လို့ သူက မှတ်တမ်းမှာ မြန်မာနန်းတော်ကို ချီးကျူးပါတယ်။

***၁၈၈၆၊ ဖေဖော်ဝါရီ ၂ရက်***

မန္တလေးတရုတ်တန်းက တရုတ်အမျိုးသားတစ်ဦးအိမ် ဓားပြဝင်တိုက်ခံရတယ်။ ထိုနေ့မှာပဲ စစ်ကိုင်းနယ်မှာ သူပုန်တွေ အကြီးအကျယ်မွှေနှောက် သောင်းကျန်းသွားတယ်။

အင်္ဂလိပ်တပ်သားတွေက အောင်ပွဲခံမူးပြီး အရပ်ထဲ ရမ်းကားလွန်းလို့ မြန်မာတွေက မကျေမနပ်ဖြစ်နေဆဲပဲ။ အောင်ပွဲခံမူးပြီး ရမ်ကားနေတဲ့ စစ်သားတွေကို ဒီနေရာမှာလောက်များတာ ဘယ်မှာမှ ကျွန်တော် မတွေ့ဖူးသေးဘူး။

***၁၈၈၆၊ ဖေဖော်ဝါရီ ၆ရက်***

အင်္ဂလန်မှာ ကွန်ဆာဗေးတစ်ပါတီပြုတ်ကျကြောင်း သတင်းကြားတယ်။ အင်းဝနားမှာ အင်္ဂလိပ်နဲ့သူပုန်တွေ တိုက်ပွဲဖြစ်တယ်။ သူပုန်၊ဓားပြအရေးဟာ အင်္ဂလိပ်တွေ မြန်မာနိုင်ငံတွင်း ငြိမ်ဝပ်ရေးကို ဘာမှမလုပ်ပေးဘူးဆိုတာ ထင်ရှားတယ်။ မြန်မာ့ရှေးရှေးဟာ ထူးထူးခြားခြားပြောင်းလဲလေမလား၊ နိုင်ငံကိုမသိမ်းပဲ အစောင့်အရှောက်ခံနယ်လို့ သတ်မှတ်လိုက်မလားပဲ။*(အစောင့်အရှောက်ခံနယ်ဆိုတာ အာသံ၊မဏိပူရ၊ကရင်နီနယ်တို့လိုပြောတာ)။**

မြတောင်ကျောင်း ကိုသွားလည်တယ်။

**(မြတောင်ကျောင်းဆိုတာ စုဖုရားလတ်ကိုးကွယ်တဲ့ကျောင်းကိုပြောတာ/”သူ့ကျွန်မခံပြီ”ဇာတ်ကားထဲက “ဆရာတော်ဘုရား… တပည့်တော်မတို့သွားကြပါပြီဘုရား”လို့ အော်တဲ့အခန်းက ဘုန်းကြီးကျောင်း)*******

မြတောင်ကျောင်း ဆရာတော်နဲ့ ကျွန်တော် ပါဠိလို အပြန်အလှန်ပြောတယ်။ လွယ်လွယ်ပဲ တစ်ယောက် စကား တစ်ယောက်နားလည်တယ်။ ဆရာတော်က ရုရှားနိုင်ငံအကြောင်း ပါဠိဘာသာနဲ့ ကျွန်တော့်ကိုမေးတာ စုံရောပဲ။ စစ်ပွဲအကြောင်းပြောကြရင်း အင်္ဂလိပ်ကို မြန်မာတွေ တိုက်ထုတ်ဖို့ကောင်းတယ်မဟုတ်လားလို့ ဆရာတော့်ကို ကျွန်တော်က ပြုံးရင်းမေးလိုက်တယ်။ ဆရာတော်ဟာ သူ့နှုတ်ခမ်းသူကိုက်ပြီး ဘာမှပြန်မပြောပဲနေတယ်။ ဘာမှတ်ချက်မှမပေးပဲ နေလိုက်တာက ကျွန်တော့်ကို စလေဒင်နဲ့ ရင်းနှီးတယ်လို့ ဆရာတော်က ထင်လို့ပါပဲ။

မြတောင်ကျောင်းက အပြန်လမ်းမှာ မောင်နုဆိုသူက သူ့ကို ကြာသပတေးနေ့က ဓားပြတိုက်ခံရတဲ့အိမ်ကိုပြတယ်တဲ့။ အိမ်ပိုင်ရှင်ကတော့ မနေရဲလို့ ပြေးနေပါတယ်တဲ့။

***၁၈၈၆၊ ဖေဖော်ဝါရီ ၇ရက်***

“သီပေါမင်းက မရက်စက်ဘူး။ သူ့မိဖုရားက အခြေအနေဆိုးအောင် ဖန်တီးတာပဲ”လို့ မြန်မာတိုင်း ဒီလိုပဲ တစ်သံတည်းထွက်ကြတယ်။

ဘုရင်ခံချုပ် မန္တလေးလာမဲ့ရက် ရွှေ့သွားပြီလို့ သတင်းကြားတယ်။

***၁၈၈၆၊ ဖေဖော်ဝါရီ ၈ရက်***

(ဓူဝံသင်္ဘောနဲ့ မန္တလေးမှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာ)

***၁၈၈၆၊ ဖေဖော်ဝါရီ၉ရက်***

“မန္တလေးမှာ အရာရာတိုင်းလိုလို လုပ်ချင်တိုင်းလုပ်လို့ရတယ်။ အရက်မူးနေတဲ့စစ်သားတွေ အရပ်ထဲ ရမ်းကားတာတို့၊ အစောင့်တပ်သားတွေက နန်းကျဘုရင်ရဲ့ပစ္စည်းခိုးယူတာတို့လုပ်တာတို့”လို့ အင်္ဂလိိပ်အရာရှိက မနေ့ညက dinnerမှာပြောနေတယ်။ ဘယ်လောက်တောင် သမိုင်းအမည်းစက်ထင်မဲ့ လုပ်ရပ်ကြီးဖြစ်သွားမလဲမသိဘူးလို့ သူ့မှတ်တမ်းမှာ အင်္ဂလိပ်တွေကို ဝေဖန်ထားတယ်။

***၁၈၈၆၊ ဖေဖော်ဝါရီ၁၀ရက်***

သင်္ဘောပေါ်မှာခရီးသွားသစ်တစ်ယောက်တိုးလာတယ်။ သူက သူပုန်တွေရဲ့ သတင်းကိုပြောတယ်။ ဒီနယ်မှာ အင်အား၅သိန်းရှိတဲ့ သူပုန်တွေ ထနေကြတယ်။ ဒီပုဂ္ဂိုလ်ဟာ လူအရေအတွက်ကို ချဲ့ကားပြောဆိုနေတယ်လို့ Minayefeက သူ့မှတ်တမ်းမှာရေးတယ်။

သင်္ဘောပေါ်ပါလာတဲ့ အင်္ဂလိပ်စစ်သားတွေဟာ စိတ်ဝင်စားဖို့ကောင်းတယ်လို့ဆက်ရေးတယ်။ မနေ့ညက အင်္ဂလိပ်စစ်သားတွေပြောနေတာ ရှင်းရှင်း လင်းလင်းကြားရတယ်။ “အင်္ဂလိပ်စစ်သားက မြန်မာတစ်ယောက်ကို ပစ်သတ်မိလို့ လျော်ကြေးငွေသုံးဆယ်ပေးရတယ်”လို့ပြောတယ်။ “တကယ့်လို့များ ငွေငါးဆယ်ပေးရင် နှစ်ယောက်တောင် သတ်ခွင့်ရမယ်ထင်တယ်လို့” အင်္ဂလိပ်စစ်သားတစ်ယောက်က နောက်တစ်ယောက်ကိုပြောတော့ အဲ့ဒီနောက်တစ်ယောက်က “ငါတော့ မင်းလိုသတ်မိတာနဲ့ ငွေသုံးရာကုန်တယ်လို့” သူတို့အချင်းချင်းပြောတာကို ကျွန်တော်အကုန် ကြားခဲ့တယ်။ ဒီစကားကို ဘယ်လိုတောင် ခြင်လေးတစ်ကောင်ရိုက်သလို ခပ်ပေါ့ပေါ့ပြောနေကြတာလဲမသိလို့ သူ့မှတ်တမ်းမှာ ဝေဖန်ပါတယ်။

(၁၈၈၆၊ ဖေဖော်ဝါရီ ၁၂ညနေမှာ Minayefe တစ်ယောက် ရန်ကုန်ပြန်ရောက်တယ်)

***၁၈၈၆၊ ဖေဖော်ဝါရီ၁၃ရက်***

သူပုန်၊ဓားပြတွေက တစ်နိုင်ငံလုံးနေရာအနှံ့ပါပဲလို့ ဂျော်ဒန်က ကျွန်တော့်ကိုပြောတယ်။ ဘုရင်ခံချုပ် ပဲခူးကို ဖြတ်သွားတဲ့နေ့က သူပုန်တွေဟာ ပဲခူးလမ်းမကြီးနဲ့ မိုင်၅၀အကွာမှာ သူတို့အင်အားကို ပြခဲ့သေးတယ်။

***၁၈၈၆၊ ဖေဖော်ဝါရီ ၁၄ရက်***

သတင်းစာတွေထဲမှာ သူပုန်၊ဓားပြတွေအကြောင်းကြည့်ပဲ သတင်းတွေပြည့်နေတယ်။

(၁၈၈၆၊ ဖေဖော်ဝါရီ၁၆ရက်မှာ ရန်ကုန်ကနေ မော်လမြိုင်ကိုသွားတယ်)

***၁၈၈၆၊ ဖေဖော်ဝါရီ ၁၇ရက်***

သူပုန်တွေက ရန်ကုန်က ကြေးနန်းဆက်သွယ်ရေးလိုင်းကို ဖျက်စီးပစ်တယ်လို့သိရတယ်။

***၁၈၈၆၊ ဖေဖော်ဝါရီ ၁၈ရက်***

မော်လမြိုင်မှာ သူပုန်နှစ်ယောက်ရဲ့ဦးခေါင်းဟာ ဆုကြေးထုတ်ခံရတယ်။ သူတို့နှစ်ယောက်က ဘုန်းကြီးတွေ ဖြစ်တယ်။ သူပုန်တစ်ယောက်ရဲ့ဦးခေါင်းဟာ ရူပီး၁သောင်းနဲ့ ညီမျှတယ်။

(၁၈၈၆၊ဖေဖော်ဝါရီ၁၉မှာ မော်လမြိုင်ကနေ ရန်ကုန်ပြန်ရောက်)

***၁၈၈၆၊ ဖေဖော်ဝါရီ ၂၃ရက်***

St. Barbeဆိုတဲ့ အင်္ဂလိပ်တစ်ယောက် သူပုန်တွေရဲ့ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းဖတ်ရတယ်။

သီဟိုဠ်(သီရိလင်္ကါ)က ရောက်လာတဲ့ ဓမ္မပါလအမည်ရ ဘုန်းကြီးတစ်ပါးနဲ့ ပါဠိဘာသာဖြင့် အပြန်အလှန် စကားပြောကြတယ်။

***၁၈၈၆၊ ဖေဖော်ဝါရီ၂၄ရက်***

ပုဇွန်တောင်က ဦးသီလဝံသ ရိုးရာဘုန်းတော်ကြီးသင်စာသင်ကျောင်းတစ်ခုကို သွားလေ့လာတယ်။ ဘုန်းကြီး ကျောင်းမှာတက်ရင် မိဘတွေက ဘာငွေမှပေးစရာမလို အားလုံးအခမဲ့ပဲ။ ဘုန်းတော်ကြီးတွေက မနက်စာနဲ့ညစာပါ ကျောင်းသားတွေကို ကျွေးတယ်။ ရိုးရာဘုန်းကြီး ကျောင်းပညာရေးမှာ မြန်မာစာ၊ဂဏန်းသင်္ချာနဲ့ ပထဝီဘာသာရပ်တွေက မသင်မနေရဖြစ်တယ်။ ကျွန်တော်မေးတဲ့ ပထဝီဆိုင်ရာမေးခွန်းတွေကို ကျောင်းသားတွေကောင်းကောင်းဖြေနိုင်တယ်။ အဲ့ဒီထဲက ကိုရင်တစ်ပါးဆိုရင် ဥရောပတိုက်က မြို့ကြီး တွေရဲ့နာမည်ကို အကုန်သိတယ်။

မြန်မာတွေရဲ့စိတ်ထဲမှာ နိုင်ငံခြားသားတွေကို မုန်းတီးရေးပြင်းထန်နေတယ်။ သူ့ကိုတောင် အချို့နေရာတွေမှာ ကောင်းကောင်းလက်ခံစကားမပြောတာတွေ့ရတယ်။ ဒီလိုမုန်းတာကို မြန်မာတွေက ပါးစပ်ကထုတ်မပြောပေမဲ့ ဥရောပသားတွေကိုကြည့်တဲ့အခါ မျက်လုံးထဲမှာ အမုန်းတရားအပြည့်ပဲလို့ Minayefeက မှတ်တမ်းတင်ခဲ့ပါတယ်။

——–

Minayefeရဲ့ ခရီးသွားမှတ်တမ်းဟာ မြန်မာပြည် ကိုလိုနီလက်အောက်ကျပြီး တစ်လခွဲခန့်အကြာ အခြေ အနေကို ထင်ဟပ်စေတဲ့ ခေတ်ပြိုင်မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ သူသာ ဗြိတိသျှတွေ မြန်မာပြည်ကို သိမ်းပြီးပြီးချင်း ရောက်လာခဲ့မယ်ဆိုရင် ဒီထက် ပြင်းထန်တဲ့ မှတ်တမ်းမျိုးကို ဖတ်ရနိုင်လောက်ပါတယ်။

(reference)

Travels In and Diaries of India and Burma

အင်္ဂလိပ်လက်အောက်ရောက်စမန္တလေး- ဒေါက်တာသန်းထွန်း

ဓာတ်ပုံ – မြန်မာပြည်မှာ ၄၆ရက်ကြာ နေထိုင်လည်ပတ်သွားသော ပါဠိပါမောက္ခ Ivan Pavlovich Minayefe၏ပုံ။