လူတိုင်းဖတ်သင့်တဲ့
မြန်မာနိုင်ငံရှိ မြစ်ကြီးများအကြောင်း…🍀🌸
သင့်အတွက် ဗဟုသုတဖြစ်စေမှာပါ…🙆♀️🙆♂️
#Credit_Original_Uploader on Facebook post from Wikipedia
၁။ သံလွင်မြစ်. အရှည် ၁၇၄၉မိုင် (၂၈၁၅ကီလိုမီတာ)
၂။ ဧရာဝတီမြစ်. အရှည် ၁၃၇၃ -မိုင်
၂-၁ ။ ဧရာဝတီ လင်းပိုင်
၂-၂-၁ ။ တာပိန်မြစ်
၂-၂-၂ရွှေလီမြစ်
မြစ်ငယ်မြစ်
ဇော်ဂျီမြစ်
မုန်းချောင်း
မန်းချောင်း
ပုသိမ်မြစ်
၃- ချင်းတွင်းမြစ်. အရှည် ၇၅၀မိုင်(1,207 km)
မူးမြစ်
၄- စစ်တောင်းမြစ်
၅- ကစ္ဆပနဒီ
၆- နတ်မြစ်
၇ – ရန်ကုန်မြစ် (ခေါ်) လှိုင်မြစ်
၈ -ပဲခူးမြစ်
၉- မဲခေါင်မြစ်
၁၀-ဟောင်သရောမြစ်
၁ ။ သံလွင်မြစ်
အရှည် ၁၇၄၉မိုင် (၂၈၁၅ကီလိုမီတာ)
ဖြတ်သန်းရာဒေသ တရုတ်နိုင်ငံ(တိဗက်ဒေသ၊ယူနန်ပြည်နယ်)၊ မြန်မာနိုင်ငံ(ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ ကရင်ပြည်နယ်၊မွန်ပြည်နယ်)
ထိုင်းနိုင်ငံ
မြစ်လက်တက်များ Moei မြစ်၊Pai မြစ် (ထိုင်းနိုင်ငံ)
အဆုံးသတ်စီးဝင်ရာ အက်ဒမန်ပင်လယ်၊ အိန္ဒိယသမုဒ္ဒယာ
သံလွင်မြစ်သည် မြန်မာနိုင်ငံ၏အရှည်ဆုံးမြစ်ဖြစ်ရုံမက ကမ္ဘာပေါ်၌ ရှုခင်းအသာယာဆုံးနှင့် ရေစီးအကြမ်းဆုံးမြစ်တစ်မြစ်ဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်ထပ် မီတာ ၄,၀၀၀ ကျော်မြင့်သည့် ဟိမဝန္တာတောင်ပေါ်ရှိ တိဘက်ဒေသ ကုန်းမြင့်များမှ စတင်မြစ်ဖျားခံစီးဆင်းသည်။ ဤမြစ်သည် တရုတ်နိုင်ငံရှိ ယူနန်ပြည်နယ်၏ တောင်တန်းထူထပ်သည့်ဒေသ များကိုလည်းကောင်း၊ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့ကိုလည်းကောင်း၊ ထိုင်းနိုင်ငံ၏ တစ်စိတ်တစ်ဒေသ (မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ၏ နယ်နိမိတ်အဖြစ် ကီလိုမီတာပေါင်း ၁၂၀ ကျော် ဆက်လက်စီးဆင်း) ကိုလည်းကောင်း ဖြတ်သန်း၍ မြန်မာနိုင်ငံ၊ မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့ အနီး မုတ္တမပင်လယ်ကွေ့၌ ဘင်္ဂလားပင်လယ်အော်(အက်ဒမန်ပင်လယ်)အတွင်းသို့ စီးဝင်သည်။ စုစုပေါင်း အရှည်သည် ၁၇၄၉ မိုင် (၂,၈၁၅ ကီလိုမီတာ)ရှိသော်လည်း မြန်မာနိုင်ငံအတွင်း၌မူမိုင် ၆၅ဝ သာရှိသည်။ နိုင်ငံတကာကို ဖြတ်သန်းစီးဆင်းခဲ့သည့် မြစ်တစင်းဖြစ်ပြီး အရှေ့တောင်အာရှဒေသတွင် မဲခေါင်မြစ်ပြီးလျှင် ဒုတိယအရှည်လျားဆုံး ဖြစ်သည်။ ထို့အပြင် အရှေ့တောင်အာရှဒေသတွင် ဆည်တာတမံပိတ်ဆို့ခြင်းခံရခြင်း မရှိသေးဘဲ လွတ်လပ်စွာစီးဆင်းနေသည့် အရှည်ဆုံး မြစ်တစ်စင်းလည်း ဖြစ်သည်။
သံလွင်မြစ်ဝှမ်းလွင်ပြင်ဒေသသည် ဧရိယာ ၃၂၀,၀၀၀ ကီလိုမီတာအထိ ကျယ်ဝန်းပြီးရေဝေဒေသသည် တရုတ်နိုင်ငံ တွင် (၅၃%)၊ မြန်မာနိုင်ငံတွင် (၄၂%) နှင့် ထိုင်းနိုင်ငံတွင် (၅%) ရှိပါသည်။ ဟိမဝန္တာတောင်တန်းများမှသည် မုတ္တမပင်လယ်ကွေ့အထိ မြစ်ဝှမ်းဒေသတလျှောက်တွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ အသက်မွေးဝမ်းကျောင်းကိစ္စများအတွက်ရော၊ ယဉ်ကျေးမှုအတွက်ပါ အရေးပါသည့်မြစ်ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လူမျိုးကွဲများ အများဆုံးစုစည်းမှီတင်းနေထိုင်နေသည့် မြစ်တစင်းလည်း ဖြစ်ပါသည်။ သံလွင်မြစ်၏ မြစ်ဝှမ်းနှင့် မြစ်လက်တက်များ၏ ရေဝေဒေသများတွင် နေထိုင်ကြသူ တိုင်းရင်းသားလူမျိုး ၁၃ အုပ်စုရှိပြီး၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် နေထိုင်ကြသည့် ရှမ်း၊ ဝ၊ ကရင်နီ၊ ကရင်၊ ပအို့ဝ်၊ ပလောင်၊ မွန်၊ လားဟူ၊ ပဒေါင်၊ အာခါ၊ လီဆူး လူမျိုးများ အပါအဝင် ဖြစ်ပါသည်။ အခြားတိုင်းရင်းသား အုပ်စုများသည်လည်း တရုတ်နိုင်ငံရှိ မြစ်ကြောင်းတလျှောက်တွင် နေထိုင်ကြပါသည်။
၁-သံလွင်မြစ် မာတိကာ
၁- ၁ အမည်များ
၁-၂ သံလွင်မြစ်ဝှမ်း အတွင်းရှိ ဆည်မြောင်းတာတမံများ
၁-၃ သံလွင်ထွက်ပစ္စည်း
၁-၄။ မြစ်လက်တက်များ
၁- ၅ ။ စီးဆင်းမှု
၁-၅.၁ ကွမ်းလုံကူးတို့ဆိပ်
၁–၅.၂ မန်းဆန်ကူးတို့ဆိပ်
၁- ၅.၃ တာကော်ကူးတို့ဆိပ်
၁- ၅.၄ တာဆင်းကူးတို့ဆိပ်
၁- ၅.၅ တာတောမော်ကူးတို့ဆိပ်
၁- ၅.၆ တာဆင်းလေကူးတို့ဆိပ်
၁- ၅ -၇ ရည်ညွှန်းကိုးကား
၁-၁။ သံလွင် အမည်များ
သံလွင်မြစ်သည် ခရီးရှည်ကြီးကို ဖြတ်သန်းချီတက်လာရသည့် အားလျော်စွာ ၎င်းဆုံတွေ့ခဲ့ရသည့် လူမျိုးများအလိုက် အမည်နာမကွဲ အမျိုးမျိုးလည်း ခေါ်ဝေါ်ခဲ့ရပါသည်။ တရုတ်နိုင်ငံတွင် သံလွင်မြစ်ကို နူကျန်း(နူဂျင်းမြစ်) (Nu Jiang River)ဟု ခေါ်ဝေါ်ကြပြီး၊ ရှမ်းလူမျိုးများက နမ့်ခုမ်း(နမ်ခေါင်)ဟု ခေါ်ပါသည်။ မြန်မာနိုင်ငံတွင် သံလွင်မြစ်ဟုခေါ်ပြီး၊ ဤအသံထွက်ကိုပင် အင်္ဂလိပ်ဘာသာအားဖြင့် “ဆာလဝင်း” (Salween)ဟုအသီးသီး ခေါ်ဆိုကြပါသည်။ ဤအမည်သည်ပင် ယခုတိုင် ကမ္ဘာကခေါ်ဆိုနေကြသည့် အမည်ဖြစ်ပါသည်။
၁၂။ သံလွင် မြစ်ဝှမ်း အတွင်းရှိ ဆည်မြောင်းတာတမံများ
လက်ရှိအချိန်ထိ တရုတ်နိုင်ငံအတွင်းတွင် သံလွင်မြစ်ပေါ်၌ တည်ဆောက်ထားသည့် တာတမံပေါင်း ၁၃ ခု ရှိနေပြီဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံအတွင်းရှိ သံလွင်မြစ်ကြောင်း တစ်လျှောက်တွင် တာဆန်း၊ ဟက်ကြီး အပါအဝင် အကြီးစား ဆည်မြောင်းတာတမံ စီမံကိန်း ၃ ခုထက်မနည်း ဆက်လက်တည်ဆောက်ရန် မြန်မာနိုင်ငံအစိုးရနှင့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် သဘောတူညီမှုရယူပြီးဖြစ်သည်။
မြစ်ဝှမ်းတလျှောက်တွင် လူဦးရေ အထူထပ်ဆုံးနေထိုင်ကြသည့် နေရာမှာ မြစ်ဝနေရာဖြစ်ပြီး မြစ်ကြောင်းမှ ပို့ချလာသည့် မြေဆီဩဇာများဖြင့် ကြွယ်ဝသည့် ဧက ထောင်ချီရှိသည့် လယ်ယာမြေများကို အမှီပြုနေထိုင်ကြခြင်း ဖြစ်ပါသည်။ ဤဒေသများတွင် လူအများက မိုးရာသီတွင် စပါးစိုက်ပျိုးကြပြီး၊ နွေရာသီများတွင် မြစ်ကမ်းပါး၌ ဥယျာဉ်များ၊ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ထို့အပြင် တနှစ်ပတ်လုံး ငါးဖမ်းလုပ်ငန်းဖြင့်လည်း အသက်မွေးကြပါသည်။
သံလွင်မြစ်ဝှမ်းဒေသသည် ဂေဟဗေဒစနစ်အရ၊ ယဉ်ကျေးမှုအရ မျိုးကွဲစုံလင်ကြွယ်ဝသည့် ဒေသဖြစ်ပါသည်။ သို့အတွက် ကြောင့် ကုလသမဂ္ဂ ပညာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ကမ္ဘာက အလေးပေးထိန်းသိမ်းစောင့်ရှောက် ရမည့်ဒေသတခုအဖြစ် သတ်မှတ်ထားပါသည်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်းကို အပြိုင်သဖွယ် ဖြတ် ၍ စီးဆင်းနေသည့် ယန်ဇီး၊ မဲခေါင်၊ သံလွင်မြစ်များ အထက်ပိုင်းမှသည် အောက်ပိုင်းဖြတ်သန်းရာ ဒေသများကို ဤသို့ သတ်မှတ်ထားခြင်း ဖြစ်ပါသည်။ UNESCO အဖွဲ့၏ အဆိုအရ ဤဒေသများသည် ရာသီဥတုသမမျှတသည့် ဒေသဖြစ်ပြီး၊ မျိုးကွဲ ဇီဝသတ္တ အစုံလင်ဆုံးဒေသလည်း ဖြစ်ပါသည်။ အလားတူပင် ထိုင်းအစိုးရကလည်း သံလွင်မြစ်ကမ်းလျှောက်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သစ်တောများကို အရေးပါသည့် နိုင်ငံတကာမုတ်သုန်တောစိမ်းများအဖြစ် ၂၀၀ဝ ခုနှစ်က သတ်မှတ်ထား ခဲ့ပါသည်။
ထိုင်း-မြန်မာနယ်စပ်တလျှောက် သံလွင်မြစ်ကမ်းပါးတွင် နေထိုင်ကြသည့်ပြည်သူများ၏ အဆိုအရ သံလွင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များတွင် ရွှေ့ပြောင်းမှီတင်းနေထိုင်ကြသည့် ငါးမျိုးစိတ်ပေါင်း တရာကျော်ရှိသည်ဟု ဆိုပါသည်။ ဤငါးများ သည် ထိုင်းလူမျိုးများအတွက်သာမက မြန်မာနိုင်ငံရှိ ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသူ တိုင်းရင်း သားတို့အတွက်လည်း အရေးပါသည့် အစားအသောက်ရင်းမြစ်များ ဖြစ်ပါသည်။
ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်တလျှောက်ရှိ သစ်တောများသည်လည်း ပထဝီအရ၊ ဇီဝသဘောအရ နယ်ခြားသဖွယ် ဖြစ်နေစေပြီး မတူကွဲပြားသည့် မျိုးစိတ်များဖြင့် ကြွယ်ဝလှပါသည်။ အိန္ဒိယ-တရုတ် ဒေသငယ် (Indo-Chinese sub-region) သည် တရုတ်-ဟိမဝန္တာ (အိန္ဒိယ) ဒေသငယ် (Sino-Himalayan sub-region) နှင့် ဆုံတွေ့ရာနေရာလည်း ဖြစ်ပါသည်။ သို့အတွက်ကြောင့် ဇီဝသတ္တမျိုးကွဲများ အမျိုးစုံကြွယ်ဝပြီး ဟိမဝန္တာတောင်တန်းနှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသ တို့တွင် တွေ့ရှိရသည့် အပင်များ၊ တိရိစ္ဆာန်များကိုလည်း ဤဒေသတွင် အလားတူ တွေ့ရှိနိုင်ပါသည်။ အလားတူ အင်ဒိုချိုင်းနားဒေသတွင် တွေ့ရသည့် ဇီဝသတ္တမျိုးကွဲများကိုလည်း ဤဒေသတွင် တွေ့ရှိရပါသည်။
သံလွင်မြစ်ဝှမ်းဒေသသည် တောရိုင်းတိရိစ္ဆာန်များနှင့် ငါးမျိုးများသာ ကြွယ်ဝစုံလင်ခြင်း မဟုတ်ဘဲ၊ ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ် ဖြတ်သန်းရာ ဒေသသည် ကမ္ဘာ၏ ကျွန်းသစ်အကြွယ်ဝဆုံး ဒေသအဖြစ်လည်း ဂေဟဗေဒပညာရှင်များက သတ်မှတ်ပြောဆိုကြပါသည်။ ဤဒေသရှိ ကျွန်းတောများမှာ မြစ်စီးဆင်းရာ ဒေသတလျှောက်တွင် ထူထဲစွာ ပေါက်ရောက်ကြပြီး အရှေ့တောင်အာရှ အခြားဒေသများရှိ ကျွန်းတောများနှင့်ပင် ခြားနာမှု ရှိပါသည်။ အခြားဒေသများတွင် ကျွန်းတောများ ပေါက်ရောက်ပုံမှာ ကျိုးကြဲနိုင်လှသည်ဟု ဆိုပါသည်။ မြစ်၏ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဤကျွန်းတောများသည် တည်ဆောက်ရန် လျာထားသည့် တာဆန်းဆည်ကြောင့် ပျက်စီးဖွယ်ရှိနေပြီး၊ ရှမ်းပြည်နယ် အတွင်း နောက်ဆုံးကျန်ရှိတော့သည့် သစ်တောနေရာများလည်း ဖြစ်ပါသည်။
မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်နိမိတ်ရှိ သံလွင်မြစ်ဝှမ်းသည် သမိုင်းအရ အရေးပါသည့် ဒေသလည်း ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်း သမိုင်းပညာရှင်များက ဤဒေသတွင် သမိုင်းမတင်မီ ရုပ်ကြွင်းများ တွေ့ရှိရပြီး၊ အရှေ့တောင်အာရှဒေသတွင် လူစတင်ဖွံ့ဖြိုးသည့် မူလအထောက်အထားလည်း ဖြစ်သည်ဟု ဆိုကြသည်။ လူသိများသည့် ဤသို့ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထား အများဆုံးတွေ့ရှိရသည့်နေရာကို ဝိဉာဉ်ဂူ (Spirit Cave) ဟု ခေါ်ကြပြီး ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင် ဒေသ တောင်တန်းများပေါ်တွင် တည်ရှိသည်။ [၁]
၁-၃။ သံလွင်ထွက်ပစ္စည်း
သံလွင်မြစ်ကမ်းမှာ နေထိုင်ကြတဲ့သူတွေကတော့ တံငါလုပ်တယ်။ တချို့ သစ်ဝါး မျှောတယ်။ ရွှေကျင်တယ်။ သံလွင်ရွှေကတော့ မာတယ်။ ရွှေဝါရောင် ဖျော့တယ်။ သံလွင်မြစ်ကမ်းရှိ သဲသောင်ပြင် ကျောက်ခဲပြင်တွေဟာ လွန်စွာလှပတယ်။ အမဲရောင်ရှိတဲ့ သံလွင်ကျောက်ခဲဟာ ချစ်စရာကောင်းတယ်။ ရွှေစစ်မစစ် စမ်းသပ်ရာမှာ အသုံးဝင်တယ်။ သံလွင် ကျောက်ခဲဟာ နှစ်ပေါင်းများစွာ မိုင်ပေါင်းများစွာ ရေတိုက်စားလာတဲ့ကျောက်ဖြစ်တဲ့အတွက် အချို့ပြားချပ်ပြီး လှပစွာ ဝိုင်းနေတာတွေ့ရတယ်။ အနက်ရောင် ကျောက်ပြားဝိုင်းတွေ အရွယ်အစား အမျိုးမျိုးရှိတယ်။ သံလွင်သဲမှုန့်ကတော့ မြေမရောတဲ့ သဲမှုန့်အစစ်ဖြစ်လို့ အဆောက်အဦဆောက်တဲ့နေရာမှာ အသုံးဝင်၏။
သံလွင်မြစ်အတွင်းရှိငါးတွေလည်း မျိုးပေါင်းများစွာရှိမှာပါ။ နာမည်ကြီးတာကတော့ ငါးကြင်းမြီးကွဲလို သံလွင်ငါးပဲဖြစ်တယ်။ ရေစီးသန်တဲ့အတွက်ကြောင့် သဘာဝအလျှောက် သံလွင်ငါးတွေဟာ ကိုယ်လုံးရှည်တာများတယ်။ တစ်ခါတစ်လေ သံလွင်ငါးမြီးကွဲဟာ ကမ်းစပ် နားရေသောက်ဆင်းလာတဲ့ သတ္တဝါငယ်များကို အမြီးနဲ့ရိုက်လှဲပြီး ဖမ်းစားတတ်တယ်။ သံလွင်ငါးရဲ့ အရသာဟာလည်း အများနဲ့ မတူ တမူထူးခြားတဲ့ အရသာရှိတယ်။ သံလွင်မြစ်ကမ်းမှာ ပေါက်တဲ့ ဟင်းရွက်တစ်မျိုးကို ရှမ်းလို (ဖတ်ခုံး) ဟုခေါ်ပြီး မြန်မာလိုတော့ သံလွင်ဟင်းရွက်စိမ်း လို့ပဲခေါ်ရမယ်ထင်တယ်။ ချက်စားရင် အရသာဆိမ့်တယ်။ ကင်းမွန်ရွက်ထက် အရသာ ပိုဆိမ့်တယ်။ နောက်တစ်မျိုးကတော့ သံလွင်ကန်စွန်းဥပါ။ ကန်စွန်းဥနီလိုပါပဲ။ သို့သော် ဥတိုင်း လိုလို ပိုးထိုးနေတဲ့ပုံစံမျိုးဖြစ်နေတယ်။ ပြုတ်စား ချက်စားရင်တော့ အထဲမှာ အနီရောင် အညိုရောင်ရှိပြီး ရိုးရိုးကန်စွန်းဥထက် အရသာကိုပိုပြီး ချိုတယ်။ မာတယ်။
၁-၄။ သံလွင် မြစ်၏ မြစ်လက်တက်များ
Moei မြစ်(ထိုင်းနိုင်ငံ)
Pai မြစ်(ထိုင်းနိုင်ငံ)
၁-၅။ စီးဆင်းမှု
သံလွင်မြစ်သည် တိဗက်ပြည်အရှေ့ဘက်ရှိ တန်ဂလာတောင်တန်းတွင် မြစ်ဖျားခံ၍ တရုတ်နိုင်ငံ ဆီကျန်ပြည်နယ်ဘက်သို့ အနောက်မှအရှေ့စီးဆင်းလာပြီးလျှင် လတ္တီတွဒ် ၃ဝံ နေရာ ရောက်သောအခါ အရှေ့တောင်ဘက်သို့ မြစ်ကြောင်းပြောင်းကာ ယူနန်နယ်ဘက်သို့စီးဝင်သည်။ ယူနန်နယ်တွင်မြောက်မှ တောင်သို့စီးဆင်းလာပြီးနောက် လတ္တီတွဒ် ၂ရံ နေရာသို့ရောက်သောအခါ အနောက်ဘက်ရှိနမ့်မိုင်ခမြစ် အရှေ့တောင်ဘက်သို့မြစ်ကြောင်းပြောင်းကာ ယူနန်နယ်ဘက်သို့စီးဝင်သည်။
ယူနန်နယ်တွင်မြောက်မှ တောင်သို့စီးဆင်းလာပြီးနောက် လတ္တီတွဒ် ၂ရံနေရာသို့ရောက်သောအခါ အနောက်ဘက်ရှိနမ့်မိုင်ခမြစ် (ဧရာဝတီမြစ်အစ မြစ်ခွတစ်ခု)နှင့် ရေဝေကုန်းတန်းတစ်ခုသာ ခြား၍ အရှေ့ဘက်ရှိမဲခေါင်မြစ် နှင့် မိုင် ၃ဝ ခန့်သာ ကွာလှမ်းတော့သည်။ လတ္တီတွဒ်၂၄ံတွင် မြန်မာနိုင်ငံတွင်းသို့ဝင်ရောက်လာကာ ရှမ်းပြည်နယ်အတွင်း သိန္နီနယ်၊ ကိုးကန့်နယ်၊ ဝနယ်၊ မိုင်းလွန်းနယ်၊ ကျိုင်းတုံနယ်၊ မိုင်းပန်နယ်၊ မောက်မယ်နယ် တို့ကိုလွန်ပြီးနောက် ကယားပြည်နယ်ကိုဖြတ်စီးသည်။ ကယားပြည်နယ်ကိုလွန်သော် ယိုးဒယားနှင့် ကရင်ပြည်နယ်တစ်လျှောက် နယ်ခြားသဖွယ်စီးဆင်းလာပြီးနောက် ကရင်ပြည်နယ်တွင်းကိုဖြတ်စီးကာလတ္တီတွဒ် ၁၆.၅ံ နေရာတွင်မော်လမြိုင်မြို့အနီးမှ မုတ္တမပင်လယ်ကွေ့ထဲသို့ စီးဝင်သည်။
မုတ္တမပင်လယ်ကွေ့ထဲသို့စီးဝင်ရာတွင် မြစ်ဝနှစ်ခုခွဲထွက်သည်။ တစ်ခုသည်ဘီလူးကျွန်းမြောက်ဘက်မှ ဒရယ်ပေါက်မြစ်အဖြစ်စီးသွား၍ ကျန်တစ်ခုသည် အရှေ့မှမော်လမြိုင်မြစ် အဖြစ် စီးထွက်သည်။ ဒရယ်ပေါက်မြစ်သည်လှေသမ္ဗာန်များသာဝင်ထွက်သွားလာနိုင်သော်လည်း မော်လမြိုင်မြစ်ဘက်မှမူ ပင်လယ်ကူးသင်္ဘောကြီးများသည်မော်လမြိုင်မြို့အထိဝင်ထွက်သွားလာနိုင်သည်။ ပေ ၁ဝဝ ခန့်ရှည်သော သင်္ဘောများသည်မော်လမြိုင်မြို့မှအထက် ၆၃ မိုင်ဝေးသော ရွှေဂွန်းမြို့အထိ ဆန်တက်သွားလာနိုင်သည်။ သို့ရာတွင် နွေရာသီ ရေနည်းသည့်အခါ၌ ရွှေဂွန်းမြို့အောက် ၁၂ မိုင်ဝေးသောနေရာမှနေ၍ ပို၍ငယ်သော သင်္ဘောကလေးပေါ်ပြောင်း၍ဆန်တက်ရသည်။ မော်တော်ဗုတ်နှင့် လှေသမ္ဗာန်များသည်နွေရာသီတွင် ရွှေဂွန်းမြို့အထက် ၂၈ မိုင်ဝေးသောမဲဆိပ်မြို့အထိ ဆန်တက်နိုင်သည်။ သံလွင်မြစ်ကိုတိဗက်ပြည်တွင် ဂျာမိုငိုချူမြစ်ဟုလည်းကောင်း၊ နက်ချူမြစ်ဟုလည်းကောင်းခေါ်၍ တရုတ်နိုင်ငံတွင် လူကျန်မြစ်ဟုလည်းကောင်း၊ နုကျန်မြစ်ဟုလည်းကောင်း၊ ဖုတ်ဆုကျန်မြစ်ဟုလည်းကောင်းခေါ်ပြီးလျှင် ရှမ်းတို့က နမ့်ခေါင်မြစ်ဟု ခေါ်သည်။
တိဗက်ဘာသာဖြင့်ဂျာမိုငိုချူမြစ်ဟူသည်မှာ တရုတ်နိုင်ငံ၏မြစ်ပြာ ဟုအဓိပ္ပါယ်ရလေသည်။ သံလွင်မြစ်သည် တိဗက်ပြည်ဘက်ပိုင်းတွင် ရေခဲ မသွားမီ ရေရောင်သည် အပြာရင့်ရောင်သန်း၍ နေတတ်သောကြောင့် ဖြစ်သည်။ နွေအခါ၌မူ ရွှံ့နှစ်ရောင်ဝါ၍နေလေသည်။ မြစ်အစပိုင်းဒေသတွင်အောင်းရိုင်းများ၊ ဝံပုလွေများ၊ တောဆိတ်များ ပေါများသဖြင့် ထင်ရှားသည်။
သံလွင်မြစ်ကိုတရုတ်တို့ကလူတို့အား အန္တရာယ်ဖြစ်စေသောမြစ်ဟုယူဆကြသည်။ သို့ရာတွင်တရု တ်ပိုင်နက်ဖြစ်သောလူကျန်ခေါ်ဟောင်ခိုနယ်သည်အောက်မြန်မာနိုင်ငံအပိုင်းမှလွဲ၍ သံလွင်မြစ်ဝှမ်း၏လူဦးရေအများဆုံးအပိုင်းဖြစ်သည်။ သံလွင်မြစ်သည်ရေစီးအလွန်သန်သည်။
မြစ်ညာပိုင်းတွင်မြစ်ကြောင်းအလွန်ကျဉ်း၍ ရှုခင်းလှသည်။ မြစ်ကမ်းနှစ်ဘက်သည်ကျောက်တောင်ထူထပ်၍ ကမ်းပါးစောက်သည်။ ထိုကြောင့်အပေါ်မှစီး၍ကြည့်မူ သံလွင်မြစ်သည် ကျောက်ဆောင်မှအက်ကြောင်းသဖွယ်ထင်ရသည်။ မြစ်ကြောင်းတစ်လျှောက် လုံး၏ထူးခြားသောအသွင်အပြင်မှာ ဘေးနှစ်ဘက်ကမ်းသည်ရေမျက်နှာပြင်ထက်ပေ ၃ဝဝဝ မှ ၆ဝဝဝ အထိမြင့်ရကား မြောင်းစောက်ကြီးနှင့် တူနေခြင်းပင်ဖြစ်သည်။ အောက်မြန်မာနိုင်ငံတွင်းသို့ရောက်သည့်အပိုင်းမှလွဲ၍ ကမ်းနှစ်ဘက်မြေပြန့်ဟူ၍ လုံးဝမတွေ့ရချေ။
နွေရာသီတွင်မြစ်ကမ်းများတွင်သဲများ၊ ရေစားကျောက်တုံးကြီးများ၊ ကျောက်ဆောင်များနှင့်ကျောက်စရစ်ခဲများအနှံ့အပြားတွေ့ရသည်။ မိုးရာသီကျရောက်သည့်အခါ ရေအလွန်ပြည့်လာရကား ဤကျောက်တုံးကျောက်ဆောင်များ မပေါ်တော့သည့်အပြင် ကမ်းစောက်ရှိသစ်ပင်များကိုပင် တိုက် စားသည်အထိ အရှိန်ပြင်းစွာစီးဆင်းလေသည်။ သံလွင်မြစ်၏ရေမျက်နှာပြင်သည် ရေများချိန်နှင့် ရေနည်းချိန်တွင် ပေ ၆ဝ မှ ရဝ အထိကွာခြားတတ်၍ အချို့ဒေသ၌ပေ ၉ဝ အထိကွာတတ်သည်။ ကျောက်တောင်များ၊ ကျောက်စောင်းများကြောင့် ရေဝဲများ၊ ရေတံခွန်များအလွန်ပေါများသဖြင့် နေရာအတော်များများ၌ ကူးသန်းသွားလာရေးအတွက် မလွယ်ကူချေ။ ရေအလွန်များသည့်မိုးတွင်းအခါ၌ ယင်းအန္တရာယ်များကင်းပျောက်သွားသော်လည်း ရေစီးအလွန်သန်လာသဖြင့် မြစ်ကိုဆန်၍လှေများမတက်နိုင်တော့ချေ။
ရေစီးနှေးသည့်အချို့နေရာတွင် တစ်နာရီလျှင်မိုင်ဝက်နှုန်းစီး၍ ရေဝဲများနေရာတွင် ရေစီးသန်သည့်အခါတစ်နာရီလျှင် ၁၁ ၁/၂ မိုင်နှုန်း (၁ဝနော့)ကျော်စီးသည်။ ရှားတောမြို့နှင့် ကျောက်ညှပ်မြို့ကြားရှိသံလွင်မြစ်ပိုင်းတွင်လှေကြီးများသွားလာနိုင်သော်လည်း ကျောက်ညှပ်မြို့နှင့် ယွန်းစလင်းမြစ်ဝအကြားတွင် ရေဝဲများပေါရုံမက ရေစီးအလွန်သန်၍ အန္တရာယ်အများ ဆုံး အဆိုးဆုံးအပိုင်းဖြစ်သည်။ ရှားတောမြို့နှင့် ကျောက်ညှပ်မြို့ကြားရှိသံလွင်မြစ်ပိုင်းတွင်လှေကြီးများသွားလာနိုင်သော်လည်း ကျောက်ညှပ်မြို့နှင့် ယွန်းစလင်းမြစ်ဝအကြားတွင် ရေဝဲများပေါရုံမက ရေစီးအလွန်သန်၍ အန္တရာယ်အများ ဆုံး အဆိုးဆုံးအပိုင်းဖြစ်သည်။ ယွန်းစလင်းမြစ်ဝမှ သံလွင်မြစ်ဝအထိ အပိုင်း၌မူ သင်္ဘောများအခက်အခဲမရှိသွားလာနိုင်ကြသည်။ သံလွင်မြစ်ကမ်းနှစ်ဘက်၌လည်းခရီးသွားလာရန် လမ်းအနည်းငယ်ရှိသော်လည်း မိုးအခါ၌ရေလွှမ်းသွားတတ်သဖြင့် ထိုလမ်းများမရှိတော့ချေ။
သံလွင်မြစ်သည် ဧရာဝတီမြစ်ထက်ရှည်သော်လည်း ဧရာဝတီမြစ်လောက်ကူးသန်းသွားလာရေးအတွက် အသုံးမကျဟုဆိုရပေမည်။ သို့ရာတွင်ယင်း၏အရှေ့ဘက်ရှိ မဲခေါင်မြစ်ကဲ့သို့ကား သစ်များမျှောရန်အသုံးဝင်လေသည်။ သောင်ရင်းမြစ်နှင့်ဆုံရာနေရာ၏အောက် မိုင် ၃ဝ ခန့်တွင် တည်ရှိသော ကယိုးတန်မြို့သည်ထင်ရှားသော သစ်ဆိပ်မြို့ ဖြစ်သည်။ မြစ်ရိုးတစ်လျှောက် သစ်တောများမှထွက်သည့် သစ်များကိုမော်လမြိုင်မြို့အထက် မိုင် ၆ဝ အကွာ နေရာလောက်အထိမျှောချကာ ထိုနေရာမှမော်လမြိုင်မြို့ အထိ သစ်ဖောင်များဖွဲ့၍ ပို့ပြီးနောက် မော်လမြိုင်မြို့မှတစ်ဆင့် နိုင်ငံခြားသို့သင်္ဘောကြီးများနှင့်တင်ပို့ကြရသည်။ သံလွင်မြစ်ကိုဖြတ်သန်းသွားလာရန် တရုတ်နိုင်ငံဘက်တွင် တံတားဖြတ်၍ ဆောက်ထားသော်လည်း မြန်မာနိုင်ငံဘက်တွင် ကူးတို့ဆိပ်များမှတစ်ပါး ရှေးယခင်ကတံတားဟူ၍မရှိခဲ့ချေ။ သို့ရာတွင် ၁၉၆၃ ခုနှစ်မှစ၍ တရုတ်ချေးငွေဖြင့်သံလွင်မြစ်ကိုဖြတ်ကာ တံတားနှစ်ခုဆောက်လုပ်ရန်အစီအစဉ် ရှိခဲ့သည်။ တစ်ခုမှာ တာကော်တံတားဖြစ်၍ တစ်ခုမှာ ကွမ်းလုံတံတားဖြစ်သည်။ မြန်မာနိုင်ငံဘက်တွင် စုစုပေါင်း ကူးတို့ဆိပ် ၈၈ ဆိပ်ရှိသည်။ ကူးတို့ဆိပ်ရွာများသည်အနည်းဆုံး အမြင့်ပေ ၁ဝဝဝ ရှိကုန်းပေါ်တွင်တည်ထားလေသည်။ သံလွင်မြစ်ပေါ်တွင် ယင်းကူးတို့ဆိပ်များမှအပအခြားမြို့ဟူ၍မရှိသလောက်ပင်ဖြစ်သည်။ ကူးတို့ဆိပ်တစ်ခုနှင့်တစ်ခုသည် မိုင်ပေါင်းများစွာ ကွာလှမ်းသည်။ ကူးတို့ဆိပ် ၈၈ ခုအနက်ထင်ရှားသော ကူးတို့ဆိပ်ခြောက်ခုရှိသည်။
ယင်းတို့မှာ
ကွမ်းလုံ
မန်းဆန်၊
တာကော်၊
တာဆင်း၊
တာတောမော်၊
တာဆင်းလေ ကူးတို့ဆိပ်တို့ဖြစ်ကြသည်။
၁-၅-၁။ ကွမ်းလုံကူးတို့ဆိပ်
ကွမ်းလုံကူးတို့ဆိပ် တရုတ်မြန်မာယဉ်ကျေးမှုလဲလှယ်ရေးတွင် ကျေးဇူးပြုခဲ့သောကူးတို့ဆိပ်ဖြစ်သည်။ နမ့်တင်းမြစ်နှင့်သံလွင်မြစ်ဆုံရာအနီး သံလွင်မြစ်၏ အနောက်ဘက်ကမ်းတွင်တည်ရှိသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်နယ်စပ်မှ ၁၅ မိုင်ဝေးသည်။ ယခုအခါ ထိုနေရာတွင်သံလွင်မြစ်ကိုဖြတ်ကျော်၍ ၁၉၆၅ ခုနှစ်ကဆောက်လုပ်ထားသော ၈၉၈ ပေရှည်ကြိုးတံတား ရှိသည်။
၁-၅-၂။ မန်းဆန်ကူးတို့ဆိပ်
မိုင်းလွန်းနယ်တွင်ရှိ၍ မြစ်ကိုဖြတ်ကူးရန် အလွယ်ဆုံးနေရာဖြစ်သည်။ ရေများသည့်အခါတွင် ကမ်းပါးသည် သဲများ၍ အတက်အဆင်း ကောင်းသည်။ သို့ရာတွင် အေး၍ခြောက်သွေ့သောရာသီတွင် ကမ်းပါးနှစ်ဘက်စလုံးသည် ကျောက်ဆောင်ထူထပ်နေလေသည်။ ဤနေရာ၌ သာမန်ခြောက်သွေ့သော ရာသီတွင် မြစ်သည် ကိုက် ၁ဝဝ ခန့်သာကျယ် ၍ အနည်း ဆုံး ၅၅ ပေနက်သည်။ အမြင့်ပေ ၁၅ဝဝ ရှိသည်။ ရေစီးသည် တစ်နာရီလျှင် လေးမိုင်ငါးမိုင်ခန့်စီးသည်။ တောင်သိန္နီနယ်၊ မိုင်းလွန်းနယ်နှင့် သံလွင်မြစ် အရှေ့ဘက်ကမ်းရှိ အခြားဒေသမှကုန်သည်များ အများဆုံးအသုံးပြုသည်။
၁-၅-၃။ တာကော်ကူးတို့ဆိပ်
လူသိအများဆုံးနှင့် အထင်ရှားဆုံးကူးတို့ဆိပ်ဖြစ်၍ တောင်ပိုင်းရှမ်းပြည်တွင် အသုံးအများဆုံးဖြစ်သည်။ ကျိုင်းတုံသို့သွားသော လမ်းမကြီးသည် ယင်းကူးတို့ဆိပ်ကို ဖြတ်၍သွားလေသည်။ ခြောက်သွေ့သောရာသီတွင်ထိုနေရာရှိမြစ်သည် ကိုက် ၂ဝဝ ကျယ်၍ ရေစီးမြန်သည်။ သို့ရာတွင်အမြင့်ပေ ၈ဝဝ တွင်တည်ရှိသည်။ တာကော်တွင်သံလွင်မြစ်ကိုဖြတ်လျက် ၁၉၆၈ ခုနှစ်တွင်ယာယီကြိုးတံတားတစ်ခုဆောက်လုပ်ခဲ့သည်။ ထိုတံတားသည် ရ၈ဝ ပေရှည်သည်။
၁-၅-၄။ တာဆင်းကူးတို့ဆိပ်
မိုင်းပန်နယ်တွင်ရှိ၍ မိုင်းပန်နှင့်မိုင်းတုန်နယ်၊ ဇင်းမယ်နယ်တို့ကိုဆက်သွယ်သော လမ်းပေါ်တွင်တည်ရှိသည်။ ဤနေရာတွင်မြစ်အကျယ်ပေ ၂ဝဝ ရှိသည်။ တဘက်တွင်နမ့်သီလီမြစ်ရှိ၍တဘက်တွင် နမ့်သာလာမြစ်ရှိသည်။ ယင်းမြစ်ဝများနှင့်တစ်မိုင်ခန့်သာ ဝေးသည်။ အမြင့်ပေ ၈ဝဝ ရှိသည်။
၁-၅-၅။ တာတောမော်ကူးတို့ဆိပ်
ကယားပြည်နယ်တွင်ရှိသည်။ ကယားပြည်နယ် ရှားတောမြစ်၏အရှေ့ဘက် မိုင် ၈ဝ ဝေးသည်။ မဲဟောင်ဆောင်းမြို့သို့သွားသောလမ်းပေါ်တွင်တည်ရှိ၍ ခြောက်သွေ့သောရာသီတွင်မြစ်သည် ဤနေရာ၌ ကိုက် ၂ဝဝ ကျယ်သည်။
၁-၅-၆။ တာဆင်းလေကူးတို့ဆိပ်
ကယားပြည်နယ်တွင်ရှိသည်။ အမြင့် ရ၅ဝ ပေရှိပြီးခြောက်သွေ့သောရာသီတွင်မြစ်သည် ဤနေရာ၌ကိုက် ၂၅ဝ ကျယ်သည်။ မိုင်းမော(ရွာသစ်)မှ မော်လမြိုင်သို့ ကျောက်ညှပ်မြို့မှတစ်ဆင့်သွားသော လှေလမ်း၊ ရှားတောမြို့သို့ မေပေမြို့မှတစ်ဆင့်သွားသောလှေလမ်းတို့ စရာဌာနဖြစ်သည်။ ရွာသစ်မှခွန်သွန်သို့သွားသောလမ်းသည် ဤကူးတို့ဆိပ်မှသံလွင်မြစ်ကိုဖြတ်၍ ဖောက်ထားလေသည်။ သံလွင်မြစ်တွင် တိဗက်ပြည်နှင့် ယူနန်နယ်ပိုင်း၌ မြစ်လက်တက်ဟူ၍ ရှိသည်ဟု တိကျစွာ မသိရှိရချေ။
မြန်မာနိုင်ငံ၌မူ မြစ်လက်တက်ပေါင်း ၂၈ ခုရှိသည်။ ယင်းတို့မှာ-
၁။ နမ့်ယုမြစ် နယ်စပ်နားမှစီးဝင်သည်။
၂။ နမ့်မွိုင်မြစ် သို့မဟုတ် နမ့်မွေ မိုင်းယမြို့မှ စီးဝင်လာသည်။
၃။ နမ့်နင်းမြစ် အတောက်ဘက်မှစီးဝင်၍ နမ္မတူမြစ်ဖျားနှင့် ယင်းမြစ်ဖျားကပ်လျက်ရှိသည်။
၄။ နမ့်တင်းမြစ် ရွန်နင်ဖူးမြို့ဘက်မှစီးဝင်လာ၍ ကွမ်းလုံးကူးတို့ဆိပ်နားမှ စီးဝင်သည်။
၅။ နမ့်ကြက်မြစ် ချောင်းငယ်သာသာ ဖြစ်သည်။
၆။ နမ့်မမြစ် ဝနယ်ဖက်မှနောင်ချိုတစ်ဝိုက်ကိုဖြတ်၍ စီးဝင်လာသည်။
၇။ နမ့်နန်းမြစ် ငက်လက်မှမြစ်ဖျားခံ စီးဝင်သည်။
၈။ နမ့်ကအိုမြစ် အနောက်မိုင်းလွန်းဒေသတွင် စီးဝင်သည်။
၉။ နမ့်ခမြစ် တိဗက်ပြည်လွန်လာသည်မှစ၍ ပထမဆုံးသောအကြီးဆုံးမြစ်လက်တက်ဖြစ်သည်။
၁၀။ ဟွေးလွန်မြစ် တာကော်ကူးတို့ဆိပ်၌ စီးဝင်သည်။
၁၁။ မန်းပန်မြစ် မြစ်လက်တက်ကြီးတစ်ခု ဖြစ်သည်။
၁၂။ နမ့်ဆင်မြစ် ကျိုင်းတုံမြို့အနီး မြစ်ဖျားခံသည်။
၁၃။ မဲဟင်းမြစ် မိုင်းဟန်မြို့ဘက်မှ စီးဝင်သည်။
၁၄။ နမ့်ပန်မြစ်မိုင်းပန်နယ်ကို ဖြတ်စီးသည်။
၁၅။ မဲချော့မြစ်ချောင်းငယ်သာဖြစ်သည်။
၁၆။ မဲဆကွန်မြစ် (နမ့်ဆကွန်မြစ်)
၁၇။ မဲဆယ်မြစ်ချောင်းငယ်သာဖြစ်သည်။
၁၈။ နမ့်တန်မြစ်မိုင်းကိုင်နယ်တောင်တန်းများတွင် မြစ်ဖျားခံပြီးနောက် လဲချား၊ မိုးနည်း၊ မောက်မယ်နယ်များကိုဖြတ်၍ စီးဆင်းသည်။
၁၉။ ဟွဲလောင်မြစ် ရှမ်းပြည်နယ်နှင့်ကယားပြည်နယ်
၂၀။ ဟွဲလန်းမြစ် စပ်နေရာမှ စီးဝင်သည်။
၂၁။ နမ်းမယ်ဗြဲ(မယ်ဗြဲ)မြစ် မဲဟောင်ဆောင်းနယ်ကိုဖြတ်၍ စီးဆင်းသည်။
၂၂။ ဆီပါအောမြစ် ကိုးကန့်နယ်မှ စီးဝင်လာသည်။
၂၃။နမ့်ပွန်မြစ် သို့မဟုတ် ပွန်ချောင်း ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်ကိုဖြတ်၍စီးသည်။ ယင်း၏မြစ်လက်တက်တစ်ခုဖြစ်သော နမ့်ဘီလူး(ဘီလူးချောင်း)သည်အင်းလေးကန်၌
မြစ်ဖျားခံသည်။
၂၄။ သောင်ရင်းမြစ် ယိုးဒယားနိုင်ငံတွင်မြစ်ဖျားခံ၍ ယိုးဒယားနှင့်မြန်မာနယ်နမိတ်အဖြစ် စီးဆင်းကာ အရှေ့တောင်ဘက်မှ စီးဝင်သည်။
၂၅။ ယွန်းစလင်းမြစ် အနောက်ဘက်မှ စီးဝင်သည်။
၂၆။ ဒုံသမိမြစ် အနောက်ဘက်မှ စီးဝင်သည်။
၂၇။ ဂျိုင်းမြစ် အရှေ့ဘက်မှ စီးဝင်သည်။
၂၈။ အတ္တရံမြစ် အရှေ့ဘက်မှ စီးဝင်သည်။
အထက်ပါမြစ်လက်တက်ကြီး ၂၈ ခုအနက် နမ့်ခ၊ နမ့်ပန်၊ နမ့်ဆင်၊ နမ့်တန်၊ နမ့်ပွန်၊ သောင်ရင်းနှင့် ယွန်းစလင်းစသောမြစ်များသည် အထင်ရှားဆုံးဖြစ်ကြသည်။ ရှမ်းပြည်နယ်အတွင်းစီးဆင်းသော မြစ်များသည် သံလွင်မြစ်ထဲသို့စီးဝင်သည်။
———————————-
၂။ ဧရာဝတီမြစ်
အရှည် ၁၃၇၃ -မိုင်
ဖြတ်သန်းရာ ဒေသ ကချင်ပြည်နယ်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း
မြစ်လက်တက်များ တာပိန်မြစ်၊ မြစ်ငယ်မြစ်၊ ရွှေလီမြစ်၊ မူးမြစ်၊ ချင်းတွင်းမြစ်၊
ရေဆင်းဧရိယာ ၁၅၈၇၀ဝ-စတုရန်းမိုင် (၄၁၁၀ဝဝ-စတုရန်း ကီလိုမီတာ)
အဆုံးသတ်စီးဝင်ရာ မုတ္တမပင်လယ်၊ ကပ္ပလီပင်လယ်၊
မြန်မာနိုင်ငံ၏ အသက်သွေးကြောဟု တင်စားခေါ်ဝေါ်ကြသော ဧရာဝတီမြစ်သည် တဖြည်းဖြည်း တိမ်ကောလာနေပြီဖြစ်သည်။[၁]
အင်္ဂလိပ်ဘာသာအားဖြင့် Irrawaddy သို့မဟုတ် Ayeyarwady ဟုခေါ်ဆိုသည့် ဧရာဝတီမြစ်သည် မြန်မာပြည်မြောက်ဖျားမှ တောင်ပိုင်းသို့ စီးဆင်းသော မြစ်ကြီးဖြစ်သည်။ ဧရာဝတီမြစ်သည် မြန်မာနိုင်ငံ၏ အကြီးဆုံး၊ အရှည်ဆုံးနှင့် အရေးအပါဆုံးသောမြစ်ကြီးလည်းဖြစ်သည်။ အင်န်မိုင်ခ(မေခ)နှင့် မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဖြစ်ပေါ်လာသော ဧရာဝတီမြစ်သည် အကြမ်းအားဖြင့် မြောက်မှတောင်သို့ အဖြောင့်နီးပါး သွယ်တန်းလျက်ရှိပြီး မြစ်ဝကျွန်းပေါ်ဒေသမှတဆင့် ကပ္ပလီပင်လယ်အတွင်းသို့ စီးဝင်သွားသည်။ ရေဆင်းဧရိယာ ၄၁၃,၀၀၀ စတုရန်းကီလိုမီတာရှိသည်။ အေဒီ (၆) ရာစုလောက်ကတည်းကပင် ကုန်စည်ကူးသန်းရေးအတွက် အသုံးပြုသောရေလမ်းတစ်ခုဖြစ်ခဲ့သည်။ ဗြိတိသျှကိုလိုနီခေတ်တွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများ တည်ဆောက်ပြီး စိုက်ပျိုးရေးအတွက် အကျိုးရှိအောင် ပြုလုပ်ခဲ့သည်။ ယနေ့ခေတ်တွင်လည်း အသက်တမျှ အရေးပါနေဆဲ ဖြစ်သည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ဆန်စပါးစိုက်ပျိုးရေးတွင် နာမည်ကြီးသောဒေသ ဖြစ်သည်။ ဧရာဝတီမြစ်၏ အထူးခြားဆုံးသော အရာမှာ မြစ်ညာဘက်ပိုင်းတွင် ဧရာဝတီလင်းပိုင်းများ ကျက်စားနေထိုင်ခြင်း ဖြစ်သည်။ ယခုအခါ ရှားပါးသတ္တဝါဖြစ်သော ဧရာဝတီလင်းပိုင်ကို စောင့်ရှောက်ထိန်းသိမ်းရန် နှိုးဆော်လျက်ရှိသည်။
မာတိကာ
၁ အမည်ခေါ်တွင်လာပုံ
၂ နာမည်တူမြစ်
၂.၁ မြစ်ဆုံ
၂.၂ ပထမမြစ်ကျဉ်း
၂.၃ ဒုတိယမြစ်ကျဉ်း
၂.၄ တတိယမြစ်ကျဉ်း
၂.၅ မြေလတ်ဒေသ
၂.၆ ဧရာဝတီယဉ်ကျေးမှု
၂.၇ မြစ်ဝကျွန်းပေါ်
၃ ပထဝီဝင်အနေအထား
၃.၁ မြစ်ညာပိုင်း
၄ ဧရာဝတီမြစ်
၅ အထက် ဧရာဝတီ
၆ အောက်ဧရာဝတီ
၇ မြစ်ဝကျွန်းပေါ်
၈ မြစ်လက်တက်များ
၉ မြစ်လက်တက်များ
၉.၁ တာပိန်မြစ်
၉.၂ ရွှေလီမြစ်
၉.၃ မြစ်ငယ်မြစ် (ဒုဌဝတီမြစ်)
၉.၄ မူးမြစ်
၉.၅ ချင်းတွင်းမြစ်
၁၀ စီးပွားရေးနှင့်နိုင်ငံရေး
၁၁ ဆည်တမံများ
၁၁.၁ ကချင်ပြည်နယ်
၁၁.၂ ရှမ်းပြည်နယ်
၁၁.၃ စစ်ကိုင်းတိုင်း
၁၂ ယနေ့ခေတ် လေ့လာတွေ့ရှိချက်
၁၃ မြစ်ကမ်းဘေးရှိမြို့ကြီးများ
၁၄ တံတားကြီးများ
၁၅ ဓာတ်ပုံများ
၁၆ ပြင်ပလင့်ခ်များ
၁၇ ကိုးကား
အမည်ခေါ်တွင်လာပုံ
ဧရာဝတီနှင့် ယင်း၏မြစ်လက်တက်များ
ဧရာဝတီ ဟူသောအမည်မှာ သင်္သကရိုက်ဘာသာမှ ဆင်းသက်လာသည်ဟု ယူဆရပြီး အဓိပ္ပါယ်မှာ ဆင်မြစ်ဖြစ်သည်။
နာမည်တူမြစ်
လွန်ခဲ့သော နှစ်ပေါင်းများစွာက “ဧရာဝတီ” ဟု ခေါ်ဆိုသော မြစ်နှစ်ခု ရှိခဲ့ပါသည်။ တစ်ခုက ပါရူရှနီ (Parushani) ခေါ် ဧရာဝတီ (Iravati) မြစ် ဖြစ်ပါသည်။ ယင်းမြစ်သည် ယခုအခါ အိန္ဒိယနိုင်ငံတွင် မြစ်ဖျားခံပြီး ပါကစ္စတန်နိုင်ငံထဲသို့ စီးဝင် ပါသည်။ ထိုမြစ်ကို ရှေးယခင်က ဧရာဝတီဟု ခေါ်ကြပါသည်။ ယခုအခါ ထိုမြစ်၏ ပတ်ဝန်းကျင်တွင် နေထိုင်သူတို့၏ ဘာသာတရား ကိုးကွယ်မှုအရ “ရာဝီ” (Ravi)ဟု ခေါ်ကြပါသည်။
မြစ်ဆုံ
မိုင်ပေါင်း (၁၃၀၀) ကျော် ရှည်လျားသော ဧရာဝတီမြစ်ကြောင်းသည် ကချင်ပြည်နယ်အစွန်ရှိ နှင်းဖုံးတောင်များမှ မေခနှင့် မေလိခဟူသော မြစ်နှစ်သွယ်ဖြင့် မြစ်ဖျားခံအစပြုကာ တောင်ဘက်သို့ စီးဆင်းလာခဲ့ရာမြစ်ကြီးနားမြို့ အထက် နှစ်ဆယ့်ရှစ်မိုင်ခန့် အရောက်တွင် ပေါင်းဆုံမိကြလေသည်။ မြစ်ဆုံသည် ဧရာဝတီမြစ်၏ အစပင် ဖြစ်တော့သည်။ မြစ်ဆုံဒေသသည် ကျောက်စရစ်ခဲများ ပေါများပြီး အေးစိမ့်လှ၏။ မြစ်ဆုံရေသည်လည်း အေးစိမ့်နေပေသည်။ မြစ်ဆုံရေသည် တိမ်လည်းတိမ် ကြည်လည်းကြည်လင်နေရကား ရေထဲသို့ ငုံ့ကြည့်လိုက်လျှင် ငါးကြီးငါးငယ်တို့ သွားလာကူးခတ်နေသည်ကို မြင်ရပေသည်။
ဧရာဝတီမြစ်သည် မြစ်ကြီးနားတစ်ဝိုက် အရောက်တွင် ကိုက်ငါးရာမျှ ကျယ်ပြန့်ပေသည်။ ဤနေရာတွင် ကမ်းပါးသည် အတော်မတ်စောက်ပြီး ကမ်းပါးပေါ်တွင် သစ်တော၊ ကိုင်းတောများ စိမ်းစိမ်းစိုစို ပေါက်ရောက်နေသည်။ မြစ်ကြီးနားမှ အစုန်ခရီး ၄၈-မိုင်အကွာ တာဟိုးနားရွာ အနီးတွင် ကျောက်စိမ်းနှင့် ပယင်းထွက်ရာ အနောက်ဘက် မိုးကောင်းတောင်စဉ် တောင်တန်းမှ တသွင်သွင်စီးဆင်း၍ ဧရာဝတီမြစ်နှင့် လာရောက် ပေါင်းဆုံသော မိုးကောင်းချောင်းကလေးကို တွေ့ရပြန်သည်။ ထိုမှစုန်သော် မြစ်သည် အကောက်အကွေ့ ပိုမိုများလာ၏။ မန်ဖွာရွာအနီး ကျောက်တောင်ကြီးများသည် မြစ်လည်တွင် ပေါ်နေသည်။ ဝဲဇလုပ်များကလည်း အသီးသီးဖြစ်ပေါ်နေ၏။
ပထမမြစ်ကျဉ်း
ဆင်ဘိုရွာကို လွန်မိပြီ ဆိုသည်နှင့် ရေစီးသန်လာလေတော့သည်။ မြင်သာရွာအလွန်တွင် မြစ်ကြောင်းကလည်း ပိုမိုကျဉ်းမြောင်း လာလေသည်။ မြစ်ကြောင်းကျဉ်းမြောင်းလာလေလေ ရေများသည် စုစုလာလေလေဖြစ်သည်။ ကမ်းနှစ်ဘက် အကွာအဝေးသည် ကိုက် (၅၀) ခန့်သာရှိတော့သည်။ အပေါ်မှ တရကြမ်း ထိုးဆင်းလာသော ရေသည် ရှေ့၌ ကာဆီးလျှက်ရှိသော ကျောက်တောင်ကြီးများကို အဟုန်ပြင်းစွာဖြင့်တိုက်ခိုက်ရာ ရေမှုန်ရေမွှားများ တဖွားဖွား ပြန့်စင်နေ၏။ ပွတ်တိုက်နေသည့် တဝေါဝေါ မည်သံများကိုလည်း အဝေးမှပင် ကြားနေရပါသည်။ ကမ်းတစ်ဘက် တစ်ချက်ရှိ ကျောက်တောင်နံရံများကလည်း ဇွတ်အတင်း ထိုးဆင်း နေသော မြစ်ရေလုံးကို ဟိုမှာဆီး၊ သည်မှတား နေသည့်နှယ် ရှိလေသည်။ တစ်ခါတစ်ရံ အရှေ့တည့်တည့်တွင် တောင်ကြီး ကာစီးနေသည်ကို မြင်လိုက်ရပြီး မြစ်ကြောင်း လုံးဝပျောက်သွားသကဲ့သို့ ထင်ရသည်။ စုန်ဆင်းလာသော သင်္ဘောများသည် တောင်ကို ဆောင့်မည့်ဆဲဆဲ ရှိနေရာမှ လင်္ကျာဘက် ကသော်၎င်း၊ လက်ဝဲဘက်ကသော်၎င်း ရေကြောင်းလမ်းကလေး ပေါ်လာ၍ ယင်းဘက်သို့ ဆက်ကနဲလှည့်ကာ ချိုးကွေ့လိုက်ရပြန်သည်။ အနောက်ဘက်ကမ်းရှိ မြစေတီရွာကိုလွန်သော် မြစ်ကျဉ်းသည် တစ်ဖြည်းဖြည်း ပြန်လည်ကျယ်ပြန့်လာလေသည်။ ဤသည်မှာ ၃၃-မိုင်ခန့် ရှည်လျားသော ပထမမြစ်ကျဉ်း၏ အဆုံးပင် ဖြစ်တော့သည်။
ထိုမှစုန်သော် ဗန်းမော်သို့၊ ဗန်းမော်အနီးသို့ ဧရာဝတီမြစ်ရောက်သောအခါ မြေနုချိုင့်ဝှမ်းကို ဖြတ်သန်းလေတော့သည်။ မြစ်ပြင်သည်လည်း နှစ်မိုင်နီးပါး ကျယ်ပြန့်နေလေသည်။ ဗန်းမော်မြို့အထက်နားလေးတွင်လည်း အရှေ့ဘက် ယူနန်ကုန်းပြင်မြင့်မှ စီးဆင်းလာသော တာပိန်မြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်လေသည်။
ဒုတိယမြစ်ကျဉ်း
ဗန်းမော်မှအစုန် ၁၈-မိုင်ခန့်ဝေးသော စင်းကန်းရွာ အလွန်တွင် ဒုတိယမြစ်ကျဉ်း စပါတော့သည်။ မြစ်ကြောင်းမှာလည်း အရှေ့မှ အနောက်သို့ စီးဆင်းနေ၏။ စင်းကန်းရွာမှ ရွှေဂူမြို့ အထက်နားရှိ အင်္ဘောဝင်းရွာအထိ ဒုတိယမြစ်ကျဉ်း နေရာဖြစ်လေသည်။ ဆယ့်လေးမိုင်ခန့် ရှည်၍ ပျှမ်းမျှ ကိုက် ၁၅၀ သာ ကျယ်ပေသည်။ မြစ်ကြောင်းသည် တောင်မြင့်ကမ်းပါးကြားတွင် စီးရ၏။ ရွှေဂူမြို့ အနားရောက်လျှင် မြစ်လယ်ရှိ သောင်ကျွန်းကို၎င်း၊ သောင်ကျွန်းပြည့်တည်ထားသော ဘုရားစေတီများကို၎င်း တွေ့မြင်ရပြန်သည်။ မြစ်ကြောင်းကလည်း အနောက်ဘက်သို့ ဆက်လက်စီးနေသည်။ ထိုမှစုန်သော် အနောက်ဘက်ကမ်းပေါ်ရှိ ကသာမြို့သို့ ရောက်သည်။
ကသာမြို့အောက်နားတွင် အရှေ့ဘက်မှ ရွှေလီမြစ်သည် ဧရာဝတီမြစ်ထဲသို့ စီးဝင်ပြန်သည်။ သစ်ဖောင်ဝါးဖောင်များ မျှောချလာသည်ကို မြင်ရပြန်လေသည်။ ကသာကိုလွန်သော် ဧရာဝတီသည် တောင်ဘက်သို့ ကွေ့ဆင်းလေသည်။ ကသာမြို့မှ ထီးချိုင့်၊ ၎င်းမှ မဇ္ဈိမဒေသ သကျသာကီဝင်မင်းများ လာရောက် နန်းစိုက်ခဲ့ဖူးသည် ဆိုသော တကောင်းမြို့ဟောင်း၊ တကောင်းမှသည် မိုင်လေးဆယ် ခန့်ဝေးသော မလည်ရွာသို့ ရောက်လေသည်။
တတိယမြစ်ကျဉ်း
မလည်ရွာအလွန်တွင် တတိယမြစ်ကျဉ်း စပါတော့သည်။ မလည်ရွာအောက်တွင် တောင်တန်းနိမ့်များမှာ ကမ်းစပ်နှင့်ပို၍ နီးလာသည်ကို တွေ့ရသည်။ အရှေ့ဘက်ကမ်းတွင်လည်း မိုးကုတ်တောင်တန်း မှိုင်းမှိုင်းညို့ညို့ကို တွေ့မြင်ရသည်။ အရှေ့ဘက်ကမ်းပေါ်ရှိ သပိတ်ကျင်းမြို့သည် မိုးကုတ်မြို့၏ ဆိပ်ကမ်းမြို့လည်းဖြစ်လေသည်။ သပိတ်ကျင်းမြို့မှ လွန်သော် သီဟတောရွာနှင့် ဘုရား၊ သုံးဆယ့်ရှစ်မိုင် ခန့်ရှိသော တတိယ မြစ်ကျဉ်းသည် မလည်ရွာမှစ၍ ကျောက်မြောင်းမြို့အနီး၌ ဆုံးလေသည်။
မြေလတ်ဒေသ
ကျောက်မြောင်းသည် အနောက်ဘက် ရွှေဘို၏ ဆိပ်ကမ်းဖြစ်ပြီး ကျောက်မြောင်းအလွန်တွင် မြစ်ပြင်သည် ပြန်လည် ကျယ်ပြန့် လာသည်။ ကျောက်မြောင်း၊ ရွှေဘိုဒေသ ရှုခင်းသည် ခြောက်သွေ့၏။ သစ်ပင်ချုံနွယ်များ ကျဲလာပြီး၊ တောင်များ ညိုပုပ်ပုပ်အရောင် ပြောင်းလာသည်။ မြစ်ကြောင်းကား မြေပြန့်လွင်ပြင်ကို ဖြတ်သန်းစီးဆင်း၍ မြစ်ပြင်ကျယ်လာသည်ကား မှန်၏။ သို့ရာတွင် စည်းသောင် တိမ်သောင် များလွန်း၍ ရေကြောင်းမှာ ရေမွှာ ရေခွဲများဖြင့် ကွဲသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီ လင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိမြစ်အပိုင်းအတွင်း တွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။ ကျောက်မြောင်းမှ ရှိမ်းမကား၊ ထိုမှတဖန် မင်းကွန်းကို ဖြတ်သည်။ မင်းကွန်းပုထိုးတော်ကြီး ကို အဝေးမှပင် ဖူးတွေ့နိုင်ပေသည်။ မင်းကွန်းမှသည် မန္တလေးမြို့၊ ဂေါဝန်ဆိပ်သို့ ရောက်သည်။
ဤတွင် မန္တလေးနှင့် တဆက်တည်းရှိသော အမရပူရမြို့အစွန် တောင်ပူစာနှစ်ခု ထိပ်၌ရှိသော ရွှေကြက်ယက်စေတီ၊ ရွှေကြက်ကျစေတီ နှစ်ဆူကို ဧရာဝတီမြစ်ပေါ်မှ ဖူးတွေ့ရပြန်သည်။ အမရပူရမြို့၏ အရှေ့တောင်ဘက်ကို လှမ်းကြည့်ပြန်သော် သပြေတန်း ခံတပ်ဟောင်း၊ ထို့နောက် ဧရာဝတီမြစ်ထဲသို့ စီးဝင်နေသော မြစ်ငယ်မြစ်နှင့် ယင်းမြစ်၏ တစ်ဘက်ကမ်းတွင်ကား အင်းဝမြို့ဟောင်းကို တွေ့မြင်ရလေသည်။ အနောက်ဘက်တွင်ကား စစ်ကိုင်းမြို့ ၊ အမရပူရနှင့် စစ်ကိုင်းကြားတွင် အင်းဝတံတား က ကူးဆက်ထားပြန်သည်။ စစ်ကိုင်းမြို့၏ အနောက်ဘက်တွင်မူ မှိုင်းမှိုင်းညို့ညို့နှင့် စစ်ကိုင်းတောင်ရိုး၊ နေရာအကွက်ကလည်း ကျလှပေ၏။ အနောက်ဘက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင်၊ အရှေ့ဘက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီဖြူဖြူ အလည်တွင် မြစ်ရေဖွေးဖွေး မြင်ရသည်မှာ ကြည်နူးစရာ အလှအပ ရှုခင်းပါပေတည်း။
စစ်ကိုင်းအလွန်တွင် မြစ်ကြောင်းသည် အနောက်ဘက်သို့ ကွေ့ဝင်သွားသည်။ မကြာမီ ရွာသစ်ကြီးကို ဖြတ်သန်းရသည်။ ၎င်းနောက် မြင်းမူ၊ ဆီမီးခုံ၊ နဂါးပေါက်၊ ရန္တပို စသောရွာများကို ဖြတ်သန်းလာခဲ့ရပြန်သည်။ ထို့နောက် မြစ်ကြောင်းသည် တောင်ဘက်သို့ ပြောင်း၍ စုန်ဆင်းပြန်၏။ မန္တလေးမှ မိုင်ရှစ်ဆယ် ဝေးသောမြင်းခြံမြို့၊ မြင်းခြံဆိပ်ကမ်းကို သင်္ဘောကပ်၍ မရပါ။ ဆိပ်ကမ်းဝတွင် ဧရာမ သောင်ပြင်ကြီးက ထီးထီးချည်း ခံနေလေသည်။ ထို့နောက် မြင်းခြံအောက် အနောက်ဘက် ကမ်းရှိ ပခုက္ကူမြို့ကို ဆိုက်ရောက်ပေသည်။
ဧရာဝတီယဉ်ကျေးမှု
ပခုက္ကူမြို့သည် အလုံ၊ မုံရွာဘက်မှ စီးဆင်းလာသော ချင်းတွင်းမြစ် နှင့် ဧရာဝတီမြစ် ပေါင်းဆုံရာ အောက်နားတွင် တည်ရှိပြီး၊ အနောက်ဘက်တွင် ယောချောင်း၊ ချင်းတို့၏ ဒေသနှင့်လည်း အဆက်အသွယ် များလေသည်။ ပခုက္ကူမှ စုန်ဆင်းလာခဲ့ရာ အနောက်ဘက်ကမ်းတွင် မြစ်ခြေ၊ ကျွန်းချောင်း ဓာတ်မြေဩဇာစက်ရုံ တည်ရှိသည်။ ပခုက္ကူမှ ၂၅-မိုင်ခန့် အကွာတွင် တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ ၊ ဟင်္သာမောင်နှံများ၊ ရေဘဲများ၊ ဝေသာလီဗျိုင်းများ ပျော်မြူးနေကြသော သောင်ပြင်ကျယ်ကြီးကို တွေ့ရလေသည်။ ညာဘက်တွင် တန့်ကြည့်တောင်တန်း၊ ဘယ်ဘက်တွင် ညောင်ဦးမြို့ နတ်သမီးကမ်းပါးစောက်တို့သည် မြင်ကွင်းတွင် တဖြည်းဖြည်း ပေါ်လာလေသည်။ ညောင်ဦးမြို့သည် ပုဂံမြို့ဟောင်း၏ ဆိပ်ကမ်းမြို့ဖြစ်သည်။ ပုဂံမှာ သောင်ထွန်း၍ လှေသင်္ဘောများ မကပ်နိုင်ပေ။ ဧရာဝတီမြစ်ကြီး တစ်လျှောက်တွင် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ မြင်စိုင်း၊ စစ်ကိုင်း၊ အင်းဝ စတဲ့ မြန်မာ့သမိုင်းကြီးတွင် ပေါ်ထွန်းခဲ့ပြီး မြန်မာ့ယဉ်ကျေးမှုတွေ ထွန်းကားလာခဲ့သည်။ စဉ်စစ် မြန်မာ့သမိုင်း၊ မြန်မာ့ယဉ်ကျေးမှုဆိုသည် ဧရာဝတီသမိုင်း၊ ဧရာဝတီယဉ်ကျေးမှုပင် ဖြစ်တော့သည်။
ပုဂံမှသည် မြေဆီမှ ရွှေရည်ထွက်ရာ ရေနံမြေကို ဖြတ်ကျော်လျှက် မြစ်၏ အနောက်ဘက်တွင် ရေနံချပ်နှင့် လမ်းရွာ၊ အရှေ့ဘက်တွင် စဉ့်ကူးနှင့် ချောက်၊ ချောက်မှသည် မိုင် ၄၀-ခန့်ဝေးသော ရေနံချောင်းမြို့၊ ဤနေရာတစ်လျှောက် မြစ်ကြောင်းသည် ဖြောင့်လိုက်၊ ကောက်လိုက် ရှိလေသည်။ မတ်စောက်သော ကမ်းပါးများ၏ ကုန်းပေါ်တွင် မျှော်စင်တွေနှင့် ရေနံတွင်းများ၊ စက်ရုံများကို တွေ့ရလေသည်။ ချောက်မှ သုံးမိုင်အကွာ စလေမြို့၊ စလေမှ ၁၅-မိုင်ဝေးသော ဆင်ဖြူကျွန်းမြို့ကို ဖြတ်ကျော်သည်။ ဆင်ဖြူကျွန်း တစ်ဝိုက်တွင် မြစ်သည် တံစုန်းများ ပေါများသည်။ (တံစုန်းများဆိုသည်မှာ ရေမြုပ်သစ်ပင်၊ သစ်တုံးနှင့် ရေပေါ်ရေမျော သစ်တုံးများကို ဆိုလိုသည်။)
ဆင်ဖြူကျွန်းမှ တစ်ဖန် ရေနံချောင်းအောက်ဘက် ၂၅-မိုင်ခန့် ကွာဝေးသော အနောက်ဘက်ကမ်းရှိ မင်းဘူးမြို့၊ မင်းဘူးမြို့သည် မုန်းချောင်း၊ မန်းချောင်းတို့မှ မြောင်းသွယ်ထားသဖြင့် စိုက်ပျိုးရေး ထွန်းကားသော ဒေသဖြစ်လေသည်။ မင်းဘူးနှင့် ဓားလွယ်ခုတ် မြစ်ကမ်းပါး စောက်ပေါ်တွင် မကွေးမြို့၏ ကျက်သရေဆောင် ရွှေတဝင်းဝင်းနှင့် မြသလွန်ဘုရားကို ဖူးမြင်ရပြန်သည်။ ထိုမှတဆင့် အရှေ့ဘက် မြစ်ကြောင်းကွေ့သည့်အတိုင်း စုန်ဆင်းလာရာ အနောက်ဘက် ရခိုင်ရိုးမမှ ဖြာထွက်သော တောင်စွယ်သည်၎င်း၊ အရှေ့ဘက် ပဲခူးရိုးမမှ ဖြာထွက်လာသော တောင်စွယ်သည်၎င်း ကမ်းပါးအထိ ရောက်လာသည်ကို တွေ့မြင်ရပြန်သည်။ ထိုမှလွန်သော် အနောက်ဘက်ကမ်းရှိ မင်းလှမြို့နှင့် မလွန်၊ ထိုမှ အရှေ့ဘက်ကမ်းရှိ ဆင်ပေါင်ဝဲမြို့၊ မြေထဲမြို့ များကို ဖြတ်လာခဲ့ရသည်။ မြေထဲအောက် အနောက်ဘက်ကမ်းရှိ သရက်မြို့၊ ညောင်ပင်ဆိပ်၊ ကံမမြို့တို့ကို လွန်သော် ဖိုးဦးတောင်ကို၎င်း၊ အရှေ့ဘက်ကမ်းတွင် ပြည်မြို့ကို၎င်း ချဉ်းကပ်လာပြန်သည်။
မြစ်ဝကျွန်းပေါ်
ပြည်မှ တစ်ဖန် ခွာလေရာ ထုံးဘိုရွာအနီးတွင် မြစ်ကမ်းပါးအရောက် ထိုးထွက်နေသော ကျောက်နံရံကျယ်ကြီးကို တွေ့မြင်ရပြန်သည်။ ယင်းကို အကောက်တောင်ဟု ခေါ်သည်။ ထိုအကောက်တောင် နံရံများတွင် ဘုရားဆင်းတု ပုံတော် အမျိုးမျိုးကို ကြည်ညိုစရာ ထွင်းထုထားသည်ကို မြစ်ထဲမှ ကောင်းစွာဖူးမျှော် တွေ့မြင်နိုင်ပေသည်။ ပြည်မြို့အောက် မိုင်၅၀-ခန့်ရှိ မြန်အောင်ကို ဖြတ်သည်နှင့် မိုးကောင်း၍ စိမ်းစိုသော မြစ်ဝကျွန်းပေါ် အစကို တွေ့မြင်နိုင်သည်။
ဧရာဝတီမြစ်သည် ရေစီးနှင့်အတူ နုံးမြေများကို သယ်ဆောင်ရာက တဖြည်းဖြည်း ပို့လာပြီး မြစ်ဝကျွန်းပေါ် မြေနုကျွန်းများ ဖြစ်ပေါ်လာခဲ့ရလေသည်။ မြစ်အကြေတွင် ဧရာဝတီမြစ်သည် မြစ်လက်တက် ၉ ခုဖြင့် အက်ဒမန်ပင်လယ် (မုတ္တမပင်လယ်) ထဲသို့ စီးဆင်းပေါင်းဝင်သွားသည်။ ထိုအခါ ဧရာဝတီမြစ်သည် မြန်အောင်မြို့ အောက်နားမှစ၍ ပုသိမ်မြစ်၊ ရွေးမြစ်၊ ဧရာဝတီမြစ်မကြီး၊ ဖျာပုံမြစ် စသည်ဖြင့် မြစ်ငယ်များ ချောင်းများ ခွဲ၍ခွဲ၍ မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။
ဧရာဝတီမြစ်မကြီးအတိုင်း ကြံခင်း၊ ဟင်္သာတ၊ ဓနုဖြူ၊ ညောင်တုန်းမြို့များကို ဖြတ်ကျော်ပြီး ညောင်တုန်းမြို့ အောက်ဘက်တွင် ဧရာဝတီမြစ်မကြီးသည် မြစ်ငယ်၊ ချောင်းတိုများ ထပ်မံဖြာထွက်ပြန်သည်။ ညောင်တုန်းမြို့မှ တစ်ဆင့် ဧရာဝတီမြစ်မကြီးမှ ခွဲထွက်ကာ ပန်းလှိုင်၊ လှိုင်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာခဲ့ရာ ရွှေတိဂုံစေတီတော်ကြီးကို လှမ်း၍ ဖူးမျှော်ရပြီး ရန်ကုန်မြို့သို့ ရောက်ရှိလေတော့သည်။ ရန်ကုန်၏ တစ်ဖက်ကမ်းတွင် ဒလ၊ တွံတေးမြို့ များရှိပြီး ရန်ကုန်ကို ကျော်လျှင် သန်လျင်မြို့ ကိုတွေ့ရပြီး ဧရာဝတီမြစ်သည် မုတ္တမပင်လယ်ထဲသို့ စီးဝင်လေသည်။ [၂]
မြစ်အောက်ပိုင်းဖြစ်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသသည် ကျယ်ဝန်း၍ မြေဆီမြေနှစ်ပြည့်ဝသော မြေပြန့်လွင်ပြင်တခု ဖြစ်ပြီး၊ အလျား (၂၉ဝ) ကီလိုမီတာနှင့် အနံ (၂၄ဝ) ကီလိုမီတာ ရှိသည်။ မြစ်ဝကျွန်းပေါ်ဒေသ အောက်ပိုင်းသည် လမု ရွှံ့ညွံတောနှင့် ဒီရေရောက် မြစ်ဝဒေသဖြစ်ပြီး၊ ထိခိုက်လွယ်သော နူးညံ့သိမ်မွေ့သော ဂေဟစနစ်တခုလည်း ဖြစ်သည်။ မြစ်ဝကျွန်းပေါ်ဒေသသည် လူဦးရေ (၃) သန်းကျော်မှီတင်းနေထိုင်ရာဖြစ်ပြီး၊ မြန်မာနိုင်ငံ ဆန်စပါးအထွက်၏ (၆ဝ) ရာခိုင် နှုန်းနီးပါးကို ဤဒေသကထုတ်လုပ် ဖြည့်ဆည်းပေးနေသည်။ ပုဂ္ဂလိကပိုင် ပုဇွန်မွေးလုပ်ငန်းများ စည်းကမ်းမဲ့လုပ်ကိုင်နေကြမှုနှင့် သစ်တောပြုန်းတီးမှုများကြောင့် သဘာဝပတ်ဝန်းကျင်များ ပျက်စီး ဆုံးရှုံးနေကြရပြီး၊ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်များ ရန်ပုံငွေအဖွဲ့ (World Wildlife Fund) က ဧရာဝတီ ရေချို ရွှံ့ညွံတောများရှိ ဂေဟစနစ်အတွင်း နေထိုင်နေကြသော တောရိုင်းတိရစ္ဆာန်များအဖို့ အနာဂတ်ရှင်သန် နိုင်ရေး သည် “အထူးစိုးရိမ်ဖွယ် အခြေအနေဆိုးရွားနေကြောင်း” ဖော်ပြခဲ့ပါသည်။ [၃]
ပထဝီဝင်အနေအထား
ဧရာဝတီမြစ်သည်မြောက်မှတောင်သို့ စီးဆင်းပြီး မြန်မာပြည်အရှေ၌ခြမ်းနှင့်အနောက်ခြမ်းကို အလယ်မှ ပိုင်းခြားထားသည်။ ကပ္ပလီပင်လယ်အတွင်းသို့ မြစ်ခွဲ (၉) ခုဖြင့် စီးဝင်သည်။
ကမ်းရိုးတစ်လျှောက်ရှိ တွေ့ရသော လုမုတောစနစ်
မြစ်ညာပိုင်း
မြန်မာပြည်မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ မေခ(အင်န်မိုင်ခ)မြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံရာမှ ဧရာဝတီမြစ်ဖြစ်ပေါ်လာသည်။ မေခနှင့်မလိခမြစ်နှစ်သွယ်လုံးသည် မြောက်လတ္တီကျု (၂၈) ဒီဂရီဝန်းကျင်ရှိ ဟိမဝန္တာ ရေခဲတောင်တန်းများတွင် မြစ်ဖျားခံသည်။ မြစ်နှစ်သွယ်အနက် အရှေ့ဘက်ခြမ်းမှမြစ်ဖြစ်သော မေခမြစ်သည် ပူတာအိုမြို့ မြောက်ဘက်ရှိ လန်ဂွဲလာ ရေခဲတောင်တွင် မြစ်ဖျားခံသည်။ ရေစီးအလွန်ကြမ်းသောကြောင့် မေခမြစ်ကိုရေကြောင်းသွားလာရေးအတွက် အသုံးပြု၍မရပေ။ အနောက်ဘက်ခြမ်းရှိ မလိခမြစ်ကိုမူ ရေကြောင်းသွားလာရေးအတွက် အသုံးပြု၍ ရနိုင်သည်။ မြစ်ဆုံမှ တောင်ဘက် မိုင်(၁၅၀)၊ ကီလိုမီတာ (၂၄၀)အကွာရှိ ဗန်းမော်မြို့အထိသာ လှေ၊သင်္ဘောများ ရာသီမရွေးသွားလာနိုင်သည်။ ကချင်ပြည်နယ်၏မြို့တော်ဖြစ်သော မြစ်ကြီးနားမြို့သည် မြစ်ဆုံမှတောင်ဘက် မိုင် (၃၀)၊ ကီလိုမီတာ (၄၈) အကွာတွင်တည်ရှိသည်။
ဧရာဝတီမြစ်
မြန်မာနိုင်ငံ၏ အသက်သွေးကြောကြီးသဖွယ်တည်ရှိနေသော ဧရာဝတီမြစ်သည် မြန်မာနိုင်ငံအလယ်တည့်တည့်ကိုဖြတ်၍ မြောက်ဘက်မှတောင်ဘက်သို့စီးဆင်းသည်။ ဧရာဝတီမြစ်ဟူ၍ စတင်ဖြစ်ပေါ်သည့် လွန်ခဲ့သောနှစ်ပေါင်း ၄၅ သန်းခန့်ကတည်းကပင် ယင်းသည် မြန်မာနိုင်ငံ စည်ပင်ဖွံ့ဖြိုးမှုနှင့် အထူးဆက်စပ်နေသော မြစ်ကြီးဖြစ်လေသည်။
ဧရာဝတီဟူသော အမည်သည် ဟိန္ဒီစကား ဣရဝတီ မှလာ၍ ဆင်မြစ် ဟု အဓိပ္ပာယ်ရသည်ဟု အချို့ကယူဆကြသည်။ သို့ရာတွင် သင်္သကရိုက်စကား ပရုပဏီ (ဧရာဝတီ) မှဆင်းသက်လာသော အမည်ဖြစ်သည်ဟူသော အယူအဆက ပိုမိုနီးစပ်သည်ဟု ဆိုကြသည်။ အဓိပ္ပာယ်မှာ အားသစ် ဖြည့်သူ သို့မဟုတ် မြစ် ဟုဖြစ်သည်။ အိန္ဒိယနိုင်ငံ ပန်ဂျပ်နယ်ရှိ မြစ်ငါးစင်းအဝင်အပါ ရာဗီ (ရာဝိ) မြစ်၏ ရှေးအခေါ်သည်လည်း ဧရာဝတီပင်ဖြစ်သည်။
ဧရာဝတီမြစ်သည် အရှေ့တောင်အာရှဒေသရှိ အခြား မြစ်ကြီးများနှင့်မတူဘဲ တမူထူးခြားသည်မှာ မြန်မာနိုင်ငံထဲ၌ ပင် မြစ်ဖျားခံ၍ မြန်မာနိုင်ငံကိုသာ ဖြတ်စီးကာ မြန်မာ့ ပင်လယ်ကမ်းခြေမှပင် ပင်လယ်ထဲသို့စီးဝင်ခဲ့သော မြန်မာမြစ် စစ်စစ် ဖြစ်ခြင်းပင်ဖြစ်သည်။ ရှေးအခါက ဧရာဝတီမြစ်သည် တိဗက်နိုင်ငံ၌ မြစ်ဖျားခံသည်ဟု ယူဆခဲ့ကြသော်လည်း ယခုမူ မြန်မာမြစ်စစ်စစ်ဖြစ်ကြောင်း တိကျစွာ ပြောဆိုနိုင်ကြပေပြီ။ ယင်းသည် မိုင်ပေါင်း ၁၃၅ဝ ရှည်၍ မြန်မာနိုင်ငံ မြောက်ဘက် တောင်ကုန်းဒေသ၊ မြန်မာနိုင်ငံ အလယ်ပိုင်း မိုးခေါင်ရေရှားဒေသ၊ မြန်မာနိုင်ငံအောက်ပိုင်း မြေနုကျွန်းပေါ်ဒေသတို့ကို ဖြတ်သန်း၍ စီးဆင်းလေသည်။
ဧရာဝတီမြစ်သည် မေခနှင့် မလိခမြစ်နှစ်သွယ် ပေါင်း ဆုံရာမှစသည်။ မြစ်ကြီးနားမြို့မြောက်ဘက် ၂၆ မိုင်အကွာ မြောက်လတ္တီတွတ် ၂၅ ံ ၄၅ဒ တွင် မေခနှင့် မလိခမြစ်တို့ ပေါင်းဆုံမိ၍ ဧရာဝတီမြစ် ဖြစ်ပေါ်လာသည်။ မလိခဟူသောအမည်သည် ဂျိန်းဖောစကားဖြစ်၍ မြစ်ကြီးဟု အဓိပ္ပာယ်ရ သည်။ ခရီးသွားလာရန် အသုံးပြုလွယ်သည်ကိုစွဲ၍ ခေါ်ဟန်တူသည်။ သို့ရာတွင် အကျယ်အဝန်းအားဖြင့်မူ မေခမြစ်ထက် ကျဉ်းသည်။ မေခမြစ်သည် ၁၆၅ ကိုက်ကျယ်၍ မလိခမြစ်သည်ကိုက် ၁၅ဝ ကျယ်သည်။ မေခမြစ်ကို ထိုဒေသတွင် ဂျိန်းဖော ဘာသာဖြင့် အင်မိုင်ခဟု ခေါ်ကြသည်။ အဓိပ္ပာယ်မှာ မြစ်ဆိုး ဖြစ်သည်။ မေခမြစ်၏ မြစ်ဖျားပိုင်းကို ဒေသအလိုက် လူမျိုးစုများက မလောင်ဝမ်း၊ အဒွန်းဝမ်း၊ နမ့်တမိုင် စသည် ဖြင့် ခေါ်ကြသည်။ အရှေ့ဘက်မှ စီးဆင်းလာသော တရုံမြစ်နှင့်ပေါင်းဆုံသည့် နေရာမှစ၍ အောက်ပိုင်းကို မေခ၊ အထက်ပိုင်းကို နမ့်တမိုင် စသည်ဖြင့်ခေါ်သည်။ နမ့်တမိုင်မြစ်သည်လည်း စိန့်ခူးဝမ်းနှင့် အဒွန်းဝမ်းမြစ်တို့ ပေါင်းဆုံရာမှ ဖြစ်ပေါ်လာ၍ ခန္တီးရှမ်းလူမျိုးတို့က ခေါ်သောအမည် ဖြစ်သည်။ မေခမြစ်သည် ဧရာဝတီမြစ်၏ မူလအစဟု ပထဝီပညာရှင်များက ယူဆကြသည့်အလျောက် အရှေ့ဧရာဝတီမြစ်ဟုလည်း ခေါ်ဝေါ်ကြသည်။
မေခမြစ်သည် ပူတာအိုမြို့၏ မြောက်ဘက် မြောက်လတ္တီတွဒ် ၂ရံ ၂၄ဒ နေရာရှိ နှင်းဖုံးသည့် တီလာတောင်ကြီး၌ ဖြစ်ပေါ် နေသော လန်ဂွေလာရေခဲမြစ်မှ မြစ်ဖျားခံသည်။ စူးစမ်းရှာဖွေသူ ကင်းဒမ်ဝဒ်က ၁၉၂၄ ခုနှစ်တွင် ထုတ်ဖော်ပြောဆိုချက်အရဆိုမူ ယင်းမြစ်အဖျားပိုင်း၏ ရေဆင်းဧရိယာသည် စတုရန်းမိုင် ၄၅ဝ ခန့်ရှိ၍၊ ပေ ၁၅,ဝဝဝ ကျော် မြင့်ကြောင်းသိရသည်။ ပေ ၁၅,၅၅ဝ အမြင့်တွင် နှင်းခဲရကား ဆောင်းအခါမှစ၍ ခဲနေသောနှင်းသည် ထိုဒေသ၌ ပေ ၆၅ဝဝ အထိဆင်းလာ၍ ဧပြီ၊ မေလ များအထိ မြေပေါ်တွင်ရှိနေတတ်သည်။
ဧရာဝတီမြစ်ကို သုံးပိုင်း ပိုင်းနိုင်သည်။ အထက်ဧရာဝတီ· ရှေးအကျဆုံးအပိုင်း၊ အောက်ဧရာဝတီ· တတိယကပ်အစအထိမပေါ်သေး သောအပိုင်း၊ မြစ်ဝကျွန်းပေါ်· နောက်ဆုံးပေါ်သည့်အပိုင်း၊
အထက် ဧရာဝတီ
အထက်ဧရာဝတီသည် မေခနှင့် မလိခမြစ်တို့ပေါင်းဆုံကာ ဧရာဝတီမြစ်ဟူ၍ ဖြစ်ပေါ်လာသည့်နေရာမှစ၍ ချင်းတွင်း မြစ်လက်တက် စီးဝင်သည့် နေရာအထိဖြစ်သည်။ ဧရာဝတီမြစ်သည် မြစ်ဆုံမှ တောင်ဘက်သို့တောင်ကုန်းများအကြားမှလည်းကောင်း၊ မြေပြန့်များကိုလည်းကောင်း ဖြတ်သန်းစီးဆင်း လာရာအချို့နေရာ၌ မိုင်ဝက်ကျော်ကျော်ပင် ကျယ်ဝန်း၍ အချို့နေရာ၌ အလွန်ကျဉ်းသွားရာ ယင်းသို့ ကျဉ်းသည့်အပိုင်းကို မြစ်ကျဉ်းဟုခေါ်သည်။ ကျောက်တောင်ကြီး နှစ်ခုအကြား ကျဉ်းမြောင်းစွာ စီးဆင်းရသည့်အခါ မြစ်ကျဉ်းဖြစ်၍ ကိုက် ၅ဝ၊ ၆ဝ ခန့်သာ ကျယ်ဝန်းတော့သည်။
မြစ်ကြီးနားမြို့မှ ၅၅ မိုင် ဝေးသော ဆင်ဘိုမြို့အလွန်မှစ၍ ဗန်းမော်မြို့အထိ ဧရာဝတီမြစ်သည် ကျောက်တောင်အကြား စီးဆင်းရရာ ယင်းသည် ပထမမြစ်ကျဉ်းဖြစ်သည်။ ပထမမြစ်ကျဉ်းသည်ဆင်ဘိုမြို့ အလွန် သုံးမိုင်ကွာရှိ မြင်သာရွာမှ စတင်၍ ဗန်းမော်မြို့အနီးရှိ မြစေတီရွာအထိဖြစ်ရာ အလျား ၃၆ မိုင် ရှိလေသည်။ တစ်ဘက်တစ်ချက်ရှိ ကျောက်ဆောင် ကျောက်ကမ်းပါးများသည် ပေ ၆ဝ ခန့်သာ မြင့်သော်လည်း ပတ်ဝန်းကျင် မလှမ်းမကမ်း၌မူ ပေ ၃ဝဝ ကျော်မြင့်သော တောင်ကြီးများရှိသည်။ ဆင်ဘိုမြို့တွင် ဧရာဝတီမြစ်သည် မိုင်ဝက်ခန့်ကျယ်ဝန်းသော
၂-၁။ ဧရာဝတီ လင်းပိုင်
ဧရာဝတီ လင်းပိုင်သည် ကမ္ဘာပေါ်ရှိ ရေချိုဒေသတွင် ကျက်စားနေထိုင်သမျှ လင်းပိုင်များ အားလုံးကို ဧရာဝတီ လင်းပိုင်ဟု ခေါ်တွင်လေသည်။ ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင်များ ကျက်စားနေထိုင်လေ့ရှိသော နေရာများမှာ ဗန်းမော်မြို့နှင့် မန္တလေးမြို့အကြားရှိ မြစ်အပိုင်းအတွင်းတွင် ဖြန့်ကြက်သွားလာ ပေါက်ဖွား ရှင်သန်လျက်ရှိသည်။ ဧရာဝတီ လင်းပိုင်သည် ရေနေနို့တိုက် သတ္တဝါတစ်မျိုးဖြစ်သည်။ ဧရာဝတီ လင်းပိုင်သည် အရှေ့တောင် အာရှ၏ ထင်ရှားသော ပြယုဂ် တစ်ခု ဖြစ်သည်။
ဧရာဝတီ လင်းပိုင်များကို ဧရာဝတီမြစ်ထဲတွင် စတင်တွေ့ရှိခဲ့၍ တကမ္ဘာလုံးမှာရှိသော ရေချိုလင်းပိုင် အားလုံးကို စတွေ့သည့်သူက ဧရာဝတီ လင်းပိုင်ဟု ခေါ်ဆိုခဲ့တာဖြစ်သည်။ မြန်မာနိုင်ငံမှာတွေ့သော ငါးမျိုးစိတ်အသစ်တစ်ခု အနေနှင့် ကမ္ဘာတွင် မှတ်တမ်းပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ဧရာဝတီမြစ်ထဲတွင် မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနနှင့် World life conservation မှ ထိန်းသိမ်းထားသော အကောင် ၇၀ လောက်ရှိနေသည်။ မင်းကွန်း၊ မန္တလေးမြောက်ဘက်ရှိ မြင်ဇွန်းဆိုသော ရွာကလေးနားမှာ ရှေးနှစ်ပေါင်းများစွာက သူတို့၏ ဘိုး၊ ဘွား လက်ထက်ကတည်းက လင်းပိုင်များ၏ အကူအညီနှင့် ပူးပေါင်းပြီး ငါးဖမ်းလာခဲ့ကြသည်။
လင်းပိုင်များသည် တံငါသည်လှေများကို သိ၏။ သစ်သားချောင်းလေးနှင့် လှေကို ခေါက်လိုက်လျှင် လင်းပိုင်များသည် အနားကို ကပ်လာကြသည်။ ဧရာဝတီမြစ်ထဲတွင် လွတ်လွတ်လပ်လပ် သွားနေသော လင်းပိုင်များသည် တံငါသည်များနှင့် ပူးပေါင်းပြီး ငါးဖမ်းပေးလေ့ရှိကြသည်။ လင်းပိုင်များသည် ငါးရှိသော နေရာများကို သွား၍ အမြီးလေးနှင့် အချက်ပြလိုက်တာနှင့် တံငါးသည်များက ကွန်ပစ်၍ ငါးဖမ်းကြသည်။ [၂]
ဧရာဝတီ လင်းပိုင်များ ထိန်းသိမ်းရေးနားလည်မှု စာချွန်လွှာ (MOU)တစ်ရပ်ကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလဆန်းတွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS)တို့ လက်မှတ်ရေးထိုးခဲ့ကာ ဧရာဝတီလင်းပိုင်များကျက်စားရာ မတ္တရာမြို့နယ် မြေစွန်းကျေးရွာ၌ အသိပညာပေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ အတွင်း၌ မင်းကွန်းနှင့် ကျောက်မြောင်းမြို့အကြား ၇၂ ကီလိုမီတာကို ဧရာဝတီလင်းပိုင် ထိန်းသိမ်းဧရိယာအဖြစ် သတ်မှတ်ခဲ့သည်။ ထို့အတူ ဧရာဝတီမြစ်အတွင်းရှိ ဧရာဝတီ လင်းပိုင်များ မြစ်အတွင်းဖြန့်ကျက် နေထိုင်မှုကို အပြည့်အဝသိရှိနိုင်ရန် ၂၀၀၂-ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများက ပထမဆုံးအကြိမ် လေ့လာမှုပြုလုပ်ခဲ့ရာ ဗန်းမော်နှင့် မင်းကွန်းကြား၌ လင်းပိုင် (၃၇) ကောင် တွေ့ခဲ့ကြောင်း၊ မှတ်တမ်းပြုနိုင်ခဲ့ပြီး ၂၀၀၃-ခုနှစ်၊ ဒီဇင်ဘာလတွင် မန္တလေးနှင့် ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်း အတိုင်း အစုန်အဆန် လေ့လာမှုများ ပြုလုပ်ခဲ့ရာ လင်းပိုင် (၅၉) ကောင်၊ ၂၀၀၄-ခုနှစ်၊ ဒီဇင်ဘာလတွင် (၇၂) ကောင်ရှိကြောင်း မှတ်တမ်းများအရ သိရသည်။
မန္တလေးမြို့အနီးတွင် ဧရာဝတီမြစ်အတွင်း၌ ရှားပါးမျိုးတုန်းတော့မည် ဖြစ်သော ဧရာဝတီလင်းပိုင်များ မှီတင်းနေထိုင်နေကြပါသည်။ Orcaella brevirostris ဟု သိပ္ပံအမည်ပေးထားသော လင်းပိုင်များသည် ကမ္ဘာပေါ်တွင် ၄-မျိုးသာ ကျန်ရှိတော့သည့် ရေချိုလင်းပိုင်ငါးများအနက်မှ ရှားပါးမျိုးနွယ်ဝင် ဖြစ်ပါသည်။ သို့သော်လည်း လွန်ခဲ့သည့် ရာစုနှစ်အတွင်း ဧရာဝတီမြစ်အတွင်း နေထိုင်ကြသည့် ရေချိုလင်းပိုင်ငါး အရေအတွက် ၆၀% အထိ လျော့ကျသွားခဲ့ပါသည်။ ယခုအချိန်တွင် ရရှိနိုင် သမျှသော အကောင်းဆုံး ခန့်မှန်းထားသည့် ဧရာဝတီလင်းပိုင်ငါး အရေအတွက်မှာ ၅၉ ကောင်သာ ဖြစ်ပါသည်။
ဤလင်းပိုင်ငါးများသည် ၂ မီတာမှ ၂.၇၅ မီတာအထိ အလျားရှိကြပြီး၊ အပြာနက်မှောင်အရောင်နှင့် မီးခိုးရောင်အရင့် အရောင်ရှိကြပါသည်။ ဤလင်းပိုင်ငါးများသည် လူများနှင့် ရင်းနှီးစွာ ပေါင်းသင်း၍ ပူးပေါင်းဆက်ဆံမှု ရှိကြပြီး၊ ဤအချက် မှာ လူနှင့် တိရစ္ဆာန်များ ဆက်ဆံရေးအတွက် လေ့လာမှုပြုရန် အထူးအခွင့်ကောင်း ဖြစ်ပါသည်။ ငါးများ ရွှေ့ပြောင်းသွားလာမှု ပုံစံပြောင်းလာခြင်း၊ ရေ အရည်အသွေးကျဆင်းလာခြင်း၊ မြစ်ကြောင်းရေစီးများ ပြောင်းလဲခြင်းကြောင့် ၎င်းရေသတ္တဝါများ အရေအတွက်လည်း ကျဆင်းလာနေပါသည်။ ဧရာဝတီမြစ်၊ မေခ၊ မေလိခ မြစ်များတွင် ဆည်များ တည်ဆောက်မည်ဆို ပါက မူလကတည်းက ရှားပါးမျိုးနွယ်ဝင်ဖြစ်နေသော ဧရာဝတီလင်းပိုင်ငါး များ ရှားပါးပျောက်ကွယ်စေရန် ခြိမ်းခြောက်မှုကြီး ဖြစ်နေစေပါသည်။
ထိန်းသိမ်းရေး ကင်းလှည့်အစီအစဉ်
ကမ္ဘောဒီးယားနိုင်ငံ အပိုင်း မဲခေါင်မြစ်အတွင်း တွေ့ရှိရသော ဧရာဝတီ လင်းပိုင်
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက် ထိန်းသိမ်းရေးအဖွဲ့ (WCS) တို့ ပူး ပေါင်းဆောင်ရွက်သည့် ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေး ကင်းလှည့်အစီအစဉ် ၂၀၀၉-၁ဝ ခုနှစ် ကို စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အကြား ဧရာဝတီမြစ် အစိတ်အပိုင်း၊ မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြား ၇၄ ကီလိုမီတာအကွာအဝေး၊ ဧရာဝတီလင်းပိုင်ထိန်းသိမ်း စောင့်ရှောက်ရေးနယ်မြေ၌ စက်တင်ဘာ၌ ပြန်လည်စတင်နေပြီဖြစ်သည်။
ဇူလိုင်နှင့် ဩဂုတ်လတွင် ခရီးစဉ်၌ အသုံးပြုသော လှေ၊ မော်တော်များ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း၊ ခရီးစဉ် အတွက် ကြိုတင်ပြင်ဆင်ခြင်းစသည် တို့ကို ပြုလုပ်ကြပြီး အဆိုပါအစီအစဉ်ကို နှစ်စဉ် စက်တင်ဘာလမှ ဇွန်လ အထိ တစ်လလျှင်နှစ်ကြိမ်၊ တစ်ကြိမ်လျှင် တစ်ပတ်ခန့် ထိန်းသိမ်းရေးနယ်မြေတွင် လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြခြင်းဖြစ်သည်။
ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေး ပညာပေးကင်းလှည့်အစီအစဉ်၌ ထိန်း သိမ်းရေးနယ်မြေအတွင်းရှိ ကျေးရွာ များတွင် ဧရာဝတီလင်းပိုင်နှင့် ပတ်သက်သော ပညာပေးလုပ်ငန်းများ၊ ပတ်ဝန်းကျင် ထိန်းသိန်းရေးလုပ်ငန်း များ၊ ငါးလုပ်ငန်းဦးစီးဌာနမှချမှတ် ထားသော မူဝါဒများအကောင်အထည် ဖော်ခြင်းလုပ်ငန်းများ၊ ငါး သုတေသန လုပ်ငန်းများ၊ တရားမဝင် ငါးဖမ်းနည်း များဖြစ်သည့် ရှော့တိုက်ခြင်း၊ မိုင်းခွဲ ခြင်း၊ အဆိပ်ချခြင်းများကို နေ့ညကင်းလှည့်ခြင်း၊ ဧရာဝတီလင်းပိုင် သဘာဝလေ့လာခြင်း စသည်တို့ကို ဆောင်ရွက်ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် သဘာဝလေ့လာ ခြင်း (Behavior Budget) တွင် အစာရှာခြင်း (Feeding) ၊ ခရီးသွား ခြင်း (Traveling)၊ အနားယူခြင်း (Resting)၊ ပေါင်းသင်းဆက်ဆံခြင်း (Socializing) တို့ပါဝင်ပြီး ဧရာဝတီ လင်းပိုင်အုပ်နှင့် မီတာ ၅ဝ အကွာ အဝေးရှိ လေ့လာရေးမော်တော်ပေါ်မှ နေ၍နှစ်နာရီခန့် တောက်လျှောက် ကြည့်ရှုလေ့လာ မှတ်တမ်းတင်ကြခြင်း ဖြစ်သည်။
မန္တလေး-ဗန်းမော် ကြားတွင် ဧရာဝတီလင်းပိုင် ၇၂ ကောင်ခန့်ရှိပြီး ထိန်းသိမ်းရေးနယ်မြေ၌ လင်းပိုင် ၁၆ မှ ၁၈ ကောင်ခန့်ရှိရာ မန္တလေး-ဗန်းမော် ကြားရှိ လင်းပိုင်အရေအတွက်၏ ၂၄ ရာခိုင်နှုန်းခန့်ဖြစ်သည်။
၂၀၀၂ ခုနှစ်မှစတင်၍ ဧရာဝတီ လင်းပိုင်နှင့် ပတ်သက်သော လေ့လာမှု များကိုစတင်ခဲ့ပြီး မင်းကွန်းနှင့် ကျောက်မြောင်းမြို့ ကြားဒေသတွင် လင်းပိုင် ၂၄ ရာခိုင်နှုန်းခန့်ရှိခြင်း၊ လူနှင့်လင်းပိုင် ပူးပေါင်း၍ ငါးဖမ်း သည့် ဓလေ့စရိုက်ရှိခြင်းတို့ကြောင့် ထိန်းသိမ်းရေးနယ်မြေအဖြစ် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် သတ် မှတ်ခဲ့သည်။
မြန်မာနိုင်ငံဂုဏ်ဆောင် ရေနေ နို့ တိုက်သတ္တဝါဖြစ်သည့် ဧရာဝတီလင်း ပိုင်များထိန်းသိမ်းခြင်းနှင့် သုတေသန လုပ်ငန်းများကို ဖော်ဆောင်နိုင်ရန်၊ ဧရာဝတီလင်းပိုင်နှင့် ရေလုပ်သားတို့ အကျိုးတူ ပူးပေါင်း ငါးဖမ်း သည့် ရိုးရာ အလေ့အထကို ဆက်လက်ထိန်းသိမ်း ရန်၊ ဧရာဝတီလင်းပိုင်နှင့် ငါးမျိုးပြုန်း တီးမှုကို ဖြစ်ပေါ် စေသော တရားမဝင် ငါးဖမ်းဆီးခြင်းများ (လျှပ်စစ်ရှော့တိုက်ခြင်း၊ မိုင်းခွဲခြင်း၊ အဆိပ်ချခြင်း) နှင့် မြစ် ချောင်းများအတွင်း ရွှေတူးဖော်မှု များ ပပျောက်စေရန် ဧရာဝတီလင်းပိုင် မျိုးမသုဉ်းစေရေးအတွက် ပြည်သူ များက ဝိုင်းဝန်းပူးပေါင်း ကာကွယ်လာစေရန် စသည့် ရည်ရွယ်ချက်များဖြင့် ထိန်းသိမ်းရေး နယ်မြေကို သတ်မှတ်ခဲ့ ခြင်းဖြစ်သည်။
ထိန်းသိမ်းရေး နယ်မြေဖြစ်သည့် မင်းကွန်းနှင့် ကျောက်မြောင်းမြို့ အကြားသို့ မန္တလေးမြို့မှ စက်တပ် ရေယာဉ်ဖြင့် ဆန်တက်၍လည်းကောင်း၊ မန္တလေးမြို့မှ စဉ့်ကူးသို့ ကားဖြင့် သွားရောက်ပြီး စက်တပ်ရေ ယာဉ်ဖြင့် စုန်ဆင်း၍လည်းကောင်း သွားရောက် လေ့လာနိုင်သည်။
မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာရှိ သော ဧရာဝတီလင်းပိုင်နှင့် လက်ပစ်ကွန် ရေလုပ်သားတို့ ပူးပေါင်း ငါးဖမ်းဆီးသည့် သဘာဝဓလေ့စရိုက် နှင့် ဧရာဝတီလင်းပိုင်များကို နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက် ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေသတ်မှတ်ပြီး နယ်မြေအတွင်း၌ ထိန်းသိမ်းရေးပညာပေး ကင်းလှည့် အစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်း၊ ဧရာဝတီလင်းပိုင်များ ကျက်စားသည့် မန္တလေး-ဗန်းမော် ကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ၌ တစ်နှစ်တစ်ကြိမ် ကင်းလှည့်စစ်ဆေးခြင်းဖြင့် ဧရာဝတီ လင်းပိုင်များ နေထိုင် ကျက်စားသည့် နယ်မြေဧရိယာများ တိုးပွားလာခြင်း၊ လင်းပိုင်များအပေါ် ကျရောက်နေသည့် အန္တရာယ်များ လျော့ကျခြင်း၊ လင်းပိုင်များ၏ အုပ်စု ပမာဏတိုးပွားလာခြင်း၊ လင်းပိုင်နှင့် အတူငါးဖမ်းဆီးကြသည့် လက်ပစ်ကွန် ရေလုပ်သားများ ငါးဖမ်းဆီးနိုင်သည့် နယ်မြေ ဧရိယာကျယ်ဝန်း လာပြီး ရေလုပ်သားဦးရေ တိုးပွားလာခြင်း၊ လင်းပိုင်နှင့်အတူ ငါးဖမ်းဆီးသည့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ခြင်း၊ ဒေသ တွင်းရှိပြည်သူ လူထုထိန်းသိမ်းစောင့် ရှောက်မှုဆိုင်ရာ အသိပညာများ တိုးပွားလာပြီး လုပ်ငန်းများ တွင် ပူးပေါင်း ပါဝင်လာခြင်း၊ လင်းပိုင်နှင့် ငါးဖမ်းဆီး သည့် လုပ်ငန်းများကို ကမ္ဘာလှည့် ခရီးသည်များ လာရောက်ကြည့် ရှုကြ သဖြင့် ဧရိယာနယ်မြေအခွန်အခများ ရရှိခြင်း၊ ရေလုပ်သားများနှင့် ဒေသခံ ကျေးရွာများ ဖွံ့ဖြိုးစည်ပင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည်။
ဧရာဝတီလင်းပိုင်များကို မြန်မာနိုင်ငံတွင် ဧရာဝတီမြစ်ကြောင်း၊ ရခိုင် ကမ်းမြောင်ဒေသ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် မြိတ်ကျွန်းစုတို့တွင် တွေ့ရသည်။
ကမ္ဘာတွင် ဩစတြေးလျတိုက် မြောက်ပိုင်း၊ နယူးဂီနီ၊ ဖိလစ်ပိုင်နိုင်ငံ၊ ဘင်္ဂလားပင်လယ်အော်၊ အိန္ဒိယအရှေ့မြောက်ဒေသ၊ ဂင်္ဂါမြစ်၊ အင်ဒိုနီးရှားနိုင်ငံ မဟာခမ်မြစ်၊ ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ဗြဟ္မပုတ္တရမြစ်၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့ရှိ မဲခေါင်မြစ်ကြောင်း တစ်လျှောက်တို့ တွင်လည်း တွေ့ရသည်။ [၃]
ဧရာဝတီလင်းပိုင်တို့ကို တောင်အာရှနှင့် အရှေ့တောင်အာရှတို့၏ ကမ်းရိုးတန်းဒေသများတွင်၎င်း၊ မြစ်ကြီး (၃) စင်းဖြစ်သော မဲခေါင်မြစ်၊ မြန်မာနိုင်ငံရှိ ဧရာဝတီမြစ်နှင့်၊ အင်ဒိုနီးရှားနိုင်ငံ၊ ဘော်နီယိုကျွန်းရှိ မဟာခမ်မြစ်တို့တွင်၎င်း တွေ့နိုင်ပါသည်။
ကိုးကား
Orcaella brevirostris (Owen in Gray, 1866)။ ITIS Report Taxonomic Serial No.: 180471။ Integrated Taxonomic Information System။ 2008-12-27 တွင် ပြန်စစ်ပြီး။
လွင်မိုးခရီးသွားနေသည်မှ ကောက်နှုတ်သည်။
မြန်မာတိုင်း (အတွဲ ၂၂၊ အမှတ် ၄၃၂ (၁၈. ၉.၀၉)
တာပိန်မြစ်
အရှည်
ဖြတ်သန်းရာဒေသ Flag of the People’s Republic of China.svg တရုတ်နိုင်ငံ(ယူနန်ပြည်နယ်)
Flag of Myanmar.png မြန်မာနိုင်ငံ(ကချင်ပြည်နယ်)
မြစ်လက်တက်များ
အဆုံးသတ်စီးဝင်ရာ ဧရာဝတီမြစ်
တာပိန်မြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်တွင် စတင်မြစ်ဖျားခံစီးဆင်းလာပြီး မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်တွင်းသို့ စီးဝင်လာကာ ဗန်းမော်မြို့အနီးတွင် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။ ဧရာဝတီမြစ်၏ ပထမဆုံးမြစ်လက်တက်လည်းဖြစ်သည်။ အချို့အပိုင်းများသည် တရုတ်-မြန်မာ နယ်နိမိတ်အဖြစ် စီးဆင်းသည်။
အမည်များ
တာပိန်မြစ်၏ ကချင်အမည်မှာ တခေါခ ဖြစ်ပြီး၊တရုတ်အမည်မှာ တယင်းချန်း ဖြစ်သည်။
ရေအားလျှပ်စစ်ထုတ်လုပ်ရေး
ရေအားလျှပ်စစ်အတွက် တာပိန်မြစ်၏ တရုတ်နိုင်ငံဘက်ခြမ်းတွင် ဆည်မြောင်းတစ်ခုရှိပြီး မြန်မာအစိုးရနှင့် တရုတ်ဒါတန်းကော်ပိုရေးရှင်း တို့ပူးပေါင်းတည်ဆောက်လျှက်ရှိသည့် တာပိန်(၁) နှင့် တာပိန်(၂) စီမံကိန်းများလည်းရှိပါသည်။
သမိုင်းထဲက တာပိန်မြစ်
ပုဂံခေတ်နှောင်းပိုင်းတွင် မွန်ဂိုတို့၏ ကျူးကျော်မှုကို တွန်းလှန်ရန် ပုဂံမင်းနရသီဟပတေ့(တရုတ်ပြေးမင်း)၏ တပ်များသည် တာပိန်မြစ်မှ တဆင့် ကချင်ပြည်နယ်၊ဗန်းမော်အနီးရှိ ငဆောင်ချမ်းသို့ လာရောက်ခဲ့ကြကြောင်း မာကိုပိုလို၏ မှတ်တမ်းများအရသိရှိရသည်။
ထို့ပြင် သမိုင်းတစ်လျှောက် တရုတ်-မြန်မာကုန်သွယ်ရေးတွင်လည်း တာပိန်မြစ်သည် အရေးပါခဲ့သည်။တာပိန်မြစ်နှင့် ဧရာဝတီမြစ်တို့ ပေါင်းဆုံရာနေရာတွင် တည်ရှိသည့် ဗန်းမော်မြို့သည်လည်း တစ်ချိန်က ကူးသန်းရောင်းဝယ်ရေးအချက်အချာလည်းဖြစ်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ လီဒိုလမ်းမကြီးကို တည်ဆောက်ရာတွင် တာပိန်မြစ်ကူးတံတားကိုပါ ထည့်သွင်းတည်ဆောက်ခဲ့ကြောင်း မှတ်တမ်းများအရသိရှိရသည်။
ဝီကီပီးဒီးယား
ရွှေလီမြစ်
ရွှေလီမြစ်ကို ရှမ်းပြည်နယ်တွင်နမ့်မောင်း၊ တရုတ်နိုင်ငံတွင် ၏ ရွေ့လိကျန်း (瑞丽江)(Rui Li Jiang)ဟုခေါ်ကြသည်။ မြစ်၏အစပိုင်းနေရာအချို့သည် တရုတ်-မြန်မာနယ်နိမိတ်မျဉ်းအဖြစ် စီးဆင်းသည်။[၁] တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ ကုန်းမြင့်ဒေသများတွင် စတင်မြစ်ဖျားခံကာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နှင့် စစ်ကိုင်းတိုင်း တို့ကိုဖြတ်သန်း၍ တကောင်းမြို့မြောက်ဘက် ကီလိုမီတာ ၆၀ ခန့်အကွာ၊ ကသာမြို့အနီးရှိ အင်းရွာတွင် နိုင်ငံ၏ အကြီးဆုံးမြစ်ဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သည်။
သမိုင်းထဲက ရွှေလီမြစ်
ရွှေလီမြစ်သည် တိုင်အနွယ်များဟုလည်းခေါ်သည့် မြန်မာနိုင်ငံတွင်းရှိ ရှမ်းလူမျိုးများ နှင့် ကြီးမားသော ဆက်နွယ်မှုရှိသည်။ မောဝ်ရှမ်းတို့သည် ပုဂံခေတ်ဦးတည်းကပင် ရွှေလီမြစ်မှတစ်ဆင့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းဒေသများကို ထိုးဖောက်ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ပုဂံမှ အနော်ရထာမင်း၏ ဟန့်တားမှုကြောင့် မူလနေရာများသို့ ပြန်လည်ရောက်ရှိသွားခဲ့ကြသည်။[၂] သို့သော် ပုဂံခေတ်မကုန်ဆုံးမှီကပင် ရှမ်းတို့၏ ဩဇာအင်အားမှာ တစတစကြီးထွားလာကာ ပုဂံခေတ်ကုန်ဆုံးပြီးနောက်တွင် ပေါ်ထွန်းလာသည့် ပင်းယ-စစ်ကိုင်းခေတ်များ ပျက်သုဉ်းရခြင်းမှာ မောဝ်ရှမ်းများ၏ တိုက်ခိုက်မှုကြောင့်ဖြစ်ကြောင်း သမိုင်းများတွင် မှတ်တမ်းတင်ခဲ့သည်။
တောင်ငူ-ဟံသာဝတီခေတ်တွင် ဘုရင့်နောင်၏ သိမ်းသွင်းမှုကြောင့် ရှမ်းတို့သည် မှားယွင်းသည့် အယူဘာသာများမှ ဗုဒ္ဓဘာသာကို ကိုးကွယ်လာကြသည်။ ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်းလက်ထက်တွင်ဖြစ်ပွားခဲ့သည့် တရုတ်-မြန်မာစစ်ပွဲများတွင်လည်း ရွှေလီမြစ်သည် မြန်မာတို့၏ နယ်ချဲ့တွန်းလှန်ရေးသမိုင်းတွင် ပါဝင်ခဲ့ပြန်သည်။[၂][၃]
ရွှေလီမြစ်
ရွှေလီမြစ်
တရုတ်နိုင်ငံတွင် မြစ်ဖျားခံပြီးလျှင် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ကြီးထဲသို့ စီးဝင်သော ထင်ရှားသည့် မြစ်လက်တက်ကြီး တစ်ခုမှာ ရွှေလီမြစ်ဖြစ်၍ မြန်မာနိုင်ငံ၏အရှေ့တံခါးပေါက်ကြီး တစ်ခု ဖြစ်သည်။ မိုင်ပေါင်း ၃၅ဝ ခန့် ရှည်လျား၏။ ရွှေလီ မြစ်စဉ်အတိုင်း ဆန်တက်ပါက တရုတ်-မြန်မာ နယ်နိမိတ်ကို ဖြတ်သန်း၍ တရုတ်နိုင်ငံတွင်းသို့ ပေါက်သည်။ တရုတ်-မြန်မာ လမ်းမကြီးသည် များသောအပိုင်းတွင် ရွှေလီမြစ်နှင့် ယှဉ်ပြိုင် သွယ်တန်းလျက် ရှိ၏။
တရုတ်နိုင်ငံ ထိန်ယွေး(မိုးမျဉ်း)နယ် အရှေ့မြောက်ဘက် မိုင် ၆ဝ ခန့်အကွာမှ မြစ်ဖျားခံခဲ့ပြီးနောက်၊ အနောက်တောင် ဘက်သို့ စီးဆင်းကာ မိုင်းမော၊ နမ့်ခမ်းမြို့များအနီးမှ ဖြတ် သန်း၍ မိုးမိတ်နယ်သို့ ဝင်ပြီးလျှင် မြစ်ဆုံရွာအနီး ရောက်သော အခါ မြောက်ဘက်သို့ မြစ်ကြောင်းတစ်ဖန်လှည့်၍ ကသာမြို့ တောင်ဘက် မိုင် ၂ဝ ခန့်ကွာဝေးသော အင်းရွာနားမှ ဧရာဝတီ မြစ်ထဲသို့ ပေါင်းဆုံစီးဝင်သည်။ ထိုကြောင့် ရွှေလီမြစ်သည် တရုတ်၊ ရှမ်းနှင့် ကချင်ဒေသများကို ဆက်သွယ်ပေးသော တံခါးပေါက်ကြီးဟု ဆိုရပေမည်။
ရွှေလီမြစ်ကို ချီဖင်လွင်ပြင်သို့ မရောက်မီ တရုတ်တို့က လွန်ကျန်၊ လွန်ချွန်ကျန်မြစ်ဟု ခေါ်၍ ရှမ်းတို့က နမ့်ယန်မြစ် ဟု ခေါ်သည်။ ချီဖင်လွင်ပြင်ကို ကျော်လာသောအခါ နမ့်မော မြစ်ဟု ခေါ်ကြပြန်သည်။ အရှည်အားဖြင့် မိုင် ၂၆ဝ ရှိ၍ တောတောင်စိမ့်စမ်း လျှိုမြောင်ကြားမှ ဖြတ်စီးရသောကြောင့် မြစ်ကျဉ်းများ ရေတံခွန်များ ပေါများသဖြင့် အချို့နေရာ၌ ကူးသန်းသွားလာရေး ခက်ခဲသည်။ မြစ်ဆုံရွာအောက်ဘက်တွင် မြစ်ကြောင်းသည် အလွန်ကျဉ်းသည်။ မိုးကုတ်နယ် ရွှေညောင် ပင်ရွာနားမှ စီးဆင်းလာသော ကင်းချောင်းနှင့် မိုးမိတ်မြို့ကို ဖြတ်သန်းစီးဆင်းလာသော နမ့်မိတ်မြစ်တို့သည် ပေါင်းဆုံပြီး နောက် မြစ်ဆုံရွာနားတွင် ရွှေလီမြစ်ထဲသို့ လက်ဝဲဘက်မှ စီးဝင်သည်။ အခြားထင်ရှားသော မြစ်လက်တက်ဟူ၍ကား မရှိချေ။ ရွှေလီမြစ်သည် ကူးသန်းသွားလာရန် များစွာ အသုံး မဝင်သော်လည်း ယင်းကို သစ်ဝါးမျှောရန် အသုံးပြုကြသည်။ နမ့်ခမ်းမြို့အနီး ဆွပ်ခမ်းရွာ အောက်နားတွင် ရွှေလီမြစ်သည် တောင်ကုန်းကို ဖြတ်၍ စီးဆင်းရသဖြင့် ကိုက် ၁ဝဝ ခန့်သာ ကျယ်၍ ရေတံခွန်များ အလွန်များပြားသဖြင့် လှေ သင်္ဘောများ သွားလာခြင်းမပြုနိုင်ချေ။ ချီဖင်ဒေသ မန်ပင်ရွာ နှင့် ဆွပ်ခမ်းရွာကြား၌သာ ကူးသန်းသွားလာရန် အသုံးဝင်လေ သည်။ ဧရာဝတီမြစ်သို့ စီးဝင်ခါနီး ရွှေလီမြစ်၏ အောက်ပိုင်း ဒေသ၌ သစ်တောကြီးများ ရှိသည်။
ရွှေလီမြစ်ပေါ်ရှိ ထင်ရှားသော ကူးတို့ဆိပ်များမှာ နောင်ခမ်း၊ ဆွပ်ခမ်း၊ တကျယ်၊ အေအောကာ၊ တာလီ၊ ပိန်းခ၊ ဖျီပေါ၊ မန်းဆတ်တို့ ဖြစ်ကြသည်။ အချို့သည် အိမ်ခြေနှစ်ဆယ် အစိတ်သာ ဖြစ်သည်။
မိုင်းမောနှင့် နမ့်ခမ်းလွင်ပြင်ဒေသတွင် ရွှေလီမြစ်သည် လွင်ပြင်ကို စီးဆင်းရသော်လည်း အကွေ့အကောက်များသဖြင့် ရေစုန်၌ပင် အသွားအလာ အလွန်နှောင့်နှေးသောကြောင့် ကုန်း လမ်းခရီးဖြင့်သာ အသွားများသည်။ ထိုနေရာရှိ ရွှေလီမြစ်ဝှမ်း ဒေသသည် အရှေ့နှင့် အနောက်မိုင် ၃ဝ ခန့်၊ တောင်နှင့်မြောက် ခုနစ်မိုင်ခန့် ရှည်လျားသည်။ ရေမျက်နှာပြင်မှ ပေ ၂၄ဝဝ မြင့်သော ချိုင့်ဝှမ်းဒေသဖြစ်၍ မိုးရာသီတွင် ရေလွှမ်းနေတတ်သည်။ ထိုဒေသသည် ရွှေလီမြစ်တစ်လျှောက်တွင် လူဦးရေအများဆုံးဒေသ ဖြစ်သည်။ လူဦးရေ တစ်သိန်းကျော်ခန့် ရှိသည်။
ရွှေလီနယ်ဒေသကို ရှေးနယ်ရှင်စော်ဘွားကြီးများခေတ်တွင် မြို့စားပေါင်း ၁၅ ဦးတို့ဖြင့် ခွဲဝေအုပ်ချုပ်ခဲ့လေသည်။ လွတ် လပ်ရေးရပြီးနောက် နယ်ရှင် သိန္နီစော်ဘွားကြီးက ရွှေလီနယ် ဒေသရှိ နမ့်ခမ်းမြို့တွင် ရွှေလီအမတ်တစ်ဦးထားရှိကာ မြို့စား များကို အုပ်ချုပ်စေသည်။ စော်ဘွားများ အာဏာစွန့်လွှတ် ပြီးနောက်၌မူ နမ့်ခမ်းမြို့တွင် နယ်ပိုင်ဝန်ထောက်တစ်ဦးနှင့် မြို့ပိုင်တစ်ဦး၊ မူဆယ်မြို့တွင် မြို့ပိုင်တစ်ဦးနှင့် လက်ထောက် မြို့ပိုင်တစ်ဦး ထားရှိပြီးလျှင် ယခင်မြို့စားများကို တိုက်သူကြီး များအဖြစ် ဆောင်ရွက်စေသည်။
ရွှေလီမြစ်ဝှမ်းဒေသတွင် ရှမ်းလူမျိုး အများဆုံး နေထိုင် သည်။ ကျန်လူမျိုးတို့မှာ ကချင်၊ ပလောင်၊ လီဆူများဖြစ်၍ တရုတ်လူမျိုးလည်း အများအပြား လာရောက်နေထိုင်ကြသည်။ ရွှေလီဒေသ ရှမ်းများသည် တစ်နေရာမှ တစ်နေရာသို့ ပြောင်း ရွေ့ စီးပွားရှာလေ့ ရှိကြသည်။ အထူးသဖြင့် ရှမ်းပြည်မြောက် ပိုင်းရှိ လားရှိုး၊ တန့်ယန်း၊ နမ္မတူမြို့များ၊ ရှမ်းပြည်တောင်ပိုင်း ရှိ လင်းခေး၊ ပင်လုံ၊ ကျိုင်းတုံ စသော မြို့များသို့ သွားရောက် စီးပွားရှာကြသည်။ ထိုမြို့များ၌မူ နမ့်ခမ်းရှမ်းဟု တွင်သည်။ ယင်းတို့သည် များသောအားဖြင့် ဗုဒ္ဓအယူဝါဒီများ ဖြစ်ကြသည်။ တစ်ရာခိုင်နှုန်းခန့်သာ ခရစ်ယန်၊ မွတ်စလင်နှင့် နတ်များကို ကိုးကွယ်သူများ ဖြစ်ကြသည်။ ထိုဒေသရှိ လူအပေါင်း တို့သည် မြန်မာနိုင်ငံထက် တရုတ်နိုင်ငံနှင့် အဆက်အသွယ် လွယ်ကူသဖြင့် အနေအထိုင် ဓလေ့ထုံးစံ ယဉ်ကျေးမှုတို့သည် တရုတ်ဆန်သည်။ တရုတ်နှစ်သစ်ကူးချိန်တွင် ပွဲလမ်းသဘင် ဆင်ယင်ကျင်းပလေ့ရှိကြသည်။ စားသောက်ရာ၌လည်း တူဖြင့်ပင် စား၍၊ ဝတ်ဆင်ရာ၌ တရုတ်နိုင်ငံဖြစ် ပစ္စည်းများကို ဝတ်ဆင်လေ့ ရှိကြသည်။
ရွှေလီမြစ်ဝှမ်းဒေသတွင် များသောအားဖြင့် လယ်ယာ ကိုင်းကျွန်း လုပ်ကိုင်စားသောက်ကြသည်။ ထင်ရှားသော ထွက်ကုန်များမှာ လက်ဖက်ခြောက်၊ ကျောက်ကျော၊ မက်မုံသီး၊ သစ်သော့သီး၊ သစ်အယ်သီး၊ တယ်သီး၊ ဓား၊ လွယ်အိတ်၊ ခမောက် စသည်တို့ ဖြစ်ကြသည်။
ထိုဒေသသို့ ခရီးသွားကြသူများသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ရှိ ဝမ်တိမ်မြို့ကလေးနှင့် တံတားကလေးသာ ခြားလျက်ရှိသော ပန်ဆိုင်းမြို့သို့၎င်း၊ နမ့်ခမ်းမြို့ရှိ ခွဲစိပ်ကုသ မှုတွင် အထူးကျော်ကြားသော ဒေါက်တာဆီးဂရေ့၏ နမ့်ခမ်း ဆေးရုံသို့၎င်း လာရောက်လည်ပတ်ကြည့်ရှုကြရသည်။[၄]
လူဦးရေ
ရွှေလီဒေသတလျှောက်တွင် ရှမ်းလူမျိုးနှင့် ပလောင်လူမျိုးများအားအများဆုံးတွေ့ရသည်။ ထို့ပြင် ကချင်လူမျိုးအချို့နှင့် တရုတ်လူမျိုးအနည်းငယ်လည်းတွေ့ရသည်။
မျိုးစိတ်များ
ရှားပါးစာရင်းဝင် ရေနေငှက်မျိုးစိတ်များကို ရွှေလီမြစ်အတွင်းတွေ့ရှိရသည်။ ထို့ပြင် ဧရာဝတီမြစ်နှင့် နီးသောအရပ်များတွင် ရွှေ့ပြောင်းသွားလာနေသည့် ဧရာဝတီလင်းပိုင်များကိုလည်း ရံဖန်ရံခါတွေ့ရလေ့ရှိသည်။
မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ
မူဆယ်
နမ့်ခမ်း
မိုးမိတ်
မဘိမ်း
ကိုးကား
International Boundary Study No. 42 – November 30, 1964: Burma – China Boundary။ Florida State University။ 2008-10-24 တွင် ပြန်စစ်ပြီး။
Nisbet, John. Burma Under British Rule and Before. Adamant Media Corporation, 2005, 416. ISBN 978-1-4021-5293-1။ 2008-10-24 တွင် ပြန်စစ်ပြီး။
Harvey, G E. History of Burma: From the Earliest Times to 10 March 1824. Asian Educational Services, 2000, 165, 254. ISBN 978-81-206-1365-2။ 2008-10-24 တွင် ပြန်စစ်ပြီး။
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)
မြစ်ငယ်မြစ်
မြစ်ငယ်မြစ်နှင့် ရွှေစာရံဘုရားကို မေမြို့တောင်ပေါ်လမ်းမှ တွေ့မြင်ရပုံ
Irrawaddyrivermap.jpg
မြစ်ဖျားခံရာ တရုတ်နိုင်ငံ
စီးဝင်ရာနေရာ ဧရာဝတီမြစ်
21°51′49″N 95°59′28″Eကိုဩဒိနိတ်: 21°51′49″N 95°59′28″E
မြစ်ဝှမ်းရှိရာ နိုင်ငံ မြန်မာနိုင်ငံ
စီးဝင်ရာဒေသ အမြင့် ၆၄ m (၂၁၀ ft)
မြစ်ငယ်မြစ် (ခေါ်) ဒုဋ္ဌဝတီမြစ် သည် ဧရာဝတီမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သည်။ ပါဠိဘာသာအားဖြင့် ဒုဋ္ဌဝတီ ဆိုသည်မှာ မြန်မာအဓိပ္ပါယ် အားဖြင့် မြစ်ငယ် ဟုပင်ဖြစ်သည်။ မြစ်ငယ်မြစ်သည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ မြစ်ဖျားခံ စီးဆင်းလာကာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းကို ဖြတ်ကျော်ကာ မြန်မာနိုင်ငံ အလယ်ပိုင်းသို့ စီးဝင်လာကာ အင်းဝမြို့အနီးတွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။
မာတိကာ
၁ မြစ်လက်တက်များ
၂ မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ
၃ သမိုင်းထဲကမြစ်ငယ်မြစ်
၄ ဆည်မြောင်းတာတမံများ
၅ မြစ်ငယ်မြစ်ကူးတံတား
၆ ရည်ညွှန်းကိုးကား
မြစ်လက်တက်များ
ဇော်ဂျီမြစ်သည် ကျောက်ဆည်မြို့အနီးတွင် မြစ်ငယ်မြစ်အတွင်းသို့စီးဝင်သည်။
ပန်းလောင်မြစ်သည် အင်းဝအနီးတွင် မြစ်ငယ်မြစ်နှင့် ပေါင်းဆုံသည်။
မြစ်ကြောင်းတစ်လျှောက် အရေးပါသည့်မြို့များ
နမ္မတူ
သိန်နီ
သီပေါ
သမိုင်းထဲကမြစ်ငယ်မြစ်
ပုဂံခေတ် အနော်ရထာမင်း၏ ရှမ်းမိဖုရားစောမွန်လှသည် ပုဂံနန်းတော်မှ အထင်လွှဲနှင်ထုတ်ခံရပြီးနောက် ဘခင်ဖြစ်သူ သီပေါစော်ဘွား(အုန်းဘောင်စော်ဘွား) ထံသို့အပြန်တွင် မြစ်ငယ်မြစ်ကမ်းပေါ်၌ စေတီတစ်ဆူကို အဓိဌာန်ပြုတည်ထားခဲ့ရာ ယနေ့အခါတွင် ထိုစေတီကို ရွှေစာရံစေတီ(သို့) ရွှေစာရံဘုရားဟုခေါ်ကြသည်။ ထိုစေတီတွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသည့် ရွှေစာရံဘုရားပွဲမှာ အထူးပင်စည်ကားလှပေသည်။
မင်းသမီးစောမွန်လှအား ဖခင်စော်ဘွားကြီး စောင့်ကြိုနေသောနေရာတွင် တည်ထားသည့်စေတီ(ဘုရား)မှာ ယနေ့တွင် ဘော်ကြိုဘုရားဟု အထူးထင်ရှားသည့် စေတီ(ဘုရား)ပင်ဖြစ်သည်။
ဆည်မြောင်းတာတမံများ
မြစ်ငယ်မြစ်ပေါ်တွင် တည်ဆောက်နေသည့် နာမည်ကျော် ရဲရွာစီမံကိန်းမှာ မန္တလေးမြို့၏ အရှေ့တောင်ဘက် ၃၁ မိုင်အကွာတွင်တည်ရှိပါသည်။ ယခုစီမံကိန်းအပြင် အထက်ရဲရွာစီမံကိန်းကိုပါ တည်ဆောက်လျက် ရှိသည်။
မြစ်ငယ်မြစ်ကူးတံတား
မူလကရှိခဲ့သည့် မြစ်ငယ်မြစ်ကူး ရထားလမ်းတံတားမှာ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန်လေတပ်၏ ဗုံးကျဲဖျက်ဆီးမှုကြောင့် ပျက်ဆီးခဲ့ရပြီး စစ်အပြီးတွင် ပြန်လည်တည်ဆောက်ခဲ့သည်။ ယခုနောက်ဆုံး ရန်ကုန် – မန္တလေးကားလမ်းမပေါ်ရှိတံတားသစ်ကြီးမှာ အရှည် ၇၀ဝ ပေ၊အကျယ် ၂၇ ပေ ရှိကာ၊ လူသွားလမ်းအကျယ် တစ်ဖက် ၆ ပေစီရှိပြီး ၁၉၉၉ ခုနှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
မြစ်ငယ်မြစ် ။ ။မြစ်ငယ်မြစ်ကို ဒုဋ္ဌဝတီ(တုဋ္ဌဝတီ) မြစ်ဟုလည်းခေါ်သည်။ ဧရာဝတီမြစ်၏ အရေးကြီးသော မြစ်လက်တက်များတွင် တစ်ခုအပါအဝင် ဖြစ်သည်။ မိုင်ပေါင်း ၁၃၁ ခန့်ရှည်လျား၏။ မြောက်ပိုင်း ရှမ်းပြည်၏ မြောက်သိန္နီနယ်၌ သိန္နီအရှေ့ဖက် ၂၅ မိုင်အကွာ သံလွင် မြစ်အနီး တောင်ကုန်းများတွင် မြစ်ဖျားခံသည် ။ ဦးစွာ၌ မြောက်သိန္နီနယ်ကို ဖြတ်လျက် တောင်ပိုင်းနယ်သို့ စီးဝင်ပြီးလျှင် သီပေါနယ်တွင်း၌ တောင်ဘက်သို့ ဖြတ်ကျော်စီးဆင်းသွားလေသည်။ မြောက်သိန္နီနှင့် သီပေါနယ်များရှိ အရေးပါသော မြို့များသည် ထိုမြစ်၏ ကမ်းပေါ်တွင် တည်ရှိကြသည်။ ထိုနောက် မြစ်ငယ်မြစ်သည် သီပေါနှင့် ရပ်စောက်နယ်များကို နယ်နိမိတ်ပိုင်းခြား သတ်မှတ် စီးဆင်းပြီးလျှင် တစ်ဖန် မန္တလေးနှင့် ကျောက်ဆည် ခရိုင်တို့ကို နယ်နိမိတ် ပိုင်းခြား စီးဆင်းပြန်၍ နောက်ဆုံးတွင် မန္တလေးမြို့၏ တောင်ဘက် ၁၂ မိုင်ခန့်အကွာ စစ်ကိုင်းမြို့နှင့် မျက်နှာချင်းဆိုင်နေရာ အင်းဝမြို့အထက်နား၌ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်လေသည်။ သိန္နီနယ်တွင် ဖြတ်သန်းလာသော မြစ်အထက်ပိုင်းကို နမ္မတူမြစ်ဟု ခေါ်၍၊ သီပေါနယ်တွင် ဖြတ်သန်းနေသော မြစ်အလယ်ပိုင်းကို ဒုဋ္ဌဝတီ(တုဋ္ဌဝတီ)ဟု ခေါ်ပြီးလျှင် အောက်ပိုင်းကို မြစ်ငယ်မြစ်ဟုခေါ်သည်။ မြစ်ငယ်မြစ်ဟု ခေါ်သော အောက်ပိုင်းတွင် လှေငယ်တက်စင်းများ သွားလာ စုန်ဆန်ရန် အသုံးဝင်သော်လည်း အထက်ပိုင်းတွင် မူကား၊ မြစ်ကျဉ်းမျာ၊ ကျောက်ဆောင်များ ပေါများသောကြောင့် ကူးသန်းသွားလာရန် အလျဉ်းအသုံးမဝင်ချေ။ သို့သော် ကြည်လင် အေးမြသော ရေအယဉ်ဖြင့် တသွင်သွင် စီးဆင်းနေသော ဒုဋ္ဌဝတီ (နမ္မတူ)မြစ်မှာ ရှမ်းပြည် မြောက်ပိုင်း၏ အလှကျက်သရေကို ဆောင်သည်ဟု ဆိုသင့်လေသည်။ ရန်ကုန် – မန္တလေး မီးရထားလမ်းသည် ဧရာဝတီမြစ်အတွင်းသို့ မြစ်ငယ်မြစ် စီးဝင်သည့် နေရာအနီးတွင် ဖြတ်ကျော်သွားသည်။ မြစ်ငယ်မြစ်၏ အရေးကြီးသော မြစ်လက်တက်မှာ သီပေါမြို့၏ အရှေ့ဘက်နားတွင် အရှေ့ဘက်မှ စီးဝင်လာသော နမ့်မမြစ် ဖြစ်သည်။[၁]
ရည်ညွှန်းကိုးကား
ဝီကီပီးဒီးယား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
ဇော်ဂျီမြစ်
ယင်းမြစ်သည် ရှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့မှ သုံး မိုင်ခန့်ဝေးကွာသော ရေဖြူရွာအနီးရှိ တောင်ခြေတွင် မြစ်ဖျားခံ သည်။ ထိုမြစ်ဖျားခံရာနေရာကို ဇော်ဂျီရေထွက်ဟုခေါ်ကြသည်။ ထိုနောက် ဇော်ဂျီမြစ်သည် ပင်းတယနှင့် လောက်ဆောက်နယ် တို့ကို ဖြတ်၍၊ ဆုန်တန်းရွာအထိ အရှေ့မြောက်သို့တူရူစီးဆင်း လာလေသည်။ ဆုန်တန်းသို့ရောက်သောအခါ၊ အနောက်ဘက် သို့ တစ်ဆစ်ချိုးကွေ့ပြီးသော်၊ တောင်မင်းကြီး၏ မြောက်ဘက် တစ်လျှောက်သို့ စီးဆင်းပြန်သည်။ ထိုနောက် မောနယ်ရှိမြို့ကြီး ကျေးရွာနယ်မြေ ချိုင့်ဝှမ်းဒေသတို့ကို ဖြတ်သန်းကာ ကျောက် ဆည်ခရိုင် မြေပြန့်ဒေသမှနေ၍၊ မြစ်ငယ်မြစ်ထဲသို့ စီးဆင်းလေ သည်။ မြစ်၏ အရှည်အလျားမှာ မိုင်ပေါင်း ၁၅ဝ ဖြစ်၏။ ရှမ်းအမျိုးသားတို့က ယင်းမြစ်ကို နမ်းစောကြည်မြစ်ဟု ခေါ်ကြ သည်။
ဇော်ဂျီမြစ် ဖြတ်သန်းစီးဆင်းရာ ကျောက်ဆည်ခရိုင်ဒေသ၌ ဇော်ဂျီမြစ်အပြင် ပန်းလောင်မြစ်၊ စမုန်မြစ်တို့ပါ စီးဆင်းလျက် ရှိရကား၊ ထိုမြစ်တို့သည် လယ်ယာစိုက်ပျိုးရေးကို အထူးကျေး ဇူးပြုကြပေသည်။ မြန်မာမင်း တို့လက်ထက်တွင် ထိုဒေသမှာ လယ်တွင်းကိုးခရိုင်၌ အပါအဝင်ဖြစ်သည်။ လယ်တွင်းကိုးခရိုင် သည် စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ မက္ခရာ၊ ပင်လယ်စသော ရှေးမြန်မာမြို့ကြီးများ၏ ကျောထောက် နောက်ခံဒေသ ဖြစ်ခဲ့ သည်။ ယနေ့တိုင်အောင်လည်း မြန်မာမင်းများ လက်ထက်က တည်ဆောက်ထားသော ဆည်ကြီးများ၏ ကျေးဇူးကြောင့် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းမှာ ဖွံ့ဖြိုးလျက်ပင်ရှိနေသည်။ ဇော်ဂျီမြစ်ဝှမ်းတွင် နွားတက် တူးမြောင်း၊ ငပြောင်တူးမြောင်း၊ သင်းတွဲတူးမြောင်း၊ မင်းရဲတူးမြောင်း၊ တမုတ်တူးမြောင်းနှင့် ဆည်တော် တူးမြောင်းတို့မှာ မြန်မာမင်းအဆက်ဆက်ကစ၍ ယနေ့တိုင် အသုံးဝင်လျက်ရှိသော တူးမြောင်းများ ဖြစ်ကြ သည်။ ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည့် နောက်၊ ခရစ် ၁၉ ရာစုနှစ်နောက်ပိုင်းတွင် ယင်းဇော်ဂျီမြစ်ဝှမ်း ၌ ဆည်မြောင်းတို့ကို ခေတ်နှင့်လျော်စွာ အုတ်အင်္ဂတေတို့နှင့် ပြန်လည်မွမ်းမံရာ၊ ငွေ ၂၃၇၇ဝဝဝဝ ကျပ်ကုန်ကျသည်ဟု အမှတ်အသားရှိလေသည်။
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)
မုန်းချောင်း
မုန်းချောင်းသည် ချောင်းဟုခေါ်သော်လည်း အမှန်မှာ မြစ်ကလေးဖြစ်၏။ ၁၉၆ မိုင်ရှည်လျားသည်။ ဧရာဝတီမြစ်၏ လက်တက်ဖြစ်၍ ဧရာဝတီမြစ်အတွင်းသို့ လက်ျာ ဖက်ကမ်းမှ စီးဝင် ပေါင်းဆုံသည်။ မုန်းချောင်းသည် တောင်ပိုင်း ချင်းတောင်ခရိုင်ရှိ ဝိတိုရိယတောင် (ခေါ်) ခေါနုသုမ် (ခေါ်) နတ်မတောင်ထိပ်၏ အနောက်ဖက်နှင့် မြောက်ဖက်ရှိ တောင်များတွင် မြစ်ဖျားခံသည်။ အစသော် တောင်ဖက်သို့ လမ်းပြောင်းပြီးနောက် မင်းဘူးခရိုင် အတွင်းသို့ စေတုတ္တရာမြို့နယ်၏ အနောက်မြောက်ဖက်မှ စီးဝင်သည်။ စေတုတ္တရာ မြို့နယ်ကို မြောက်မှ တောင်သို့ နှစ်ပိုင်းအတိမျှ ပိုင်း၍ စီးသည်။ ထိုနောက် ပွင့်ဖြူမြို့နယ်တွင်းသို့ ဖြတ်သန်း စီးဆင်းသည်။ မဲဇလီရွာမှစ၍ မြေပြန့်တွင်းသို့ ရောက်သည်။
မဲဇလီရွာမှ ဧရာဝတီမြစ်နှင့် ဆုံရာအထိ အတည့်တိုင်းလျှင် မိုင် ၃ဝ ကျော် ရှိ သည်။ မြစ်ရိုးတစ်လျှောက်မှ တိုင်းလျှင် မူကားနှစ်ဆမျှရှိပေမည် ။ မုန်းချောင်းကမ်းဘေးမှာထက် မြို့ရွာများ ပိုမို တည်ရှိသည်။ မုန်းချောင်းဘေးတွင် မဲဇလီအောက်ဖက်မှစ၍ ရွာပေါင်း ၁ဝဝကျော်ရှိ၍ မြစ်ချောင်း၏ တစ်ဖက်တစ်ချက် အမျှပင် တည်ရှိသည်။ သို့ရာတွင် ပြောပလောက်သည်တို့ကား စေတုတ္တရာ၊ ပွင့်ဖြူစသည်တို့သာလျှင်ဖြစ်၏။ မဲဇလီရွာအထက် ၄၅ မိုင်အထိ လှေများ တစ်နှစ်ပတ်လုံး ကူးလူးသွားလာနိုင်သည်။ မိုးအခါတွင် လှေများဖြင့်သာ ဖြတ်ကူးနိုင်သော်လည်း နွေအခါ၌ အချို့နေရာများတွင် ကျောက်ဆောင်များကို ကျော်ဖြတ်၍ ကူးသန်းနိုင်သည်။ မုန်းချောင်း မြစ်ဝှမ်းရှိ မြေသည် မန်းချောင်း မြစ်ဝှမ်းမှာထက် ပို၍ ပွသည်။ ဆည်မြောင်းများ ဖောက်လုပ်၍ ရေသွယ်မည်ဆိုပါက မန်းချောင်းမှာကဲ့သို့ပင် တောင်ခြေ တစ်လျှောက်မှသည် ဧရာဝတီမြစ်ဝှမ်းအထိ စိုက်ပျိုးနိုင်သည်။ မဲဇလီ အောက်ဖက်ဆီတွင် မုန်းချောင်းမြစ်ဝှမ်းသည် ၁ မိုင်မျှ ကျယ်ဝန်းသည်။ ထိုမှအောက်ဖက် ၁၈ မိုင် အကွာ ကျွဲတဲသို့ရောက်လျှင် ၆ မိုင်ရှိ၍ ထိုမှလွန်ပြန် သော် အလျား ၁၃ မိုင် အနံ ၇ မိုင်ခန့်ရှိသော မြေပြန့်ရှိ၏။ မြေလည်းကောင်းမွန် သည်။
မဲဇလီရွာ အထက် မြောက်ဖက်တွင် ရှေးမြန်မာမင်းများလက်ထက်က တူးမြောင်း တစ်ခု တူးဖောက်ခဲ့သည့် အထောက်အထားများ တွေ့ရသည်။ အခြား တူးမြောင်းတစ်ခုမှာ မဲဇလီ၏ အောက်ဖက် ၁ဝ မိုင်ခန့် အကွာ တောင်ဖက်ကမ်းမှ ပြည်လုံးကျော်၏ အနောက်ယွန်းယွန်းတွင် ရှိခဲ့သည်။ အချို့နေရာများတွင် မုန်းမြစ်ကြောင်း ပြောင်းသည့် လက္ခဏာများ ရှိသည်။ ၁၉ဝ၈ ခုနှစ်ခန့်က မုန်းမြစ်ဝနှင့် ၃၄ မိုင်ကွာဝေးသော မဲဇလီရွာတွင် ရေလွှဲဆည်ကို စတင် ပြုလုပ်၍ ယခုအခါ မုန်းတူးမြေင်းစုဖြင့် ရေသွယ်ကာ လယ်ယာစိုက်ပျိုး လုပ်ကိုင်လျက်ရှိသည်။ မုန်းတူးမြောင်းစုသည်ကား မင်းဘူးခရိုင်ရှိ တူးမြောင်းစု ၃ စု အနက် အလယ်တူးမြောင်းစု ဖြစ်၏။ အခြား တူးမြောင်း ၂စုမှာ ကား စလင်းတူးမြောင်းစုနှင့် မန်း တူးမြောင်းစုတို့ ဖြစ်သည်။ မုန်းတူးမြောင်းကို အမှီပြုလျက်ရှိသည့် ရေသောက်မြေ ဧကပေါင်း မှာ ၇၉,၁၄ဝ ဖြစ်လေသည်။[၁]
မာတိကာ
၁ အမည်တွင်လာပုံ
၂ မုန်းချောင်းတစ်လျှောက်ရှိ ဆည်တမံများ
၃ မုန်းချောင်း(မြစ်)အတွင်းသို့ စီးဝင်သောချောင်းလက်တက်များ
၄ ရေဝေမြေမျက်နှာသွင်ပြင်အနေအထား
၅ သယ်ယူပို့ဆောင်ရေး
၆ စိုက်ပျိုးရေးအတွက်အသုံးပြုပုံ
၇ မုန်းချောင်းဘေးရှိ ထင်ရှားသောမြို့ရွာများ
၈ ချောင်းကူးတံတားများ
၉ ကိုးကား
အမည်တွင်လာပုံ
မုန်းချောင်းကို ဒေသခံ ချင်းပုံချင်း၊ မရင်းချင်း နှင့် လုံပေါချင်း လူမျိုးများ၏ ချင်းဘာစကားအရ ဟောလုံ ဟု ခေါ်ဆိုပါသည်။
မုန်းချောင်းတစ်လျှောက်ရှိ ဆည်တမံများ
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မုန်းချောင်းရေလှောင်တမံ (တမံပေါ်မှ)
မုန်းချောင်းရေလှောင်တမံမှ ရေပြင်ကြီး။ ရွာပေါင်း ၁၂ရွာ ရေမြုပ်၍ နေရာပြောင်းရွှေ့ပေးခဲ့ရသည်။
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ မုန်းချောင်းရေလှောင်တမံ (ကောင်းကင်မှ)
ချောင်းဖျားမှ ချောင်းဆုံးအထိအစဉ်အလိုက်-
အထက်ဗူးဆည် (စေတုတ္တရာမြို့နယ်၊ သူကောင်းကျင်းကျေးရွာအနီး၊ စီမံကိန်းကာလ)
ဗူးဆည် (စေတုတ္တရာမြို့နယ်၊ ဗူးကျေးရွာအနီး၊စီမံကိန်းကာလ)
မုန်းတမံ (စေတုတ္တရာမြို့နယ်၊ အောက်ပုံကျေးရွာအနီး၊ ဖွင့်လှစ်ပြီး။ လျှပ်စစ်ဓာတ်အား ၇၅ မဂ္ဂါဝပ်)
ကြီးအုံကြီးဝဆည် (ပွင့်ဖြုမြို့နယ်၊ လယ္မကျေးရွာအနီး၊ စီမံကိန်းကာလ)
မဲဇလီဆည် (ပွင့်ဖြူမြို့နယ်၊ မဲဇလီကျေးရွာအနီး၊ ကိုလိုနီခေတ်။ လျှပ်စစ်ဓာတ်အားမထုတ်လုပ်ပါ။)
မုန်းချောင်း(မြစ်)အတွင်းသို့ စီးဝင်သောချောင်းလက်တက်များ
ချောင်းဖျားမှချောင်းဆုံးအထိအစဉ်အတိုင်း
ခွက်ချောင်း (အနောက်ဘက်မှ)
ဒွေးချောင်း(အနောက်ဘက်မှ)
ပန်းအိချောင်း(အရှေ့ဘက်မှ)
ချီချောင်း(အနောက်ဘက်မှ)
အင်ကြင်းချောင်း(အနောက်ဘက်မှ)
အောင်းချောင်း(အနောက်ဘက်မှ)
ပလောင်းချောင်း(အနောက်ဘက်မှ)
ထီးချောင်း(အရှေ့ဘက်မှ)
ဆီမီးချောင်း(အနောက်ဘက်မှ)
ပဇောချောင်း(အရှေ့ဘက်မှ)
ကြီးချောင်း(အနောက်ဘက်မှ)
ရေဝေမြေမျက်နှာသွင်ပြင်အနေအထား
စတင်စီးဆင်းရာချောင်းဖျားသည် ချင်းပြည်နယ်၊ ချင်းတောင်တန်း ကန်ပက်လက်မြို့နယ် ရှိ ဝိတိုရိယတောင် (ခေါ်) နတ်မတောင် (ခေါ်) ခေါနုသုမ် တွင် ချောင်းဖျားခံသည်။ ချောင်းလက်တက်ငယ်များ မြောက်မြားစွာရှိနေသောကြောင့် ကိုလိုနီခေတ်က မုန်းချောင်းကို မုန်းမြစ်ဟုသုံးနှုန်းခေါ်ဝေါ်ခဲ့ကြသည်။ ချင်းတွင်းမြစ်နှင့် မူးမြစ်ပြီးလျှင် ဧရာဝတီမြစ်အတွင်းသို့ အနောက်ဘက်ခြမ်းမှ စီးဝင်သော မြစ်လက်တက် ချောင်းလက်တက်များထဲတွင် တတိယမြောက် အကြီးဆုံးနှင့် ရေစီးအားအများဆုံးဖြစ်သည်။ ချောင်း၏အနောက်ဘက်ခြမ်းသည် ရခိုင်ရိုးမ တောင်တန်းများဖြစ်ပြီး မိုးကောင်းစွာရကာ တစ်နှစ်ပတ်လုံး ရေရှင်သော ချောင်းလက်တက်ငယ်များ အများအပြားရှိကြသည်။ ဒွေးချောင်း၊ ချီချောင်း၊ အောင်းချောင်း၊ ဆီမီးချောင်း နှင့် ကြီးချောင်းတို့မှာ တစ်နှစ်ပတ်လုံးရေစီးသော ထင်ရှားသော ရေရှင်ချောင်းကြီးများဖြစ်ကာ ၎င်းချောင်းငယ်များ ဘေးတွင် မှီတင်းနေထိုင်ကြသော ဒေသခံ ချင်း နှင့် ဗမာ တိုင်းရင်းသားတို့သည် သီးနှံတစ်ရာသီခံသော ကိုယ်ထူကိုယ်ထ သစ်ဝါးဆည်များပြုလုပ်ကြကာ ရေသွင်း၍ စပါးစိုက်ပျိုးကြသည်။ သို့သော်လည်း မြေပြန့် ဧရိယာ အနည်းငယ်သာရှိသဖြင့် လယ်စိုက်ဧကနည်းပါးသည်။ ချောင်း၏အရှေ့ဘက်ခြမ်းသည် ပုံတောင်ပုံညာတောင်တန်း၏အဆက်ဖြစ်သော မြင်းညောင်းတောင်တန်း နှင့် နွားမတောင်တန်းကြီးများ ရှိနေပြီး မြေပြန့်ဒေသနှင့် ပိုမိုနီးကပ်သဖြင့် မိုးရေရရှိမှု နည်းပါးသော်လည်း နွေရာသီမျှသာ ရေခန်းခြောက်သည့် ချောင်းလက်တက်များ ရှိကြသည်။ ပန်းအိချောင်း၊ ထီးချောင်း နှင့် ပဇောချောင်းတို့မှာ ထင်ရှားကြပြီး အနောက်ဘက်ခြမ်းရှိချောင်းများကဲ့သို့ ရေစီးအားမများပြားလှပေ။
သယ်ယူပို့ဆောင်ရေး
ရာသီမပြတ်ရေစီးပမာဏ အားကောင်းသောကြောင့် ဒေသတွင်း တစ်ရွာနှင့်တစ်ရွာ သွားလာကြရာတွင် ဒေသတွင်းလက်ဖြစ် သစ်လုံးထွင်းလှေများကို အသုံးပြု၍ လှော်တက် ထိုးဝါးများဖြင့် လှော်ခတ်ကာ ထက်အောက်စုန်ဆန်သွားလာကြသည်။ လှေငယ်ကလေးများသာဖြစ်၍ အထက်ဖျားတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ လဲပုံရွာ အထိ သွားလာနိုင်ကြသည်။ မုန်းချောင်းအောက်ပိုင်း ပွင့်ဖြူမြို့နယ်တွင်မူ အင်ဂျင်စက်တပ်လှေများဖြင့် သွားလာကြသည်။ မုန်းချောင်းဒေသသည် သစ်ဝါးအထူးထွက်သော ဒေသဖြစ်သည်နှင့်အညီ သစ်ဖောင်ငယ်များ နှင့် ဝါးဖောင်များ မျှောရာတွင်လည်း မုန်းချောင်းကို အသုံးပြုကြသည်။
စိုက်ပျိုးရေးအတွက်အသုံးပြုပုံ
မုန်းချောင်းတစ်ဘက်တစ်ချက်စီတွင် အနည်းငယ်ပြန့်ပြူးသောမြေအနေအထား ဧရိယာ အနည်းငယ်ရှိသဖြင့် မုန်းချောင်းမှရေကို တစ်ဘက်ပိတ်ဆည်များတည်ဆောက်သွယ်ယူလျှက် ဆန်စပါးကို အဓိက စိုက်ပျိုးကြသည်။ ၎င်းဆည်များသည် ဒေသခံလယ်သမား၏ တစ်နှစ်တစ်ကြိမ် တည်ဆောက်ရသော တစ်ရာသီခံ ယာယီ သစ်ဝါးဆည်များသာ ဖြစ်ကြပြီး မိုးတွင်းကာ ရေကြီးသောအခါ တိုက်စား ဖြိုဖျက်ခြင်း ခံရသည်။ သို့ဖြစ်၍ တစ်နှစ်လျှင်တစ်ကြိမ် နှစ်စဉ်အမြဲ ပြန်လည်ဆောက်ရသော ဆည်အမျိုးအစားများဖြစ်ကြသည်။ ထင်ရှားသော ကိုယ်ထူကိုယ်ထ သစ်ဝါးဆည်များမှာ
တပွင်ဆည်
ဗူးဆည်
ပွင့်တောက်ဆည်
လုံးပေါဆည်
အောက်ပုံဆည်
တို့ဖြစ်ကြသည်။ သို့ရာတွင် ယခုအခါ အစိုးရဆည်စီမံကိန်းများ တည်ဆောက်နေပြီး တည်ဆောက်ပြီးစီးပါက ရိုးရာအစဉ်အလာအရ တည်ဆောက်လာကြသော ယာယီ သစ်ဝါးဆည်များမှာ ပပျောက်သွားဖွယ်ရှိသည်။
မုန်းချောင်းဘေးရှိ ထင်ရှားသောမြို့ရွာများ
သူကောင်းကျင်း
မင်းဒင်ကျင်း
ခွက်ချောင်း
လုံးကြီး
အပေါ
တန့်လည်ကျင်း
အကျီ
တပွင်
ဒွေးကုန်း
ဒွေးကျင်း
ဗူးရွာ
အထက်လယ်
ပွင့်တောက်
ချီရွာ
ကုန်းတရား
အောင်းရွာ
အလယ်ပုံ
ပုံဆိပ်
အောက်ပုံ
သရန်ကိုင်း
ခြင်ပြစ်ကိုင်း
လုံးပေါ
စေတုတ္တရာမြို့
မြေနီကုန်း
ညောင်အိုင်
တောင်မြေနီ
ငါးမ
သံဆယ်
ကြီးအုံ
ကြီးဝ
ကျောက်ပုံ
ခဲပြစ်
ဝန်လို
ခိုနန်း
မုံညင်း
မအူပင်ရွာ
မဲဇလီ
ရှောက်တော
လယ်ကိုင်း
ကျောင်းတော်ရာ
ပွင့်ဖြူမြို့
ချောင်းကူးတံတားများ
ချောင်းကူးတံတားကြီး ၂စင်းသာ ရှိသည်။
စေတုတ္တရာမြို့နှင့် ညောင်အိုင်ရွာကြား စလင်း-စေတုတ္တရာ ကားလမ်းပေါ်ရှိ ညောင်အိုင်တံတား
ပွင့်ဖြူမြို့နှင့် ရှောက်တောရွာကြား မင်းဘူး-စလင်း ကားလမ်းပေါ်ရှိ မုန်းချောင်းတံတား
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
မန်းချောင်း
မန်းချောင်းသည် ဧရာဝတီမြစ်၏ လက်တက်တစ်ခုဖြစ်သည်။ ၇၈ မိုင်ရှည်လျား၍ ရှေးအခါက နမ္မဒါမြစ်ဟု ခေါ်သည်။မင်းဘူးခရိုင် ငဖဲမြို့နယ်၏ အနောက်တောင်ဖက် ရခိုင်ရိုးမတောင်တွင် မြစ်ဖျားခံ၍ အရှေ့ဖက်သို့ စီးဆင်းကာ မင်းဘူးခရိုင် တွင်းသို့ဖြတ်သန်း ပြီးလျှင် မင်းဘူးအထက် ၅ မိုင်ခန့်အကွာတွင် ဧရာဝတီမြစ် တွင်းသို့ စီးဝင်သည်။ တောင်ပေါ်မှ စီးဆင်းလာ၍ ဆည်တော်ရွာသို့ ရောက်သော အခါ မြေပြန့်သို့ ရောက်လာ၏။ ထိုဒေသတွင် မြစ်ဝှမ်းသည် တစ်မိုင်ခန့် ကျယ်၍ ဧရာဝတီမြစ်နှင့် ဆုံသောနေရာတွင် ၇ မိုင် ၊ ဂ မိုင်ခန့်အထိ ကျယ်သည်။ မန်းချောင်း၏ အောက်ခင်းသည် ကျောက်စရစ် ထူသည်။ ရေတစ်နှစ်ပတ်လုံး အဆက်မပြတ် စီးဆင်းသည်။ သို့သော် နွေရာသီတွင် ရေအတော်နည်းသွားသည်။ မန်းချောင်းတစ်လျှောက် နွေရာသီတွင် လှေသမ္ဗန်များ ကူးသန်းသွားလာနိုင်ခြင်း မရှိဘဲ၊ မိုးရာသီတွင်မူ အိုင်းမအထိ ကူးသန်းသွားလာနိုင်သည်။ မန်းချောင်းသည် ဆည်တော်ရွာ လွန်သည်မှစ၍လယ်ယာစိုက်ပျိုးရေး အလို့ငှာ ရေပေးသွင်းခြင်း အတွက် အဓိကအသုံးဝင်သည်။ ဆည်တော်မှ ဧရာဝတီမြစ်ဆုံရာသို့ အတည့်တိုင်း လျှင်မိုင် ၂ဝ ရှိသည်။ မင်းဘူးခရိုင်တွင်းရှိ စက်တော်ရာ စေတီတည်ရာ တောင်ကုန်းသည် မင်းချောင်း၏ ကမ်းဘေးတွင် တည်ရှိသည်။ သို့ဖြစ်၍ရွှေစက်တော်ကို မန်းစက်တော်ရာဟူ၍ ခေါ်သဖြင့် မန်းချောင်းသည် ထင်ရှားသည်။
မန်းချောင်း တစ်လျှောက်လယ်ယာစိုက်ပျိုးရေး အလိုမန်းချောင့်းငှာ ရှေးမြန်မာမင်းများ လက်ထက်ကပင် ဆည်မြောင်းများ ဖောက်လုပ်ထားခဲ့သည်။ မန်းချောင်းတူးမြောင်း စုအတွက်ရေကို အိုင်းမတွင် ချောင်းကို ကန့်လန့်ဖြတ်ကာ တည်ဆောက်ထားသော အဂ‡တေရေလွှဲဆည်ကြီးမှရသည်။ ထိုရေလွှဲဆည်မှာမူလက ကျောက်တုံးများဖြင့် ပြုလုပ်ထားခဲ့သော်လည်း၊ နောင်အခါ ကျောက်တုံးများဖြင့် ပြုလုပ်ထားသော အချောကိုင်ထားခဲ့လေသည်။ ဆည်ထိပ်မှာ ပေ ၄ဝဝ ရှည်၍ ၊ တူးမြောင်းတံခါးမကြီးမှသည် ချောင်းရိုးတစ် လျှောက် ပေ ၃ဝဝ ခန့် ရှည်လျားသည်။ တူးမြောင်းအတွင်း ကျောက်စရစ်များ စီးဝင်ပါလာတတ်သဖြင့် ရေစီးအားမှာ တဖြည်းဖြည်း လျော့ပါးလာသည်။ ချောင်းရေမှာလည်း မရေရာလှသဖြင့် အလှည့်ကျ ရေပေးသွင်းခြင်းပြုရလေသည်။ တူးမြောင်းများဖြင့် ရေပေးသွင်းနိုင်သောကြောင့် မန်းချောင်း၏ ကမ်းနှစ်ဖက်လုံးတွင် စပါး၊ ဝါ၊ နှမ်း၊ ပဲ၊ ကွမ်းပင် စသည်တို့ကို ကောင်းစွာ စိုက်ပျိုးနိုင်သည်။ မန်းချောင်း၏ ရေသောက်နယ်မှာ ဧက ၃ဝ,ဝဝဝ နီးပါးရှိသည်။ မန်းချောင်း၏ ကမ်းဘေးနှစ်ဖက်တွင် ရွာပေါင်း ၅ဝ ၊ ၆ဝ မျှ ရှိပေသည်။ မင်းဘူးမြို့နှင့် ငဖဲမြို့ အမည်များလည်း မန်းချောင်းကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အမည်များဖြစ်၏။ မင်းဘူးမြို့အနီးတွင် မန်းချောင်းသည် ဧရာဝတီမြစ်အတွင်း စီးဝင်ပေါင်းဆုံသောကြောင့် မန်းပူးဟု ခေါ်ရာမှ မင်းပူး၊ မင်းဘူး ဖြစ်လာသည်။ ထိုပြင်ငဖဲမြို့အနီးတွင် မန်းချောင်း လွှဲဖယ် စီးဆင်းသော ကြောင့် မန်းဖယ်၊ မန်းဖဲ၊ မဖဲ၊ ငဖဲ ဖြစ်လာသည်ဟု ဆိုလေသည်။[၁]
ကိုးကား
ဝီကီပီးဒီးယား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
ပုသိမ်မြစ်
မြစ်ဝှမ်းရှိရာ နိုင်ငံ ဧရာဝတီတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ
ပုသိမ်မြစ်သည် ဧရာဝတီမြစ်၏ မြစ်ဝကျွန်းပေါ်ရှိ အကြီးဆုံးနှင့် အနောက်ဘက်အကျဆုံး မြစ်ခွဲဖြစ်သည်။ ပုသိမ်မြစ်ကို ငဝန်မြစ်ဟုလည်း ခေါ်သည်။
ပုသိမ်မြစ်သည် ဟင်္သာတမြို့အထက် မိုင်အနည်းငယ်ခန့် အကွာမှစ၍ ဧရာဝတီမြစ်၏ လက်ျာဘက်သို့ ခွဲထွက်ပြီးနောက် အနောက်တောင်ဘက်သို့ မိုင် ၂၀၀ခန့် ရှေးရှုစီးဆင်းလာကာ ဟိုင်းကြီးကျွန်း၊ လိပ်ကျွန်းနှင့် အဂူအာဒါကျောက်တန်း မီးပြတိုက်တို့သို့ ဦးတည်လျက် ဘင်္ဂလားပင်လယ်အော်ထဲသို့ စီးဝင်သည်။
လေးမျက်နှာ၊ ငသိုင်းချောင်း၊ သာပေါင်း၊ ဘုရားကုန်း၊ ပုသိမ်၊ ငပုတော စသည့် မြို့များသည်လည်း ပုသိမ်မြစ်ပေါ်တွင် တည်ရှိသည်။
ပုသိမ်မြစ်တွင်းသို့ ဒါးကမြစ်၊ ပန်းမဝတီမြစ်၊ သံတွဲမြစ်၊ တောင်ကလေးမြစ်နှင့် ကညင်ချောင်း၊ ဂတ်ချောင်း၊ ကွမ်းချောင်း၊ စစ္စရန်ချောင်းစသည်တို့ စီးဝင်သည်။[၁]
ပင်လယ်ကူးသင်္ဘောကြီးများသည် ပုသိမ်မြစ်အတွင်းသို့ မြစ်ဝမှ ၇၅ မိုင်ဝေးသော ပုသိမ်မြို့အထိ ဆန်တက်နိုင်သည်။ မြစ်တွင်းသွား သင်္ဘောများမှာမူ မိုးရာသီ ရေပြည့်ချိန်၌ မြစ်တလျှောက် စုန်ဆန်သွားလာနိုင်သော်လည်း၊ နွေရာသီ ရေနည်းချိန်၌ သောင်ထွန်းသဖြင့် ငသိုင်းချောင်းမြို့အထက်တွင် လှေသမ္ဗာန်ကလေးများမှလွဲ၍ သွားလာခြင်းမပြုနိုင်ပေ။
ကိုးကား
မြန်မာစွယ်စုံကျမ်း အတွဲ ၆၊ စာ ၃၅၂။
၃-ချင်းတွင်းမြစ်
Homalin aerial.jpgဟုမ္မလင်းမြို့ရှိချင်းတွင်းမြစ်အား ကောင်ကင်မှမြင်ရပုံ။
အရှည် ၇၅၀မိုင်(1,207 km)
ဖြတ်သန်းရာဒေသ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း
မြစ်လက်တက်များ ဥရုမြစ်၊ယုမြစ်၊မြစ်သာမြစ်
အဆုံးသတ်စီးဝင်ရာ ဧရာဝတီမြစ်
ချင်းတွင်းမြစ်မြေပုံ
ချင်းတွင်းမြစ်(Chindwin River)သည် ဧရာဝတီမြစ်၏ အကြီးဆုံးသော မြစ်လက်တက်ဖြစ်သည်။ သလ္လာဝတီမြစ် ဟုလည်း မြန်မာ စာပေတွင် ရေးသားသည်။ မြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံ၍ စီးဆင်းလာသည်။ ချင်းတွင်းမြစ်ကို အိန္ဒိယရှိ မဏိပူရပြည်နယ်တွင် နိုင်းထိမြစ် ဟုခေါ်ကြသည်။ မြောက်မှတောင်သို့ စီးဆင်းသည့် ချင်းတွင်းမြစ်သည် မိုင်ပေါင်း ၇၅၀ ထိရှည်လျားကာ မြန်မာနိုင်ငံ၏ အဓိကမြစ်ကြီးဖြစ်သည့် ဧရာဝတီမြစ်အတွင်းသို့ မြင်းခြံမြို့အနီးတွင် စီးဝင်သည်။
မာတိကာ
၁ ဇာစ်မြစ်
၂ မြစ်လက်တက်များ
၃ မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ
၄ သမိုင်းထဲက ချင်းတွင်းမြစ်
၅ ရည်ညွှန်းကိုးကား
ဇာစ်မြစ်
ချင်းတွင်းမြစ်သည် တနဲ၊ တဝန်၊ တရုံမြစ်များ တွေ့ဆုံရာမှ စတင်လေသည်။ တနဲမြစ်မှာ ကူမွန်တောင်တန်းရှိ ရွှေတောင်ကြီးတောင် အနီးတွင် မြစ်ဖျားခံသည်။ ထိုမှ ဟူးကောင်းတောင်ကြားအထိ မြောက်စူးစူးသို့ စီးဆင်း၍ အနောက်ဘက်သို့ကွေ့ရာ၌ ဟူးကောင်းတောင်ကြားမှ စီးဆင်းလာသော တရုံမြစ်နှင့် ပူးပေါင်းလေသည်။ ထိုမြစ်ဆုံမှ တောင်ဘက်သို့ စီးဆင်းရာ ရေတံခွန်များလွန်ပြီးနောက် ဇင်ဂလိန်ခန္တီးနယ်သို့ ရောက်၏။ ဤမှတစ်ဖန် အထက်ချင်းတွင်းခရိုင်ကို ဖြတ်၍စီးဆင်းသည်။ ထိုနေရာမှ အောက်ဘက်သို့ ရောက်လာသောအခါ အရှေ့ဘက် ကျောက်စိမ်းတွင်းများဒေသတွင် မြစ်ဖျားခံခဲ့သော ဥရုမြစ်သည် ပထမဆုံး မြစ်လက်တက် အဖြစ် ဟုမ္မလင်းမြို့နှင့် မိုင်အနည်းငယ်ကွာနေရာတွင် ချင်းတွင်းမြစ်တွင်းသို့ စီးဆင်းလေသည်။ ထိုမှတစ်ဖန် ချင်းတွင်းမြစ်သည် သောင်သွပ်နယ်၏ အရှေ့ဘက်နယ်နိမိတ်အဖြစ် စီးဆင်းလာသည်။ ချင်းတွင်းမြစ်၏ အခြားမြစ်လက်တက်တစ်ခုဖြစ်သော ယူးမြစ်သည် အနောက်ဘက်ရှိ ကဘော်မြစ်ဝှမ်းမှ ချင်းတွင်းမြစ်တွင်းသို့ စီးဝင်ပေါင်းဆုံလာ၏။ ဤမှတစ်ဖန် ချင်းတွင်းမြစ်သည် မော်လိုက်မြို့ကို ဖြတ်၍စီးဆင်းလာရာ အနောက်ဘက် ချင်းနယ်မှ စီးလာသော မြစ်သာမြစ်နှင့် ကလေးဝတွင် ပေါင်းဆုံမိလေသည်။
ချင်းတွင်းမြစ်သည် လက်ယာဘက်ကမ်းရှိ မင်းကင်းမြို့ အနီးတွင် အရှေ့ဘက်သို့ အနည်းငယ်ကွေ့ပြီးနောက် တစ်ဖန် မြောက်ဘက်သို့ ကွေ့သွားပြန်၏။ ထို့နောက် မောက်ကတော်ရွာအနီးတွင် တောင်ဘက်သို့ ကွေ့ပြီးသော် အောက်ချင်းတွင်းခရိုင်အတွင်းသို့ စီးဝင်သည်။
အထက်ချင်းတွင်းခရိုင်အတွင်း၌ ချင်းတွင်းမြစ် စီးဆင်းလာစဉ်က မြစ်ဝှမ်းသည် ကျဉ်းမြောင်းသည်။ မြစ်ကြော တစ်လျှောက်တွင် ထူထပ်သောသစ်တောကြီးများသည် မြစ်ကမ်းပါးအထိ ပေါက်ရောက်သည်။ အနည်းငယ်သော နေရာများတွင် ညီညာသောကမ်းခြေများ ရှိသော်လည်း ကိုင်းတောများ ပေါက်နေသည်။ ရွာများသည် တစ်ရွာနှင့် တစ်ရွာ အလှမ်းဝေး၍ ရွာလည်းနည်းပါးသည်။ လူနေလည်း ကျဲသည်။ အောက်ချင်းတွင်း ခရိုင်သို့ ရောက်လာသောအခါမူ ချင်းတွင်းမြစ်၏ မြင်ကွင်းများသည် တစ်မျိုးတစ်ဖုံ ဖြစ်လာသည်။ မောက်ကတော်ရွာမှ စ၍ မြစ်ဝှမ်းသည် ကျယ်လာ၍ တောင်များသည် မြစ်ကမ်းခြေနှင့် ဝေးသွားသည်။ ထိုဒေသ တစ်လျှောက်တွင် ရွာငယ်များကို ပို၍ တွေ့မြင်နိုင်သည်။
ကမ်းခြေမြေညီများတွင် အပူပိုင်း၌ ပေါက်လေ့ရှိသော ကောက်ပဲ သီးနှံများကို စိုက်ပျိုးထားသည်ကို တွေ့ရသည်။ ကန္နီနှင့် အလုံမြို့များကို လွန်လာပြီးနောက် လက်ဝဲဘက် တနည်းအားဖြင့် အရှေ့ဘက်ကမ်းတွင်ရှိသော မုံရွာမြို့သို့ ရောက်လာသည်။ မုံရွာ တောင်ဘက်တွင် ချင်းတွင်းမြစ်သည် စစ်ကိုင်းနှင့် ပခုက္ကူခရိုင်တို့၏ နယ်နိမိတ်အဖြစ် တည်ရှိသည်။ ထိုမှတစ်ဖန် အမြင့်မြို့ကိုဖြတ်၍ ရေစကြိုမြို့အလွန်တွင် မြစ်ကြောင်း ၂ ဖြာ ကွဲကာ မြင်းခြံအထက် ရေတိုင်ရွာအနီးတွင်လည်းကောင်း၊ ပခုက္ကူ အထက်တွင်လည်းကောင်း၊ ဧရာဝတီ မြစ်တွင်းသို့ မြစ်ဝ ၂ ခုဖြင့် စီးဝင်လေသည်။ ပခုက္ကူအထက်ရှိ အောက်မြစ်ဝမှသာလျှင် သင်္ဘော များသည် ချင်းတွင်းမြစ်တွင်းသို့ စုန်ဆန်သွားလာကြ၏။ အထက်မြစ်ဝသည် ကောလုနီးနီး ဖြစ်နေသည်။ချင်းတွင်းမြစ်သည် မိုင် ၆ဝဝ နီးပါး ရှည်လျားသည်။
မုံရွာရှိ ချင်းတွင်းမြစ်
ဧရာဝတီမြစ်ဆုံမှ အထက်မိုင်ပေါင်း ၄ဝဝအထိ သင်္ဘောခုတ်မောင်း နိုင်သည်။ မီးသင်္ဘောများသည် တစ်နှစ်ပတ်လုံး ကင်းတပ် မြို့အထိလည်းကောင်း၊ မိုးတွင်းအခါတွင် ဟုမ္မလင်းအထိလည်းကောင်း ဆန်တက်နိုင်ပေသည်။ လှေငယ်များနှင့်မူ မြစ်ကြောင်း တစ်လျှောက်လုံး စုန်ဆန်သွားလာနိုင်သည်။ ချင်းတွင်း မြစ်တွင်း၌ သစ်များကို ဖောင်ဖွဲ့၍ မျှောချကြသည်။ မြစ်ကမ်းပါးများတွင် ဆေးကိုင်းများ၊ ပဲကိုင်းများ စိုက်၏။ မြစ်အောက်ပိုင်းတွင်ကား ကောက်ပဲ သီးနှံခင်းများအတွက် ချင်းတွင်းမြစ်မှ ရေကိုသွယ်၍ ယူကြသည်။
ချင်းတွင်းမြစ်၏ လက်ယာဘက်ကမ်းတွင် သောင်သွပ်၊ ကလေးဝ၊ ကန္နီ စသောမြို့များ တည်ရှိ၍ လက်ဝဲဘက်ကမ်းတွင် ဟုမ္မလင်း၊ ကင်းတပ်၊ အလုံ၊ မော်လိုက်နှင့် မုံရွာမြို့ကြီးများ တည်ရှိသည်။ ချင်းတွင်းမြစ်ကို စွဲ၍ အောက်ချင်းတွင်းခရိုင်၊ အထက်ချင်းတွင်းခရိုင်ဟူ၍ ခရိုင်ခွဲခြားထားသည်။ ချင်းတွင်းမြစ်ဖျားတွင် ရွှေအနည်းငယ်ထွက်၍ ပယင်းတွင်းများ၊ ကျောက်စိမ်းတွင်းများလည်း ရှိလေသည်။
ချင်းတွင်းမြစ်ကြောင်းတွင် မင်းကင်း၊ စစ်တောင်းနှင့် ဖောင်းပြင်မြို့များလည်းရှိသည်။ ကလေးဝမြို့ အောက်ဘက် အရှေ့ဘက်ကမ်းရှိ ရွှေကျင်မှ ရွှေဘိုခရိုင်သို့ လမ်းပေါက်သည်။ ပန်းသာမှာ အင်းတော်ရေနံတွင်း အတွက် မြစ်ဆိပ်ဖြစ်၍ ကလေးဝတွင် ကျောက်မီးသွေးတွင်းများ ရှိသည်။
ဧရာဝတီမြစ်တွင်းသို့ ပခုက္ကူအထက်တွင် စီးဝင်သော ချင်းတွင်းမြစ်၏ အောက်မြစ်ဝသည် ပုဂံမင်း တစ်ပါး ဖောက်လုပ်ခဲ့သော တူးမြောင်းဖြစ်သည်ဟု ဆိုကြသည်။ ထိုတူးမြောင်းသည် နှစ်ပေါင်းကြာမြင့်စွာ ပိတ်ဆို့နေခဲ့ရာ ခရစ်သက္ကရာဇ် ၁၈၂၄ ခုနှစ် ရေကြီးသည့်အခါတွင်မှ ပြန်၍ပေါက်သွားသည်ဟု သမိုင်းအမှတ်အသား ရှိသည်။ [၁]
တနိုင်း၊ တဘိုင်၊ တဝမ် နှင့် တရုံး မြစ်များ ဟူးကောင်းချိုင့်ဝှမ်းအတွင်း ပေါင်းဆုံရာမှ ချင်းတွင်းမြစ် အဖြစ်စတင်စီးဆင်းသည်။ ထိုနောက် အနောက်တောင်ယွန်းယွန်းသို့ စီးဆင်းကာ တစ်ဖန်အရှေ့တောင်ဖက်သို့ ပြန်လည်ဦးတည်၍ စီးဆင်းသည်။ မြောက်ဖက်ပိုင်း စီးဆင်းရာလမ်းတစ်လျှောက်တွင် အတော်အတင့် ကြမ်းတမ်းသည့် မြေမျက်နှာပြင်များကို ဖြတ်သန်းခဲ့ရသည်။ ထိုသို့ ဖြတ်သန်းရာတွင် ထိုဒေသများရှိ မြစ်ချောင်းများကို မြစ်လက်တက်များအဖြစ် လက်ခံစီးဆင်းသည်။[၂]
မြစ်လက်တက်များ
အကြီးဆုံးဖြစ်သော မြစ်လက်တက်ဖြစ်သည့် ဥရုမြစ်သည် ဟုမ္မလင်းမြို့တောင်ဖက်တွင် ချင်းတွင်းမြစ် အတွင်းပေါင်းဆုံသည်။ (ဥရုမြစ်ညာရှိ ဖားကန့်ဒေသသည် နာမည်ကျော် မြန်မာ့ကျောက်စိမ်း ထွက်ရှိရာ ပင်မဒေသလည်းဖြစ်သည်။)
ယုမြစ်သည် ကဘော်ချိုင့်ဝှမ်းဒေသကို ဖြတ်သန်း၍ ချင်းတွင်းမြစ်အတွင်း စီးဝင်သည်။
မြစ်သာမြစ်သည် ကလေးချိုင့်ဝှမ်းဒေသကို ဖြတ်ကာ ကလေးဝမြို့ အနီးတွင် ချင်းတွင်းမြစ်နှင့် ပေါင်းဆုံသည်။
မြစ်ကြောင်းတစ်လျှောက် အရေးပါသည့် မြို့များ
ခန္တီးမြို့
ထမံသီ
ဟုမ္မလင်း
မော်လိုက်
ကလေးဝ
ကလေးမြို့
မြင်းခြံမြို့
မုံရွာ
သမိုင်းထဲက ချင်းတွင်းမြစ်
သမိုင်းမှတ်တမ်းများအရ မြန်မာမင်းများသည် ချင်းတွင်းမြစ်ကို အသုံပြုမှုနည်းပါးခဲ့သည်။ သို့သော် ညောင်ရမ်းခေတ်၏ နောက်ဆုံးကာလများတွင် မဏိပူရမှ ကသည်းများ မြန်မာနိုင်ငံကို ကျူးကျော် ဝင်ရောက်လာရာတွင် ချင်းတွင်းမြစ်ကို အသုံးချခဲ့ကြကြောင်း အထောက်အထားများအရ သိရှိရပါသည်။ ကသည်းတို့သည် ဘာသာရေးယုံကြည်ချက်ဖြစ် ဧရာဝတီမြစ် ထိကျူးကျော်လာခြင်းဖြစ်သည်။ ထိုသို့ကျူးကျော်ရာတွင် အင်းဝတစ်ဖက်ကမ်း စစ်ကိုင်း အထိပင်ရောက်ရှိခဲ့သည်ဟု ဆိုသည်။
ဒုတိယကမ္ဘာစစ်အတွင်းတွင်လည်း ဂျပန်တပ်များ အိန္ဒိယသို့ ချီတက်ရာတွင်လည်းကောင်း၊ မဟာမိတ်တပ်များ ဂျပန်တို့ကို နောက်မှလိုက်လံတိုက်ခိုက်၍ မြန်မာနိုင်ငံတွင်းသို့ ပြန်ဝင်ရောက်ရာတွင်လည်းကောင်း ချင်းတွင်းမြစ်ကို အသုံပြုခဲ့ကြသည်။ မဟာမိတ်တပ်များပြန်လည် ထိုးစစ်ဆင်ရန်အတွက် ချင်းတွင်းမြစ်ရေကြီးချိန်ဖြစ်သည် မိုးကာလကို မဟာမိတ်တပ်မှူးဖြစ်သည့် ဗိုလ်ချုပ်စတီးဝဲလ်က ရွေးချယ်ခဲ့ကြောင်း သိရှိရသည်။
ရည်ညွှန်းကိုးကား
ဝီကီပီးဒီးယား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)
———
မူးမြစ်
စစ်ကိုင်း-မုံရွာလမ်း ညောင်ပင်ဝန်းတံတားမှ မြင်ကွင်း (ဇူလိုင် ၂၀၀၈)
အမည်ပြောင်: မူးချောင်း
နိုင်ငံ မြန်မာနိုင်ငံ
ရင်းမြစ် ကဘောချိုင့်ဝှမ်း
မြစ်ဝ ဧရာဝတီမြစ်
– location မြင်းမူ, မြန်မာ
– coordinates 21°56′N 95°38′Eကိုဩဒိနိတ်: 21°56′N 95°38′E
အရှည် ၂၇၅ km (၁၇၁ mi)
မြစ်ဝှမ်း ၁၂,၃၅၅ km2 (၄,၇၇၀ sq mi)
ရေမြင်ဘူး မူးမြစ်ထင်ဟူသော စကားပုံကို လူအများပင် ကြားဘူးကြပေသည်၊ မူးမြစ်သည် ဧရာဝတီမြစ်၏လက်တက် ငယ်ဖြစ်၍ မိုင် ၁၇ဝ ခန့်ရှည်၏။ ရှေးအခါက မူးမြစ်တစ်လျှောက် မိုးမခါတွင် လှေငယ်များသွားလာနိုင်၍ သစ်ဖောင်များ မျှောရန် အသုံးပြုသော်လည်း၊ ယခု တူးမြောင်းရေလွှဲဆည်များ ပြုလုပ်ပြီးဖြစ်၍ လှေငယ်များ မသွားလာတော့ပေ။ ဖောင်များကိုမူ မျှောပေသေးသည်။ ယခုအခါ မူးမြစ်သည် လယ်ယာစိုက်ပျိုးရေးအတွက် ရေပေးသွင်းရန် အသုံးဝင်၍ အရေးပါလေသည်။
မူးမြစ်သည် ကသာခရိုင် ဗန်းမောက်မြို့နယ် အနောက်တောင်ပိုင်းမှ စတင်ပြီးလျှင် မြောက်မှသည် တောင်ဘက်သို့ စီးဆင်းသည်။ သို့သော် ကသာခရိုင်အတွင်းရှိ မူးမြစ်တစ်လျှောက်၌ ယခင်အခါကပင် ကူးသန်းသွားလာခြင်းမရှိခဲ့ပေ။ မူးမြစ်သည် ကသာ ခရိုင်မှ ကျော်လွန်လေသော် ရွှေဘိုခရိုင်တွင်းသို့ ရောက်ကာ အလယ်မှ ဖြတ်သန်းသွားပြီးလျှင် စစ်ကိုင်းခရိုင်တွင်းသို့ စီးဆင်းလေရာစစ်ကိုင်းနယ်နှင့် မြင်းမူနယ်တို့ကို နယ်နိမိတ် ပိုင်းခြားသတ်မှတ်ထားသကဲ့သို့ ရှိနေပေသည်။ မြင်းမူမြို့အနီးတွင် ဧရာဝတီမြစ်တွင်းသို့ လင်္ကျာဖက်မှ စီးဝင်ပေါင်းဆုံသည်။
မူးမြစ်သည် ရေစီးကြောင်း တစ်လျှောက်လုံး၌ ရေစီးသန်ပေသည်။ အကွေ့အကောက်လည်း များသည်။ နွေအခါတွင်ရေခန်းခြောက်သောအခါ၊ ချောင်းသာသာ မြစ်ကလေးမျှ ဖြစ်သော်လည်း မိုးရာသီတွင် ရေဒလဟော စီးဆင်းသည်။ မူးမြစ်၏ အောက်ခင်းသည် ကိုင်းပြတ်ငုတ်တို ပေါများပြီး လျှင် သဲသောင်လည်း ရှိသည်။
မြန်မာမင်းများ လက်ထက်က မူးမြစ်မှ ရေကိုဆည်မြောင်းများဖြင့် သွယ်ယူကာ လယ်ယာစိုက်ပျိုးစေခဲ့သည်။ သို့သော် မပြင်နိုင်လောက်အောင် ပျက်စီးသွားပြီဖြစ်၍ ဆက်လက်အသုံးမပြုကြတော့ပေ။ မူးဟောင်းဟု ယခုတွင်သည်။ ၁၉ဝ၆ ခုနှစ်တွင် အင်္ဂလိပ် အစိုးရသည် ရွှေဘိုတူးမြောင်းကို ဖောက်လုပ်သည်။ ၁၉၁၁ ခုနှစ်တွင် ရေဦးတူးမြောင်းကို ဖောက်လုပ်သည်။ ဤတူးမြောင်း ၂ ခုအတွက် ကဘိုရေလွှဲဆည်မှ တစ်ဆင့် မူးမြစ်ရေများကို လွှဲပြောင်းပေးသောကြောင့် မြစ်၏ ကမ်း ၂ ဖက်လုံးရှိ လယ်မြေအများကို ရေသွင်းပေးနိုင်ခဲ့ပေသည်။
တူးမြောင်းရေသောက် ဧရိယာ ဧကပေါင်းမှာ ၃၁၃,ဝဝဝ ခန့် ဖြစ်သည်။ ထိုကြောင့် မူးမြစ်သည် ရွှေဘိုတူးမြောင်း၊ ရေဦးတူးမြောင်းတို့ကို ရေပေးသွင်းရာ၌အရင်းခံဖြစ်ခြင်းကြောင့်သာလျှင် ယခုအခါ အရေးပါတော့သည်။ ရှေးအခါက ကဲ့သို့ ကုန်သွယ်ရာ၌ အရာမရောက်တော့ပေ။
မူးမြစ်အောက်ဖက်ပိုင်း ကမ်းပါး တစ်ဖက်တစ်ချက်တွင်း မိုးအခါ၌ မြစ်ရေလွှမ်းတင်နေတတ်သည့် ‘မူးတိမ်’ များရှိသည်။ ယင်းတို့ကို အမှီပြု၍ မုယင်စပါးစိုက်ပျိုးလေသည်။ ရွှေဘိုခရိုင်အတွင်း မူးမြစ်၏ လင်္ကျာဖက်ကမ်းပေါ်တွင် ရေဦးမြို့တည်ရှိသည်။[၁]
ကိုးကား
ဝီကီပီးဒီးယား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
၄- စစ်တောင်းမြစ်
စစ်တောင်းမြစ်သည် ရှမ်းကုန်းမြင့်ဒေသ၏ တောင်ဖက်စွန်းတွင် စတင်မြစ်ဖျားခံကာ ပဲခူးတိုင်းကို ဖြတ်သန်းစီးဆင်း၍ မုတ္တမကွေ့ထဲမှ ဘင်္ဂလားပင်လယ်အတွင်းသို့ စီးဝင်သည်။ အရှည်အားဖြင့် ၂၆၁မိုင် (၄၂၀ကီလိုမီတာ) ရှိပြီး အနောက်ဖက် ပဲခူးရိုးမနှင့် အရှေ့ဖက် ရှမ်းရိုးမတို့ကြားရှိ မြေနှိမ့်လွင်ပြင်ဒေသတွင် စီးဆင်းသည်။
ထူးခြားထင်ရှားသည့်အချက်မှာစစ်တောင်းမြစ်တွင် ၂၅ မိုင် (၄၀ ကီလိုမီတာ) ခရီးကို တနှစ်ပတ်လုံး ရေလမ်းခရီးသွားလာနိုင်ပြီး မိုင်ပေါင်း ၅၅ (၉၀ ကီလိုမီတာ) ခရီးကို တနှစ်တွင် ၃-လကြာမျှ ရေလမ်းခရီး သွားလာနိုင်ပါသည်။ ရေစီးသန်၍ နုန်းမြေပို့ချမှုနည်းပါးသောကြောင့် စစ်တောင်းမြစ်သည် စိုက်ပျိုးရေးကို ကောင်းစွာအထောက်အကူမပေးနိုင်ပေ။ သို့သော် ပဲခူးရိုးမမှ ထွက်ရှိသော သစ်လုံးများကို မျှောချတင်ပို့ရာတွင် အသုံးချကြသည်။
ဆက်သွယ်ရေး
သွားလာဆက်သွယ်ရေး လွယ်ကူစေရန် စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ကို ဆက်သွယ်ဖောက်လုပ်ထားသည့် တူးမြောင်းရှိသည်။ ထို့ပြင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အရှေ့ဖက်ကရင်ပြည်နယ်၊ မွန်ပြည်နယ်များနှင့် ဆက်သွယ်သွားလာရေးအတွက် တည်ဆောက်ထားသည့် စစ်တောင်းတံတားလည်းရှိသည်။
မြစ်ကြောင်းတစ်လျှောက် မြို့များ
ပဲခူး
တောင်ငူ
ရမည်းသင်း
ပျဉ်းမနား
———
၅- ကစ္ဆပနဒီ
ကုလားတန်မြစ်တွင်းမှ လှေငယ်တစ်စင်း။
ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ သေလာဂီရိမောရပ္ပတ္တတောင်၏အရှေ့ဘက်တွင်တည်ရှိပါသည်။ ဤမြစ်သည် ပေ(၈၀၀၀)ခန့်မြင့်သော ချင်းပြည်နယ် လူရှည်တောင်တန်းနှင့် အိန္ဒိယနိုင်ငံ ချင်လတိတလန် တောင်ကုန်းများမှ မြစ်ဖျားခံ စီးဆင်းလာပါသည်။
ဒေသခံပြည်သူများက အရပ်အခေါ် ကုလားတန်မြစ် ဟုခေါ်သည်။ စာပေများတွင် ဂစ္ဆပနဒီ(ခေါ်)ကုလားတန်မြစ်ဟု တွေ့ရသည်။ ယခင်က ဒေသခံပြည်သူများသည်လမ်းပန်းဆက်သွယ်ရေးအဖြစ် ကုလားတန်မြစ်ကို ရေလမ်းခရီးအဖြစ် အားပြုကြရသည်။ ကုလားတန်မြစ်သည် ရခိုင်ပြည်နယ်၏ အရှည်ဆုံးနှင့် အသုံးအဝင်ဆုံးမြစ်ကြောင်း တစ်သွယ်ဖြစ်ပါသည်။ ထူးခြားထင်ရှားသည့်အချက်မှာ ချင်းပြည်နယ် မြောက်ပိုင်းမှ ထရောဘာ(တီအိုရီဘာ)အမည်ဖြင့် စီးဆင်းလာသည့်မြစ်ဖြစ်ပြီး အိန္ဒိယနိုင်ငံ နှင့် မြန်မာနိုင်ငံတို့၏ နယ်ခြားမြစ်လည်းဖြစ်ပါသည်။
နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ လက်ထက်တွင် ဒေသခံများအတွက်လမ်းပန်းဆက်သွယ်ရေးပိုမိုအဆင်ပြေချောမွတ်စေရန် ကစ္ဆပနဒီတံတားကြီးကို တည်ဆောက်ပေးနိုင်ခဲ့သည်။
ကိုးကား
ဝီကီပီးဒီးယား
၆- နတ်မြစ်
နတ်မြစ်သည် ဘင်္ဂလားဒေ့ရ်ှနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြားတွင် နှစ်နိုင်ငံနယ်နမိတ် စည်းအဖြစ် သတ်မှတ်ထားသော မြစ်ဖြစ်သည်။ နတ်မြစ်ကို အင်္ဂလိပ်ဘာသာဖြင့် Naf River၊ ရခိုင်ဘာသာဖြင့် နတ်မြစ်၊ ဘင်္ဂါလီဘာသာဖြင့် : নাফ নদী(အသံထွက်-နတ်နဒီ) ဟူ၍ အသီးသီးခေါ်ဆိုကြသည်။ ၎င်းမြစ်သည် ကို့စ်ဘဇာ ပြည်နယ် အရှေ့တောင်ဘက်အစွန်ဆုံးမှ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် တစ်လျောက်လုံးတွင် တည်ရှိပိုင်းခြားထားသည်။ ထိုမြစ်သည် ရခိုင်ရိုးမတောင်တန်းမှ မြစ်ဖျားခံလာကာ အရှေ့တောင်ဘက် ပြည်နယ်များ၏ နယ်ခြားစည်းအဖြစ် စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ မြစ်ဝှမ်းအကျယ်မှာ ၁.၆၁ ကီလိုမီတာမှ ၃.၂၂ ကီလိုမီတာခန့်ရှိသည်။ မြစ်သည်ဒီရေ၏အကျိုးသက်ရောက်မှုကိုလည်း ခံရသည်။ မြန်မာနိုင်ငံ စစ်တွေမြို့အရှေ့ဘက် ကမ်းပါးအဖြစ် နှင့် ကို့စ်ဘောက်ဇာပြည်နယ် တက်နက် သည် အနောက်ဖက် မြစ်ကမ်းပါးအဖြစ်ရှိနေကြသည်။ မြစ်၏ယေဘူယျအနက်မှာ ၁၂၈ ပေ(၃၀မီတာ) နှင့် အနက်ဆုံးနေရာတွင် ပေ ၄၀၀ (၁၂၀ မီတာ) အထိရှိသည်ကို တွေ့ရသည်။
မိုင် ၅၀ မျှ ရှည်သည်။ ဒီရေသည် ၄၅ မိုင်အထိ ရောက်သည်။ မြစ်ဝမှ ၂၄ မိုင်တွင် မြို့သစ်ချောင်းက စီးဝင်သည်။ ရခိုင်ဘက်ကမ်းတွင် ဒီရေချောင်းမြောင်း ပေါများသည်။ ဒီရေ လွှမ်းမိုးမှုကြောင့် စပါးဖြစ်ထွန်းမှုနည်းသဖြင့် ငတ်မြစ်ဟု တွင်ခဲ့သည်။ နတ်မြစ်မှ အနောက်ဘက်ရှိ ရခိုင်ကိုးကွယ်မှုဝင် နတ်တောင်ကို အစွဲပြုထားသည်။ နတ်မြစ်သည် ပုဇွန်မွေးမြူခြင်းကြောင့် ထင်ရှားလာသည်။ မြစ်ဝတွင် ရှင်မဖြူကျွန်း ရှိသည်။
ရှင်မဖြူကျွန်းသည် နတ်မြစ်ဝတွင် တည်ရှိနေပြီး သမိုင်းကြောင်းအရ ပထမ အင်္ဂလိပ်-မြန်မာစစ် ဖြစ်ပွားရန်အတွက် ဆုံးဖြတ်ချက်များ ချက်ချင်း ဆိုသလိုချမှတ်ရေးနှင့် အရေးကြီးသည့်အခန်းတွင် ပါဝင်အသုံးတော်ခံခဲ့သည့် နေရာလည်းဖြစ်သည်။
၇ -ရန်ကုန်မြစ် (ခေါ်) လှိုင်မြစ်
လှိုင်မြစ် (ခေါ်) မြစ်မခမြစ်ကို တစ်နေရာ၌ ရန်ကုန်မြစ် ဟုခေါ်၍ တစ်နေရာ၌ လှိုင်မြစ်ဟု ခေါ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် ထိုမြစ်၏ လက်ဝဲဖက်ကမ်းပေါ်တွင် တည်ရှိသည်။ မြစ်မခမြစ်သည် ရန်ကုန်မြို့ အနောက်မြောက်ဖက် မိုင် ၁၅ဝ ခန့်အကွာ ပြည်ခရိုင်အတွင်း အင်းမကန်နှင့် မဝေးလှသော နေရာတွင် မြစ်ဖျားခံသည်။ ထိုနောက် အရှေ့တောင်ဖက် ပြည်၊ သာယာဝတီ၊ အင်းစိန်ခရိုင်တို့၏ ကုန်းနိမ့်ပိုင်း အလယ်ဗဟိုကို ဖြတ်၍ စီးဆင်းသွားသည်။
ရန်ကုန် – ပြည် မီးရထားလမ်းနှင့် ဧရာဝတီမြစ်တို့ကို ခွဲခြားထား၏။ ထိုမြစ်ကို မြောက်ဖက်၌ မြစ်မခဟုခေါ်သည်။ မြစ်မခမြစ်နှင့် ဧရာဝတီမြစ်တို့ကို ရေဝေကုန်းတန်း တစ်ခုက ပိုင်းခြားထားသည်။ မြစ်မခမြစ်သည် သာယာဝတီခရိုင်တွင် အရေးပါသော ရေလမ်းဖြစ်၏။ ထိုမြစ်အတွင်းသို့ အရှေ့ဖက်ရှိ ပဲခူးရိုးမမှ ချောင်းများ စီးဝင်ကြသည်။ ထိုနယ်အတွင်းရှိ သစ်တောများမှ သစ်များကို ထိုမြစ်မှပင် ထုတ်ယူကြသည်။ စံရွေးရွာသည် ထိုနယ်တွင် မြစ်ကမ်းပါးပေါ်ရှိ အရေးအကြီးဆုံးရွာဖြစ်သည်။ ထိုရွာသည် သစ်တောအခွန် ဆိပ်လည်းဖြစ်၏။ ထိုနေရာ၏ တောင်ဖက်တွင် ထိုမြစ်ကိုပင် လှိုင်မြစ်ဟု ခေါ်သည်။ ထိုအပိုင်းရှိ မြစ်အတွင်းတွင် သင်္ဘောငယ်များ ခုတ်မောင်းနိုင်သည်။ ဧရာဝတီမြစ်နှင့် လှိုင်မြစ်တို့ကို ချောင်းအမြောက်အမြားက ဆက်သွယ်ပေးလျက် ရှိကြသည်။ နောက်ဆုံး ရန်ကုန်မြို့၏ အထက်ဖက်တွင် ပန်းလှိုင်မြစ်သည် ထိုမြစ်အတွင်းသို့ စီးဝင်လာ၏။ ထိုသို့ စီးဝင်လာသော နေရာသည် ကြည့်မြင်တိုင် အနောက်ပိုင်း ဆင်ခြေဖုံးနှင့် မျက်နှာချင်းဆိုင်လောက်တွင် တည်ရှိသည်။ ထိုနောက်တွင် ထိုမြစ်ကို ရန်ကုန်မြစ်ဟု ခေါ်သည်။
သင်္ဘောကျင်းများ တည်ရှိရာ ဒလမြို့သည် မြစ်၏ လက်ျာဖက်ကမ်း တွံတေးတူးမြောင်း၏ အဝ အနီးတွင် တည်ရှိသည်။ မြစ်သည် ရန်ကုန်မြစ်၏ အနေက်ဖက်စွန်းကိုထိ၍ အရှေ့ဖက်သို့ အနည်းငယ် စောင်းကာ စီးသွားသည်။ ထိုသို့ စီးသွားရာတွင် ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ်တို့သည် ရန်ကုန်မြို့၏ အရှေ့ဖက် ဟေ့စတင်းခေါ် ပင်လယ်ကူးသင်္ဘောများ ကျောက်ချရာ သောင်တိမ်၏ အောက်နားတွင် စီးဝင်ကြသည်။ ထိုနောက်တွင် ရန်ကုန်မြစ်သည် အရှေ့တောင်ဖက်သို့ စီးသွားလေသည်။ ပင်လယ်ကူး သင်္ဘောများသည် ရန်ကုန်မြစ်အတွင်းသို့ ရန်ကုန်မြို့အထိသာ ဝင်ရောက်နိုင်ကြသည်ဖြစ်ရာ ၂၁ မိုင် မျှသော ထိုရေလမ်းခရီးကို သင်္ဘောများ ဘေးကင်းစွာ ခုတ်မောင်းနိုင်ရန် ကျွမ်းကျင်သည့် ရေကြောင်းပြများလိုလေသည်။ [၁]
ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
၈- ပဲခူးမြစ်
သန်လျင်တံတားမှ ပဲခူးမြစ်အား မြင်ရပုံ
ပဲခူးမြစ် သည် မြန်မာနိုင်ငံတောင်းပိုင်းမှ မြစ်တစ်စင်းဖြစ်သည်။ ယင်းသည် ပဲခူးနှင့် ရန်ကုန်ကို ဖြတ်သန်းစီးဆင်းသည်။[၁] ပဲခူးမြစ်သည် ပဲခူးရိုးမမှ မြစ်ဖျားခံကာစီးဆင်းပြီး[၂] ရန်ကုန်မြစ်သို့ စီးဆင်းသော မြစ်မခမြစ်သို့ စီးဆင်းသွားသည်။ ပဲခူးမြစ်နှင့် ရန်ကုန်မြစ်ဆုံတွင် သန်လျင်မြို့တည်ရှိသည်။ ရန်ကုန်မြို့နှင့် သန်လျင်မြို့ကို ကူးသန်းသွားလာရန် ပဲခူးမြစ်ကို ဖြတ်သန်းတည်ဆောက်ထားသော တံတားနှစ်စင်းရှိသည်။ ၁၆၀၈ ခုနှစ်တွင် မြန်မာလူမျိူးများ ငဇင်ကာ ဟုသိထားသည့် ပေါ်တူဂီလူမျိုး စွန့်စားသွားလာသူ Philip de Brito e Nicote သည် ရွှေတိဂုံစေတီသို့ ရောက်ရှိခဲ့သည်။
ဝီကီပီးဒီးယား
၉- မဲခေါင်မြစ်
မဲခေါင်မြစ် တစ်နေရာမှ ဆည်းဆာရှုခင်း
အရှည် ၄,၈၀ဝ ကီလိုမီတာ ရှိသည့် မဲခေါင်မြစ်သည် အရှေ့တောင်အာရှဒေသ၏ ဗဟိုချက်မကို ဖြတ်၍ နိုင်ငံ ၆-ခုကို ဖြတ်သန်းစီးဆင်းလာပါသည်။ ဤမြစ်သည် ဒေသအတွင်းရှိ အရှည်လျားဆုံး မြစ်တစင်းဖြစ်ပြီး၊ ၎င်းမြစ်ဖျားခံရာတိဘက်ဒေသမှ ဗီယက်နမ် မြစ်ဝှမ်းဒေသများအထိ လွှမ်းခြုံမှု ရှိပါသည်။ လူသန်းပေါင်း ၆ဝ ခန့်သည် မဲခေါင်မြစ်နှင့် ၎င်း၏ မြစ်လက်တက်များကိုမှီ၍ အစားအသောက်၊ ရေနှင့် သယ်ယူပို့ဆောင်ရေးကိစ္စများအတွက် မြစ်ကို အသုံးပြုနေကြရပါသည်။ ထို့အပြင် မြစ်ကိုမှီ၍ နေ့စဉ် သက်မွေးဝမ်းကြောင်းကိစ္စအများကို ဆောင်ရွက်နေကြရပြီး၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာအရလည်း အထူးအရေးပါသည့် မြစ်ဖြစ်ပါသည်။ ထို့အပြင် မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် မျိုးစိတ်အကွဲပြားဆုံး ငါးများရရှိစေပြီး တံငါလုပ်ငန်းကိုလည်း အထောက်အကူပြုပါသည်။ ဘရာဇီးနိုင်ငံရှိ အမေဇုံမြစ်ပြီးလျှင် မဲခေါင်မြစ်သည် ငါးမျိုးစိတ် အစုံလင်ဆုံးသော မြစ်တစင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံအကြားတွင် မဲခေါင်မြစ်က နယ်နိမိတ်အဖြစ် ကီလိုမီတာ ၂၃၄ အရှည် ဖြတ်သန်း စီးဆင်းသွားပါသည်။ ဤဒေသတွင် “ရွှေတြိဂံဒေသ” လည်း အပါအဝင်ဖြစ်ပြီး မြန်မာ-ထိုင်း- လာအို ၃-နိုင်ငံ ပေါင်းဆုံရာ ဒေသ ဖြစ်ပါသည်။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုကြောင့် လူသိများလှသည့် ဒေသလည်း ဖြစ်သည်။ မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာနိုင်ငံ၏ တောင်တန်းများပေါ်၌ ဌာနေတိုင်းရင်းသား ၂၂,ဝဝဝ ခန့် မှီတင်းနေထိုင်လျှက် ရှိပါသည်။ ဤနေရာများမှာ ဝေးလံခေါင်သီလှပြီး အခါ၊ ရှမ်း၊ လားဟူ၊ လွယ်လ (ဆမ်တောင်)၊ တရုတ်နှင့် အင်းတိုင်းရင်းသားများ နေထိုင်လျှက် ရှိသည်။
မဲခေါင်မြစ်သည် တရုတ်လူမျိုးများကဲ့သို့ပင်၊ လားဟူလူမျိုးများအတွက်လည်း အထူးအရေးပါလှပါသည်။ သူတို့က မဲခေါင် မြစ်ကို လန်ကန်း (Lancang) ဟု ခေါ်ကြပါသည်။ ရှေးရိုးရာပုံပြင်များအရ ရှေးဦးလားဟူလူမျိုးများသည် ဤမြစ်ဖျားခံရာ ဒေသမှ ဆင်းသက်လာကြသည်ဟု ဆိုကြပြီး၊ ရိုးရာ သီချင်းများ၊ ပုံပြင်များက ဤမြစ်ကို ကိုးကား၍ ဖော်ပြပြောဆိုလေ့ ရှိ ကြပါသည်။[၁]
မဲခေါင်မြစ်ဝှမ်းဒေသ
မဲခေါင်မြစ်
မဲခေါင်မြစ်သည် အာရှတိုက်တွင် စီးဆင်းသော မြစ်ကြီး တစ်သွယ် ဖြစ်သည်။ မိုင်ပေါင်း ၂၈ဝဝ မျှ ရှိ၍အာရှတိုက်တွင် ရှည်လျားသော မြစ်ကြီးများ စာရင်းဝင်ဖြစ်သည် မဲခေါင်မြစ်သည် တိဗက်ကုန်းပြင်မြင့်တွင် မြစ်ဖျားခံသည်။ သံလွင်မြစ်၏ မြစ်ဖျား ခံရာနေရာနှင့် များစွာ မဝေးလှပေ။ အဦးအစ စီးဆင်းသည်မှစ၍ အထက်ပိုင်းတွင် အနောက်ဘက်ရှိ သံလွင်မြစ်နှင့် လည်းကောင်း၊ အရှေ့ဖက်ရှိ ယန်စီမြစ်တို့နှင့် လည်းကောင်း မျဉ်းပြိုင်ဆိုသလို စီးဆင်းသည်။ မိုင်ပေါင်း ၁၂ဝဝ မျှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ တွင်း စီးဆင်းပြီးနောက် မြန်မာနိုင်ငံဖြစ်သော ရှမ်းပြည် ကျိုင်းတုံနယ်စပ်တစ်လျှောက် ဝိုက်သန်းစီးဆင်း၍ တစ်စိတ် တစ်ဒေသအားဖြင့် လာအိုနိုင်ငံနှင့် နယ်နိမိတ် ပိုင်းခြား သတ်မှတ်လိုက်သည်။ ထိုနောက် လာအိုနိုင်ငံတွင်းသို့ ဖြတ်သန်းစီးဝင်ပြီးလျှင် ထိုင်းနိုင်ငံ၏ အရှေ့ဖက် နယ်စပ် တစ်လျှောက် ပတ်သန်းစီးဆင်း၏။ ထိုမှတစ်ဖန် ကမ္ဗောဒီးယားနိုင်ငံ ကို ဖြတ်သန်းစီးဆင်းပြီးသောအခါ ဗီယက်နမ် နိုင်ငံတွင်းသို့ စီးဝင်ပြီးလျှင် ဆိုင်ဂွန်မြို့အနီးတွင် တောင် တရုတ်ပင်လယ်တွင်းသို့ စီးဝင်သည်။ ထိုကြောင့် မဲခေါင်မြစ်သည် တိဗက်ကုန်းပြင်မြင့်မှ စတင်စီးဆင်းပြီးလျှင် နိုင်ငံ ၅ ခုတွင်းသို့ ဖြတ်သန်းစီးဝင်သည်။ သို့ဖြစ်၍လည်း အရပ်ဒေသကိုလိုက်၍ အမည်အမျိုးမျိုးတွင်သည်။ မဲခေါင်မြစ်သည် တိဗက်ပြည် ဒဇနတ်လွန်မွန်တောင်ခြေမှ စတင်စီးဆင်းသည်ဟု ယူဆရသည်။ ထိုဒေသကား ပင်လယ်ပြင် အထက် အမြင့်ပေ ၁၆၇ဝဝ ခန့်တွင်တည်ရှိသည်။ တိဗက်ပြည်တွင် ဒဇချူဟုတွင်သည်။ မြစ်ဖျားခံရာမှ အရှေ့တောင်ဘက် ချီယမ်ဒိုသို့ စီးဆင်းသည်။ ထိုဒေသကား ပင်လယ်ပြင်အထက် အမြင့်ပေ ၁ဝယ ဝဝဝ ခန့်တွင် တည်ရှိသည်။ ဆက်လက်၍ တောင်ဘက်သို့မထင်ရှားသော တောကြို တောင် ကြား တစ်လျှောက်စီးဆင်းသည်။ လတ္တီတွဒ် ၂၉ ဒီဂရီ ရှိ ဒါယူမှ လွန်သောအခါ လန်ဆန်ကျန်ဟူ၍ တရုတ်အမည်ဖြင့် တွင်သည်။ မိုင်ပေါင်း ၃ဝဝ မျှ မထင်မရှား မြင့်မားသော တောင်စောင်း ကျောက်ကမ်းပါးများ အကြားတွင် အဟုန်ပြင်းစွာ စီးဆင်းသည်။ တရုတ်နိုင်ငံမှ လွန်သောအခါ မြစ်သည် ကိုက် ၃ဝဝ၊ ၄ဝဝ ခန့် ကျယ်လာသည်။ ရှေးအခါက ဗန်းမော်မှတာလီဖူးသို့ သွားသောလှည်းဝန်တင် လမ်းသည် မဲခေါင်မြစ်ကို ကြိုးတံတားဖြင့် ဖြတ်ကျော်ရသည်။ မဲခေါင်မြစ်သည် ယင်းဖြတ်သွားရသော တောင်ထုကြီး များအလိုက်၊ လမ်းကြောင်းပြောင်း၍ စီးဆင်းသည်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ်နှင့် လာအိုနိုင်ငံတို့ကို ပိုင်းခြားသော နယ်နိမိတ် သဖွယ်လည်း ဖြစ်၏။ ယိုးဒယားနိုင်ငံ ချီအင်ဆန်းမြို့နှင့် လူအန်ပရဗန်တို့ အကြားတွင် အရေးပါသော မြစ်လက်တက်များ စီးဝင်သည်။ မဲခေါင်မြစ်တွင် ရေမော် ၄ တန်ရှိသည်။ မြောက်လတ္တီတွဒ် ၁၆ဒီဂရီရှိ ကေမာရတ်တွင်ရှိသော ရေမော်သည် မိုင် ၆ဝ မျှ ရှည်ကာ အဟုန်ပြင်းထန်၏။ စတုတ္ထ ရေမော်လည်း ဖြစ်၏။ နောက်ဆုံးရေမော်သည် ခွန်တွင် ရှိသည်။ ယင်းနေရာမှ သည် တောင်တရုတ်ပင်လယ်တွင်းသို့ မစီးဝင်မီ မိုင် ၄ဝဝ မျှကွေ့ကောက်စီးဆင်းသည်။
ကမ္ဗောဒီးယားနိုင်ငံတွင်းသို့ စီးဝင်ပြီးနောက်ဗီယက်နမ်နိုင်ငံ တွင်းသို့ ရောက်လျှင် မြစ်သည် ၃ ကြောင်းကွဲကာ တောင်တရုတ်ပင်လယ်တွင်းသို့ စီးဝင်သည်။ မဲခေါင်မြစ်သည် မြေပြန့်နှင့် မြစ်ဝကျွန်းပေါ် ဒေသများတွင် ရေကြီးတတ်သည်။ ကမ္ဗောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ သည် မဲခေါင်မြစ်ကြောင့် မြေဩဇာကောင်းမွန်ကြသည်။ မဲခေါင်မြစ် တစ်လျှောက်တွင် လှေသင်္ဘောများ သွားလာနိုင်အောင် ပြင်သစ်တို့ကများစွာ ကြိုးပမ်းပြုပြင်ခဲ့သည်။ ယခုအခါတွင်လည်း အမေရိကန်နှင့် အာရှတိုင်းရင်းသားတို့သည် မဲခေါင်မြစ်အကြောင်းကို ပိုမိုသိရှိနိုင်ရန် လေ့လာစုံးစမ်းလျက်ရှိ၍၊ တိုးတက်ရေး လမ်းစများကို ရှာဖွေနေကြပေပြီ။ မဲခေါင်မြစ်ပေါ်တွင် တည်ရှိသော မြို့များအနက် ထင်ရှားသည်တို့ကား လာအိုနိုင်ငံမြို့တော် ဗီယင်ကျန်းမြို့နှင့် ကမ္ဗောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မြို့တို့ ဖြစ်ကြ ၏။[၂]
ကိုးကား
© 2009 မြန်မာနိုင်ငံ မြစ်ချောင်းများဆိုင်ရာ ကွန်ယက် (BRN)
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
၁၀- ဟောင်သရောမြစ်
Haungtharaw (Haungthayaw River, view from Kya-in bridge
ဟောင်သရောမြစ်သည် ထိုင်းနိုင်ငံ ဆန်ခပူရီခရိုင်မှ မြစ်ဖျားခံလာသော မြစ်တစ်စင်းဖြစ်သည်။ ဟောင်သရောမြစ်သည် မြောက်ဘက်အတိုင်းစီးဆင်းလာပြီး ကရင်ပြည်နယ်၊ ကျုံဒိုးမြို့အနီးတွင် လှိုင်းဘွဲ့မြစ်နှင့် ပေါင်းစပ်သွားကာ ဂျိုင်းမြစ်အဖြစ် စီးဆင်းသွားသည်။
ဝီကီပီးဒီးယား