ကန္ဒီစာချုပ်

မှတ်ဖွယ် မှတ်ရာ

မြန်မာ့ သမိုင်းရေးရာ

စာပဒေသာ ( )

(သန်းဝင်းလှိုင်) ၏ နို၀င်ဘာ ၂၇၊ ၂၀၁၃

ဆောင်းပါး ကို ပြန်လည် ကူးယူ မျှ ေ ဝ ပါသည်။

အေးမြင့် (ေ ညာင် တုန်း )

၄၊ ၃ ၊ ၂၀၂၃

✍️ ကန္ဒီစာချုပ် ✍️

ဒုတိယကမ္ဘာစစ် ပြီးသောအခါ အမြဲတမ်း ဗမာ့တပ်မတော် ဖွဲ့စည်းရေးကိစ္စ ပေါ်လာသည်။

ထိုစာချုပ်နှင့် ပတ်သက်၍ ပထမတွင် ဗြိတိသျှအစိုးရနှင့် မျိုးချစ်ဗမာ့တပ်မတော် ခေါင်းဆောင်များအတွင်း သဘောထားချင်း မတူကြပေ။

စစ်ပြီး၍ ဗမာ့တပ်မတော်အသစ် ပြန်လည်ဖွဲ့စည်းရာတွင် ရှိနေပြီးသော မျိုးချစ်ဗမာ့တပ်မတော်ကို ဖျက်သိမ်းပြီးမှ တပ်မတော်သား တစ်ဦးချင်းအလိုက် စိစစ်၍ ဗမာ့တပ်မတော်ကို ဖွဲ့စည်းရန် ဗြိတိသျှအစိုးရက ဆန္ဒရှိခဲ့သည်။

မြန်မာ့ခေါင်းဆောင်များကမူ မျိုးချစ်ဗမာ့တပ်မတော်ကို မဖျက်သိမ်းဘဲ အဖွဲ့အစည်းလိုက် ထား၍ ယင်းကိုပင် အမာခံထားကာ ဗမာ့တပ်မတော်ကို ဖွဲ့စည်းရန် ဖြစ်သည်။

ထို့ပြင် ဖက်ဆစ်တော်လှန်ရေး ပြောက်ကျား တပ်သားများကိုလည်း အမြဲတမ်း ဗမာ့တပ်မတော်အတွင်း သိမ်းသွင်းရန် မြန်မာ့ ခေါင်းဆောင်များက လိုလားကြသည်။

ထိုသို့ သဘောထားချင်း မတူသည်ကို စေ့စပ်ဆွေးနွေးရန် မြန်မာနိုင်ငံဘက်က ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗြိတိသျှအစိုးရဘက်က အရှေ့တောင်အာရှဆိုင်ရာ မဟာမိတ်တပ်များ၏ စစ်သေနာပတိချုပ် လော့ဒ်လူဝီမောင့်ဘက်တန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့သည် သီရိလင်္ကာနိုင်ငံ ကန်ဒီမြို့၌ ၁၉၄၅ ခု စက်တင်ဘာလ ၆ ရက် မှ ၇ ရက်နေ့အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သူများမှာ –

(၁) ဗိုလ်ချုပ် အောင်ဆန်း (စစ်သေနာပတိချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်)

(၂) ဗိုလ်လက်ျာ (ဒုတိယ စစ်သေနာပတိချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်)

(၃) ဗိုလ်နေဝင်း (ရှေ့တန်းစစ်ဌာနချုပ်မှူး၊ မျိုးချစ်ဗမာ့တပ်မတော်)

(၄) ဗိုလ်ဇေယျ (စစ်ဦးစီးချုပ်၊ မျိုးချစ်ဗမာ့တပ်မတော်)

(၅) ဗိုလ်ကျော်ဇော (တိုင်းမှူး၊ မျိုးချစ်ဗမာ့တပ်မတော်)

(၆) ဗိုလ်မောင်မောင် (တိုင်းမှူး၊ မျိုးချစ်ဗမာ့တပ်မတော်)

(၇)ဗိုလ်ဇော်မင်း (စစ်ရေးဌာန၊ မျိုးချစ်ဗမာ့တပ်တော်)

(၈) သခင်သန်းထွန်း (အထွေထွေအတွင်းရေးမှူး၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်)

(၉) ဦးဘဘေ (ဗဟိုအလုပ်အမှုဆောင်အဖွဲ့၀င်၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်)

(၁၀) စောဘဦးကြီး (ဗဟိုကောင်စီဝင်၊ ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့အဖွဲ့ချုပ်၊ ကရင်လူမျိုးစု ကိုယ်စားလှယ်)

(၁၁) ဦးညိုထွန်း (ရခိုင်ပြည်နယ် ဖက်ဆစ်တော်လှန်ရေး ခေါင်းဆောင်)

(၁၂) ICS ဦးတင်ထွဋ် (မြန်မာနိုင်ငံ စစ်ပြေးအစိုးရ၊ အကြံပေးပုဂ္ဂိုလ်)

👨‍✈️ မောင့်ဘက်တန်က –

ဗြိတိသျှတို့၏ မြန်မာနိုင်ငံ ပြန်လည်သိမ်းပိုက်ရေးအတွက် ဆင်နွှဲခဲ့သည့် တိုက်ပွဲစဉ် တစ်လျှောက်လုံးတွင် ဖတပလ ခေါင်းဆောင်များနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပုံ၊ ဗမာ့တပ်မတော်မှ ပူးပေါင်းပါ၀င် ကူညီမှုနှင့် ကြိုးပမ်းဆောင်ရွက်ချက်များကို မည်သို့မည်ပုံ ဝါဒဖြန့်ချိ ပေးခဲ့ပုံတို့ကို ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ တိုက်ပွဲစဉ် တစ်လျှောက်လုံးတွင် အမှတ် (၁၄) တပ်တော်ကို ဦးစီးကွပ်ကဲခဲ့ပြီး အစည်းအဝေးကျင်းပချိန်တွင် အရှေ့တောင်အာရှ မဟာမိတ် ကြည်းတပ်ဖွဲ့များဆိုင်ရာ စစ်သေနာပတိချုပ်အဖြစ် တာ၀န်ထမ်းဆောင်နေသူ ဒုတိယဗိုလ်ချုပ်ကြီး စလင်းအား မြန်မာနိုင်ငံ တိုက်ပွဲစဉ်တွင် ဗမာ့တပ်မတော် အင်အားစုများထံမှ ရရှိခဲ့သော အကူအညီနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား စေခဲ့သည်။

👨‍🎨 ဒုတိယဗိုလ်ချုပ်ကြီး စလင်းက –

ကျွန်ုပ်နှင့် အမှန်တကယ် ပူးပေါင်းတိုက်ခိုက်ခဲ့သော လက်နက်ကိုင် တပ်ဖွဲ့များကို (၃) မျိုး ခွဲခြားနိုင်ပါသည်။

(၁) ပထမဆုံးမှာ မြန်မာနိုင်ငံ တပ်မတော် (Regular Burma Army) ဖြစ်သည်။

ဤတပ်မတော်မှာ ဂျပန်တို့ မြန်မာနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခြင်း မပြုမီကပင် ဖွဲ့စည်းတည်ရှိခဲ့သော တပ်မတော် ဖြစ်ပါသည်။

မြန်မာနိုင်ငံသို့ ဂျပန်တပ်များ ဝင်ရောက်တိုက်ခိုက်သောအခါ အိန္ဒိယနိုင်ငံသို့ ဆုတ်ခွါလာသူများ ဖြစ်ကြသည်။

ထို့နောက် မြန်မာနိုင်ငံ ပြန်လည်သိမ်းပိုက်ရေး တိုက်ပွဲစဉ်တွင် ကျွန်ုပ်နှင့်အတူ လိုက်ပါလာ၍ အဖွဲ့အစည်းမပျက် ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။

ယခုအခါ မြန်မာနိုင်ငံ တပ်မတော်မှာ ခြေလျင်တပ်ရင်းများအပြင် ဆက်သွယ်ရေးတပ်ကဲ့သို့ အုပ်ချုပ်မှု ၀န်ထမ်းတပ် အမျိုးမျိုးဖြင့် တည်ရှိနေပါသည်။

(၂) ဤအမြဲတမ်း အင်အားစုများ အပြင် ဗြိတိသျှ အရာရှိများ၏ ခေါင်းဆောင်မှုအောက်တွင် ဖွဲ့စည်းပြီး ကျွန်ုပ်က လုံးလုံးလျားလျား ကြီးကြပ်အုပ်ချုပ်ရသည့် လဲဗီး ပြောက်ကျားတပ် အများအပြားလည်း ရှိခဲ့ပါသည်။

(၃) တတိယ အမျိုးအစားမှာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သည့် ဗမာ့တပ်မတော် (Burma National Army-BNA) ဖြစ်ပါသည်။

ယခု တပ်ဖွဲ့ (၃) မျိုးကို တစ်ခုစီ ပြန်လည်လေ့လာသုံးသပ်ပါက မြန်မာနိုင်ငံ တပ်မတော်တွင် တပ်ရင်းအများအပြား ရှိခဲ့ရာ တပ်ရင်းအချို့ကို အိန္ဒိယ အမျိုးသားများဖြင့် ဖွဲ့စည်းခဲ့ပြီး ဆက်သွယ်ရေးတပ်များ အပါအ၀င် အုပ်ချုပ်မှု ၀န်ထမ်းတပ်များကိုမူ မြန်မာတိုင်းရင်းသားများဖြင့်သာ ဖွဲ့စည်းခဲ့ပါသည်။

၁၉၄၂ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ လဲဗီး ပြောက်ကျားတပ်များမှာ တပ်သားအင်အား အများဆုံးသော တပ်ဖွဲ့ ဖြစ်ပါသည်။

ဤပြောက်ကျားတပ်များမှာ ကျွန်ုပ်တို့ ကံဆိုးမိုးမှောင် ကျနေချိန်ကပင် ကျွန်ုပ်တို့ဘက်တွင် ရှိနေသော တပ်များ ဖြစ်ခဲ့ကြပါသည်။

ယင်း လဲဗီး ပြောက်ကျားတပ်များ မှာ ကချင်၊ ချင်းနှင့် ကရင် လဲဗီး ပြောက်ကျားတပ်များ ဖြစ်ပါသည်။

ကျွန်ုပ်တို့အား အကူအညီပေးခဲ့သည့် တတိယအဖွဲ့အစည်းမှာ ဗမာ့တပ်မတော် ဖြစ်ပါသည်။

BNA (ခေါ် ) ဗမာ့တပ်မတော် မှာ ၁၉၄၂ ခုနှစ်တွင် ဂျပန်တို့၏ အားပေးကူညီမူ ဖြင့် ဖွဲ့စည်းခဲ့ပြီး ၁၉၄၂ ခုနှစ် တိုက်ပွဲစဉ်၌ ဂျပန်တို့ဘက်က တိုက်ခိုက်ခဲ့ပါသည်။

ဗမာ့တပ်မတော်သည် ၁၉၄၂ ခုနှစ် တနှစ်လုံး ဂျပန်တို့ဘက်မှ တက်ကြွစွာ ပါဝင်တိုက်ခဲ့ပြီး ဗိုလ်ချူပ်ဝင်းဂိတ်၏ တပ်များ နှင့် ၁၉၄၂ ခုနှစ်တွင်လည်းကောင်း၊ ကျွန်ုပ်တို့၏ တပ်ဖွဲ့များနှင့် ၁၉၄၄ ခုနှစ်တွင် ကသာမြို့အနီး အင်းတော်တွင်လည်းကောင်း တိုက်ခိုက်ခဲ့ကြ ပါသည်။

၁၉၄၅ ခုနှစ်ဦးပိုင်းတွင် ဗမာ့တပ်မတော်နှင့် အဆက်အသွယ် ရရှိနေပြီ ဖြစ်သည့် ကျွန်ုပ်တို့၏ သူလျှိုများက ဗမာ့တပ်မတော်သည် ဂျပန်တို့နှင့် အဆက်အသွယ် ရရှိခဲ့ပါသည်။

မေလ ၁၅ ရက်နေ့တွင် ဗိုလ်ချူပ်အောင်ဆန်းသည် ကျွန်ုပ်တို့ထံ လာရောက် တွေ့ဆုံစဉ်က ဗမာ့တပ်မတော်မှ တပ်အချို့သည် ယင်း၏ အမိန့်အရ ကျွန်ုပ်တို့ တပ်မှူးများ၏ အမိန့်ကို နာခံ၍ အတူပူးပေါင်း တိုက်ခိုက်နေကြောင်း ပြောပြပါသည်။

ဗြိတိသျှ အရာရှိများ တွဲဖက်ထားသည့် ကျန် တပ်ဖွဲ့ငယ်များသည် ကျွန်ုပ်တို့ အတွက် ရန်သူသတင်း ထောက်လှမ်းရေးနှင့် ဂျပန်တပ်ဖွဲ့ငယ်များကို တိုက်ခိုက် ချေမူန်းရာ၌ အလွန်အသုံး၀င်ခဲ့ပါသည်။

ကျွန်ုပ်တို့တပ်များ မြန်မာနိုင်ငံ ရောက်ရှိလာလေလေ ယင်းတပ်ဖွဲ့ငယ်များ တိုးပွားလာလေလေ ဖြစ်ပြီး ကျွန်ုပ်တို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် လာရောက်ဆက်သွယ် ပူးပေါင်းခဲ့ကြပါသည်။

ကျွန်ုပ်တို့၏ တပ်ဖွဲ့များနှင့် ရာနှုန်းပြည့် သစ္စာရှိစွာ ကျွမ်းကျင်ထိရောက်စွာ ပူးပေါင်း တိုက်ခိုက်ခဲ့ကြပါသည်။

ဂျပန်တပ်များ ဆုတ်ခွာရာ လမ်းကြောင်းတွင် ၄င်းတပ်ဖွဲ့များသည် လုံး၍ တိုက်ခိုက်ခဲ့ကြပြီး ဂျပန် အမြောက်အများ သေဆုံးခဲ့ပါသည် ဟူ၍ ပြောကြားခဲ့သည်။

———————

👨‍🚀 ဗိုလ်ချုပ်အောင်ဆန်းက –

၁၉၄၂ ခုနှစ်တွင် ဗမာ့တပ်မတော်သည် ဗြိတိသျှတပ်ဖွဲ့များနှင့် တိုက်ခိုက်ခဲ့ရပါကြောင်း၊ သို့သော် တိုက်ပွဲဖြစ်ပွားသည့် အကြိမ်အရေအတွက်မှာ မများလှကြောင်း၊ ဤသို့ တိုက်ပွဲဖြစ်သွားသည့်အကြိမ် မများခြင်းမှာ ဂျပန်တို့က ဗမာ့တပ်မတော်ကို ထိခိုက်သေဆုံးမည်စိုး၍ လည်းကောင်း၊ ဗြိတိသျှတပ်များကို ကြင်နာသနား၍လည်းကောင်း တိုက်ခွင့်မပြုခြင်း မဟုတ်ကြောင်း၊ ဗမာ့တပ်မတော် တပ်ဖွဲ့များ ထင်ပေါ်ကျော်ကြားလာမည်ကို မလိုလား၍ ခွင့်မပြုခြင်းဖြစ်ကြောင်း၊

၁၉၄၄ ခုနှစ်တွင် ဗိုလ်ချုပ် ဝင်းဂိတ်၏ တပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများမှာ ဗြိတိသျှနှင့် မြန်မာတို့အကြား အဆက်အသွယ် ရရှိပြီးမှ မတော်တဆ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသာ ဖြစ်ကြောင်း၊ ဗမာ့တပ်မတော်သည် ၁၉၄၃ ခုနှစ်ကုန်ပိုင်းမှ စ၍ မဟာမိတ်တို့နှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း၊

မျိုးချစ် ဗမာ့ တပ်မတော်သားများကို အမြဲတမ်း တပ်မတော်ထဲသို့ တပ်ဖွဲ့လိုက် မဟုတ်ဘဲ တစ်ဦးချင်း စိစစ်ရွေးချယ် လက်ခံနေခြင်းသည် ကောင်းမွန်ခြင်း မရှိကြောင်း၊ မျိုးချစ် ဗမာ့တပ်မတော်သားများကို မကျေနပ်ချက်များ ဖြစ်ပေါ်စေပြီး မလိုလားအပ်သည့် ခံစားမှုများကို ပေါ်ပေါက်စေကြောင်း၊ မျိုးချစ်ဗမာ့တပ်မတော် သားများအနေဖြင့် နိုင်ငံတော် အဖွဲ့အစည်းတခုအဖြစ် ရည်တည်ခဲ့သည့် တပ်မတော်ကြီးတစ်ခု ပြိုကွဲသွားပြီး ယင်းတို့၏ သက်စွန့်ကြိုးပမ်း စွမ်းဆောင်ချက်များကိုလည်း ထိုက်တန်သည့် အသိအမှတ်ပြုခြင်းမျိုး မခံရဟု ခံစားကြရကြောင်း၊

ထို့ကြောင့် ယခုကဲ့သို့ မျိုးချစ် ဗမာ့တပ်မတော်သားများကို တစ်ဦးချင်း စိစစ်ရွေးချယ်နေမည် ဆိုပါက မှားလိမ့်မည် ဖြစ်ကြောင်း၊ မျိုးချစ် ဗမာ့တပ်မတော် တရပ်လုံးကို နားလည်မှု လွဲမှားခြင်းများ မကျေနပ်ချက်များ ပေါ်ပေါက်စေမည်ဖြစ်ကြောင်း၊ မျိုးချစ် ဗမာ့တပ်မတော်သားများအနေဖြင့် ဆေးစစ်ခြင်း၊ လစာနှင့် အခွင့်အရေးများ၊ တပ်သားများ စိစစ်ရွေးချယ်ခြင်း၊ ရာထူးအဆင့် သတ်မှတ်ခြင် ခန့်အပ်ခြင်းများကို မျိုးချစ်ဗမာ့တပ်မတော်မှ ကိုယ်စားလှယ်များ ပါဝင်သည့် ဘုတ်အဖွဲ့မှ ဆောင်ရွက်ပြီး ဘုတ်အဖွဲ့၏ သဘောတူညီမှုဖြင့်သာ မျိုးချစ်ဗမာ့တပ်မတော်ကို အမြဲတမ်း တပ်မတော်ကဲ့သို့ ပူးပေါင်းသိမ်းသွင်းရေး လုပ်ငန်းများကို ဆောင်ရွက်စေလိုကြောင်း၊

ရှေးဦးစွာ စိစစ်ရွေးချယ်ခြင်း ခံရသည့် မြစ်ဝကျွန်းပေါ်တိုင်းမှ တပ်ဖွဲ့များအနေဖြင့် ကျေနပ်မှု မရှိသည်ကို တွေ့ရှိရကြောင်း၊ မျိုးချစ်ဗမာ့တပ်မတော် တိုင်းမှူးများ အစည်းအဝေးကလည်း ဆေးစစ်ရာတွင် အောင်မြင်သူ၊ ရာဇဝတ်ပြစ်မှု ကင်းရှင်းသူ၊ တပ်မတော်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုသူ မျိုးချစ် ဗမာ့တပ်မတော်သား အားလုံးကို အမြဲတမ်းတပ်မတော်သို့ လက်ခံရန်နှင့် တပ်ဖွဲ့အလိုက် သီခြားဖွဲ့စည်းရန် ဆုံးဖြတ်ကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံ တပ်မတော်ကို ပြန်လည်ဖွဲ့စည်းရာတွင် မြန်မာနိုင်ငံတွင်းမှ ဖက်ဆစ်ဂျပန်များကို မောင်းနှင်ထုတ်ရာ၌ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် မျိုးချစ်ဗမာ့တပ်မတော်နှင့် ဖက်ဆစ်တော်လှန်ရေး အင်အားစုများကို တပ်ဖွဲ့အလိုက် ပါ၀င်ခွင့်ရရန် ဦးစားပေးသင့်ကြောင်း၊

မျိုးချစ်ဗမာ့တပ်မတော်နှင့် မဟာမိတ်တို့ဖက်မှ နှစ်ဘက် ကိုယ်စားလှယ်များ ပါဝင်သည့် ဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီး မျိုးချစ်ဗမာ့တပ်မတော်ကို မြန်မာတပ်မတော်ထဲသို့ ပူးပေါင်းသိမ်းသွင်း ဖွဲ့စည်းရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊

အရာရှိများ ရာထူး ခန့်အပ်ရာတွင် အရည်အချင်း ပြည့်မီခြင်း မရှိသော အရာရှိများကို အဆိုပါရာထူးတွင် အစမ်းခန့်ထားပြီး သတ်မှတ်ထားသော ကာလအတွင်း အရည်အချင်း ပြည့်မီသည့်အခါမှ အမြဲတမ်း ခန့်ထားရန်၊ စာမေးပွဲများ ဖြေဆိုရာတွင် တိုင်းရင်းဘာသာဖြင့်လည်း ဖြေဆိုခွင့်ပြုရန် ဖြည့်စွက်အကြံပြုလိုကြောင်း တင်ပြပါသည်။

—————

👨‍✈️ စစ်သေနာပတိချုပ် မောင့်ဘက်တန်က မြန်မာနိုင်ငံ တပ်မတော်အသစ်တွင် မျိုးချစ်ဗမာ့တပ်မတော်မှ အင်အား ၆ဝဝဝ ခန့်အထိ လက်ခံသိမ်းသွင်းလိုကြောင်း ပြောကြားရာ …….

👨‍🎨 ဒုတိယဗိုလ်ချုပ်ကြီး စလင်းက –

ဤအစည်းအဝေး၌ အခြားသော ဖက်ဆစ်တော်လှန်ရေး အင်အားစုများ၏ ကိုယ်စားလှယ်များ မပါ၀င်ရန် မျိုးချစ်ဗမာ့တပ်မတော်ကိုသာ အသိအမှတ်ပြု လိုက်လျောမည် ဆိုပါက ကျွန်ုပ်တို့အနေဖြင့် အခြားသော ဖက်ဆစ်တော်လှန်ရေး အင်အားစုများကို ပစ်ပယ်ရာကျမည် ဖြစ်ကြောင်း၊

ဤသို့ပြောခြင်းမှာ မျိုးချစ်ဗမာ့တပ်မတော်မှ ပါဝင်မည့် အင်အားကို ဖြတ်တောက် ကန့်သတ်လို၍ ပြောခြင်းမဟုတ်ဘဲ ကျွန်ုပ်တို့နှင့် ကြာရှည်စွာ သစ္စာရှိစွာ တာဝန်ထမ်းဆောင်ခဲ့သည့် အခြားသော ဖက်ဆစ်တော်လှန်ရေး အင်အားစုများအတွက် တရားမျှတမှု ရှိစေရန် ပြောဆိုခြင်း ဖြစ်ကြောင်း ပြောကြားသည်။

——————

👨‍✈️ မောင့်ဘက်တန်က အခြားသော ဖက်ဆစ်တော်လှန်ရေး အင်အားစုများ ဖြစ်သည့် ကချင်၊ ကရင်၊ ချင်း တိုင်းရင်းသားများလည်း အမြဲတမ်း တပ်မတော်တွင် ပါဝင်ခွင့် ရရှိရေးကို ဆောင်ရွက်ရန် ပြောကြားပါသည်။

—————-

👮🏼‍♀️ အမှတ် (၁၂) တပ်မတော် တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး စတော့ဖို့ အမှူးပြုသည့် ဗြိတိသျှ အရာရှိကြီးများနှင့် မျိုးချစ်ဗမာ့တပ်မတော်မှ ဗိုလ်ချုပ် အောင်ဆန်းအမှူးပြုသည့် ကိုယ်စားလှယ်အဖွဲ့၀င်များသည် ၁၉၄၅ ခု စက်တင်ဘာလ ၆ ရက်နေ့တွင် အစည်းအဝေးတရပ် ထပ်မံကျင်းပသည်။

မြန်မာနိုင်ငံ တပ်မတော်တွင် အများဆုံး ထည့်သွင်းမည့် မျိုးချစ်ဗမာ့တပ်မတော်မှ တပ်သားဦးရေ၊ မျိုးချစ်ဗမာ့တပ်မတော် အရာရှိများ၊ မျိုးချစ်ဗမာ့တပ်မတော်နှင့် မြန်မာနိုင်ငံတော် တပ်မတော်တို့ ပူးပေါင်းဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်း စည်းမျဉ်း၊ စုံစမ်းရေးနှင့် မှတ်ပုံတင်အဖွဲ့ (Enquiry & Registration Team) များတွင် လာရောက် စစ်ဆေး ခံသူများအတွက် ဆောင်ရွက်ပေးရန်များ၊ ဖျားနာသော စစ်သည်နှင့် မစွမ်းမသန် စစ်သည်များအတွက် ဆောင်ရွက်ပေးရန်များ၊ တိုင်းရင်းဘာသာမျှသာ တတ်ကျွမ်းသော အရာရှိများ၊ ရရှိနိုင်သည့် ရာထူး အဆင့်အတန်းများ၊ မြန်မာနိုင်ငံ အရပ်သား၊ စစ်လေ့ကျင့်ရေးတပ်မတော်/ ပြည်စောင့်တပ် (Burma Territorial Army)

ဒုတိယ စစ်မင်းကြီး (Deputy Inspector – General) ၏ တာဝန်ဝတ္တရားများ စသည့် ကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

ထို့နောက် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ၁၂းဝဝ နာရီတွင် အရှေ့တောင်အာရှ မဟာမိတ် တပ်များဆိုင်ရာ စစ်သေနာပတိချုပ် လော့ဒ်လူဝီမောင့်ဘက်တန် အမှူးပြုသည့် ဗြိတိသျှတပ်မတော် အရာရှိကြီးများနှင့် မျိုးချစ်ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်း အမှူးပြုသည့် မျိုးချစ်ဗမာ့တပ်မတော်ကို မြန်မာနိုင်ငံတပ်မတော်အတွင်းသို့ ပူးပေါင်းဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကန္ဒီ စာချုပ်ကို လက်မှတ်ရေးထိုးကြသည်။

သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ကို အစွဲပြု၍ “ကန္ဒီစာချုပ်” ဟု အမည်တွင်သည်။

ကန္ဒီစာချုပ်ပါ အချက်အလက်များမှာ –

၁၉၄၅ ခု စက်တင်ဘာလ ၇ ရက်၊ သောကြာနေ့၊

သီိဟိုဋ်ကျွန်း (ယခု သီရိလင်္ကာနိုင်ငံ)

ကန္ဒီမြို့ အာရှ အရှေ့တောင်ပိုင်း မဟာမိတ်စစ်သေနာပတိချုပ်၏ စစ်ဌာနချုပ်တွင် ဗမာ့တပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ် အောင်ဆန်းနှင့် အာရှအရှေ့တောင်ပိုင်း မဟာမိတ် စစ်သေနာပတိချုပ်တို့ နှစ်ဦး သဘောတူ ဆုံးဖြတ်ချက်များ

၁)မျိုးချစ်ဗမာ့တပ်မတော်မှ မြန်မာနိုင်ငံတပ်မတော်သို့ ပူးပေါင်းမည့် တပ်သားဦးရေ အကန့်အသတ်

မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိ မဟုတ်သော တပ်မတော်သား အရေအတွက် ၅၂ဝဝ အထိ မြန်မာနိုင်ငံ တပ်မတော်သားအဖြစ် စာရင်းသွင်းလက်ခံရန် အတိအလင်း သဘောတူညီပြီး ဖြစ်သည်။

သို့သော် ထိုအရေအတွက်ထက် ပို၍ မြန်မာနိုင်ငံ တပ်မတော်အတွင်းသို့ စာရင်းသွင်းခံလိုသည့် မျိုးချစ်ဗမာ့တပ်မတော် သားများ ရှိသေးလျှင် ကျန်းမာခြင်း အောင်မြင်၍ လိုအပ်သော အရည်အချင်းများဖြင့် ပြည့်စုံပါက နောက်ထပ် ၂ဝဝ မှ ၃ဝဝ အထိ လက်ခံရန် အစီအစဉ်များ ပြုလုပ်ထားမည်။ ထိုသို့ ထပ်မံ လက်ခံသူများကို လေ့ကျင့်ရေး စခန်းတစ်ခုတွင် ထားမည်။

၂)မျိုးချစ်ဗမာ့တပ်မတော် အရာရှိများ

(က) ယခု လောလောဆယ်အတွက်လည်းကောင်း နောင်လာမည့် နှစ်နှစ် သုံးနှစ်အတွင်း၌ လိုအပ်သော နေရာလပ်များကို ဖြည့်စွက်ရန်အတွက် လည်းကောင်း မြန်မာနိုင်ငံတပ်မတော်တွင် မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိ ၂ဝဝ အထိ လက်ခံ ခန့်ထားမည်။

အခြား တိုင်းရင်းသား တပ်ရင်းများနှင့် ပတ်သက်၍ကား ထိုတပ်ရင်းများတွင် အရာရှိအဖြစ် ခန့်ထားရမည့် ဘုရင်ခံ ပြန်တမ်း၀င်ဗိုလ် (G.C.O’s) များ ရှိသည်ကို ထောက်၍ ထိုတပ်ရင်းများတွင် လိုအပ်သော နေရာများကို ဖြည့်စွက်ရန် နောက်ထပ် လူ ၅ဝ ခန့်ဖြင့် လုံလောက်ပြီ ဟု ယူဆသည်။

မြန်မာနိုင်ငံသည် ဒိုင်မီနီယံ အဆင့်အတန်းကို ရရှိသည့်အခါ မြန်မာနိုင်ငံတပ်မတော်ကို တိုးချဲ့ရန်အတွက်ဖြစ်စေ၊ အရပ်သား စစ်လေ့ကျင့်ရေးတပ် (အပျော်တမ်းစစ်တပ်)များ ဖွင့်လှစ်ရန်အတွက် ဖြစ်စေ၊ အရာရှိများ လိုမည်ဖြစ်ရာ မျိုးချစ်ဗမာ့တပ်မတော်မှ နောက်ထပ် အရာရှိ ၂ဝဝ ကို ယခုကစ၍ စစ်ပညာ သင်ကြားပေးရန် လက်ခံဖို့ သဘောတူသည်။

၎င်းအရာရှိ ၂ဝဝ ကို လက်ခံ၍ စစ်ပညာ သင်ကြားပေးရေး ကိစ္စကို အစိုးရ၏ ပြန်လည်ဖွဲ့စည်းရေးအဖွဲ့က ထပ်မံဝေဖန် စစ်ဆေးလိမ့်မည်။

အကယ်၍ ၎င်းအရာရှိ ၂ဝဝ ကိစ္စကို သဘောတူ ခွင့်ပြုခဲ့လျှင် အခြားတိုင်းရင်းသား အရာရှိများကိုလည်း အချိုးကျ အလားတူ စစ်ပညာသင်ကြားပေးရန် လိုပေလိမ့်မည်။

အခြား တိုင်းရင်းသား တပ်များအတွက် အရာရှိများအား စစ်ပညာ သင်ကြားပေးရေး ကိစ္စကို အစိုးရ၏ ပြန်လည်ဖွဲ့စည်းရေးအဖွဲ့က မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိ ၂ဝဝ ကို စစ်ပညာ သင်ကြားရေးအတွက် ထောက်ခံချက်များ မပေးမီအတွင်း စဉ်းစားခြင်း မပြုရန် သဘောတူညီသည်။

(ခ) မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိများအား များနိုင်သမျှ များစွာ ၎င်းတို့ ယခင်က ဖွဲ့စည်းအုပ်ချုပ်ခဲ့သော တပ်ဖွဲ့များကိုပင် ပြန်လည်အုပ်ချုပ်စေဖို့ သဘောတူသည်။

သို့သော် မြန်မာနိုင်ငံ တပ်မတော်အား တပ်မတော်ကောင်း တစ်ခု ဖြစ်စေလိုသည့် ရည်ရွယ်ချက် ရှိသည့်အလျောက် အချို့သော တပ်များတွင်မူ ယခု လောလောဆယ် အုပ်ချုပ်နိုင်မည့် အရည်အချင်းရှိသော အရာရှိများ ရနိုင်လိမ့်ဦးမည် မဟုတ်ချေ။

နောက်ထပ် သဘောတူညီကြသည်မှာ မြန်မာနိုင်ငံ တပ်မတော်အား စစ်ပညာသင်ကြားပေးရေးအတွက် ဗြိတိသျှ တပ်မတော်မှ စစ်စွမ်းရည်ဖြင့် အဘက်ဘက်တွင် ပြည့်ဝပြီးသော အရာရှိများကို ခန့်ထားရပေမည်။

သို့သော် မြန်မာအရာရှိများ စစ်ပညာလုံလောက်စွာ လေ့ကျင့်သင်ကြားပြီး၍ ၎င်းဗြိတိသျှ အရာရှိများ၏ နေရာတွင် တာ၀န်ထမ်းဆောင်နိုင်လျှင် ထမ်းဆောင်နိုင်သည့်အလျောက် ဗြိတိသျှ အရာရှိများကို မြန်မာနိုင်ငံ တပ်မတော်မှ တဖြည်းဖြည်း ရုပ်သိမ်းရန် စီစဉ်ချက် ပြုလုပ်သည်။

(ဂ) ယခုလက်ရှိ ဘုရင်ခံ ပြန်တမ်း၀င် အရာရှိများ ဦးရေကို တဖြည်းဖြည်း ယုတ်လျော့သွားစေလျက် ၎င်းတို့ နေရာတွင် ဘုရင်ခံပြန်တမ်း၀င် အရာရှိဟူ၍ ထပ်မံခန့်ထားခြင်း မပြုရန် သဘောတူသည်။

မျိုးချစ် ဗမာ့တပ်မတော်မှ ဖြစ်စေ၊ ကချင်တပ်ဖွဲ့မှ ဖြစ်စေ၊ ချင်းတပ်ဖွဲ့မှဖြစ်စေ၊ ကရင်တပ်ဖွဲ့မှဖြစ်စေ၊ မြန်မာနိုင်ငံ တပ်မတော်အရာရှိများအား ပေးအပ်သည့် ခန့်ထားချက် (Commission) မှာ တစ်မျိုးတစ်စားတည်း ဖြစ်စေဖို့ သဘောတူသည်။

(ဃ) မြန်မာနိုင်ငံ တပ်မတော်အရာရှိများအား ပေးအပ်သည့် ခန့်ထားချက် (Commission) မှာ ဒိုမီနီယံ နိုင်ငံများ၏ တပ်မတော်မှ အရာရှိများအား ပေးအပ်သည့် ခန့်ထားချက် (Commission) နှင့် အဆင့်အတန်းချင်း တူညီစေလျက်၊ ဤသို့ ပေးအပ်နိုင်အောင် လျင်မြန်နိုင်သမျှ လျင်မြန်စွာ စီစဉ်ပေးဖို့ သဘောတူသည်။

(င) အထူးရွေးချယ်ခံရသူများအား အိန္ဒိယနှင့် ဗြိတိသျှ စစ်ကျောင်းများသို့ သွားရောက်၍ စစ်ပညာ ဆည်းပူးသင်ကြားရန် စီမံပေးဖို့ သဘောတူသည်။

ဤသို့ ဆည်းပူးလေ့ကျင့် သင်ကြားရာတွင် သင့်လျော်သော သူများအား စစ်ဦးစီးတက္ကသိုလ် (Staff College) နှင့် အင်ပါယာ ကာကွယ်ရေးတက္ကသိုလ် (Imperial Defence College) တွင်လည်း တက်ရောက် သင်ကြားခွင့် ရှိစေရမည်။

သို့သော် အိန္ဒိယနိုင်ငံ ဗဟိုစစ်ဌာနချုပ်နှင့် ဗြိတိသျှအစိုးရ စစ်၀န်ကြီးရုံးနှင့် သဘောတူညီမှသာလျှင် ရရှိပေလိမ့်မည်။

ဤကိစ္စတွင် မဟာမိတ် စစ်သေနာပတိချုပ်က အထက်ပါ သဘောတူညီချက်များ ရအောင် အစွမ်းကုန် ဆောင်ရွက်ပေးမည်။

ယခု ဖွဲ့စည်းခါစ မြန်မာနိုင်ငံ တပ်မတော်မှ အရာရှိများကို ထုံးစံအတိုင်း လိုအပ်သည့် အရည်အချင်းများ အားလုံး မပြည့်စုံဘဲလျက်နှင့်ပင် အဆိုပါ တက္ကသိုလ်များသို့ ၀င်ခွင့်ပြုရန် စီစဉ်ဖို့လည်း မဟာမိတ်စစ်သေနာပတိချုပ်က ကြိုးစားဖြစ်အောင် ကြိုးစားပေလိမ့်မည်။

၃)မျိုးချစ်ဗမာ့တပ်မတော်နှင့် မြန်မာနိုင်ငံ တပ်မတော်တို့ကို ပူးပေါင်း ဖွဲ့စည်းပုံ ဖွဲ့စည်းနည်း

(က) မျိုးချစ်ဗမာ့တပ်မတော်နှင့် မြန်မာနိုင်ငံ တပ်မတော်တို့ ပူးပေါင်းဖွဲ့စည်းနေသည့် အချိန်အတွင်း ပေါ်ပေါက်လာမည့် အသေးစိတ် ကိစ္စများကို နှစ်ဦးနှစ်ဖက် သဘောတူညီစွာ ဆောင်ရွက်သွားနိုင်ရန် နှစ်ဦးစပ်အဖွဲ့ (Joint Board) တစ်ခု ဖွဲ့စည်းရန် သဘောတူညီသည်။

ဤနှစ်ဦးစပ်အဖွဲ့တွင် မျိုးချစ် ဗမာ့တပ်မတော်၊ အမှတ် ၁၂ တပ်မတော်၊ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ စစ်ဘက်ဌာန တို့မှ ကိုယ်စားလှယ်များနှင့် ပြန်လည်ဖွဲ့စည်းမည့် မြန်မာနိုင်ငံတပ်မတော်၏ စစ်မင်းကြီး (Inspector General) ပါ၀င်ရမည်။

ဤအဖွဲ့တွင် အဆိုပါ စစ်မင်းကြီး ဗိုလ်ချုပ် သာမတ်စ် မတက်ရောက်နိုင်သည့်အခါ ၎င်း၏ ကိုယ်စား (မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ စစ်ဘက်ဌာနမှ လက်ထောက် တပ်ရေးချုပ်) ဗိုလ်မှူးကြီး ရပ်ဖဲလ်က တက်ရောက်လိမ့်မည်။

အဖွဲ့တွင် သဘောကွဲလွဲချက်များ ပေါ်ပေါက်ပါက မြန်မာနိုင်ငံအစိုးရ ပြန်မလာမီအတွင်း မဟာမိတ်စစ်တပ်များ၏ စစ်သေနာပတိချုပ်ထံ တင်ပြရမည်။

၎င်း၏ ဆုံးဖြတ်ချက်သည်သာလျှင် နောက်ဆုံး အတည်ဖြစ်စေရမည်။

မြန်မာနိုင်ငံအစိုးရ ပြန်လာသောအခါမူ ဤနည်းအတိုင်းပင် ဆိုင်ရာတို့မှတစ်ဆင့် ဘုရင်ခံထံသို့ တင်ပြရမည်။ ထိုအခါတွင် ဘုရင်ခံ၏ ဆုံးဖြတ်ချက်သည် နောက်ဆုံး အတည်ဖြစ်စေရမည်။

(ခ) ဤအဖွဲ့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၌ စတင်ဖွင့်လှစ်စေဖို့ သဘောတူသည်။

ဗိုလ်ချုပ်သောမတ်စ်က ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်ပင်ပြီး ဤအဖွဲ့က ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ် ညွှန်းချက်ကို ရေးဆွဲစေရမည်။

ထိုနေ့မှ စတင်၍ အဖွဲ့သည် ဆိုင်ရာလုပ်ငန်းတို့ကို မြန်နိုင်သလောက် မြန်စွာ ဆက်လက် ဆောင်ရွက်သွားရမည်။

(ဂ) ဤအဖွဲ့သည် ဥပဒေ စည်းမျဉ်းများကို မဟာမိတ် စစ်တပ်များ၏ စစ်သေနာပတိချုပ်ထံ သို့မဟုတ် မြန်မာနိုင်ငံအစိုးရ ပြန်လာသည့်အချိန်အထိ အဖွဲ့က ဆက်လက်ဆောင်ရွက်နေရသေးလျှင် ဘုရင်ခံထံသို့ တင်သွင်းရမည်။

(ဃ) စုံစမ်းရေးနှင့် မှတ်ပုံတင်အဖွဲ့များ ဖွဲ့စည်းရန်အတွက်လည်း ဤနှစ်ဦးစပ်အဖွဲ့က တာဝန်ယူရမည်။

(င) စုံစမ်းရေးနှင့် မှတ်ပုံတင်အဖွဲ့များအား အရာရှိနှင့် တပ်သားများ လက်ခံစာရင်း သွင်းရန်အတွက် ဤနှစ်ဦးစပ်အဖွဲ့ကပင် အမိန့်များ ထုတ်ပေးစေဖို့ သဘောတူသည်။ စုံစမ်းရေးနှင့် မှတ်ပုံတင်အဖွဲ့အတွင်း သဘောကွဲလွဲသည့် ကိစ္စများ ပေါ်ပေါက်ခဲ့လျှင် ထိုကိစ္စများကို နှစ်ဦးစပ်အဖွဲ့သို့ တင်ပြစေရမည်။

(စ) အရာရှိများ ရထိုက်မည့် ရာထူးအဆင့်အတန်းများနှင့် ပတ်သက်၍လည်း နှစ်ဦးစပ်အဖွဲ့က ထောက်ခံရမည်။

(ဆ) အကြပ်များ ခန့်ထားရေးအတွက် တပ်မှူးများက စဉ်းစားနိုင်ရန် မျိုးချစ်ဗမာ့တပ်မတော်၏ စစ်မှုထမ်း မှတ်တမ်းများကို အထောက်အထားပြု၍ နှစ်ဦးစပ်အဖွဲ့က ထောက်ခံချက်များ ပေးစေဖို့ သဘောတူသည်။

(ဇ) မျိုးချစ်ဗမာ့တပ်မတော်မှ အရာရှိအားလုံးတို့၏ ကိုယ်ရေးရာဇ၀င်နှင့်တကွ ထိုအရာရှိ အသီးသီးတို့သည် အရည်အချင်းအားဖြင့် နောင်အခါ မည်သည့်တပ်၊ ဌာန ၊ အမျိုးအစားနှင့် သင့်လျော်၍ ကြီးပွားထွန်းကားမည် ဖြစ်ကြောင်း ထောက်ခံချက်ပါ စစ်မင်းကြီးထံသို့ စောနိုင်သမျှ စောစွာ လျှို့ဝှက် အစီရင်ခံစာ တင်သွင်းစေရန် သဘောတူညီသည်။

(စျ) ကိုယ်စီသင်ကြား လေ့ကျင့်ရာတွင်လည်း တပ်မတော်သား တစ်ဦး၏ စွမ်းရည်နှင့် ပြုလုပ်ဆောင်ရွက် ခဲ့သော လုပ်ငန်းတို့မှ ဆည်းပူးရရှိခဲ့သော ဗဟုသုတအတွေ့အကြုံတို့ကို အခြေခံထား၍ မည်သို့မည်ပုံ လေ့ကျင့်ပေးသင့်ကြောင်းကို လိုလျှင် လိုသလို ဤအဖွဲ့က ထောက်ခံစေဖို့ သဘောတူသည်။

၄။ စုံစမ်းရေးနှင့် မှတ်ပုံတင်အဖွဲ့များတွင် လာရောက်စစ်ဆေးခဲ့သူများအတွက် ဆောင်ရွက်ပေးရန်

(က) စစ်မှု ဆက်လက်ထမ်းဆောင်ရန် စာရင်းသွင်းခံရသော သူများအတွက် လစာနှင့်တကွ ခွင့် ၂ လပေးပြီးလျှင် အောက်ပါအခွင့် အရေး များလည်း ပေးဖို့ သဘောတူသည်။

(၁) နေရပ်သို့ အပြန်ခရီးစရိတ်နှင့် စာရင်းသွင်းရန် ဌာနသို့ အသွား ခရီးစရိတ်၊ သို့တည်းမဟုတ် ခရီးစရိတ်အစား အခမဲ့ သွားလာခွင့်။

(၂) နေရပ်သို့ ပြန်ရာတွင် လမ်းခရီး၌ စားသောက်ရန် စားနပ်ရိက္ခာ အလုံအလောက် သို့မဟုတ် စားစရိတ် အလုံအလောက်.

(၃) အဝတ်အစား အပြည့်အစုံ သို့မဟုတ် အဝတ်အစား ဝယ်ရန် ငွေကြေး။

(ခ) စုံစမ်းရေးနှင့် မှတ်ပုံတင်အဖွဲ့တစ်ခုက တပ်မတော်သားထဲမှ စစ်မြေပြင်တွင် ကိုယ်ထိလက်ရောက် စစ်မှုထမ်းခဲ့ရခြင်းကြောင့် ကျန်းမာခြင်း ယာယီ မအောင်မြင်ကြောင်း တွေ့ရှိသူများအား ဆေးဝါး ကုသ၍ပေးမည်။ မကျန်းမာသူ၏ ရောဂါအခြေအနေအလိုက် ၃ လထက် မပိုစေဘဲ မကျန်းမာသည့်အတွက် ခွင့်ပေးမည်။ ဆေးရုံမှ ဆင်းသောအခါ အပိုဒ်ခွဲ (က) (၁) (၂) (၃) တို့တွင် ပါရှိသော အခွင့်အရေးများကို ခံစားခွင့် ပြုရမည်။

(ဂ) စစ်မြေပြင်တွင် ကိုယ်ထိလက်ရောက် စစ်မှုထမ်းဆောင်ခဲ့ရသဖြင့် ရာသက်ပန် စစ်မှုမထမ်းနိုင်အောင် မကျန်းမာသူများ (ဆေးစစ်ရာ တွင် မအောင်သူများ) အား

အပိုဒ်ခွဲ (က) (၁) (၂) (၃) တို့တွင် ပါရှိသော အခွင့်အရေးများအပြင် မိမိတို့ နေရပ်သို့ မပြန်မီအတောအတွင်း ဆေးဝါးကုသခွင့်လည်း ပေးမည်။ ဤသို့ ကုသခွင့်ပြုရာတွင် စစ်ဘက်ဆေးဌာမှ ဆရာဝန်များကလည်း ကုသပေးရမည်။

(ဃ) စစ်မှုမထမ်းနိုင်အောင် ကိုယ်လက်အင်္ဂါ တစ်ခုခု မစွမ်းမသန် ဖြစ်သွားမှုကြောင့်

တပ်မတော်မှ အမှုထမ်း ရပ်စဲခြင်းခံရသော တပ်မတော်သားတို့အား လစာ ၂ လစာနှင့် ညီမျှသော ကရုဏာကြေးနှင့်တကွ မစွမ်းမသန် ဖြစ်ပုံ အခြေအနေကြည့်၍ လျော်ကြေးများ ပေးရမည်။

မည်သည့်အခြေအထိ မစွမ်းမသန် ဖြစ်သွားသည်ကိုမူ ဆေးအဖွဲ့တစ်ဖွဲ့က ချင့်ချိန် ဆုံးဖြတ်ရမည်ပင် ဖြစ်သည်။ ပေးရမည့် လျော်ကြေးနှုန်းမှာ ထိုစစ်ပွဲတွင် ပါ၀င်သော မြန်မာတိုင်းရင်းသား တပ်အင်အားစု၊ မျိုးချစ်ဗမာ့တပ်မတော်၊ ကရင်တပ်၊ ကချင်တပ်၊ ချင်းတပ် စသည်ဖြင့် ခွဲခြားခြင်း မရှိဘဲ အားလုံး တူညီစေရမည်။

ပေးမည့် လျော်ကြေးနှုန်းများကို ဘဏ္ဍာရေးအတိုင်ပင်ခံ အရာရှိက နောက်မှတစ်ဖန် ပြန်၍ စစ်ဆေးခြင်း ပြုလိမ့်မည်။ ဤသို့ စစ်ဆေးမည် ဆိုသည့် အကြောင်းမှာ သာမန် အရပ်သားများအား ထုတ်ပေးသော လျော်ကြေးနှုန်းထက် ပို၍ သတ်မှတ်နိုင်လျှင် သတ်မှတ်ပေးရန်ပင် ဖြစ်လေသည်။

(၅) လစာနှုန်း

မျိုးချစ်ဗမာ့တပ်မတော် လစာနှုန်းများသည် အိန္ဒိယတပ်မတော် လစာနှုန်းအတိုင်း တစ်သဘောတည်းပင် ဖြစ်စေ၍ လစာပေးသည့် နေရာတွင် အလုပ်တာ၀န်အလိုက် မဟုတ်ဘဲ ရာထူးအဆင့်အတန်းအလိုက် ပေးရန် သဘောတူသည်။

ဗိုလ်ချုပ်သောမတ်စ် ပါ၀င်သော အဖွဲ့ငယ်သည် ဤကိစ္စအတွက် စဉ်းစားဆုံးဖြတ်ရန် ထောက်ခံချက်များ ပေးရသည်။

(၆) တိုင်းရင်းဘာသာမျှသာ တတ်ကျွမ်းသော အရာရှိများ ရရှိနိုင်သည့် ရာထူးအဆင့်အတန်းများ။

တိုင်းရင်းဘာသာမျှသာ တတ်ကျွမ်းသော အရာရှိများသည် သာမန်အားဖြင့် “ဗိုလ်” ရာထူး အဆင့်အတန်းထက် မြင့်သော ရာထူးကို ရရှိနိုင်ခွင့်မရှိ ဟု သဘောတူသည်။

သို့သော် အထူးစဉ်းစားထိုက်သော အရာရှိအချို့အတွက်မူ ထိုထက် ကြီးမြင့်သော ရာထူးအဆင့်အတန်းတွင် ခန့်ထားရန် နှစ်ဦးစပ်အဖွဲ့က ထောက်ခံချက်များ ပေးနိုင်လေသည်။

တိုင်းရင်းဘာသာမျှသာ တတ်ကျွမ်းသော အရာရှိများသည် ရာထူးအဆင့်အတန်း တိုးတက်ခွင့် ရလိုပါလျှင် အင်္ဂလိပ်ဘာသာကို လိုအပ်သော အဆင့်အတန်းထိ တတ်ကျွမ်းအောင် သင်ကြားနိုင်စေရန် ၂ နှစ်အထိ အချိန်ပေးရမည်။

(၇) ဗမာနိုင်ငံ အရပ်သား စစ်လေ့ကျင့်ရေးတပ်မတော် (Territorial Army)

ဗမာနိုင်ငံ အရပ်သား စစ်လေ့ကျင့်ရေးတပ်မတော်၏ ကိစ္စမှာ မြန်မာနိုင်ငံ တပ်မတော် ပြန်လည်ဖွဲ့စည်းရေးအဖွဲ့က စစ်ဆေးရမည့် ကိစ္စဖြစ်၍ ယင်းသို့ စစ်ဆေးခြင်းပြုသောအခါ အရပ်သား စစ်လေ့ကျင့်ရေး တပ်အရာရှိများအဖြစ် သုံးနိုင်စေရန် ယခု လျာထားသော အရာရှိပေါင်း ၂၀၀ ကိုလည်း ထည့်သွင်းစဉ်းစားပေးရန် သဘောတူညီသည်။

(၈) ဒုတိယစစ်မင်းကြီး၏ တာဝန်၀တ္တရားများ

မြန်မာနိုင်ငံ တပ်မတော်အတွက် ဒုတိယစစ်မင်းကြီး ၂ ယောက်ထား၍ တစ်ဦးမှာ ဗမာအရာရှိဖြစ်ပြီး အခြားတစ်ဦးမှာ ဗမာတိုင်းရင်းသားထဲမှာ ဗမာလူမျိုး မဟုတ်သူ တစ်ယောက် ဖြစ်စေရန် အခြေခံသဘောအားဖြင့် သဘောတူသည်။

သို့သော် ဒုတိယစစ်မင်းကြီး ၂ ယောက်၏ တာ၀န်၀တ္တရားများမှာ ကိုယ့်ဆိုင်ရာ အမျိုးသားမျိုးကို တာ၀န်ယူရုံမျှ မဟုတ်ဘဲ မြန်မာနိုင်ငံ တပ်တော်တစ်ခုလုံးအတွက် တာ၀န်ယူစေရန် သဘောတူသည်။

(၉) စစ်သားစုဆောင်းရေး

(က) စစ်သားစုဆောင်းရာတွင် မဟာမိတ်တို့နှင့် တွဲဖက်၍ ဤစစ်ပွဲကို တိုက်ခိုက်ခဲ့သော ဗမာတပ်ဖွဲ့များမှ တပ်သားများကို ပထမဆုံး ရွေးချယ်စုဆောင်းရမည်။

✍️လော့ဒ်လူဝီမောင့်ဘက်တန်

✍️ဗိုလ်ချုပ်အောင်ဆန်း

✍️သခင်သန်းထွန်း

စက်တင်ဘာလ ၇ ရက် ၁၉၄၅ ခုနှစ်

စာချုပ် ချုပ်ဆိုပြီးနောက် ၁၉၄၅ ခု ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ခေါ်ဝေါ်ခဲ့သော မျိုးချစ်ဗမာ့တပ်မတော်ကို ဗမာ့တပ်မတော် ဟု အမည်ပြောင်းလိုက်သည်။

ထို့နောက် ဗမာ့တပ်မတော်သည် ဖက်ဆစ်တိုက်ဖျက်ရေးပြည်သူ့အဖွဲ့ချုပ် (AFO) မှ နုတ်ထွက်လိုက်ရသည်။

ရဲဘော်သုံးကျိပ်က ဦးဆောင်၍

ဗမာ့လွတ်လပ်ရေးတပ်မတော် (B.I.A)၊ ဗမာ့ကာကွယ်ရေးတပ်မတော် (B.D.A)၊ မျိုးချစ်တပ်မတော် (P.D.F)၊

ဟူသည့် အမည်များဖြင့် ပေါ်ပေါက်ခဲ့သော ဗမာ့တပ်မတော်သည် ကန္ဒီစာချုပ် ချုပ်ဆိုနိုင်ခြင်းအားဖြင့် အမြဲတမ်း အမျိုးသားတပ်မတော်အဖြစ် တရားဝင် ရပ်တည်ခွင့်ရလာတော့သည်။

ဤစာချုပ်အရ အမြဲတမ်း ဗမာ့တပ်မတော် ဖွဲ့စည်းရေးကိစ္စလည်း ပြေလည်သွားလေသည်။

(သန်းဝင်းလှိုင်)

နို၀င်ဘာ ၂၇၊ ၂၀၁၃