မြစ်ဆုံ

ရေကိုယူမလား၊ လျှပ်စစ်ကိုယူမလား


#အောင်ပင်လယ် မဂ္ဂဇင်း နှင့် greenness Facebook post 6 Jan အေးလွင်(ကသာ) ၏ ပတ်ဝန်းကျင် ဆောင်းပါး ကို ပြန်လည် ကူးယူ ဖေါ်ပြပါသည်.

မြစ်ဆုံစီမံကိန်းဟူသောအသံကိုကြားမိလိုက်တိုင်းဝမ်းနည်းစိတ်ကအလိုလိုပေါ်လာတတ်သည်။ဤစီမံကိန်းသည်မြန်မာပြည်၏အသည်းနှလုံးကိုဆွဲထုတ်ယူသွားမည်ဟုစိတ်ထဲခံစားမိသောကြောင့်ဖြစ်သည်။တစ်ဆက်တည်း စဉ်းစားမိသည်မှာ မြန်မာပြည်၏ အသက်သွေးကြောနှင့် တူသောနိုင်ငံ၏ခန္ဓာကိုယ် အစိတ်အပိုင်ကို အတ္တကိုယ်ကျိုးအတွက် ရောင်းစားရက်သော သူတို့အကြောင်းပင်ဖြစ်သည်။

မြစ်ဆုံကိုလုပ်ဆောင်ဖို့ ကန့်ကွက်ရမည်က ပြည်သူအားလုံးတို့၏ နိုင်ငံသားတာဝန်တစ်ခုဖြစ်လာပြီ ဖြစ်သည်။ ဧရာဝတီမြစ်သည် မြစ်ကမ်းဝဲယာတစ်လျှောက်ရှိ လူပေါင်းများစွာ၏ အသက်ရှင်နေထိုင်ရေးအတွက် အကျိုး ကျေးဇူးပြုခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ ရေကြောင်းသွားလာရေးနှင့် မြစ်အတွင်းမှ သားငါးများ ပေးဆပ်ခဲ့သလို မြစ်ဝဲယာရှိ သစ်တောကြီးများမှ သစ်တောထွက်ပစ္စည်းများ သုံးစွဲနိုင်အောင်ပေးခဲ့သည်။ မြန်မာတို့ အတွက် အလွန်တန်ဖိုးရှိသော မြစ်တစ်စင်းဖြစ်သလို မြန်မာပြည်တစ်ခုထဲ ပိုင်ဆိုင်ခွင့်ရသော မိုင် ၁၃၅၀ ရှည်သောမြစ်ဖြစ်သည်။

ငယ်စဉ်ကလေးဘဝက မိဘများနှင့် အတူ မြစ်ကမ်းဘေးရောက်သည့်အခါတိုင်း မြစ်ကြောင်းတစ်လျှောက် စုန်ဆန်သွားလာကြသည့် သင်္ဘောကြီးငယ်များ၊ မော်တော်များ၊ လှေငယ်များကို နှစ်သက်စွာ ငေးမောကြည့်ခဲ့ဖူးသညည်။ ရွက်လှေဖြင့် စုန်ဆန်သွားလာသည့် လှေကြီးလှေငယ်များ ရွက်တစ်လှည့်၊ စက်တစ်လှည့်ဖြင့် မောင်းနှင်သော ကုန်တင်လှေကြီးများကို မြင်တွေ့ခဲ့ဖူးသည်။ ဗန်းမော်၊ မန္တလေး မြစ်ကြောင်းခရီးစဉ်ကို အကြောင်းအားလျော်စွာ မကြာခဏ စီးခဲ့ရသည်။ ဗန်းမော်သို့သွားမည်ဆိုလျှင် ညဦးကတည်းက ဆိုက်ကပ်လာသော မန္တလေးမှလာသည့် သင်္ဘောကို စီးရသည်။ အချို့က ညကတည်းက သင်္ဘောပေါ်တက်ပြီး နေရာ ဦးထားကြသည်။ ကျွန်တော်တို့ကတော့ မနက် ၄ နာရီအရောက် သင်္ဘော မထွက်ခွာမီသွားကြသည်။ သင်္ဘောပေါ်တွင် အငြိမ်မနေဘဲ ဟိုသွားသည်သွားဖြင့် ခရီးတစ်လျှောက်လုံး သွားမည်ဖြစ်သောကြောင့် နေရာအတွက် စိတ်မပူပေ။ မနက်ခင်း သင်္ဘောထွက်၍ နေရောင်ခြည်ပေါ်ထွကလာသည်နှင့် သင်္ဘောပေါ်ရှိ စားသောက်ခန်းတွင် လက်ဖက်ရည်၊ မုန့် ဝယ်စားသည်။ အိမ်မှ ပါလာသော မုန့်များနှင့် သင်္ဘောဆိပ်မှ ဝယ်ယူလာခဲ့သော ကောက်ညှင်းပေါင်း၊ အကြော်များကိုလည်း ဆိုင်မှာ ထိုင်စားနိုင်သည်။ ပြီးနောက် သင်္ဘောတစ်စင်းလုံး လျှောက်သွားကြည့်ကာ နောက်ဆုံးတော့ ခေါင်မိုးပေါ်တက်တော့သည်။ ခေါင်မိုးပေါ် တက်နေကြသော ကိုယ့်လိုလူတွေကလည်းရှိကြသည်။

မြစ်ဘေး ဝဲယာရှုခင်းကြည့်ရင်း မြစ်ပြင်ထဲ ခုတ်မောင်းလာသော မော်တော်၊ စက်လှေများတွေ့ရပါက ဘာရယ်မဟုတ်ဘဲ ပျော်ရွှင်မြူးတူးစွာ လက်ဝှေ့ရမ်းပြနှုတ်ဆက်ကြသည်။ ၁၉၈၅ ခုနှစ်၊ ၈၆ ခုနှစ်လောက်က သင်္ဘောခရီးဖြင့် ဗန်းမော်၊ ရွှေကူ သို့မကြာခဏ သွားခဲ့ရာတွင် သတိထားမိသော အရာများမှာ ကသာမှထွက်ပြီး ချိန်မှစ၍ ဗန်းမော် ရောက်သည်အထိ မြစ်ကမ်းထဲယာတွင် သစ်တောကြီးများနှင့် စိမ်းစိုနေခြင်းပင်ဖြစ်သည်။ နောက် သတိရမိသော အဖြစ်မှာ ကျွန်တော်တို့တွင်ပါလာသော ရေပုလင်းထဲသို့ မြစ်ထဲမှ ရေခပ်ထည့်ပြီး သောက်ကြခြင်းပင်ဖြစ်သည်။ သင်္ဘောပေါ်တွင် ပါလာသော ရေပုံးဖြင့် ခပ်ယူပြီး ရေကို ဒီအတိုင်း သောက်နိုင်အောင် ဧရာဝတီ၏ မြစ်ရေသည် ကြည်လင်လှပေသည်။

ရေသန့်ဘူးယဉ်ကျေးမှုပေါ်လာပြီးနောက်လည်း ဒီအတိုင်းသောက်ကြသေးသည်။ ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင်ကား သင်္ဘောမော်တော်စီးသမျှ လူအားလုံးတွင် ရေသန့်ဘူး ကိုယ်စီနှင့်ဖြစ်လာသည်။ ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် မြစ်ရေကို မသောက်တော့ခြင်းမှာ ကျန်းမာရေး အသိမြင့်မားလာခြင်းကြောင့်ဖြစ်သည်။ ဧရာဝတီမြစ်ကမ်းဝဲယာနေထိုးကြသော ကျေးလက်များမှာ မိုးတွင်းအခါ၊ ရေကြီးသော အခါ အလုပ်မလုပ်နိုင်သော်လည်း မြစ်ရေကျချိန် မြေနုကျွန်းပေါ်သောအခါ စိုက်ပျိုးလုပ်ကိုင်ကြသည်။ အလွန်ကောင်းမွန်သော မြေဩဇာ အပေါ်တွင် စိုက်ပျိုးရခြင်းဖြစ်သည်။ ရေလုပ်ငန်းလုပ်သူများအတွက်လည်း ဧရာဝတီက ငါသယံဇာတများ အဆက်မပြတ်ပေးနေသည်။ ပြည်တွင်း ရေကြောင်းသွားလာရေးအတွက် နှစ်ပေါင်းများစွာ အသုံးချခဲ့ရပြီး ယခုလည်း အသုံးဝင်နေဆဲဖြစ်သည်။

ယခုအချိန်တွင်မှာတော့ ဧရာဝတီသည် ဒဏ်ရာ ဒဏ်ချက်များဖြင့် နာကျင်နေပြီကို တွေ့ရမည်ဖြစ်သည်။ ကသာမှ ဗန်းမော်သို့ သင်္ဘောဖြင့် သွားပါက ယခင်ကမြင်ခဲ့သော သစ်တောကြီးများမှာ မျက်လှည့်ပြလိုက်သလို ပြောင်ရှင်းလုမတတ်ဖြစ်သွားပြီဖြစ်၏။ ရေကြောင်းသွားလာရေးကလည်း မိုးတွင်း ရေကြီးချိန်မှလွဲ၍ ရေကြောင်းမကောင်းတော့သဖြင့် သွားလာရခက်လာသည်။ ရာသီဥတုဖောက်ပြန်မှုကို ဖြစ်စေသည့် သစ်တောပြုန်းတီးမှုများနှင့် မြစ်အထက်ပိုင်းမှ တရားမဝင်ရွှေကျင်သည့် အနည်အနှစ်များကလည်း မြစ်ကို သက်တမ်းတိုးစေလေသည်။ မြစ်အတွင်း သောင်ထွန်းမှုကလည်း ကြောက်ခမန်းလိလိဖြစ်လာသည်ကို ယခုနှစ်တွင် တွေ့လာရသည်။ အနှစ် ၅၀ ကျော်အတွင်း စံချိန်တင်ရေကြီးမှု နှစ်ကြိမ်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသလို စံချိန်တင် သောင်ထွန်းမှုကတော့ ဒီနှစ် တစ်ကြိမ်သာ ကြုံရသေးသည်ဟု ဆိုရမည်ဖြစ်သည်။

ဧရာဝတီမြစ်ကြောင်းမှာ ကျဉ်းကျဉ်းလေးသာ ကျန်တော့သည်ကိုကြည့်ရင်း မြစ်ဆုံသာလုပ်ခဲ့လျှင် ဆိုသည့်အတွေးကို ဆက်မတွေးရဲအောင် ဖြစ်လာရပြီဖြစ်၏။ ဟိမဝန္တာဒေသကို အစပြုလာခဲ့သော မြစ်ဖျားတွင် ဧရာဝတီမြစ်အပါအဝင် အာရှဒေသမြစ်ဖျားဖြစ်သော အိန္ဒုမြစ်၊ ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တတရမြစ်၊ သံလွင်မြစ်၊ ယန်စီမြစ်၊ ဟွမ်ဟိုမြစ် (မြစ်ဝါမြစ်)၊ မဲခေါင်မြစ်နှင့် တာရင်းမြစ်တို့သည်လည်း တစ်စတစ်စနှင့် ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရေခဲပြင်များ လျော့ကျလာပြီး ရေအရင်းအမြစ်တွေ လျော့နည်း လာပြီဖြစ်သည်ကို တွေ့ရမည်ဖြစ်၏။ ကမ္ဘာပေါ်ရှိ မြစ်ဖျားတွင်လည်း ရေခန်းခြောက်မှုများနှင့် ကြုံလာရပြီဖြစ်သလို ဧရာဝတီသည်လည်း မြစ်ကြောင်းတစ်လျှောက် သောင်ထွန်းမှုများနှင့် ရေတိမ်လာ၍ သင်္ဘောများ သွားလာရန် ခက်ခဲလာပြီဖြစ်သည်။ ကမ္ဘာပေါ်တွင် မိုင် ၆၀၀ ကျော်ရှည်သောမြစ် ၁၇၇ စင်းရှိ၍ ရေကာတာအတားအဆီးမရှိဘဲ လွတ်လပ်စွာ စီးဆင်းနိုင်သောမြစ်မှာ ၆၄စင်းသာရှိသည်ဟု သိရသည်။

ပင်လယ်ထဲအထိ ၁၂ ရာသီမပြတ် စီးဆင်းနိုင်သော မြစ်ကတော့ ဧရာဝတီအပါအဝင် ၂၁ စင်းသာရှိသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် ၃၃စင်းမြောက် အရှည်ဆုံးမြစ် လည်းဖြစ်၏။ မြန်မာတစ်ပြည်တည်းသာ ပိုင်ဆိုင်ခွင့်ရသည့် ဧရာဝတီမြစ်သည် ရေအရင်းအမြစ်ကို မြန်မာပြည်အတွက် အခမဲ့လက်ဆောင်ပေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ရေပေါများသည့် နိုင်ငံဖြစ်သည်။ အာရှတိုက်တစ်ခုလုံး၏ ရေ ၁၂% ပိုင်ထားသလို အရှေ့ တောင်အာရှတွင်ရှိသည့် ရေ၏ ၁၆% ကိုပိုင်ဆိုင်ထားသည်။ သို့သော် မြန်မာတို့က ရေအရင်းအမြစ်ကို မကုန်ဆုံးနိုင်သော အရာလို့ ထင်ထားကြပြီး တန်ဖိုးထား ထိန်းသိမ်းရမှန်းမသိကြချေ။ ကမ္ဘာပေါ်တွင် အပေါများဆုံးသော အရာဝတ္ထုမှာ ရေဖြစ်ပြီး ကမ္ဘာ့မျက်နှာပြင်၏ ၇ဝ% သည် ရေမျက်နှာပြင်ဟု ပြောသော်လည်း ရေငန်အများစုသာဖြစ်နေသည်။ သောက်သုံးလို့ရသည့် ရေပမာဏမှာ ၀.၀၀၃% သာရှိ သည်ဟု သိရသည်။ ယခုအခါ ကမ္ဘာပေါ်တွင် ရေရှားပါးမှု ကြုံလာရပြီဖြစ်၏။ ရေကာတာတည်ဆောက်ခြင်း၊ သတ္တုတူးဖော်ခြင်း၊ သစ်တောများ ခုတ်ထွင်မှုနှင့် မြစ်ချောင်းများ ပျက်စီး လာရသည်။

ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ချင်းတွင်း၊ မြစ်များလည်း ပျက်စီးလာပြီဖြစ်သလို အခြားမြစ်ချောင်းများလည်း ပျောက်ကွယ်လုမတတ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်၏။ မြန်မာပြည်သည်လည်း မကြာမီ ရေအရင်းအမြစ်ရှားပါးလာတော့မည်ဖြစ်၏။ လျှပ်စစ်မီးနှင့် ပတ်သက်လျှင် လက်ရှိမြန်မာပြည်၌ လူဦးရေ ၆၀% ကျော်သည် လျှပ်စစ်မီးမရသေးဟု သိရသည်။ အိမ်ထောင်စုအားလုံး၏ ၅၅% ကျော်ကို ၂၀၂၁ခုနှစ်၌ စီမံထားသည်ဟု သိရသည်။ ၂၀၃၀ ခုနှစ်၌ မြန်မာတစ်နိုင်ငံလုံး ဓာတ်အားအပြည့်ရဖို့ ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ ၃၀၀ သန်းဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းကို အကောင်အထည်ဖော်မည်ဟု သိရသည်။ စွမ်းအင်ပင်မ အစီအစဉ်အရ ရေကာတာ ၅၀ ကျော်တည်ဆောက်ရန် လျာထားနေရာများမှာ သံလွင်၊ ဧရာဝတီမြစ်တို့၏ မြစ်လက်တက်အပေါ်၌ ဖြစ်သည်ဟု သိရသည်။ ရေကာတာကြောင့် မြစ်၏ ရေစီးရေလာ ဂေဟစနစ်ထိခိုက်လာမည်။ တိမ်ကောလာမည်ဟု ပညာရှင်များက ထောက်ပြကြသည်။

မြစ်ချောင်းတွေအပေါ် ရေကာတာတည်ဆောက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များက မြစ်ချောင်းအပေါ် မှီခိုရှင်သန်နေရသည့် ပြည်သူပြည်သားများအပေါ် ရိုက်ခတ်လာမည်ဖြစ်သည်။ မြန်မာပြည်၏ အနာဂတ်တွင် မီးလိုအပ်ချက်ထက် ရေလိုအပ်ချက်က ပိုအရေးကြီးလာတော့မည်ဖြစ်သည်။ လျှပ်စစ်မီးမရှိဘဲ အသက်ရှင်နေနိုင်သော်လည်း ရေမရှိဘဲနှင့်တော့ မည်သည့်လူသား မှ အသက်မရှိနိုင်ပေ။ လျှပ်စစ်မီး လိုအပ်ချက်အတွက် ကျေးလက်များတွင် ဆိုလာပြားများ ဖြင့် ရနိုင်သည်။ မဟာဓာတ်အားလိုင်းကြီး သွယ်တန်းပြီး၍ လျှပ်စစ်မီးများရရှိကာ စက်မှုဖွံ့ဖြိုးလာလျှင်လည်း ရေလိုအပ်ချက်က ကြီးမားလာမည်ဖြစ်၏။ စက်မှုလုပ်ငန်းများအတွက် ရေမရှိလျှင် အခက်အခဲတွေ့မည် ဖြစ်၏။ လူတစ်ကိုယ်အတွက် ရေမရှိလျှင် အခက်အခဲဖြစ်မည်။ လူအများအတွက် ရေမရှိလျှင်ကား ကပ်ရောဂါသဖွယ် ဘေးသင့် မည်ဖြစ်၏။

ယခုတော့ မြစ်ဆုံစီမံကိန်းကို ပြန်စတော့ မလိုလုပ်နေသည်ကိုကြည့်ပြီး လုပ်ဖြစ်ခဲ့ပါက နှစ်သန်းပေါင်း ၅၀ သက်တမ်းရှိခဲ့သော မြစ်တစ်စင်း၏ နိဂုံးဖြစ်သွားမည်ဖြစ်၏။ မြစ်ဆုံစီမံကိန်းမှ ရရှိမည့် လျှပ်စစ်ပမာဏထက် ဆုံးရှုံးသွားရမည့် ရေအရင်းအမြစ်ပမာဏထက် ဆုံးရှုံးရမည့် ရေအရင်းအမြစ်ပမာဏတန်ဖိုးက ဘယ်လိုမှ နှိုင်းယှဉ်မရအောင် ကွာခြားလွန်းနေသည်။ ရေ၏ တန်ဖိုးကို ဆုံးရှုံးပြီးမှ သိလျှင်လည်း ပြန်မရနိုင်တော့ပေ။ ကာကွယ်ထိန်းသိမ်းရမည်မှာ အားလုံး၏ တာဝန်ဖြစ်သည်။ တရုတ်ပြည်ကတော့ မြစ်ဆုံစီမံကိန်းကို မဖြစ်မနေဆောင်ရွက်ရန် အမျိုးမျိုးလုပ်နေသည်။ မြန်မာဘက်က ဆုံးရှုံးမှုမှာ အနန္တဖြစ်၍ တရုတ်တို့သာ အကျိုးရှိစေမည့် မြစ်ဆုံစီမံကိန်းကို နိုင်ငံအကျိုးမျှော်တွေး၍ အပြီးတိုင် ရပ်စဲစေချင်ပါသည်။ ကျွန်တော်တို့ ရွေးရမည့်လမ်းတစ်ခုတည်းသာ ရှိနေပါသည်။ ၎င်းမှာ “ရေယူမလား၊ မီးယူမလား” ပင်ဖြစ်ပါသည်။

အေးလွင်(ကသာ)

ေအာင်ပင်လယ်လူမှုဝန်းကျင်မဂ္ဂဇင်း

greenness