သဲတမံ Sand Dam အကြောင်း သိကောင်းစရာများ

Water Security and the Changing Climate

kyawoo.com

ဟိုတောင်ဆီမှာပြိုသည့်မိုး

“စိုက်ပျိုးရေလိုအပ်ချိန် နွေရာသီမှာ ရေခန်းခြောက်နေပေမယ့် စိုက်ပျိုးပြီး မိုးရာသီရောက်ရင် ရေဖုံးနေလို့ တောင်သူအများစု ဆင်းရဲတွင်းနက်နေပါတယ်”

“မိုးရေတစ်ခုကိုအားကိုးပြီး တစ်နှစ်တစ်ကြိမ်မီအောင် ကြိုးစားပမ်းစားစိုက်ရတဲ့ စားသုံးသီးနှံများ ယခင်ကလိုမစိုက်နိုင်တာ နှစ်တွေကြာခဲ့ပါပြီ”

“ဆောက်ခဲ့တဲ့ဆည်အချို့ဟာ ရေမရှိတဲ့ဆည်ကောများသာ ဖြစ်နေတယ်။ ရေရှိတဲ့ ဆည်အချို့ကျတော့ မြောင်းမရှိလို့ ရေမသွယ်နိုင်ဘူး”

“မြောင်းရှိတဲ့ဆည်များရဲ့အနီးတစ်ဝိုက်အများဆုံးသုံးလေးမိုင်ခန့်သာ ရေသောက်သီးနှံ စိုက်နိုင်တယ်”

ဤသည်တို့မှာ မြန်မာပြည်အလယ်ပိုင်း ခြောက်သွေ့ဒေသတောင်သူအချို့၏ ငြီးတွားသံ မကျေမနပ် ပြောဆိုသံများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ခြောက်သွေ့ဒေသသည် ရေသံသရာပျက်ယွင်းလာမှုကြောင့် မိုးတွင်း၌ ရေပို၍ကြီးလာ၊ မုတ်သုန်ကာလတိုတောင်းလာသောဒဏ်ကို ခံနေရသောဒေသများထဲတွင် ပါသည်။ သဘာဝက မိုးနည်းနေသော်လည်း အဆိုပါအနည်းငယ်ရွာကျသည့်မိုးရေများသည်ပင် စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေးတို့ကို အကျိုးမပြုဘဲ ခြောက်သွေ့ဒေသတောင်သူများ၏ မျက်စိအောက်တွင်ပင် ချောင်းများ မြစ်များထဲသို့ စီးဆင်းသွားနေကြသည်။

လျှံရေကို အသုံးချ

ခြောက်သွေ့ဒေသများတွင် မြေအောက်ရေ၊ မိုးတွင်း၌ရွာသော မိုးရေ အသင့်အတင့်အပြင် ဒေသဝန်းကျင်ရှိ တောင်တန်းများ၊ ကုန်းမြင့်များမှ စီးဆင်းလာသော တောင်ကျရေများကိုလည်း ရယူအသုံးချနိုင်သည်။

တောင်ကျရေများ၏သဘာဝအတိုင်း တောင်ပေါ်၌ မိုးရွာပြီးမကြာမီ ဝါးလုံးထိုးကျလာကာ အချို့သော ချောင်းခြောက်များတွင် လျှံတက်လာသည်အထိ စီးဆင်းပြီး မိုးတိတ်သည်နှင့် ရေပြန်ခန်းသွားရာ ယင်းရေများကို အအတ်နိုင်ဆုံးအသုံးချသင့်သည်။

အာဖရိက၊ အနောက်အာရှ၊ ဗဟိုအာရှ၊ အရှေ့အလယ်ပိုင်းနှင့် မြောက်အမေရိကတိုက်တို့ရှိ ခြောက်သွေ့ ဒေသအချို့တွင် “လျှံရေ ရယူသိုလှောင်အသုံးချခြင်းစနစ်”ဟု ခေါ်သည့် တောင်ကျရေဖြင့်စိုက်ပျိုးရေးနှင့် သောက်သုံးရေရယူရေးကို လုပ်ဆောင်လျက် ရှိသည်။ ယင်းစနစ်သုံး စိုက်ပျိုးဧကသည် တစ်ကမ္ဘာလုံးတွင် ဧကခြောက်သန်းကျော်မျှရှိသည်ဟု ခန့်မှန်းကြသည်။ မြန်မာနိုင်ငံတွင် လျှံရေစနစ်သုံးစိုက်ပျိုးမြေအချို့ကို တွေ့နိုင်သော်လည်း လက်ရှိထက် များစွာတိုးချဲ့နိုင်သေးသည်။

မြေလတ်ပိုင်း တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက်၊ ရေနံချောင်းဘက်မှ ရန်ပယ်ချောင်း၊ ယင်းချောင်း၊ ပင်းချောင်း၊ ယောချောင်းစသည်တို့၌ သဲဖြင့် ဆောက်သော ရေလွှဲတမံများရှိသည်။ သဲချောင်းများတွင် နွားအရှဉ်း ၅၀ ခန့်ဖြင့် သဲများကို တပြိုင်နက် အတန်းလိုက်တွန်းတင်၍ သုံးပေ လေးပေခန့်မြင့်သော ရေတား ဆောက်လုပ်ကြသည်။ သဲရေလွှဲတမံကို တိုက်၍ ဘေးသို့ ထွက်လာသော ရေများကို အသင့်ဖောက်ထားသော မြောင်းများမှတဆင့် စိုက်ကွင်းများထဲသို့ ဝင်စေသည်။

တောင်ကျရေကိုတားဆီးလွှဲယူ၍စိုက်ခင်းများသို့ရေပေးပုံ

လျှံရေတားဆီးလွှဲယူသည့် တမံကိုချောင်းအကျယ်အတိုင်း ဖြစ်စေ၊ ချောင်းအကျယ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်စေ တည်ဆောက်၍ ရေလွှဲယူနိုင်သည်။ ကွန်ကရစ် အုတ်စသည်ကိုသုံး၍ တည်ဆောက်သည်လည်းရှိ၍ သစ်တုံး သစ်ခက် ကျောက်တုံး မြေသား စသည်တို့ဖြင့်လည်း ယာယီ တည်ဆောက်ကြသည်။ ယာယီတမံတို့သည် ဒေသတွင်း ရနိုင်သောပစ္စည်းနှင့် လူအင်အားတို့ဖြင့် ဆောက်လုပ်သဖြင့် ကုန်ကျစရိတ် မများလှသော်လည်း လျှံရေပမာဏများ၍ အရှိန်ပြင်းသောအခါတွင် လည်းကောင်း၊ ချောင်းကြမ်းပြင် မြေသားမတည်ငြိမ်လျှင် လည်းကောင်း တမံများ ပြိုလဲပျက်စီးနိုင်သည့် အားနည်းချက်ရှိသည်။

အာဖရိကတိုက်ကျေးရွာအချို့တွင် ချောင်းခြောက်ထဲ၌ ယာယီရေတားတမံလုပ်ပြီး တောင်ကျရေကို လွှဲယူကြသည်။ ရေစီးအားကောင်း၍ ယာယီတမံပြိုသောအခါ ရွာသားတို့၏ လုပ်အားဖြင့် နောက်တမံတစ်ခု ထပ်ဆောက်ကြသည်။ ဝင်ငွေနည်းသောဒေသဖြစ်၍ ဒေသထွက်ပစ္စည်းများ၊ ရွာသားတို့၏ ညီညွတ်သော လုပ်အားတို့ဖြင့် လျှံရေရယူနေကြသည်။ ရေရှည်တည်တံ့သော လျှံရေတားတမံကို ဆောက်လျှင်မူ ဒေသ၏ဇလဗေဒ အချက်အလက်တို့ကို လေ့လာပြီးမှ ဒီဇိုင်းထုတ်တည်ဆောက်ရန် လိုအပ်သည်။

လျှံရေစနစ်သုံးဒေသများတွင် မိုးရေစတင်စီးဆင်းရာမြေမှ ပါလာသောအနည်များသည် မြေသြဇာအာဟာရများအဖြစ် အပင်များကိုအကျိုးပြုသည်။ သို့သော် အနည်ပို့ချမှု များလာသည့်အခါ တမံထိန်းသိမ်းရေး၌ အခက်အခဲတွေ့နိုင်သည်။ မိုးပြတ်သည့်နောက် မြေဆီလွှာထဲတွင် တင်ကျန်ရစ်သောရေများကြောင့် အပင်များ ဆက်လက် ရှင်သန်နိုင်သည်။ ထို့ပြင် မြေပေါ်တွင် အချိန်အတိုင်းအတာတစ်ခုအထိ ကျန်နေသောရေများ ကြောင့် အပင်ကြီးများ ပေါက်ရောက်နိုင်သည်။

လျှံရေများကို ချောင်းဘေးစိုက်ခင်းများသို့ လွှဲယူသကဲ့သို့ မြစ်များ၊ တောင်ကြားများထဲတွင် ရေစီး၏လားရာကို ကန့်လန့်ဖြတ်ရေတားတည်ဆောက်ပြီး လျှံရေကိုတန့်စေကာ မြစ်ကြမ်းပြင်အောက် မြေသားထဲ စိမ့်ဝင်စေခြင်းဖြင့်လည်း အပင်များကို ရေပေးစိုက်ပျိုးနိုင်သည်။ ပိုလျှံသောရေများသည် ရေတားကိုကျော်၍ ချောင်းရိုး မြစ်ရိုးအတိုင်း ဆက်လက်စီးဆင်းသွားသည်။ ရေကြီးရေလျှံမှုကို အထိုက်အလျောက် တားဆီးထားခြင်းဖြင့် မြေလွှာများ ရေတိုက်စားခံရမှု လျော့နည်းခြင်းအကျိုးကိုလည်း ရသည်။

ပြန့်ပြူးသောမြေပြင်တွင် ဖြတ်စီးသောချောင်းကို ကန့်လန့်ဖြတ်၍ ရေတားတည်ဆောက်ခြင်းဖြင့် ရေစီးကို ဖြန့်ထုတ်ကာ ဘေးပတ်ဝန်းကျင် မြေပြင်ကို ဖုံးလွှမ်းစေခြင်း၊ မြေအောက်သို့စိမ့်ဝင်စေခြင်းဖြင့် အပင်စိုက်ဧရိယာကို ချဲ့ထုတ်သော စိုက်ခင်းများလည်း ရှိသည်။

ဤသရုပ်ပြပုံသည် အာဖရိကတိုက် တူနီးရှားနိုင်ငံတွင် တည်ဆောက်ထားသော လျှံရေရယူရေးစနစ် အများအပြားထဲမှတစ်ခုဖြစ်သည်။ ရေစီးတွင်ပါလာပြီး တမံ၏နောက်တွင် ထိုင်ကျန်ခဲ့သောမြေသားနှင့် အနည်များသည် စိုက်ခင်းဖြစ်လာသည်။ မြေသားထဲတွင် စိမ့်ဝင်နေသော ရေများကြောင့် အပင်များ ရှင်သန်သည်။ ပုံပါစနစ်သည် တည်ဆောက်စရိတ် အမေရိကန်ဒေါ်လာ ၃၀၀၀ ကုန်ပြီး ထိန်းသိမ်းစရိတ် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၉၀၀ ခန့် ရှိသည်။ တစ်နှစ်လျှင် ခုနစ်လခန့် စိုက်ပျိုးနိုင်သည်။

လျှံရေရယူခြင်းစနစ်ကို ထိန်းသိမ်းရန် ဒေသခံတို့၏ လုပ်အားကို အဓိကမှီခိုရသည့်အတွက် ယင်းတို့ ဝင်ငွေကောင်းသောအခြားအလုပ်အကိုင်များ ရလာသည့်အခါတွင်လည်းကောင်း၊ မြေအောက်ရေ ရလာသည့်အခါတွင် လည်းကောင်း ယင်းစနစ်ကို ဆက်မသုံးတော့သဖြင့် လျှံရေရယူခြင်းစနစ်သည် ပို၍တွင်ကျယ်လာခြင်းမရှိပေ။ သို့သော် ခြောက်သွေ့ဒေသအများအပြားတွင် ဆက်သုံးနေကြဆဲ ဖြစ်သည်။

ပုံမှန်မိုးရေ

ရံဖန်ရံခါ ပေါ်လာသော မုန်တိုင်းကြောင့် အလုံးအရင်းနှင့် ရေကြီးရေလျှံကာ မုန်တိုင်းစဲသည်နှင့် ပြီးပြီး ပျောက်ပျောက်ဖြစ်သွားခြင်းမဟုတ်ဘဲ တောင်တန်းနှင့် ကုန်းမြင့်တို့မှ မိုးကာလတစ်လျှောက်လုံး ရွာကျ စီးဆင်းလာသော မိုးရေကို ခံယူအသုံးချသည့်စနစ်များလည်း ရှိသည်။ 

ဤစနစ်တွင် မိုးရေများကို စိုက်ခင်းသို့ တိုက်ရိုက် ပို့ဆောင် အသုံးပြုကြ သကဲ့သို့ ပုံပါအတိုင်း စိုက်ခင်းထဲ မဝင်မီ ရေလှောင်ကန်ဖြင့် သိုလှောင်၍လည်း တစ်ဆင့်ခံအသုံးချနိုင်သည်။ ရေလှောင်ကန် ကြားခံခြင်းဖြင့် ရေဝေဒေသတွင် ရွာကျသော မိုးအနည်းအများကို ကြည့်၍ စိုက်ခင်းထဲဝင်သော ရေပမာဏကိုလိုသလို ထိန်းညှိပေးနိုင်သည်။ မိုးပြတ်ပြီးသည့်နောက်တွင် ဆက်လက်ရေပေးနိုင်သည်။ ကန်အောက်ခြေမှ ရေများ မြေအောက်သို့စိမ့်ဝင်ကာ မြေအောက်ရေကို ဖြည့်တင်းပြီးလည်း ဖြစ်သွားသည်။ မြေပေါ်ရေ ပြတ်သည့်အခါ မြေအောက်ရေကို စုပ်ယူ အစားထိုးအသုံးပြုနိုင်သည်။ မိုးပြတ်ကာလ ရှည်ကြာသောဒေသများ၊ မိုးရေချိန် အနည်းအများကွာဟမှု ကြီးမားသောဒေသများတွင် အသုံးတည့်သောစနစ် ဖြစ်သည်။

ဤစနစ်သည် အကြီးစားဆည်များနှင့် သဘောတရားတူသော်လည်း ပြင်ပ အကူအညီအနည်းဆုံးဖြင့် ဒေသတွင်း ပစ္စည်းကိရိယာ၊ ငွေကြေးအင်အား၊ လူသားအရင်းအမြစ်ကိုသုံး၍ တည်ဆောက် ထိန်းသိမ်းနိုင်သောစနစ်များကိုသာ မိုးရေရယူသိုလှောင် အသုံးချခြင်းစနစ်ဟုခေါ်ကြသည်။ ရေဝေဒေသ အကျယ်အဝန်းအားဖြင့် ငါးဧကမှ အများဆုံး ဧက ၅၀၀ အထိ ရှိသည်။

ဥပမာတစ်ခုအနေဖြင့် အာဖရိကတိုက် ဇမ်ဘီယာနိုင်ငံတွင် အသုံးများသည့် စနစ်တစ်ခုတည်ဆောက်ပုံကို လေ့လာနိုင်သည်။ တမံတူးမည့်မြစ်ကြမ်းပြင်ကို ကန့်လန့်ဖြတ်၍ ကျင်းငယ်တစ်ခု တူးသည်။ ကျင်းတစ်ဖက် တစ်ချက်တွင်လည်း ရွှံ့ရောသောမြေများကို စီ၍ ချထားသည်။ ရေစိမ့်မထွက်နိုင်အောင် ရွှံ့များကို လူအား စက်အားတို့ဖြင့် ကောင်းစွာသိပ်ထည့်သည်။ တမံမျက်နှာပြင်နှစ်ဖက်တွင် ရေတိုက်စားမှု မရှိအောင် မြက် စိုက်သည်။ တမံအလျားသည် ပေ ၁၅၀ ခန့်ရှည်ပြီး ရေအနက် ၁၅ ပေခန့် သိုလှောင်ထားနိုင်သည်။ ရေလှောင်ပမာဏမှာ ကုဗပေ ၁၇၀၀၀၀၀ ကျော် ဖြစ်သည်။ ဆောက်လုပ်စရိတ် အမေရိကန်ဒေါ်လာ ၅၀၀၀၀ ခန့် ကုန်ကျသည်။ ဇမ်ဘီယာတောင်ပိုင်းပြည်နယ်တစ်ခုတည်းတွင်ပင် ယင်းတမံမျိုး ၃၀၀ ခန့်ရှိပြီး လူတစ်သန်းကျော်၏ စိုက်ပျိုး မွေးမြူရေးနှင့် သောက်သုံးရေတို့အတွက် အထောက်အကူပြုလျက် ရှိသည်။

တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးကျလာသော လျှံရေနှင့်ပုံမှန်မိုးရေတို့ကို မိုးရေလှောင်ကန်ဖြင့် စုဆောင်း ရယူခြင်း၏ အခြားကောင်းကျိုးမှာ မြေတိုက်စားခံရမှု သက်သာခြင်းဖြစ်သည်။ အဟုန်ပြင်းသောမိုးရေကြောင့် မြေသားတိုက်စားခံရပြီး သဲနုန်းမြေသားတို့ အနိမ့်ပိုင်းရှိ ချောင်းများ၊ မြစ်များ၊ ကန်များ စသည်တို့အတွင်းသို့ ဝင်ရောက်ကြသည်။ သဲနုန်းပို့ချခြင်းကြောင့် မြစ်ချောင်းကန် ကြမ်းပြင်များ မြင့်တက်လာပြီး ရေစီးနိုင်သည့် နေရာ နည်းသွားခြင်းသည် ရေကြီးရေလျှံမှုကို ဖြစ်စေသောအကြောင်းတစ်ရပ် ဖြစ်သည်။ ရေကြီး၍ ကမ်းပါး တိုက်စားခံရခြင်း၊ ရေကြောင်းပြောင်းခြင်း၊ ဆည်များထဲ ဝင်ရောက်ပို့ချလျှင် လှောင်ရေထုထည် နည်းသွားခြင်း စသည့် ဆိုးကျိုးများ ပေါ်ပေါက်သည်။ မိုးရေလှောင်ကန် များသည် ယင်းဆိုးကျိုးများကို လျော့ပါးစေသည်။

သဲတမံ

သဲတမံ(Sand Dam)ဟုဆိုရာတွင် သဲဖြင့်တည်ဆောက်ထားသောရေတားတမံဟု ဆိုလိုခြင်း မဟုတ်ပေ။ သဲချောင်းများ၊ သဲဆန်သောမြေသားရှိရာဒေသများတွင် ချောင်းထဲ၌ ရေတားတမံ တည်ဆောက်ကာ တမံနောက်တွင် ဖြည်းဖြည်းခြင်း ပြည့်တက်လာသော သဲများထဲတွင် ရေသိုလှောင်သောစနစ်ကို ခေါ်ခြင်းဖြစ်သည်။ တောင်တန်းနှင့်ကုန်းမြင့်တို့မှ စီးဆင်းလာသောမိုးရေများကို မြေပေါ်တွင် မဟုတ်ဘဲ ချောင်းကြမ်းပြင်ပေါ် မို့တက်လာသော သဲထုထဲတွင် သိုလှောင်အသုံးချခြင်း ဖြစ်သည်။

သဲတမံတည်ဆောက်နည်းမှာ သဲချောင်းများထဲတွင် ရေစီးကိုကန့်လန့်ဖြတ်၍ အောက်ခြေကျောက်လွှာ သို့မဟုတ် ရေမစိမ့်နိုင်သော မြေမာအထိရောက်အောင်တူးပြီး အုတ် သို့မဟုတ် ကွန်ကရစ်ဖြင့် တမံနိမ့် တည်ဆောက်ရသည်။ ရန်ပုံငွေ မလုံလောက်မှုကြောင့် အုတ်နှင့်ကွန်ကရစ်ကို မသုံးနိုင်လျှင် အောက်ပိုင်းတွင် ရွှံ့စေးများကို ရေဖြတ်မစီးနိုင်အောင်အထိ သိပ်ပေးကာ မြေတွင်ပေါ်နေသည့် အပိုင်းကို မြေမာများဖြင့် ခိုင်ခန့်အောင် စီမံ၍လည်း တမံတည်ဆောက်နိုင်သည်။ 

တမံပြီး၍ မိုးရေ စီးဆင်းဝင်ရောက်လာသည့် အခါ နုန်းများ၊ အရွယ်သေး၍ ပေါ့ပါးသော မြေမှုန်များသည် ရေနှင့်အတူ တမံကိုကျော်၍ ဆက်လက်စီးဆင်းသွားပြီး တမံနောက်တွင် သဲကြမ်းများ တဖြည်းဖြည်းမို့တက်လာကာ တမံထိပ်အထိ ရောက်လာသည်။

အချို့နေရာများတွင် မိုးတစ်ကြိမ်ရွာပြီးသည်နှင့်သဲများဖြင့်ပြည့်သွားကြပြီး အချို့ဒေသများတွင်မူ မိုးနှစ်ကြိမ် သုံးကြိမ်ခန့်ရွာသောအခါမှ သဲပြည့်သည်။ မျက်မြင်၌ သဲကိုသာတွေ့ရသော်လည်း သဲပြင်အောက် သဲလုံးများကြားတွင် ရေများပြည့်နေသည်။ သဲထုထည် ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသည် ရေများ ဖြစ်ကြသည်။ ဘေးနှစ်ဖက်မြေပြင်ရှိ သဲများထဲသို့လည်း ရေများစိမ့်ဝင်ကူးလူးကာ တင်ကျန်နေသည်။ 

ယင်းရေများကို လက်ယက်တွင်းများဖြင့် လည်းကောင်း၊ ဆန်ကာတပ်ထားသောပိုက်ဖြင့် တမံဘေးမှ ဖောက်၍ လည်းကောင်း၊ ရေတွင်းများ လက်ဆွဲတုံကင်များဖြင့် လည်းကောင်း ရယူအသုံးချနိုင်သည်။

သဲတမံများသည် ရေဂါလန်ပေါင်းသိန်းနှင့်ချီ၍ သိုလှောင်ထားနိုင်ပြီး သုံးလိုက်၊ မိုးရွာလျှင် ပြန်ပြည့်လိုက် ဖြစ်နေသောကြောင့် လူဦးရေ ၁၀၀၀ ခန့်ကို တစ်နှစ်ပတ်လုံး သောက်သုံးရေ၊ စိုက်ရေများ ပေးနိုင်သည်။

သဲကြောထဲရှိရေများသည် တိရစ္ဆာန်အညစ်အကြေးစသည်တို့ကြောင့် ညစ်ညမ်းမှု နည်းပါးသည့်အပြင် မြေပေါ်ရေကဲ့သို့ အငွေ့ပျံဆုံးရှုံးမှု မရှိသဖြင့် ရေကို ကြာကြာသုံးရသောအကျိုးကို ရရှိသည်။ ခြင်စသည့် ပိုးမွှားများ ပေါက်ပွားခြင်း မပြုနိုင်။ အခြားတမံကြီးများကဲ့သို့ ဂေဟစနစ်ကို ထိခိုက်နိုင်ခြင်း မရှိ။ တမံကို ချောင်း၏ ကြမ်းပြင်ပေါ်အထိ မဆောက်ဘဲ မြေအောက်တွင်သာ မြှုပ်ထားခြင်းဖြင့် မြေအောက်တမံ တည်ဆောက်ကာ မြေအောက်သဲလွှာများတွင်း၌ ရေသိုလှောင်ထားနိုင်သည်။

ယင်းနည်းဖြင့် ဆောက်ထားသောသဲတမံများသည် မိုးရေရယူသိုလှောင်အသုံးချစနစ် အမျိုးမျိုးတွင် ကုန်ကျစရိတ်အနည်းဆုံး ဖြစ်သည်။ ရေအမြဲမစီးသည့် တောင်ကျ ချောင်းများ၌ တောင်ပေါ်တွင် မိုးရွာသည်နှင့် သဲနုန်းများ၊ သစ်ပင်များ၊ အမှိုက်သရိုက်များ အရှိန်ဖြင့်ဆင်းလာကာ စီးရာလမ်းတစ်လျှောက် အပျက်အစီး များစွာ ဖြစ်ပေါ်စေနိုင်ရာ သဲတမံများက ယင်းအန္တရာယ်ကို လျော့နည်းစေသည်။

သဲတမံနှင့်ယင်း၏အကျိုးကျေးဇူးများဗီဒီယိုသရုပ်ပြချက် ရှုစားရန်

ရေထုထည် ကုဗပေ ၃၅၀၀၀၀ မှ ကုဗပေ ၃၅၀၀၀၀၀၀ အထိသိုလှောင်နိုင် သော သဲတမံများကို ခြောက်သွေ့ဒေသများ၌ တွေ့နိုင်သည်။ အာဖရိကတိုက် ကင်ညာ နိုင်ငံရှိ သဲတမံအများစုသည် ၆ ပေအမြင့်၊ ပေ ၁၂၀ ခန့်ရှည်သည်။ ဘိလပ်မြေ အိတ် ၅၀၀ အပါအဝင် ပစ္စည်းနှင့်လုပ်အားခ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့် ကုန်ကျ သည်။ ထိန်းသိမ်းစရိတ်အလွန်နည်းပါးသည်။ သဲတမံတစ်ခုသည် ပျမ်းမျှနှစ်ပေါင်း ၅၀ ခန့်ခံသည်။ ကင်ညာနိုင်ငံရှိ ရေထုထည်ကုဗပေ ၇၀၀၀၀ ခန့်ထိ သိုလှောင်ထားနိုင်သော သဲတမံတစ်ခုက အနီးရှိ ရွာတစ်ရွာအပေါ် အကျိုးပြုနိုင်မှုကို လေ့လာသည့်အခါ ပေါ်ထွက်လာသောရလဒ်မှာ အောက်ပါအတိုင်း ဖြစ်သည်။သဲတမံမဆောက်မီသဲတမံဆောက်ပြီးရေသယ်ရသောအကွာအဝေးနှစ်မိုင်ခွဲမိုင်ဝက်ရေမလုံလောက်သောလူပေါင်း၆၀၀ဝစိုက်ပျိုးနိုင်သည့်အိမ်ထောင်စု၃၈ ရာခိုင်နှုန်း၆၈ ရာခိုင်နှုန်းစိုက်ရေရရှိမှု၁ ရက် ၂၂ ဂါလန်၁ ရက် ၈၅ ဂါလန်အိမ်တွင်းလုပ်ငန်းဝင်ငွေဝ၁ နှစ် ဒေါ်လာ ၆၀မိသားစုဝင်ငွေ၁ နှစ် ၂၁ ဒေါ်လာ၁ နှစ် ဒေါ်လာ ၃၃၀

မြေပေါ်ပေါ်နေသောသဲတမံသဘောတရားအတိုင်း ချောင်း၏သဲပြင်အတွင်း လုံးဝမြုပ်နေသော တမံများကိုလည်း တည်ဆောက်အသုံးပြုနိုင်သည်။ ယေဘုယျအားဖြင့် မြေအောက်တမံ တည်ဆောက်စရိတ်သည် မြေပေါ်တမံထက် နည်းသည်။ သို့သော် မြေအောက်တမံ၏နောက်တွင် သိုလှောင်ထားနိုင်သော ရေပမာဏသည် မြေပေါ်တမံနောက်ရှိ ရေပမာဏထက် နည်းသည်။မြေအောက်တမံ

ရေနံချောင်းမြို့နယ် နဂါးရွာသစ်ကျေးရွာအနီး သဲချောင်းတွင် ကုလသမဂ္ဂ အထောက်အပံ့ဖြင့် တည်ဆောက်ထားသော မြေအောက်ရေလှောင်တမံရှိကြောင်း သိရသည်။ သဲချောင်းအတွင်းရှိရေအပြင် အနီးအနား မြေအောက်ရေ မျက်နှာပြင်လည်း မြင့်တက်လာသဖြင့် ရွာနီးချုပ်စပ်ပြည်သူများအတွက် အလွန်ကျေးဇူးများသည်။

အညာမြေအခြားတစ်နေရာတွင် ချောင်းအကျယ်ပေ ၁၀၀၊ သဲထုအနက် ၁၀ ပေရှိသည့် သဲတမံတစ်ခု ရှိသည်။ ချောင်းအလျားပေ ၂၀၀ အထိ သဲရှိသည်ဟု ယူဆလျှင် သဲထုထည်ကုဗပေ ၂၀၀၀၀၀ ရှိ၏။ သဲထု၏ ၃၀ ရာခိုင်နှုန်းတွင် ရေရှိနေနိုင်ရာ ရေကုဗပေ ၆၀၀၀၀၊ ဂါလန်အားဖြင့် ၄၀၀၀၀၀ ခန့်ရှိမည်။ ကုန်ကျစရိတ်သိန်း ၇၀ ဟု သိရသည်။ ကျပ်သိန်း ၇၀ တစ်ကြိမ်တည်း အကုန်အကျခံရုံမျှဖြင့် တစ်နှစ်ရေဂါလန်အနည်းဆုံး ၄၀၀၀၀၀ နှုန်းဖြင့် နှစ်ပေါင်းများစွာ သုံးနေနိုင်သည်။


— အထက်ပါဆောင်းပါးသည် မိုးရေလှောင်ကန်စာအုပ် အခန်း-၄ ဖြစ်ပါသည်၊ ကျန်အခန်းများကို အောက်ပါလင့်ခ်များ၌ ဖတ်ရှုနိုင်ကြပါသည်။

အခန်း-၁ ရေဘက်ဆိုင်ရာနိုဘယ်ဆိုင်ရာနိုဘယ်ဆုရှင်

အခန်း-၂ အရေးပါသလောက်နေရာမရသေးသည့်မိုးရေ

အခန်း-၃ ပျက်ယွင်းရေသံသရာနှင့်မိုးရေ

အခန်း-၅ မြေလျှိုးမိုးရေ

အခန်း-၆ မိုးကျရေချို

အခန်း-၇ အထက်ဆန်သည့်ရေ

အခန်း-၈ ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း

အခန်း-၉ စင်ကာပူမှာရွာသည့်မိုး

အခန်း-၁၀ တရုတ်ပြည်မှာရွာသည့်မိုး

အခန်း-၁၁ မြန်မာပြည်မှာရွာသည့်မိုး

DECEMBER 17, 2021

ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဝါးခင်းကြီးချောင်း မြေအောက်သဲတမံ

၂၀၂၁ ခုနှစ် မေလ ၁၀ ရက်မှစတင် တည်ဆောက်၊ ၂၀၂၁ ဇူလိုင် ၃၁ ပြီးစီး
ကျောက်ကြီးစီ၊ ကွန်ကရစ်လောင်း
ရေဆင်းဧရိယာ ၁၆ စတုရန်းမိုင်
တမံအလျားပေ ၄၅၀၊ အကျယ် ခြောက်ပေ၊ အမြင့် ၂၃ ပေ
ရေလှာင်ပမာဏ ဂါလန်သန်း ၂၇၀

တမံမဆောက်မီ ရေတွင်းအနက်ပေ ၃၀၊ ရေနေတစ်ပေခွဲခန့်၊ အများဆုံးငါးပေခန့်သာရှိခဲ့
တမံဆောက်ပြီး ရေအနက် ၁၈ ပေမှ ၂၅ ပေအထိ မြင့်တက်လာ
အကျိုးပြုကျေးရွာ ရှစ်ရွာ၊ အိမ်ထောင်စု ၉၆၀၊ လူဦးရေ ၄၀၀၀

(ကြေးမုံသတင်းစာ ၁၇ . ၁၂ . ၂၁ စာမျက်နှာ ၉ မှ)

မြေပေါ်မြေအောက်သဲတမံများအကြောင်း လေ့လာရန် ဤနေရာကို နှိပ်ပါ

Share this:

Related

July 27, 2022

In “Water”

(Daily Eleven သတင်းစာ ၁၇ . ၁ . ၂၀၂၂ ပါ ဆောင်းပါး ဖြစ်ပါသည်။) “ဒီနှစ်စပါး ရှူချက်ကတော့ ရက်စက်တယ်။ စပါး ၄၀၀ တောဟာ တစ်ရာလောက်ရ ကြတာပဲ။ စပါးအောင်ရေ မရတာပေါ့။ သီတင်းကျွတ် လပြည့်ကျော် ၁၂ ရက်ကနေ (နို ဝင်ဘာ ၁ ရက်) တန်ဆောင်မုန်းလဆန်း  ၁၂ ရက် (နိုဝင်ဘာ ၁၅ ရက်) လောက် နေပူလိုက် တာ နွေရာသီလိုပဲ။ စပါးထွက်စဆိုတော့ စပါးတွေက မငိုက်ပတန်းလန်းလန်း ဖြစ်နေတာ။ ရှေးလူကြီးအခေါ်တော့ “ပင်သေ၊ ရေခန်း” လိုက်တယ်လို့ ဆိုကြတာပေါ့။  အခုနောက်ပိုင်း လေး၊…January 17, 2022

In “Climate Change”

May 29, 2022

In “Awareness”

Published by ukyawoo

View all posts by ukyawoo

Post navigation

Previousပျက်ယွင်းရေသံသရာနှင့်မိုးရေ

Nextမြေလျှိုးမိုးရေ

11 comments

  1. မြေလျှိုးမိုးရေ – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  2. ရေကြီးရေလျှံ ရေကန်ဖြင့်ထိန်း – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  3. စင်ကာပူမှာရွာသည့်မိုး – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  4. တရုတ်ပြည်မှာရွာသည့်မိုး – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  5. မြန်မာပြည်မှာရွာသည့်မိုး – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  6. မိုးရေလှောင်ကန်စာအုပ်ကို ဒစ်ဂျစ်တယ်ပုံစံဖြင့် ထုတ်ဝေခြင်း – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  7. မိုးရေလှောင်ကန်ဒစ်ဂျစ်တယ်စာအုပ်ဖတ်ရှုရန် – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  8. ရေဘက်ဆိုင်ရာနိုဘယ်ဆုရှင် – Water Security and the Changing Climate[…] အခန်း-၄ ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY
  9. မြေအောက်သဲတမံ (အေးမြင့်-ညောင်တုန်း) – Water Security and the Changing Climate[…] […]REPLY
  10. ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ဝါးခင်းကြီးချောင်း မြေအောက်သဲတမံ – Water Security and the Changing Climate[…] မြေပေါ်မြေအောက်သဲတမံများအကြောင်း လေ့လာရန် ဤနေရာကို နှိပ်ပါ […]REPLY
  11. မြန်မာ့ရေလှောင်တမံများ ၏ကောင်းကျိုး ဆိုးကျိုး – မှတ်ဖွယ်မှတ်ရာ စာပဒေသာ[…] ဟိုတောင်ဆီမှာပြိုသည့်မိုး […]REPLY

Leave a Reply 

SEARCHSearchCategoriesWaterAwarenessPollutionResourcesSecurityWaste WaterClimate ChangeAdaptationAtmosphereDroughtsFloodsGreenhouseGasesMelting IceOceansPrecipitationSea Level RiseTemperature Rise

မိုးရေလှောင်ကန်
စာအုပ်
ဖတ်ရှုရန်
click here

Agriculture. AntarcticArctic AyarwaddyCoral Reef DesalinationEnvironmentEvaporation GreenlandGroundwaterInnovations MethaneMyanmar PeoplePermafrost RainwaterRecharge RiversSavingWastewater ReuseWatershed Yangonhttps://widgets.wp.com/follow/index.html#href=kyawoo.com&lang=en&blog=197511286