
ဒေါက်တာခင်မောင်ညွန့်
နိုင်ငံတကာဆက်ဆံရေးပညာ
နှင့်သမိုင်းပါမောက္ခ( ငြိမ်း)
၁၅/၉/၂၀၂၂ နေ့တွင် ကွယ်လွန်
ဒေါက်တာခင်မောင်ညွန့်သည် အသင်အပြကောင်းရုံသာမက အဟောအပြောလည်း
ကောင်းသူဖြစ်သည်။အထူးသဖြင့်မြန်မာယဉ်ကျေးမှုကိုဟောပြောလျှင်
နားထောင်ချင်စဖွယ်ဖြစ်အောင်ဟောပြောနိုင်ပြီး ဟာသနှင့်ဂီတလည်းဖြည့်စွက်ပါဝင်တတ်၍ ဟောပြောပွဲများသည်စိုပြေ၍ငြီးငွေ့ဖွယ်မဖြစ်ပေ။၁၉၈၆ မုံရွာကောလိပ်တွင် ဆရာကြီး၏ဟောပြောပွဲကိုပထမဦးဆုံးနားထောင်ခဲ့ဘူးသည်။
ဒေါက်တာခင်မောင်ညွန့် သည် မြန်မာစာပေပညာရှင်၊ သမိုင်းနှင့်ယဉ်ကျေးမှုပညာရှင်၊ နိုင်ငံတကာဆက်ဆံရေးဌာနကို စတင်တည်ထောင်သူထဲမှတစ်ဦး ဖြစ်သည်။
ဒေါက်တာခင်မောင်ညွန့်ကို မန္တလေးမြို့၊ ချမ်းအေးသာဇံရပ်တွင် အဖ ဦးသိန်း၊ အမိ ဒေါ်ကြည်တို့မှ ၁၉၂၉ ခုနှစ် မေလ ၁၃ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ငယ်နာမည် လှကြိုင်၊
ဒုတိယသား ဖြစ်သည်။ မန္တလေးမြို့၊ ဗုဒ္ဓသာသနနုဂ္ဂဟ ယောက်ျားလေးကျောင်း၊ သံတဲကျောင်းနှင့် စိန်ပီတာကျောင်းတို့တွင် ပညာသင်ခဲ့ပြီး ၁၉၄၈ နှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်သည်။
၁၉၄၈-၄၉ နှင့် ၁၉၄၉-၅ဝ နှစ်များတွင် မန္တလေး ကောလိပ်တွင်
ဝိဇ္ဇာဘာသာတွဲနှင့် ဥပစာတန်းအောင်သည်။ ၁၉၅၂ နှစ်တွင် မန္တလေးကောလိပ်မှ ဝိဇ္ဇာတန်းအောင်ပြီး၊ သမိုင်းဘာသာ
ရွှေတံဆိပ်ရသည်။ မန္တလေး
ကောလိပ်တွင် သမိုင်းအသင်း ဥက္ကဋ္ဌ၊ မြန်မာစာအသင်း အမှုဆောင်နှင့် နှစ်လည်မဂ္ဂဇင်း၊ အင်္ဂလိပ်စာပိုင်း စာတည်း အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၅၂ မှ ၁၉၅၅ အထိ ရန်ကုန်တက္ကသိုလ်၊ ခေတ်သစ်သမိုင်းနှင့် နိုင်ငံရေး သိပ္ပံဘာသာ ဌာနတွင် နည်းပြ၊ စာသင်နည်းပြမှ လက်ထောက် ကထိက အထိ အမှုထမ်းရင်း ဝိဇ္ဇာဂုဏ်ထူး (သမိုင်း)၊ မဟာဝိဇ္ဇာ (သမိုင်း) ဘွဲ့များ ယူခဲ့သည်။ စစ်ကိုင်းကျောင်းဆောင်တွင် အဆောင်နည်းပြနှင့် အဆောင်မှူး တာဝန် ထမ်းဆောင်ခဲ့သည်။
မြန်မာနိုင်ငံတော် အစိုးရ၏ ပညာတော်သင်ဆု ရ၍ ၁၉၅၆-၁၉၆ဝ အထိ အင်္ဂလန်ပြည်၊ လန်ဒန်တက္ကသိုလ် (International Relations) ၌ ဘွဲ့လွန်သင်တန်း တက်ပြီး ၁၉၆ဝ ပြည့်နှစ်တွင် ပါရဂူ (ဒေါက်တာ) ဘွဲ့ ရခဲ့သည်။
၁၉၆ဝ မှ ၁၉၇၅ အထိ၊ ရန်ကုန်တက္ကသိုလ်၊ မော်လမြိုင်ကောလိပ်၊ ပညာရေးတက္ကသိုလ်၊ လုပ်သားများကောလိပ်တွင် သမိုင်းဌာန၊ ဌာနမှူး ကထိက အဖြစ် အမှုထမ်းရင်း ကျောင်းသုံး သမိုင်းစာအုပ်များ ပြုစုသည်။ တိုင်းရင်းသားယဉ်ကျေးမှု ဓလေ့ထုံးစံများ ချင်းနှင့် ရှမ်း စာအုပ်များ ရေသားခဲ့သည်။
၁၉၇၅ မှ ၁၉၈၂ အထိ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် နိုင်ငံတော် သမိုင်းသုတေသနဦးစီးဌာန များတွင် ညွှန်ကြားရေးမှူးချုပ် ရာထူးအထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုကာလတွင် နိုင်ငံတော်တာဝန်ပေးချက်အရ ပြည်ပနိုင်ငံများသို့စေလွှတ်သော ယဉ်ကျေးမှုအဖွဲ့များကို ဦးဆောင်ကာ သွားရောက်ခဲ့သည်။
၁၉၈၂ မှ ၁၉၈၇ အထိ မန္တလေးတက္ကသိုလ် သမိုင်းဌာနနှင့် နိုင်ငံတကာ ဆက်ဆံရေး ဌာနများတွင် ပါမောက္ခ အဖြစ် ထမ်းဆောင်ခဲ့သည်။
၁၉၈၇ မှ ၁၉၈၉ အထိ ရှေးဟောင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် နိုင်ငံတော် အစိုးရက ခန့်ထားသည်။ ထိုကာလအတွင်း ရှေးဟောင်း သုတေသနလုပ်ငန်းများနှင့် ဆိုင်သော ညီလာခံများကျင်းပသည့် နိုင်ငံများသို့ မြန်မာနိုင်ငံကိုယ်စားပြု၍ တက်ရောက်ခဲ့သည်။
၁၉၉ဝ မှ ၁၉၉၄ အထိ မြန်မာ့သမိုင်းဖြစ်ရပ်အမှန်များပြုစုရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၄ မှ ယနေ့အထိ မြန်မာနိုင်ငံသမိုင်း ကော်မရှင် အဖွဲ့ဝင်အဖြစ် အမှုထမ်းရင်း သမိုင်းသုတေသန စာတမ်းများ ပြုစု ထုတ်ဝေလျက် ရှိသည်။ ၁၉၉၆ မှစ၍ အင်္ဂလိပ်ဘာသာနှင့်ရေးသော Myanmar Perspective မဂ္ဂဇင်း၏ စာတည်းမှူးချုပ်အဖြစ် ထမ်းဆောင်ရင်း သမိုင်းနှင့်ယဉ်ကျေးမှုဆိုင်ရာ ဆောင်းပါးများစွာ ရေးသား
ခဲ့ပါသည်။ နေ့စဉ်ထုတ်သတင်းစာများ၊ လစဉ်ထုတ် ဂါဒီယန်းမဂ္ဂဇင်း တို့တွင်လည်း ဆောင်းပါးများရေးသည်။ မြန်မာ့အသံ၊ အင်္ဂလိပ်ပိုင်း စနေနေ့တိုင်း အစီအစဉ်တွင်
မြန်မာ့ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ ဟောပြောချက်များကို အင်္ဂလိပ်ဘာသာနှင့် အသံလွှင့်လျက်ရှိသည်။
၁၉၉၈ ဒီဇင်ဘာလမှ စ၍
၂၀၁၈ အထိ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် တွင် ဗုဒ္ဓဘာသာ နှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သမိုင်းဌာန၊ ပါမောက္ခ အဖြစ်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ သမိုင်းဌာနတွင် အငြိမ်းစားပါမောက္ခအဖြစ်လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်ရေးရာကျွမ်းကျင်သင်တန်းနှင့် ဧည့်လအ်းညွှန်သင်တန်းကျောင်းတို့တွင် လည်းသင်တန်းနည်းပြအဖြစ်
သင်ကြားပို့ချခဲ့လေသည်။
မြန်မာနိုင်ငံ စာရေးဆရာများနှင့် သတင်းစာဆရာများ အသင်းကြီး၏ အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်ကာ အမျိုးသားစာပေတစ်သက်တာဆုရှင်လည်းဖြစ်သည်။
၁၅.၉.၂၀၂၂
ည ၈ နာရီအချိန်
နေအိမ်၌ လူကြီးရောဂါဖြင့်အသက် ၉၃ နှစ်တွင်ကွယ်လွန်သည်။
🪦🪦🪦

ဆရာကြီးဒေါက်တာခင်မောင်ညွန့်ဟာ ၂၀၂၀ ခုနှစ် အသက် (၉၁) နှစ်ရှိသည့်တိုင် ရန်ကုန်တက္ကသိုလ်သမိုင်းဌာနမှာ လာရောက်စာသင်ပေးဖူးခဲ့ပါတယ်။ ဆရာကြီးဟာ မန္တလေးတက္ကသိုလ်သမိုင်းပါမောက္ခတာဝန်၊ ရှေးဟောင်းသုတေသန
ဦးစီးဌာနညွှန်ချုပ်တာဝန်တွေထမ်းဆောင်ခဲ့သူဖြစ်လို့ သမိုင်းပညာရှင်အဖြစ်လူသိများပေမယ့် ဆရာကြီးရဲ့ကျောင်းဆရာဘဝ အစဟာ
ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနမှာ part-time tutor အဖြစ်စတင်ခဲ့ကြောင်းသိသူ
နည်းပါလိမ့်မယ်။
အသက် (၉၁)နှစ်ရှိသည့်တိုင်ကျောင်းဆရာဘဝကိုခုံမင်ပြီးစာသင်ရလျှင်ပျော်နေတတ်သော ဆရာကြီးကိုမြင်ရတော့ လွန်ခဲ့သော (၆၇) နှစ်၊ ဆရာကြီးဘွဲ့ရပြီးစအချိန်ကနိုင်ငံခြားရေးဝန်ကြီးဌာန တတိယအတွင်းဝန်လုပ်ဖို့ကြိုးစားရင်း ကံဇာတ်ဆရာက သင့်တော်မည့် လမ်းကြောင်းပေါ်သို့ဆရာကြီးအားတင်ပေးခဲ့သဖြင့် ယနေ့တိုင်ကျောင်းဆရာအဖြစ်ပျော်ရွှင်စွာ လျှောက်လမ်းနေ ပုံများကို ပြန်လည်စဉ်းစား
မိ တော့ အတိတ်ကအဖြစ်အပျက်တွေဟာကျွန်တော့်စိတ်အာရုံမှာရုပ်ရှင်တစ်ကားကြည့်သလိုမြင်ယောင်လာမိပါတယ်။
ဆရာကြီးဒေါက်တာခင်မောင်ညွန့်ဟာ (၁၉၅ ၂ )ခုနှစ်မှာ ခေတ်သစ်သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ အင်္ဂလိပ်စာပေ ဘာသာတွဲတို့ဖြင့် BA ဘွဲ့ရတဲ့အခါ နိုင်ငံခြားရေးရုံး၊ တတိယအတွင်းဝန်ရာထူးလျှောက်ဖို့ ရန်ကုန်သို့ဆင်းလာခဲ့ပါတယ်။ ရန်ကုန်မှာ၎င်းနှင့်ရင်းနှီးကျွမ်းဝင်တဲ့ လောဂျစ်ဆရာဦးဖေအောင်(နောင်အခါ YU ၏
philosophyပါမောက္ခ)အဆောင်မှူးအဖြစ်ဆောင်ရွက်နေတဲ့
စစ်ကိုင်းဆောင်မှာတည်းခို
ပါတယ်။ ဆရာဦးဖေအောင်ရဲ့တိုက်တွန်းမှုကြောင့် နိုင်ငံခြားရေးဌာနအလုပ်မရမီစပ်ကြားမှာဆရာဟာရန်ကုန်တက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှာအချိန်ပိုင်းနည်းပြဆရာလုပ်ဖြစ်ပါခဲ့တယ်။ ဆရာဦးဖေအောင်ရဲ့ထောက်ခံချက်ကြောင့်စစ်ကိုင်းဆောင် အဆောင်နည်းပြလည်းလုပ်ဖြစ်ခဲ့ပါတယ်။
အဲဒိ(1952)ခုနှစ်အချိန်က
အင်္ဂလိပ်စာပါမောက္ခကဆရာကြီးဦးမျိုးမင်းပါ။ ဖြူဖြူဝဝ၊ ပြုံးပြုံး၊ ဘင်္ဂလားဆေးပြင်းလိပ်ကိုပါးစောင်မှာခဲရင်း စကားပြောတတ်တယ်။ ဘီယာကြိုက်တတ်တယ်။ အင်္ဂလိပ်စာပေကို ကျောင်းသားတွေနားလည်အောင်ဆီလျော်သောဟာသတွေနဲ့
သင်တတ်တယ်။ ဒေါက်တာ
ခင်မောင်ညွှန့် အချိန်ပိုင်းနည်းပြအဖြစ်ဆောင်ရွက်နေတုန်း
ပါမောက္ခဦးမျိုးမင်းက
ပြောလာတယ်…
UMM။ “မောင်ခင်မောင်ညွန့်ကိုအကြံကောင်းပေးချင်တယ်။ မင်း History နဲ့ PS အမှတ်တွေသိပ်ကောင်းတယ်။ Historyရွှေတံဆိပ်လည်းရထားတော့ဆရာဘညွန့်ရဲ့ ဌာနကိုပြောင်းပါလား။ ဒီဌာနမှာက blocked ဖြစ်နေတယ်။ ဆရာဘညွန့်ဌာနမှာဆိုရင်မင်း full-time tutor တန်းဖြစ်မှာ။ “
Dr KMN။ “ဆရာကြီးအကြံ
ပေးတာနာခံပါ့မယ်။ ဒါပေမယ့်ကျွန်တော်က PSC စာမေးပွဲဖြေမှာ။ Foreign Service ဝင်မလို့ပါ။ ဒီမှာခဏကွန်းခိုတာပါ။ ဟဲဟဲ။”
UMM။ “ဒါကတော့မင်းသဘောပါ။ နက်ဖြန်ကိုဘညွန့်ဆီ duty report လုပ်တော့။ “
ဒီလိုနဲ့ပဲ ဆရာကြီးဒေါက်တာ
ခင်မောင်ညွန့်ဟာ အင်္ဂလိပ်စာဌာနအချိန်ပိုင်းနည်းပြအဖြစ်မှအနောက်တိုင်းရာဇဝင်ဌာန
နည်းပြဖြစ်လာခဲ့ပါတယ်။
ဦးဘညွန့်ဆိုတာ အဲဒိအချိန်ကာလ (၁၉၅ ၂)ကရန်ကုန်တက္ကသိုလ်၊ အနောက်တိုင်းရာဇဝင်ပါမောက္ခ(သမိုင်းဟုမခေါ်သေး)ဖြစ်ပါတယ်။ ဆရာကြီး
ဦးဘညွန့်ဟာ ငယ်စဉ်အခါက လစာကြီးရနေသော မီးရထားဌာနမှာလုပ်ကိုင်နေရာမှသူ့ခေတ်က တစ်လ ၅၀ကျပ်သာရသော
ကျူတာဘဝသို့ပြောင်းလာခဲ့သူပါ။ မျက်နှာဖြူဗိုလ်တွေကစားသောဂေါက်ကွင်းမှာမြန်မာလုံချည်ကို
ခါးတောင်းကြိုက်ပြီးဂေါက်ရိုက်ကာကိုလိုနီတော်လှန်ရေးလုပ်ခဲ့သူဖြစ်ပါတယ်။ စာအသင်အပြကောင်းသလိုအားကစား၊ အနုပညာဘက်စုံရတယ်။ ချစ်ဒုက္ခသီချင်းကိုသီဆိုလို့ချစ်ဒုက္ခ ဦးဘညွန့်လို့ နာမည်ကြီးတယ်။ ရုပ်ရှင်မင်းသားကြီး ဝင်းဦးရဲ့
အဖေပေါ့။
ဆရာကြီးဒေါက်တာခင်မောင်ညွန့် ကျူတာလုပ်သက်( ၂)နှစ် ခန့်ရှိလာသော ၁၉၅၄ခုနှစ်တွင်
ပါမောက္ခဦးဘညွန့်ကကျူတာများကိုအစည်းအဝေးခေါ်ပြီးပြောတယ်_
UBN။ “ငါတစ်ပတ် နှစ်ပတ်လောက် စီနီယာ အိုင်အေတန်းကို လက်ချာမယူနိုင်ဘူး။ မင်းတို့အထဲကငါ့အတန်းဘယ်သူယူပေးနိုင်မလဲ။ ဘယ့်နှယ်လဲဟေ့၊ မန္တလေးသား ခင်မောင်ညွန့် မင်း volunteer လုပ်ကွာ။ ငါ့ကူစမ်းပါ။”
DrKMN။ “ဆရာကြီး ဘယ်တော့လက်ချာပေးရမလဲ။ ကျွန်တော် prepare လုပ်ပါ့မယ်။ “
UBN။ “This afternoon, Room No.A1 on the ground floor, Senior I.A English section.”
DrKMN။ “But I have no turban, Sir.”
UBN။ “Take mine and go ahead, youngman.”
ပါမောက္ခဦးဘညွန့်ကပြောပြောဆိုဆိုနဲ့သူ့ခေါင်းပေါင်းကိုပေးခဲ့ပြီး အော်စတင်ကားလေးနဲ့ထွက်သွားပါလေရော။
ပြင်ဆင်ချိန်မရှိတော့။ ဝင်ရမည့်အတန်းကလည်းအင်္ဂလိပ်နာမည်တွေနှင့်ဘိုစိတ်ပေါက်နေသောခရစ်ယာန်သာသနာပြုကျောင်းထွက်ကျောင်းသားအများစုပါဝင်သောအင်္ဂလိပ်ဘာသာဖြင့်လက်ချာပေးရမယ့်အတန်းဖြစ်တယ်။ ပါမောက္ခကိုယ်စားအတန်းလာဝင်ကြောင်းမိတ်ဆက်ပြီး သင်လက်စသင်ခန်းစာဖြစ်သည့်ပြင်သစ်
တော်လှန်ရေးကြီးအကြောင်းဆက်သင်ရတယ်။
ပြောင်ရန်လှောင်ရန်ဟန်ပြင်တဲ့မျက်နှာတွေဟာ မှတ်စုစာအုပ်မှာလက်ချာအမှီလိုက်ရတာကြောင့်မော်မကြည့်အားဖြစ်ကုန်ကြရော။ သင်ကောင်းကောင်းနှင့်ဆက်သင်နေတာအချိန်ပြည့်ခေါင်းလောင်းထိုးတာကိုတောင် ကျောင်းသူတစ်ဦးကသတိပေးယူရတော့တယ်။
ဆရာကြီးဒေါက်တာခင်မောင်ညွန့်ဟာအဲဒိနေ့ကအတွေ့အကြုံ
ကြောင့် နိုင်ငံခြားရေးရုံး တတိယအတွင်းဝန်ရာထူးမေးပွဲမဖြေဖြစ်တော့ဘဲ BA(Hons)၊ ထိုမှ MA၊
ထိုမှ ဘိလပ်ပညာသင်သွားရောက်ပြီး ဒေါက်တာဘွဲ့ရရှိကာ ကျောင်းဆရာဘဝကို နှစ်ခြိုက်စွာခံယူသွားတာ အသက်(၉၁)နှစ်ထိတိုင်ဖြစ်ပါတယ်။
Crd
(ဇေယျာဦး)
Pl share.