Water Scarcity and Scarce Rainfall. ရေရှားပါး မှု နှင့် မိုးခေါင်မှု

ဦး ကျော်ဦး ၏ ၂၈ / August / 2022 Facebook post မိုးခေါင် ခြင်း အခြေအနေများ အကြောင်း အား ပြန်လည် ကူးယူ မျှဝေပါသည် ။

ပုံမှန်ထက် အချိန်ကြာကြာ မိုးနည်းနေပြီး သီးနှံအထွက် ကျဆင်းကာ ရေရှားပါးမှု ဖြစ်ပေါ်စေသည့် အခြေအနေကို မိုးခေါင်သည်ဟု ခေါ်သည်။ မိုးခေါင်ခြင်းသည် သဘာ၀ ဘေးအန္တရာယ် အရေအတွက် စုစုပေါင်း၏ ၁၅ ရာခိုင်နှုန်းသာ ရှိသော်လည်း ၁၉၇၀ ပြည့်နှစ်နှင့် ၂၀၁၉ ခုနှစ်ကြားတွင် မိုးခေါင်ခြင်းကြောင့် လူပေါင်း ၆၅၀၀၀၀ သေဆုံးခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ကမ္ဘာတစ်လွှား၌ မိုးခေါင်သည့် အကြိမ် သုံးပုံတစ်ပုံ များလာခဲ့သကဲ့သို့ ခေါင်သည့်အချိန်လည်း သုံးပုံတစ်ပုံခန့် ပိုမိုကြာရှည်လာလျက် ရှိသည်။

၂၀၂၂ ဇူလိုင်လ လေ့လာချက်အရ အမေရိကန်နိုင်ငံ၏ အနောက်ပိုင်းပြည်နယ်များ၏ ၃၂ ရာခိုင်နှုန်းတွင် ပုံမှန်ထက် ထူးကဲပြင်းထန်စွာ မိုးခေါင်လျက် ရှိသည်။ ဥရောပတွင် နှစ်ပေါင်း ၅၀၀ အတွင်း အဆိုးဆုံး မိုးခေါင်ခြင်းကြောင့် မြေဆီလွှာ ခန်းခြောက်လာမှုကြောင့် သတိပေးချက်များ ထုတ်ပြန်နေရသည်။ အီသီယိုပီးယား ဆိုမာလီ ကင်ညာနိုင်ငံတို့တွင် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်ခြင်းကြောင့် လူဦးရေ ၁၈ သန်းခန့် အငတ်ဘေးနှင့် ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၌ စံချိန်တင် မိုးခေါင်နေခြင်းကြောင့် စွမ်းအင်နှင့် ရေအခက်အခဲ အလွန်ကြီးမားနေသည်။ သီးနှံအထွက် ကျဆင်းနေသည်။

ယခုအခါ မြန်မာနိုင်ငံတွင် မိုးနည်းသည့်ဒေသအချို့ ရှိသော်လည်း ဆိုးရွားစွာ မိုးခေါင်သည်ဟု မကြားရပေ။ သို့သော် အားကောင်းသော အယ်လ်နီညိုဖြစ်စဉ် ပေါ်ပေါက်လျှင် ခြောက်သွေ့ကာလ ရှည်ကြာပြီး မိုးခေါင်ခြင်းအထိ ဖြစ်နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားသည်။

ကမ္ဘာတွင် နောက်ဆုံး အယ်လ်နီညိုဖြစ်စဉ်သည် ၂၀၁၈-၁၉ က ပေါ်ပေါက်ခဲ့ပြီး နှစ်နှစ်နှင့် ခုနစ်နှစ်အတွင်း ပြန်ဖြစ်လာတတ်သည်။ ထို့ကြောင့် အယ်လ်နီညိုသည် အများဆုံး သုံးလေးနှစ်အတွင်း ပြန်ပေါ်လာနိုင်သည်ဟု ကောက်ချက်ချနိုင်သည်။ ပညာရှင်များက အနာဂတ်တွင် ကမ္ဘာတစ်ဝန်း မိုးခေါင်ခြင်း ပိုဆိုးလာကာ ကမ္ဘာ့လူဦးရေ စုစုပေါင်း၏ ၇၅ ရာခိုင်နှုန်းအပေါ် သက်ရောက်မည်။ လူသန်းပေါင်း ၅၇၀၀ တို့သည် တစ်နှစ်လျှင် တစ်လခန့် ရေရှားပါးမှုနှင့် ရင်ဆိုင်ရမည်ဟု ခန့်မှန်းထားသည်။

မလွဲမသွေ ပြန်ပေါ်လာမည့် အယ်လ်နီညိုကြောင့် မြန်မာနိုင်ငံတွင် ခြောက်သွေ့ကာလ ရှည်ကြာပြီး မိုးခေါင်ခြင်းအထိ ဖြစ်နိုင်ရာ ယင်းအခြေအနေကို ရင်ဆိုင်ရန် မည်သို့ မည်မျှ ပြင်ဆင်ထားပါသနည်း။