ရေအတွက် ရတက် မအေးစရာများ Water Anxieties

ကမ္ဘာ့ ရာသီဥတုများဖေါက်ပြန် ပြောင်းလဲ လျက်ရှိနေသဖြင့် လူတို့ အသုံးပြုနိုင်သော ကမ္ပာပေါ်ရှိ ရေ အရင်းအမြစ် ပမာဏ များ သည် လည်း လျော့နည်း ဖေါက်ပြန် လျက် ရှိနေသည် ။

Facebook post ( 3/September/2022) ပေါ်ရှိ ဦး ကျော်ဦး ၏ အတွေးစများကို ပြန်လည် ကူးယူ မျှဝေပါသည်.

သာမန်အမြင်၌ ဘာမျှစိတ်ဝင်စားစရာ မရှိသော ကုလားထိုင်တစ်လုံး၊ ခွေးတစ်ကောင်၊ ကလေးငယ် တစ်ယောက် စသော ပုံများသည် ရေးတတ်ဖွဲ့တတ်သူ၏ ကလောင်ဖျားတွင် အသက်ဝင်လာ စိတ်ဝင်စားစဖွယ် ဖြစ်လာသည်ဟု ငယ်စဉ်က ဖတ်ခဲ့ဖူးပါသည်။ ကျွန်တော်သည် ထိုမျှလောက် မစွမ်းသော်လည်း ပူးတွဲပုံကို ကြည့်၍ အတွေးနယ်ချဲ့ကြည့်ရာ သာမန်ကြည့်သည်ထက် ကမ္ဘာတွင် ဖြစ်ပေါ်နေသော သဘာ၀ဘေးများကို ပို၍ မြင်သာလာပါသည်။

ကမ္ဘာပေါ်ရှိ ရေများ ဖြန့်ကြက်တည်ရှိပုံကို ပြသော ပူးတွဲပုံ သို့မဟုတ် အလားတူပုံမျိုးကို ရေအကြောင်း စိတ်ဝင်စားသူတိုင်း ကြိမ်ဖန်များစွာ တွေ့ဖူးကြပြီး ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ ရေများ၏ ၉၇ ရာခိုင်နှုန်းက ရေငန်တွေ၊ ၃ ရာခိုင်နှုန်းသာ ရေချို။ ထိုရေချိုများထဲတွင် အများစု(၇၉ ရာခိုင်နှုန်း)က လူတို့နှင့် အလှမ်းကွာလွန်းသော ရေခဲပြင် ရေခဲမြစ်များ ဖြစ်သည်ဟု ပုံက ဆိုသည်။

ရေခဲပြင် ရေခဲမြစ်များသည် လူတို့နှင့် အလှမ်းကွာလွန်းသည် ဆိုခြင်းမှာ တစ်ချိန်ကသာ မှန်သည်။ ယခု အလှမ်းမကွာတော့ပါ။ လောလောလတ်လတ် သာဓကအနေနှင့် ရေဘေးနှင့် ကြုံနေရသော ပါကစ္စတန် နိုင်ငံကို ပြနိုင်သည်။ ရေဘေးကြောင့် ပါကစ္စတန်တွင် အပျက်အစီး များနေခြင်းမှာ မုတ်သုံမိုးအပြင် အပူလွန်ကဲခြင်းကြောင့် ရေခဲတောင်များရှိ ရေခဲမြစ်များ ခါတိုင်းထက် ပို၍အရည်ပျော်ကာ ဦးစွာ တောင်ပေါ်ရေအိုင်များ ဖြစ်ထွန်းလာ၊ တဖန် ယင်းရေအိုင်များ ကျိုးပေါက်သဖြင့် တောင်ပေါ်မှ ရေများ အရှိန်အဟုန်နှင့် ကျဆင်း၊ ရေနှင့်အတူ ဧရာမ ကျောက်တုံးကြီးများ ပါလာကာ အပျက်အစီး များစေလျက် ရှိသည်။

ရေခဲတောင်များရှိ ရေခဲမြစ်များ ခါတိုင်းထက် ပို၍အရည်ပျော်ခြင်းကြောင့် ယင်းတို့၏ အရွယ်အစား ဖြည်းဖြည်းချင်း ကျုံ့ဝင် သေးငယ်လာနေရာ လူအများအပြား၏ သောက်သုံးရေ ရရှိရေးအတွက် စိုးရိမ်စရာ ဖြစ်လာနေသည်။ အထူးသဖြင့် ဟိမဝန္တာ ရေခဲပြင်မှ ပျော်ဆင်းလာသော ရေများသည် အာရှမြစ်ကြီး ဆယ်စင်းသို့ စီးဝင်နေရာ ယင်းမြစ်ဆယ်စင်း၏ အနာဂတ်သည် မလှမပ ဖြစ်လာနေသည်။ ယင်းအာရှမြစ်ကြီးဆယ်စင်းတွင် ဧရာ၀တီနှင့် သံလွင်လည်း ပါသည်။

ရေခဲပြင် ရေခဲမြစ်များ၏ ထုထည်က ရေချိုပမာဏစုစုပေါင်း၏ ၇၉ ရာခိုင်နှုန်း ရှိသည်ဆိုသော ကိန်းသည် တဖြည်းဖြည်း လျော့နည်းလာနေပါသည်။

ပူးတွဲပုံ၏ အောက်ပိုင်း မြေဆီလွှာတွင်းရှိ ရေငွေ့ ၃၈ ရာခိုင်နှုန်း soil moisture 38 % ဆိုသော ကိန်းဂဏန်းကလည်း ယခုအခါ နေရာအချို့တွင် များစွာ လျော့နည်း နိမ့်ကျနေသည်။ မြေဆီလွှာတွင်းရှိ ရေငွေ့သည် ပုံမှန်ရှိပါမှ စိုက်ခင်းများတွင် လုံလောက်သောရေ ရရှိကာ သီးနှံအထွက်ကောင်းသည်။ ယခုအခါ ပူနွေးလာသော ကမ္ဘာ့ရာသီဥတုကြောင့် မြေဆီလွှာတွင်းရှိ ရေငွေ့ လျော့နည်းပြီး သီးနှံအထွက် ကျဆင်းနေသည်။ ထို့ပြင် ကယ်လီဖိုးနီးယား၊ ဥရောပ တောင်ပိုင်းစသည်တို့၌ တောမီးများ အကြီးအကျယ် လောင်ကြွမ်းနေခြင်းမှာ မြေဆီလွှာရော၊ သစ်ပင်သစ်တောများပါ ရေဓာတ်နည်း ခြောက်သွေ့လာပြီး ပူပြင်းသောလေထုနှင့် ပေါင်းမိသောကြောင့် ဖြစ်ပါသည်။

ပုံပါ ကိန်းဂဏန်းများသည် နှစ်ပေါင်းရာထောင်ချီ၍ ငြိမ်သက်မှန်ကန်နေသော်လည်း ယခုအခါ နေရာနှင့် အချိန်အခါကိုလိုက်၍ လှုပ်ရှားပြောင်းလဲလျက် ရှိပါသည်။ ဤသည်မှာ ပူးတွဲပုံကို လက်ရှိဖြစ်စဉ်များနှင့် ယှဉ်တွဲ စဉ်းစားရာမှ ပေါ်လာသောအတွေးစများအနက် အချို့သာ ဖြစ်ပါသည်။